News @ M-Media

Tag: malaysia

  • အစ္စလာမ်မှ သင်ကြားသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး စာအုပ်ထုတ်ဝေရန် မလေးရှားတွင် ထုတ်ဝေရန်ရှိ

    အစ္စလာမ်မှ သင်ကြားသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး စာအုပ်ထုတ်ဝေရန် မလေးရှားတွင် ထုတ်ဝေရန်ရှိ

    ဂေဟဗေဒစနစ်ကာကွယ်ခြင်း အရေးကြီးပုံနှင့်ပက်သက်၍ အစ္စလာမ်၏ သင်ကြားမှုများကို မီးမောင်းထိုးပြထားသည့် စာအုပ်တစ်အုပ်ကို မလေးရှားနိုင်ငံတွင် ထုတ်ဝေရန် စီစဉ်လျက်ရှိသည်။ ထိုစာအုပ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုနှင့်ပက်သက်၍ အစ္စလာမ်သာသနာ့ရှုထောင့်မှ တင်ပြထားပြီး ကုရ်အာန်ကျမ်းတော်မြတ်၏ အာယသ်တော်များ၊ တမန်တော်မြတ် မုဟမ္မဒ်သခင်(ဆွ) ၏ ဟဒီဆ်းတော်များကို တိုက်ရိုက်ကိုးကားမည်ဖြစ်သည်။

    “ဒီစာအုပ်ကို မွတ်စလင်တွေအတွက် ရည်ညွှန်းချက်အဖြစ် ထုတ်ဝေသွားမှာဖြစ်ပါတယ်။ အထူးသဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းတွေမှာ ကူညီနိုင်တဲ့ ရှေ့ဆောင်ဆရာတော်တွေနဲ့ အစ္စလာမ့်ဓမ္မဆရာတွေ အတွက်ပါ။ ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ အာယသ်တော်တွေ၊ တမန်တော်မြတ်(ဆွ)ရဲ့ ဟဒီးဆ်တော်တွေနဲ့ အချက်အလက်ပြည့်ပြည့်စုံစုံ ဖော်ပြထားတဲ့ ဒီစာအုပ်ဟာ သဘာဝပတ်ဝန်းကျင်နဲ့ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းတွေမှာ ကူညီဆောင်ရွက်နေသူ အားလုံးကို အကျိုးဖြစ်ထွန်းစေနိုင်မှာပါ။” ဟု Institute of Islamic Understanding Malaysia (IKIM)၏ ဒါရိုက်တာဖြစ်သူ မွတ်စ်တာဖါ ဟာဆန် (Mustapha Hassan) က Malaysia Star သတင်းစာသို့ မေလ ၂၁ ရက်၊ တနင်္လာနေ့က ပြောကြားခဲ့သည်။

    မလေးရှားနိုင်ငံရှိ World Wide Fund for Nature (WWF) မှ စီစဉ်လျက်ရှိသော အဆိုပါစာအုပ်ကို လာမည့် ဇူလိုင်လတွင် ထုတ်ဝေနိုင်မည်ဖြစ်သည်။ မွတ်စလင်များအား ရည်ညွှန်းခြင်းဖြစ်ပြီး အထူးသဖြင့် အီမာမ်များ၊ ပညာရှင်များနှင့် အစ္စလာမ့်ဓမ္မဆရာများအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုကဏ္ဍတွင် ပါဝင်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ မွတ်စ်သာဖာ၏ပြောဆိုချက်အရ အဆိုပါစာအုပ်ထုတ်ဝေခြင်းသည် အစဉ်အမြဲပြောင်းလဲနေသော ကမ္ဘာကြီးကြောင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော အစ္စလာမ်နှင့် မွတ်စလင်များအဖို့ သုတေသနလုပ်ငန်းများလုပ်ဆောင်ရန် IKIM ၏ ဆောင်ရွက်ချက်ဖြစ်သည်။

    “အစ္စလာမ်ရဲ့သင်ကြားမှုနဲ့ စပ်ဆက်နေတဲ့ သဘာဝပတ်ဝန်းကျင်၊ သားရိုင်းတိရစ္ဆာန်တွေရဲ့ ကဏ္ဍတွေ၊ ပြဿနာတွေကို ကျွန်တော်တို့ အလေးထားချင်ပါတယ်။” ဟူ မွတ်စ်တာဖာက ဆိုသည်။

    အဆိုပါစာအုပ်ထုတ်ဝေရန် ပြင်ဆင်သည့်အနေဖြင့် IKIM ၏ စာရေးဆရာများသည် ပျောက်ကွယ်လုနီးပါး တိရိစ္ဆာန်များအား WWF Malaysia မှ ထိန်းသိမ်းစောင့်ရှောက်ထားသည့် Perak ပြည်နယ် Gerik ခရိုင်နှင့်၊ Terengganu ပြည်နယ် Setiu ခရိုင်တို့ရှိ the Belum-Temengor Forest Complex များသို့ သွားရောက်လေ့လာခဲ့သည်။

    “နေရာနှစ်ခုစလုံးကတော့ နိုင်ငံရဲ့ အဓိကအမှတ်အသားဖြစ်တဲ့ မလေးကျားနဲ့၊ ပင်လယ်လိပ်အပါအ၀င် ပျောက်ကွယ်လုနီးပါး တိရိစ္ဆာန်တွေရဲ့ ဗိမာန်တွေပါပဲ။ ကျွန်တော်တို့ ထုတ်ဝေမယ့် စာအုပ်မှာ အလေးပေးဖေါ်ပြသွားမှာပါ။” ဟု မွတ်စ်တာဖာက ဆိုသည်။

    အဆိုပါစာအုပ်သည် သားရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပက်သက်၍ အစ္စလာမ်၏သင်ကြားမှုများကို မီးမောင်းထိုးပြရန် အားထုတ်လုပ်ဆောင်နေမှု၏ တစိတ်တပိုင်း ဖြစ်လေသည်။

