News @ M-Media

Tag: Maldives

  • တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    ဒီဇင်ဘာ ၁၆၊ ၂၀၁၈
    M-Media

    ငွေကြေး မသမာမှုဖြင့် စစ်ဆေးခံနေရသည့် မော်လ်ဒိုက်သမ္မတဟောင်း ယာမင်

    ကက်ရှ်မီးယားဒေသတွင် အစိုးရတပ်နှင့် သူပုန်များ တိုက်ပွဲဖြစ်
    ===================
    အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသ ပူလ်ဝါမာရွာမှာ မနေ့က သူပုန်တွေကို အစိုးရတပ်ဖွဲ့တွေရဲ့ ရှာဖွေမှုအတွင်း အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် အရပ်သား ၇ ဦး၊ သူပုန် ၃ ဦးနဲ့ အိန္ဒိယစစ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။ ရွာသားတွေစုပြီး တိုက်ခိုက်မှု ဖြစ်ပွားတဲ့နေရာကို လာရောက်ကြည့်ရှုစဉ် အိန္ဒိယစစ်သားတွေက ပစ်ခတ်ခဲ့တာကြောင့် အရပ်သားတွေ သေဆုံးတာဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ အိန္ဒိယစစ်တပ်က လူအုပ်ကြီးဟာ ရန်ပြုမယ့်အန္တရာယ် ရှိတာကြောင့် ပစ်ခတ်ရတာဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန် ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသမှာ အခုနှစ်အတွင်း တိုက်ခိုက်မှုတွေ ခပ်စိတ်စိတ် ဖြစ်ပွားခဲ့တာကြောင့် အရပ်သား ၁၄၆ ဦးအပါအ၀င် လူ ၅၀၀ ကျော် သေဆုံးခဲ့ပါတယ်။

    မြို့တော်ပဲရစ်တွင် ပြင်သစ်ပြည်သူများ ၅ ပတ်မြောက်အဖြစ် ဆန္ဒပြ
    =====================
    အစိုးရရဲ့ အခွန်တိုးမြှင့်မှု၊ လူနေမှုစားရိတ် မြင့်တက်လာမှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ ပြင်သူပြည်သူတွေဟာ မနေ့က မြို့တော်ပဲရစ်မှာ ၅ ပတ်မြောက်အဖြစ် ဆန္ဒပြခဲ့ကြပြီး လူ ၇ သောင်းနီးပါး ပါဝင်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေ၊ ငရုပ်ကောင်းစပရေးတွေ အသုံးပြုကာ လူစုခွဲခဲ့ကြပြီး နှစ်ဖက် ရုန်းရင်းဆန်ခတ်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။ မနေ့က ဆန္ဒပြသူပေါင်း ၁၀၀ ကျော် ဖမ်းဆီးခဲ့တယ်လို့ ပဲရစ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ပြင်သစ်ပြည်သူတွေဟာ အပတ်စဉ်ဆန္ဒပြလတာ ၅ ပတ်မြောက် ရှိလာပြီဖြစ်ပြီး အခုတစ်ပတ်မှာ ဆန္ဒပြသူအရေအတွက်ဟာ ပြီးခဲ့တဲ့တစ်ပတ်ကထက် ထက်ဝက်လောက် ကျဆင်းသွားပါတယ်။ ပြင်သစ်သမ္မတ အီမန်နျူယဲလ်မာခရွန်က ဆန္ဒပြမှုတွေ ရပ်တန့်သွားရေး ကြိုးစားနေပေမယ့် အောင်မြင်မှု မရသေးပါဘူး။

