News @ M-Media
Tag: MeikhtilaRiot
  • မိထ္ထီလာ လူသတ်မှု့တရားစွဲခံ ရသူ သံသယ တရားခံများတွင် မပတ်သက်သူများ ပါဝင်နေ
    မေ-၇-၂၀၁၃
    M-Media
    KK
    1
    လူသတ်မှုဖြင့် တရားစွဲခံထားရသော သံသယရှိသူများအား တရားရုံးအထွက်တွေ့ရစဉ် (ဓါတ်ပုံ RFA)
    မိတ္ထီလာမြို့ရှိ မွတ်စလင်မ်များအား အကြမ်းဖက်ခံရမှုတွင် ဘုန်းတော်ကြီးတစ်ပါး သေမှုဖြင့် သံသယရှိသူ မွတ်စလင်မ် ၇-ဦးအား ဖမ်းဆီး၍ တရားစွဲဆိုခံခဲ့ရသည်။ ထိုတရားစွဲခံရသူများထဲတွင် ဘုန်းကြီးသေဆုံးမှုနှင့် မပတ်သက်သူ များလည်း ပါဝင်ကြောင်း သိရသည်။
    သံသယရှိသူ ၇ ယောက်တွင် အသက် ၁၈ နှစ်အောက် တယောက်ပါသောကြောင့် ၄င်း အားကလေးသူငယ်အက်ဥပဒေဖြင့် အသစ်ပြန်လည် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ ကျန် ၆ ယောက်ကို ခရိုင် တရားရုံးတွင် တရားစွဲဆိုနေပြီ ဖြစ်ကြောင်း သိရသည်။
    စွပ်စွဲဖမ်းဆီး တရားစွဲဆိုခြင်း ခံထားရသည့်ထဲမှ ကိုဇော်ထက်နိုင်နှင့် ကိုမျိုးဝင်းတို့ မှာ ဘုန်းကြီး သတ်သော အမှုနှင့် ဘာမှ မပတ်သက်ကြောင်း၊ အခြားနေရာမှ ရဲများရိုက်ထားသည့် ဓာတ်ပုံတွင် ပါသဖြင့် ဖမ်း သွားခြင်းဖြစ်ပါ ယခုအခါ ၆ ယောက်လုံးကို အမှုတွဲ တခုထဲဖြင့် တရားစွဲထားခြင်းဖြစ်သည်။
    တရားစွဲဆိုခြင်းခံရသူများကို  ရှေ့ နေကွန်ရက်မှ  ၇ ဦး  မှတွေ့ဆုံရန် ကြိုးစားခဲ့သောလည်း စစ်ချက်ယူသည့်နေ့ တွင် ရှေ့ နေများအား ၀င်ခွင့်မပေးကြောင်း၊ စွပ်စွဲခံထားရသူများမှာလည်း ရှေ့ နေများနှင့် တိုင်ပင်ခွင့် မရကြောင်း မြို့ ခံတဦးကဆိုသည်။ ထို အပြင် အကျဉ်းခန်းထဲတွင် အဓမ္မ ဖိအားပေးပြီး အပြစ်ရှိကြောင်း ၀န်ခံလက်မှတ် ရေးထိုးခိုင်းကြောင်းလည်းသိရသည်။
    သံသယတရားခံ မွတ်စလင် ၆ ဦးသည် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက သေဒဏ်ရင်ဆိုင်ရလိမ့်မည်ဟု မန္တလေးတိုင်း ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က အေအက်ဖ်ပီသို့ ပြောကြားခဲ့ကြောင်း သိရသည်။
  • မိတ္ထီလာ အကြမ်းဖက်မှု၌ သေဆုံးခဲ့သည့် ရဟန်းတပါး အမှု၏ သံသယ တရားခံများ သေဒဏ် ရင်ဆိုင်ရဖွယ်၊
    M-Media
    မေလ ၈ ရက်၊ ၂၀၁၃
    မိတ္ထီလာ အကြမ်းဖက်မှု၌ သေဆုံးခဲ့သည့် ရဟန်းတပါး အမှု၏ သံသယ တရားခံများ သေဒဏ် ရင်ဆိုင်ရဖွယ်၊ အကြမ်းဖက်ခဲ့သည့် အခြားရဟန်းများ၊ ဗုဒ္ဓဘာသာဝင်များနှင့်စပ်လျဉ်း၍မူ နှုတ်ဆိတ်နေကြဆဲ
    27131_4783306302136_1685146913_n
    အကြမ်းဖက်သတ်ဖြတ် ခံလိုက်ရသော အစ္စလာမ်ဘာသာဝင် တစ်ဦးပုံဖြစ်ပါသည်။
    မိတ္ထီလာ မွတ်စလင်ဆန့်ကျင်အကြမ်းဖက်မှု၌ သေဆုံးခဲ့သော ဘုန်းကြီးတစ်ပါးအမှုတွင် ပါဝင်ပတ်သက်နေသည့် သံသယတရားခံ မွတ်စလင် ၆ ဦးသည် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက သေဒဏ်ရင်ဆိုင်ရလိမ့်မည်ဟု မန္တလေးတိုင်း ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က အေအက်ဖ်ပီသို့ ပြောကြားခဲ့ကြောင်း သိရသည်။
