News @ M-Media

Tag: MeikhtilaRiot

  • မိတ္ထီလာမြို့ အကြမ်းဖက်ခံရမှု ၂-လပြည့် ကာလတွင် ခြိမ်းခြောက်မှုများ ထပ်မံကြုံတွေ့နေရ

    မိတ္ထီလာမြို့ အကြမ်းဖက်ခံရမှု ၂-လပြည့် ကာလတွင် ခြိမ်းခြောက်မှုများ ထပ်မံကြုံတွေ့နေရ

    မေလ-၁၈၊ ၂၀၁၃
    M-Media
    ထွန်းတောက်

    မိတ္ထီလာ ။        ။  အကြမ်းဖက်ခံရမှု ၂-လပြည့်ကာလတွင် မိတ္ထီလာမြို့ရှိ မွတ်စလင်မ်များအား ထပ်မံ အကြမ်းဖက်မည်ဟု ခြိမ်းခြောက်မှုများ ရှိနေသည်ဟု သတင်းများ ပေါ်ထွက်နေကြောင်းသိရသည်။

    မတ်လနှောင်းပိုင်းမှာ စတင်အကြမ်းဖက်ခံခဲ့ရတဲ့ မိတ္ထီလာမြို့ဟာ အခုဆိုရင် ၂-လ တာကာလပြည့်မြောက်တော့မှာဖြစ်ပါတယ်။ အကြမ်းဖက်ခံရသည့် မွတ်စလင်မ်ဒုက္ခသည် တော်တော်များများဟာ မိမိနေအိမ်များသို့ ပြန်ခွင့်ရခဲ့ပြီဖြစ်ပါတယ်။

    မိတ္ထီလာမြို့မှာ ပေါ်ပေါ်ထင်ထင် အုပ်စုလိုက် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများကို ယခုအချိန်ထိ ဖော်ထုတ်ဖမ်းဆီးရုံးတင်စစ်ဆေးနိုင်ခြင်း မရှိသော်လည်း ဘုန်းကြီးတစ်ပါး သေဆုံးခဲ့မှုကြောင့် သံသယရှိသူများအဖြစ် မွတ်စလင်မ် ၇-ယောက်ကို ဖမ်းဆီးတရားစွဲဆို ရုံးတင်စစ်ဆေးမှုများပြုလုပ်ခဲ့ပါတယ်။ ၁၆-နှစ်အောက် ကလေးတစ်ဦးကိုတော့ ကလေးသူငယ် တရားရုံးသို့ လွှဲပြောင်းခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ ၆-ဦးအား သံသယရှိသူများအနေဖြင့် ဖမ်းဆီးခဲ့သော်လည်း ယင်းသူတို့မှာ ဘုန်းကြီးသေဆုံးမှုတွင် ပါဝင်ပတ်သက်နေသူများမဟုတ်ပဲ သံသယရှိသူအနေနှင့် စွဲချက်တင် စစ်ဆေးခဲ့ခြင်းသာဖြစ်ပါတယ်။

    ဘုန်းကြီးသေမှုနှင့်ပတ်သက်ပြီး တရားခံအဖြစ် ၀န်ခံလာစေရန် ဖိအားပေးမှုများလည်းရှိခဲ့ကြောင်း သိရပါတယ်။ ယခုအခါ လာမယ့် မေလ ၂၁-ရက်နေ့မှာ အဆိုပါ ၆-ဦးအား တရားရုံးတော်မှ အမိန့်ချမှာဖြစ်ပါတယ်။ ယင်းအမိန့်ချမည့်ရက် နီးကပ်လာသည့်အချိန်တွင် မိတ္ထီလာမြို့ပေါ်၌ အကြမ်းဖက်ရန် ခြိမ်းခြောက်မှုများ ထပ်မံပေါ်ပေါက်လာပြန်ပါတယ်။ ယင်း ၆-ဦးအား တရားရုံးတော်မှ သေဒဏ်မချမှတ်ပါက မိတ္ထီလာမြို့ပေါ်ရှိ မွတ်စလင်မ်များအား ထပ်မံ အကြမ်းဖက်မည်ဟု မိတ္ထီလာမြို့ရှိ အကြမ်းဖက်သမားများက ခြိမ်းခြောက်နေကြောင်း မိတ္ထီလာမြို့ခံတစ်ဦးက ပြောပြလာပါတယ်။

    အဆိုပါ ခြိမ်းခြောက်မှုကြောင့် မိတ္ထီလာရှိ အချို့သော မွတ်စလင်မ်များဟာ မိတ္ထီလာမြို့ကို စွန့်ခွာထွက်သွားကြပြီး၊ တချို့သော မွတ်စလင်မ်များကတော့ ပထမအကြိမ်ကဲ့သို့ အကြမ်းဖက်မှုများ ထပ်မံပြုလုပ်ခံရမည်ကို လွန်စွာစိုးရိမ်ထိတ်လန့်နေကြပါတယ်။ ဒါကြောင့် ဒီလို အကြမ်းဖက်မှု ထပ်မံမဖြစ်ပွားစေရန်အတွက် တာဝန်ရှိသူများအနေနှင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပေးပါရန်လည်း မိတ္ထီလာမြို့ခံက M-Media ကို ပြောပြလာပါတယ်။

  • ရှမ်းပြည်မှ မွတ်စလင်များမှ မိထ္တီလာ ဒုက္ခသည်များကို လူမျိုးဘာသာမရွေး လှူဒါန်းခဲ့

    မေလ-၁၄၊ ၂၀၁၃
    M-Media
    သတင်း- ညိုမင်း

    “ရှမ်းပြည်နယ်မှ အစ္စလာမ်ဘာသာဝင် အလှူရှင်များ စုပေါင်း၍ မိထ္တီလာ ဒုက္ခသည်သို့  လူမျိုးဘာသာမရွေး ဒုတိယ အကြိမ် သွားရောက်လှူဒါန်း”

    7

    မတ်လအတွင်းကဖြစ်ပွားခဲ့သော မိထ္တီလာအကြမ်းဖက်မှုမှ ဒုက္ခသည်များအား လူမျိုးဘာသာမခွဲခြားဘဲ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ အစ္စလာမ် ဘာသာဝင် စေတနာရှင် အလှူရှင်များမှ စုပေါင်း၍ ဒုတိယအကြိမ်အဖြစ် (၁၁- ၅-၂၀၁၃)ရက်နေ့တွင် သွားရောက်ပေးပို့လှူဒါန်းခဲ့ကြောင်း သိရပါသည်။

