News @ M-Media

Tag: Minority In Myanmar

  • တန်းတူညီမျှဖြစ်တဲ့ ဒီမိုကရေစီပုံစံသစ်ကို မြန်မာနိုင်ငံက လိုအပ်နေပြီ

    တန်းတူညီမျှဖြစ်တဲ့ ဒီမိုကရေစီပုံစံသစ်ကို မြန်မာနိုင်ငံက လိုအပ်နေပြီ

    ဖေဖော်ဝါရီ ၇၊ ၂၀၂၁
    M-Media

    -ပဋိပက္ခတွေ၊ လူတန်းစား မညီမျှမှုတွေကြောင့် မြန်မာနိုင်ငံက သန်းနဲ့ချီတဲ့ပြည်သူတွေဟာ အာမခံချက်မရှိဆုံး အခြေအနေမျိုးမှာ နေထိုင်နေရပါတယ်။

    မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းသစ်ကို လိုအပ်နေတာပါ။ လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲတွေ (ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့) က အရေးကြီးပါတယ်။ ၁၀ စုနှစ်ချီရှိနေတဲ့ အာဏာရှင်စနစ်၊ နိုင်ငံတကာက ပစ်ပယ်ထားမှု၊ ကြမ်းကြုတ်တဲ့ လက်နက်ကိုင်ပဋိပက္ခ၊ လူမျိုးရေးဘာသာရေး ခွဲခြားမှုတွေ၊ အလွန်အမင်းဆင်းရဲမွဲတေမှု၊ မြင့်တက်လာတဲ့ လူတန်းစားမညီမျှဒဏ် စတာတွေကို ခါးစည်းခံလာရတဲ့ လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲဖို့ကလည်း ထပ်တူထပ်မျှ အရေးကြီးပါတယ်။ နိုင်ငံရေးပြောင်းလဲမှုတစ်ခုတည်းသာကွက်ပြီး လုပ်ဆောင်မယ်ဆိုရင် လူဦးရေ ၅၄ သန်းရှိတဲ့ မြန်မာနိုင်ငံကို စစ်တပ်က ဆက်လက်ကြီးစိုးချုပ်ကိုင်တာမျိုးကိုပဲ ဖြစ်စေမှာပါ။

    တနင်္လာနေ့ စစ်တပ်အာဏာသိမ်းမှု စကတည်းက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင် ဒါဇင်နဲ့ချီ အဖမ်းခံခဲ့ရပြီး ကာကွယ်ရေးဦးစီးချုပ် ခေါင်းဆောင်တဲ့ အစိုးရသစ်တစ်ရပ်လည်း ပေါ်လာပါတယ်။ အကြီးဆုံးမြို့ ရန်ကုန်နဲ့ အခြားဒေသတွေမှာ ဆန္ဒပြမှုတွေ အရှိန်ရလာပြီး မကြာခင် အင်အားသုံးဖြိုခွင်းခံလာရနိုင်ပါတယ်။

    ဘာ့ကြောင့် ဒီလိုတွေဖြစ်နေတာလဲဆိုတာကို နားလည်ဖို့ဆိုရင် အတိတ်ကို ပြန်သွားကြည့်ရပါမယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နဲ့ စစ်တပ်တို့အကြား အားပြိုင်မှု လွှမ်းမိုးခဲ့တယ်ဆိုတာကို တွေ့ရမှာပါ။ အာဏာကို ချုပ်ကိုင်ထားလျက်နဲ့ပဲ စစ်တပ်ဟာ ၂၀၁၀ ခုနှစ်မှာ အခြေခံဥပဒေသစ်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ မိမိရဲ့အာဏာကို အရင်အတိုင်း တည်တံ့စေပ​ြီး နိစ္စဓူ၀ အုပ်ချုပ်ရေးအာဏာ တော်တော်များများကို ရွေးကောက်ခံသမ္မတနဲ့ လွှတ်တော်ကို အပ်နှင်းထားတဲ့ အခြေခံဥပဒေပါ။ ဒီလိုပုံစံနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းနိုင်လိမ့်မယ်လို့ စစ်ခေါင်းဆောင်တွေက ထင်ခဲ့ပြီး၊ ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်အပေါ် အလွန်အမင်း ကြည်ညိုလေးစားမှုကို လျှော့တွက်သလို ဖြစ်ခဲ့ပါတယ်။

    ဒေါ်​အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ပေါင်းစည်းမှုဟာ ပန်းခင်းသောလမ်း မဟုတ်ပါဘူး။ ကွန်ဆာဗေးတစ်ဝါဒ၊ လူမျိုးတစ်မျိုးတည်းကိုသာ အခြေခံတဲ့ဝါဒတို့မှာ နှစ်ဖက်စလုံး အမြင်တူကြပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ​အာဏာကိုစုစည်းပြီး စစ်တပ်ကို ရွေးကောက်ခံအစိုးရလက်အောက်မှာ ထားနိုင်ဖို့အတွက် အခြေခံဥပဒေပြင်ရေး အားစိုက်လုပ်ဆောင်ခဲ့ပါတယ်။ စစ်တပ်အတွက်တော့ ဒါဟာ ငယ်ထိပ်မြွေပေါက်ခံရတာမျိုးပါ။