    မိတ္ထီလာ၊ ဥက္ကံနှင့် အခြားမြို့နယ်များတွင် မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်ကြရာ၌ ဗုဒ္ဓဘာသာ ဘုန်းကြီးများ ကိုယ်တိုင်ဦးဆောင်ပြီး မွတ်စလင် ကလေးလူကြီးများ အားလုံးကို သတ်ဖြတ်ညှဉ်းစဲ ခဲ့ကြသော်လည်း ထိုတရားခံ ဘုန်းကြီးများနှင့် အကြမ်းဖက်သူ ဗုဒ္ဓဘာသာဝင်များနှင့် ပတ်သက်၍ သက်ဆိုင်သလို အကြီးမားဆုံး ပြစ်ဒဏ်များ ချမှတ်ရန် ကိစ္စတွင်မူ နိုင်ငံတော်အစိုးရတာဝန်ရှိသူများက နှုတ်ဆိတ်လျက်ပင် ရှိနေသေးသည်။
    သတင်း – AFP
  • အဓိကရုဏ်း ဗီဒီယိုမှတ်တမ်း ထွက်လာ(BBC)
    အဓိကရုဏ်း ဗီဒီယိုမှတ်တမ်း ထွက်လာ(BBC)
    ဧပြီလ-၂၁- ၂၀၁၃
    BBC
    မကြာခင်က ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာ အဓိကရုဏ်း အတွင်း ဗုဒ္ဓဘာသာဝင် တွေက လူအုပ်နဲ့ မွတ်ဆလင် တွေကို တိုက်ခိုက်သတ်ဖြတ် နေတာကို ရဲတွေက ရပ်ကြည့်နေတဲ့ ပုံတွေ ပါတဲ့ ဗီဒီယို မှတ်တမ်းတွေကို ဘီဘီစီက ရရှိထားပါတယ်။
    မိတ္ထီလာ ရဲက ရိုက်ကူးခဲ့တဲ့ မှတ်တမ်းတွေ ဖြစ်ပြီး မတ်လ နှောင်းပိုင်းက ရက်တွေနဲ့ချီပြီး ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အဓိကရုဏ်းကြောင့် အနည်းဆုံး လူ ၄၃ ယောက် သေဆုံးခဲ့ရပါတယ်။
    ရဲက ရိုက်ယူထားတဲ့ မှတ်တမ်းကား ဖြစ်လို့ အထောက်အထား ရယူပုံ စနစ်ကျ ပြည့်စုံပြီး နှိပ်စက် လုယက် ခံရသူတွေကို ရဲက မကာကွယ် ခဲ့တာ ပေါ်လွင်နေပါတယ်။
    ဒီမှတ်တမ်းကားကို ဥရောပ သမဂ္ဂက မြန်မာပေါ် ပိတ်ဆို့ အရေးယူမှု တွေ ရုပ်သိမ်းသင့် မသင့် မဆုံးဖြတ်ခင် တရက် အလိုမှာ ဘီဘီစီက ထုတ်လွှင့် လိုက်တာ ဖြစ်ပြီး မြန်မာပြည်က လူနည်းစု တွေကို ဖိနှိပ် ပြုမူနေပုံ အပေါ် မေးခွန်း ထုတ်စရာ ရှိနေ ပေမယ့် ပိတ်ဆို့မှု တွေကို ဥရောပ သမဂ္ဂက ရုပ်သိမ်းမယ့်ပုံ ပေါ်တယ်လို့ ဘီဘီစီ သတင်းထောက် ဂျိုနာ ဖစ်ရှာက ဆိုပါတယ်။
    ဗီဒီယို ထဲမှာ လူနေအိမ်တွေနဲ့ ဈေးဆိုင်တွေကို လူအုပ်နဲ့ လုယက် ဖျက်ဆီးတာတွေ အပြင် ရဲအရာရှိတွေ မျက်စိ ရှေ့မှာတင် အရှင်လတ်လတ် မီးလောင်နေသူ လူးလှိမ့် နေတာကို ရပ်ကြည့်နေတဲ့ လူအုပ်က ‘ရေမဖျန်းနဲ့၊ သေပေ့စေ’လို့ ပြောဆိုတာတွေ ပါရှိပါတယ်။
    နောက် ထွက်ပြေးသူ လူငယ် တယောက်ကို ဘုန်းကြီး တပါးအပါအဝင် လူအုပ်နဲ့ ဝိုင်းဖမ်းပြီး ရိုက်တာ တွေ့ရတဲ့ အပြင် ဓားနဲ့ပါ ခုတ်လို့ မြေကြီးပေါ် ပုံလဲကျသွားပြီး သေဆုံးခဲ့တယ်လို့ ယူဆရပါတယ်။
    ဒီမှတ်တမ်းကားနဲ့ မျက်မြင်တွေ ထွက်ဆိုချက်တွေ ကိုက်ညီနေပါတယ်။
    တနေရာ မှာတော့ မွတ်ဆလင် အမျိုးသမီးနဲ့ ကလေးတွေကို ရဲက မီးလောင်ပြင် ရပ်ကွက်ထဲက ခေါ်ထုတ် သွားတဲ့ ပုံပါပါတယ်။