    “၂၀၀၈ ခုနှစ်က Terengganu ပြည်နယ်တစ်ဝှမ်းမှာရှိတဲ့ ဗလီပေါင်း ၄၂၈ လုံးကို ‘သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးသည် ကျွန်ုပ်တို့အားလုံး၏ တာဝန်ဖြစ်သည်။’ ဆိုတဲ့ခေါင်းစဉ်နဲ့ သောကြာနေ့ တရားဒေသနာ ဟောကြားစေခဲ့ပြီး၊ ဒါဟာ WWF-Malaysia၊ IKIM နဲ့ ဒေသတွင်းအဖွဲအစည်းတွေရဲ့ ပူးပေါင်းအားထုတ်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။ အဲဒီလိုပဲ Kelantan ပြည်နယ်Jeli မြို့မှာလည်း ပြည်နယ်အီမာမ်က ပေးပို့တဲ့ ‘ကာကွယ်စောင့်ရှောက်မှုလိုအပ်နေသော တိရစ္ဆာန်များ’ ခေါင်းစဉ်နဲ့ သောကြာနေ့ တရားဒေသနာဟောကြားခြင်းကိုလည်း ကျွန်တော်တို့ စတင်ဆောင်ရွက်ခဲ့ပြီး၊ ရှေ့ဆောင်ဆရာတော်တွေနဲ့ အစ္စလာမ့်ဓမ္မဆရာတွေ ပူးပေါင်းပါဝင်တဲ့ ဆွေးနွေးပွဲတစ်ခုကိုလည်း Perak မှာ ကျင်းပပြီးဖြစ်ပါတယ်။”ဟု WWF-Malaysia၏ အကြီးတန်းအရာရှိ Dato’ Dr. Dionysius Sharma က WWF ၀ဘ်ဆိုဒ်သို့ ပြောကြားသည်။

    WWF-Malaysia (World Wildlife Malaysia) သည် မလေးရှားနိုင်ငံဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းပေါင်း ၇၅ ခုကျော်တွင် ပါဝင်လုပ်ဆောင်လျက်ရှိသည်။ ၁၉၇၂-မှစ၍ ကျား၊ ပင်လယ်လိပ်များကဲ့သို့ ပျောက်ကွယ်လုနီးပါး တိရိစ္ဆာများအား စုဆောင်းထိန်းသိမ်းခြင်းလုပ်ငန်း၊ မြစ်များ၊ ပင်လယ်များနှင့်၊ ကုန်းမြင့်ဒေသရှိ သစ်တောများ ကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်း စသည့် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို တက်ကြွစွာလုပ်ဆောင်ခဲ့သော အဖွဲ့လည်းဖြစ်သည်။

    မူရင်းကိုးကားသတင်း-http://ww2.onislam.net/english/news/asia-pacific/457186-malaysian-book-highlights-green-islam.html

    ဘာသာပြန်-ဝေဇင်

  • မလေးရှားနိုင်ငံ ပီနန်းတွင် ဘတ်စ်ကားတိမ်းမှောက် မြန်မာ ၂ ဦးသေဆုံး

    မလေးရှားနိုင်ငံ ပီနန်းတွင် ဘတ်စ်ကားတိမ်းမှောက် မြန်မာ ၂ ဦးသေဆုံး

    မလေးရှားနိုင်ငံ ပီနန်းမြို့တွင် မြန်မာအများစု စီးနင်းလာသော ခရီးသည်တင်ယာဉ်ဟာ အမြင့်ပေ ၁၀မီတာ (ပေ၃၀) ခန့်ရှိတဲ့ ချောက်ထဲကို ပြုတ်ကျသွားမှုကြောင့် မြန်မာလူမျိုး ၂ဦးသေဆုံးပြီး ၄၄ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ကွယ်လွန်သူဟာ  ဦးအောင်ကျော်(ခ) အဗ္ဗဒွလ် ဂျတ်ဗါး (Abdul Jatba)  ၄၇နှစ် ဖြစ်ပြီး ဘတ်စ်ကား ထဲကနေ အပြင်ကို လွင့်စင်ကျသွားခဲ့တာပါလို့ သိရပါတယ်။ တခြား ကွယ်လွန်သူကတော့ မည်သူဖြစ်မှန်းယခုထိ အမည်နှင့်တကွ မသိရသေးပါ၊ ထိုသူဟာ ယာဉ်အပျက်အစီးများ ထဲက ထုတ်ပြီးမှ ဒဏ်ရာများနဲ့ ဆုံးပါးသွားတာလို့သိရပါတယ်။ ဒီဖြစ်ရပ်မှာ ဘတ်စ်ကား ခေါင်းမိုးတစ်ခုလုံး ပြုတ်ထွက်သွားပါတယ်။

    ပီနန်းမှ မီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ.မှ ချောက်ထဲပြုတ်ကျ ပျက်ဆီးနေတဲ့ ဘတ်စ်ကားအား စစ်ဆေးကြည့်ရှု.နေကြစဉ်။

     ဘာလစ်ပူလော (Balik Pulau) ရဲဌာန မှ အကြီးအကဲ မိုဟမ္မဒ် ဟာတာ မိုဟမ္မဒ် ဇိန် (Mohd Hatta Mohd Zain) က ဘတ်စ်ကားထဲမှာ ကားမောင်းသမား ၂ဦးအပါအဝင် လူစုစုပေါင်း ၄၆ဦး စီးနင်းလိုက်ပါခဲ့ပြီး မြန်မာလူမျိုးများဟာ ဒီမှာ ကျင်းပတဲ့ ဘာသာရေးအစီအစဉ်တစ်ခုကို သွားနေကြတာဖြစ်တယ်လို့ ဆိုပါတယ်။ ည ၈ နာရီက ဖြစ်ပွားခဲ့တဲ့ ဒီဘတ်စ်ကားတိမ်းမှောက်မှုကြောင့် လူ ၁၃ဦးဟာ အရေးပေါ် အခြေအနေမှာရှိပြီး တခြားသူများက သာမန်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သူက ဆိုပါတယ်။

    လေထန်ပြီး ရှုပ်ထွေးနေတဲ့ ထွန်းစာဒွန်းလမ်းမကြီး (Jalan Tun Sardon) မှာ မနေ့ည ၈ နာရီမှာ တောင်စောင်းကနေ ယာဉ်အဆင်းတွင်  ကားမောင်းသမားက အရှိန်မထိန်းနိုင်ခဲ့ပါဘူး။ ရဲများ၊ မီးသတ်နှင့် ကယ်ဆယ်ရေးသမားများ၊ အရပ်ဘက်ကူညီကယ်ဆယ်ရေးသမားများက ကြိုးစားကယ်တင်ခဲ့ကြပေမဲ့ ဆိုးရွားတဲ့ ရာသီဥတုနဲ့ အလင်းရောင်နဲပါးမှုကြောင့် နှောင့်နှေးခဲ့ကြပါတယ်။