    မော်လ်ဒိုက်သမ္မတဟောင်း ငွေကြေးမသမာမှုဖြင့် စစ်ဆေးခံနေရ
    =================
    အာဏာရှိစဉ်မှာ ငွေကြေး မသမာမှုတွေ လုပ်ခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ မော်လ်ဒိုက်ရဲတပ်ဖွဲ့က သမ္မဟောင်း အဘ်ဒူလာယာမင်ကို မနေ့က ဆင့်ခေါ် စစ်ဆေးခဲ့ပါတယ်။ ယာမင်ဟာ အောက်တိုဘာလ ရွေးကောက်ပွဲမှာ ရှုံးခဲ့သူပါ။ ရွေးကောက်ပွဲမတိုင်ခင် သူ့ရဲ့ဘဏ်စာရင်းထဲကို မော်ဒိုက် ရူဖီယာ ၂၂ သန်း (ကန်ဒေါ်လာ ၁.၅ သန်း) ၀င်လာမှုနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့က မေးမြန်းခဲ့တာဖြစ်ပြီး မိမိအနေနဲ့ ငွေကြေးခ၀ါချမှု၊ မူးယစ်ဆေးပြဿနာတွေမှာ ပါဝင်မှုမရှိဘူးလို့ ယာမင်က ပြောကြားခဲ့ပါတယ်။ ဒီလို ငွေကြေး ၀င်လာမှုဟာ နိုင်ငံရဲ့ ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်တာဖြစ်တယ်ဆိုပြီး မော်လ်ဒိုက် ခြစားမှုတိုက်ဖျက်ရေး အေဂျင်စီက စက်တင်ဘာလမှာ စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့ပါတယ်။ တရားရုံးကလည်း ယာမင်ရဲ့ ဘဏ်စာရင်းတွေကို ငွေ အသွင်းအထုတ် မပြုလုပ်နိုင်အောင် ပိတ်ပင်ထားပါတယ်။

    ခြစားမှုတိုက်ဖျက်ရေး အောင်မြင်မှုကြီးကြီးမားမား ရခဲ့သည်ဟု တရုတ်သမ္မတပြော
    =======================
    တရုတ်ကွန်မြူနစ်ပါတီအတွင်း ခြစားမှုတိုက်ဖျက်ရေးလုပ်ငန်းမှာ အောင်မြင်မှု ကြီးကြီးမားမား ရခဲ့တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က သောကြာနေ့ ပါတီပေါ်လစ်ဗျူရို အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။ ရှီကျင့်ဖျင်ဟာ သမ္မတဖြစ်ပြီးနောက်ပိုင်း ကွန်မြူနစ်ပါတီတစ်ခုလုံးမှာ ခြစားမှုတိုက်ဖျက်ရေးကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ရှီရဲ့ ခြစားမှုတိုက်ဖျက်ရေးအဖွဲ့ဟာ အခုနှစ် ပထမ ၉ လအတွင်း အမှုပေါင်း ၄၆၄၀၀၀ ကို ကိုင်တွယ်ခဲ့ပြီး လူပေါင်း ၄၀၆၀၀၀ ဦးကို အရေးယူခဲ့ပါတယ်။ သောကြာနေ့ ပေါ်လစ်ဗျူရို အစည်းအဝေးမှာ ရှီက ဖုံးကွယ်နေတဲ့ ခြစားမှုတွေကို ဆက်လက်ဖော်ထုတ်သွားမှာဖြစ်ပြီး ပါတီဝင်တွေနဲ့ အစိုးရ လုပ်သားတွေကို
    စောင့်ကြည့်ရေး နည်းလမ်းကိုလည်း ခေတ်မီအောင် ပြုလုပ်သွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: CNA

  • ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း မော်လ်ဒိုက်သမ္မတ ၀န်ခံ

    ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း မော်လ်ဒိုက်သမ္မတ ၀န်ခံ

    စက်တင်ဘာ ၂၄၊ ၂၀၁၈
    M-Media

    မော်လ်ဒိုက်သမ္မတ အဘ်ဒူလာ ယာမင်

    – အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်မယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲဝင်ခဲ့တဲ့ မော်လ်ဒိုက်သမ္မတ အဘ်ဒူလာ ယာမင်က ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း ဒီကနေ့မှာ ၀န်ခံပြောကြားလိုက်ပါတယ်။

    အသက် ၅၉ နှစ်အရွယ် ယာမင်ဟာ သမ္မတအဖြစ် ၅ နှစ်တာအုပ်စိုးမှုအတွင်း အတိုက်အခံတွေကို နှိပ်ကွပ်ခဲ့သူ လည်းဖြစ်ပါတယ်။