    ဒီအဓိကရုဏ်း အတွင်း ပါဝင်ခဲ့တဲ့ မွတ်ဆလင် ၃ ယောက်ကို ဒီလ ထဲမှာ ထောင် ၁၄ နှစ် ချလိုက်ပြီး ကျန်တဲ့ မွတ်ဆလင်နဲ့ ဗုဒ္ဓ ဘာသာဝင်တွေ အတော်များများကို ထိန်းသိမ်း စစ်ဆေးနေဆဲလို့ ဆိုပါတယ်။
    တနင်္လ࿿ာနေ့ မှာပဲ နယူးယော့ က လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ ကနေပြီး ရခိုင် ပြည်နယ်က မွတ်ဆလင်တွေ အပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေနဲ့ လူမဆန်တဲ့ ရာဇဝတ်မှု တွေမှာ မြန်မာ အစိုးရ ပတ်သက်နေမှုတွေကို ဖွင့်ချမယ့် အစီရင်ခံစာ ထုတ်ဝေမယ်လို့ သိရပါတယ်။
    ရခိုင် ပြည်နယ်က လူ တရာကျော်ကို မေးမြန်းပြီး တွေ့ရှိချက်တွေ အပေါ် အခြေပြုရေးသားတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။
    http://www.bbc.co.uk/burmese/burma/2013/04/130421_bbcburmavideo.shtml
  • လတ်တလော ဖြစ်ပွားခဲ့သည့် အကြမ်းဖက် အဓိကရုဏ်းများ နှင့် M-Media အယ်ဒီတာအဖွဲ့ သဘောထား
    လတ်တလော ဖြစ်ပွားခဲ့သည့် အကြမ်းဖက် အဓိကရုဏ်းများ နှင့် M-Media အယ်ဒီတာအဖွဲ့ သဘောထား
    M-Media
    မတ်လ ၃၀ ရက်၊ ၂၀၁၃
    [Editorial]
    လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ မွတ်စလင်မ်ဆန့်ကျင်ရေး အဓိကရုဏ်းကြောင့် နိုင်ငံတကာ မီဒီယာတွေ မှာတော့ မြန်မာ သတင်းတွေ ခေါင်းကြီးပိုင်းက ဦးဆောင်ခဲ့ပါတယ်။ တချို့ကလည်း တုန်လှုပ်ဖွယ်ကောင်း တဲ့ ခေါင်းစဉ်မျိုးတွေနဲ့ အဖြစ်မှန်ကို ဒဲ့ရေးကြသလို တချို့ကလည်း သွယ်ဝိုက်စွာနဲ့ အကြံပြုကြတာမျိုး ရှိပါတယ်။
    သို့သော် မြန်မာပြည်တွင်း အခြေဆိုက် မီဒီယာကြီးတွေကတော့ ဒီလိုမျိုး ကြောက်မက်ဖွယ်ရာ အဓိကရုဏ်းကြီးကို ဖြစ်ရပ်မှန် အတိုင်း ခေါင်းစဉ်တပ်ဖို့ ရာ တော်တော်လေး ရွံ့နေပုံရပါတယ်။ ထိုနည်းတူ ပြန်ကြားရေး ဒုဝန်ကြီး  ဦးရဲထွဋ်ကလည်း အမေရိကန် သံအမတ်ကြီး  ဒီရက်မစ်ချဲလ်ရဲ့ “violence against Muslim communities” ၊ “မွတ်စလင်မ် ဆန့်ကျင်ရေး အဓိကရုဏ်း” ဆိုတဲ့ အသုံးအနှုံးကို နားလည်မှု လွဲမှားခြင်း သာဖြစ်တယ်လို့ ဆိုပါတယ်။
    အိမ်ရှင်/ဧည့်သည်ဆိုတဲ့ မှတ်ချက်အချို့ကြောင့်လည်း ပြည်တွင်းက native မြန်မာမွတ်စလင်မ်တွေ သာမက ချင်း၊ ကရင်၊ လီဆူး၊ ကချင်နဲ့ လားဟူ စတဲ့ တိုင်းရင်းသားတွေအတွက်ပါ အနည်းနဲ့ အများစိတ်ပိုင်း ဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်ခဲ့ရသလို အချို့သော ရဟန်းသံဃာတော်တွေရဲ့ အပြု သဘောဆောင် မှတ်ချက်တွေ၊ လူသားချင်းစာနာစွာ ကူညီပံ့ပိုးမှုတွေကြောင့်လည်း ကျေနပ်ပီတိဖြစ်စရာတွေ ရှိခဲ့ပါတယ်။
    ပြည်ပ မီဒီယာ ပယောဂ
