News @ M-Media

Tag: MeikhtilaRiot

  • ” ဒါလားမျှတတဲ့ တရားစီရင်မှု” (Facebook ပေါ်မှ ပြည်သူ့အသံ)

    ဇူလိုင်- ၄ ၊ ၂၀၁၃
    ရေးသူ- AUNG MIN KHANT

    မတ်လ(၂၂)ရက်နေ့ သောကြာနေ့ နေလည်(၁၁း၃၀)မိနစ်လောက်မှာ မိတ္ထီလာ ပဋိပက္ခကြောင့်ကြောက်လန့် တကြားထွက်ပြေးလာတဲ့ နန်းတော်ကုန်းရပ်ကွက်က စက်ဘီးပြင် ဆိုင်ဖွင့်ပြီးလုပ်ကိုင်စားသောက်နေတဲ့ အပြစ်မဲ့တဲ့ မိသားစုတစုကို အကြမ်းဖက် သမားတွေက နန်းတော်ကုန်းသံလမ်းနားမှာတွေ.သွားပြီး လာဝှက်ပေးမယ်လို့ခေါ်ကာ ဓားနဲ့ခုတ်သတ်ပြီး အလောင်းတွေကိုမီးရှို. ဖျောက်ဖျက်ပြစ်ခဲ့ကြတယ်။

    Ma Khin Khin Htwe

    မီးလောင်ပြီးခါနီးကျမှ အလောင်းတွေပေါ်ကို သင်္ဃန်းအုပ်ကာ ဘုန်းကြီးတွေ အသတ်ခံရတယ်လို့ထင်အောင် ယုတ်မာခဲ့ကြတာဖြစ်ပါတယ်။

    ဓါတ်ပုံထဲက ကလေးချီထားတဲ့ အမျိုးသမီးကတော့ မခင်ခင်ထွေးဖြစ်ပြီးအသက်မသေပဲလွတ်မြောက်လာတဲ့သူဖြစ်ပါတယ်၊

    သူမကိုပါသတ်ဖြတ်ဖို့လုပ်တဲ့အခါ လက်ထဲကချီထားတဲ့ သူမရဲ.လသား အရွယ်ကလေးကို “မ” ပြပြီး မသတ်ဖို့တောင်းပန်တော့မှ “ဟေ့..ကုလားမ ဒါဆို နင်နောက်ကိုပြန်လှည့်မကြည့်နဲ့..ကြည့်ရင် နင့်ကိုပါသတ်မယ်လို့ပြောတဲ့အတွက် သူ့ရှေ.မှာတင် ရက်ရက်စက်စက် အသတ်ခံခဲ့ရတဲ့ မိသားစုဝင်တွေကို ထားခဲ့ပြီး ထွက်ပြေးလွတ်မြောက်လာတာဖြစ်ပါတယ်။

    အသတ်ခံခဲ့ကြရတဲ့သူတွေကတော့ သူမရဲ.ယောက္ခထီး ဦးမောင်မောင်မြင့်အသက်(၇၃)နှစ်၊ သူမရဲ.ခင်ပွန်း ဦးမိုးဇော်အသက်(၃၄)နှစ်၊ သူမရဲ.သားသမီး ကျောင်းသား၊ ကျောင်းသူလေးဖြစ်ကြတဲ့ မောင်ရန်ပိုင်စိုး(၁၁)နှစ်နဲ့ မနွယ်နွယ်စိုး(၉)နှစ် အရွယ်ကလေးတို့ကို ရက်ရက်စက်စက်ဓားနဲ့ ခုတ်သတ်ပြီးမီးရှိုးခဲ့တာဖြစ်ပါတယ်။

    အခုတော့အဲဒီလူမဆန်တဲ့ရာဇဝတ်မှုကို ကျုးလွန်ခဲ့တဲ့ မောင်တာတာစိုးကို ဇွန်လ (၂၈)ရက်နေ့က ပုဒ်မ ၃၀၂/၄၃၆/၁၁၄ အလုပ်ကြမ်းနှင့် ထောင်(၇)နှစ်ချခဲ့တယ်လို့ ဒီနေ့ ၄-၇-၂၀၁၃ ရက်နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ် သတင်းစာမှာရေးသားထားပါတယ်။