    မီးသတ်သမားများဟာ ကျဉ်းမြောင်းလွန်းတဲ့ တောင်စောင်းမှာ ကြိုးတွေချပြီး ကယ်တင်ခဲ့ကြပြီး ဒဏ်ရာရသူတွေကို ဘာလစ်ပူလော ဆေးရုံကို ပို့ပေးကြပါတယ်။ အချို.ကို ပီနန်း ဆေးရုံကြီးကို လွဲပြောင်းပို့ပေးခဲ့ကြပါတယ်။

    ဘတ်စ်ကားအနောက်ဘက်မှာ ထိုင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား ထိန်ဝင်း (၃၀နှစ်)က ဘတ်စ်ကားဟာ တိမ်းစောင်းသွားတာကို သိလိုက်ရပြီးတော့ အော်ကြ၊ ညည်းတွားကြတဲ့ အသံတွေပါ တဆက်ထဲ ကြားလိုက်ရတယ်

    “နောက်သိလိုက်ရတာက ဘတ်စ်ကားက တိမ်းမှောက်သွားပြီး လူတိုင်းက ထွက်ပေါက်ကို ကြောက်လန့်တကြား ရှာနေကြတယ်”  လို့ ဆိုပါတယ်။ သူက ခေါင်းမှာ ထိခိုက်ဒဏ်ရာရပြီး အရေပြားမှာ အညိုအမည်းတွေစွဲသွားခဲ့ပါတယ်။

    တခြားခရီးသည်တစ်ဦးဖြစ်တဲ့ မိုဟမ္မဒ် ရှုအိုက်ဘ် (Mohd Shuib) ကတော့ တစ်ခုခု မီးလောင်သလို အနံမျိုးကို အရင်ရလိုက်တယ်။ ”သိပ်မကြာခင်ပဲ ဘတ်စ်ကား ဓါတ်မီးတိုင်နဲ့ တိုက်ပြီး တိမ်းမှောက်သွားတော့တာပဲ” လို့ဆိုပါတယ်။

    ပီနန်းမီးသတ်နဲ့ ကယ်ဆယ်ရေးဌာန ညွှန်မှူး အတ်ဇမီ တာနတ် (Azmi Tanat) က မနေ့က ည ဂ နာရီ ၅ မိနစ်လောက်မှာ သူတို့ အကူအညီတောင်းတဲ့ ဖုန်းဆက်သတင်း ရရှိခဲ့ပြီး ၁၀ မိနစ်အကြာမှာ ဖြစ်ပွားရာနေရာကို ပထမ မီးသတ်ကား ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

    source: http://thestar.com.my/news

    ကွာလာလမ်ပူမှ အကူညီပေးမည့် သူများမှာ ညတွင်းချင်း ပီနန်သို့ သွားရောက်ခဲ့ကြောင်း သိရှိရပါတယ်။

  • မလေးရောက် ရခိုင် ကလေးငယ်များ ပညာမြင့်မားရေး ဆောင်ရွက်မည်

    မလေးရောက် ရခိုင် ကလေးငယ်များ ပညာမြင့်မားရေး ဆောင်ရွက်မည်

    ခိုင်မောင်ဦး (မလေး)
    ———————
    မလေးရှားနိုင်ငံသို့  အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသော ရခိုင် ကလေးငယ်များ၏ ပညာရည် တိုးတက် မြှင့်မားရေး အတွက် ပူးပေါင်း ဆောင်ရွက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

    ရခိုင်ကလေးငယ်များ ပညာရည် တိုးမြင့်ရေးကို ဧပြီလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သော အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုတွင် ရခိုင် လူမူရေး လုပ်ကိုင်နေသူများ အကြား သဘောတူညီမူ ရရှိခဲ့ကြောင်း တက်ရောက်ခဲ့သူများက ဆိုသည်။


    ” အလုပ်ရုံ ဆွေးနွေးပွဲက မျိုးဆက်သစ် ကလေး လူငယ်များ ပညာမြင့်မာရေး အတွက် ပြုလုပ်တာ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ ပူချုန်းနေမြေ Arakan Refugee Eduction Centre (AREC) ကျောင်းမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ ကလေးတွေရဲ့ ပညာရည် မြင်းမားရေး အတွက် တိုးမြှင့် လုပ်ဆောင်ဖို့ ဆွေးနွေးပွဲ တက်လာတဲ့ သူတွေက သဘောတူခဲ့ကြပါတယ်” ဟု ရခိုင်ဒုက္ခသည် ကယ်ဆယ်ရေးရုံှး (ARRC) မှ ဥက္ကဌ ဖြစ်သူ ကိုစိုးထွန်းက နိရဉ္စရာသို့ ပြောသည်။

    ဆွေးနွေးပွဲကို သက်ဆိုင်ရာ အဖွဲ့အစည်းအသီးမှ ခေါင်းဆောင်များ၊ တသီးပုဂ္ဂလများ၊ ကျောင်း သားမိဘများ စုစုပေါင်း ၅၀ ကျော် တက်ရောက်ခဲ့ကြသည်။

    ” ကလေး ပညာရေးကျောင်း ရည်ရှည် တည်တံ့ရေး၊ ကျောင်းဆရာ ဆရာမတွေ အချိန်ပြည့် ပညာသင်ကြားနိုင်ရေး၊ ရခိုင်စာ သင်ကြားရေးနဲ့ ကျောင်းရံပုံငွေ တောင့်တင်းရေး စတဲ့ အချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ကျောင်းရဲ့ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီးလည်း တက်ရောက်လာသူ အသီးသီးဆွေးနွေးခဲ့ကြပါတယ်။ အကြံကောင်း ဥာဏ်ကောင်းတွေလည်း ရရှိခဲ့ပါတယ်” ဟု သူက ဆက်ပြောသည်။

    (AREC) ကျောင်းတွင် ထူထောင်ကတည်းက ယခုအချိန်ထိ ကလေးငယ်များအား စာသင်ပြနေသူ ကျောင်းဆရာ ကိုသီဟအား ကလေးငယ်များအား စာသင်ရသည့် အခက်အခဲနှင့် ပတ်သက်ပြီး နိရဉ္စရာ မေးမြန်းကြည့်ရာ သူက ယခုလို ပြောသည်။

