News @ M-Media
Tag: malaysia
  • ၆၆ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ တွင်ကျင်းပ
    ဇွန်လ ၁၄၊ ၂၀၁၃
    M-Media
    သတင်း/ဓါတ်ပုံ-မောင်ပုည
    ကွာလာလမ်ပူ ။ ။ အာဇာနည်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲတစ်ရပ်ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ယနေ့ ဇူလိုင်လ ၁၄-ရက် နေ့လည် ၁၂-နာရီမှ ၅း၃၀ နာရီအထိ ပြုလုပ်ခဲ့ပါသည်။
    cover photo
    အာဇာနည်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဒေါ်သန်းမြင့်အောင်(ရန်ကုန် – နာရေးကူညီမှုအသင်း၊ ဒု-ဥက္ကဌ)မှ အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းသောလူ့ဘောင်၊ ၈၈-မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်မှ နောက်ဆုံးခံတပ်နှင့် ကိုဂျင်မီမှ ပညာတန်ခိုးနှင့် ပရဟိတလူမျိုး ခေါင်းစဉ်များဖြင့် ဟောပြောကြကြောင်း သိရသည်။
    ဟောပြောပွဲသို့ မလေးရှားနိုင်ငံရောက် လူမျိုးပေါင်းစုံ ၊ ဘာသာပေါင်းစုံမှ မြန်မာနိုင်ငံသားများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
    အဆိုပါ ဟောပြောပွဲအား နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ ရန်ပုံငွေအဖြစ် ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။
    ဓါတ်ပုံများ ကြည့်ရန်။ => Click Here
  • ဒုက္ခသည်များ ကိုင်ဆောင်သည့် UNHCR ကဒ်များ နည်းပညာ အဆင့်မြှင့်ပြီး တရားဝင် အလုပ်လုပ်ခွင့် မလေးရှားပေးမည်။
    ဇူလိုင်-၁၂၊ ၂၀၁၃
    M-Media
    Datuk Seri Dr Ahmad Zahid Hamidi
    ကွာလာလမ်ပူ။                ။ မလေးရှား ပြည်ထဲရေး ၀န်ကြီးဌာနသည် United Nations High Comissioner for Refugees (UNHCR) နှင့် အတူ UNHCR ကဒ်များအား အဆင့်မြှင့်ကာ ပုံသဏ္ဍန်ပြောင်းလဲမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဒါတွန် စရီ အဟ်မဒ် ဇာဟစ် ဟမီဒီ (Datuk Seri Dr Ahmad Zahid Hamidi)က ပြောကြားခဲ့သည်။
    ထို ကဒ်အသစ်တွင် ATM များမှ ပိုက်ဆံထုတ်ယူရန် Debit Card စနစ်လည်းပါဝင်မည်ဖြစ်ကြောင်း၊ ထို့အတူ အတုအပများ မလုပ်ဆောင်နိုင်ရန်လည်း ကာကွယ်တားဆီးသော စနစ်များလည်း ထည့်သွင်းထားမည်ဖြစ်သည်။
