News @ M-Media

Tag: Minority In Myanmar

  • မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီထွန်းကားရေး အစိုးရသစ်က ဘာတွေလုပ်ဖို့လိုမလဲ?

    မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီထွန်းကားရေး အစိုးရသစ်က ဘာတွေလုပ်ဖို့လိုမလဲ?

    ဒီဇင်ဘာ ၂၆၊ ၂၀၂၀
    M-Media

    -ဘာသာလူမျိုးပေါင်းစုံရှိတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအတွက် အကြီးမားဆုံး စမ်းသပ်မှုတစ်ခုက အစိုးရဟာ လူများစုတွေနည်းတူ လူနည်းစုတွေအပေါ်မှာ သာတူညီမျှ ဆက်ဆံမလားဆိုတဲ့ ကိစ္စပါ။

    နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ ပြည်နယ်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေအတွက် တစ်ခဲနက် မဲပေးခဲ့ကြပါတယ်။ တစ်ချို့မဲဆန္ဒနယ်တွေမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ ရွေးကောက်ပွဲ ရပ်ဆိုင်းခဲ့တာလို ချို့ယွင်းချက်မျိုး ရှိခဲ့ပေမယ့် ရွေးကောက်ပွဲတစ်ခုလုံးကို ခြုံကြည့်ရင် ပြည်သူလူထုရဲ့ဆန္ဒကို အပြည့်အ၀ ဖော်ကျူးနိုင်တယ်ဆိုတာ တွေ့ရမှာပါ။

    ပြီးခဲ့တဲ့လ ရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံအရ ၂၀၁၀ ကစပြီး ကျင်းပတဲ့ တတိယမြောက် ရွေးကောက်ပွဲ ဖြစ်သလို၊ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း အရပ်သားအစိုးရကကျင်းပတဲ့ ပထမဆုံး ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး မဲပေးသူအရေအတွက် ၇၀ ရာခိုင်နှုန်းကျော် ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်က ပမာဏနဲ့ အတူတူပါပဲ။ ဘယ်သူ့ကို အစိုးရအဖြစ် တင်မြှောက်မလဲဆိုတဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက် ချမှတ်ဖို့ မဲပေးပိုင်ခွင့်ရှိသူတွေရဲ့ စိတ်အားထက်သန်မှု ဆက်ရှိနေတုန်းပဲဆိုတာကို ဒါက ပြသနေပါတယ်။

    ရွေးကောက်ပွဲဟာ ဒီမိုကရေစီရဲ့ အရေးပါတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ပေမယ့် ရွေးကောက်ပွဲသက်သက်နဲ့ ဒီမိုကရေစီကို မတည်ဆောက်နိုင်ပါဘူး။ အခြေခံဥပဒေသစ် ပေါ်ထွက်တာ ၁၂ နှစ်ကျော်ကြာလာပြီး၊ ရွေးကောက်ပွဲ ၃ ကြိမ် ကျင်းပခဲ့ပေမယ့် စစ်တပ်ဟာ အစိုးရယန္တရားမှာ အာဏာကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။

    ၂၀၀၈ အခြေခံဥပဒေကြောင့် ပြည်နယ်၊ တိုင်းနဲ့ ပြည်ထောင်စုလွှတ်တော်တွေမှာ တပ်မတော်လို့ခေါ်တဲ့ စစ်တပ်က မိုးကျရွှေကိုယ် အမတ်တွေအတွက် အမတ်နေရာ ၄ ပုံ ၁ ပုံ ဖယ်ထားပေးရပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတွေ ထိန်းချုပ်ခွင့်၊ ဒုတိယသမ္မတတစ်နေရာ ခန့်အပ်ခွင့်ကိုလည်း အခြေခံဥပဒေက စစ်တပ်ကို ပေးထားပါတယ်။

    ​တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို သမ္မတက ရွေးချယ်ခန့်အပ်တယ်လို့ ဆိုထားပေမယ့် လုပ်ငန်းစဉ်ကိုကြည့်ရင် ​အမည်ခံပဲဆိုတာ တွေ့ရပါတယ်။ တကယ်တော့ အဖွဲ့ဝင် ၁၁ ဦးပါတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက မဲခွဲဆုံးဖြတ်ကာ ​ရွေးချယ်၊ အတည်ပြု၊ ခန့်အပ်ရတာဖြစ်ပြီး အဲဒီအဖွဲ့ဝင် ၁၁ ဦးမှာ ၆ ဦးက စစ်တပ်ကလာတာ ဖြစ်ပါတယ်။

    စနစ်အရ စစ်တပ်ဟာ သီးခြားအဖွဲ့အစည်းတစ်ခုဖြစ်ပြီး အရပ်သားအစိုးရက အမည်ခံလောက်တောင် တာဝန်မခံရပါဘူး။ ဒါ့ကြောင့် ကျွမ်းကျင်သူတွေက မြန်မာနိုင်ငံမှာ စင်ပြိုင်အစိုးရနှစ်ရပ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။

    စစ်တပ်ဟာ ခါးပိုက်ဆောင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကနေတစ်ဆင့် အရပ်သားအစိုးရကို သွယ်ဝိုက်ထိန်းချုပ်တာမျိုးလည်း ရှိခဲ့ပါတယ်။ USDP ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမယ့် ၂၀၁၅ ခုနှစ်မှာတော့ အခြေအနေပြောင်းသွားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်ပြိုကမ်းပြိုအနိုင်ရပြီး အာဏာရခဲ့ပါတယ်။ ပြီးခဲ့တဲ့လ ရွေးကောက်ပွဲမှာလည်း ဒီအခြေအနေအတိုင်းပဲ ဆက်ဖြစ်ခဲ့ပါတယ်။

    နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီဟာ လွှတ်တော်အမတ်နေရာ ၈၀ ရာခိုင်နှုန်းလောက် အနိုင်ရခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ပေါင်းထားတဲ့ ပြည်ထောင်စုလွှတ်​တော်ကို ခန့်ခန့်ထည်ထည် ထိန်းချုပ်နိုင်ခဲ့ပြီး သမ္မတ တင်မြှောက်ခွင့်လည်း ရခဲ့ပါတယ်။ NLD ရဲ့ ဒီလို အပြတ်အသတ်အနိုင်ရမှုဟာ တစ်ချိန်က အင်အားကောင်းခဲ့တဲ့ USDP ကို ဘေးဖယ်လိုက်သလို ဖြစ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ အမတ်နေရာ ၄၁ နေရာရာခဲ့တဲ့ USDP ဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ နေရာ ၃၀ သာ ရပါတယ်။