    ” ရခိုင်က လာကြတဲ့  ကလေးတွေက ပညာအရေး အရမ်းညံတော့ နေ့တိုင်းလိုလို သင်တန်းတွေ ပေးပြီး အမြဲ လေ့ကျင့် ပေးရပါတယ်။ ကျောင်းသူ ကျောင်းသားတွေရဲ့ အဓိက အားနည်းချက်က အင်္ဂလိပ်စာတော်တော်လေး ညံ့တာကို တွေ့ ရတယ်။ နယ်မြေအသီးသီး၊ အလွာအသီးသီးက လာကြသူ့ တွေမို့  သူတို့ ရဲ့ အားနည်းချက် အားသာချက်တွေကို ကြည့်ပြီး ကျွန်တော်တို့  စာပြရပါတယ်” ဟု သူက ပြောသည်။

    Arakan-Refugee-Eduction-Centre

    ၎င်းပြင် အမျိုးသား ကြင်အန် လက္ခဏာများ မပျောက်ပျက်ရေးနှင့် မျိုးချစ်စိက်ဓါတ် ထက်သန်လာအောင် လေ့ကျင့်ပေးမူများလည်း ပြုလုပ်ပေးရကြောင်း သူက ပြောသည်။

    ” ကျောင်းသားတွေဟာ တချိန်ချိန်မှာ ဒီနိုင်ငံကနေ တတိယ နိုင်ငံ တစ်ခုခုကို ထွက်ခွာသွားကြမယ့် သူတွေ ဖြစ်ကြပါတယ်။ တတိယနိုင်ငံကို ထွက် တဲ့အချိန်မှာ သူတို့  ရဲ့ပညာရေး အဆင့်မြင့်ပြီးသား ဖြစ်နေဖို့ လိုတယ်။ နောက်ပြီး နှောင်တစ်ချိန်မှာ အမျိုးသားရေးကို ဦးဆောင်နိုင်တဲ့ လူတော် လူကောင်းတွေ ဖြစ်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီကျောင်းကိုဖွင်ပြီး ခုလို ပညာ သင်ကြားပေးနေတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

    ယခု ဒုက္ခသည် ကျောင်း ရပ်တည်နိုင်ရန်အတွက် အဓိက ရံပုံငွေ ရှိဖို့ အများကြီး လိုအပ်ကြောင်း၊ ရံပုံငွေရှိမှသာလျှင် ကျောင်းသူကျောင်သားများ၏ စားဝတ်နေရေး အဆင်ပြေလာမည် ဖြစ်ကြောင်း၊ သူတို့ ၏ အနာဂတ် ပညာရေးကို ကူညီပံ့ပို့ ရန် အများကြီးလိုအပ်ကြောင်း၊ ပြည်ပရှိ ရခိုင်သူ ရခိုင်သားများနှင့် ဆက်သွယ်ကာ အကူအညီများ ရရှိအောင် ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကိုစိုးထွန်းက ပြောကြားသွားသည်။

    Arakan Refugee Eduction Centre (AREC) ကျောင်းတွင် သင်္ချာ၊ အင်္ဂလိပ်စာ၊ သိပ္ပံ၊ ရခိုင်ဘာသာများကို ဆရာ ဆရာမ လေးဦးက တာဝန်ယူ သင်ကြားပို့ချပေးနေသည်ဟု သိရသည်။

    (AREC) ကျောင်းတွင် ညအိပ်ညစားကျောင်းသူ ကျောင်းသား ၅၀ ကျော်ရှိပြီး သူတို့၏ စားရေး သောက်ရေးများကို ရခိုင် ဒုက္ခသည်များ ကယ်ဆယ်ရေးရုံှး (ARRC) မှ လစဉ် ကူညီ ပံ့ပိုးပေးနေသည်ဟု သိရသည်။

    အဆိုပါ Arakan Refugee Eduction Centre (AREC) ကျောင်းကို ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ တွင် ဦးဘခိုင်မောင် ဦးစီးတည်ထောင်ပြီး ယခုအခါ ရခိုင် ဆရာတော်များဖြစ်ကြသည့် ဒေါက်တာ အရှင်ရာဇိန္ဒ (ပူးချုန်း)နှင့် အရှင်ပညာဝံသ (ဆူးဂိုင်းဘလို)တို့မှ ဦးဆောင်ပြီး လုပ်ဆောင်နေခြင်း ဖြစ်သည်။

     

    Credit နိရဉ္စရာ

  • မလေးရှားတွင် ပထမအကြိမ် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် ကျင်းပမည်

    ခိုင်မောင်ဦး (မလေး)
    ———————
    မလေးရှား ရခိုင်အသင်းပေါင်းချူပ်ကြီး MAO(Malaysia Arakan Organization) မှကြီးမူး၍ ပထမဆုံး အကြိမ်မလေးရှားနိုင်ငံ ရခိုင်းရိုးရာသင်္ကြန်ပွဲတော်ကြီးကို ဧပြီ ၁၃ ရက်နေ့တွင် စည်းကား သိုက်မြိုတ်စွာ ကျင်းပသွားရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။

     

    စင်္ကာပူတွင် ရခိုင်ရိုးရာ သင်္ကြန်ပွဲ မြင်ကွင်း

    ယခုကဲ့သို့  ရခိုင်းရိုးရာသင်္ကြန်ပွဲတော်ကို မလေးရှားနှိင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပရန် စီစဉ်ရသည့် ရည်ရွယ်ချက်နှင့် ပက်သက်ပြီး ပွဲဖြစ်မြောက်ရေးတာဝန်ခံ ကိုစိုးထွန်းက ယခုကဲ့သို့ ပြောသည်။