    ကဒ်အား အဆင့်မြင့်ရာတွင် ကုန်ကျသော စရိတ်အကျဉ်းအား ခိုလှုံသူများက ပေးအပ်ရမည် ဖြစ်ကြောင်း။
    မြန်မာလုပ်သား အများစုဖြင့် လည်ပတ်လုပ်ကိုင်နေသည့် ကွာလာလမ်ပူမြို့ စလာရန်း (Bandar Utara Selayang) ရှိ ဟင်းသီးဟင်းရွက် သားငါး လက်ကား ရောင်းချသောဈေးကြီး သို့သွားရောက်ကြည့်ရှုပြီး နောက်တွင် ၀န်ကြီးမှ “UNHCR နှင့် ထို အကြောင်းအရာအား တိုင်ပင်ဆွေးနွေးပြီးပြီဖြစ်တယ်။ ယခု အသစ်ထည့်သွင်း ထားသော လုံခြုံရေး နည်းစနစ်များအား သူတို့ထံမှ သဘောတူညီခြင်းရှိ/မရှိကို စောင့်စားနေတာဖြစ်ပါတယ်” ဟု  သတင်း ထောက်များအား ပြောကြားခဲ့သည်။
    အဟ်မဒ် ဇာဟစ်  က မလေးရှားနိုင်ငံတွင် လာရောက်ခိုလှုံသူ ဒုက္ခသည်များတွင် ၁၀၄,၀၇၀ သည် UNHCR ကဒ် ကိုင်ဆောင်ထားပြီး၊ ကျန်သော ၅၀,၀၀၀ ကျော်တွင်တော့ ကိုင်ဆောင်ထားခြင်း မရှိဟု ဆိုသည်။
    အဆိုပါဈေးကြီးတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့်  နိုင်ငံခြားသားများတွင် UNHCR ကဒ်သော် လည်းကောင်း၊ အခြားမည့်သည့် အထောက်အထား စာရွက်စာတန်းမှ သော်လည်းကောင်း တရားဝင်ကိုင်ဆောင်ထားခြင်း မရှိကြောင်း၊ သို့သော်လည်း တာဝန်ရှိသူများက မေးမြန်းသောအခါ သူတို့သည် လာရောက် ခိုလှုံသူများဟု ဟန်ဆောင်ပြောဆိုကြသည့် ဟု ပြည်ထဲရေးဝန်ကြီးက ဆက်ပြီး ပြောပါသည်။
    “ဒီအပတ်အတွင်း လူဝင်မှုကြီးကြပ်ရေးဌာနမှ စစ်တမ်း ကောက်ယူမည်ဖြစ်ပြီး၊ ထို့နောက် ပြည်ထဲရေး ၀န်ကြီးဌာနမှ UNHCR နှင့်အတူ အကောင်းဆုံး ဖြေရှင်းရန် နည်းလမ်းတစ်ခုကို အကောင်ထည်ဖော် သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
    တရားမ၀င်နေထိုင်နေသော အဆိုပါဈေးတွင် အလုပ် လုပ်ကိုင်သူများကို  မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်းနှင့် ကုန်ကျစရိတ်များအားလည်း တာဝန်ယူမည်ဟု မြန်မာသံရုံးက လက်ခံ သဘောတူထားပြီးဖြစ်ကြောင်း မလေးရှားနိုင်ငံတွင် တရားမ၀င် လာရောက်ပြီး အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား ဦးရေမှာ ၁၄၀,၀၀၀ နီးပါးရှိကာ အမြန်အဆုံး ပြန်လည်ပို့ဆောင်မည် ဟုသိရသည် ဟု အာမဒ်ဇဟဒ်က ပြောကြား ခဲ့သည်။