    စာနယ်ဇင်းလွတ်လပ်ခွင့်ကနေ ရိုဟင်ဂျာတွေ၊ အခြား လူနည်းစု တိုင်းရင်းသားတွေအပေါ် ထားရှိတဲ့ စစ်တပ်ရဲ့ ပေါ်လစီတွေအထိ ကိစ္စတော်တော်များများမှာ တပ်မတော်နဲ့ ပုလင်းတူဗူးဆို့ ဖြစ်လာပြီး ဒီမိုကရေစီ စံညွှန်းတွေကနေ ဖယ်ခွာသွားတဲ့အတွက် ကမ္ဘာတစ်ဝှမ်းက ဝေဖန်မှုတွေဒဏ်ကို ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် ခံခဲ့ရပါတယ်။

    လာမယ့်မတ်လ အစိုးရသစ်ဖွဲ့မယ့်အချိန်မှာ NLD က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်လုပ်ဆောင်မယ်၊ လုပ်ကိုလုပ်ရလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို စစ်တပ်ထိန်းချုပ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနအောက်ကနေ ဆွဲထုတ်ပြီး အရပ်ဖက် အုပ်ချုပ်ရေး ယန္တရားမှာ NLD က အဓိကအောင်ပွဲတစ်ခုကို ရယူထားပါတယ်။

    မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခရီးမှာ အဓိက စိန်ခေါ်မှုတစ်ခုက တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဆန္ဒဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးကို ဖြေရှင်းပေးနိုင်မယ့် စစ်မှန်တဲ့ ဖက်ဒရယ်မူတစ်ခု ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။ ပင်လုံညီလာခံဆိုတဲ့ လုငန်းစဉ်နဲ့ ဒီကိစ္စကို အကောင်အထည်ဖော်ထားပြီး မြန်မြန်ဆန်ဆန် အကောင်အထည်ပေါ်လာရင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ဆယ်စုနှစ်ချီ လက်နက်ကိုင်တိုက်ခိုက်မှုကို အဆုံးသတ်ရာမှာ အထောက်အကူဖြစ်ပါလိမ့်မယ်။

    အစိုးရက အရပ်သားခေါင်းဆောင်တွေဟာ ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုဆိုင်ရာ ထိလွယ်ရှလွယ်ပြီး ရှုပ်ထွေးတဲ့ကိစ္စတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ စစ်တပ်ရဲ့ သဘောထားတင်းမာတဲ့ ရပ်တည်ချက်တွေကို သံခင်းတမန်ခင်းနဲ့ အလိမ္မာသုံးပြီး ဖြေရှင်းရပါလိမ့်မယ်။ ပြည်သူလူထုက​ ရွေးကောက်တင်မြှောက်လိုက်တဲ့ အရပ်သားခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးအတွက် အားလုံးလက်ခံတဲ့ နိုင်ငံရေးသဘောတူညီချက်တစ်ခု ရရှိရေးလုပ်ငန်းကို ဦးစားပေး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပြင် ရှိနေတဲ့ နိုင်ငံရေးအင်အားကို အသုံးချပြီး NLD ဟာ တိုင်းရင်းသားတွေကို နေရာပေးရပါလိမ့်မယ်။ ပြည်နယ်အစိုးရတွေကို ခေါင်းဆောင်ခိုင်းပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတိုင်းအတာတစ်ခုအထိ ကျင့်သုံးခိုင်းတာမျိုးပါ။ NLD က အပြတ်အသတ်နိုင်ရတဲ့အတွက် ရွေးကောက်ပွဲမှာ ဘေးရောက်သွားပြီး အစိုးရအဖွဲ့မှာ ပါဝင်ရေး မျှော်လင့်ချက်မရှိတဲ့ တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေးကို NLD က ပြန်စဉ်းစားဖို့ လိုပါတယ်။

    စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ကိုယ့်မင်းကိုယ့်ချင်းစစ်တပ်က အစိုးရအဖွဲ့မှာ ခြေကုပ်ယူထားမှုကို ဖယ်ရှားရေးတို့အတွက် အခြေခံဥပဒေ ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ပြင်ဆင်လိုသူတွေအနေနဲ့ လွှတ်တော်မှာ အနည်းဆုံး ၇၅ ရာခိုင်နှုန်း ထောက်ခံမဲလိုအပ်သလို၊ ပြင်ဆင်လိုတဲ့အချက်ကိုလိုက်ပြီး ပြည်သူ့ဆန္ဒခံယူပွဲလုပ်ကာ အများစုထောက်ခံရမယ်ဆိုတဲ့ အချက်တွေလည်း ရှိပါသေးတယ်။

    ဒီကိစ္စအတွက် အနာဂတ်မှာ USDP ကို အနိုင်ယူထားဖို့၊ စစ်တပ်ရဲ့ခြေကုပ်ယူမှု၊ အစိုးရမှာပါဝင်နေမှုကို တွန်းလှန်ဖို့ လိုအပ်ပြီး NLD က တိုင်းရင်းသားပါတီတွေနဲ့သာ ပူးပေါင်းရင် လွှတ်တော်မှာ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း ရနိုင်ပါတယ်။

    နောက်ဆုံးတစ်ချက်က ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ သူတို့နေအိမ်၊ နေရာဒေသတွေကနေ ထွက်သွားအောင် စနစ်တကျ လုပ်ဆောင်နေမှုကို တက်လာမယ့်အစိုးရသစ်က ရပ်တန့်ရပါလိမ့်မယ်။ အခြားသော တိုင်းရင်းသားလူမျိုးစုတွေ ဒီလိုအခြေအနေ ကြုံတွေ့နေရတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာလည်း ဒါကို လုပ်ဆောင်ရမှာပါ။

    ရာစုနှစ်များစွာ နေထိုင်ခဲ့တဲ့ ဇာတိမြေကနေ ရိုဟင်ဂျာတွေကို မောင်းထုတ်ရေးဟာ ၁၉၇၀ ပြည့်နှစ်တွေကတည်းက စတင်ခဲ့တဲ့ စီမံကိန်းတစ်ခုဖြစ်ပြီး တိုင်းပြည်ကို ၁၉၆၂ ခုနှစ်ကတည်းက အကြောက်တရားနဲ့ ဖိနှိပ်အုပ်စိုးလာတဲ့ စစ်အာဏာရှင်စနစ်ရဲ့ အမွေဆိုးလည်း ဖြစ်ပါတယ်။

    အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာတွေအပေါ် ညှမ်းပမ်းနှိပ်စက်တာကို ထိုင်ကြည့်နေတာမျိုးကိုက စက်ဆုပ်ဖွယ်ရာကောင်းတယ်လို့ အနိမ့်ဆုံး ပြောလို့ရပါတယ်။ ဒီမိုကရေစီအလင်းရောင်သန်းလာတဲ့ အခုလိုအချိန်မျိုးမှာ ဒီအလင်းရောင်ကို မီးရှုးတန်ဆောင်ဖြစ်အောင် ထွန်းညှိကာ ရက်စက်ကြမ်းကြုတ်မှုတွေကို အဆုံးသတ်ရမယ့်ကိစ္စဟာ ရွေးကောက်ခံ အရပ်သားခေါင်းဆောင်တွေရဲ့ တာဝန်ဖြစ်ပါတယ်။

    ဘာသာလူမျိုးပေါင်းစုံရှိတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအတွက် အကြီးမားဆုံး စမ်းသပ်မှုတစ်ခုက အစိုးရဟာ လူများစုတွေနည်းတူ လူနည်းစုတွေအပေါ်မှာ သာတူညီမျှ ဆက်ဆံမလားဆိုတဲ့ ကိစ္စပါ။

    အရင်က ဒီမိုကရေစီရဲ့ အမှတ်သညာဖြစ်ခဲ့ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောက်ပါစကားတစ်ခွန်းကို တက်ကြွလှုပ်ရှားသူတွေက မကြာခဏ ကိုးကားပြောဆိုတတ်ပါတယ်။

    “မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်မှုဟာ ​ဘ၀နဲ့ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်တာ ဖြစ်သလို၊ ကျွန်မတို့ရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး လိုလားတောင့်တမှုတွေအတွက် တိုက်တဲ့ တိုက်ပွဲလည်း ဖြစ်ပါတယ်”

    တိုင်းပြည်ကိုအုပ်ချုပ်ဖို့ ထပ်လောင်းတာဝန်ပေးခံရတဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မိမိကိုယ်ကို ပြန်အဖတ်ဆယ်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ တရားမျှတမှု ပန်းတိုင်ဆီ ပြည်သူတွေကို ဦးဆောင်ခေါ်သွားနိုင်မယ့် ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာဖို့ မျှော်လင့်မိကြောင်းပါ …..

    Ref: The Diplomat

    (The Diplomat တွင် ဖော်ပြထားသည့် Challenges to Democracy and Hopes for Peace and Justice in Myanmar ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • ရခိုင်ပြည်နယ်နေ့အတွက် ကာချုပ်၏ သဝဏ်လွှာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ထိခိုက်နိုင်သည့် အမှားများ ပါဝင်နေ

    ရခိုင်ပြည်နယ်နေ့အတွက် ကာချုပ်၏ သဝဏ်လွှာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ထိခိုက်နိုင်သည့် အမှားများ ပါဝင်နေ

    ဒီဇင်ဘာ ၁၅၊ ၂၀၂၀
    M-Media

    -၄၆ နှစ်မြောက် ရခိုင်ပြည်နယ်နေ့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပေးပို့တဲ့ဝဏ်လွှာမှာ တိုင်ရင်းသားတွေအကြား စိတ်ဝမ်းကွဲစေနိုင်တဲ့ ချန်လှပ်မှုတွေ၊ စကားလုံးအသုံးအနှုန်းတွေ တွေ့ရပါတယ်။

    ဒီဇင်ဘာ ၁၅ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ဒီသဝဏ်လွှာမှာ ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်ရေးအတွက် တပ်မတော်က စွမ်းစွမ်းတမံ ဆောင်ရွက်ပေးထားမှုကို အသားပေးဖော်ပြထားပါတယ်။

    နိုဝင်ဘာလက ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်က တစ်ချို့ဒေသတွေမှာ နှစ်မကုန်ခင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရေး တိုက်တွန်းတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA ​ရဲ့ ကြေငြာချက်ကို ကြိုဆိုကြောင်းနဲ့ ဒီအတွက် ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း ဒီကြေငြာချက်မှာ ထပ်လောင်းဖော်ပြထားပါတယ်။

    ရခိုင်ပြည်နယ်မှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူတွေအနေနဲ့ ဒေသစွဲ၊ လူမျိုးစွဲမထားဖို့လည်း ကာကွယ်ရေးဦးစီးချုပ်က တိုက်တွန်းထားပါတယ်။

    ဒီဇင်ဘာ ၁၅ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ဒီသဝဏ်လွှာမှာ ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်ရေးအတွက် တပ်မတော်က စွမ်းစွမ်းတမံ ဆောင်ရွက်ပေးထားမှုကို အသားပေးဖော်ပြထားပါတယ်။

    နိုဝင်ဘာလက ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်က တစ်ချို့ဒေသတွေမှာ နှစ်မကုန်ခင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရေး တိုက်တွန်းတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA ​ရဲ့ ကြေငြာချက်ကို ကြိုဆိုကြောင်းနဲ့ ဒီအတွက် ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း ဒီကြေငြာချက်မှာ ထပ်လောင်းဖော်ပြထားပါတယ်။

    ရခိုင်ပြည်နယ်မှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူတွေအနေနဲ့ ဒေသစွဲ၊ လူမျိုးစွဲမထားဖို့လည်း ကာကွယ်ရေးဦးစီးချုပ်က တိုက်တွန်းထားပါတယ်။

    ကမန်အမည်ဖြုတ်ထားပြီး မြိုနှင့်ခမီကို ပေါင်းထား

    သဝဏ်လွှာရဲ့ စာမျက်နှာ နံပါတ် (၂) ရခိုင်မျိုးနွယ်စုတွေကို ရည်ညွှန်းရာမှာ ‘ရခိုင်ပြည်နယ်အတွင်း ရခိုင်၊ သက်၊ ဒိုင်းနက်၊ မြို(ခမီ)နှင့် မရမာကြီးတို့ နေထိုင်ကြပြီး …..’ လို့ ဖော်ပြထားပါတယ်။
    လက်ရှိ နိုင်ငံတော်အစိုးရက တရားဝင်အသိအမှတ်ပြုထားတဲ့ ရခိုင်မျိုးနွယ်စုဟာ (၇) စု ရှိပြီး ရခိုင်၊ ကမန်၊ ခမွီး၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက်တို့ ဖြစ်ပါတယ်။
    ကာချုပ်ရဲ့ သဝဏ်လွှာမှာတော့ ကမန်အမည်ကို ချန်လှပ်ထားခဲ့ပြီး၊ မတူညီတဲ့ ရခိုင်မြိုးနွယ်စု ၂ စုဖြစ်တဲ့ မြိုနှင့် ခမီတို့ကို တစ်စုတည်းအဖြစ် ဖော်ပြထားပါတယ်။
    ရခိုင်ဘုရင်တွေလက်ထက်မှာ လေးသည်တော်တွေအဖြစ် အမှုထမ်းခဲ့ကြတဲ့ ကမန်လူမျိုးအများစုဟာ အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ပါတယ်။