    စိုးရိမ်မှုတွေ၊ မသေချာမှုတွေ ဖြစ်ခဲ့တဲ့ မနေ့ကရွေးကောက်ပွဲမှာ ယာမင်ရဲ့ အတိုက်အခံ အီဘရာဟင် မိုဟာမက် ဆိုလီဟ်က မဲအရေအတွက် ၅၈ ရာခိုင်နှုန်းနဲ့ အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ယာမင်ကတော့ ၄၂ ရာခိုင်နှုန်းသာ ရရှိခဲ့ပါတယ်။

    “မော်လ်ဒိုက်နိုင်ငံသားတွေက အဆုံးအဖြတ်ပေးလိုက်ပါပြီ။ ရလဒ်ကို ကျွန်တော် လက်ခံပါတယ်” လို့ ယာမင်က ဒီကနေ့မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

    မိန့်ခွန်းမပြောခင် ဆိုလီဟ်နဲ့ တွေ့ဆုံကာ ဂုဏ်ပြုစကား ပြောကြားခဲ့တယ်လို့လည်း ယာမင်က ဆိုပါတယ်။

    သမ္မတသက်တမ်းကာလအတွင်း ဒီမိုကရေစီပျက်ဆီးစေတဲ့ ဆောင်ရွက်မှုတွေကြောင့် ဝေဖန်မှုတွေ တော်တော်များများ ခံခဲ့ရတဲ့ ယာမင်ဟာ အစ္စလာမ်ဘာသာကို ကာကွယ်မယ်၊ စီးပွားရေး တိုးတက်အောင် ဆောင်ရွက်မယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။

    Ref : Aljazeera

  • မော်လ်ဒိုက်နိုင်ငံကို အရေးပေါ် အခြေအနေ ကြေငြာ

    မော်လ်ဒိုက်နိုင်ငံကို အရေးပေါ် အခြေအနေ ကြေငြာ

    နိုဝင်ဘာ ၄၊ ၂၀၁၅
    M-Media

    maldi

    – မော်လ်ဒိုက်သမ္မတ အဘ်ဒူလာ ယာမင် ဂေအွမ်မှာ တိုင်းပြည်အား ယနေ့တွင် အရေးပေါ်အခြေအနေ ကြေငြာလိုက်ပြီး အစိုးရဆန့်ကျင်ရေး ချီတက်ဆန္ဒပြပွဲ မပြုလုပ်မီ လုံခြုံရေးတပ်ဖွဲ့များအား သံသယရှိသူများကို ဖမ်းဆီးထိန်းသိမ်းခွင့်အာဏာ ပေးအပ်ခဲ့သည်ဟု သိရသည်။

    “ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီကနေ စတင်ပြီး ရက်ပေါင်း ၃၀ အရေးပေါ်အခြေနေကို မော်လ်ဒိုက်က ကြေငြာလိုက်ပါတယ်” ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ မူအက်ဇ် အလီက ယနေ့တွင် Twitter စာမျက်နှာ၌ ရေးသားခဲ့သည်။

    စက်တင်ဘာ ၂၉ ရက်နေ့က သမ္မတ ဂေအွမ် စီးနင်းလာသည့် ရှပ်ပြေး အမြန်ရေယာဉ်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ဂေအွမ်မှာ ဒုတိယသမ္မတ အဒီးဘ်က ၎င်းအား လုပ်ကြံရန် ကြိုးစားသည်ဟုဆိုကာ အဒီးဘ်နှင့် လူ ၉ ဦးအား ဖမ်းဆီးထားသည်။

    သို့သော်လည်း ဝေဖန်သူများကမူ ထိုပေါက်ကွဲမှုမှာ အတိုက်အခံများကို နှိမ်နှင်းရန် ဂေအွမ်က လုပ်ကြံခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့ပြီး FBI ကလည်း ပေါက်ကွဲသည့် အပိုင်းအစများကို စစ်ဆေးမှုများအရ ဗုံးပေါက်ကွဲမှုဟု ယူဆ၍ မရဟု ဆိုသည်။