    “သို့သော်လည်း ထိုတရားမ၀င်နေထိုင်သူများသည် တိကျသော တရားဝင် နည်းလမ်းများဖြင့် မလေးရှားအတွင်းသို့ ပြန်လည်ဝင်ရောက်လာပါက မလေးရှား လူဝင်မှုကြီးကြပ်ရေးမှ သူတို့၏ လျှောက်လွှာများအား လက်ခံစဉ်းစားပေးမည်ဖြစ်သည်” ဟု သူက ဆိုသည်။
    သြဂုတ်လ ၁ ရက်နေ့ ၂၀၁၁ ခုနှစ်မှ ဇူလိုင်လ ၈ ရက် ၂၀၁၃ ခုနှစ်အတွင်း ပြန်လည်ပို့ဆောင်ခံရသော တရားမ၀င် နေထိုင်သူ မြန်မာဦးရေမှ ၂၅,၅၃၅ ရှိသည်။
    အာမဒ်ဇဟဒ်က ပြည်သူများ၊ ဈေးရောင်းသူများနှင့် အလုပ်သမားများ၏ အကျိုးစီးပွားအား မထိခိုက်စေရန် ကာကွယ်ရန် အတွက် ကေအလ် နှင့် စလာရန်း ဈေးများတွင် ရှိသော တရားမ၀င် ဈေးရောင်းချသူ မြန်မာများအား ဌာနအစုံက ထိထိရောက်ရောက် ကိုင်တွယ်အရေးယူ ရမည် ဖြစ်ကြောင်း။
    “ဈေးများတွင်ရှိသော အလုပ်သမား ၉၉ ရာခိုင်နှုန်းဟာ မြန်မာများသာဖြစ်ပြီး၊ သူတို့၏ အကူညီကို အလွန်ပင်လိုအပ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော မလေးများသည် ထိုသို့သော အလုပ်ကြမ်းများကို မလုပ်ဆောင်ချင်ကြဘူး။ သို့ပေမယ့် ထိုနေထိုင်သူများထဲမှ အားလုံးဟာ တရားဝင် UNHCR ကဒ် ကိုင်ဆောင်ထားခြင်းမရှိဘူး။ တော်တော်များများမှာ မည်သူမည်ဝါဆိုတာကို ပြသသော် အထောက်အထား စာရွက်စာတန်းများပင်မရှိဘူး”
    “ကျွန်တော့်ဝန်ကြီးဌာနသည် UNHCR နှင့် ဒီကိစ္စကို ဆွေးနွေးခဲ့ပြီး၊ သူတို့သည် ခိုလှုံသူတစ်ဦး၏ အချက်အလက်များ ကိုက်ညီပါက လူဝင်မှုကြီးကြပ်ရေးအား သူတို့ကို အလုပ်သမား ပါမစ်များ ပေးအပ်ရန် ညွှန်ကြားထားပြီးဖြစ်တယ်” ဟု သူက ဆိုသည်။
    သို့သော်လည်း ပါမစ်ရရှိသူများသည် မလေးရှားနိုင်ငံမှ ပြဌန်းထားသော ဥပဒေကို လိုက်နာရမည် ဖြစ်သည်။
    လာရောက်ခိုလုံသူများအား မလေးရှားနိုင်ငံအတွင်း အလုပ်အကိုင်အခွင့်လမ်းများ ပေးအပ်ခြင်းကို UNHCR ၏ ကိုယ်စားလှယ် မစ်ချယ်လ်မန်ကာဒီနီစာ (Michele Manca di Nissa) မှ “မလေးရှား အစိုးရမှ ထိုကဲ့သို့ သဘောထားကြီးစွာ လာရောက်ခိုလုံသူများကို လက်ခံခဲ့ပြီး၊ အလုပ်အခွင့် အလမ်းများ ပေးအပ်ခြင်းအတွက် ကျေးဇူးတင်ကြောင်း။ ထို့အတူ ယခုဆုံးဖြတ်ချက်ကြောင့် အစိုးရ ပေါ်တွင်ရှိနေသော ဝေဖန်ချက်များကို ရပ်တန့်စေမှာဖြစ်ပြီး၊ မလေးရှားမှ ပေးအပ်လိုက်သော လူသားချင်းစာနာမှု စိတ်ဓာတ်အား လေးစားကြောင်း” ပြောကြားခဲ့သည်။
    — BERNAMA
  • အကြမ်းဖက်မှု ကျူးလွန်သူများကို အမြန်ဆုံး အရေးယူရန် မြန်မာအစိုးရကို မလေးရှားတောင်းဆို