    “ပြောရရင်တော့ဗျာ။ ကျွန်တော်တို့  ရခိုင်ပြည်ကနေ အကြောင်း အမျိုးမျိုးကြောင့် မလေးရှားကိုရောက်လာကြတယ်။ မလေးရှားကို ရောက်လာပေမယ့် ကိုယ့်ရပ် ကိုယ်ဒေသကို လူတိုင်းက လွမ်းနေကြပါတယ်။ ဒီလို သင်္ကြန်ဆို ပိုလွမ်းနေကြရပါတယ်။ ဒါပေမယ့်လည်း တစ်နေ့ တစ်နေ့  အလုပ်တွေနဲ့ ဘဲ လူတွေက ပိနေကြတော့ ဒီလို သင်္ကြန်အချိန်အခါမှာ စိက်အပန်း ဖြေနိုင်ဖို့နဲ့ ကိုယ်ရိုးရာ ကိုယ်ယဉ်ကျေးမူတွေကို ထိန်းသိမ်းစောင့်ရှောက် ဖေါ်ထုတ်ဖို့ ရည်ရွယ်ပြီး မလေးမှာ ရခိုင်သင်္ကြန်ကို ခုလို ကျင်းပဖို့ စီစဉ်ရတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

    မလေးရှား ရခိုင်ရိုးရာသင်္ကြန်ကို မြန်မာသက္ကရာဇ် ၁၃၇၄ တန်းခူးလဆုတ် (၇ ) ရက်သောကြာနေ့ ၊ ခရစ် သက္ကရာဇ် ဧပြီလ ၁၃ ရက်နေ့ တစ်နေ့တည်း ဆရမ်းဘန်း Port Dickson ကမ်းခြေတွင် နံနက် ၈နာရီမှ စတင်၍ ညနေ ၆နာရီ အထိ ကျင်းပ သွားမည် ဖြစ်သည်။

    ” နောက်ပြီး ဒီလို့  နိုင်ငံမျိုးမှာ ဒီလို တက်ညီ လက်ညီနဲ့ ခုလို ရခိုင်သင်္ကြန်ကို ကျင်းပနိုင်ရေး အတွက် အခွင့်ရေးရဖို့  ဆိုတာ သိပ် မလွယ်ဘူး။ အခုလို့ မလေးရှားမှာ တစ်ယောက်နဲ့ တစ်ယောက် အကြားမှာ ကွဲပြားမူ ဖြစ်နေချိန်မှာ လုပ်ရတာ ပိုမလွယ်ကူပါဘူး။ ဒါပေမယ့် အမျိုးသားရေး စိတ်ဓါတ်နဲ့ ကိုယ့် ရိုးရာ ကိုယ့်ယဉ်ကျေးမူကို ဖေါ်ထုတ်တဲ့ ပွဲမို့ အားလုံး ပူးပေါင်း ပါဝင်ပြီး ပျော်ရွှင်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု သူက ပြောသည်။

    ကိုယ်ရိုးရာ ကိုယ့်ယဉ်ကျေးမူ အစဉ်အလာများကို ဖေါ်ထုတ်ခြင်းဖြင့် မိမိတို့၏ ယဉ်ကျေးမူ အစဉ်အလာများကို တန်ဘိုး ထားနားလည် လာပြီး မိမိတို့ ရခိုင်လူမျိုးတွေအကြား စုစု စည်းစည်း ဖြစ်လာနိုင်ပြီး အမျိုးသား သွေးစည်း ညီညွက်ရေးကိုလည်း တည်ဆောက်နိုင်မည် ဖြစ်ကြောင်း ကိုစိုထွန်းက နိရဉ္စရာသို့ ပြောသည်။

    ပထမအကြိမ် မလေးရှား နိုင်ငံ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်တွင် လာရောက်သူများ အားလုံး ပျော်ရွှင်နိုင်ရန် အတွက် ရခိုင်ရိုးရာ သင်္ကြန်အကများ၊ ရခိုင်ရိုးရာကျင်ပွဲ၊ ရိုးရာလွန်ဆွဲပွဲနှင့် ရခိုင်သီချင်းဆိုပြိုင်ပွဲများကို အားဖြည့်ကာ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

     

    နိရဉ္စရာ မှ ကူးပါသည်။

     

    မလေးရှားနိုင်ငံရှိ လူဦးအများစုမှာ အစ္စလာမ်သာသနာကိုးကွယ်သော နိုင်ငံဖြစ်ပြီး ကျန်သော ဘာသာများကိုလဲ လွတ်လပ်စွာကိုးကွယ်ခွင်ပြုထားသော မွတ်စလင်မ် နိုင်ငံဖြစ်သည်။ မလေးရှားတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား သန်းကျော်ရှိပြိး KL တမြို့ထဲတွင်ပင် မြန်မာဘုန်းတော်ကြီးကျောင်းပေါင်း ၅၀ ကျော်ရှိကြောင်းသိရှိရသည်။

  • IIUM (Malaysia) ၏ ၂၇ ကြိမ်မြောက်ဘွဲ့နှင်းသဘင် အခမ်းအနား

    ကြိုးစားသူတို့အောင်ပွဲ (သို့မဟုတ်) IIUM (Malaysia) ၏ ၂၇ ကြိမ်မြောက်ဘွဲ့နှင်းသဘင် အခမ်းအနား ( Oct,2011 )

    ပညာရှာရန်ခရီးထွက်ပါ။ ကုရ်အာန် (၁၈း၆၆-၆၇)

    တရုတ်ပြည်ထိဝေးသော်လည်းပညာသွားရောက်ရှာဖွေပါ။(တမန်တော်မြတ် (ဆွ) )

    ပညာရှာရန်ထွက်သွားသူသည် ထိုသူအိမ်ပြန်မရောက်မချင်းအလ္လာဟ့်လမ်းတွင်ရှိနေသည်။(တမန်တော်မြတ် (ဆွ) )

    ကြိုးစားသူတို့၏အောင်ပွဲ (သို့မဟုတ်) ကျောင်းစာမေးပွဲများသာမက အခက်အခဲဟူသော စာမေးပွဲများကို အောင်မြင်စွာ ကျော်ဖြတ်ခဲ့သူတို့၏  ပန်းတိုင်သို့ ရောက်ရှိသောနေ့ဖြစ်ပါသည်။ အကြောင်းမှာ- မလေးရှားနိုင်ငံရှိ  International Islamic University Malaysia(IIUM) ၏ ၂၇ ကြိမ်မြောက်ဘွဲ့နှင်းသဘင် အခမ်းအနားကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၈ရက် ၉ ရက် နှင့် ၁၀ နေ့များတွင် IIUM ၏ CAC (Culture Activity Centre) တွင်ကျင်းပခဲ့ပါသည်။