    ဦးဥတ္တမအမည် မှားယွင်း

    စာမျက်နှာ နံပါတ် (၃) ၌ နယ်ချဲ့အင်္ဂလိပ်ကိုတော်လှန်ခဲ့တဲ့ နာမည်ကျော် ရခိုင်ဆရာတော် ဦးဥတ္တမအမည်ကို ဖော်ပြရာမှာလည်း ဗမာလူမျိုး တောင်တန်းသာသနာပြုဆရာ​တော်ရဲ့ အမည် ‘ဦးဥတ္တမသာရ’ လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

    ‘ကမန်’ တိုင်းရင်းသားအမည် ချန်လှပ်ခဲ့မှု၊ မြိုနဲ့ခမီကို တစ်စုတည်းအဖြစ် ဖော်ပြထားမှု၊ ရခိုင်ရဟန်းတော်အမည်ကို ဗမာရဟန်းတော်အမည်နဲ့ ဖလှယ်ထားမှု စတဲ့ သဝဏ်လွှာက အမှားတွေအတွက် ဆိုရှယ်မီဒီယာအသုံးပြုသူတွေက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေကြပါတယ်။

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအတွက် အခြေခံမူချမှတ်ရေး စာအုပ်အရ ဒုတိယသမ္မတအဆင့်ရှိတယ်ဆိုတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ပြန်တဲ့ ဒီသဝဏ်လွှာမှာ အွန်လိုင်းမှာ လွယ်လွယ်ကူကူ ရှာဖွေနိုင်တဲ့ အချက်အလက်တွေ မှားယွင်းတာ၊ ချန်လှပ်ထားတာတွေ ဘာ့ကြောင့် ဖြစ်ရသလဲဆိုတာ တိတိကျကျ မသိရပါဘူး။

    ၁။ ကာကွယ်ရေးဦးစီးချုပ် ဒုတိယသမ္မတအဆင့်ရှိ http://burmese.dvb.no/archives/421482
    ၂။ တိုင်းရင်းသားသတ်မှတ်ထားမှုနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေး ဒုတိယဝန်ကြီး၏ ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ဖြေကြားထားမှု
    https://pyithu.hluttaw.mm/question-2141
    ၃။ ၄၆ နှစ်မြောက် ရခိုင်ပြည်နယ်နေ့အတွက် ကာချုပ်၏ သဝဏ်လွှာအပြည့်အစုံ
    https://www.facebook.com/TatmadawIn…/posts/205947964482173

  • ဘာသာရေး၊လူမျိုးရေးလှုံ့ဆော်မှု (သို့) မြန်မာ့နိုင်ငံရေးတွင် တည်တံ့နေဆဲ ဓလေ့တစ်ခု

    ဘာသာရေး၊လူမျိုးရေးလှုံ့ဆော်မှု (သို့) မြန်မာ့နိုင်ငံရေးတွင် တည်တံ့နေဆဲ ဓလေ့တစ်ခု

    နိုဝင်ဘာ ၁၆၊ ၂၀၂၀
    M-Media

    -NLD ပါတီဟာ မွတ်စလင်တွေနဲ့ပေါင်းကြံစည်ကာ ဗုဒ္ဓဘာသာကို ဖျက်ဆီးနေတယ်ဆိုပြီး
    ကြံ့ခိုင်ရေးပါတီ USDP အမတ်လောင်းတွေ၊ သူတို့ကိုထောက်ခံသူတွေက ဝါဒဖြန့်ခဲ့မှုဟာ NLD အဖွဲ့ဝင်တွေအပေါ် အကြမ်းဖက်ဖို့ အားပေးအားမြှောက်ပြုရာ ရောက်နေပါတယ်။

    အောက်တိုဘာလနှောင်းပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်မှာ စစ်တပ်နဲ့ သဘောထားတူတဲ့ USDP ပါတီထောက်ခံသူတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ပ​ြီးတဲ့နောက် ကိုမျိုးဝင်းစိုးတစ်ယောက် အသတ်ခံလိုက်ရပါတယ်။ ဒါဟာ ကိုမျိုးဝင်းစိုးထောက်ခံတဲ့ NLD ပါတီနဲ့ USDP ပါတီတို့အကြား မဲဆွယ်စဉ်ကာလမှာ သီတင်းပတ်ချီ ဖြစ်ပွားခဲ့တဲ့ ထိပ်တိုက်တွေ့မှုရဲ့ ရေချိန်အမြင့်ဆုံး အဖြစ်အပျက်လည်း ဖြစ်ပါတယ်။

    ညီမဖြစ်သူ ဝေမာစိုးက သူ့အစ်ကို ကိုမျိုးဝင်းစိုးဟာ ကလေးတွေကို ကာကွယ်ပေးရင်း USDP ထောက်ခံသူတွေရဲ့ ရိုက်နှက်မှုကို ခံခဲ့ရတာလို့ ဖွင့်ဟပါတယ်။

    “ကျွန်မအစ်ကိုက အနေအေးသူတစ်ယောက်ပါ။ ကလေးတွေကို ခြိမ်းခြောက်ရိုက်နှက်တာမျိုး မလုပ်ဖို့ ကျွန်မအစ်ကိုက ပြောတယ်။ သူတို့က ‘ဒါဆို လူကြီးတွေကိုရိုက်ကွာ’ ဆိုပြီး ရိုက်ကြတာပါ”

    ခေါင်းမှာ ဒဏ်ရာပြင်းထန်စွာရခဲ့တဲ့ ကိုမျိုးဝင်းစိုးကို ဆေးရုံတင်ခဲ့ရပြီး နောက်ပိုင်းမှာ ဆေးရုံကနေ ပြန်ဆင်းလာခဲ့ပါတယ်။