    အလှူရှင်အဖွဲ့သည် မိတ္ထီလာမြို့ ဗဟိုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဒုက္ခသည်စခန်း(၄)ခု၊ ဇီးပင်ပေါက်၊ က္ကုကိုပေါက်၊ ဘုရားလေးကုန်း၊ ယင်းတော်နှင့် ရမည်းသင်းမြို့အနီးရှိ ရွာတန်း ဒုက္ခသည်များ အသီးသီးထံသို့ အ၀တ်အထည်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းနှင့် ဆေးပစ္စည်းများ လှူဒါန်းခဲ့ကြောင်းသိရှိရပါတယ်။

    ရှမ်းပြည်နယ်တောင်ပိုင်းရှိ အစ္စလာမ်ဘာသာဝင် စေတနာရှင် အလှူရှင်များမှ မိထ္တီလာ ဒုက္ခသည်များအား ထိရောက်စွာကူညီ လှူဒါန်းနိုင်ရေး အတွက် တောင်ကြီးမြို့ပေါ်ရှိ ရှမ်းပြည်နယ် အစ္စလာမ်ဘာသာရေးဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများ၊ အခြားမြို့များမှ အဖွဲ့ဝင်များ၊ တောင်ကြီးမြို့ပေါ်ရှိ မြို့မိမြို့ဖများနှင့် ပန်းသေးမိသားစုဝင်များ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ အလှူရှင်များအားလုံး စုပေါင်းပါဝင်ကာ ကူညီလှူဒါန်းရေးကော်မတီတရပ်ကို (၂၄-၃-၂၀၁၃)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး အလှူငွေလက်ခံခြင်း၊ အ၀တ်အထည်နှင့် စားသောက်ကုန်များလက်ခံခြင်းကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

    “ပထမဆုံးအနေနဲ့ မိထ္တီလာဒုက္ခသည်တွေကို ကူညီရေးအတွက် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး အလှူရှင်တွေပေးပို့လှူဒါန်းလာတဲ့ အ၀တ်အထည်တွေ၊ စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းတွေကို တောင်ကြီးမြို့ပေါ်က မြို့ဦးဗလီမှာ စုစည်းထားရှိပါတယ်။ နောက်ပြီး အဲဒီမှာ အမျိုးသား အမျိုးသမီးဝတ်၊ ကလေးဝတ်၊ အသစ်- အဟောင်းစသဖြင့်  အထည်တွေကို မြို့ပေါ်ကစေတနာရှင်လုပ်အားပေးအဖွဲ့တွေနဲ့ စနစ်တကျ သီးသန့်ခွဲပြီး အထုတ်တွေ ထုတ်ပိုးပါတယ်။ နောက် စားသောက်ကုန်တွေ၊ လူသုံးကုန်တွေကိုလည်း စနစ်တကျ လှူဒါန်းပြီး ခွဲဝေပေးနိုင်အောင် မိထ္တီလာမြို့မှာရှိတဲ့ ဗဟိုကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးကော်မတီကို ဆက်သွယ်ပြီး၊ ဒုက္ခသည်စခန်းတွေမှာရောက်ရှိနေတဲ့ ဒုက္ခသည် အရေအတွက်ကို စုံစမ်းပြီးမှ အဓိက လိုအပ်တာတွေကို ဖြည့်ဆည်းပေးနိုင်အောင် ထိရောက်စွာ လှူဒါန်းနိုင်အောင် ကြိုတင်ပြင်ဆင်ခဲ့ပြီးမှ အခုလို ပေးပို့လှူဒါန်း ခဲ့ခြင်းဖြစ်ပါတယ်။ ပထမအကြိမ်အနေနဲ့( ၁၀.၄.၂၀၁၃ )ရက်နေ့မှာ ဇီးပင်ပေါက်၊ ရွာမွန်သာ၊ ကုက္ကိုပေါက်၊ ယင်းတော်၊ ဆူးလေကုန်း၊ ရွာတန်းနဲ့ မိထ္တီလာမြို့က ဒုက္ခသည်စခန်းတွေကို သွားရောက်လှူဒါန်းခဲ့တယ်။

    11

    အခုကတော့ဒုတိယအကြိမ်ပေးပို့လှူဒါန်းခြင်းဖြစ်ပါတယ်။ နောက်ထပ်ကိုလည်း ပြန်လည်နေရာချထားပေးတဲ့အချိန်မှာ နေအိမ်ဆောက်လုပ်ရေးနဲ့အခြား လိုအပ်ချက်တွေရှိလာမှာဖြစ်တဲ့အတွက်လည်း ကော်မတီအနေနဲ့ အဲဒီလိုအပ်မှုများကို ကူညီပံ့ပိုးပေးနိုင်ဖို့၊ ထပ်မံလှူဒါန်းနိုင်ဖို့ အလှူငွေနဲ့ တခြားအစီစဉ်တွေကိုလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားပါတယ်” ဟု မိထ္တီလာဒုက္ခသည်များ ကူညီရေးကော်မတီ အဖွဲ့ဝင် ဦးထွန်းညွှန့်မော်က ပြောပြခဲ့ပါတယ်။

    ဒုက္ခသည်များ ကူညီရေးကော်မတီဝင်များ၊ ဒုက္ခသည်များထံ ကိုယ်တိုင် သွားရောက်ခဲ့ သူများနှင့်လည်း တွေ့ဆုံမေးမြန်း ထားချက်များကို စုစည်းတင်ပြလိုက်ပါတယ်။

    ထိုသို့ မိထ္တီလာဒုက္ခသည်များအား လှူဒါန်းပေးပို့ရာတွင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီး၊ ထုံးဖို၊ အေးသာယာ၊ ရွှေညောင်၊ ညောင်ရွှေ၊ ရပ်စောက်၊ ဟဲဟိုး၊ အောင်ပန်း၊ ကလော၊ ပင်လောင်း အစရှိသောမြို့များမှ အစ္စလာမ် ဘာသာဝင် စေတနာရှင်များ၏ လှူဒါန်းမှုများ၊ ရှမ်းပြည်အရှေ့ပိုင်းရှိ ကွန်ဟိန်း၊ မိုင်းပျဉ်း၊ ကျိုင်းတုံ၊ တာချီလိတ် စသောမြို့များမှ အစ္စလာမ်ဘာသာဝင် စေတနာရှင်၊ အလှူရှင်များ၏ လှူဒါန်းမှုများ အားလုံး စုပေါင်းပါဝင်လှူဒါန်းမှုဖြစ်ကြောင်း၊ ဒုက္ခသည်များ အားလုံးအတွက် အဆင်ပြေစေရန် ရည်ရွယ်ပြီး၊ စားဝတ်နေရေးနှင့် အဓိကလိုအပ်ချက်များအတွက် လူမျိုးဘာသာမရွေး ကူညီပံ့ပိုး လှူဒါန်းခြင်းဖြစ်ကြောင်းကိုလည်း မိထ္တီလာ ဒုက္ခသည်များကူညီရေးကော်မတီအဖွဲ့ဝင် အလ်ဟာဂ်ျဆရာ ဦးသန်းမောင်မှ ပြောပြပါတယ်။