    ယခုတစ်ပတ် တနင်္လာနေ့က ၎င်း၏ သမ္မတအိမ်တော် အနီးအနားတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းတစ်ခုကို တွေ့ခဲ့ရပြီးနောက် ပြည်သူများ လုံခြုံရေးအတွက် မိမိအနေဖြင့် နည်းလမ်းအားလုံးဖြင့် ဆောင်ရွက်သွားမည်ဟု ယမန်နေ့မိန့်ခွန်းတွင် ဂေအွမ်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljazeera

  • မော်လ်ဒိုက်သမ္မတ လုပ်ကြံခံရသည့်ကိစ္စ FBI ငြင်းဆို

    မော်လ်ဒိုက်သမ္မတ လုပ်ကြံခံရသည့်ကိစ္စ FBI ငြင်းဆို

    နိုဝင်ဘာ ၁၊ ၂၀၁၅
    M-Media

    mal

    – စက်တင်ဘာလအတွင်းက မော်လ်ဒိုက်သမ္မတ စီးနင်းလိုက်ပါလာသည့် ရှပ်ပြေးရေယာဉ်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုမှာ ဗုံးပေါက်ကွဲမှုဖြစ်သည်ဟူသော အထောက်အထားများကို တွေ့ရှိရခြင်းမရှိဟု အမေရိကန် ထောက်လှမ်းရေးဗျူရို FBI က ပြောကြားလိုက်သည်။

    ယမန်နေ့က ကြေငြာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ဖြစ်ပွားခဲ့သည့် အပျက်အစီးများကို စစ်ဆေးမှုအရ ဗုံးမှ ကြွင်းကျန်ရစ်သည့် အပိုင်းအစများကို တွေ့ရှိရခြင်းမရှိဟု ဖော်ပြထားသည်။

    “အခင်းဖြစ်ပွားတဲ့နေရာကို မူခင်းဆေးဘက်ဆိုင်ရာ စစ်ဆေးမှု၊ အဲဒီနေရာက ရရှိတဲ့ အစိတ်အပိုင်းတွေကို ဆန်းစစ်မှုနဲ့ ဓာတုဗေဒအရ စမ်းသပ်မှုတွေ အပါအ၀င် FBI ရဲ့ စစ်ဆေးမှုတွေအရ ရေယာဉ်ပေါ်မှာဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ လက်လုပ်ဗုံးကြောင့်လို့ မှတ်ယူနိုင်တဲ့ အထောက်အထားတွေ မတွေ့ရပါဘူး” ဟု FBI ၏ အဆိုပါ ကြေငြာချက်တွင် ရေးသားထားသည်။

    လေဆိပ်မှ မြို့တော်သို့ ရှပ်ပြေးရေယာဉ်ဖြင့် အပြန် စက်တင်ဘာ ၂၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ထိုပေါက်ကွဲမှုတွင် သမ္မတ ယာမင် အဘ်ဒူလ် ဂေယွမ်မှာ မည်သည့် ထိခိုက်မှုမှ မရှိခဲ့ပေ။ မော်လ်ဒိုက်အစိုးရကမူ ထိုပေါက်ကွဲမှုမှာ ဒုတိယသမ္မတက ပြုလုပ်သည့် လုပ်ကြံမှု ဖြစ်သည်ဟု စွပ်စွဲခဲ့ကာ ပြီးခဲ့သည်သီတင်းပတ်အတွင်း ဒုတိယသမ္မတ အဟ်မဒ် အဒီးဘ်ကို ဖမ်းဆီးခဲ့သည်။

    သို့သော်လည်း နိုင်ငံခြားရေးဝန်ကြီးကမူ ယာမင်၏ အတိုက်အခံများမှာ ၎င်းအား ဖြုတ်ချရန် ကြိုးစားမှု မရှိခဲ့ဟု အင်္ဂါနေ့က ပြောကြားခဲ့သည်။

    အသက် ၅၆ နှစ်အရွယ်ရှိ ယာမင်မှာ ဒီမိုကရေစီနည်းကျ ပထမဆုံး ရွေးကောက်တင်မြှောက်ခြင်းခံရသည့် သမ္မတဟောင်း မိုဟာမက် နက်စ်ဟီးဒ်ကိုလည်း ယခုနှစ်တွင် ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုဖြင့် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့သည်။

