News @ M-Media

Tag: Minority In Myanmar

  • အနာဂတ်မရေရာ၊ မိသားစုအတွက် စိုးရိမ်နေရတဲ့ အိန္ဒိယရောက် မြန်မာရဲတပ်ဖွဲ့ဝင်များ

    အနာဂတ်မရေရာ၊ မိသားစုအတွက် စိုးရိမ်နေရတဲ့ အိန္ဒိယရောက် မြန်မာရဲတပ်ဖွဲ့ဝင်များ

    မတ် ၁၇၊ ၂၀၂၁
    M-Media

    -ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလှုံလာတဲ့ မြန်မာရဲတပ်ဖွဲ့ဝင်တွေနဲ့ မြန်မာနိုင်ငံသားတွေဟာ မသေချာတဲ့အနာဂတ်ကို ကြုံတွေ့နေရပြီး ကျန်ခဲ့တဲ့ မိသားစုတွေအတွက်လည်း စိုးရိမ်သောက ဖြစ်နေရပါတယ်။

    မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း သီတင်းပတ်အနည်းငယ်အကြာမှာ မြန်မာစစ်တပ်က တပ်သား အသက် ၂၄ နှစ်အရွယ် Kunga ဟာ လုပ်ငန်းတာဝန်အသစ် ပေးခြင်း ခံခဲ့ရပါတယ်။ ချင်းပြည်နယ် တွန်းဇံမြို့က CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေကို စုံစမ်းထောက်လှမ်းဖို့ပါ။

    အဲဒီနောက် သိပ်မကြာခင်မှာပဲ သူဟာ စစ်တပ်ကို စွန့်ခွာပြီး CDM လုပ်ကာ အိမ်နီးချင်း အိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ပါတယ်။

    စစ်တပ်က အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဆန္ဒပြသူတွေအပေါ် ဖြိုခွင်းနေတဲ့အချိန် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းက မီဇိုရမ်ပြည်နယ်ကို မြန်မာနိုင်ငံက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ နိုင်ငံသားတွေ ဒါဇင်နဲ့ချီ ထွက်ပြေးခိုလှုံလာခဲ့ပြီး အဲဒီအထဲမှာ Kunga လည်း ပါဝင်ပါတယ်။ အကြမ်းဖက်မှုတွေကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ အနည်းဆုံး ၁၈၀ ရှိပြီလို့ သတင်းတွေက ဖော်ပြပါတယ်။

    မြန်မာနိုင်ငံနဲကပ်နေတဲ့ အိန္ဒိ​ေအရှေ့မြောက်ပိုင်းက မီဇိုရမ်နဲ့ မဏိပူရပြည်နယ်တွေကို မြန်မာဖက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ နိုင်ငံသားတွေ အရေအတွက်ဘယ်လောက် ပြေးလာလဲဆိုတာ အတိအကျ မသိရပါဘူး။

    ၃၁၆ မိုင်ရှည်လျားတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်ကို စောင်ကြပ်တဲ့ အာသံရိုင်ဖယ်အသင်းက ခိုလှုံလာသူအရေအတွက် ၂၆၄ ဦးရှိပြီး အဲဒီအထဲက ၃ ပုံ ၂ ပုံဟာ ရဲတွေဖြစ်တယ်လို့ ပြောပါတယ်။

    မီဇိုရမ်ပြည်ထဲရေးဌာနရဲ့ အကြီးတန်းတာဝန်ရှိသူ Sangchin Chinzah က အရေအတွက် ဘယ်လောက်ရှိလဲဆိုတာ ပြည်နယ်အစိုးရကလည်း မသိဘူးလို့ ပြောပါတယ်။

    “ကျွန်မလည်း မပြောတတ်ဘူးရှင့်။ တော်တော်များများက ဆွေမျိုးတွေနဲ့ ရောနှောနေထိုင်ကြတော့ ဘယ်လောက်ရှိလဲဆိုတာ ရေတွက်ဖို့ မဖြစ်နိုင်ဘူး”

    မီဇိုရမ်ပြည်နယ်ကိုယ်စားပြု လွှတ်တော်အမတ် K Vanlalvena က ခိုလှုံလာသူ အရေအတွက်ဟာ နာရီနဲ့အမျှ တိုးတက်လာတယ်လို့ ပြောပါတယ။်

    “၄၀၀ ကျော်လောက် မီဇိုရမ်ထဲဝင်လာတယ်လို့ သတင်းရပါတယ်” လို့ K Vanlalvena က ဒီနေ့ ပြောပါတယ်။ ခိုလှုံလာသူတွေကို ဒုက္ခသည်အဖြစ် သတ်မှတ်ပေးဖို့လည်း အိန္ဒိယအစိုးရကို မနေ့က သူမ မေတ္တာရပ်ခံခဲ့တာပါ။

    မြန်မာနိုင်ငံကဝင်လာသူတွေကို မကြိုဆိုဘူးလို့ အိန္ဒိယဗဟိုအစိုးရက ထုတ်ပြန်ပြီးနောက် မီဇိုရမ်ပြည်နယ်က အာဏာရ Mizo National Front ပါတီရဲ့ ပါတီဝင် K Vanlalvena ရဲ့ ဒီမေတ္တာရပ်ခံမှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    နယ်စပ်ဖြတ်ကျော် ဝင်လာတာကို ခွင့်မပြုဖို့ အိန္ဒိယဗဟိုအစိုးရက ညွှန်ကြားချက်ထုတ်ပြီးနောက်ပိုင်း အာသံရိုင်ဖယ်အသင်းက မြန်မာနိုင်ငံသား ၈ ဦးကို နေရပ်ပြန်ပို့ခဲ့ပါတယ်။

    တနင်္လာနေ့က ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၄ ဦးကို အာသံရိုင်ဖယ်အသင်းက ပြန်ပို့ခဲ့တယ်လို့ အိန္ဒိယ-မြန်မာနယ်စပ်က Farkawn ရွာရဲ့ ရွာသူကြီးက ပြောပါတယ်။

    ကျွန်တော်တို့ ပြည်သူတွေပါ

    Kunga ကတော့ ၄ ရက်ကြာ ခရီးနှင်ပြီးတဲ့နောက် မတ်လ ၇ ရက်နေ့မှာ အိန္ဒိယကို ရောက်လာပါတယ်။

    ဆိုင်ကယ်နဲ့ မြန်မာစစ်တပ်ကို ရှောင်ရှားကာ ထွက်လာခဲ့ရပြီး ရွာတစ်ရွာမှာ အဲဒီဆိုင်ကယ်ကို ထားခဲ့ရတယ်လို့ သူက ဆိုပါတယ်။ အဲဒီနောက် အိန္ဒိယနယ်စပ်ကို ၂ ရက်တာ လမ်းထပ်လျှောက်ခဲ့ရပြီး Tiau မြစ်နားမှာ ခဏနားကာ အိန္ဒိယထဲ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။.