    ဇွန် ၃၀၊ ၂၀၁၃
    M-Meida
    Foreign Minister Datuk Seri Anifah Aman
    ကွာလာလမ်ပူ၊    ။ ပြည်တွင်း၌ ဆက်လက်ဖြစ်ပွားနေသောအကြမ်းဖက်မှုနှင့်ပတ်သက်ပြီး အမြန်အရေးယူရန် မြန်မာအစိုးရအား မလေးရှားမှ တိုက်တွန်းလိုက်သည်။
    ဇွန်လ ၂၉ ရက်၊ ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါစရီဘီဂ၀ါန်၌ကျင်းပသည့် ၄၆ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး AMM အတွင်း နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးစဉ်  နိုင်ငံခြားရေးဝန်ကြီး ဒါတွတ်စရီ အနီဖာအမန် မှ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား ပြောကြားခဲ့ခြင်းဖြစ်သည်။
    မြန်မာနိုင်ငံ၌ ဆက်လက်ဖြစ်ပွားနေသောအကြမ်းဖက်မှုအပေါ် မလေးရှားမှ စိုးရိမ်မှုရှိကြောင်း၊ ထိုကိစ္စသည် မလေးရှား အပါအ၀င် အိမ်နီးချင်းနိုင်ငံတို့ကိုလည်း ထိခိုက်စေပြီးဖြစ်ကြောင်း အနီဖာမှ ဖော်ပြခဲ့သည်ဟု အာဆီယံ-မလေးရှား အမျိုးသားစီမံရေးရာ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
    အကြမ်းဖက်သမားတို့အား ဖော်ထုတ်၍ ဥပဒေကြောင်းအရ အရေးယူရန်၊ မျှတမှုနှင့်ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်းကိုလည်း ၄င်းမှ မြန်မာအစိုးရထံ တိုက်တွန်းပြောကြားခဲ့သည်။
    အနီဖာသည် ဘန်ဒါစရီဘီဂ၀ါန်တွင် ဇွန် ၂၉ မှ ဇူလိုင် ၂ ရက်အထိ ဆက်တိုက်ကျင်းပမည့် အာဆီယံအရေးဆိုင်ရာဆွေးနွေးပွဲ၌ မလေးရှားကိုယ်စားလှယ်အဖြစ် ဦးဆောင်တက်ရောက်လျက်ရှိသည်။
    ယင်းဆွေးနွေးပွဲကြီးတွင် ၄၆ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး – AMM အပြင် လွှတ်တော်ဝန်ကြီးများညီလာခံ – Post-Ministerial Conferences (PMC)၊ ၂၀ ကြိမ်မြောက် အာရှဒေသတွင်းဖိုရမ် – 20th Asean Regional Forum ၊ အာဆီယံနှင့်သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး –  Asean Plus Three Foreign Ministers’ Meeting ၊ တတိယကြိမ်မြောက် အရှေ့အာရှ ထိပ်သီးနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး – 3rd East Asia Summit Foreign Ministers’ Meeting တို့ကိုလည်း ထည့်သွင်းထားသည်။
    Ref: Bernama