    ပြည်ပမီဒီယာတွေအနေနဲ့ လက်တံခြေတံရှည်တဲ့ အဖွဲ့ကြီးတွေဆီကနေ ရတဲ့ အချက်အလက် တွေအပေါ်အခြေခံပြီး၊ အဖြစ်အပျက် အပေါ်မှာ ဂဃနဏနားမလည်ဘဲ ရေးသားတာတွေ၊ သတင်းထုတ်ပြန်တာတွေ ရှိနေတယ်လို့ မှတ်ချက်ပေးမှုမျိုး ရှိခဲ့ပါတယ်။ ဒီမှတ်ချက်ကတော့ အဓိကရုဏ်းဆီ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့တဲ့ ကိုမင်းကိုနိုင်ရဲ့ မှတ်ချက်နဲ့ ကွဲပြားနေပါတယ်။ အဓိကရုဏ်းတားဆီးရေးနဲ့ ဓားစာခံပြစ်မှတ်တွေကို ဘယ်သို့ဘယ်ပုံ ကာကွယ်မလဲ၊ ကူညီမလဲဆိုတာတွေက သာပြီး အဓိကကျနေတဲ့ အချိန်မှာ ဒါမျိုးမှတ်ချက်က စိတ်ပျက်ဖွယ်ပါပဲ။
    ဘာကြောင့် လဲဆိုတော့ အဲဒီလို ပြည်ပအခြေဆိုက်မီဒီယာတွေထဲမှာ မြန်မာပြည် ဒီမိုကရေစီကြိုးပမ်းမှု တလျောက် ကူညီပံ့ပိုးခဲ့ကြတဲ့ မီဒီယာတွေ ပါနေသလို လက်ရှိမှာလည်း မြန်မာပြည်အရေး ကျွမ်းကျင်တဲ့ expert တွေကို ဖိတ်ခေါ်ဆွေးနွေး တင်ပြနေကြတဲ့ မီဒီယာတွေလည်း ပါဝင်နေလို့ပါပဲ။
    မြန်မာ့အရေး ကျွမ်းကျင်သူတွေနဲ့ မျက်မြင်သက်သေ နိုင်ငံခြားသားများ
    နိုင်ငံတကာက မြန်မာ့အရေးကျွမ်းကျင်သူတွေနဲ့ မြန်မာပြည်ရောက်ဖူးတဲ့ နိုင်ငံခြားသားတွေရဲ့ မှတ်ချက်က သေချာပြီး စိတ်ခံစားချက် မပါတဲ့ မှတ်ချက်တွေ ဖြစ်ပါတယ်။ မွတ်စလင်မ်တွေနဲ့ပတ်သတ်ရင် ခက်ထန်တင်းမာတဲ့ ရဟန်းအချို့ရဲ့ ဟောပြောချက်တွေကို ဗုဒ္ဓဘာသာဝင်အချို့က မျက်စိမှိတ်ယုံလေ့ရှိတယ်၊ အဲဒီသူတွေထဲမှာ ထူးဆန်းစွာနဲ့ပဲ ပညာတတ် အသိုင်းအ၀န်းကလူတွေပါ ပါဝင်နေတယ်ဆိုတာကို သူတို့တွေရဲ့ မှတ်ချက်တွေမှာ တွေ့ရှိရပါတယ်။
    က) ဗုဒ္ဓဘာသာဘုန်းကြီးတွေရဲ့ အမုန်းတရားများစေမယ့် Hate Speech တွေကို နားရည်ဝနေတာကြောင့်၊ မိတ္ထီလာမြို့ဖြစ်စဉ်မှာ မွတ်စလင်မ် လူတန်းကြီးကို ခေါ်ထုတ်လာတုန်း ဘေးကနေ ရိုက်ရိုက်၊ သတ်ပြစ်လို့ အော်နေကြတဲ့ ဗွီဒီယိုဖိုင် ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။
    ခ) အစ္စလာမ်ဘာသာဝင် ကိုတင်ဝင်း အကြောင်းနဲ့ အဆုံးသတ်ပြီး အတွေးများစွာ မွေးထုတ်ပေးတဲ့ ဆောင်းပါးတစ်ပုဒ် ကို မြန်မာ့အရေး ကျွမ်းကျင်သူ ANU ပရော ဖက်ဆာနှစ်ဦးဖြစ်တဲ့ Dr Andrew Walker နဲ့ Dr Nicholas Farrelly တို့ ဦးစီးတဲ့ New Mandala မှာ ဖတ်ရှုရပြန်ပါတယ်။
    ဂ) ဧရာဝတီမှာ မိတ္ထီလာက ကိုယ်တွေ့ဖြစ်ရပ်ကလေးကို တင်ပြပေးခဲ့တဲ့ Geoffrey-hiller ရဲ့ ဆောင်းပါး ကလည်း ငြိမ်းချမ်းနေတဲ့ မြို့ကလေးကို သာမာန်စကားအခြေအတင်များရာကနေ ပြာကျသွားတဲ့ ဖြစ်ရပ်က ဘာကြောင့်များပါလဲ ဆိုတာ လှလှပပ ပုံဖော်ပြထားပြန်ပါတယ်။
    နိုင်ငံခြားသား မြန်မာ့အရေး ကျွမ်းကျင်သူတွေ ကိုယ်တိုင် ဖော်ပြပါဆောင်းပါးတွေမှာ ဗုဒ္ဓဘာသာ ရဟန်းအချို့ရဲ့ မုန်းတီးရေးအခြေခံ အစ္စလာမ်ဆန့်ကျင်ရေး တရားတွေကို မီးမောင်းထိုး ထောက်ပြနေကြပါတယ်။
    အရင်းအမြစ်ကို မထိုးဆွရဲတာ ဘာကြောင့်လဲ
    နိုင်ငံတကာက မြန်မာ့အရေးကျွမ်းကျင်သူများရဲ့ မှတ်ချက်တွေပေါ်အခြေခံတဲ့ နိုင်ငံခြားမီဒီယာတွေကို မဝေဖန်ခင်၊ မြန်မာပြည်မှာ သူတို့ထောက်ပြတဲ့ ရဟန်းဟော hate speech တွေ ရှိနေသလားဆိုတာကို တိုက်ရိုက် ထောက်ပြ ပြောဆိုကြရပါမယ်။