    “CDM လုပ်သူတွေရဲ့ နေရပ်လိပ်စာနဲ့ အခြားအချက်အလက်တွေကို စုံစမ်းဖို့ ကျွန်တော့်ကို အမိန့်ပေးတယ်။ သူတို့က ကျွန်တော်တို့ရဲ့ ပြည်သူတွေပါ” လို့ မီဇိုရမ်က ခန်းမကြီးတစ်ခုမှာ ထိုင်နေတဲ့ Kunga က ပြောပါတယ်။

    အဲဒီခန်းမကြီးမှာ အနည်းဆုံး လူ ၂၅ ဦးလောက် နေထိုင်ကြပြီး အများစုက သူတို့ဟာ ရဲတပ်ဖွဲ့ဝင်တွေလို့ ဆိုပါတယ်။

    Kunga က အစိမ်းရောက်ကဒ်တစ်ခုကို ပြသခဲ့ပေမယ့် ဒါဟာ တပ်ဖွဲ့ဝင်ကဒ်ပြားလားဆိုတာကို အလ်ဂျာဇီးရားသတင်းဌာနက အတည်ပြုလို့ မရပါဘူး။

    “အမိန့်အတိုင်း လိုက်မလုပ်ချင်လို့ပါ။ တပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို ပစ်သစ်တာမြင်ရတာ ကျွန်တော် စိတ်မကောင်းပါဘူး။ ပစ်တဲ့လူတွေမှာလည်း မိသားစုတွေရှိကြတာပဲ။ ဘာလို့ သူများမိသားစုကို ပစ်သတ်ရက်လဲ မသိဘူး” လို့ ဖုန်းထဲက ယူနီဖောင်းဝတ်ထားတဲ့ ပုံကိုပြရင်း သူက ပြောပါတယ်။

    Kunga ဟာ ချင်းလူမျိုးတစ်ယောက် ဖြစ်ပါတယ်။

    လက်ရှိ မီဇိုရမ်မှာ လာရောက်ခိုလှုံနေသူ တော်တော်များများဟာ ချင်းလူမျိုးတွေ ဖြစ်ပါတယ်။ ချင်းလူမျိုးတွေနဲ့ မီဇိုလူမျိုးတွေဟာ လူမျိုးတူတွေဖြစ်ပြီး နယ်စပ်ရဲ့ ဟိုဖက်ဒီဖက်မှာ မိသားစုဆွေမျိုးတွေ ရှိနေကြပါတယ်။

    “ဆန္ဒပြသူတွေကို မဖမ်းချင်ဘူးရှင့်” လို့ တီးတိန်မြို့မှာ ရဲတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၃၀ အရွယ် အမျိုးသမီး Marli က ပြောပါတယ်။ သူမရဲ့ အသက် ၂၉ နှစ်အရွယ် ခင်ပွန်း Vankung ကလည်း ရဲတပ်ဖွဲ့ဝင် ဖြစ်ပါတယ်။

    စစ်အာဏာမသိမ်းခင် ၂ အလိုက သူတို့နှစ်ယောက် လက်ထပ်ခဲ့ကြတာပါ။

    “လူတွေ ဆန္ဒပြတဲ့အခါ အထက်အရာရှိက ဒီလူတွေဖမ်းဖို့ ကျွန်မတို့ကို ပြောပါတယ်”

    ဒီဇနီးမောင်နှံနှစ်ဦးလည်း သူတို့ရဲ့ ရဲတပ်ဖွဲ့ဝင်ကဒ်ပြားတွေကို ပြသခဲ့ပါတယ်။

    သူတို့ဟာ တနင်္ဂနွေနေ့က အိန္ဒိယကို ရောက်လာကြတာဖြစ်ပြီး ချိုမ့်ဝှမ်းတစ်ခုကို စီးမြင်နေရတဲ့ တောင်ပေါ်က ဆောက်လက်စ အဆောက်ဦးတစ်ခုရဲ့ ဟောခန်းမှာ နေထိုင်နေတာပါ။ အဲဒီမှာ နေထိုင်သူ အနည်းဆုံး ၂၅ ဦး ရှိပါတယ်။

    ဒေသခံတွေပေးတဲ့ မွေ့ယာတွေ၊ အိပ်ရာခင်းတွေကို အဲဒီဟောခန်းထဲမှာခင်းပြီး အိပ်ရတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ကျောပိုးအိပ်ကိုတော့ ခေါင်းအုံးအဖြစ် အသုံးပြုပါတယ်။

    “ကျွန်တော်တို့ပြည်သူကို ကျွန်တော်တို့ချစ်တယ်။ စစ်အစိုးရက ပြည်သူတွေကို ထိခိုက်အောင်လုပ်ဖို့ ကျွန်တော်တို့ကို ဖိအားပေးပါတယ်။ ဒါ့ကြောင့် အလုပ်ကနေ ထွက်လိုက်တာပါ” လို့ တီးတိန်မြို့မှာ ရဲတပ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Suan က ပြောပါတယ်။

    Suan ဟာ အခြားလူတွေနဲ့အတူ မတ်လ ၉ ရက်နေ့က ထွက်လာတာပါ။ သူပိုင်တဲ့ပစ္စည်းတွေကို ခရမ်းရောင် ကျောပိုးအိတ်ထဲမှာ ပြွတ်သိပ်ထည့်ထားပါတယ်။ တစ်ခြားသူတွေလိုပဲ သူ့လည်း မြန်မာနိုင်ငံမှာ မိသားစု ကျန်ခဲ့ပါတယ်။

    မိသားစုတွေ မလုံခြုံ

    အိန္ဒိယကိုရောက်ပြီးနောက် Kunga တစ်ယောက် သတင်းဆိုး စကြားရပါတယ်။

    “ကျွန်တော်သွားပြီး သိပ်မကြာခင်မှာ ကျွန်တော့်အဖေ ဖမ်းခံရတယ်လို့ ဆွေမျိုးတစ်ယောက်က ပြောပါတယ်။ အဖေ့အခြေအနေ ဘယ်လိုရှိလဲဆိုတာ မသိရပါဘူး”

    Kunga ရဲ့အဖေဟာ လက်သမားတစ်ဦးဖြစ်ပြီး အသက် ၆၃ နှစ် ရှိပါပြီ။

    မိသားစုကို ဖုန်းခေါ်ဖို့တောင် ကြောက်ရွံ့နေတယ်လို့ Kunga က ပြောပါတယ်။

    “ကျွန်တော် ဖုန်းခေါ်တဲ့သူကို သူတို့ ဖမ်းကြမှာဗျ”