    နှက်ဖက်ဆံရေးဆိုးရွားလာပြီး ဒီတစ်ပတ်မှာ စစ်တပ်က အာဏာသိမ်းတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    နောက်ထပ်ဘာဖြစ်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ တစ်နှစ်အတွင်း ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ စစ်တပ်က ပြောထားပါတယ်။ လွတ်တော်ကို ၂၅ ရာခိုင်နှုန်းထိန်းချုပ်ထားတဲ့ ပုံစံနဲ့ ရွေးကောက်ပွဲသစ် လုပ်ခဲ့ရင်တောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီက နောက်တစ်ကြိမ် အောင်ပွဲခံနိုင်အုံးမှာပါ။ ဒါ့ကြောင့် စစ်တပ် အဓိကထားလုပ်မှာက သူမကို ဘေးဖယ်ထားဖို့ပါ။ ဒါပေမယ့် သူမကို ထောက်ခံတဲ့ သန်းနဲ့ချီတဲ့ပြည်သူတွေက လက်ခံဖို့ မလွယ်ပါဘူး။ အဲဒီလိုဆိုရင်တော့ မြန်မာနိုင်ငံရေးဟာ ရှေ့မတိုး၊ နောက်မဆုတ်သာ အခြေအနေ ဆက်ဖြစ်နေမှာဖြစ်ပါတယ်။

    မြန်မာ့နိုင်ငံရေး ဒီလိုတန့်နေလို့ မရပါဘူး။ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ မောင်းထုတ်ခံရပြီး ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်ကိစ္စမှာ ဘာတိုးတက်မှုမှမရှိဘူး၊ သူတို့ကို အကြမ်းဖက်ခဲ့သူတွေအပေါ် ဘာအရေးယူမှုမှ မရှိသလို၊ နိုင်ငံအတွင်း ကျန်နေခဲ့တဲ့ ရိုဟင်ဂျာတွေရင်ဆိုင်နေရတဲ့ ခွဲခြားဆက်ဆံမှုတွေကလည်း ရပ်တန့်မသွားပါဘူး။

    အဲဒီရခိုင်ဒေသမှာပဲ အစိုးရတပ်ဖွဲ့တွေနဲ့ (ဗုဒ္ဓဘာသာဝင် လူနည်းစု ရခိုင်တွေကန​ေ ပေါက်ဖွားလာတဲ့) ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့အကြား ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဖြစ်တဲ့တိုက်ပွဲတွေကြောင့် အရပ်သားသောင်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ နိုင်ငံအရှေ့ပိုင်း တောင်တန်းဒေသ အထူးသဖြင့် တရုပ်နဲ့ကပ်နေတဲ့ နယ်စပ်ဒေသမှာ ဒါဇင်နဲ့ချီတဲ့ လက်နက်ကိုင်တပ်ဖွဲ့နဲ့ ပြည်သူစစ်အဖွဲ့တွေ ပြန့်ကျဲတည်ရှိနေတယ်။ (အကြီးဆုံးက လက်နက်ခဲယမ်း တော်တော်ကောင်းကောင်းနဲ့ ဖွဲ့ထားတဲ့ အင်အား ၂၅၀၀၀ လောက်ရှိတဲ့တပ်ပါ) တစ်ချို့အဖွဲ့တွေက လူနည်းစုတိုင်းရင်းသားတွေကို ကာကွယ်ဖို့ ဖွဲ့ထားတာဖြစ်ပြီး တစ်ချို့တွေကတော့ တစ်နှစ်ကို ကန်ဒေါ်လာ ဘီလီယံ ၆၀ လောက် တန်ကြေးရှိတဲ့ နိုင်ငံတကာ စိတ်ကြွ​ေဆေးပြားစျေးကွက်နဲ့ ပတ်သက် ဆက်နွယ်နေပါတယ်။

    မြန်မာနိုင်ငံဟာ အာရှမှာ အဆင်းရဲဆုံးနဲ့ လူတန်းစားမညီမျှမှုအမြင့်ဆုံး တိုင်းပြည်တွေထဲက တစ်ခုပါ။ စီးပွားရေးဟာ သယံဇာတ ထုတ်ရောင်းရတာနဲ့ ကျွမ်းကျင်မှုမရှိတဲ့ လုပ်သားတွေ နိုင်ငံခြားထွက် အလုပ်လုပ်ရတဲ့အပေါ်မှာ လုံးလုံးလျားလျားနီးပါး မှီခိုနေပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် လူသန်းချီ အိုးအိမ်စွန့်ခွာနေရတယ်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရဟာ ကိုရိုနာကပ်ရောဂါကို ကောင်းကောင်းမွန်မွန် ကိုင်တွယ်စီမံနိုင်ခဲ့ပေမယ့် ကိုဗစ်ကြောင့် စီးပွားရေးထိခိုက်မှုက အလွန်ဆိုးရွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ တစ်နေ့ကို ၂ ဒေါ်လာအောက် (ကျပ် ၃၀၀၀ ဝန်းကျင်အောက်) သာ ဝင်ငွေရှိတဲ့ လူဦးရေဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ ၁၆ ရာခိုင်နှုန်း ရှိရာကနေ စက်တင်ဘာရောက်တဲ့အခါ ၆၃ ရာခိုင်နှုန်းအထိ မြင့်တက်လာတာကို တွေ့ရပါတယ်။ ဝင်ငွေလုံး၀မရှိတဲ့သူက စက်တင်ဘာလမှာ ၃ ဆအထိ မြင့်တက်လာပါတယ်။