    International University ဆိုသည့်အားလျော်စွာ နိုင်ငံအစုံမှ လာရောက်ပညာသင်ကြားကြသည့်အတွက် အဆိုပါဘွဲ့နှင်းသဘင်အခမ်းအနားတွင် နိုင်ငံစုံမှ degree  ဘွဲ့ရသူ ၊ master ဘွဲ့ရသူ ၊ Ph.d ဘွဲ့ရသူ ၊ များတက်ရောက်ခဲ့ကြပါတယ်။ မလေးရှား ကျောင်းသားကျောင်းသူများအပြင်၊ အင်ဒိုနီးရှား(Indonesia)၊ ဖီလစ်ပိုင်(Phillipines)၊ ထိုင်း(Thai) မြန်မာ(Myanmar)၊ တရုတ်(China)၊ ကမ္ဘောဒီးယား(Cambaudia)၊ ဆော်ဒီ(Saudi)၊ အီရတ်(Iraq)၊ ယီမင်(Yemen)၊ ပါလက်စတိုင်း(Plastine)၊
    တန်ဇန်းနီးယား(Tanzania)၊ ဂျီပူတီ(Djuputi)၊ ဘော့စနီးယား(Bosnia)၊   အလ်ဗေးနီးယား(Albania)၊ ဆီးရီးယား(Syria)၊ ဘင်္ဂလားဒေ့ရှ်(Banglesh)၊ ကိုဆိုဗို(Kosovo)၊ မော်လ်ဒစ်ဖ်(Maldivs)၊ ကင်ညာ(Kenya)၊ အာဖကန်နစ်စတန်(Afcan)၊ နိုင်ဂျီးရီးယား(Nigeria)  စသည့် နိုင်ငံအသီးသီးမှ လာရောက်သင်ကြားကြသော အရည်အချင်း ပြည့်ဝသော ကျောင်းသားကျောင်းသူတို့ကို ဘွဲ့ချီးမြှင့်ပေးသော အခမ်းအနားပင် ဖြစ်ပေသည်။

    မြန်မာတွင်ကျွန်မအစ်မများ၊ အစ်ကိုနှင့် ကျွန်မကိုယ်တိုင်ဘွဲ့ယူပြီးသည့်အတွက်ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ကျွန်မအတွက် အစိမ်းသက်သက်တော့ ဖြစ်မနေပေ။ သို့သော် ကျွန်မမြင်ဖူးနေသည့် အသွင်များနှင့်တော့ ကွဲပြားခြားနားနေခဲ့သည်။ နိုင်ငံမတူ၊ ယဉ်ကျေးမှုမတူ သည့်အတွက် ကွာခြားချက်တွေရှိနေသည်မှာ အဆန်းတော့လည်း မဟုတ်ပေ။

    မြင်တွေ့ရတဲ့အဆောက်အဦးကတော့ ဘွဲ့နှင်းသဘင်ကျင်းပရာအဆောက်အဦးဖြစ်ပါတယ်။

    CAC ရှေ့က 27th Convocation Ceremony ဆိုတဲ့ ဆိုင်းဘုတ်ရှေ့မှာလည်း အမှတ်တရ ဓာတ်ပုံရိုက်သူတွေကိုလည်းတွေ့ရမှာပါ။ ဘွဲ့ဝတ်စုံမှာ မြန်မာပြည်မှာကဲ့သို့ပင် အားလုံးဆင်တူဖြစ်သည်။ သို့သော် မြန်မာပြည်က အမည်းရောင်နေရာတွင် အပြာရောင်ပြောင်းနေသည်။ ဤကျောင်း၏ထူးခြားချက်တစ်ခုမှာ ကျောင်းမှာရှိသည့် များပြားလှစွာသော အဆောက်အဦးများသည် တစ်ခုနှင့်တစ်ခု မတူကြသော်လည်း တူညီသည့်အချက်မှာ အမိုးဖြစ်သည်။ အဆောက်အဦးတိုင်း ကျောင်းသား ကျောင်းသူများ၏
    အဆောင်များပါမကျန် ဗလီ အပါအ၀င်ရှိ ရှိသမျှ အဆောက်အဦးတိုင်း၏ အမိုးမှာအပြာရောင်ဖြစ်နေခြင်းဖြစ်သည်။ ထို့အတူ ဘွဲ့ဝတ်စုံတွင်လည်း အားလုံးသော ကျောင်းသား ကျောင်းသားများ၏ ၀တ်စုံအရောင်မှာ အပြာရောင်ဖြစ်သည်။ ထိုသို့ဆိုလျှင် ဘယ်မေဂျာဖြင့် ဘွဲ့ရသလဲဆိုတာကို ဘယ်လိုသိနိုင်မည်လဲ ဟုမေးစရာရှိပါသည်။ မြန်မာပြည်မှာကဲ့သို့ပင် လည်ပင်းမှပတ်ထားသည့်အရောင်က မေဂျာအလိုက် အရောင်ကွဲသည်။

    Colour of Hood : Grey

    Kulliyyah of Islamic Revealed Knowledge and Human Sciences
    Centre for Human Development and Applied Social Sciences (CERDAS)

    Colour of Hood : Yellow

    Kulliyyah of Economics and Management Sciences
    Management Centre
    IIUM Centre for Continuing Education

    Colour of Hood : Blue

    Institute of Education

    Colour of Hood : Red

    Institute of Islamic Thought and Civilisation (ISTAC)

    Colour of Hood : Black

    Ahmad Ibrahim Kulliyyah of Laws
    Harun M. Hashim Law Centre

    Colour of Hood : Green

    Kulliyyah of Information and Communication Technology

    Colour of Hood : Maroon

    Kulliyyah of Engineering
    Advanced Engineering and Innovation Centre

    Colour of Hood : Purple

    Kulliyyah of Architecture and Environmental Design
    Centre for Built Environment