    အိန္ဒိယကို ထွက်ပြေးလာကြတဲ့ အခြားသူတွေမှာလည်း ဒီလို စိုးရိမ်မှုတွေ ရှိပါတယ်။ Suan က ကျန်ရစ်ခဲ့တဲ့ သူ့ရဲ့ဇနီးနဲ့ အသက် ၂ နှစ်အရွယ် ကလေးကို စိုးရိမ်တယ်လို့ ပြောပါတယ်။ တစ်ခုခုဖြစ်မှာကို စိုးတာကြောင့် Suan တစ်ယောက် မိသားစုနဲ့ တစ်ကြိမ်သာ စကားပြောရပါသေးတယ်။

    “အ​ခြေအနေက ဒီလိုပဲ ဆက်ဖြစ်နေပြီး ဒီမိုကရေစီအစိုးရ မတက်လာရင် မီဇိုရမ်မှာ ဘယ်လောက်ကြာမယ်မှန်း မသိဘူးလို့ ကျွန်တော့်အမျိုးသမီးကို ပြောထားပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အနာဂတ် ဘာဖြစ်မလဲဆိုတာ ဘယ်သူက ပြောနိုင်မှာလဲ”

    ခိုလှုံလာသူ တော်တော်များများက မြန်မာနိုင်ငံ ပြန်ပို့မှာကို စိုးရိမ်နေကြပါတယ်။ ကုလသမဂ္ဂရဲ့ ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်ကို အိန္ဒိယက လက်မှတ်မထိုးထားပါဘူး။

    နယ်စပ်က ပြည်နယ်တွေအတွက် အိန္ဒိယ ပြည်ထဲရေးအစိုးရရဲ့ မတ်လ ၁၀ ရက်နေ့
    ညွှန်ကြားချက်မှာ တရားမဝင် ဝင်ရောက်လာသူတွေကို ဖော်ထုတ်ဖို့နဲ့ ကြန့့်ကြာမှုမရှိစေဘဲ နေရပ်ပြန်ပို့ဖို့ ဖော်ပြထားပါတယ်။

    “ပြန်ပို့တာမျိုး ဖြစ်လာနိုင်တယ်။ ပြန်ပို့ဖို့လုပ်လာရင်တော့ ကျွန်မတို့ ပြေးရ ပုန်းရတော့မှာပေါ့”လို့ Marlie က ပြောပါတယ်။

    Suan က သူဟာ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

    “မြန်မာနိုင်ငံမှာ ကျွန်တော်တို့အတွက် တော်တော်လေး အန္တရာယ်ရှိပါတယ်”

    နောက်ဆုံးမှာ အိန္ဒိယက ဒုက္ခသည်အဖြစ် သတ်မှတ်လိမ့်မယ်လို့ Kunga က မျှော်လင့်နေပါတယ်။

    ဒုက္ခသည်ကိစ္စအတွက် အိန္ဒိယမှာ မူဝါဒမရှိပေမယ့် အရင်က မြန်မာနိုင်ငံမှာ မတည်ငြိမ်မှုတွေကြောင့် ခိုလှုံလာတဲ့ ချင်းလူမျိုးတွေကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုကတ်ပြားတွေ ထုတ်ပေးထားတယ်လို့ UNHCR က ပြောပါတယ်။ ကဒ်ရသူ တော်တော်များများဟာ နယူးဒေလီမှာ နေထိုင်နေကြတာပါ။

    “ဒီလိုဖြစ်လာရင် ကျွန်တော့်မိသားစုကို ကျွန်တော်ခေါ်မယ်။ ဘာပဲဖြစ်ဖြစ် ကြုံရာကျပန်း လုပ်စားမယ်” လို့ မီဇိုရမ်က သူခေတ္တနေထိုင်ရာ ခန်းမကနေ ​Lushai တောင်ကုန်းလေးကို ငေးကြည့်ရင် Kunga က ပြောပါတယ်။

    “အိန္ဒိယအစိုးရက ကျွန်တော့်ကိုဖမ်းပြီး ပြန်ပို့ရင်တော့ မြန်မာနိုင်ငံမှာ ကျွန်တော့်အတွက် သေဒဏ်က စောင့်ကြိုနေမှာပါ”

    (ခိုလှုံသူများ၏ လုံခြုံရေးကြောင့် အမည်များကို လွှဲ၍ ဖော်ပြထားပါသည်)

    Ref: Aljazeera

    (Aljazeera သတင်းဌာနတွင် ဖော်ပြထားသည့် ‘Death sentence awaits us’: Coup-hit Myanmar officers in India ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • တရားရုံးက တားသော်လည်း မြန်မာနိုင်ငံသား တစ်ထောင်ကျော်ကို မလေးရှား ပြန်ပို့

    တရားရုံးက တားသော်လည်း မြန်မာနိုင်ငံသား တစ်ထောင်ကျော်ကို မလေးရှား ပြန်ပို့

    ဖေဖော်ဝါရီ ၂၃၊ ၂၀၂၁
    M-Media

    -ထိန်းသိမ်းရေးစခန်းတွေမှာရှိနေတဲ့ မြန်မာနိုင်ငံသား ၁၀၈၆ ဦးကို ပြန်လည်ပို့ဆောင်လိုက်တယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဒီကနေ့မှာ ပြောကြားလိုက်ပြီး ပြန်ပို့တဲ့သူတွေထဲမှာ ရိုဟင်ဂျာနဲ့ တစ်ခြား ခိုလှုံခွင့်တောင်းခံထားသူတွေ မပါဘူးလို့ ဆိုပါတယ်။

    ထိန်းသိမ်းရေးစခန်းတွေမှာရှိနေတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၂၀၀ ကို အာဏာသိမ်းစစ်ကောင်စီက လွှတ်လိုက်တဲ့ သင်္ဘော ၃ စီးနဲ့ ပြန်ဖို့ မလေးရှားက စီစဉ်ထားတာပါ။

    ဒီလူတွေထဲမှာ ရိုဟင်ဂျာတွေလို ဖိနှိပ်မှုကြောင့် ထွက်ပြေးလာရသူတွေ ပါဝင်နိုင်ပြီး သူတို့တွေဟာ မြန်မာနိုင်ငံကိုပြန်ရင် အန္တရာယ်ရှိနိုင်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်ကူညီရေးအဖွဲ့ UNHCR က ထောက်ပြခဲ့ပါတယ်။

    နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုက ဒီအစဉ်ကို ပြန်လည်သုံးသပ်ဖို့ မလေးရှားတရားရုံးချုပ်ကို လျှောက်ထားခဲ့ပြီး၊ တရားရုံးချုပ်ကလည်း ပြန်ပို့မယ့်အစီအစဉ်ကို ဆိုင်းငံ့ထားဖို့ ဒီနေ့မနက်ပိုင်းမှာ ဆုံးဖြတ်ခဲ့ပါတယ်။

    ဒါပေမယ့် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက မြန်မာနိုင်ငံသား ၁၀၈၆ ဦးကို ပြန်ပို့ခဲ့ကြောင့် ညနေပိုင်းမှာ ကြေငြာချက် ထုတ်ခဲ့ပါတယ်။