    “​အိမ်ကိုပြန်ခေါ်လာတဲ့အချိန်မှာ သူ ​စကား ကောင်းကောင်း မပြောနိုင်တော့ဘူး။ နားကလည်း သွေးတွေထွက်နေပြီး ၂ ခါတောင် အန်ပါတယ်” လို့ ညီမဖြစ်သူက ပြောပါတယ်။ ၂ ရက်ကြာမှာတော့ မျိုးဝင်းစိုးတစ်ယောက် ကွယ်လွန်သွားပါတယ်။

    NLD ထောက်ခံသူတွေ ဆေးရုံတက်ရပြီး သူတို့ရဲ့နေအိမ်အဆောက်အဦးတွေ ဖျက်ဆီးခံရတဲ့ တိုက်ခိုက်မှု အများအပြားဖြစ်ပွားပြီးတဲ့နောက် အောက်တိုဘာ ၂၂ ရက်နေ့မှာ ကိုမျိုးဝင်စိုး အသတ်ခံရမှု ပေါ်ပေါက်လာတာပါ။ ဒီအဖြစ်အပျက်တွေအတွက် NLD နဲ့ USDP ပါတီတို့က အပြန်အလှန် ပြစ်တင်ပြောဆိုကြပေမယ့် ဗီဒီယိုမှတ်တမ်းမှာတော့ USDP ထောက်ခံသူတွေက အကြမ်းဖက်မှုဖြစ်အောင်လှုံဆော်တာ၊ တုတ်တွေကိုင်ပြီး၊ NLD ထောက်ခံသူတွေနောက် လိုက်လံတိုက်ခိုက်တာမျိုးကို တွေ့ရပါတယ်။

    နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ ရလဒ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီစစ်ထုတ်ပြန်နေပြီး NLD ပါတီက တောင်ပြိုကမ်းပြိုအနိုင်ရနေပါတယ်။ ရှမ်းပြည်နယ်ကလွဲရင် တစ်ခြားနေရာတွေမှာ USDP အရင်ကရထားတဲ့ နေရာတော်တော်များများကိုလည်း ပြန်နိုင်ခဲ့ပါတယ်။ ရှမ်းပြည်နယ်မှာတော့ USDP ဟာ အများဆုံးအနိုင်ရတဲ့ ပါတီအဖြစ် ဆက်ရှိမယ့် အနေအထားပါ။ အရှက်ကွဲအကျိုးနည်းခဲ့ရတဲ့ USDP ကတော့ ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ မသမာမှုတွေရှိတယ်လို့ စွပ်စွဲကာ တပ်မတော်ရဲ့အကူအညီနဲ့ ရွေးကောက်ပွဲပြန်လုပ်ဖို့ တောင်းဆိုထားပါတယ်။

    ရှုံးနိမ့်မှုကို USDP ပါတီက လက်မခံတာကြောင့် မဲဆွယ်မှုမှာ တွေ့ခဲ့ရတဲ့ အကြမ်းဖက်မှုပုံစံမျိုး ပြန်မြင်လာရနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ ဗမာလူမျိုးအများစုရှိရာဒေသမှာ USDP နဲ့ NLD ပြိုင်ဘက်ပါတီနှစ်ခုအကြား ဖြစ်ပွားတဲ့ ဒီရုန်းရင်းဆန်ခတ်မှုတွေဟာ မြန်မာ့ရွေးကောက်ပွဲမှာ အရင်ကမမြင်ရဘူးတဲ့ ပုံစံမျိုးဖြစ်ပြီး လေ့လာဆန်းစစ်သူတွေက ဖြေရှင်းပြဖို့ အမျိုးမျိုး ကြိုးစားကြပါတယ်။ ဒါတွေဖြစ်လာစေမယ့် အကြောင်းတရားတွေ အများကြီးရှိပေမယ့် NLD ထောက်ခံသူတွေကို အကြမ်းဖက်ဖို့ လှုံဆော်ရာမှာ အကြောင်းအရင်းတစ်ရပ် ဖြစ်စေနိုင်မယ့် အမုန်းစကားတွေကို ရွေးကောက်ပွဲမတိုင်ခင် သီတင်းပတ်အနည်းငယ်အလိုမှာ USDP ဘက်ယိမ်းတဲ့ အဖွဲ့တွေက ဆိုရှယ်မီဒီယာမှာ ကျယ်ကျယ်ပြန့်ပြ့န် ဖြန့်ဝေဝါဒဖြန့်တာကို Frontier က ဖော်ထုတ်သိရှိခဲ့ပါတယ်။

    NLD ပါတီဟာ မွတ်စလင်တွေနဲ့ ပူးပေါင်းကြံစည်နေပြီး မြန်မာဗုဒ္ဓဘာသာအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်ဆိုတဲ့ ပုံစံမျိုး ပေါ်လာအောင် USDP အမတ်လောင်းတွေနဲ့ ထောက်ခံသူတွေက သတင်းအမှားတွေ၊ အမုန်းစကားတွေကို Facebook မှာ ဖြန့်ဝေကြပါတယ်။ ဒါဟာ အရင်ကတည်းက ဓားစာခံဖြစ်နေတဲ့ မွတ်စလင်တွေကို နိုင်ငံရ​ေးပါတီတွေရဲ့ ယှဉ်ပြိုင်မှုကြားမှာ မြေစာပင်ဖြစ်အောင် လုပ်လိုက်သလိုမျိုး ဖြစ်ခဲ့ပါတယ်။

    ကျောက်ဆယ်မဲဆန္ဒနယ် (၂) ကနေ မန္တလေးတိုင်းဒေသကြီးလွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်တဲ့ USDP အမတ်လောင်း ဦးစိုးစိုးထွန်းက ​USDP ထောက်ခံသူတွေနဲ့ ဘယ်သူ့ကို မဲထည့်ရမှန်း မသိသေးတဲ့ လူငယ်တစ်ဦး အပြန်အလှန်စကားပြောတဲ့ပုံစံ ပို့စ်တစ်ခုကို စက်တင်ဘာ ၂၃ ရက်နေ့က Facebook မှာ လွှင့်တင်ခဲ့ပါတယ်။ NLD ဟာ OIC အဖွဲ့ထံကနေ ‘ဒေါ်လာသန်းချီ’ လက်ခံရယူထားတယ်လို့ ဒီပို့စ်မှာ မှားယွင်းစွပ်စွဲထားပြီး နိုင်ငံခြားသားနဲ့ လက်ထပ်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လူမျိုးရေး စော်ကားတိုက်ခိုက်မှုတွေ ပြုလုပ်ထားပါတယ်။