    “ပထမအကြိမ် (၁၀.၄.၂၀၁၃ )ရက်နေ့က သွားရောက်လှူဒါန်းတော့ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာစတဲ့ အခြေခံ လူသုံးကုန်တွေကနေ ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်၊ ရေသန့်စတဲ့ စားသောက်ကုန်၊ အ၀တ်အထည် ၊ အိုးခွက် ပန်းကန်၊ စောင်၊ ခြင်ထောင် စတဲ့  ပစ္စည်းတွေ အဓိကပါဝင် လှူဒါန်းခဲ့ပါတယ်။ လိုအပ်နေတဲ့ တစ်ချို့ပစ္စည်းတွေကိုတော့ ဒုက္ခသည်များကူညီရေးကော်မတီက လက်ခံရရှိထားတဲ့ အလှူငွေတွေထဲကနေ ၀ယ်ယူလှူဒါန်းခဲ့တာပါ။ ပထမအကြိမ်မှာ လှူဒါန်းခဲ့တဲ့ ပစ္စည်းစုစုပေါင်းတန်ဖိုးက ကျပ်သိန်း(၅၀)လောက် တန်ဖိုးရှိမယ်ခန့်မှန်းပါတယ်၊

    အ၀တ်အထည်ဟောင်းတွေလည်းပါနေတာဆိုတော့လေ။ အခု ဒုတိယအကြိမ်မှာတော့ လှူဒါန်းမှု ခန့်မှန်းတန်ဖိုးက ကျပ်သိန်း(၁၀၀)ကျော်တန်ဖိုးရှိပါတယ်။ မိထ္တီလာဒုက္ခသည် စခန်း(၄)ခုမှာရှိတဲ့ လူမျိုးမရွေး ဘာသာ မရွေးနဲ့ တခြားရွာတွေမှာ ရောက်နေသူတဲ့ သူတွေကို ရှမ်းပြည်နယ်က အစ္စလာမ်ဘာသာဝင် အလှူရှင်များအားလုံး ကိုယ်စား ကော်မတီ အနေနဲ့ အခုလို ကူညီလှူဒါန်းမှုလုပ်ခဲ့တာပါ” ဟုလည်း မိထ္တီလာဒုက္ခသည်များ ကူညီရေး ကော်မတီ အဖွဲ့ဝင်များဖြစ်တဲ့ ဦးသန်းထွန်းနှင့် ဦးခင်မောင်ဦးတို့မှ ပြောပြခဲ့ပါတယ်။

    15

    ယခုလိုစုပေါင်းသွားရောက်လှူဒါန်းမှုကိုမေးမြန်းကြည့်ရာမှာတော့ “ပထမအကြိမ်တုန်းကလိုပဲ ကျွှန်တော်တို့ မနက်ဖြန်သွားမယ်ဆိုတော့ ညနေဖက်မှာကြိုတင်ပြီး ဒုက္ခသည်စာရင်းနဲ့အညီ ပေးပို့ လှူဒါန်းမယ့်ပစ္စည်းတွေ ကားတွေပေါ်ကို တင်ထားပြီး မနက်အစော(၅)နာရီကျော်မှာ တောင်ကြီးကနေအတူတူထွက်ခွာသွားပါတယ်။ ပထမအကြိမ်က ကား(၄)စီးနဲ့သွားပို့ခဲ့တယ်။ အခု ဒုတိယအကြိမ်မှာလည်း အရင်တစ်ခေါက်လိုပဲ စီစဉ်ပြီး ကား(၅)စီးသွားပို့ပါတယ်။

    ကားတစ်စီးနဲ့ကော်မတီအဖွဲ့ဝင်တစ်ချို့ပါတဲ့ အဖွဲ့ငယ်လေးလေးတစ်ဖွဲ့က ဇီးပင်ပေါက်၊ က္ကုကိုပေါက်၊ ဘုရားလေးကုန်းမှာရှိနေတဲ့ ဒုက္ခသည်တွေအတွက်သွားပို့တယ်၊ နောက်ကားတစ်စီးနဲ့အဖွဲ့ ယင်းတော်နဲ့ ရမည်းသင်းမြို့နားက ရွာတန်းဒုက္ခသည်တွေအတွက်သွားပို့ပါတယ်။ ကျန်တဲ့ကား(၃)စီးနဲ့အဖွဲ့ဝင်တွေကတော့ မိထ္တီလာမှာရှိတဲ့ ဒုက္ခသည်စခန်း(၄)ခုကို သွားပို့လှူဒါန်းခဲ့ပါတယ်” လို့လည်း ကော်မတီအဖွဲ့ဝင် ဦးစိုးစိုးငယ်မှ သွားရောက်ပို့ဆောင်ပေးခဲ့မှုကိုပြောပြခဲ့ပါတယ်။

    ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များ၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်ပြီး ယင်းတော်ရွာရှိ ဒုက္ခသည်များ၏ ကျန်းမာရေးကို မကြာခဏ စေတနာဖြူစင်စွာဖြင့်သွားရောက်ကြည့်ရှုကုသပေးနေသော ဒေါက်တာဦးမျိုးလင်းထွန်းကို မေးမြန်းကြည့်ရာမှာ “ ကျွန်တော်ကတော့ ယင်းတော်မှာရှိတဲ့ လူနာတွေကို မကြာခဏသွားရောက်ကြည့်ရှု ကုသပေးဖြစ်ပါတယ်။ ကျန်းမာရေးပိုင်း အနေနဲ့ကတော့ အဓိက ၀မ်းပျက် ၀မ်းလျှောဖြစ်တာကြုံရပါတယ်။ တချို့အသက်ကြီးပိုင်း လူနာတွေကတော့ နှလုံး၊ သွေးတိုး၊ ဆီးချို ဖြစ်နေတဲ့သူတွေကို လိုအပ်သလို ကုသပေးရပါတယ်။ ဆေးဝါးနဲ့ လိုအပ်တာတွေကိုတော့ နယ်စုံက အလှူရှင်တွေက အသီးသီး လာရောက်လှူဒါန်းကျပါတယ်။ နောက်အထူးသဖြင့် မန်းလေးက အလှူရှင်တွေလည်း အခုရက်ပိုင်းမှာ ယင်းတော်ကို ဆေးပစ္စည်းတွေ လာလှူတယ်လို့ မနေ့က ယင်းတော်ရောက်တုန်း သိခဲ့ရပါတယ်။ မန်းလေးဆေးအဖွဲ့မှ ဆရာဝန်များလည်းလာရောက် ကူညီပေးနေတာရှိသလို အခုယင်းတော်မှာရွာက ဆရာဝန်တစ်ဦးရှိနေတယ်၊ အဲဒီဆရာဝန်က နေ့တိုင်း လူနာတွေကိုကြည့်ပေး ကုသပေးနေပါတယ်။ မိထ္တီလာမှာရှိတဲ့ ဒုက္ခသည် စခန်းတွေမှာလည်း ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ သူနာပြုဆရာမတွေနဲ့ ဆရာဝန်တွေ အလှည့်ကျ ကြည့်ရှုကုသပေးနေတယ် မန်းလေးဆေးအဖွဲ့ကလည်း လာရောက် ကူညီပေးနေတယ်လို့သိရပါတယ်” ဟု ပြောပြခဲ့ပါတယ်။
    20