    လ၀က ညွှန်ကြားရေးမှူးချုပ် ဒါတွတ် ခိုင်ရွလ် ဇိုင်မီ ဒါဝုဒ်က ဌာနဟာ မလေးရှား ရေတပ်၊ နိုင်ငံလုံးဆိုင်ရာ လုပ်ငန်းအဖွဲ့ NTF၊ မြန်မာသံရုံးတို့နဲ့ ပူးပေါင်းကာ ဒီအစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း၊ ပြန်ပို့လိုက်တဲ့သူတွေအားလုံးဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    “မြန်မာနိုင်ငံကို ပြန်ပို့လိုက်တဲ့ ဖမ်းဆီးခံထားရသူတွေဟာ အထောက်အထားမဲ့ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေဖြစ်ပြီး ရိုဟင်ဂျာနဲ့ အခြား ခိုလှုံခွင့် တောင်းခံထားသူတွေ မပါဝင်ပါဘူး။ ဒီလူတွေဟာ ဖိအားပေးမှုကြောင့်မဟုတ်ဘဲ မိမိသဘောဆန္ဒအလျောက် အိမ်ပြန်ဖို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်”

    အထောက်အထားမဲ့သူတွေ မူရင်းနိုင်ငံကို ပြန်ပို့တာဟာ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး ၂၀၂၀ ခုနှစ်က ကိုဗစ်ကြောင့် နယ်စပ်တွေပိတ်ထားတဲ့အတွက် ပြန်ပို့မှု နည်းပါးခဲ့တယ်လို့ ခိုင်ရွလ်ဇိုင်မီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မြန်မာနိုင်ငံသားတွေ ပြန်ပို့မယ့်အစီအစဉ်ကို ရပ်ဆိုင်းထားဖို့ တရားရုံးက ညွှန်ကြားချက်ကိစ္စကို ဒီကနေ့ လ၀ကရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်း မရှိပါဘူး။

    အာဏာသိမ်းစစ်ကောင်စီက စေလွှတ်လိုက်တဲ့ သင်္ဘော ၃ စီးဟာ ဒီကနေ့မှာ မလေးရှားကနေ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

    Ref: Malay Mail

  • အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုသလို မဖြစ်စေရန် မလေးရှားကို နိုင်ငံတကာအသိုင်းအဝိုင်း တိုက်တွန်း

    အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုသလို မဖြစ်စေရန် မလေးရှားကို နိုင်ငံတကာအသိုင်းအဝိုင်း တိုက်တွန်း

    ​ဖေဖော်ဝါရီ ၂၁၊ ၂၀၂၁
    M-Media

    -မလေးရှားကနေ မြန်မာ​နိုင်ငံကိုပြန်ပို့မယ့် လူတွေထဲမှာ ခိုလှုံခွင့်တောင်းခံထားသူတွေ ပါဝင်နေတာတဲ့အတွက် စိုးရိမ်မိပြီး၊ ဒီလုပ်ရပ်ဟာ အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုသလို ဖြစ်နိုင်သွားနို်င်တယ်လို့ ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေက သတိပေးလိုက်ပါတယ်။

    လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေထဲက မြန်မာနိုင်ငံသား ၁၂၀၀ ကို မလေးရှားက ပြန်ပို့ဖို့ စီစဉ်နေတာပါ။ ရေတပ်သင်္ဘောတစ်စင်း အပါအဝင် မြန်မာနိုင်ငံက သင်္ဘော ၃ စင်းဟာ မလေးရှား လူမွတ်ရေတပ်စခန်းကို မနေ့က ရောက်ရှိလာပါတယ်။

    ဖိနှိပ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးလာရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်မပို့ဘူးလို့ မလေးရှားက ကတိပြုထားပါတယ်။ ဒါပေမယ့် ပြန်ပို့မယ့် လူ ၁၂၀၀ စာရင်းမှာ ကုလသမဂ္ဂ ဒုက္ခသည်ကူညီရေးအေဂျင်စီ UNHCR မှာ မှတ်ပုံတင်ထားသူ အနည်းဆုံး ၆ ဦး ပါဝင်ပါတယ်။

    ဒါ့ကြောင့် မှတ်ပုံမတင်ရသေး​တဲ့ ခိုလှုံခွင့်တောင်းခံသူတွေ ပါဝင်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာပါတယ်။ ထိန်းသိမ်းရေးစခန်းတွေထဲက လူတွေထဲမှာ ဖိနှိပ်မှုကြောင့် ထွက်ပြေးလာရသူတွေ ပါဝင်နေလားဆိုတာကို UNHCR က မေးမြန်းလိုပေမယ့် မလေးရှားအစိုးရက ဒီလူတွေနဲ့ UNHCR တာဝန်ရှိသူတွေကို တွေ့ဆုံခွင့်မပေးတာ ၁ နှစ်ရှိ ပြီဖြစ်ပါတယ်။

    အခု ပြန်ပို့မယ့်အထဲမှာ ပါဝင်နေတဲ့ ခိုလှုံခွင့်တောင်းခံထားသူ ၆ ဦးကို မထည့်ပေးဖို့ UNHCR က မလေးရှားအာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။ ဒီလူတွေထဲမှာ လူမျိုးရေး၊ ဘာသာရေး ဖိနှိပ်ခံရမှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရတဲ့ ချင်းလူမျိုးတွေနဲ့ ရိုဟင်ဂျာမဟုတ်တဲ့ အစ္စလာမ်ဘာသာဝင်တွေ ပါဝင်ပါတယ်။

    “ပြန်ပို့မယ့်လူတွေထဲမှာ UNHCR က ကူညီပေးရမယ့် တစ်ခြားသူတွေများ ပါနေမလားဆိုတဲ့ စိုးရိမ်မှု ရှိပါတယ်” လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ယန်တီ အစ္စမာအီလ်က ပြောပါတယ်။

    နိုင်ငံတကာရဲ့ ကာကွယ်စောင့်ရှောက်မှု လိုအပ်နေသူတွေ မြန်မာနိုင်ငံကို ပြန်ရောက်သွားရင် ထပ်မံဖိနှိပ်ခံရမလားဆိုတဲ့ စိုးရိမ်မှုတွေ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ရှိနေတာဖြစ်ပါတယ်။

    အမေရိကန်သံရုံးက UNHCR တာဝန်ရှိသူတွေ ထိန်းသိမ်းရေးစခန်းထဲ ဝင်ရောက်ပြီး တွေ့ဆုံခွင့်ရဖို့ မလေးရှားအာဏာပိုင်တွေကို ပြောထားတယ်လို့ ရိုက်တာသတင်းဌာနကို ဖြေကြားခဲ့ပါတယ်။