    “မြန်မာအမျိုးသမီးတစ်ယောက် အင်္ဂလိပ်နဲ့ရပြီး မွေးလာတဲ့ကလေးက ဘယ်လိုပုံစံမျိုးဖြစ်မလဲဗျ။ သူဟာဘာလူမျိုးလဲဆိုတာကို မပြောနိုင်တော့ဘူးဆိုတော့ အမျိုးပျောက်သွားတာပဲ။ အမျိုးပျောက်ရင် ဘာသာလည်းပျောက်ပါပြီ”

    မန္တလေးတိုင်းဒေသကြီးလွှတ်တော် အမတ်နေရာအတွက် ပြည်ကြီးတံခွန် (၁) မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်ပြီး ရှုံးနိမ့်သွားတဲ့ USDP အမတ်လောင်း ဒေါ်လှလှအေးကလည်း ‘ခိုးဝင်ဘင်္ဂါလီတွေ’ အတွက် မှတ်ပုံတင်အတုလုပ်ပေးတဲ့ အဖွဲ့တစ်ခု ဖမ်းဆီးခံရတယ်ဆိုပြီး ရာဇဝတ်မှုကို လူမျိုးရေးခေါင်းစဉ်တပ်ကာ Facebook မှာ Share ပါတယ်။ ‘ခိုးဝင်ဘင်္ဂါလီ’ ဆိုတဲ့အသုံးအနှုန်းဟာ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ကနေ တရားမဝင် ဝင်ရောက်လာသူတွေအဖြစ် နှိမ့်ချပြီး သုံးနှုန်းတဲ့ စကားလုံးပါ။ NLD ပါတီက ဒီကိစ္စကို သိပေမယ့် မတားဘဲ ဆက်လုပ်ခွင့်ပေးခဲ့တယ်လို့လည်း ဒီပို့စ်မှာ ထည့်သွင်းရေးသားထားပါတယ်။ အဲဒီပို့စ်ကို စစ်တပ်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အတွက် အဓိကလော်ဘီလုပ်ပေးတဲ့ အကောင့်ကနေ စ,တင်တာ ဖြစ်ပါတယ်။

    အွန်လိုင်းစောင့်ကြည့်ရေးအဖွဲ့ ‘လောကအလင်း’ က စက်တင်ဘာ ၈ ရက်နေ့ကနေ အောက်တိုဘာ ၇ ရက်နေ့အထိ သူတို့ရဲ့ စောင့်ကြည့်မှုအတွင်း နိုင်ငံရေးပေ့ဂျ် ၉၉ ခုကနေ ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ ပို့စ်ပေါင်း ၁၈၈ ခု တင်ခဲ့ပြီး အများစုက မုန်းတီးရေးအကြောင်းတွေ ဖြစ်တယ်ဆိုတာ တွေ့ရကြောင်း ထုတ်ပြန်ပါတယ်။ လူမျိုးရေးသွေးထိုးတဲ့ ဒီပို့စ်တွေကို အဓိက ဝါဒဖြန့်တဲ့ နိုင်ငံရေးပါတီဟာ USDP ဖြစ်ပြီး အကြိမ် ၄၀ လောက် တင်တယ်လို့ လောကအလင်းက ဆိုပါတယ်။ သိပ်မကြာသေးခင်က ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က ၂၅ ကြိမ်တင်ကာ ဒုတိယနေရာမှာ ရှိနေပါတယ်။

    USDP ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ နန်းမြမြမီမီဇော်ဟာ ဒီအကြောင်းအရာတွေကို မပြတ်တမ်း မျှဝေသူတစ်ယောက်ဖြစ်ခဲ့ပြီး ပို့စ်တစ်ခုမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ‘တိုင်းပြည်သစ္စာဖောက်’ လို့တောင် ခေါ်ဝေါ် သမုတ်ခဲ့ပါတယ်။

    USDP ကိုထောက်ခံတဲ့ Facebook Group တွေဟာ အမုန်းစကားနဲ့ သတင်းမှား အဓိကဖြန့်ဝေရာ ရေခံမြေခံတွေ ဖြစ်ပါတယ်။ ‘ဘိုကလေး ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ’ ဆိုတဲ့ Group ကတော့ အလွန်ဆိုးရွားတာကို Frontier က တွေ့ရှိခဲ့ရပြီး၊ ခြိမ်းခြောက်တာ၊ တစ်ခါတစ်ရံမှာ အကြမ်းဖက်ဖို့ လှုံဆော်တာတွေပါဝင်တဲ့ အကြောင်းအရာတွေကို အကြိမ်ကြိမ်အခါခါ မျှဝေခဲ့တာကြောင့် Facebook က ဒီဂရုကို လုံး၀ ဖျက်ချခဲ့ပါတယ်။ အကြိမ်ရေ တစ်ထောင်ကျော်လောက် ပြန် Share ပြီး၊ Like ငါးထောင်နီးပါးလောက်ရခဲ့တဲ့ ပို့စ်တစ်ခုမှာဆိုရင် “​ဒေါက်ဖိနပ်အောက်မှာ ကုလားစာသင်ရတာထက်၊ စစ်ဖိနပ်အောက်မှာ ဓမ္မစာပေသင်မယ်” ဆိုတာမျိုး ရေးသားထားပါတယ်။

    ဒေါက်ဖိနပ်ဆိုတဲ့ အသုံးအနှုန်းဟာ များသောအားဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ရည်ညွှန်းသုံးနှုန်းတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ‘ဗုဒ္ဓဘာသာဝင်တွေရဲ့ နှလုံးသည်းပွတ်ကို ဖျက်ဆီးသူ’ လို့ စွပ်စွဲတဲ့ပို့စ်တွေလည်း ရှိပါတယ်။

    “မှတ်ထားပါ။ ဒါဟာ တို့တိုင်းတို့ပြည်ဖြစ်တယ်။ ငါတို့ရဲ့ အမျိုးဘာသာ သာသနာအပေါ် တိုက်ခိုက်မှုကို သည်းခံမှာမဟုတ်ဘူး” ဆိုတဲ့ ပို့စ်ကိုတော့ Share သူ ၁၇၀၀ ကျော်ရှိပြီး Like လုပ်သူက ၂၀၀၀ နီးပါး ရှိပါတယ်။