    Colour of Hood : Pink

    Kulliyyah of Medicine

    Colour of Hood : Cream

    Kulliyyah of Pharmacy

    Colour of Hood : Orange

    Kulliyyah of Science

    Colour of Hood : Deep/Dark Purple

    Kulliyyah of Dentistry

    Colour of Hood : Bright Pink

    Kulliyyah of Allied Health Sciences

    Colour of Hood : Peach

    Kulliyyah of Nursing

    Colour of Hood : Gold

    IIUM Institute of Islamic Banking and Finance

    Degree , Master နှင့် Ph.D တို့ကိုမူ လက်အောက်နားတွင်ထိုးထားသည့် ကနုတ်ပန်းများဖြင့် ခွဲခြားထားသည်။ Degree ဆိုလျှင်ကနုတ်ပန်းမှာ တစ်လိုင်း၊ Master  ဆိုလျှင် ကနုတ်ပန်းမှာ နှစ်လိုင်း၊ Ph.D ဆိုလျှင် ကနုတ်ပန်းမှာ သုံးလိုင်း စသည်ဖြင့် ခွဲခြားထားပေသည်။ အားလုံးသောဝတ်စုံများကတော့ အပြာရောင်အောင်ခံပင်ဖြစ်သည်။ ဦးထုပ်သည်လည်းမြန်မာပြည် မှာအသုံးပြုသော အမည်းရောင် ဦးထုပ်ပင်ဖြစ်သည်။ ထူးခြားသည်မှာ Ph.D များကတော့ ဦးထုပ်မှာ အချွန်မဟုတ်ဘဲ အ၀ိုင်းအတွန့်လေးတွေနှင့်
    ဖြစ်သည်။ အထူးခြားဆုံးအချက်မှာ အမျိုးသမီးများအတွက် မြန်မာမှာကဲ့သို့ သစ်ခွပန်း၊ Fancy ပန်း ရှာစရာမလိုခြင်းဖြစ်သည်။ အကြောင်းမှာမူ အမျိုးသမီးများအားလုံး ဟီဂျတ် နို့နှစ်ရောင်ကို ဆောင်းရသောကြောင့်ဖြစ်သည်။ အစ္စလာမ့်တက္ကသိုလ် ဖြစ်သည့်အားလျော်စွာ အစ္စလာမ့်ယဉ်ကျေးမှုတစ်ခုကို တွေ့မြင်ရသည်မှာ စိတ်နှစ်မြို့ဖွယ်ကောင်းလှသည်။ ကျက်သရေရှိလှသည်။

    အပေါ်မှာမြင်ရတဲ့ပုံကတော့ ဘွဲ့နှင်းသဘင်ဈေးရောင်းပွဲဖြစ်ပါတယ်။ အမိုးအဖြူလေးတွေကတော့ ဆိုင်ခန်းလေးတွေပါ။

    ဆိုင်ခန်းလေးတွေမှာ (ဘွဲ့ဦးထုပ်ဆောင်းထားသော) ၀က်ဝံအရုပ်များနှင့် ပန်းစည်းများကို ရောင်းချနေကြသည်။ ကလေးများအတွက် မိုးပျံပူဖေါင်းအရုပ်များ၊တီရှပ်များလည်း ရောင်းချနေကြသည်။ ၀ယ်သူများကလည်း တိုးဝှေ့ပြီးဝယ်နေကြသည်။ ကျွန်မအတွက် ဒီတက္ကသိုလ်ကြီး၏ ဘွဲ့နှင်းသဘင်အခမ်းအနားနှင့်ကြုံခဲ့ရသည့် ပထမဆုံးအကြိမ်တုန်းကဆိုလျှင် ကျွန်မအတွက်အားလုံးသော မြင်ကွင်းတို့မှာ ထူးဆန်းနေပေသည်။ သို့သော်၃နှစ်ဆက်တိုင် ကြုံပြီးသည့်အချိန်တွင်တော့ အထူးအဆန်းတစ်ခုမဟုတ်တော့သော်လည်း တူညီသည့်အချက်မှာ အစ္စလာမ့်ညီနောင် ညီအစ်မ ပညာတတ်များ၊ အရည်အချင်းရှိသူများကို တစ်နေရာတည်း တွင် တစ်စုတစ်စည်းတည်း အံ့သြစရာကောင်းလောက်အောင်တွေ့မြင်ရသည့် ခံစားချက်ပင်ဖြစ်သည်။  အလွန်ကြည်နူးဖွယ်ကောင်းလှသည်။

    ချစ်စရာကောင်းတဲ့ ဓလေ့လေးတစ်ခုကိုလည်း တွေ့ရသည်မှာ ဘွဲ့နှင်းသဘင် အခမ်းအနားပြီးသည့်အချိန်တွင် Congratulations! ဟု ပြောပြီး အမှတ်တရ လက်ဆောင်ပေးရခြင်းဖြစ်သည်။ သို့သော်ပေးရသူအတွက်တော့ မချောင်ပေ။ နှင်းဆီပန်း၎ ပွင့်လောက်ကိုနောက်ခံ အစိမ်းရောင်ပန်းတစ်မျိုးနဲ့စည်းထား တဲ့ပန်းစည်းကို မလေးရှားငွေ(RM 20) ရှိသည်။ ထမင်းတစ်နပ်ဆိုလျှင်ပင် ပျမ်းမျှ 5Rm ပဲရှိသည့်အတွက် ထမင်း ၄နပ်စာလောက်ပင်ရှိသည်။ မြန်မာငွေ ၆၀၀၀ ကျော်ရှိပေသည်။
    ထိုဈေးနှုန်းမှာ အနဲဆုံးဈေးဖြစ်သည်။ ထို့ထက်ပန်းများပြီး ထို့ထက်လှတာလိုချင်လျှင် ထို့ထက်ငွေပိုပေးရပေသည်။ နှင်းဆီပန်းတစ်ပွင့်ချင်း ၀ယ်လျှင် RM3(မြန်မာငွေ ၁၀၀၀)ခန့်ရှိပေသည်။ပန်းစည်းများထဲတွင် ၀က်ဝံရုပ်လေးများကိုလဲထည့်သွင်းထားသေးသည်။ ၀က်ဝံများဘွဲ့ယူသောနေ့လားဟုထင်ရလောက်အောင် ၀က်ဝံ ပေါက်စလေးမှစ၍ အိုမင်းရင့်ရော်သည့် ၀က်ဝံလေးများ(မျက်မှန်တပ်ထားပါသည်) အထိ ဘွဲ့ဦးထုပ်ဆောင်းထားသော အရုပ်များကို ဈေးတန်းများတွင် တွေ့မြင်နိုင်ပါသည်။
    အရုပ်လက်ဆောင်ရသော အချို့အိမ်ထောင်သည်ရှိသူများ အတွက်တော့ အရုပ်လေးများသည် သူတို့အိမ်ပြန်ရောက်လျှင်သူတို့ကလေးတွေအတွက် ဖြစ်မှာသေချာပေသည်။