    မလေးရှားအစိုးရနဲ့ ကွာလာလမ်ပူ မြန်မာသံရုံးက တာဝန်ရှိသူတွေကို ဆက်သွယ်လို့မရဘူးလို့ ရိုက်တာက ရေးပါတယ်။ မလေးရှားကိုရောက်နေတဲ့ မြန်မာနိုင်ငံက သင်္ဘောတွေဟာ လူတင်ပြီးရင် အင်္ဂါနေ့ ပြန်ထွက်မှာပါ။

    မလေးရှားအစိုးရရဲ့ လူပြန်ပို့တဲ့ဆောင်ရွက်ချက်ဟာ အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုသလို ဖြစ်သွားမှာစိုးတဲ့အတွက် ဒီကိစ္စကို ရပ်ဆိုင်းထားဖို့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ သံတမန်တွေက မလေးအာဏာပိုင်တွေကို ​တိုက်တွန်းထားကြောင်း အမည်မဖော်လိုတဲ့ ရင်းမြစ် ၄ ခုက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • ဘာသာလူမျိုးပေါင်းစုံ ညီညွတ်မှုကို ပြနေတဲ့ မြန်မာနိုင်ငံက စစ်အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲ

    ဘာသာလူမျိုးပေါင်းစုံ ညီညွတ်မှုကို ပြနေတဲ့ မြန်မာနိုင်ငံက စစ်အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲ

    ဖေဖော်ဝါရီ ၁၂၊ ၂၀၂၁
    M-Media

    အင်းလေးကန်မှ ဆန္ဒပြမှုမြင်ကွင်း

    -မြန်မာနိုင်ငံမှာ အခုရက်ပိုင်း လမ်းပေါ်ထွက် ဆန္ဒပြကြတဲ့ သိန်းနဲ့ချီတဲ့ လူတွေထဲမှာ လူများစု ဗုဒ္ဓဘာသာဝင်တွေအပြင် တိုင်းရင်းသားပေါင်းစုံ၊ လူနည်းစုတွေဖြစ်တဲ့ ခရစ်ယာန်တွေ၊ မွတ်စလင်တွေ၊ ဟိန္ဒူတွေလည်း ပါဝင်ကြပါတယ်။

    နိုင်ငံအတွင်းက ဒေသတစ်ချို့ကို ထိန်းချုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အားကောင်းလာတဲ့ CDM လှုပ်ရှားမှုကို ပံ့ပိုးပေးနေကြသလို၊ ဆန္ဒပြသူတွေအပေါ် အာဏာသိမ်းစစ်ကောင်စီက အင်အားသုံး နှိမ်နှင်းတာမျိုး သည်းခံမှာမဟုတ်ဘူးဆိုတဲ့ သဘောမျိုးလည်း ထုတ်ပြောထားပါတယ်။

    “လက်ရှိဖြစ်ပျက်နေတာတွေက ပါတီနိုင်ငံရေးမဟုတ်ဘူးဗျ။ စနစ်တစ်ခု ပြောင်းလဲဖို့ တိုက်ပွဲဝင်နေတာပါ။ စစ်တပ်နဲ့ အပေးအယူလုပ်လို့မရဘူး။ သမိုင်းမှာ အမည်းစက်ထင်သွားပါလိမ့်မယ်” လို့ နာဂလူမျိုးတစ်ဦးဖြစ်တဲ့ Ke Jung က ပြောပါတယ်။

    နာဂလူမျိုးတွေဟာ အိန္ဒိယနဲ့ကပ်နေတဲ့ ဒေသမှာ အခြေစိုက်နေထိုင်တာဖြစ်ပြီး အဲဒီဒေသက အကြီးဆုံးနာဂပါတီကလည်း စစ်အာဏာသိမ်းမှုကို ရှုတ်ချတဲ့ ကြေငြာချက်တစ်စောင် ထုတ်ခဲ့ပါတယ်။

    လူဦးရေ ၅၃ သန်းရှိတဲ့ မြန်မာနိုင်ငံမှာ တောင်ဘက် ကမ်းရိုးတမ်းကစပြီး၊ အလယ်ပိုင်း မြေပြန့်ဒေသ၊ မြောက်ပိုင်းက တောင်တန်းဒေသအဆုံး ဆန္ဒပြမှုတွေ ဖြစ်ပွားနေပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲအစိုးရကို ဖြုတ်ချအာဏာသိမ်းထားတဲ့ စစ်အစိုးရအနေနဲ့ အာဏာစွန့်လွှတ်ရေး၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးရေး ဆန္ဒပြသူတွေက တောင်းဆိုနေကြတာပါ။

    မနေ့ကဆိုရင် ရှမ်းပြည်နယ်က အင်းလေးကန်မှာ ထောင်နဲ့ချီတဲ့ပြည်သူတွေ လှေတွေနဲ့ ဆန္ဒပြခဲ့ကြသလို၊ ခရစ်ယာန်ဘာသာဝင် ကရင်လူမျိုး ထောင်ချီဟာလည်း ရန်ကုန်မြို့နဲ့ အခြားဒေသတွေမှာ ကရင်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြမှုတွေ လုပ်ခဲ့ပါတယ်။

    အမြင်မတူကြ

    သဲသဲမဲမဲရွာချတဲ့ မိုး၊ ပူပြင်းလှတဲ့ နေရောင်အောက်မှာ ဟူဒီတွေ၊ ခြေညှပ်ဖိနပ်တွေ၊ ပင့်ကူလူသား ဝတ်စုံ၊ တိုင်းရင်းသားဝတ်စုံတွေဝတ်ပြီး လူမျိုးစုံ၊ ဘာသာစုံက ပြည်သူတွေ ညီညီညာညာ စုပေါင်းချီတက်ကြတဲ့ မြင်ကွင်းဟာ လူမျိုး၊ ဘာသာအခြေခံပြီး မကြာခဏ သွေးကွဲလေ့ရှိတဲ့ မြန်မာနိုင်ငံမှာ မြင်ရခဲတဲ့ ညီညွတ်မှုတစ်ခု ဖြစ်ပါတယ်။

    မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသတွေမှာ အစိုးရစစ်တပ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုနေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ​ဆယ်စုနှစ်ချီ တိုက်ပွဲတွေ ဖြစ်ခဲ့ကြတာပါ။

    ဗမာဗုဒ္ဓဘာသာတွေကြီးစိုးတဲ့ အစိုးရဟာ သူတို့အပေါ်မှာ ခွဲခြားဆက်ဆံ၊ ဖိနှိပ်ချုပ်ခြယ်တယ်လို့ လူနည်းစုတိုင်းရင်းသားတွေက ခံစားနေ​ရတာ ဖြစ်ပါတယ်။

    ရာစုနှစ်တစ်ဝက်နီးပါးကြာ စစ်အုပ်ချုပ်ရေးကို အဆုံးသွားစေတဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုအနိုင်ရ​ပြီး တက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရဟာ မတည်မငြိမ်ဖြစ်နေတဲ့ နယ်စပ်ဒေသတွေမှာ ငြိမ်းချမ်းရေးရအောင် လုပ်မယ်ဆိုတဲ့ ကတိကဝတ် ပေးခဲ့ပေမယ့် မတည်ဘူးလို့ တိုင်းရင်းသားတွေက ယူဆနေကြပါတယ်။