    Photo Credit- sabahkini.net
  • မီးခိုးငွေ့များကြောင့် အဆိုးဝါးဆုံး လေထုညစ်ညစ်မှု စင်ကာပူပြီး မလေးရှား၌ ဖြစ်ပွားနေ
    ဇွန်-၂၃၊ ၂၀၁၃
    M-Media
    KUALA LUMPUR, MALAYSIA (AP)- တနင်္ဂနွေနေ့က မလေးရှားနိုင်ငံ တာဝန်ရှိသူများသည် မလေးရှားနိုင်ငံ တောင်ပိုင်းဒေသများတွင် အရေးပေါ်အခြေနေထုတ်ပြန်ထားကြောင်း၊ အင်ဒိုနီးရှား နိုင်ငံ၏ တောမီးလောင်မှုကြောင့် လွင့်လာသည့် မီးခိုးမှုန့်များသည် နှစ်ပေါင်း များစွာ အတွင်း မကြုံဖူးသော အဆိုးဆုံး လေထုညစ်ညမ်းမှု အခြေနေ ဖြစ်ပေါ်နေကြောင်း သိရသည်။
    Malaysia Southeast Asia Haze
    စင်္ကာပူနိုင်ငံမှ တစ်ဆင့်မီးခိုးမှုန့်များသည် မလေးရှားနိုင်ငံ တောင်ပိုင်းဒေသများသို့ လွင့်လာခြင်းဖြစ်ပြီး၊ လွန်ခဲ့သော အပတ်က အင်ဒိုနီးရှားနိုင်ငံ ဆူမတြား(Sumatra) ကျွန်းမှတစ်ဆင့် ပင်လယ် သို့ဖြတ်ကာ ၄င်း အန္တာရာယ်ရှိသော မီးခိုးငွေ့များသည် လွင့်လာခဲ့ခြင်းဖြစ်သည်။
    မလေးရှားနိုင်ငံ တောင်ပိုင်းဒေသ မွှား(Muar) တွင် တနင်္ဂနွေနေ့က တိုင်းတာချက်အရ လေထု ညစ်ညမ်းမှု ရာခိုင်နှုန်း ၇၄၆ ရှိပြီး၊ လေထုညစ်ညမ်းမှု ရာခိုင်နှုန်း ၃၀၀ သည် လူများအတွက် အန္တရာယ် စတင်ဖြစ်ပေါ်စေသော နှုန်းဖြစ်ပြီး၊ ယခုတိုင်းတာချက်သည် ထိုနှုန်းထက်များစွာ မြင့်တက် နေကာ အလွန်ကို အန္တရာယ်များနေခဲ့သည်။
    တာဝန်ရှိသူများသည် မွှားဒေသရှိ ပြည်သူများအား အိမ်အတွင်း၌ သာ နေထိုင်ရန်၊ ကျောင်းများအား ပိတ်ထားရန် ညွှန်ကြားထားသည်ဟု ပတ်ဝန်းကျင်ကာကွယ်ရေးဌာန ၀န်ကြီး ဂျီပါလာနီဗလ် (Environment Minister G.Palanivel) မှသူ၏ Facebook တွင်ရေးသားထားခဲ့သည်။ ဒေသတွင်း နေထိုင်သူဦးရေ ၂၅၀,၀၀၀ ရှိပြီး၊ တစ်ချို့သော ဒေသခံများ၏ Twitter တွင်တင်ထားသော ဓာတ်ပုံများ တွင် တံတားများ၊ အဆောက်ဦးများကို မီးခိုးငွေ့များလွှမ်းခြုံထားပြီး၊ ပေတစ်ရာပတ်ဝန်းကျင်သာ မြင်ရ ကြောင်း သိရသည်။
    မလေးရှားနိုင်ငံ မြောက်ပိုင်းရှိ ကွာလာလန်ပူ(Kuala Lumpur)မြို့တော်တွင်လည်း လေထုညစ်ညမ်း မှုသည် ကျန်းမာရေးကို အန္တရာယ်ပေးနိုင်သော ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီး၊ အထင်ကရ အဆောက်အဦးများဖြစ်သော ပက်ထရိုးနပ်စ်တွင်းတာဝါ(Petronas Twin Towers) ကိုပင် မမြင်ရ တော့ကာ၊ ပတ်ဝန်းကျင်တွင် အပူ၊အအေးမမျှတမှုများ ဖြစ်ပေါ်နေခဲ့သည်။