    ဒါကို ယနေ့ထိ မြန်မာပြည်က တာဝန်ရှိသူတွေရော၊ တခြားအဖွဲ့အစည်းတွေပါ မပြုလုပ်ကြသေးပါ။ ဒီလိုမျိုး လမ်းဘေး က အမုန်းတရားဖြန့်ချိရေး တရားပွဲတွေ၊ စာတမ်းဖြန့်ဝေမှု၊ စီဒီဖြန့်ဝေမှုတွေ၊ စာအုပ်စာတမ်းဖြန့်ဝေမှုတွေ ဟာ မိတ္ထီလာအဓိကရုဏ်းကြီးမစတင်မီ အမှန်တကယ်ရှိခဲ့လို့လည်း ၈၈ ခေါင်းဆောင် ကိုမင်းကိုနိုင်က သူ့အနေနဲ့ ဒီလိုမျိုး အဓိ ကရုဏ်းကြီးဖြစ်လာမယ်ဆိုတာ ကြိုတင် ခံစားမိနေတဲ့အကြောင်း ပြောပြခဲ့တာဖြစ်ပါတယ်။
    ဒါ့ပြင် နိုင်ငံတကာ မီဒီယာကို အရှိန်မြင့်ပေးလိုက်တဲ့ အဖြစ်အပျက်က သတင်းထောက်တွေကို အကြမ်းဖက်သမားတွေက ရန်မူကြခြင်း ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး အလဲဗင်း မီဒီယာကလည်း ဘာသာရေး အဆောက်အဦကို ဖျက်ဆီးနေချိန် မှာ ဓာတ်ပုံရိုက်ခွင့်မပေးဘူးလို့ သတင်းဖော်ပြခဲ့ပါတယ်။
    အဲဒီလိုမျိုး အမုန်းတရားပြန့်ပွားဖို့ လုပ်ဆောင်နေတဲ့ လူတစ်စုကို တားဆီးဖို့၊ တိုက်ရိုက်ပြစ်တင်ပြောဆိုဖို့ ဘာကြောင့် ပျက်ကွက်နေကြတာပါလဲ။
    ကုလ ကိုယ်စားလှယ် မစ္စတာကင်တားနားကတော့ မွတ်စလင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေမှာ ရဲ၊ စစ်တပ်နဲ့ တခြားသော အစိုးရတာဝန်ရှိသူတွေ ကိုယ်တိုင် ရပ်ကြည့်နေတာကြောင့် အကြမ်းဖက်မှုနောက်ကွယ်မှာ အစိုးရ အဖွဲ့အစည်း အချို့ပါဝင်ပတ်သတ်နေတယ်ဆိုတဲ့ သတင်းတွေ ရရှိတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
    ဒီအချက်ကို မြန်မာအစိုးရက ငြင်းဆိုပေမယ့် ကျိုးကြောင်းပြရာမှာတော့ အားနည်းချက်တွေ၊ သံသယ ပွားစရာတွေ ရှိနေသလို နိုင်ငံတကာကလည်း ဒီအဓိကရုဏ်းကြီးက ဘာကြောင့်ဖြစ်လာသလဲဆိုတဲ့အပေါ်မှာ အာရုံခံနေကြတဲ့ အချိန် အရင်းအမြစ်ကို ချပြထားတာမျိုး မရှိသေးပါ။ မြေပြင်အခြေ အနေကို တိုက်ရိုက်မြင်တွေ့ခဲ့တဲ့ ကိုမင်းကိုနိုင်နဲ့ NLD အမတ် ဦးဝင်းထိန်တို့ရဲ့ မှတ်ချက်ကလည်း ကင်းတားနားအဆိုကို ထောက်ခံနေတယ်ဆိုတာ သတိချပ်ရမှာပါ။
    မြန်မာပြည်ရဲ့အလားအလာ
    တစ်နှစ်အတွင်းမှာတင် အဓိကရုဏ်းတွေ စဉ်ဆက်မပြတ်ဖြစ်နေတဲ့ မြန်မာပြည်ထဲ ဘယ်သူတွေက ရင်းနှီးမြှပ်နှံဖို့ စွန့်စားရဲပါ့မလဲ။ နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုတွေနဲ့အတူ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ၀င်လာမယ့်အပေါ်မှာ ၉၆၉ ဆိုတဲ့ အဟန့်အတားကို ဘယ်သူက တာဝန်ယူပေးမလဲ။ စတဲ့မေးခွန်းတွေ စီရရီထွက်ပေါ်လာပါပြီ။ အလားအလာမကောင်းတဲ့ လက္ခဏာလို့ သုံးသပ်ကြမှာဖြစ်သလို နိုင်ငံခြားရောက် မြန်မာပြည်သား အသိပညာရှင် အတတ်ပညာရှင်တွေအနေနဲ့လည်း နိုင်ငံတွင်း ပြန်လာဖို့ စဉ်းစားစရာ ဖြစ်နေပါပြီ။
    နောက်ဆုံးအဖြေ
