News @ M-Media

Tag: Man U

  • မော်ရင်ဟို မန်ယူသို့ရောက်တော့မည်ဟု သတင်းများထွက်ပေါ်

    မော်ရင်ဟို မန်ယူသို့ရောက်တော့မည်ဟု သတင်းများထွက်ပေါ်

    ဖေဖော်ဝါရီ ၄၊ ၂၀၁၆
    M-Media

    morinho 2

    – လက်ရှိအချိန်တွင် အသင်းလက်မဲ့ဖြစ်နေသည့် ချယ်ဆီးနည်းပြဟောင်း မော်ရင်ဟိုမှာ မန်ယူနှင့် စာချုပ်ချုပ်ရန် နီးကပ်နေပြီဟု Sky Sport Italia သတင်းဌာနက ဖော်ပြခဲ့သည်။

    ချယ်ဆီးမှ ထုတ်ပယ်ခံရပြီးကတည်းက မော်ရင်ဟိုကို မန်ယူက ဆက်သွယ်ခဲ့သည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီး ဂွါဒီယိုလာက မန်စီးတီးသို့ လာရောက်မည်ဟု အတည်ပြုခဲ့ပြီးနောက် မော်ရင်ဟို၏ ဇာတ်လမ်းမှာ ပိုမိုကျယ်လောင်လာခဲ့သည်။

    မန်ယူနည်းပြဗန်ဂါးလ်ကို ပရိတ်သတ်များက စိတ်ပျက်လျက်ရှိနေကြပြီး ပြီးခဲ့သည့်သီတင်းပတ်များအတွင်း လှောင်ပြောင်မှုများပင် ရှိခဲ့သည်။ ဗန်ဂါးလ်ကမူ ဂွါဒီယိုလာ ပရီးမီးယားသို့ လာရောက်မည်ကို ကြိုဆိုသည်ဟု ယခုသီတင်းပတ်အတွင်း ပြောကြားခဲ့သည်။ မော်ရင်ဟိုနှင့် ဂွါဒီယိုလာတို့မှာ လာလီဂါတွင် ခါးသီးသောပြိုင်ဘက်များဖြစ်သည့် ရီးယဲလ်နှင့် ဘာစီလိုနာတို့ကို ကိုင်တွယ်ကာ ထိပ်တိုက်တွေ့ဆုံဖူးသူများ ဖြစ်သည်။

    Ref: Goal

  • မန်ယူတွင် ပြီးဆုံးသည်အထိ နေသွားမည်ဟု ဗန်ဂါးလ်ပြော

    မန်ယူတွင် ပြီးဆုံးသည်အထိ နေသွားမည်ဟု ဗန်ဂါးလ်ပြော

    ဇန်န၀ါရီ ၂၉၊ ၂၀၁၆
    M-Media

    Man U

    – ဆောက်သက်တမ်အား ရှုံးနိမ့်ခဲ့သည့်ပွဲအပြီးတွင် နှုတ်ထွက်ရန်အတွက် အသင်းဒုတိယ ဥက္ကဌအား ကမ်းလှမ်းခဲ့သည်ဆိုသော သတင်းကို မန်ယူနည်းပြ ဗန်ဂါးလ်က ငြင်းဆိုလိုက်ပြီး မိမိမှာ မည်သည့်အခါမှ နှုတ်ထွက်သွားမည်မဟုတ်ဟု ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်တစ်ပတ် စနေနေ့က ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် အဆိုပါပွဲပြီးနောက် ဗန်ဂါးလ်မှာ မန်ယူအမှုဆောင် ဒုတိယဥက္ကဌ အဒ်ဝုဒ်ဝါ့ဒ်နှင့် တွေ့ဆုံကာ နှုတ်ထွက်ရန် ကမ်းလှမ်းခဲ့ကာ အသင်းမှ လက်မခံခဲ့ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။

    သို့သော်လည်း ဗန်ဂါးလ်မှာ ထိုသတင်းကို ယမန်နေ့က ငြင်းဆိုခဲ့ကာ အိုးထရက်ဖို့ဒ်တွင် ဆက်ရှိနေမည်ဟု ထပ်မံပြောကြားခဲ့သည်။