    ပဋိပက္ခတွေ၊ လူတန်းစား မညီမျှမှုတွေကြောင့် မြန်မာနိုင်ငံက သန်းနဲ့ချီတဲ့ပြည်သူတွေဟာ
    အာမခံချက်မရှိဆုံး အခြေအနေမျိုးမှာ နေထိုင်နေရပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း နိုင်ငံရေးလွတ်လပ်ခွင့် တစ်စိတ်တစ်ပိုင်းပေးပြီး၊ စီးပွားရေးတိုးတက်မှုအချို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်တပ်အကြား ရွှေလမ်းငွေလမ်းဖောက်ကာ ပူးပေါင်းလုပ်ဆောင်ရေးကြိုးပမ်းဖို့ အခွင့်အလမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ဒီအခွင့်အလမ်းက လုံး၀ အဆုံးသတ်သွားပုံပါပဲ။

    နိုင်ငံရေးနဲ့ဖမ်းထားတဲ့သူတွေကို လွှတ်ပေးရမှာဖြစ်ပြီး၊ အခြေခံလူ့အခွင့်အရေးတွေကိုလည်း အလေးထားရပါမယ်။ မြန်မာနိုင်ငံက အာဏာရှင်အသစ်ကို နိုင်ငံခြားတိုင်းပြည်တွေက ဆန့်ကျင်တာမျိုးဟာ မှန်ကန်ပေမယ့် စီးပွားရေး ပြိုလဲတဲ့အခြေအနေထိ ရောက်သွားစေနိုင်တဲ့ ပိတ်ဆို့မှုမျိုးကိုတော့ ရှောင်ရှားရပါလိမ့်မယ်။

    ဒီလို မရေရာမသေချာတဲ့အခြေအနေမျိုးမှာ အရေးကြီးတာတစ်ခုက မြန်မာနိုင်ငံမှာ စိန်ခေါ်မှုတွေ ကြီးကြီးမားမားရှိနေတယ်ဆိုတာကို လက်ခံဖို့နဲ့ လူမျိုးရေးခွဲခြားမှု၊ လက်နက်ကိုင်ပဋိပက္ခတွေကနေ လူတန်းစားမညီမျှမှု၊ ဖွံ့ဖြိုးမှုနောက်ကျနေတာအထိ နယ်ပယ်အသီးသီးမှာ တိုးတက်​အောင် မဆောင်ရွက်ဘဲနဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းလို့ရမှာ မဟုတ်ဘူးဆိုတာ နားလည်ဖို့ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ဘ၀တွေ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကို ကာကွယ်ပေးနိုင်အောင် လုပ်ဆောင်တာ၊ နိုင်ငံရေးသာမက လူမှုရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာအောင် အားပေးတိုက်တွန်းတာတွေ နိုင်ငံခြားတိုင်းပြည်တွေက လုပ်နိုင်ပါတယ်။

    ဆင်းရဲမွဲတေလွန်းပြီး၊ လူတန်းစားမညီမျှမှုတွေရှိကာ စစ်ဖြစ်နေတဲ့နိုင်ငံမှာ ဒီမိုကရေစီဆိုတာ အမည်ခံသက်သက်ထက်မပိုပါဘူး။ ပြီးခဲ့တဲ့ ၁၀ နှစ်က အသုံးပြုခဲ့တဲ့ ဟိုမရောက်ဒီမရောက် အခြေခံဥပဒေထက် မြန်မာပြည်သူအားလုံးကို လွှမ်းခြုံနိုင်မယ့် ​ပိုမိုမျှတပြီး၊ ဒီမိုကရေစီပိုကျတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာရေး ရည်ရွယ် လုပ်ဆောင်ရမှာ ဖြစ်ကြောင်းပါ။

    Ref: New York Times

    (New York Times တွင်း ဖော်ပြထားသည့် Myanmar Needs a New Kind of Democracyဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။ ဆောင်းပါးရှင်မှာ ကုလအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၏မြေးဖြစ်သူ သမိုင်းနှင့် ရှေးဟောင်းအမွေအနှစ်ပညာရှင် ဒေါက်တာသန့်မြင့်ဦး ဖြစ်ပါသည်။)

  • ဘိန်းဘုရင်ခွန်ဆာအကြောင်း တစ်စေ့တစ်စောင်း

    ဘိန်းဘုရင်ခွန်ဆာအကြောင်း တစ်စေ့တစ်စောင်း (မြန်မာစာတမ်းထိုး)

    Video Source – Aljazeera

  • တရုတ်က အမြတ်ထုတ်နိုင်ချေကိုထည့်တွက်၍ မြန်မာ့အရေးကို ကန်တုန်ပြန်သင့်ဟု Wall Street ဂျာနယ်ရေး

    တရုတ်က အမြတ်ထုတ်နိုင်ချေကိုထည့်တွက်၍ မြန်မာ့အရေးကို ကန်တုန်ပြန်သင့်ဟု Wall Street ဂျာနယ်ရေး