    အာဏာပိုင်တွေအနေနဲ. ဒီလိုလူလေးယောက်ကို ရက်စက်စွာသတ်ဖြတ်ခဲ့သူကို ထောင်(၇)နှစ်ပဲချခဲ့တာဟာ အာဏာပိုင်တွေ ကိုယ်တိုင်ရာဇဝတ်မှုကျုးလွန်လိုက်တာလို့ပြောရမှာဖြစ်ပါတယ်။

    ထွက်ပြေးနေတဲ့ တရားခံကတော့ အငယ်ကောင်(ခ)စိုးမိုးသူဖြစ်ပါတယ်။ သတင်းစာမှာ သူကျုးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ထောင်ဒဏ် ဘယ်လောက်ကျခံပြီးသလဲဆိုတာကို ရှင်းလင်းစွာဖော်ပြမထားပါဘူး။ ဒီလူမဆန်တဲ့အကြမ်းဖက်သတ်ဖြတ်မှုဟာ နိုင်ငံတကာက မတော်မတရား စွပ်စွဲနေတာပါလို့ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာနေတဲ့သူတွေအတွက်တော့ အကောင်းဆုံးသက်သေတခုပါပဲ။

    သင်ပြုသည့်ကံ ပဲ့တင်သံ သင့်ထံပြန်လာပါစေ။…….

    မူရင်းလင့်ခ် =>http://goo.gl/jZ2L6

  • မိတ္တီလာမှ ဒုက္ခသည်များမှ ၄င်းတို့ မူလပိုင်ဆိုင်တဲ့ မြေနေရာသာ ပြန်ပေးရန် သမ္မတထံ အသနားခံစာပို့

    ဇွန်လ ၁၀၊ ၂၀၁၃
    M-Media
    ဆူးထက်

    အကြမ်းဖက်ခံရသည့် မိတ္တီလာမှ ဒုက္ခသည်များမှ ၄င်းတို့ မူလပိုင်ဆိုင်တဲ့ မြေနေရာသာ ပြန်ပေးရန် သမ္မတထံ အသနားခံစာပို့

    မတ်လ နှောင်းပိုင်း တွင် အကြမ်းဖက်သမားများ မီးရှို့ တိုက်ခိုက်မှုများကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားရသော မိတ္ထီလာမြို့မှ ဒုက္ခသည်များမှ ၄င်း၏ ဆန္ဒမပါဘဲ နေအိမ် အဆောက်အဦး ဆောက်လုပ်မည့် ကိစ္စအား ဟန့်တား ကူညီဆောင်ရွက်ပေးပါရန် အသနားခံစာကို ဇွန်လ ၉ရက်နေ့က သမ္မတကြီးထံ တင်ပြခဲ့ကြောင်း သိရသည်။

    မိတ္ထီလာဒုက္ခသည်များမှ သမ္မတကြီးထံပေးစာ တွင်

    ” ကျွန်တော်များ၏ ဆုံးရှုံးသွားသော အိုးအိမ်များအတွက် တိုင်းဒေသကြီး လူမှုရေး ၀န်ကြီးမှ ကွန်ဒို အထပ်မြင့် အဆောက်အဦးများ ဆောက်လုပ်ပေးမည့် အကြောင်း ပြောကြားအပြီးတွင် (၂၉. ၄. ၂၀၁၃) ရက်စွဲဖြင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများသို့ ၎င်းစီမံကိန်းအား လုံးဝ လက်မခံနိုင်ကြောင်း၊ မိမိပိုင် ၀ိုင်းမြေများတွင် (၆. ၂. ၂၀၁၃) ရက်နေ့ထုတ် ကြေးမုံသတင်းတွင် အတိအလင်း ဖော်ပြပါရှိသော ၀န်ထမ်း အိမ်ယာပုံစံ အဆောက်အဦးများသာ ဆောက်လုပ်ပေးပါရန် အသနားခံ လျှောက်ထားပြီး ဖြစ်ပါသည်။