    “ကျွန်တော် ဒါမျိုး မပြောခဲ့ဘူးဗျ။ ကျွန်တော်ဟာ အမြဲတမ်း တိုက်ပွဲဝင်နေတာပါ။ ဒီမှာ ၃ နှစ်စာချုပ် ချုပ်ဆိုထားတယ်။ ဒါက ကာလတစ်ခုပါ။ တစ်ပွဲတည်းမဟုတ်ပါဘူး။ အဆုံးအထိ ကျွန်တော် ဆက်လျှောက်ချင်ပါတယ်။ ကျွန်တော် ဒါမျိုးလုပ်ဖို့ ဆန္ဒမရှိဘူးဆိုရင် လွန်ခဲ့တဲ့ တစ်နှစ်ခွဲအရင်ကတည်းက ကျွန်တော် ဒီမှာ ၀င်ခဲ့မှာ မဟုတ်ပါဘူး” ဟု ဗန်ဂါးလ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် မိမိနည်းပြခဲ့သည့် အသင်းတိုင်းတွင် အမှုဆောင်များ၊ ပိုင်ရှင်များဖြင့် ရင်းရင်းနှီးနှီးဆက်ခဲ့ပြီး ၎င်းတို့အားလုံးက မိမိအား အမြဲတမ်း ထောက်ခံအားပေးခဲ့သည်ဟု ယုံကြည်ကြောင့် ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • အသင်းမှနှုတ်ထွက်ရန် မန်ယူနည်းပြဗန်ဂါးလ် ကမ်းလှမ်းခဲ့

    အသင်းမှနှုတ်ထွက်ရန် မန်ယူနည်းပြဗန်ဂါးလ် ကမ်းလှမ်းခဲ့

    ဇန်န၀ါရီ ၂၆၊ ၂၀၁၆
    M-Media

    epl 3

    – ပြီးခဲ့သည့်သီတင်းပတ်အတွင်း နည်းပြ ဗန်ဂါးလ်က အသင်းမှထွက်ခွာရန် ကမ်းလှမ်းခဲ့သော်လည်း မန်ယူက လက်မခံခဲ့ဟု အင်္ဂလန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

    စနေနေ့က ဆောက်သက်တမ်အသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သောပွဲအပြီးတွင် အသင်း၏ ဒုတိယဥက္ကဌ အဒ် ၀ုဒ်ဝါ့ဒ်နှင့်တွေ့ဆုံကာ မိမိမှာ နှုတ်ထွက်ရန် အသင့်ရှိနေသည်ဟု ဗန်ဂါးလ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အသင်းအား ပြန်လည်နာလန်ထူလာစေရေး ဆောင်ရွက်ရန်သာ ၀ုဒ်ဝ့ါဒ်က ပြောကြားခဲ့သည်ဟု ဆိုသည်။

    ပြီးခဲ့သည့်ဒီဇင်ဘာက စတုတ်အသင်းအား ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲအပြီးတွင် ရာထူးမှ ထုတ်ပယ်ခြင်းခံရမည်ကို ကြောက်ရွံ့နေလားဟု မေးမြန်းရာတွင် ဗန်ဂါးလ်က အသင်းမှ ထုတ်ပယ်စရာမလိုဘဲ၊ မိမိကိုယ်တိုင်နှုတ်ထွက်သွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း အဒ် ၀ုဒ်ဝါ့ဒ်နှင့် ကိုယ်တိုင် စကားပြောဆိုရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

    ထိုပွဲပြီးနောက်မန်ယူမှာ ၅ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့သည့်အတွက် ဗန်ဂါးလ်အပေါ် ဖိအားများ လျော့ကျခဲ့သော်လည်း ယခုတစ်ပတ် ဆောက်သက်တမ်အား ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ပရိတ်သတ်များက ၎င်းအား လှောင်ပြောင်ခဲ့ကြသည်။ ၂၀၁၄ ခုနှစ်က ၃ နှစ်စာချုပ်ဖြင့် မန်ယူနည်းပြဖြစ်လာသည့် ဗန်ဂါလ်းက မန်ယူမှာ မိမိနည်းပြဘ၀ နောက်ဆုံးအသင်းဖြစ်မည်ဟု ပြောကြားခဲ့ဖူးသည်။

    Ref : Goal

  • ဗန်ဂါးလ်၏ဒဿနကို မန်ယူကစားသမားများက မလိုက်နာဟု ၀ါရင့် ကွင်းလယ်လူပြော

    ဗန်ဂါးလ်၏ဒဿနကို မန်ယူကစားသမားများက မလိုက်နာဟု ၀ါရင့် ကွင်းလယ်လူပြော

    ဇန်န၀ါရီ ၂၅၊ ၂၀၁၆
    M-Media

    vangaal

    – မန်ယူအသင်း၏ ကစားသမားများမှာ နည်းပြဗန်ဂါးလ်၏ ဒဿနနှင့် အစေးမကပ်ဘဲ ထိုအကြောင်းအရင်းကြောင့်ပင် မန်ယူမှာ ကျဆင်းနေခြင်းဖြစ်သည်ဟု ဗလင်စီယာ ဂန္တ၀င်ကွင်းလယ်လူဟောင်း ဂိုက်ဇ်ကာ မင်ဒီယေတာက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် သီတင်းပတ်များတွင် မန်ယူအသင်းမှာ ရလဒ်ကောင်းများ ရရှိခဲ့သော်လည်း ယခုတစ်ပတ် ဆောက်သက်တမ်နှင့်ပွဲတွင် မန်ယူမှာ အိမ်ကွင်း၌ပင် ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ဗန်ဂါးလ်ကိုလည်း ပရိတ်သတ်များက လှောင်ပြောင်ခဲ့ကြသည်။ မင်ဒီယေတာကမူ မန်ယူ၏ နိမ့်ပါးနေမှုမှာ ကစားသမားများကြောင့်ဟု ပြောကြားခဲ့သည်။