    ဖေဖော်ဝါရီ ၂၊ ၂၀၂၁
    M-Media

    -လတ်တလော စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံအရေးကို အမေရိကန်က တုန့်ပြန်ရာမှာ တရုတ်က အမြတ်ထုတ်နိုင်တဲ့အနေအထားကိုထည့်တွက်ပြီး လက်တွေ့အခြေအနေတွေကို သုံးသပ်ဆောင်ရွက်သင့်တယ်လို့ Wall Street ဂျာနယ်က ရေးသားတဲ့ ဆောင်းပါးတစ်ပုဒ်မှာ အကြံပြုထားပါတယ်။

    ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲမှာ မသမာမှုတွေရှိနေပြီး ဒီကိစ္စကို ပြည်သူတွေက မကျေနပ်ရာကနေ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်နိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့တာပါ။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အာဏာရ NLD ပါတီရဲ့ ခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့ဝင်တွေကိုလည်း ထိန်းသိမ်းခဲ့ပါတယ်။

    ဒီကိစ္စကို အမေရိကန်၊ ယူကေနဲ့ ဥရောပ အပါအဝင် နိုင်ငံတော်တော်များများက ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

    Burma’s Coup and Biden’s Choice (မြန်မာ့အာဏာသိမ်းမှုနှင့် ဘိုင်ဒန်အတွက်ရွေးချယ်စရာ) ဆိုတဲ့ Wall Street က ဆောင်းပါးမှာ အမေရိကန်အနေနဲ့ စီးပွားရေးပိတ်ဆို့မှုထက် ပိုပြီးထိရောက်တဲ့ တုန့်ပြန်မှုမျိုးကို ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

    အရင်က အနောက်နိုင်ငံတွေဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းဖို့အတွက် စီးပွားရေးပိတ်ဆို့မှုကို အသုံးချခဲ့ပေမယ့် တကယ်အသွင်ကူးပြောင်းတဲ့အခါ စစ်တပ်ရဲ့ အာဏာလွှဲပြောင်းမှုဟာ လူတွေထင်နေသလောက် မရှိဘူးလို့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

    လက်ရှိ အာဏာသိမ်းမှုဖြစ်ရာမှာ အရင်ကအတိုင်း စီးပွားရေးပိတ်ဆို့မှုကို ထပ်သုံးမယ်ဆိုရင် ၅၄ သန်းသော မြန်မာပြည်သူတွေသာ ထပ်ပြီးအထိနာမှာဖြစ်ပြီး နိုင်ငံဟာ တရုတ်လက်တွင်း လုံး၀ သက်ဆင်းသွားလိမ့်မယ်လို့ သတိပေးထားပါတယ်။

    မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို တရုတ်က ရှုတ်ချတာမျိုး မလုပ်တာကို ဆောင်းပါးမှာ ထောက်ပြထားပြီး စစ်အစိုးရသစ်နဲ့ ရွှေလမ်းငွေလမ်းဖောက်ဖို့ လုပ်ကောင်းလုပ်လိမ့်မယ်လို့လည်း ဆိုပါတယ်။

    ရိုဟင်ဂျာပြဿနာကို ကိုင်တွယ်ရာမှာ အရင်က ထိန်းသိမ်းထားတဲ့ လစ်ဘရယ်တန်ဖိုးတစ်ချို့ကို စွန့်လွှတ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် သပွတ်အူလိုက်​နေတဲ့ လူမျိုးစုပြဿနာတွေအောက်မှာ ကံမကောင်းအကြောင်းမလှစွာ ခေါင်းငုံ့အညံ့ခံခဲ့ရတယ်လို့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

    လက်ရှိ မြန်မာနိုင်ငံဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အကြပ်အတည်းတွေ့မယ့်အနေအထားရှိနေပြီး တရုတ်လက်တွင်း သက်ဆင်းရမယ့်အန္တရာယ်ကို လျှော့ချဖို့ အမေရိကန်အစိုးရက လုပ်နိုင်စွမ်းရှိကြောင်း၊ စစ်အာဏာသိမ်းမှုကို တုန့်ပြန်ရာမှာ အာရှရဲ့ မဟာဗျူဟာကျတဲ့အခြေအနေတွေကို ထည့်သွင်းစဉ်းစားပြီး နိုင်ငံရေးစံနှုန်းတွေကို ရှုတ်ချတာထက် လက်တွေ့ထိရောက်မယ့် သံခင်းတမန်ခင်းတွေ လိုအပ်ကြောင်း ထည့်သွင်း ထောက်ပြထားပါတယ်။

    အနောက်နိုင်ငံတွေရဲ့ တာဝန်မဲ့မှုကြောင့် တရုတ်က မြန်မာကို လက်ရုံးနိုင်ငံအဖြစ် ရှုမြင်ဆက်ဆံခဲ့ကြောင်း၊ ထရမ့်လက်ထက် ‘အင်အားကြီးနိုင်ငံဦးစားပေး’ သံတမန်မူဝါဒဟာ တစ်ခါတစ်ရံမှာ အလျော်အစားကြီးတတ်ပြီး ဘိုင်ဒန်အစိုးရအနေနဲ့ လစ်ဘရယ်တန်ဖိုးတွေကို အဓိကထားကာ ဒီလမ်းကြောင်းနဲ့ ဆန့်ကျင်ဘက်လားရာကို သွားသင့်ကြောင်းလည်း ဆောင်းပါးမှာ ထောက်ပြထားပါတယ်။