    တဖန် မိတ္ထီလာအုပ်ချုပ်ရေးမှူးရုံးတွင် (    )ရက်နေ့၌ မန္တလေးတိုင်းဒေသကြီး နယ်စပ်လုံခြုံရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး တို့နှင့် ဒုက္ခသည်များ၏ တာဝန်ခံ ကိုယ်စားလှယ် (နာယက) လူကြီးများ တွေ့ဆုံပွဲတွင်လည်း ကျွန်တော်များ၏ လူနေမှုစရိုက်နှင့် ကိုက်ညီမှု မရှိခြင်းကြောင့် အထပ်မြင့် ကွန်ဒိုများအစား လုံးခြင်း အိမ်ယာများသာ ဆောက်လုပ်ပေးပါရန် ဆန္ဒပြုလျှောက်ထား တင်ပြခဲ့ကြပါသည်။

    ယခုအချိန်တွင် အိမ်ထောင်စု (၆၀၀)ကျော်၊ လူဦးရေ (၂၀၀၀)ကျော်၏ ဆန္ဒ၊ ငြင်းဆိုချက်၊ တင်ပြချက်များကို အလေးမထားဘဲ လူနေမှုစရိုက်နှင့် ကိုက်ညီမှုမရှိသော ( မိတ္ထီလာမြို့၏ မည်သည့်နေရာတွင်မျှ မရှိသေးသော) အထပ်မြင့်ကွန်ဒိုများသာ ဆောက်လုပ်ပေးမည်ဟု သတင်းစာ၊ ဂျာနယ် အသီးသီးတွင် တွေ့ရှိနေရပါသည်။

    နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း နှင့် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းကြည်တို့ (၃)ဦး အထူး တွေ့ဆုံညှိနှိုင်းပွဲမှ မူဝါဒ (၆)ရက် ထုတ်ပြန်ကြေငြာရာတွင် မိတ္ထီလာမီးဘေးသင့် ပြည်သူများအား မူလပိုင်ဆိုင်သော မြေနေရာများတွင် ပြန်လည်နေရာချထားပေးပါရန် ဟူသော အချက်(၁)ချက် ပါဝင်ခဲ့သည် ” ဟု ယင်းစာတွင် ထည့်သွင်းဖော်ပြထားကြောင်း တွေ့ရသည်။

    IMG

    IMG_0001

    YinDaw Refugee camp 444family (1)
    ယင်းတော် ဒုက္ခသည် စခန်း အိမ်ထောင်စု (၄၄၄)စု နေထိုင်ရာနေရာပုံ
    YinDaw Refugee camp 444family (2)
    ယင်းတော် ဒုက္ခသည် စခန်း အိမ်ထောင်စု (၄၄၄)စု နေထိုင်ရာနေရာပုံ

  • မိတ္ထီလာမြို့မှ အကြမ်းဖက်ခံရသည့် အားကိုးရာမဲ့ ဒုက္ခသည်များ၏ ဆန္ဒများ

    ဇွန် ၁၀၊ ၂၀၁၃
    M-Media
    KK

    A man walks in Meikhtila,
    ဓါတ်ပုံအညွှန်း- မိတ္ထီလာမြို့မှ မီးရှို့အကြမ်းဖက်ခံရသည့် မွတ်စလင်မ်ရပ်ကွက်တခု
    Photo Credit- AFP

    မိတ္ထီလာ  ။          ။        မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် ၂၀၁၃-ခု မတ်လနှောင်းပိုင်းက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ဒုက္ခသည်အဖြစ်သို့ ရောက်ရှိသွားခဲ့သော ချမ်းအေးသာယာရပ်ကွက်မှ ဒုက္ခသည်များ၏ ဆန္ဒများကို M-Media သို့ ဆက်သွယ်ပြောပြလာတာဖြစ်ပါတယ်။