    ဒုက္ခသည် စခန်းအသီးသီးရှိ ဒုက္ခသည်များ၏ အဓိကလိုအပ်ချက်များနှင့် ပတ်သက်၍ ထင်မြင်ယူဆချက်များကို ဒုက္ခသည်စခန်းများသိုသွားရောက်လေ့လာခဲ့သူတစ်ဦးအား မေးမြန်းကြည့်ရာမှာတော့ “ကျွှန်တော်မြင်ခဲ့ ကြားခဲ့ရတာတွေကတော့ တကယ်စိတ်မကောင်းစရာပါ။ ကျွန်တော့် အမြင်ပြောရရင် ဒီလိုကြုံခဲ့ရသူတွေအနေနဲ့ သူတို့ရဲ့အနာဂတ်မဲ့သလို သူတို့ခံစားနေရတယ်။ ဘာဆက်လုပ်ရမလဲ၊ ဘာဖြစ်လာမလဲ၊ ဘယ်လိုနေထိုင်သွားရမယ်။ ဒုက္ခသည်စခန်းမှာ ဘယ်လောက်ကြာကြာ နေရအုံးမယ်ဆိုတာ သူတို့ ဘာမမသိနိုင်သေး၊ မပြင်ဆင်နိုင်သေးတဲ့ အခြေအနေပေါ့ဗျာ။ အိမ်ကိုပြန်နေခွင့်ရတဲ့ မိတ်ဆွေတယောက်နဲ့တွေ့တော့ သူတို့ရဲ့စားဝတ်နေရေးက အခုအဆင်ပြေနေတယ်။

    ဒါပေမယ့် သူတို့ အလုပ်ပြန်လုပ်ချင်တယ်။ လုပ်ငန်းတွေက ဘာမှပြန်စလို့ကိုမရသေးတာမျိုး၊ ကားသမားဆိုလည်း ကားပြန်မမောင်းနိုင်၊ ဂိတ်ကကုန်မတင်ပေးလို့ကားပြေးမဆွဲနိုင်သေးတာမျိုး၊ တချို့အလုပ်သမားလေးတွေဆိုလည်း မိမိတို့အလုပ်ရှင်တွေဆီမှာ အလုပ်ပြန်ဆင်းချင်ပေမယ့် ပြန် မဆင်းနိုင်သေးတာမျိုး၊ နောက်မြို့တွင်းမှာ ဈေးရောင်း-ဈေးဝယ် လုပ်ဖို့ အဆင်မပြေသေးတာတွေ၊ အနည်းငယ်သာပျက်စီးခဲ့တဲ့ ဗလီဝတ်ကျောင်းတော်တွေမှာ ပုံမှန်ဝတ်ပြုခွင့် ပြန်လည် ခွင့်ပြုပေးစေချင်တာတွေ၊ သောကြာနေ့ဝတ်ပြုမှုကို ယင်းတော်နဲ့ အနားက အခြားရွာတွေကို သွားရောက် ၀တ်ပြုနေရတဲ့အတွက် ဗလီမှာဝတ်ပြုမှု အဆင်ပြေစေချင်တာ၊ မကြာခင် ဇွန်လဆန်းမှာ ကျောင်းတွေပြန်ဖွင့်တော့မှာဖြစ်တဲ့ အတွက် ကလေးငယ်တွေရဲ့ပညာရေး အတွက်ပူပန်တာ၊ ဇူလိုင်လဆန်းမှာ ကျရောက်မယ့် အစ္စလာမ် ဘာသာဝင်များရဲ့ ဥပုသ်လအတွက် ကြိုတင်စိုးရိမ်မိနေတာ စတဲ့ သူတို့ လက်တွေ့ကြုံတွေ့ခံစားနေရတာတွေကိုပြောပြခဲ့တယ်။ အထူးသဖြင့် မိထ္တီလာမြို့မှာက တစ်ဦးနဲ့တစ်ဦး၊ တစ်ဖက်နဲ့တစ်ဖက်က စိုးရိမ်မှုလွန်ကဲနေတာကိုတွေ့ရတော့၊ ကျွှန်တော်ယူဆမိတာကတော့ အားလုံး ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ဖို့ အတွက်၊ နှစ်ဖက်စလုံးက သံသယတွေ၊ အမုန်းတရားတွေကို အမြန်ဆုံးချေဖျက်ပြီး၊ တစ်ဖက်နဲ့တစ်ဖက် အသိုင်းဝိုင်းနှစ်ခုလုံး ယုံကြည်မှု တည်ဆောက်ကျရပါမယ်။ ဒီအချက်က နှစ်ဖက်အသိုင်းအ၀ိုင်းအတွက် အဓိကအကျဆုံးနဲ့ အမြန်ဆုံးအကောင်အထည်ဖော်ဖို့လိုအပ်နေတယ်လို့မြင်ပါတယ်။

    23

    နောက်တစ်ခုက အခြေအနေအရ မိထ္တီလာကထွက်ခွါလာခဲ့ရပြီး ဇီးပင်ပေါက်၊ ကုက္ကိုပေါက်နဲ့ ရွာမွန်သာ၊ ဘုရားလေးကုန်း၊ ဆူးလေကုန်းစတဲ့ မိထ္တီလာအနီးနားကရွာတစ်ချို့မှာရောက်ရှိနေထိုင်နေရတဲ့ ဒုက္ခသည်တွေအတွက်ကိုလည်း အလှူရှင်တွေထောက်ပံ့ကူညီပေးဖို့ ပိုပြီးလိုအပ်နေတာ မြင်ခဲ့ရပါတယ်။ သူတို့အဓိကလိုအပ်နေတာက ဆန်၊ ဆီ၊ ဆား စတဲ့ စားသောက်ကုန်ပေါ့နော်။ သူတို့လိုအပ်ချက်ကို အလှူရှင်တွေအနေနဲ့ တတ်နိုင်သမျှ ကူညီပေးဖို့ပြောကြား အကူညီတောင်းခံတာမျိုးရှိခဲ့ပါတယ်။