    Ref: Wall Street Journal

  • ရိုဟင်ဂျာများ နေရပ်ပြန်ရေး တရုတ်-ဘင်္ဂလား-မြန်မာ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပ

    ရိုဟင်ဂျာများ နေရပ်ပြန်ရေး တရုတ်-ဘင်္ဂလား-မြန်မာ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပ

    ဇန်နဝါရီ ၂၀၊ ၂၀၂၁
    M-Media

    ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်း

    -အကြမ်းဖက်မှုတွေကြောင့် ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်လာရေးအတွက် တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ မနေ့က အတွင်းဝန်အဆင့် ဆွေးနွေးပွဲကို အွန်လိုင်းကနေ ပြုလုပ်ခဲ့ပြီး တရုတ်ဒုတိယဝန်ကြီးချုပ် လော်ကျောက်ဟွေ တက်ရောက်ခဲ့ပါတယ်။

    ရိုဟင်ဂျာတွေကို အခုနှစ်ဆန်းပိုင်းမှာ ပြန်ပို့ဖို ဘင်္ဂလားဒေ့ရှ်က ဆွေးနွေးပွဲမှာ ပြောခဲ့ပေမယ့် မြန်မာဖက်က ဒုတိယ ၃ လပတ်မှ စတင်လက်ခံဖို့ ပြောခဲ့ပါတယ်။

    “ပထမ ၃ လပတ်မှာ နေရပ်ပြန်ဖို့ရေးလုပ်ငန်းစဖို့ ကျွန်တော်တို့ တွန်းအားပေးခဲ့ပေမယ့် ပို့ဆောင်ရေးနဲ့ မြေပြင်အစီအမံတွေအတွက် အချိန်ထပ်ပေးဖို့ မြန်မာဖက်က တောင်းဆိုခဲ့ပါတယ်။ ဒါ့ကြောင့် ဒုတိယ ၃ လပတ်မှာ လုပ်ငန်းစဖို့ ကျွန်တော်တို့ပြောခဲ့ပြီး မြန်မာဖက်ကလည်း သဘောတူခဲ့ပါတယ်” လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူ မာဆွဒ် ဘင် မိုမန်က ဆွေးနွေးပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

    ရိုဟင်ဂျာတွေ နေရပ်ပြန်လာတဲ့အခါ ရခိုင်ပြည်နယ်အတွင်း နိုင်ငံတကာအသိုင်းအဝိုင်းက အဖွဲ့အစည်းတွေ ထားရှိစောင့်ကြည့်ရေး ဘင်္ဂလားဒေ့ရှ်ရဲ့ အဆိုပြုမှုကိုလည်း တရုတ်နဲ့ မြန်မာတို့က လက်ခံခဲ့ပါတယ်။

    ပထမအသုတ် နေရပ်ပြန်လာတဲ့ ရိုဟင်ဂျာတွေကို တရုတ်နိုင်ငံက ကိုဗစ်ကာကွယ်ဆေး အခမဲ့ ထိုးပေးသွားမှာဖြစ်ပါတယ်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေ အဘ်ဒူလ် မိုမင်က နေရပ်ပြန်ပို့ရေးကသာ ရိုဟင်ဂျာပြဿနာ ဖြေရှင်းဖို့ တစ်ခုတည်းသောအဖြေ ဖြစ်မှာဖြစ်ပြီး အခြားနည်းလမ်း မရှိဘူးလို့ ဒီဆွေးနွေးပွဲမတိုင်ခင် ရက်အနည်းငယ်မှာ ပြောကြားခဲ့ပါတယ်။

    ဒုက္ခသည်စခန်းက ရိုဟင်ဂျာကိုယ်စားလှယ်အဖွဲ့ကို ရခိုင်ပြည်နယ် အရင်စေလွှတ်ပြီး နေရပ်ပြန်ရေးကိစ္စ စီစဉ်ခိုင်းဖို့၊ မူရင်းနေထိုင်တဲ့ရွာတွေမှာ ပြန်လည်နေရာချထားပေးဖို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဆိုပြုခဲ့ပါတယ်။

    ဆွေးနွေးပွဲကို မြန်မာနိုင်ငံရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဒုတိယဝန်ကြီး ဦးဟောက်ဒိုဆွမ်း တက်ရောက်ခဲ့ပါတယ်။

    မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံရေး လိုအပ်တဲ့ ဆောင်ရွက်မှုတွေအားလုံး လုပ်ဆောင်ထားပြီး၊ မြန်မာနိုင်ငံမှာ မွေးဖွား နေထိုင်ခဲ့တယ်လို့ အတည်ပြုနိုင်တဲ့သူတွေကို နှစ်နိုင်ငံသဘောတူညီချက်အရ လက်ခံဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။

    ဒါပေမယ့် ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံမယ့် ရက်စွဲအတိအကျကို ဒီကြေငြာချက်မှာ မဖော်ပြထားပါဘူး။