    “မိတ္ထီလာမြို့ ချမ်းအေးသာယာရပ်ကွက်မှာ မွတ်စလင်မ် အိမ်တွေရှိပါတယ်။ မတ်လက အကြမ်းဖက်ခံရလို့ မွတ်စလင်မ်အိမ်တွေဟာ မီးလောင်သွားခဲ့ရပါတယ်။ မွတ်စလင်မ်အိမ်တွေက တစ်ရပ်ကွက်လုံး နီးပါးပါပဲ။ အဲ့ဒီ မီးလောင်သွားခဲ့တဲ့ အိမ်တွေအားလုံးကို အခုကျ တိုက်ခန်းကိုပဲ ပြန်ပေးတော့မယ်။ ကိုယ့်မြေနေရာတွေ ပြန်မပေးတော့ဘူး။ ဒါကြောင့် ဒုက္ခသည်တွေက စိတ်မချမ်းမမြေ့ဖြစ်နေရပါပြီ။ အရင်မြေကွက်တွေက တချို့က ပေ ၃၀ – ၅၀ပိုင်ကြတယ်။ တချို့က ပေ ၁၀၀ လောက်ပိုင်ကြတယ်။ အခုကျတော့ ပေ ၂၀ – ပေ ၄၀ တစ်ခန်းပဲ ရတော့မယ်။ နောက်ပြီးတော့ ရပ်ကွက်မှာ ပြန်ဆောက်ပေးရမယ့် မွတ်စလင်မ်အိမ်ခြေက ၆၀၀ လောက်ရှိတာ။ အခုတော့ ၁၂၀၀ လောက်ဆောက်ပြီး ၆၀၀ ကို ဒုက္ခသည်တွေကိုပေးပြီး ၆၀၀ လောက်ကို ကန်ထရိုက်ကို ရောင်းစားတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒုက္ခသည်တွေအနေနဲ့ တော်တော်စိတ်ညစ်နေရပါတယ်။

    အဲဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ကို ဘယ်သူကမှ ဘာမှ အကူအညီ မပေးကြပါဘူး။ နိုင်ငံတော် အစိုးရကရော၊ ဘာသာရေးအဖွဲ့တွေကရောပေါ့။ ရန်ကုန်က အိုလမာသာသနာ့ပညာရှင်များရုံးကို ဖုန်းဆက်ပြီး ဒီကိစ္စကို စီစဉ်ပေးဖို့ တောင်းဆိုတဲ့အခါ၊ ဒုက္ခသည်တွေအတွက်ကို လောလောဆယ် မစီစဉ်ပေးနိုင်သေးပဲ ဟာဂ်ျကိစ္စအတွက် လုံးပမ်းနေရတယ်လို့ ဆိုလာပါတယ်။ ဟာဂ်ျကိစ္စလုပ်တာကိုလည်း ကျွန်တော်တို့လက်ခံပါတယ်။ အဲဒါက ပိုက်ဆံရှိတဲ့သူတွေအတွက်ပါ။ အခုလို ဒီအချိန်မှာ ဒီဘက်ကို အာရုံစိုက်ပြီး လုပ်ပေးစေချင်ပါတယ်။ ဒီက ဒုက္ခသည်တွေကလည်း သမ္မတဆီ စာရေးပြီးတင်ချင်ကြပါတယ်။ ကျွန်တော်တို့ ဆက်သွယ်ပြီးပြောတဲ့အခါမှာ အဲ့ဒီဘာသာရေးအဖွဲ့ ဥက္ကဋ္ဌက ဝေ့လည်လည်စကားပြောပါတယ်။ ဒုက္ခသည်တွေရဲ့အဖြစ်ကို မကြည့်ပဲပစ်ထားကြပါတယ်။