    အမ်-မီဒီယာအနေနဲ့ မြန်မာပြည်တွင်းက ဗုဒ္ဓဘာသာဘုန်းတော်ကြီးများသာမက အချို့သော ဗုဒ္ဓဘာသာဝင်များရဲ့ လူသားချင်း စာနာမှု၊ မေတ္တာ ကရုဏာရှေ့ထားပြီး ဆောင်ရွက်ကြတဲ့ စေတနာ့ဝန်ထမ်း အမှုများကို ၀မ်းမြောက်ဂုဏ် ယူစွာဖြင့် အသိအမှတ်ပြု မှတ်တမ်းတင်ပါတယ်။
    ထို့အတူ ဒီလိုအရေးအခင်းကြီးမျိုး နောက်ထပ် မဖြစ်စေဖို့ အမ်-မီဒီယာက ရှုထောင့်ကဏ္ဍ တစ်ခုကနေ တင်ပြချင်တဲ့ အဖြေများ သို့မဟုတ် တောင်းဆိုမှုများကတော့ –
    ၁) အကြမ်းဖက်မှုမှာ ဘာသာသာသနာမရှိပါ။ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးတွေ သဘောထားထုတ်ပြန်ခဲ့ သလိုပါပဲ၊ အရေခြုံသံဃာ အချို့ကြောင့် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုကို အခြေတည်ပြီး ဘာသာသာသနာတစ်ခုကို ယိုးမယ်ဖွဲ့ဖို့ မဖြစ်နိုင်ပါ။ သို့သော် လူမျိုးဘာ သာပေါင်းစုံ ပါဝင်နေတဲ့ မြန်မာပြည်သူလူထုကြီးထဲက အုပ်စုတစ်စုကိုတော့ဖြင့် ငါးပိတုန်းကျီးချီသလို တတိတတိနဲ့ မျိုးမတုန်းသွားဖို့ရာ သဘောထား တင်းမာသူတွေ၊ သင်္ကန်းခြုံပြီး မူတစ်မျိုးထွင် နေကြတဲ့အုပ်စုတွေ၊ စတာတွေသာမက အချိန်ကိုက် ၀ါဒဖြန့်မှိုင်းတိုက် သူတွေကိုပါ ဖော်ထုတ် အရေးယူရပါမယ်။
    ၂) ဘာသာသာသနာအချင်းအချင်း သဘောပေါက်နားလည်မှုမြင့် တက်စေဖို့ ၉၆၉ တရားပွဲတွေနေရာမှာ အမေရိကန် သံအမတ်ကြီး အဆိုပြုတဲ့ interfaith dialogue တွေ၊ ဖိုရမ်တွေ၊ ဒါ့အပြင် အခြေခံပညာကျောင်းများမှာပါ ကလေးများ အကြား အမြင်မကြည်လင်မှုတွေကိုကုစားပေးမယ့် အစီအစဉ်တွေနဲ့ အစားထိုးရပါမယ်။
    ၃) ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့၊ လုံခြုံမှုပေးဖို့ဆိုတာ မိန့်ခွန်းပြောကြားယုံနဲ့ မဖြစ်နိုင်ပါ။ ဒါကြောင့် လက်တွေ့အကောင် အထည်ဖော်မှုတွေသာမက နောက်ကွယ်ကြိုးကိုင်လှုပ်ရှားသူတွေကိုပါ ပြည်သူ့ရှေ့ ချပြဖို့ လိုအပ်ပါတယ်။
    ၄) ဒါ့ကြောင့် မိတ္ထီလာ အဓိကရုဏ်းစုံစမ်းစစ်ဆေးရေးကော်မတီရဲ့ အစီရင်ခံစာက အဓိကအချက်အလက်များကို တိုက်ရိုက်ပြောဆို တင်ပြတာမျိုး ဖြစ်နေပြီး နိုင်ငံတကာရဲ့ သို့လောသို့လောအခြေအနေများသာမက ပြည်သူလူထုရဲ့ ကျီးလန့်စာ စားနေရတဲ့အဖြစ်များကိုပါ ပပျောက်သွားစေမယ်လို့ မျှော်လင့်ပါတယ်။
    ၅) အခြေခံဥပဒေမှာ အတိအလင်းပါရှိတဲ့ နိုင်ငံသားအခွင့်အရေးနဲ့ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ကို ချိုးဖောက်တဲ့ ဘယ်လို လုပ်ဆောင်ပြောဆိုချက်ကို မဆို ကျောသားရင်သား မခွဲခြားဘဲ တရားဥပဒေနှင့် အညီ အရေးယူဆောင် ရွက်နိုင်မယ့် တရားရေးမဏ္ဍိုင် အားကောင်းမှန်ကန်ဖို့ ဆောင် ရွက်ပေးစေ လိုပါတယ်။