    ဒါပေမယ့် အာဏသိမ်းလိုက်တဲ့ စစ်တပ်ဟာ တိုင်းရင်းသားလူနည်းစုတွေအပေါ် ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့အဖွဲ့ပါ။ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ အုပ်စုဖွဲ့ အဓမ္မကျင့်တာ၊ လူ ၇ သိန်းကျော်လောက်ကို မောင်းထုတ်တာတွေလည်း ပါဝင်ပါတယ်။ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်တယ်လို့ The Hague ခုံရုံးကို အတင်ခံရပြီး ဒါကို စစ်တပ်က ငြင်းထားပါတယ်။

    အစိုးရသစ်က အဓိကနေရာတွေကို တိုင်းရင်းသား နိုင်ငံရေးသမားတွေကိုပေးပြီး၊ အာဏာသိမ်းစစ်ကောင်စီဟာ တိုင်းရင်းသားခေါင်းဆောင်တွေကို နှစ်သိမ့်ဖို့ ကြိုးစားလာပါတယ်။ အာဏာသိမ်းပြီး ပထမဆုံးမိန့်ခွန်းမှာ ‘ထာ၀ရငြိမ်းချမ်းရေး’ ဟာ သူတို့အစိုးရသစ်ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

    အာဏာရှင်စနစ် အဆုံးသတ်ရေး

    အကြီးဆုံးတိုင်းရင်းသားလက်နက်ကိုင်တွေထဲက တစ်ခုဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိပ်တန်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ပြီး၊ အာဏာသိမ်းစစ်ကောင်စီကပေးတဲ့ ရာထူးကို လက်ခံထားတဲ့ ဖဒိုမန်းငြိမ်းမောင်က ၁၀ စုနှစ်တစ်ခု ကြာမြင့်ခဲ့တဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးဟာ တိုင်းရင်းသားလူနည်းစုတွေကို အခွင့်အရေးပိုမပေးနိုင်ဘူးလို့ ပြောပါတယ်။

    “ဒီမိုကရေစီ ရွေးကောက်ပွဲတွေက ကျွန်တော်တို့ရဲ့ နိုင်ငံရေးတောင်းဆိုချက်တွေကို မဖြည့်ဆည်းပေးနိုင်ပါဘူး။ ဒါဟာ ကျွန်တော်တို့အတွက် အဓိကသင်ခန်းစာပါပဲ”

    ဒါပေမယ့် KNU ကတော့ ဖဒိုမန်းငြိမ်းမောင်နဲ့ သဘောထား လုံး၀မတူပါဘူး။ KNU ခေါင်းဆောင် စောမူတူးစေးဖိုးက ‘အာဏာရှင်စနစ် အဆုံးသတ်ရေး အတူတကွ လက်တွဲလုပ်ဆောင်ကြဖို့’ တိုင်းရင်းသားလက်နက်ကိုင်အားလုံးကို မနေ့က တိုက်တွန်းခဲ့ပါတယ်။

    တနင်္ဂနွေနေ​နေ့က မြ၀တီမြို့ဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့က မိုးပေါ်ထောင် သေနတ်ပစ်ဖောက်မှု လုပ်ပြီးနောက် ကရင်ဗုဒ္ဓဘာသာ လက်နက်ကိုင်အဖွဲ့ DKBA က ဆန္ဒပြလူအုပ်အလယ်ကို ကားနဲ့ သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ရိုင်ဖယ်ကိုယ်စီကိုင်ထားတဲ့ ဒီတပ်ဖွဲ့ဝင်တွေကို လူထုက ချီးကျူးဩဘာ ပေးခဲ့ကြပါတယ်။

    အင်အားကောင်းတဲ့ တအန်းလွတ်မြောက်ရေးအဖွဲ့ TNLA၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ကလည်း အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ထောက်ခံတယ်လို့ ထုတ်ပြန်ပါတယ်။

    TNLA ခေါင်းဆောင်တွေဆိုရင် ဆန္ဒပြမှု အမှတ်အသားဖြစ်တဲ့ ‘လက်သုံးချောင်းသဏ္ဍာန်’ လုပ်ကာ Facebook ပေါ် တင်တာတွေတောင် ရှိခဲ့ပါတယ်။ ‘စစ်အာဏာရှင်စနစ် ကျဆုံးပါစေ’ ဆိုတဲ့ စာသားနဲ့ တွဲတင်ခဲ့တာပါ။

    ၂၀၁၈ ခုနှစ်ကတည်းက ရခိုင်ပြည်နယ်မှာ အစိုးရတပ်တွေနဲ့ တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့တဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ရဲ့ ပြောရေးဆိုခွင့်ရှိသူက ‘မြန်မာနိုင်ငံအတွင်း လက်ရှိ ဖြစ်ပျက်နေတာကို အနီးကပ်စောင့်ကြည့်နေတယ်’ လို့ ပြောပါတယ်။

    နိုင်ငံမြောက်ပိုင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIA က တရားဝင်ထုတ်ပြန်တာမျိုး မရှိပေမယ့် အကြီးတန်းခေါင်းဆောင်တစ်ဦးက စစ်တပ်အနေနဲ့ ဆန္ဒပြသူတွေကိုမပစ်ဖို့ သတိပေးခဲ့ပါတယ်။

    ကရင်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး တတ်သိပညာရှင်များအဖွဲ့ ‘သံလွင်အင်စတီကျု’ ကို ထူထောင်သူ စောကပိက အာဏာသိမ်းမှုကို ဆန့်ကျင်တာဟာ မိမိတို့တာဝန်ဖြစ်တယ်လို့ လူတော်တော်များများက ရှုမြင်ကြကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

    “နိုင်ငံတစ်ဝှမ်းက ဆန္ဒပြပွဲတွေမှာ တိုင်းရင်းသားလူငယ် ထောင်ချီ ပါဝင်ကြတယ်။ သူတို့ရဲ့ ဘုံရည်မှန်းချက်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး ဖြစ်ပါတယ်”

    Ref: Reuters

    (Reuters သတင်းဌာနပါ Setting aside divisions, Myanmar’s ethnic groups unite against coup ဆောင်းပါးကို လေးအောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • အာဏာသိမ်းစစ်တပ်က ရိုဟင်ဂျာဖဲကိုင်ကစားမှု မယုံကြည်ရဟု မြန်မာ့အရေးကျွမ်းကျင်သူ သုံးသပ်

    အာဏာသိမ်းစစ်တပ်က ရိုဟင်ဂျာဖဲကိုင်ကစားမှု မယုံကြည်ရဟု မြန်မာ့အရေးကျွမ်းကျင်သူ သုံးသပ်