    အခု တိုက်ခန်းတွေ ဆောက်မယ်ဆိုတာ စီစဉ်မှုသက်သက်မဟုတ်ပါဘူး။ မြေထိုးစက်တွေ မြေကော်စက်တွေနဲ့ သူတို့ စလုပ်နေကြပါပြီ။ ဒါကြောင့် ကျွန်တော်တို့မှာ တဘက်က ဒုက္ခတွေကြောင့် စိတ်ဒုက္ခရောက်ရတာကတစ်မျိုး ဘာသာရေးအဖွဲ့တွေက ဒုက္ခသည်တွေအတွက် ဆက်ပြီး အကူအညီမပေးတာကြောင့် ကျွန်တော်တို့ တော်တော်သောက ဖြစ်ရပါတယ်။ မိတ္ထီလာက ဒုက္ခသည်တွေအတွက်လည်း ၀ိုင်းဝန်းစဉ်းစားပေးကြပါဦးလို့ M-Media ကနေ တဆင့် ကျွန်တော်ပြောပြချင်ပါတယ်။”လို့ ဒုက္ခသည်များ၏ ခံစားချက်များကို ဒုက္ခသည်တစ်ဦးမှ M-Media ကို ဆက်သွယ်ပြောပြလာပါတယ်။

  • မိတ္ထီလာအရေးအခင်း အစိုးရကိုင်တွယ်ပုံ ဒေါ်စု ဝေဖန် (VOA)

    မအေးသန္တာကျော်
    22.05.2013

    မြန်မာနိုင်ငံရဲ့ တရားရေးစနစ်ဟာ လွတ်လပ်မှု မရှိဘူး။ အုပ်ချုပ်ရေးပိုင်းရဲ့ ချုပ်ကိုင်မှု အောက်မှာ ရှိနေတယ်လို့ မြန်မာ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောသွားပါတယ်။ မိတ္ထီလာ ဘာသာရေး အဓိကရုဏ်းမှာ အစိုးရရဲ့ ကိုင်တွယ်မှုနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် က တနင်္လာနေ့က လွှတ်တော်ဆွေးနွေးပွဲမှာ အခုလို ပြောခဲ့တာပါ။ အပြည့်အစုံကိုတော့ မအေးသန္တာကျော် က တင်ပြထားပါတယ်။
    Daw Su
    ဒေါ်အောင်ဆန်းစုကြည် ဟာ အင်္ဂါနေ့ကတော့ နေပြည်တော် လွှတ်တော် အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ မိတ္ထီလာမြို့မှာ မတ်လက ဖြစ်ပွားခဲ့တဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေကြား ဂိုဏ်းဂဏကွဲ တိုက်ခိုက်မှုတွေကြောင့် အရေးပေါ် အခြေအနေ ကြေညာခဲ့ရတာကို အဲ့ဒီလွှတ်တော် အစည်းအဝေးပွဲမှာ တရားဝင် ခွင့်ပြုပေးခဲ့တာပါ။

    အဲ့ဒီအမိန့် ဥပဒေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်မှာ အခုလို ပြောသွားခဲ့ပါတယ်။

    “ဒီအချိန်မှာ ကျမတို့ နိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ သွားနေပြီဆိုပြီးတော့ တကမ္ဘာလုံးကို အတွင်တွင် ကြေညာနေတဲ့အချိန် ဖြစ်တာမို့ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတွေနဲ့ မကိုက်ညီတဲ့ ကိစ္စမှန်သမျှ ကျမတို့ ရှောင်နိုင်သလောက် ရှောင်ရမှာ ဖြစ်ပါတယ်။”

    ဒေါ်အောင်ဆန်းစုကြည်ဟာ မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအတွင်း ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးကို သတ်ဖြတ်ခဲ့မှုနဲ့ မူဆလင်တွေကို အင်္ဂါနေ့မှာ ပြစ်ဒဏ်ချတဲ့ စီရင်ချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း သတင်းထောက်တွေကို သူ့ရုံးခန်းမှာ အခုလို ပြောသွားခဲ့ပါတယ်။