    ၆) ယခင် အာဏာရှင် လက်ထက်မှာ “အမျိုးပျောက်မှာ စိုးကြောက်စရာ” လိုမျိုး အပုတ်ချအမြတ်ထုတ် ၀ါဒဖြန့်တဲ့ စာအုပ်စာတမ်းတွေ လက်သိပ် ထိုးဖြန့်ချိခဲ့ပါတယ်။ ယနေ့မှာတော့ အဲဒီစာအုပ်ပါ အကြောင်းအရာမျိုးတွေကို ပေါ်ပေါ်ထင်ထင် ဟောပြော တင်ပြနေတာတွေ၊ အခွေများ၊ စာအုပ် များဖြန့်ချိနေတာတွေ ပြုလုပ်နေကြပါတယ်။ ဒါကြောင့် အုပ်စုနှစ်ခုအကြား အမုန်းတရား ပွားများခြင်းမျိုးမရှိဖို့အတွက် ပြစ်မှုဆိုင်ရာဥပဒေ (ယခင် ရာဇသတ်ကြီး) အခန်း ၁၅ ဘာသာသာသနာ ဆိုင်ရာပြစ်မှုများ ပုဒ်မ ၂၉၅(က) အား လက်တွေ့ အသက်ဝင်လာစေ ဖို့ ဆောင်ရွက်ပေးစေ လိုပါတယ်။
    အေးချမ်းသာယာသော လူမျိုးသာသနာပေါင်းစုံ စုစည်းရာ ဒီမိုကရေစီပြည်ထောင်စုကြီးကို လိုလားလျက် –
  • မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများ အတွက် Asian Muslim Action Network မှကြေငြာချက်ထုတ်ပြန်
    မတ်လ ၂၈ ၊ ၂၀၁၃
    M-Media
    Asian Muslim Action Network
    မြန်မာနိုင်ငံမှ မွတ်စလင်များအား အကြမ်းဖက်မှုများအတွက် Asian Muslim Action Network မှကြေငြာချက်တစောင် ထုတ်ပြန်လိုက်ကြောင်း သိရှိပါသည်။ ၄င်းကြေငြာချက်တွင် ဖော်ပြပါရှိတာကတော့
    ယခုလက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများအတွက် ကျွန်ုပ်တို့ AMAN မှ စိုးရိမ်ပူပန်မိပြီး၊ အလွန်ပင် စိတ်မကောင်းဖြစ်မိပါသည်။
    အထူးသဖြင့် မိတ္ထီလာမြို့တွင် အစ္စလာမ်ဘာသာဝင်များ၏ ၀တ်ပြုရာနေရာများ၊ နေအိမ်အဆောက်အဦးများ ဖျက်ဆီးခံရခြင်း၊ လူများ သေကြေပျက်စီးခြင်းများကို ကြားသိရပြီး ထိုလုပ်ရပ်များအားလုံးကို ကျွန်ုပ်တို့မှ လုံးလုံးလျားလျား ရှုတ်ချပါသည်။
    အဆိုပါ အကြမ်းဖက်မှုများအတွင်း မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများ၊ ပိုင်ဆိုင်မှုများ ဆုံးရှုံးခဲ့ရသူအားလုံးအတွက် အလွန်ပင်ဝမ်းနည်းမိကြောင်း၊ အကြမ်းဖက်မှုဒဏ် ခံစားခဲ့ရသော သူများနှင့် ကျွန်ုပ်တို့ အတူတကွ ရှိနေပါကြောင်း ပြောကြားလိုပါသည်။
    မြန်မာအစိုးရအနေနှင့် ထိုအကြမ်းဖက်မှုအတွက် တာဝန်ရှိသူများကို တရားဥပဒေအရ အရေးယူရန် ကျွန်ုပ်တို့မှ တောင်းဆိုလိုက်ပါသည်။ ဤကဲ့သို့ ကြမ်းကြုတ်သော အကြမ်းဖက်မှုကို ကြံစည်ဆောင်ရွက်သူများ၊ အထူးသဖြင့် လူနည်းစု အစ္စလာမ်ဘာသာဝင်များနှင့်ပက်သက်၍ အမုန်းတရားများကို ဖြန့်ဝေမှုတွင် ပါဝင်သူများအား အရေးယူပေးရန် ကျွန်ုပ်တို့မှ အလေးအနက် တိုက်တွန်းပြောကြားလိုက်ပါသည်။
    မကြားသေးမီကလည်း ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် အဓိကရုဏ်းများ နှစ်ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ပြီး အသက်၊ အိုးအိမ်၊ စည်းစိမ်ပေါင်း မြောက်များစွာ ဆုံးရှုံးခဲ့ရပါသည်။ မြန်မာနိုင်ငံမှာ ကမ္ဘာ့ လူ့အခွင့်အရေးချိုးဖောက်မှုတွင် အဆိုးဝါးဆုံး မှတ်တမ်းရှိခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး၊ ရိုဟင်ဂျာများမှာလည်း ကမ္ဘာပေါ်တွင် ဖိနှိပ်ချုပ်ချယ်မှု၊ ညှင်းပန်းနှိပ်စက်မှု အခံရဆုံး လူ့အဖွဲ့စည်းများထဲမှ တစ်ခုဖြစ်လေသည်။