    ယင်းတော်မှာဆိုရင် တစ်ချို့ရွာခံအိမ်တွေက ဒုက္ခရောက်လာတဲ့ကိုယ့်ဆွေမျိုးတွေကို အိမ်မှာခေါ်ထားကြတယ်။ အဆင်မပြေပေမယ့်သူတို့မှာရှိတာလေးနဲ့သူတို့အိမ်မှာ ခေါ်ထားတဲ့ ဆွေမျိုးတွေကို ကျွေးမွေးနေတယ်။ ကြာလာတော့ ခေါ်ပြီးကျွေးမွေးပေးနေတဲ့ ရွာခံအိမ်တွေက အဆင်မပြေမှု ပိုများလာတယ်ပေါ့ဗျာ။ ဒါပေမယ့် ရွာခံအိမ်တွေက သူတို့ခေါ်ထားတဲ့သူတွေအတွက် သူတို့အခုအခက်ခဲဖြစ်နေတယ်ဆိုပြီးတော့ ထုတ်ဖော်ပြောတာမျိုးတော့မရှိဘူးပေါ့ဗျာ။ ဒီလိုမျိုးလေးတွေ တွေ့ခဲ့၊ ကြုံခဲ့ရတော့ ယင်းတော်က ရွာခံအိမ်တွေမှာရောက်နေတဲ့ ဒုက္ခရောက်နေသူတွေအတွက်ကိုလည်း အထူးပြုပြီးတတ်နိုင်သမျှ အားလုံးဝိုင်းဝန်း ကူညီပေးကျမယ်ဆိုရင် လိုအပ်ချက်တွေနည်းပြီး သူတို့အားလုံး ပိုမိုအဆင်ပြေသွားမယ်လို့ထင်ပါတယ်” ဟုလည်း ဒုက္ခသည်စခန်းများကို သွားရောက် လေ့လာခဲ့သူ တစ်ဦးမှ သူ၏ထင်မြင်ယူဆချက်များကို ပြောပြပေးခဲ့သည်။

  • လူမျိုး၊ ဘာသာမခွဲခြားဘဲ မိတ္ထီလာဒုက္ခသည်များအား လှူဒါန်း

    မေ-၁၁၊၂၀၁၃

    M-Media

    မိတ္ထီလာမှ အကြမ်ဖက်ခံရသည့် ဒုက္ခသည်များအား လူမျိုး၊ ဘာသာမခွဲခြားဘဲ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့၊ အစ္စလာမ်တံခွန်၊ သီရိမွန် ဖောင်ဒေးရှင်းတို့နှင့် ပူးပေါင်း၍ ဒေါပုံမြို့နယ်၊ သာကေတမြို့နယ်အတွင်းရှိ ညီနောင်များမှ လှူဒါန်းသောပစ္စည်းများ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

    466406_172266409604273_590647493_o 913930_172266786270902_507020933_o 920054_172266582937589_614286492_o 964446_172266089604305_511064477_o

    Photo Credit>>Zawminlatt Mpz

  • အကြမ်းဖက်ခံရတဲ့ မိတ္ထီလာမြို့ရဲ့ နောက်ဆုံးအခြေအနေများ

    မေလ-၉၊ ၂၀၁၃
    M-Media
    သုတ
    8

    မိတ္ထီလာ ။        ။     ၂၀၁၃-ခု မတ်အတွင်းက မိတ္ထီလာမြို့မှာ အကြမ်းဖက်ဖျက်ဆီးခံရမှုတွေဟာ အခုဆိုရင် ၂-လ နီးပါးရှိလာပါပြီ။ အခုလို ၂-လနီးပါးကာလအတွင်း မိတ္ထီလာမြို့က ဒုက္ခသည်တွေရဲ့ အခြေအနေ၊ မိတ္ထီလာမြို့ရဲ့ အခြေအနေတွေကို ဆက်သွယ်စုံစမ်းထားတာဖြစ်ပါတယ်။

    မိတ္ထီလာမြို့မှာ အကြမ်းဖက်ခံလိုက်ရတဲ့သူတွေကို ဒုက္ခသည်စခန်းတွေမှာ ထားရှိရာကနေ အခုဆိုရင် တချို့ဟာ မိမိရဲ့နေအိမ်တွေကို ပြန်လည်နေထိုင်ခွင့် ရရှိနေကြပြီဖြစ်ပြီး၊ အချို့ကတော့ ဒုက္ခသည်စခန်းတွေမှာပဲ နေထိုင်နေရဆဲဖြစ်ပါတယ်။ မိတ္ထီလာမြို့ အကြမ်းဖက်မှုမှာ ပါဝင်သူတွေလို့ သံသယရှိသူ ၂၀၀ ခန့်ကို ဖမ်းဆီးထားသော်လည်း တချို့ကိုတော့ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အကြမ်းဖက်ခံရမှုမှာ သေဆုံးသွားခဲ့ရတဲ့ ဘုန်းကြီးသေမှုမှာ ပါဝင်ပတ်သက်သူလို့ ယူဆသူ ၇-ဦးကို ဖမ်းဆီးထားရာကနေ ရုံးတင်စစ်ဆေးမှုများပြုလုပ်ပြီး မကြာခင်မှာ အမိန့်ချမှတ်တော့မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

    မိတ္ထီလာမြို့ အကြမ်းဖက်မှုမှာ ပါဝင်သူလို့ သံသယရှိသူများထဲမှ တစ်ဦးဟာ မနေ့က ပြန်လည်လွတ်မြောက်လာပြီး၊ ယနေ့မှာ ထပ်မံ လွတ်မြောက်လာမည့်သူများလည်း ရှိပါတယ်။ အကြမ်းဖက်မှုမှာ ပါဝင်သူဟု သံသယရှိ၍ ဖမ်းဆီးခံထားရသူများမှာ မိတ္ထီလာအကြမ်းဖက်မှု မှတ်တမ်းဓါတ်ပုံ၊ ဗီဒီရိုဖိုင်များတွင် ပါဝင်နေသည့် အကြမ်းဖက်သမားများ မဟုတ်ပဲ အကြမ်းဖက်သမားများသည် မိတ္ထီလာမြို့တွင် တစ်ခါမှ မမြင်ဖူးသည့်သူများဖြစ်တယ်ဆိုတာကို မိတ္ထီလာမြို့ခံထံမှ သိရပါတယ်။

    ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်နေရသော ဒုက္ခသည်များ၏ အခြေအနေမှာ အကျယ်ချုပ်ပုံစံပိုဆန်ပြီး ယခုအခါ စခန်းအတွင်းတွင် ရေချိုးသည်ကိုပင် ရေပုံး(၃)ပုံးသာရေကန့်သတ်ချက်ဖြင့် ချိုးနေရပြီး ရေပိုချိုးမိပါက စောင့်သည့်ရဲမှ ရိုက်နှက်မှုပြုကြောင်းသိရသည်။ ထမင်းကို စုပြီးချက်ပေးကြတာဖြစ်၍ ထမင်းစားချိန်မှာ နေ့လည် ၁-နာရီကျော်မှ စားသောက်ရ၍ ကလေးများနှင့် သက်ကြီးရွယ်များအတွက် အခက်အခဲဖြစ်နေပြီး မနက်အစောကြီးစာ စားသောက်ရသည်မှာလည်း ခက်ခဲနေပါတယ်။ မိုးမကျမီ အမှီ ဒုက္ခသည်များ နေအိမ်ပြန်ရစေရန် စီစဉ်ပေးမယ်လို့ မန္တလေးမြို့ ဥပဒေရေးရာချုပ်က DVB နဲ့ RFA ကို ပြောကြားခဲ့ပေမယ့် အခုအချိန်ထိ ဒုက္ခသည်စခန်း(၃)ခုမှ ဒုက္ခသည်များ အိမ်ပြန်ခွင့်မရပဲရှိနေပါတယ်။ အခုအခါ မိုးဦးကျကာလရောက်လာပြီး မိတ္ထီလာမြို့မှာ မိုး ၂-ကြိမ်ရွာသွန်းပြီးသွားဖြစ်ပြီး မိုးရွာသွန်းမှုကြောင့် ၀မ်းရောဂါများလည်း ဖြစ်လာနေပါတယ်။ မိုးတွင်းကာလမတိုင်မီ ဒုက္ခသည်များ နေအိမ်ပြန်ပို့ရေးအတွက် လွန်စွာနေအပ်နေပါတယ်။

    တခြား ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ နေအိမ်ပြန်ခွင့်ရပြီဖြစ်ပြီး အခုအခါ ခရိုင်အားကစားကွင်း၊ ရေအရင်းအမြစ်(ရေရရှိရေး)နဲ့ စက်မှုလယ်ယာ စခန်း(၃)ခုက ဒုက္ခသည်တွေက အိမ်ပြန်ခွင့်မရကြသေးပါဘူး။ စက်မှုလယ်ယာနဲ့ ရေအရင်းအမြစ်မှာတော့ လူ(၂၀၀၀)ကျော်ရှိနေပါတယ်။ ခရိုင်အားကစားကွင်းဟာ လမ်းမဘေးမှာရှိပြီး လမ်းမထက်နိမ့်တဲ့ ချိုင့်အတွင်းမှာရှိသောကြောင့် မိုးရွာတဲ့အခါမှာလည်း ရေ၀ပ်တာကြောင့် CAMP ထဲမှ ဒုက္ခသည်တွေ အခက်အခဲရှိနေပါတယ်။

    ဒုက္ခသည်တွေအတွက် အခြားအဖွဲ့အစည်းများမှ လုပ်ဆောင်ပေးနေမှုများရှိပါတယ်။ အဖွဲ့အစည်းများမှ တတ်နိုင်သရွေ့လုပ်ဆောင်ပေးကြသော်လည်း ဒုက္ခသည်တွေအနေနှင့် စခန်းတွေမှာ နေရတာဟာ မိမိတို့အိမ်ရာလောက် အဆင်ပြေနိုင်မှုမရှိနိုင်ပါဘူး။ အချို့ဒုက္ခသည်များမှာ အိမ်ကိုမီးရှို့ခံရပြီး အချို့မှာ ဖျက်ဆီးခံရသူများဖြစ်သည့်အတွက် ဖျက်ဆီးခံရသည့်အိမ်များမှ ဒုက္ခသည်များ နေအိမ်ပြန်ခွင့်ပေးသင့်သော်လည်း မည်သည့်အတွက်ကြောင့် အိမ်ပြန်ခွင့်မပေးပဲ မည်သို့ ကိုင်တွယ်ဖြေရှင်းနေသည်ကို စဉ်းစားနားမလည်နိုင်ကြောင်းကိုလည်း မိတ္ထီလာမြို့ခံတစ်ဦး၏ ပြောပြမှုမှ သိရပါတယ်။

    မိတ္ထီလာမြို့မှာ အကြမ်းဖက်ခံရသည့် ဒုက္ခသည်အများစုမှာ မိမိကိုယ်ပိုင်အိမ်ရာဖြစ်သော်လည်း တချို့သောအနည်းစုမှာ အိမ်ငှားဘ၀ဖြင့် နေထိုင်ကြသူများဖြစ်ပါတယ်။ ယခုအခါနေအိမ်ပြန်ခွင့်ပြုလိုက်တဲ့အတွက် ကိုယ်ပိုင်အိမ်ရှိသူများမှာ မိမိအိမ်တွင် ပြန်လည်နေထိုင်ရသော်လည်း အိမ်ငှားဘ၀ဖြင့်နေထိုင်သူများမှာ အိမ်ရှင်များမှ ပြန်လည် လက်မခံတော့ဟုသိရှိရပြီး အချို့မှာ မိမိဆွေမျိုးသားချင်းများရှိရာ ရပ်ကွက်များတွင် သွားရောက်နေထိုင်သော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ဧည့်စာရင်းတိုင်ကြားရန် ခွင့်မရဘူးလို့သိရပါတယ်။ ရပ်ကွက်၏ ပုံစံ(၁၀)ရှိသောသူများကို နေထိုင်ခွင့်ပြုထားပြီး အိမ်ငှားနေသူများအတွက် ဥပဒေသတ်မှတ်ချက်များလည်းရှိနေပါတယ်။ ရပ်ကွက်အတွင်း ပြန်လည်နေထိုင်ရေးမှာလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ လူရွေးပြီး ပြန်လည်ခေါ်ဆောင်မှုပြုလုပ်ပါတယ်။ ဒါကြောင့် ဒုက္ခသည်အများစုမှာ နေထိုင်ရေးအတွက် ဒုက္ခရောက်နေကြရပါတယ်။