    “ပွင့်လင်းမြင်သာမှု မရှိဘူး။ နောက်ပြီးတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာက အရမ်း လွှမ်းမိုးမှု ရှိတယ်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာက လွှမ်းမိုးနေတဲ့ အခါကျတော့ တရားစီရင်ရေး မဏ္ဍိုင်က ဖြောင့်ရဲ့လားဆိုတာ လုံးဝ ပြောဖို့ရာ ခက်သွားပြီ။ တရားစီရင်ရေး မဏ္ဍိုင်က လွတ်လပ်မှသာလျှင် ဖြောင့်မတ်မှာ။ မလွတ်လပ်ဘဲနဲ့တော့ မဖြောင့်နိုင်ဘူး။”

    မိတ္ထီလာ ပဋိပက္ခအတွင်းမှာ ဗလီနဲ့ အစ္စလာမ် ဘာသာဝင်တွေရဲ့ နေအိမ်အများအပြား မီးရှို့ဖျက်ဆီး ခံခဲ့ရပြီးတော့ အစ္စလာမ် ဘာသာဝင် အများစုလည်း မီးရှို့သတ်ဖြတ်ခံခဲ့ရပါတယ်။ အဲ့ဒီ ပဋိပက္ခကြောင့် ဒေသခံ လူ သောင်းနဲ့ချီပြီးတော့လည်း အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ရတာပါ။

    ဒီဖြစ်ရပ်မှာ လှုံ့ဆော် သွေးထိုးမှု၊ မီးရှို့မှု၊ လူသတ်မှုတွေနဲ့ သံသယရှိသူ ဗုဒ္ဓဘာသာဝင် အပါအ၀င် လူပေါင်း ၇၄ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးထားပါတယ်။ လောလောဆယ်ထိတော့ အစ္စလာမ် ဘာသာဝင် ၇ ဦးကိုပဲ ပြစ်ဒဏ်စီရင်ရသေးတာ ဖြစ်ပါတယ်ရှင်။

    http://burmese.voanews.com/content/daw-suu-meik-htila/1665780.html

  • မိထ္ထီလာ အစ္စလာမ် ဘော်ဒါဆောင်ကျောင်း မီးရှို့ခံရမှု စုံစမ်းစစ်ဆေးပေးဖို့ PHR အဖွဲ့ တောင်းဆို (VOA)

    မိထ္ထီလာ အစ္စလာမ် ဘော်ဒါဆောင်ကျောင်း မီးရှို့ခံရမှု စုံစမ်းစစ်ဆေးပေးဖို့ PHR အဖွဲ့ တောင်းဆို (VOA)

    မေ-၂၁-၂၀၁၃

    မိထ္ထီလာ အကြမ်းဖက်မှုတွင် အစ္စလာမ်ဘော်ဒါဆောင်ကျောင်း မီးရှို့ခံရမှု၊ ကျောင်းသားနှင့် ဆရာ ၂၄ယောက် အသတ်ခံရမှု စုံစမ်းစစ်ဆေးပေးဖို့ PHR အဖွဲ့ တောင်းဆို

    ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမြို့ အဓိကရုဏ်းအတွင်း အစ္စလာမ်ဘော်ဒါဆောင်ကျောင်း တစ်ကျောင်း မီးရှို့ခံခဲ့ရမှုကြောင့် ဆရာ၊ ဆရာမတွေ အပါအ၀င် ကလေးငယ် စုစုပေါင်း ၂၄ ယောက် သေဆုံးခဲ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာရှိတဲ့ Physicians for Human Rights လူ့အခွင့်အရေးအဖွဲ့ကြီးက အစီရင်ခံတစ်စောင် ထုတ်ပြန်လိုက်ပြီး ဒါကို အသေးစိတ် စုံစမ်းစစ်ဆေးပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို မမေစန္ဒီက တင်ပြထားပါတယ်။