    ထို့ပြင် ယခုအဖြစ်အပျက်မှာလည်း ၎င်း၏ အတိုက်အခံများအား နှိမ်နင်းရန် လုပ်ကြံခဲ့ခြင်းဖြစ်သည်ဟု ဝေဖန်မှုများ ရှိနေသည်။

    Ref: Aljazeera

  • ဆီးစစ်ရန် ငြင်းပယ်ခဲ့မှုကြောင့် မော်လ်ဒိုက် ပါလီမန် အမတ် တစ်ဦး ထောင်ဒဏ်တစ်နှစ် ချမှတ်ခံရ

    ဖေဖော်ဝါရီ ၂၂ ၊ ၂၀၁၄
    M-Media

    0_139290269446d2f9ee0fb0b05bf58e2e56a1ad1e15c674bc5d12f6b39885a4806b0ca1bc79_news

    – အရက်သောက်သုံးသည်ဟု သံသယရှိ၍ အဖမ်းခံခဲ့ရပြီးနောက် ရဲတပ်ဖွဲ့၏ ဆီးစစ်ရန် စီစဉ်မှုကို ငြင်းဆန်ခဲ့သော ပါလီမန်အမတ်တစ်ဦးအား မော်လ်ဒိုက် တရားရုံးက ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့သည်ဟု ပြည်တွင်းမီဒီယာများက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    အဗ်ဒူလာ ဂျာဘီရ်ဟုအမည်ရသည့် ပါလီမန်အမတ်တစ်ဦးအား အရက်သောက်သုံးသည် ဟူသော စွဲချက်ဖြင့် ၂၀၁၂ ခုနှစ်တွင်  Haa Dhaal Atoll Hondaidhoo ကျွန်း၌ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး၊ ဆီးစစ်ရန် စီစဉ်ခဲ့သည်။  သို့သော်လည်း အတိုက်အခံ မော်လ်ဒိုက်ဒီမိုကရပ်တစ်ပါတီ MDP မှ ပါလီမန်အမတ် ဂျာဘီရ်မှာ ငြင်းဆန်ခဲ့သောကြောင့် မော်လ်ဒိုက် ရာဇ၀တ်ခုံရုံးက ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

    ဂျာဘီရ်မှာ လာမည့်မတ်လ ၂၂ ရက်နေ့တွင်ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အစီအစဉ်ရှိနေသည်။ မော်လ်ဒိုက်နိုင်ငံ၏ ဥပဒေအရ ရာဇ၀တ်မှုကျူးလွန်ပြီး ထောင်ဒဏ် ၁ နှစ်အထက် ချမှတ်ခြင်းခံရသော သူတစ်ဦးမှာ ပါလီမန်အမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခွင့်မရှိသော်လည်း ဂျာဘီရ်မှာ ပါလီမန်တွင် ဆက်လက်ရှိနေမည်ဖြစ်ပြီး၊ လာမည့်ရွေးကောက်ပွဲတွင်လည်း ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်ဟု ဒေသတွင်းမီဒီယာ Haveeru က ဖော်ပြခဲ့သည်။

    ထို့ပြင် ဂျာဘီရ်မှာ အရက်သောက်သုံးမှုနှင့် ဆေးခြောက်သုံးစွဲမှု စသည့် အမှုနှစ်ခုကိုလည်း ရင်ဆိုင်နေရပြီး၊ အရက်သောက်သုံးကြောင်း ပြစ်မှု ထင်ရှားပါကာ ထောင်ဒဏ် တစ်နှစ်မှ သုံးနှစ် သို့မဟုတ် ပြည်နှင်ဒဏ်နှင့် ဆေးခြောက် သုံးစွဲမှုအတွက် ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၁၅နှစ်နှင့် ငွေဒဏ်ချမှတ်ခံရမည်ဖြစ်သည်။
    Ref: ဆင်ဟွာ

    PHOTO/ MOHAMED WAHEED