    ဒုက္ခသည်စခန်းတွေအတွင်း မီဒီယာများကိုလည်း ပေးမ၀င်သည့်အတွက် ဒုက္ခသည်စခန်းတွင်းမှ အခြေအနေမှန်များကို တခြားပြည်သူများ သေချာမသိနိုင်ပဲရှိနေပါတယ်။ ပွင့်လင်းမြင်သာမှုရှိတဲ့ သွားလာခွင့်မပေးတဲ့အတွက် အခြေအနေမှန်ကို မသိရခြင်းသာဖြစ်ပါတယ်။ ဒုက္ခသည်များအား ကူညီမှုပေးနေသည့် အခြားအဖွဲ့အစည်းများကိုလည်း လွတ်လပ်စွာဝင်ခွင့် မပြုပဲ သူတို့၏အလုပ်အား အခြားအဖွဲ့အစည်းများ ၀င်ရောက်နှောက်ယှက်သည်ဟု အစိုးရအနေဖြင့် မြင်နေကြောင်းကိုလည်း ဒုက္ခသည်များအား ကူညီပေးနေသည့် အဖွဲ့တွင် ပါဝင်နေသူတစ်ဦး၏ ပြောပြချက်အရ ထပ်မံသိရပါတယ်။

    ဒုက္ခသည်များအား လှူဒါန်းနေသော အလှူရှင်များ၏ဆန္ဒမှာ ဒုက္ခသည်များထံသို့ တိုက်ရိုက်ရောက်စေလိုပေမယ့် အစိုးရမှတဆင့် လှူဒါန်းနေရသည်များကို အလှူရှင်များမှ လက်မခံလိုကြပါ။ အစိုးရပိုင်းအနေနဲ့ ယခုအခါ ကမ္ဘာ့ကြက်ခြေနီ၊ UN အဖွဲ့အစည်းများသွားရောက်မှုများကို မတားဆီးသည်မှာ ယင်းအဖွဲ့များမှာ အစိုးရမှ လွန်ဆန်မှုမပြုနိုင်သည့်အတွက် ခွင့်ပြုထားတာဖြစ်ပါတယ်။

    အကြမ်းဖက်မှုမှာပါဝင်သည်ဟု သံသယရှိသူတွေကို စစ်ဆေးမှုမှာလည်း တရားခံဟုယူဆသူများနှင့် အခြားသူများတွေ့ဆုံခွင့်မရှိတာကြောင့် မည်သည့်အကြောင်းအချက်တွေ မေးမြန်းကြောင်းကိုလည်း မသိနိုင်ကြပါ။ မိတ္ထီလာအကြမ်းဖက်မှု မဖြစ်ပွားမီရက်ပိုင်းများတွင် မိတ္ထီလာမြို့ရှိ ဆိုင်ကယ်ကယ်ရီသမား (၃၀)ခန့် ဖမ်းဆီးခံရပြီး ယခုအခါ မိတ္ထီလာ အကြမ်းဖက်မှုတွင်ပါဝင်သည်ဟု သံသဖြင့် ဖမ်းဆီးခံရမှုမှ လွတ်မြောက်လာသူများတွင် ယင်း ဆိုင်ကယ်ကယ်ရီသမားများ ပါဝင်နေတာကြောင့် အာဏာပိုင်များ၏ ကြိုတင်ကြံစည်မှုများ ပါနေသည်ဟု ကောက်ချက်စွဲမိကြောင်းလည်း မိတ္ထီလာမြို့ခံမှ ပြောပြပြန်ပါတယ်။

    မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုသည် လူမျိုးရေးအဓိကရုဏ်းမဟုတ်ပဲ ယခင်ကလည်း မိတ္ထီလာမြို့တွင် ဤကဲ့သို့သော အကြမ်းဖက်မှုများ မဖြစ်ပွားဖူးပါဘူး။ မိတ္ထီလာဟာ စစ်တပ်တွေရှိတဲ့မြို့လည်းဖြစ်ပြီး အေးအေးချမ်းချမ်းရှိခဲ့တဲ့ မြို့ဖြစ်ပါတယ်။ အခုအခါမှာတော့ တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန် မယုံကြည်မှုတွေ၊ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ကျီးလန့်စာစားဖြစ်နေကြပါတယ်လို့လည်း မြို့ခံတစ်ဦး၏ ပြောပြချက်ကို သိရပြန်ပါတယ်။

    အကြမ်းဖက်ခံရမှု ၂-လပြည့်မြောက်တော့မည်ဖြစ်သော်လည်း မိတ္ထီလာမြို့၏ ပြန်လည်ထူထောင်ရေးအခြေအနေမှာ အလွန်နှောင့်နှေးလျက်ရှိတာကြောင့်၊ မိုးတွင်းကာလအတွင်း ဒုက္ခသည်များ နေအိမ်ပြန်လည်ရောက်ရှိရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ အထူးလိုအပ်နေပါကြောင်း စုစည်းတင်ပြလိုက်ရပါတယ်။

  • ကျောင်းဖွင့် ရာသီနှင့် မိတ္ထီလာ ရွှေ့ပြောင်း စခန်းများမှ ကလေးငယ်များ၏ ပညာရေး

    မေ-၈ ၊ ၂၀၁၃
    M-Media
    ဆိုးပေ ရေးသားသည်။

    A Muslim boy looks on after evacuation to a temporary relief camp in riot-hit Meiktila, central Myanmar on March 22, 2013.
    ဒုက္ခသည် စခန်းမှ ကလေးငယ်တစ်ဦး (ဓါတ်ပုံ AP)

    စခန်းများ

    ကျောင်းဖွင့်ရာသီ နီးလာပြီဖြစ်သဖြင့် ကျောင်းများတွင်ဖွင့်ထားသော ဒုက္ခသည်စခန်းများကို အခြားနေရာများသို့ ရွှေ့ပြောင်းလိုက်ကြောင်း သိရသည်။ လောလောဆယ်တွင် မွတ်စလင် အများစုရှိသော စခန်းသုံးခုရှိပြီး ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ကြသော စခန်းနှစ်ခုရှိသည်။ ကန့်ဘလူနှင့် ယင်းတော်တွင်လည်း အစိုးရက ဖွင့်ပေးထားခြင်း မဟုတ်သော်လည်း ရပ်မိရပ်ဖနှင့် စေတနာရှင်များမှ ကူညီပေးထားသော စခန်းနှစ်ခုလည်း ရှိနေပါသည်။