    ကျောင်းသား ၁၂၀ ရှိတဲ့ အစ္စလာမ် ဘာသာရေး ကျောင်းတစ်ကျောင်း မီးရှို့ခံရမှုအတွင်း ဆရာ၊ ဆရာမ ၄ ဦးအပါအ၀င် ကလေး အယောက်၂၀ ထက်မနည်း သေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံမှာရှိတဲ့ Physicians for Human Rights PHR လူ့အခွင့်အရေးအဖွဲ့ကြီးက စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုအတွက် PHR အဖွဲ့ကြီးက မီးလောင်မှုအတွင်း လွတ်မြောက်ခဲ့သူ ကလေးငယ်တွေနဲ့ အနီးနားမှာရှိတဲ့ မျက်မြင် သက်သေတချို့ကို PHR အဖွဲ့ကြီးက တွေ့ဆုံမေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။

    အခုလို အပြစ်မဲ့ ကလေးငယ်တွေ ရက်ရက်စက်စက် သေဆုံးမှုတွေကို မဖော်ထုတ်ခဲ့ဘူးဆိုရင် ပိုပြီး ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပေါ်ပေါက်လာနိုင်တယ်လို့ ဒီအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာကို  ဦးဆောင် ရေးသားပြုစုခဲ့သူ ရစ်ချတ် စော်လွန်မ် (Richard Sollom) က မြန်မာနိုင်ငံကို  ကိုယ်တိုင် သွားရောက်ပြီးတော့ တွေ့ဆုံ မေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။ သူနဲ့ ဆက်သွယ် မေးမြန်းတဲ့ အခါမှာတော့ –

    “မီးလောင်တဲ့အထဲက လွတ်လာတဲ့ ကလေးတွေနဲ့ ဆရာဆရာမတွေကို မေးကြည့်တဲ့အခါ သူတို့ အားလုံး က ဒီအကြောင်းကိုပဲ ထပ်ခါတလဲလဲကြားခဲ့ရတယ်။ မင်္ဂလာဈေးရုံရပ်ကွက်က သူတို့ကျောင်းကို ဒုတ်တွေ၊ အချွန်တွေ၊ ဓါးတွေ၊ သံပိုက်တွေ ကိုင်ထားတဲ့သူတွေက ကျောင်းကို မီးရှို့ခဲ့ပြီး ကျောင်းသားတွေကို မောင်းထုတ်ခဲ့တယ်ဆိုပြီးပြောပါတယ်။ ဒါဟာ မတ်လ ၂၀၊ ၂၁ ရက်နေ့တုန်းက မိတ္ထီလာ မြို့ တ၀ှမ်းမှာ လူနေအိမ်တွေ၊ ဈေးဆိုင်တွေ အများအပြား ဆုံးရှုံးပျက်ဆီးခဲ့တဲ့ မွတ်စလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေထဲကတခုဖြစ်ပေမယ့် ဒါကိုသေသေချာချာဖော်ထုတ်ခဲ့ခြင်းမရှိခဲ့ပါဘူး။”

    မျက်မြင်တွေရဲ့ အဆိုအရ ဒီအကြမ်းဖက်မှုမှာ တာဝန်ရှိ ရဲတွေက ကလေးငယ်တွေကို ကာကွယ်ခြင်းမပြုခဲ့ဘဲ ဒီကိစ္စကို ၀င်ရောက် ဖြေရှင်းခြင်း၊ အပြစ်ကျူးလွန်သူတွေကို ဖမ်းဆီးခြင်း မပြုခဲ့ဘူးလို့ ဒီအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာဟာ မြန်မာသမ္မတ ဦးသိန်းစိန် အမေရိကန် ပြည်ထောင်စုကို တရားဝင်ခရီး လာရောက် လည်ပတ်နေတဲ့အချိန်မှာ ထွက်လာတာလည်း ဖြစ်တဲ့အတွက်ကြောင့်  ဒီလို အခါသမယမှာ သမ္မတ ဦးသိန်းစိန်အနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဥပေက္ခာ ပြုမထားသင့်ဘူးလို့  ရစ်ချတ် စော်လွန်မ် (Richard Sollom) က ပြောပါတယ်။