    ဘွဲ့ယူပြီးသည့်အချိန်တွင်တော့ မြန်မာတွင်ကဲ့သို့ပင် ဓာတ်ပုံရိုက်ကြပေသည်။ နိုင်ငံတကာမှ လာရောက်သင်ကြားနေကြသည့် အတွက် အချို့ လာဖို့အဆင်ပြေသော မိဘများကတော့ သူတို့သားသမီး ဘွဲ့ယူတာကို ကိုယ်တိုင်လာကြည့်သူများရှိသကဲ့သို့ မလာရောက်နိုင်တဲ့မိဘများလည်း ရှိပေသည်။ ကိုယ်ကြိုးစားခဲ့လို့ရခဲ့တဲ့ အောင်မြင်မှုအတွက်
    ကိုယ့်မိဘကို ဂုဏ်ယူစေချင်သည် မှာလူတိုင်း၏ ဆန္ဒဖြစ်သည်။ သို့သော်…. မိဘမလာရောက်ဘဲကိုယ်တိုင်တစ်ယောက်တည်း တက်ရောက်ရတဲ့သူများ၏ ရင်တွင်း ခံစားချက်မှာတော့ တစ်ခုခုလိုအပ်နေမည်မှာအမှန်ပင်။ မြန်မာတွင်မူ ကိုယ့်သားသမီး ဘွဲ့ယူပြီဆိုလျှင် မိဘ၊ ညီအစ်ကိုမောင်နှမ တွေတစ်သီကြီးလိုက်ကြသည်။ အလွန်ပျော်စရာကောင်းသည်။ ဓာတ်ပုံတွေ မမောတမ်းရိုက်ကြသည်။ နောက်ဆုံးမိသားစုကမလိုက်နိုင်လျှင် ဦးလေး၊ အဒေါ် တို့ကလိုက်ကြသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံရပ်ခြား မိသားစုနှင့်ခွဲပြီး ပညာသင်ကြားသူတို့ဟာ မြင့်မားတဲ့ အနေအထားတစ်ခုကိုတက်လှမ်းရတဲ့ ထိုအချိန်တွင် အခက်အခဲ၊ အဆင်မပြေမှု ၊အကျပ်အတည်း တို့ဆိုသည်မှာ တစ်ခါတည်းလေ့ကျင့်ထားပြီးသားဖြစ်သည့်အတွက် ကြံ့ခိုင်သင့်သလောက် ကြံ့ခိုင်လိမ့်မည်ဟုထင်သည်။

    ဘွဲ့ယူပြီး ခန်းမထဲကထွက်လာသူတို့၏ အပြုံး နှင့် အမှတ်တရလက်ဆောင်ပေးဖို့ စောင့်နေကြသော ဆွေမျိုး၊ မိတ်ဆွေများ ကိုလဲ တွေ့မြင်ရမှာပါ
    အခက်အခဲများကိုကျော်လွှားကာ အောင်မြင်မှုပန်းတိုင်ကို လျှောက်လှမ်းနိုင်ခဲ့သည့် သူများကို ကျွန်မ၏ စိတ်တွင် အလွန်ပင်ချီးကြူးမိပါသည်။ ၀မ်းသာစရာကောင်းသည့် အချက်မှာ မြန်မာများထဲမှ  Computer (Information and Technology) ဖြင့် Degreeဘွဲ့ယူသူ အမျိုးသမီး ( ၁ )ယောက်၊ Master of Business Admin (MBA) ဘွဲ့ယူသူ အမျိုးသမီး (၁) ယောက် ရှိပေသည်။

    ပုခက်လွှဲသောလက်များသည် မာစတာဘွဲ့တွေပင်ယူနေသည်။ အနာဂတ်မျိုးဆက်အတွက် အလားအလာကောင်းတစ်ခုမဟုတ်လားရှင်။ နှစ်ယောက်စလုံးသည်လည်း MMSY မိသားစုဝင်များ ဖြစ်နေကြပြန်သည်။ မြန်မာများထဲတွင် လူတော်များစွာရှိသည် ဆိုသောအသိသည် မြန်မာပြည်နှင့်ဝေးနေရသည့် ကျွန်မရင်ကိုအေးမြစေပါသည်။ လက်ရှိတွင်လည်း မြန်မာများစွာ ပညာသင်ကြားလျှက်ရှိပါသည်။ အင်ရှာအလ္လာဟ်…လာမည့်နှစ်တွင်လည်း မြန်မာထဲမှ ဒီဂရီဘွဲ့ယူသူ၊ မာစတာဘွဲ့ယူသူနှင့် Ph.D ဘွဲ့ယူသူများလည်း ရှိလာမှာဖြစ်သည်။

    အရည်အချင်းရှိသူများမှာ အောင်မြင်ခဲ့ကြပေပြီ။ ပန်းတိုင်သို့ အားလုံးကိုယ်စီအပြေးပြိုင်နေကြစဉ် အချို့လည်းပန်းဝင်သွားကြသည်။ အချို့လဲ ပြေးလမ်းပေါ်တွင်ရှိနေသည်။ အချို့မှာ လမ်းတစ်ဝက်တွင် ခြေခေါက်လဲသူများရှိသလို အချို့လဲမဝေးတော့တဲ့ပန်းတိုင်ကို ဝေးလွန်းသည်အထင်ဖြင့် လမ်းတစ်ဝက်တွင်ပင် အရှုံးပေးပြီး ပန်းတိုင်နှင့်ဝေးရာကို ကျောခိုင်းသွားနေကြသည်။ ကျွန်မကိုယ်တိုင်မည်သည့် အုပ်စုထဲတွင်ပါသလဲ ဆိုသည့်မေးခွန်းကို ကိုယ့်ကိုကိုယ် ပြန်မေးမိပါသည်။ ကျွန်မနောက်က မောင်ငယ်၊ ညီမငယ်များကိုလည်း ထိုမေးခွန်းကိုမည်သူကမှ ကိုယ့်ကိုလာမမေးခင် မိမိကိုယ်မိမိ အရင် မေးထားစေချင်ပါသည်။ လက်ရှိတွင်တော့
    ကျွန်မကိုယ်တိုင်လည်း ပြေးလမ်းပေါ်တွင် ပြေးနေသော သူလိုငါလို သာမန်လူတစ်ဦးပင်ဖြစ်သည်။

    Noble