    အဆိုပါ အကြမ်းဖက်မှုများက တိုင်းပြည်၏ ရည်ရှည် ဒီမိုကရေစီဖော်ဆောင်ရေး၊ နိုင်ငံတကာ လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရာတွင် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခွင့်အလမ်း ဖန်းတီးမှုများဆီသို့ ရှေ့ရှုရာတွင် – မတူညီသော တိုင်းရင်းသား လူ့အဖွဲ့အစည်းများအကြား မကျေလည်မှုများကို ကုစားခြင်း စသည်တို့နှင့် ဆက်စပ်နေသည်ဟု ယူဆမိပါသည်။
    မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် အစ္စလာမ်ဘာသာဝင် ၁၃၀ ဦးနှင့် ဗုဒ္ဓဘာသာဝင် ၃၀ ဦးနီးပါး အသက်ဆုံးရှုံးခဲ့ရကြောင်း မှတ်တမ်းများအရ သိရပါသည်။ ဗလီဝတ်ကျောင်းတော် ၁၅ လုံး၊ အစ္စလာမ့် ဓမ္မသင်တန်းကျောင်း ၅ ခု၊ အခြားအဆောက်အဦးများ ပျက်စီးခဲ့ပြီး အိမ်ထောင်စုပေါင်းများစွာကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့ပါသည်။
    မိထ္တီလာမြို့တွင် အခြေအနေများအား ထိန်းချုပ်နိုင်သော်လည်း အနီးအနားတစ်ဝိုက်ရှိ မြို့များ၊ ရွာများသို့ အကြမ်းဖက်မှုများ ပျံ့နှံ့သွားသည်ကိုလည်း ကျွန်ုပ်တို့ သိရှိရပါသည်။
    အခုလက်ရှိ ဆက်လက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများအား ရပ်တန့်စေရုံသာမက၊ ‘၉၆၉ ဂိုဏ်း’ ဟုခေါ်သည့် အဖွဲ့မှ အမုန်းတရားဖြန့်ဝေနေမှုများကို ရပ်တန့်စေခြင်းဖြင့် လူများစု ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစု အစ္စလာမ်ဘာသာဝင်များအကြား အနာဂတ်တွင် ဖြစ်ပေါ်လာမည့် တင်းမာမှုများကို တားဆီးပေးရန် မြန်မာအစိုးရအား ကျွန်ုပ်တို့မှ တောင်းဆိုလိုက်ပါသည်။
    မြန်မာအစိုးရအနေဖြင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသော ပြည်သူတို့အား ပြည့်ဝသော လုံခြုံရေး အထောက်အပံ့များနှင့်အတူ ပြန်လည်နေချထားပေးရန် ခွင့်ပြုရမည်ဖြစ်သည်။
    ထိုကဲ့သို့ အကြမ်းဖက်မှုများကို ချက်ခြင်း တားဆီးပေးရန်အတွက် မြန်မာအစိုးရအပေါ် ဖိအားပေးရန် ကုလသမဂ္ဂအဖွဲ့ကြီး နှင့် OIC ကိုလည်း ကျွန်ုပ်တို့မှ တိုက်တွန်းလိုက်ပါသည်။
    အကြမ်းဖက်ခံရသောသူများအား ဘာသာလူမျိုးမခွဲခြားပဲ လျော်ကြေးပေးရန်၊ နေအိမ်များ ပြန်လည်ဆောက်လုပ်ပေးရန် နှင့် အသက်မွေးနိုင်သော ပတ်ဝန်းကျင်တစ်ခုကို ထူထောင်ပေးရန် ကျွန်ုပ်တို့မှ မြန်မာအစိုးရအား တိုက်တွန်းလိုက်ပါသည်။
    နိဂုံးချုပ်အနေဖြင့် အနာဂတ်တွင် ထိုကဲ့သို့သော အကြမ်းဖက်မှုများ ရပ်တန့်တားဆီးရန်အလို့ငှာ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုများ၊ တွေ့ဆုံဆွေးနွေးမှုများကို လုပ်ဆောင်ပေးရန် ပြည်တွင်းနှင့် ပြည်ပမှ လူမှု အဖွဲ့အစည်းများအား ကျွန်ုပ်တို့မှ မေတ္တာရပ်ခံအပ်ပါသည်။
    Source: http://www.arf-asia.org/aman