    မလေးရှားနိုင်ငံတွင် လေထုညစ်ညမ်းမှု အမြင့်ဆုံးဖြစ်ပေါ်ခဲ့ဖူးသည်မှာ ၁၉၉၇ ခုနှစ်က ဖြစ်ပြီး၊ ရာခိုင်နှုန်း ၈၆၀ ရှိခဲ့သည်။ ပါလာနီဗာလ်မှ ပြောကြားသည်မှာ တာဝန်ရှိသူများသည် မကြာမှီတွင် “cloud-seeding” ဟု ခေါ်သော မိုး အတုရွာသွန်းသည့် နည်းလမ်းကို အသုံးပြုတော့မည်ဖြစ်သည် ဟု ဆိုသည်။
    စင်္ကာပူနိုင်ငံမှ ပြောကြားသော သတင်းအရ တနင်္ဂနွေနေ့တွင် တိုင်းတာချက်သည် “အသင့်အတင့်” နှင့် “ကျန်းမာရေးအန္တရာယ်” ကြားတွင်ရှိသော နှုန်းထားဖြစ်ပြီး၊ သောကြာနေ့က ရရှိခဲ့သော တိုင်းတာမှုထပ် အမြောက်အများ ကျဆင်းသွားသည် ဟုဆိုသည်။ သို့သော်လည်း တာဝန်ရှိသူများက ယခုလို တစ်ပတ်နည်းပါးကြာပြီးချိန်တွင်၊ စင်္ကာပူနိုင်ငံ၏ ကောင်းကင်သည် ပြန်လည် ကြည်လင် တောက်ပလာသော်လည်း ထိုအရာသည် ခဏာတာအချိန်အထိသာ ဖြစ်ချင်ဖြစ်လိမ့်မည် ဖြစ်ကြောင်း၊ အကြောင်းမှာ လက်ရှိတွင် တိုင်းတာမိသော လေတိုက်နှုန်း ပုံသဏ္ဍန်များကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    ဒီနှစ်တွင် ဖြစ်ပေါ်ခဲ့သော မီးခိုးငွေ့လွှမ်းခြုံမှုသည် စင်္ကာပူနိုင်ငံ သမိုင်းတွင် အဆိုးရွားဆုံးဖြစ်ပြီး၊ စစ်တပ်အတွင်း ပြင်ပလေ့ကျင့်ရေး လှုပ်ရှားမှုများ၊ အားကစားနှင့် ပတ်သက်သော လှုပ်ရှားမှုများ စသည် တို့ကို ပိတ်ပင်ခဲ့ရပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးသည် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်ကာ ၄င်း အဖြစ်အပျက်အတွက် ထိရောက်သော တားဆီးမှုများလုပ်ဆောင်ရန် သွားရောက်ညှိနှိုင်းခဲ့သည်။
    အင်ဒိုနီးရှားနိုင်ငံ ဆူမတြာကျွန်းပေါ် ရှိ သစ်ဆွေးတောများတွင်ဖြစ်ပေါ်ခဲ့သော မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်ရန် ဂျာကာတာမှ လေယာဉ်များကို ပို့ဆောင်ကာ မီးလောင်ကျွမ်းသော တောများပေါ်မှ ရေဖျန်းငြိမ်းသတ်ခဲ့သည်။ အချို့သော တာဝန်ရှိသူများက ပြောကြားသည်မှာ မလေးရှား နှင့် စင်္ကာပူနိုင်ငံရှိ ကုမ္ပဏီများအား တရားစွဲဆိုသင့်ကြောင်း၊ အဘယ်ကြောင့်ဆိုသော မီးလောင်ကြွမ်းခဲ့သော စိုက်ပျိုးရေးဧကများတွင် ထို ကုမ္ပဏီများ၏ အစုရှယ်ယာများပါရှိနေကြောင်း သိရသည်။