    ဖေဖော်ဝါရီ ၁၁၊ ၂၀၂၁
    M-Media

    စစ်အာဏာသိမ်းမှုကိုဆန့်ကျင်နေသည့် ရိုဟင်ဂျာများ

    -စစ်အာဏာသိမ်းမှုကို အနောက်နိုင်ငံတွေက လက်ခံလာအောင် အာဏာသိမ်းစစ်တပ်က ရိုဟင်ဂျာဖဲကို ကိုင်ကစားနေပြီး၊ တကယ့်လက်တွေ့မှာ ဒီဆောင်ရွက်ချက်ဟာ ယုံကြည်လောက်စရာမရှိဘူးလို့ မြန်မာ့အရေးကျွမ်းကျင်သူ ဆွီဒင်ဂျာနယ်လစ် ဘာ​တေးလစ်တနာက Asia Times က သူ့ရဲ့ ဆောင်းပါး တစ်ပုဒ်မှာ သုံးသပ်ထားပါတယ်။

    ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကနေတစ်ဆင့် ဘင်္ဂလားဒေ့ရှ်အစိုးရထံ စာတစ်စောင်ပို့ပါတယ်။

    နိုဝင်ဘာရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတာကြောင့် အာဏာသိမ်းရတာဖြစ်တယ်လို့ ဒီစာမှာ ရှင်းပြထားပြီး၊ ရိုဟင်ဂျာ​တွေကို ပြန်ခေါ်မယ်လို့ စာထဲမှာ ထည့်သွင်းအသိပေးခဲ့ပါတယ်။ ဒီစာကို နှစ်ဖက်စလုံးက လူသိရှင်ကြား မထုတ်ပြန်ပါဘူး။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဘ်ဒူလ် မိုမင်က “ဒါဟာ သတင်းကောင်းဖြစ်ပြီး ကောင်းသောစတင်ခြင်းဖြစ်တယ်” လို့ စာအတွက် မှတ်ချက်ပေးခဲ့ကြောင်း Dhaka Tribune က ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ဖော်ပြပါတယ်။

    ရခိုင်ပြည်နယ်အတွင်းမှာလည်း ဒေသတွင်း တပ်မှူးတွေဟာ ဘင်္ဂလားဒေ့ရှ်နဲ့ကပ်နေတဲ့ နယ်စပ်က ရိုဟင်ဂျာတွေ၊ ပြည်နယ်မြို့တော် စစ်တွေက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာတွေကို သွားရောက်တွေ့ဆုံတာတွေ ရှိပါတယ်။

    ၂၀၁၂ ခုနှစ် လူမျိုးရေးအဓိကရုဏ်းဖြစ်ပြီးနောက်ပိုင်း ပိတ်လှောက်ခံထားရတဲ့ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်က ရိုဟင်ဂျာရပ်မိရပ်ဖတွေနဲ့ စစ်တပ်က တပ်မှူးတွေ တွေ့ဆုံကာ ငွေကျပ် ၅ သိ်နး ပေးခဲ့သလို အောင်မင်္ဂလာရပ်ကွက်ဗလီအတွက် အစားအသောက်တွေ လှူဒါန်းခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းဌာန UNB က ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ဖော်ပြပါတယ်။

    ဒေသတွင်း စစ်ခေါင်းဆောင်တွေဟာ မောင်တောဒေသက ရိုဟင်ဂျာတွေနဲ့လည်း သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အဲဒီလို သွားရောက်တွေ့ဆုံမှုအတွင်း ၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးရတာဟာ စစ်တပ်ကြောင့်မဟုတ်ဘဲ ဒေါ်​အောင်ဆန်းစုကြည်ကြောင့် ဖြစ်တယ်ဆိုတာမျိုး ပြောခဲ့ကြောင်း သတင်းထွက်လာပါတယ်။

    မြန်မာ့အရေးကျွမ်းကျင်သူ ဘာတေးလစ်တနာက ရိုဟင်ဂျာဖဲကို ကိုင်ကစားရင် ပြည်ပနိုင်ငံတွေ သူတို့ကိုလက်ခံလာနိုင်တယ်လို့ အာဏာသိမ်းစစ်တပ်က ထင်နေကြောင်း သုံးသပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ထွက်ပြေးရတာဆိုတဲ့ စစ်တပ်ရဲ့ ပြောစကားကို ရိုဟင်ဂျာတွေ ယုံရဲ့လားဆိုတာ တိတိကျကျ မသိရဘူးလို့ သူက ဆောင်းပါးမှာ ထည့်ရေးပါတယ်။

    ၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာတွေသိန်းနဲ့ချီ ထွက်ပြေးရတာဟာ စစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် ဖြစ်ပြီး စစ်တပ်ကာ ကာကွယ်ရေး၊ နယ်စပ်အရေးနဲ့ ပြည်ထဲရေးကို ထိန်းချုပ်ထားတာကြောင့် ဒီကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရပ်ဖက်ခေါင်း​ဆောင်တွေ ဘာမှ မလုပ်နိုင်ဘူးလို့ အားလုံးက လက်ခံထားကြတာ ဖြစ်ပါတယ်။

    ဘင်္ဂလားဒေ့ရှ်သတင်းဌာန UNB က ဒေါ်အောင်ဆန်းစုကြည် ဖြုတ်ချခံလိုက်ရမှုအတွက် ကော့ဆက်ဘဇား ဒုက္ခသည်စခန်းမှာရှိနေတဲ့ ရိုဟင်ဂျာတွေ ပျော်ရွှင်ကြတယ်လို့ ဖော်ပြပါတယ်။ ဘင်္ဂလားဒေ့ရှက် အခြားမီဒီယာတွေမှာလည်း ဒီလိုဖော်ပြမှုတွေ ရှိပါတယ်။

    ဘာတေးလစ်တနာက အာဏာသိမ်းစစ်တပ်ရဲ့ ဘင်္ဂလားဒေ့ရှ်ဖက်ကို ကမ်းလှမ်းမှုကြောင့် စစ်တွေဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေ လှုပ်ရှားသွားလာမှု ကန့်သတ်ခံထားရတာကနေ အမှန်တကယ် လွတ်မြောက်မှာလား၊ ဘင်္ဂလားဒေ့ရှ်ဖက်ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အမှန်တကယ် နေရပ်ပြန်လာရတော့မှာလားဆိုတဲ့ မေးခွန်းတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။

    နိုင်ငံသား ဟုတ်၊ မဟုတ် စီစစ်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်ဖက်က ရိုဟင်ဂျာ ၈ သိန်း ၄ သောင်းရဲ့စာရင်း ပို့ထားပေမယ့် မြန်မာဖက်က ၅ ရာခိုင်နှုန်း ၄၂၀၀၀ ကိုသာ စီစစ်ခဲ့ပါတယ်။ ဒါပေမယ့် လုံခြုံရေးအခြေအနေကြောင့် တစ်ယောက်မှ ပြန်မလာနိုင်ပါဘူး။