    ရိုဟင်ဂျာတွေ နေရပ်မပြန်နိုင်အောင် အကြမ်းဖက်သမားတွေက ခြိမ်းခြောက် အကြပ်ကိုင်မှု ပြဿနာကို ဖြေရှင်းဖို့ မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ဘင်္ဂလားဒေ့ရှ်ကို အစည်းအဝေးမှာ တိုက်တွန်းခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ်က ဒီကိစ္စကို သိရှိထားပြီး နိုင်ငံအတွင်း ဘယ်လက်နက်ကိုင်ကိုမှ အခြေချဖို့ ခွင့်ပြုသွားမှာ မဟုတ်ဘူးလို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    ရိုဟင်ဂျာတွေ နေရပ်မြန်မာနိုင်ငံကိုပြန်ရေး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ ၂၀၁၇ ခုနှစ်ကတည်းက သဘောတူညီချက် ရထားပေမယ့် လက်တွေ့အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။

    နောက်ဆုံးဆွေးနွေးမှုကို ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ ၂၀ ရက်နေ့က နယူးယောက်မြို့မှာ ကျင်းပခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်က ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ တောင်းဆိုခဲ့ပေမယ့် မြန်မာဖက်က အကြိမ်ကြိမ် ရပ်ဆိုင်းခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

    ရခိုင်ပြည်နယ်မှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေဟာ စစ်အာဏာရှင် ဦးနေဝင်းလက်ထက် ၁၉၇၀ ပြည့်နှစ်တွေကတည်းက ဖိနှိပ်ညှင်းပမ်းမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတာပါ။

    ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၈ သိန်းလောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထပ်မံထွက်ပြေးခဲ့ရပါတယ်။ ဒီစစ်ဆင်ရေးအတွင်း အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ အဓမ္မကျင့်မှုတွေ၊ ရွာလုံးကျွတ်မီးရှို့မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပြီး မြန်မာအစိုးရနဲ့ စစ်တပ်ကတော့ ဒီသတင်းတွေကို ငြင်းဆိုကာ အကြမ်းဖက်အဖွဲ့ ARSA ကို တိုက်ဖျက်တဲ့ စစ်ဆေးရေးသာဖြစ်တယ်လို့ဆိုပါတယ်။

    အဲဒီစစ်ဆင်ရေးမှာ ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့ ဖြစ်စဉ်တစ်ချို့ ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်တွေမှာ ပေါ်ထွက်ခဲ့ပြီး ဒီကိစ္စမှာပါဝင်ခဲ့တဲ့ စစ်သားတွေကို အရေးယူထားတယ်လို့ မြန်မာစစ်တပ်က ထုတ်ပြန်ပါတယ်။

    Ref: Anadolu Agency

  • ကရင်ပြည်နယ်က တရုတ်မြို့မှာ လတ်တလော ဘာတွေဖြစ်နေလဲ?

    ကရင်ပြည်နယ်က တရုတ်မြို့မှာ လတ်တလော ဘာတွေဖြစ်နေလဲ?

    ဇန်နဝါရီ ၁၊ ၂၀၂၁
    M-Media

    ၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်းက BGF တပ်ဖွဲ့ကို တွေ့ရစဉ်

    -နယ်စပ်က မြ၀တီမြို့ကို တပ်မတော်က ထိန်းချုပ်လိုက်ပြီး ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BFG) ကလည်း မြ၀တီနားက ရွှေကုက္ကိုမြို့ကို ပိတ်ချလိုက်ပါတယ်။ ဒါဟာ BGF ရဲ့ စီးပွားရေးအင်ပါယာ ချဲ့ထွင်မှုနဲ့ပတ်သက်ပြီး တင်းမာမှု​မြင့်လာတာကို ပြသနေပါတယ်။

    အသက် ၅၂ နှစ်အရွယ် ဦးမြင့်လှိုင်တစ်ယောက် ဒီဇင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းက မြ၀တီမြို့ထဲ သတင်းစာလိုက်ပို့ချိန် ထူးခြားတဲ့အနေအထားတစ်ခုကို တွေ့မြင်ခဲ့ရပါတယ်။ တပ်မတော်ရဲ့ စစ်ဆေးရေးဂိတ်ပါ။

    ​သောင်ရင်းမြစ်ကမ်းနဖူးပေါ်မှာရှိပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့ရဲ့ တစ်ဖက်က မြ၀တီမြို့ လုံခြုံရေးကို ပုံမှန်အားဖြင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့(BGF)က စီမံတာဖြစ်ပါတယ်။

    ဒါပေမယ့် အဲဒီနေ့မနက် ​မြို့တွင်းကိုလှည့်ပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် သတင်းစာပို့တဲ့အချိန်မှာတော့ တပ်မတော်က မြို့တစ်ဝိုက် စစ်ဆေးရေးဂိတ် တစ်ဒါဇင်လောက်ချပြီး စောင့်ကြပ်စစ်ဆေးနေတယ်ဆိုတာကို ဦးမြင့်လှိုင်တစ်ယောက် သတိပြုမိခဲ့ပါတယ်။ အရင်က ရှိခဲ့တဲ့ BGF ရဲ့ စစ်ဆေးရေးဂိတ်တွေမှာလည်း တပ်မတော်သားတွေ ရောက်လာပါတယ်။

    “ဒီတစ်ပတ်အတွင်း အဓိက လမ်းဆုံတိုင်းမှာ စစ်ဆေးရေးဂိတ်တွေ ချထားပါတယ်” လို့ သူက ဒီဇင်ဘာ ၂၁ ရက်နေ့မှာ Frontier ကို ပြောကြားခဲ့ပါတယ်။