    “အပြင်ကနေပြောရတာက ခက်တော့ခက်တယ်ဗျ။ ဒါပေမယ့် အလုပ်မဖြစ်ဘူး၊ အသင်းက ဗန်ဂါလ်းရဲ့ပုံစံအတိုင်း အားထုတ်မှုမရှိဘူးဆိုတာကတော့ တော်တော်သိသာပါတယ်။ မန်ယူက ဘယ်လိုကစားရမလဲဆိုတဲ့ ဗန်ဂါးလ်ရဲ့ အယူအဆကို မမြင်ရပါဘူး။ သူ့ရဲ့ အတွေးအခေါ်တွေက ကစားသမားတွေဆီ မရောက်တဲ့ပုံပါပဲ” ဟု မင်ဒီယေတာက ပြောကြားခဲ့သည်။

    ထို့ပြင် အခြားသောလိဂ်များတွင် အောင်မြင်မှုသရဖူ အလီလီဆောင်းခဲ့သည့် ဗန်ဂါးလ် ပရီးမီးယားလိဂ်တွင် မအောင်မြင်ခြင်း၏ ပြဿနာများ နက်ရှိုင်းသည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Goal

  • မန်ယူမှာ ပရီးမီးယားလိဂ်ကို ရနိုင်ဆဲဟု ဗန်ဂါးလ်ပြော

    မန်ယူမှာ ပရီးမီးယားလိဂ်ကို ရနိုင်ဆဲဟု ဗန်ဂါးလ်ပြော

    ဇန်န၀ါရီ ၂၃၊ ၂၀၁၆
    M-Media

    vangal

    – မန်ယူမှာ ပရီးမီးယားလိဂ်ဖလားအား ရယူနိုင်သေးသည်ဟု နည်းပြဗန်ဂါးလ်က ပြောကြားလိုက်ပြီး ခါးသီးသော ပြိုင်ဘက်များဖြစ်သည့် အာဆင်နယ်နှင့် မန်စီးတီးထက် ပိုကောင်းသည့် ရလဒ်ရရှိရန် ခက်ခဲသည်ဟု ၀န်ခံခဲ့သည်။

    ပြီးခဲ့သည့်တစ်ပတ်က လီဗာပူးလ်အား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် မန်ယူမှာ ထိပ်ဆုံးမှ အာဆင်နယ်နှင့် ၇ မှတ် ကွာဟနေပြီး အဆင့် ၅ နေရာတွင်ရှိနေသည်။ ယခုနှစ်အတွင်း ပြိုင်ပွဲအားလုံးတွင်ကစားခဲ့သည့် ၄ ပွဲတွင် ၃ ပွဲအနိုင်ရထားက တစ်ပွဲသရေကျထားသောကြောင့် ဖိအားများလျော့နည်းခဲ့သည့် ဗန်ဂါးလ်ကမူ ၎င်း၏ အသင်းမှာ ပရီးမီးယားလိဂ်ဖလားအတွက် ဆက်လက် တိုက်ပွဲဝင်နေသည်ဟု ဖွင့်ဟခဲ့သည်။

    “ကျွန်တော်တို့အတွက် အခက်အခဲက ကျွန်တော်တို့အထက်မှာ ၄ သင်း ရှိနေတာပါပဲ။ ဒါ့ကြောင့် ရလဒ်ပိုင်းမှာ အဲဒီ ၄ သင်းကို ကျွန်တော်တို့ ကျော်နိုင်အောင်လုပ်ရမယ်။ ဒါဟာ ခက်ခဲပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါကိုပဲ ကျွန်တော်ပြောခဲ့တာပါ။ အရမ်းကို ခက်ခဲနေတုန်းဖြစ်ပေမယ့် ပရီးမီးယားလိဂ်မှာမကဘဲ အခြားလိဂ်တွေမှာလည်း ကျွန်တော်တို့ ဒါမျိုးတွေ တွေ့ခဲ့ပြီးပါပြီ။ ဒ့ါကြောင့် ဒါက ဖြစ်နိုင်ပါတယ်။ ယုံကြည်ဖို့ပဲလိုတာပါ” ဟု ဗန်ဂါးလ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref: Goal