    ဒါ့ပြင် တနင်္လာနေ့မှာ သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် သမ္မတ အိုဘားမားနဲ့ တွေ့ဆုံတဲ့အခါမှာလည်း မြန်မာနိုင်ငံမှာရှိတဲ့ လူနည်းစု လူမျိုးကွဲ၊ ဘာသာကွဲတွေရဲ့ အခွင့်အရေးတွေကို လေးစားဖို့ သမ္မတ အိုဘားမားအနေနဲ့ တိုက်တွန်းသင့်တယ်လို့ သူက ပြောပါတယ်။

    “အခုအချိန်မှာ မြန်မာနိုင်ငံအပေါ်မှာ အမေရိကန်အစိုးရရဲ့ အရှိန်အ၀ါက ကြီးမားနေပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ပြီးကတည်းက စီးပွားရေး အထောက်အပံ့တွေ၊ နိုင်ငံရေး အကူအညီတွေ ပေးခဲ့ပါတယ်။ ကျနော်တို့ Physicians for Human Rights အနေနဲ့ အမေရိကန်ရဲ့ အရှိန်အ၀ါကို ပြဖို့ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြောင်းလဲမှုဟာ စံသတ်မှတ်ထားတဲ့ အဆင့်ရောက်တဲ့အထိ အရေးယူ ပိတ်ဆို့မှုတချို့ ရှိသင့်တယ်လို့ ထင်ပါတယ်။ ဒီမိုကရေစီလမ်းစဉ်ရဲ့ ပထမခြေလှမ်းတွေထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဆုံးသတ်ဖို့နဲ့ အစ္စလာမ်ဘာသာ ဆန့်ကျင်ရေးတွေ၊ ဘာသာရေး ဆန့်ကျင်ရေးတွေကို ထုတ်ဖော်ပြောဆိုဖို့နဲ့ ပြစ်မှု ကျူးလွန်သူတွေကို အရေးယူဖို့ လိုအပ်ပါတယ်။”

    ဒါ့ပြင် ကုလသမဂ္ဂအနေနဲ့လည်း ဒီအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်သင့်တယ်လို့ သူက ပြောပါသေးတယ်။

    “ဂျနီဗာမှာရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအနေနဲ့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်လုပ်ဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာအစိုးရအနေနဲ့ သေသေချာချာ စုံစမ်းစစ်ဆေးမှုတွေ လုပ်တာမရှိဘဲ အကြမ်းဖက်မှုမှာ ပါဝင်တဲ့ မူဆလင်တချို့ကိုပဲ ထောင်ဒဏ် ၁၄ နှစ် ချမှတ်ထားပြီးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်တဲ့ ဗုဒ္ဓဘာသာဝင်တွေကို စုံစမ်းစစ်ဆေးခြင်း တရားစွဲဆိုခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ကုလသမဂ္ဂအနေနဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ကော်မရှင် ဖွဲ့စည်းဖို့ လိုအပ်တာ ဖြစ်ပါတယ်။”

    မြန်မာအစိုးရနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ တိုင်းရင်းသားတွေနဲ့ ဘာသာကွဲ လူနည်းစုတွေကို အကာအကွယ်ပြုဖို့ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးမှုတွေ၊ သတင်းထောက်တွေနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ၀န်ထမ်းတွေကို အတားအဆီးမရှိ ၀င်ရောက်ခွင့် ပြုသင့်တယ်လို့လည်း အစီရင်ခံစာထဲမှာ ထည့်သွင်း အကြံပြုထားပါတယ်။ နောက်ပြီး မြန်မာအစိုးရအနေနဲ့ သူ့လုံခြုံရေးတပ်ဖွဲ့ကို အရေးမယူမခြင်း တခြား လုံခြုံရေး အထောက်အပံ့တွေ မပေးဖို့လည်း အစီရင်ခံစာထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။

    http://burmese.voanews.com/content/phr-calls-for-to-investigate-religious-conflict-in-burma/1665009.html