    စစ်ဆေးရေးဂိတ်တွေချပြီး သိပ်မကြာခင် ဒီဇင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်မှာ မြ၀တီမြို့က နေရာတော်တော်များများကို ရဲတပ်ဖွဲ့နဲ့ တပ်မတော်တို့ ပူးပေါင်းကာ ဝင်ရောက်စစ်ဆေးခဲ့ပြီး လိုင်စင်မဲ့ကား ၁၄၇ စီးကို BGF ထံကနေ သိမ်းယူခဲ့ပါတယ်။

    ဒီလို သိမ်းဆည်းမှုကြောင့် တပ်မတော်နဲ့ လက်နက်အင်အား တောင့်တင်းတဲ့ BGF တို့အကြား ပွတ်တိုက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှု မြင့်တက်လာပါတယ်။ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ဟာ တရားဝင်အားဖြင့် တပ်မတော်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပေမယ့် ကိုယ်ပိုင်စီမံအုပ်ချုပ်ခွင့် သိသိသာသာရထားပြီး၊ အထူးသဖြင့် စီးပွားရေးလုပ်ကိုင်ခွင့်တွေ ဖြစ်ပါတယ်။

    “BGF ရဲ့ နယ်မြေကို တပ်မတော်က ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်တယ်လို့ တစ်ချို့လူတွေက ယူဆနေပါတယ်”လို့ ဦးမြင့်လှိုင်က ပြောပါတယ်။

    စီးပွားရေးအင်ပါယာ ချဲ့ထွင်ခြင်း

    ၁၉၉၄ ခုနှစ်က ကရင်အမျိုးသားအစည်းအရုံးကနေ ခွဲထွက်လာပြီး တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာနေဖို့ လက်ခံခဲ့တဲ့ ဒီမိုကရက်တစ်ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့ (DKBA) အဖွဲ့ဝင်အများစုနဲ့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF) ကို ၂၀၁၀ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။

    BGF အဖွဲ့ကို ဗိုလ်မှူးကြီး စောချစ်သူက ဦးဆောင်ပြီး မြ၀တီမြို့ မြောက်ဖက် ကီလိုမီတာ ၂၀ အကွာမှာရှိတဲ့ ရွှေကုက္ကိုမြို့မှာ အခြေစိုက်ပါတယ်။ စောချစ်သူဟာ အရင်က DKBA တပ်မှူးဖြစ်ပြီး အခုအချိန်မှာတော့ ကရင်ပြည်နယ် နယ်စားခြောင့်တပ်ဖွဲ့ဗဟိုဌာနချုပ်မှာ အထွေထွေအတွင်းရေးမှူး၊ အကြီးတန်းအကြံပေးအဖြစ် ဆောင်ရွက်နေပါတယ်။

    အရင်က DKBA နဲ့ အခု BGF တို့ဟာ ထိုင်းနယ်စပ်က တစ်နှစ်ကို ဒေါ်လာသိန်းသန်းချီ ကုန်ပစ္စည်းတွေဝင်တဲ့ ကုန်သွယ်ရေးဂိတ်တွေကို ထိန်းချုပ်ပြီး တရားမဝင် စီးပွားရေးလုပ်ငန်းတွေမှာ ၁၀ စုနှစ်ချီ ပါဝင်ဆောင်ရွက်ခဲ့တာပါ။

    ထိုင်းနိုင်ငံတဲ့ ကပ်နေတဲ့ သူတို့အခြေစိုက်ရာ ရွှေကုက္ကိုက ‘Yatai မြို့သစ်’ စီမံကိန်းကြီးမှာ ပါဝင်မှုအတွက် မကြာသေးခင်က BGF ကို လူတွေက သတိထားမိလာပါတယ်။ဘန်ကောက်အခြေစိုက် Yatai International ကုမ္ပဏီနဲ့ ပူးတွဲဖော်ဆောင်မယ့် အဲဒီမြို့သစ်ဟာ ကန်ဒေါ်လာ ၁၅ ဘီလီယံလောက်တန်မယ့် စမတ်မြို့သစ်ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ခါးပတ်တစ်ကွင်း လမ်းတစ်စင်းစီမံကိန်း (Belt and Road Initiative) ကို အားဖြည့်ပေးမယ့်မြို့လို့ ဆိုပါတယ်။ လေ့လာဆန်းစစ်သူတွေက တရုတ်နိုင်ငံသားတွေ​ကို ပစ်မှတ်ထားတဲ့ လောင်းကစားမြို့တော် ဖြစ်လာမယ့် ဒီစီမံကိန်းဟာ နောက်ကွယ်က ဒုစရိုက်လုပ်ငန်းအတွက် ရုပ်ပြဖြစ်တယ်လို့ သုံးသပ်ပါတယ်။ တရုတ်သတင်းစာ Caixin က Yatai ကုမ္ပဏီပိုင်ရှင် တရုတ်လူမျိုး ရှဲကျင့်ကျန်းဟာ တရုတ်နိုင်ငံကနေ ထွက်ပြေးသွားတဲ့ ၀ရမ်းပြေးဖြစ်တယ်လို့ အောက်တိုဘာလမှာ ဖော်ပြပါတယ်။ အစိုးရရဲ့ခွင့်ပြုချက် မယူထားတဲ့အတွက် Yatai မြို့သစ် ဆောက်လုပ်ရေးလုပ်ငန်း တော်တော်များများကို လက်ရှိမှာ ရပ်ဆိုင်းထားရပါတယ်။