    အင်ဒိုနီးရှားနိုင်ငံရှိ အချို့သော ကုမ္ပဏီများသည် ၄င်းတို့ပိုင်သော မြေနေရာတွင် ဖြစ်ပေါ်လာသော မီးလောင်ကျွမ်းခြင်းကို မသိရှိဟု ငြင်းဆိုခဲ့ကြောင်း၊ လွန်ခဲ့သော နှစ်များက ထိုကဲ့သို့ လယ်မြေအား ပြန်လည်စိုက်ပျိုး၍ ရရှိရန် တရားမ၀င် မီးရှို့ခြင်းကိုလုပ်ဆောင်ခဲ့ သည်များရှိကြောင်း၊ အင်ဒိုနီးရှားမှ တာဝန်ရှိသူများက ယခုဖြစ်ပေါ်ခဲ့သော မီးလောင်ကျွမ်းမှုများသည် ရှို့မီး ဟုတ်မဟုတ် စစ်ဆေးမှု များပြုလုပ်နေသည် ဟုဆိုသည်။
    Ref: asiancorrespondent
  • မြန်မာမွတ်စလင်များ ပညာရေးကို ဦးစားပေးကြရန် မလေးဝန်ကြီးချူပ်ဟောင်း တိုက်တွန်း
    ဇွန် ၁၉၊၂၀၁၃
    M-Media
    ကွာလာလမ်ပူ။           ။ မြန်မာနိုင်ငံအပါအ၀င် အာဆီယံနိုင်ငံတွင်းရှိ မွတ်စ်လင်မ် လူနည်းစုများသည် ပညာရေးကို အထူးဦးစားပေးကြရန် မလေးရှား ၀န်ကြီးချုပ်ဟောင်း တူးန် အဗ်ဒုလ္လာဟ် အဟ်မဒ် ဘာဒါဝီ မှ တိုက်တွန်းလိုက်သည်။
    IAIS-1
    မလေးရှားဝန်ကြီးချူပ်ဟောင်း ဘာဒါဝီ မိန့်ခွန်းပြောကြားနေစဉ် (Photo-
    Maung Zarni FB)
    မွတ်စ်လင်မ်လူ့အဖွဲ့အစည်းတို့သည် ၂၁ ရာစု၌ မိမိကိုယ်ကို ပညာရေးဖြင့် စွမ်းရည်မြှင့်တင်ရန် နှင့် လိုအပ်ချက်ဆိုင်ရာ အသိပညာများအား ရှာဖွေရယူကြရန်လိုကြောင်း ၄င်းမှပြောကြားသည်။
    ဗုဒ္ဓဟူးနေ့၊ International Institute of Advanced Islamic Studies (IAIS) ၌ ကျင်းပခဲ့သော ၂၁ ရာစု မြန်မာမွတ်စ်လင်မ်တို့၏ အကြပ်အတည်းဖြေရှင်းရေး International Forum တွင် အဗ်ဒုလ္လာဟ်မှ ယင်းသို့ ကောက်ချက်ချပြောကြားခဲ့ခြင်းဖြစ်သည်။
    ပညာရေးအပြင် အနာဂတ်မွတ်စ်လင်မ်လူ့အဖွဲ့အစည်းဂုဏ် သိက္ခာကောင်းအတွက် လူငယ်တို့၏ တိုးတက်မှု နှင့် မွတ်စ်လင်မ် လူ့အဖွဲ့အစည်းတို့၏ စီးပွားရေးကိုလည်း ထည့်တွက်စဉ်းစားရန် အလွန်အရေးကြီးကြောင်း၊ သို့သော် ဤအခြေအနေကိုရရှိရန်မှာ အကြမ်းဖက်မှုကို ရှောင်ရှားရမည့်အပြင် မွတ်စ်လင်မ်မဟုတ်သော အသိုင်းအ၀ိုင်းများနှင့် ငြိမ်းချမ်းစွာအတူယဉ်တွဲ လုပ်ဆောင်သွားရန်လိုအပ်ကြောင်း၊ မွတ်စ်လင်မ် အသိုင်းအ၀ိုင်းများအကြား တိုးတက်ဖွံ့ဖြိုးပြီးသောအုပ်စုသည် နိမ့်ကျနေသေးသည့်အုပ်စုအား အခွင့်အရေးနှင့်အောင်မြင်မှုအလို့ငှာ လက်ကမ်းကူညီပေးသင့်ကြောင်း  မလေးရှား IAIS ဦးဆောင်ပုဂ္ဂိုလ် အဗ်ဒုလ္လာဟ်က အလေးအနက်ထား ထောက်ပြပြောဆိုခဲ့သည်။