    ပြန်လည် ပျိုးထောင်မှု အစီအစဉ်များ

    ယခုအခါ အိမ်ရာများ မပျက်မစီး အကောင်းအတိုင်းရှိပြီး လုံခြုံစိတ်ချရပြီဖြစ်သော ရွာနှင့် ရပ်ကွက်များမှ မိသားစုများကို သက်ဆိုင်ရာ ရပ်ကွက်နှင့် ရွာအုပ်ချုပ်ရေးရုံးများနှင့်တဆင့် ချိတ်ဆက်ကာ ပြန်ခွင့်ပြုပြီဖြစ်သည်။ မိမိတို့၏ ဆွေမျိုးသားချင်းများအကူအညီဖြင့် တစ်ရပ်တစ်ကျေးသို့ ပြောင်းရွှေ့နေထိုင်လိုသူများကိုလည်း ခွင့်ပြုထားပြီဖြစ်သည်။ အိမ်ရာပျက်စီးဆုံးရှုံးခဲ့သူများအတွက် တန်ဖိုးအသင့် အိမ်များ ဆောက်လုပ်ရန် ရာထားချက်နှင့် အလှူရှင်အချို့ရှိသော်လည်း မြေနေရာအတွက် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နေရဆဲဖြစ်ကြောင်း သိရှိရသည်။

    လက်ရှိအခြေအနေ

    မိတ္ထီလာမြို့ ဆင်ခြေဖုံးရပ်ကွက်များနှင့် ရွာများတွင် နှစ်ဖက် အသိုင်းအဝိုင်းများကြား ပုံမှန် အေးချမ်း စပြုနေပြီဖြစ်သော်လည်း မြို့ပေါ် ရပ်ကွက်များမှာမူ မူလတည်ငြိမ်မှုသို့ ရောက်ရှိရန် အချိန်ပေး ဆောင်ရွက်ရဦးမည်ဖြစ်သည်။

    ကလေးငယ်များ၏ ပညာရေး အခက်အခဲ

    မိုးတပြိုက်နှစ်ပြိုက်ကျကာ ကျောင်းဖွင့်ရာသီ နီးကပ်လာပြီဖြစ်သော်လည်း ပဋိပက္ခတို့၏ မြေစာပင် ဖြစ်ခဲ့ရရှာသော စခန်းများရှိ အပြစ်မဲ့ ကလေးငယ်များ  အတွက်မူ ကျောင်းဖွင့်ရာသီမှာ ဝိုးတဝါးနှင့် မသေချာလှပေ။ နှစ်ဖက်အသိုင်းအဝိုင်းရှိ ကလေးငယ်များမှာ အခက်အခဲ အခြေအနေများ ကွဲပြားသော်လည်း တူညီမှု တစ်ခုမှာ မရေရာသော ကျောင်းဖွင့်ရာသီပင် ဖြစ်သည်။

    အစိုးရနှင့် လူမှုရေးအဖွဲ့များ၏ ကူညီမှု အလျှင်အမြန်လိုအပ်

    ဗုဒ္ဓဘာသာဝင် ကလေးငယ်များအတွက် ကျောင်းဖွင့်ရာသီ အမှီ ကျောင်းတက်ရန် အဓိက အခက်အခဲမှာ စရိတ်ပြဿနာဖြစ်သည်။ အရေးအခင်းများကြောင့် မိဘတို့၏ စီးပွားများ ပျက်ခဲ့ရပြီး စားဝတ်နေရေး အခက်အခဲက မိသားစုများ အတွက် နံပါတ်တစ် ဦးစားပေးဖြစ်နေသဖြင့် ကလေးငယ်များ၏ ပညာရေးမှာ ဒုတိယနေရာ ရောက်နေသည်မှာ မဆန်းလှပါ။ အခြေခံအဆင့် အစိုးရပညာရေးမှာ အခမဲ့ဖြစ်သော်လည်း ကလေးငယ်များအတွက် တစ်နှစ်ပတ်လုံး လိုအပ်မည့် ကျန်စရိတ်များနှင့် ထိုကလေးငယ်များ အလုပ်လုပ်ပါက မိသားစုအတွက် တနိုင်ဝင်ထမ်းမည့် ဝင်ငွေ လျော့မှုက စိန်ခေါ်မှုဖြစ်နေသည်။

    စခန်းများရှိ မွတ်စလင်ကလေးငယ်များမှာမူ မိသားစု စားဝတ်နေရေး ကိစ္စအပြင် ကျောင်းများသို့ပင် သွားတက်ရောက်ရန်မှာ ခက်ခဲလွန်းနေပြီး စခန်းများအတွင်းတွင် ယာယီစာသင်ခန်းများ ကျောင်းဖွင့်ရာသီ အမှီဖွင့်ရန် အရေးတကြီးလိုအပ်နေပါသည်။ ကလေးငယ်များ၏ ပညာရေးတစ်နှစ် မအောက်စေရန် ပရဟိတလုပ်အားပေးများ သက်သက်ဖြင့်ဖွင့်လှစ်ရန် မလုံလောက်ဘဲ အစိုးရတာဝန်ရှိသူများမှ ဦးစီးစီစဉ်ပေးသော အသိအမှတ်ပြု အခြေခံပညာရေး သင်ရိုးနှင့် ဆရာများဖြစ်ရန် လိုအပ်နေပါသည်။

    စခန်းများ၏ အထွေထွေ လိုအပ်မှုအတွက် သက်ဆိုင်ရာနှင့် အဖွဲ့အစည်းများ၊ စေတနာရှင်များမှ ကူညီဆောင်ရွက်ပေးနေသော်လည်း ကျောင်းဖွင့် ရာသီနီးသဖြင့် ကလေးငယ်များ၏ ပညာရေး အတွက် ပညာရေးဝန်ကြီးဌာနမှ ပါဝင်ဆောင်ရွက်ခြင်းမျိုး မရှိသေးဟုလည်း သိရပါသည်။ မည်သို့ပင်ဖြစ်စေကာမူ နှစ်ဘက် အသိုင်းအဝိုင်းမှ ကလေးငယ်များ အားလုံးသည် အပြစ်ကင်းစင်ကြပြီး အမိမြန်မာနိုင်ငံတော်၏ အနာဂတ် မျိုးဆက်များဖြစ်သဖြင့် သူတို့၏ ပညာရေးကိုလည်း အခြားအရေး ကိစ္စများကဲ့သို့ အလေးပေး အရေးစိုက် ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်နှင့် လူမှု အဖွဲ့များရော စေတနာရှင် မိဘပြည်သူများပါ ကျောင်းဖွင့်ရာသီ အမှီ ကလေးငယ်များ၏ ပညာရေးကို အာရုံစိုက် ဆောင်ရွက် လှုပ်ရှားမှုများ ပြုလုပ်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။