    ဘင်္ဂလားဒေ့ရှ်ဟာ ကော့ဆက်ဘဇားက ကြပ်ညပ်နေတဲ့ ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကို ဘင်္ဂလားပင်လယ်အော်ထဲက ဘာဆန်ချာကျွန်းကို ပြောင်းရွှေ့နေပြီး ရိုဟင်ဂျာတွေဟာ အဲဒီကျွန်းမှာပဲ အမြဲတမ်းနေထိုင်သွားရမယ့် အလားအလာ ရှိနေပါတယ်။

    “ရခိုင်ပြည်နယ်က အခြေအနေတွေကိုကြားရတဲ့ ရိုဟင်ဂျာတွေ ပျော်ရွှင်နေတယ်” လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်က ယုံကြည်နေပါတယ်။

    မြန်မာနိုင်ငံသားအများစုက ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ဖက်က တရားမဝင် ဝင်ရောက်လာတဲ့လူတွေလို့ မှတ်ယူထားကြတာဖြစ်ပြီး၊ ရိုဟင်ဂျာတွေ နေရပ်ပြန်လာရေး ဆောင်ရွက်မှုကို ဆန့်ကျင်ရင် ‘လူမျိုးရေးခွဲခြားသူ’ ‘အစ္စလာမ်ကြောက်ရောဂါရှိသူ’ တွေအဖြစ် ပုံဖော်ဖို့ အာဏာသိမ်းစစ်တပ်က ဖန်တီးတာဖြစ်ကြောင်း ရန်ကုန်အခြေစိုက် လေ့လာသူတစ်ဦးက ပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ပြုတ်ကျသွားတာကို ရိုဟင်ဂျာတွေက သဘောကျတယ်လို့ သတင်းထွက်ပေမယ့် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ရိုဟင်ဂျာတွေရဲ့ပုံတွေ ဆိုရှယ်မီဒီယာမှာ အများအပြား တက်လာပါတယ်။

    ရိုဟင်ဂျာပြဿနာကို တရုတ်က ကြားဝင်ဖြေရှင်းပေးမယ်လို့ ဘင်္ဂလားဒေ့ရှ်က မျှော်လင့်နေကြောင်း ဘာတေးလစ်တနာက သူ့ရဲ့ဆောင်းပါးထဲမှာ ထည့်ရေးထားပါတယ်။ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မိုမင်က “တရုတ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ယုံကြည်မှုရှိတယ်။ ​သူတို့ရှေ့ထွက်ပြီး ဆောင်ရွက်တာတွေရှိသလို၊ တိုးတက်မှုတွေလည်း ရှိနေပါတယ်” လို့ ပြောပါတယ်။

    ဘယ်လိုတိုးတက်မှုမျိုးလည်းဆိုတာ မိုမင်က တိတိကျကျ ပြောမသွားပါဘူး။ ရိုဟင်ဂျာကိစ္စအတွက် တရုတ်၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်တွေ ဖေဖော်ဝါရီ ၄ ရက်နေ့ အွန်လိုင်းမှာ ဆွေးနွေးပွဲလုပ်ဖို့ စီစဉ်ထားပေမယ့် အာဏာသိမ်းမှုကြောင့် ဒါကို ရပ်ဆိုင်းထားရပါတယ်။

    ရိုဟင်ဂျာကိစ္စ အာဏာသိမ်း စစ်အစိုးရရဲ့ ဆောင်ရွက်မှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက တုန့်ပြန်မှု ကွဲလွဲနိုင်တယ်လို့ ဘာတေးလစ်တနာက သုံးသပ်ပါတယ်။ အာရှနဲ့ ကမ္ဘာတစ်ဝှမ်းမှာ ဒီမိုကရေစီထွန်းကားရေး ဆောင်ရွက်သွားမယ်လို့ ကတိပေးထားတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အစိုးရက စစ်တပ်ရဲ့ ရိုဟင်ဂျာဖဲကိုင်ကစားမှုကြောင့် စစ်အာဏာသိမ်းအစိုးရအပေါ် အမြင်ပြောင်းဖို့ မရှိဘူးလို့ ဘာတေးလစ်တနာက ဆိုပါတယ်။

    အမေရိကန်ဟာ စစ်အာဏာသိမ်းမှုကို ရှုတ်ချပြီး၊ ဖမ်းထားတဲ့သူတွေအားလုံးကို ပြန်လွှတ်ဖို့ တောင်းဆိုထားသလို၊ စစ်ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့မှုတွေ ပြန်လုပ်ဖို့လည်း စီစဉ်နေပါတယ်။

    စစ်အာဏာသိမ်းအစိုးရဟာ နိုင်ငံတစ်ဝှမ်းမှာဖြစ်ပွားနေတဲ့ ဆန့်ကျင်​ဆန္ဒပြမှု၊ သပိတ်မှောက်မှုတွေကို ကျော်လွှားနိုင်ခဲ့မယ်ဆိုရင် တရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကို လျှော့ချဖို့ ကြိုးစားနေတဲ့ အနောက်နိုင်ငံတွေနဲ့ ဂျပန်တို့ဟာ အာဏာသိမ်းစစ်တပ်အပေါ်ထားတဲ့ သဘောထား ပျော့ပြောင်းသွားပြီး ဆက်သွယ်ဆောင်ရွက်တာမျိုး ဖြစ်လာနိုင်တယ်လို့လည်း ဘာတေးလစ်တနာက သုံးသပ်ပါတယ်။

    ဆောင်းပါးနိဂုံးချုပ်မှာတော့ သမိုင်းကိုပြန်ကြည့်ရင် မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ဘယ်လောက်ပဲ ညှိနှိုင်း ဆောင်ရွက်ပေမယ့် လုံး၀ လွတ်လပ်ပွင့်လင်းတဲ့ တိုင်းပြည်မျိုး ဖြစ်လာဖို့မရှိဘဲ အာဏာမသိမ်းခင် ဒေါ်အောင်ဆန်းစုကြည်တာဝန်ယူတဲ့ အစိုးရခေတ်ကလိုမျိုး ဖားတစ်ပိုင်း ငါးတစ်ပိုင်း ဒီမိုကရေစီမျိုးသာ ရမှာဖြစ်ကြောင်း၊ ရိုဟင်ဂျာကိစ္စမှာလည်း ဆန့်ကျင်သူတွေကို ချွေးသိပ်ဖို့ လုပ်ဆောင်တာမျိုးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဖက်က ရိုဟင်ဂျာဒုက္ခသည်တွေအားလုံး ဘယ်တော့မှ နေရပ်ပြန်လာနိုင်မှာမဟုတ်ကြောင်း ဘာတေးလစ်တနာက သုံးသပ်ထားပါတယ်။

    Ref: Asia Times