    ‘ဘိုကလေး ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ’ ရဲ့ အွန်လိုင်းထိတွေ့မှု၊ Follower အရေအတွက်နဲ့ ပို့စ်တင်မှုအားလုံးဟာ ရွေးကောက်ပွဲနီးလာတဲ့ စက်တင်ဘာလ အစောပိုင်းကစတင်ကာ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ အောက်တိုဘာ ၁၈ ရက်ကနေ နိုဝင်ဘာ ၂၄ ရက်အတွင်း အွန်လိုင်းမှာ ထိတွေ့ပြောဆိုမှုပေါင်း ၅၇၅၀၀၀ ကျော် ရှိခဲ့ပြီး အောက်တိုဘာ နောက်ဆုံးတစ်ပတ်မှာတင် ပို့စ်ပေါင်း ၂၆၀၀ ကျော် တင်ခဲ့ပါတယ်။

    Facebook ကတော့ ဒီဂရုပ်ဟာ ‘Community Standards သတ်မှတ်ချက်ကို အကြိမ်ကြိမ် ချိုးဖောက်တာကြောင့် အလိုအလျောက် အရေးယူရေးနည်းပညာက ဖျက်ချသွားတာဖြစ်တယ်’ လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ယူကေအခြေစိုက် ဘားမားလူ့အခွင့်အရေးကွန်ယက် (Burma Human Rights Network) က အမုန်းစကားနဲ့ သတင်းအမှားတွေ Facebook စာမျက်နှာမှာ အများအပြား ပြန့်နှံ့တာကို တွေ့ရပြီး အများစုက “NLD နဲ့ မွတ်စလင်တွေ ပူးပေါင်းကြံစည်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေဖြစ်တယ်” လို့ ပြောပါတယ်။ နိုဝင်ဘာ ၄ ရက်နေ့ BHRN က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ “ဒီအမုန်းစကားတွေ ရွေးကောက်ပွဲပြီးတဲ့အထိ တာရှည်နေရင် ဒါကိုအသုံးချပြီး အကြမ်းဖက်မှုနဲ့ တိုက်ခိုက်မှု အကြီးအကျယ်ဖြစ်လာနိုင်တယ်” လို့ သတိပေးထားပါတယ်။

    BHRN အဖွဲ့က သတိပြုမိပြီး Share လုပ်မှုပေါင်း ၁၃၀၀ ကျော်လောက်ရှိခဲ့တဲ့ ပို့စ်တစ်ခုမှာဆိုရင် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲဟာ NLD နဲ့ USDP အကြားက ပြိုင်ဆိုင်မှုတစ်ခုထက် ပိုတယ်ဆိုတာမျိုး ရေးသားထားပါတယ်။

    “ဒါဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် နောက်ဆုံးတိုက်ပွဲပါ။ ဒီတစ်ကြိမ်ငါတို့ရှုံးရင် ငါတို့လူမျိုးတစ်ခုလုံး ပျောက်သွားလိမ့်မယ်”

    BHRN ရဲ့ ဒါရိုက်တာ ဦးကျော်ဝင်းက NLD နဲ့ မွတ်စလင်တွေ ပူးပေါင်းကြံစည်နေတယ်လို့ ပြောဆိုမှုဟာ “USDP ထောက်ခံသူတွေရဲ့ ဝါဒဖြန့်မှုထဲမှာ အလွန်အန္တရာယ်ရှိတဲ့ ဝါဒဖြန့်မှုဖြစ်ပြီး” NLD ထောက်ခံသူတွေ တိုက်ခိုက်ခံရမှုမှာ ဒီအချက်က တွန်းအားဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။

    ၂၀၁၃ ခုနှစ်တုန်းက မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှု အကြီးအကျယ်ဖြစ်ခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်မှာ ရွေးကောက်ပွဲနဲ့ဆက်နွယ်တဲ့ အကြမ်းဖက်မှု ဖြစ်ခဲ့ပါတယ်။ မိတ္ထီလာဟာ ရွေးကောက်ပွဲမတိုင်ခင်အထိ USDP ပါတီခြေကုပ်ဖြစ်ခဲ့ပေမယ့် အခုတော့ လွှတ်တော်နေရာ ၄ ခုစလုံးကို NLD က အနိုင်သွားပါတယ်။ ဒီဆောင်းပါးတင်ချိန်အထိ USDP ကိုယ်စားလှယ်လောင်းတွေက ပါတီရဲ့ သဘောထားအတိုင်း ရလဒ်ကို လက်ခံဖို့ ငြင်းဆိုကာ ရွေးကောက်ပွဲတရားမဝင်ကြောင်း ပြောဆိုနေကြဆဲပါ။

    စက်တင်ဘာလကထွက်လာတဲ့ ဗီဒီယိုတစ်ခုမှာ USDP ထောက်ခံသူတွေဟာ တုတ်တွေကိုင်ဆောင်ကာ NLD ထောက်ခံသူတွေရဲ့ နေအိမ်တွေကို ခဲနဲ့ပေါက်တာတွေ တွေ့ရပါတယ်။ အောက်တိုဘာ ၂၆ ရက်နေ့မှာတော့ အမျိုးသားတစ်ဦး ဓားနဲ့အထိုးခံရပြီး USDP ထောက်ခံသူတွေက ဆူပူလှုံ့ဆော်တာ၊ တုတ်တွေကိုင်ပြီး NLD ထောက်ခံသူတွေနောက် လိုက်လံတိုက်ခိုက်တာတွေပါတဲ့ ဗီဒီယိုတစ်ခု ထွက်လာပါတယ်။

    နောက်ပိုင်းမှာ Facebook က ဖျက်ချလိုက်တဲ့ ‘မိတ္ထီလာသားများစုံစည်းရာ’ ဆိုတဲ့ Facebook Group မှာ USDP ထောက်ခံသူတစ်ဦးက အကြမ်းဖက်ဖို့ တိုက်တွန်းဆော်ဩတာမျိုးတောင် ရှိခဲ့ပါတယ်။

    “မြို့ရဲ့ နောက်ဆုံးတိုက်ပွဲမှာ ငါတို့နိုင်ရမယ်။ ခဲတွေ၊ တုတ်ဓားလက်နက်တွေ သူတို့ ယူလာနိုင်တယ်။ သွေးချောင်းစီးတာ မမြင်ချင်ဘူးဆိုရင်တော့ အခြားပါတီတွေ ငါတို့ကို နှောက်ယှက်ဖို့ မကြိုးစားပါနဲ့” လို့ အဲဒီ ပို့စ်မှာ ရေးသားထားပါတယ်။ နောက်ပိုင်းမှာ ဒီပို့စ်ကို ဖျက်လိုက်ပါတယ်။

    NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးညွန့်က USDP ရဲ့ အွန်လိုင်းလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။ ဒါပေမယ့် စစ်တပ်ဖက်ယိမ်းတဲ့ ဒီပါတီဟာ “အင်အားသုံးနေပြီး” “ထောက်ခံသူတွေကို ထိန်းသိမ်းဖို့ ဆန္ဒမရှိဘူး” လို့ ပြောကြားခဲ့ပါတယ်။

    အကြမ်းဖက်မှုဖြစ်စေတဲ့ အမုန်းစကားတွေ ဖြန့်တာမှာ USDP ပါတီကို ထောက်ခံသူတွေတင်မဟုတ်ဘူးလို့ ‘လောကအလင်း’ ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ PPP ပါတီ အမတ်လောင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးကနေ ပြည်သူ့လွှတ်တော်နေရာဝင်ပြိုင်ကာ ရှုံးနိမ့်ခဲ့တဲ့ ဒေါ်စောယုမာဟာ အောက်တိုဘာ ၁ ရက်နေ့မှာ သွေးထိုးလှုံ့ဆော်တဲ့ ပုံတစ်ပုံကို အွန်လိုင်းမှာ မျှဝေခဲ့ပါတယ်။

    “မျိုးချစ်တွေအတွက် သတင်းစကား။ နိုးထလော့ ညီအစ်ကိုတို့။ ဓားသွေးထားကြ။ မိစ္ဆာလူမျိုးနဲ့ အကျင့်မကောင်းတဲ့ မြန်မာလူမျိုးတွေက တို့ပြည်တို့မြေကို သစ္စာဖောက်နေကြပြီ။ သူတို့ကို သင်ခန်းစာပေးကြစို့” လို့ ဒီပုံမှာ ရေးသားထားပါတယ်။

    NLD ကနေထွက်သွားတဲ့လူတွေ ၂၀၁၀ ခုနှစ်မှာ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး လက်ရှိ USDP နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ အမျိုးသားဒီမိုကရေစီအင်အားစု (National Democratic Force) ထောက်ခံသူတစ်ဦးက ‘ခြင်္သေ့’ ဟာ NLD ရဲ့ ခြိမ်း​ခြောက်မှုကို ခံနေရတယ်လို့ USDP တံဆိပ်ကို ရည်ညွှန်းကာ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ ဝါးခမောက်တွေလည်း တုတ်တွေ၊ ဓားတွေ ဆောင်ထားရတော့မှာပါ”

    သူတို့ပါတီရဲ့ တံဆိပ်ကို ရည်ညွှန်းပြီး ရေးသားခဲ့တာ ဖြစ်ပါတယ်။

    ကိုမျိုးဝင်းစိုး ရိုက်သတ်ခံလိုက်ရတဲ့ ကာဘိုးကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူး ဦးအောင်ဌေးက USDP ထောက်ခံသူတွေဟာ အဲဒီနေ့က တုတ်တွေဓားတွေကိုင်ဆောင်ကာ ရောက်လာကြတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီလိုအကြမ်းဖက်မှုမျိုး ဖြစ်လိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မစဉ်းစားဖူးဘူး။ ဒီဒေသမှာ အရင်က ဒါမျိုး မဖြစ်ခဲ့ဖူးပါဘူး” လို့ ရွေးကောက်ပွဲမတိုင်ခင်မှာ ကြေားခဲ့ပါတယ်။

    ရွေးကောက်ပွဲအပြီး အကြမ်းဖက်မှုတွေ ဖြစ်လာမလားဆိုတဲ့ စိုးရိမ်မှုတွေ ​ပြည်သူတွေမှာ ရှိနေတယ်လို့လည်းက သူက ဆိုပါတယ်။

    “ကျွန်တော်လည်း ဒါကို စိုးရိမ်တယ်ဗျ”

    Ref: Frontier Myanmar

    (Frontier Myanmar တွင်ဖော်ပြထားသည့် Online campaign of hate lurked behind campaign trail brawls ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာများကို မြန်မာက ပြန်ခေါ်လိမ့်မည်ဟု တရုတ်ပြော

    ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာများကို မြန်မာက ပြန်ခေါ်လိမ့်မည်ဟု တရုတ်ပြော

    အောက်တိုဘာ ၂၆၊ ၂၀၂၀
    M-Media

    -နေရပ်စွန့်ခွာထွက်ပြေးရပြီး ဘင်္ဂလားဒေ့ရှ်မှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူဖို့အတွက် မြန်မာနိုင်ငံက ဆန္ဒရှိကြောင်း တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်ကို သတင်းစကား ပါးခဲ့ပါတယ်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေ အဘ်ဒူလ် မိုမန်တို့ ကြာသာပတေးနေ့ညက တွေ့ဆုံစဉ်မှာ ဒီလိုပြောခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးဌာနရဲ့ သောကြာနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    “အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူသွားမယ်ဆိုတာ မြန်မာနိုင်ငံက ထပ်လောင်း အတည်ပြုပြောကြားခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက သတင်းစကား ပါးခဲ့ပါတယ်”

    ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံရေး မကြာခင်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ ဆွေးနွေးသွားမယ်ဆိုတဲ့အကြောင်း မြန်မာနိုင်ငံက တရုတ်ကို အသိပေးခဲ့တယ်လို့လည်း ကြေငြာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

    ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စအတွက် တရုတ်ဟာ မြန်မာနိုင်ငံနဲ့ အမြဲတစေပြောဆိုမှုရှိပြီး လာမယ့် နိုဝင်ဘာရွေးကောက်ပွဲအပြီးမှာ နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးမှုတွေ ဖြစ်လာအောင် လုပ်ပေးမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဘင်္ဂလားဒေ့ရှ်ကို ပြောကြားခဲ့ပါတယ်။

    အဲဒီနောက်မှာတော့ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၃ နိုင်ငံဝန်ကြီးအဆင့်ဆွေးနွေးမှု​တွေ ဖြစ်လာမယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဝမ်ယီနဲ့ မိုမန်တို့ တွေ့ဆုံမှုအတွင်း ကိုဗစ်ကာကွယ်ဆေးကိစ္စ၊ ကပ်ရောဂါအလွန် စီးပွားရေးတွေအပါအဝင် အကြောင်းအရာတော်တော်များများကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

    Ref: Anadolu Agency