    IAIS Malaysia မှစီစဉ်ဆောင်ရွက်သော ယင်းနေ့တစ်ဝက်တာဖိုရမ်တွင် International Movement for a Just World (JUST) ၏ဥက္ကဌ Dr Chandra Muzaffar လည်း ပါဝင်ပြောဆိုခဲ့သည်။ စီစဉ်သူမှာ IAIS ၏ စီအီးအိုဒုတိယအရာရှိ ပရော်ဖက်ဆာ Dr Mohamed Azam Mohamed Adil ဖြစ်သည်။
    IAIS-2
    ကွာလာလမ်ပူမှာ ပြုလုပ်ခဲ့တဲ့ ၂၁ ရာစု မြန်မာမွတ်စ်လင်မ်တို့၏ အကြပ်အတည်းဖြေရှင်းရေး International Forum (Photo- Maung Zarni FB)
    မြန်မာနိုင်ငံသည် ပါလီမန်ရွေးကောက်ပွဲများကဲ့သို့ အပြောင်းအလဲများအပြင် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကိုလည်း ပြုလုပ်သည်သာမက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတံခါးကိုလည်း ပိုမိုဖွင့်လှစ်ပေးလာပြီဖြစ်ကြောင်း၊ အာဆီယံအနေဖြင့် ဤအပြောင်းအလဲအထမြောက်အောင် ကြိုးပမ်းရန် တာဝန်ရှိကြောင်း ဒေါက်တာ ချန်ဒရာမှ ဤသို့ပြောဆိုခဲ့သည်။
    “ ဒါပေမယ့် ဒီအပြောင်းအလဲတွေက မြန်မာ့လူ့ဘောင်ထဲမှာ အောက်ခြေအဆင့်အထိ ရောက်နိုင်ချေ မရှိသေးဘူး။ အာဆီယံအဖွဲ့ဝင်နိုင်ငံအစိုးရတွေကလည်း မြန်မာပြည်က ရိုဟင်ဂျာ နဲ့ အခြားလူနည်းစုအရေး ပြဿနာအပေါ် ပိုပြီးရှေ့ပြေးဖြစ်မယ့် – တာသွားမယ့်နည်းလမ်းတွေကို အစားထိုးအသုံးပြုတာ ကျွန်တော်တို့မြင်လိုပါတယ်။ ဒီပြဿနာကို ကျွန်တော်တို့ ၀ိုင်းဝန်းဖြေရှင်းကြပါစို့၊ အသင်(မြန်မာပြည်)အဖို့ နိုင်ငံသား၊ အုပ်ချုပ်ရေးစံနစ် ဖြစ်တဲ့ ပြဿနာအရင်းအမြစ်ကိုတော့ မဖြစ်မနေဖြေရှင်းရပါလိမ့်မယ် ဆိုပြီး အာဆီယံအဖွဲ့က ဖွင့်ထုတ်ပြောကြားဖို့ အရေးကြီးပါတယ် ” ။
    သို့တစေ ဒေါက်တာ ချန်ဒရာမှ ဤအရေးအရာမှာ အကြမ်းမဖက်သောငြိမ်းချမ်းရေးနည်းလမ်းများးအားဖြင့်သာ အဖြေရှာသွားနိုင်မည်ဟု အလေးအနက်တင်ပြသွားသည်။
    အာဆီယံ ဟုခေါ်ဆိုသော အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ Association of Southeast Nations တွင် ဘရူနိုင်း ဒါရုစ္စလာမ်၊ ကမ္ဗောဒီးယား၊ အင်ဒိုနီးရှား၊ လာအို(လော)၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း နှင့် ဗီယက်နမ် စသည့်နိုင်ငံများ ပါဝင်သည်။
    BERNAMA