    သောင်ရင်းမြစ် အနောက်ဖက်ကမ်းနဖူးပေါ်မှာရှိတဲ့ မြ၀တီမြို့က ကာစီနုိလောင်းကစားလုပ်ငန်း အသစ်တွေနဲ့လည်း ကရင်နယ်ခြားစောင့်တပ်ဖွဲ့က ဆက်စပ်မှု ရှိနေပါတယ်။ ထိုင်းနဲ့ တရုတ်နိုင်ငံတို့က ရင်းနှီးမြှုပ်နှံပြီး ပြည်တွင်း၊ ပြည်ပက လောင်းကစားသမားတွေကို ဝန်ဆောင်မှုပေးနေတဲ့ အဲဒီ ကာစီနိုရုံတွေဟာ အစိုးရရဲ့ လောင်းကစားတိုက်ဖျက်ရေး ဥပဒေတွေကို ချိုးဖောက်ပြီး ဖွင့်လှစ်ထားပုံပါပဲ။ အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်သူတွေ လွတ်မြောက်ရာနယ်မြေမျိုး ဖြစ်နေပါတယ်။ BGF နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ လုပ်ငန်းတော်တော်များများမှာ တရုတ်နိုင်ငံက ကျွမ်းကျင်လုပ်သား ထောင်ချီကို တရားမဝင်ခေါ်ယူ ခိုင်းစေထားတဲ့အတွက် ဒေသခံတွေက ဒေါသထွက်ကြပါတယ်။

    Yatai မြို့သစ်ဖော်ဆောင်မှုက မသမာမှုတွေကို စုံစမ်းဖော်ထုတ်ဖို့အတွက် အဖွဲ့တစ်ခု ဖွဲ့စည်းလိုက်ကြောင်း အစိုးရက ဇွန်လမှာ ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ဒီစီပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး တပ်မတော်နဲ့ BGF တို့အကြား တင်းမာမှု ရှိလာတယ်ဆိုတဲ့ ကောလဟာလတွေ မြ၀တီမြို့မှာ ပြန့်နှံ့ခဲ့တာပါ။

    အဲဒီနောက် Yatai မြို့သစ် စီမံကိန်းမှာ မိမိတို့တပ်ဖွဲ့က အရာရှိတွေ လာဘ်ပေးလာဘ်ယူ ရှိလားဆိုတာကို စုံစမ်းစစ်ဆေးနေတယ်လို့ တပ်မတော်က ထုတ်ပြန်ခဲ့ပါတယ်။ ဒီစီမံကိန်းမှာ မိမိတို့မပါဝင်ကြောင်း တရုတ်သံရုံးကလည်း ထူးထူးခြားခြား ကြေငြာချက် ထုတ်ပြန်ပါတယ်။

    မြို့တည်ဆောက်မှုလုပ်ငန်းအားလုံးကို ရပ်ဆိုင်းဖို့ တပ်မတော်က BGF အဖွဲ့ကို အခုလစောပိုင်းမှာ အမိန့်ပေးခဲ့တယ်လို့ သတင်းရင်းမြစ်တော်တော်များများက Frontier သတင်းဌာနကို အတည်ပြုပါတယ်။

    တပ်မတော်နဲ့ BGF အဖွဲ့အကြား တင်းမာမှု မြင့်တက်လာတာ၊ တပ်ဖွဲ့တွေ ထပ်တိုးချထားတာ၊ မကြာသေးခင်က ကားတွေဖမ်းဆီးတာ စတဲ့အကြောင်းတွေကြောင့် ဒေသတွင်းမှာ တိုက်ခိုက်မှုဖြစ်လာမလားဆိုတဲ့ စိုးရိမ်မှုတွေ ဒေသခံတွေမှာ ရှိနေကြောင်း ဦးမြင့်လှိုင်က ပြောပါတယ်။

    မြ၀တီမြို့ကနေ ကီလိုမီတာ ၃၀၀ အကွာက ဖာပွန်မြို့မှာ KNU ရဲ့ လက်နက်ကိုင်အဖွဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ ၅ နဲ့ တပ်မတော်တို့အကြား လတ်တလော တိုက်ခိုက်မှုတွေကြောင့် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်တာလို့ တရားဝင်ထုတ်ပြန်ချက်က ဆိုပါတယ်။

    “KNLA နဲ့ လတ်တလော တိုက်ခိုက်မှုတွေကြောင့် လုံခြုံရေးအခြေအနေအရ မြ၀တီမြို့နဲ့ ပတ်ဝန်းကျင်မှာ တပ်တွေ ထပ်ဖြည့်တာဖြစ်ပါတယ်” လို့ မြ၀တီမြို့ အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။

    ဒီဇင်ဘာအစပိုင်းကစပြီး ဖာပွန်မြို့မှာ တိုက်ခိုက်မှုတွေ တော်တော်များများဖြစ်တယ်လို့ သတင်းတွေ တက်လာပါတယ်။ လတ်တလောဖြစ်သွားတာက ဒီဇင်ဘာ ၁၅ ရက်နေ့ မနက်ပိုင်း မယ်ဝိုင်မြို့မှာဖြစ်ပြီး KNLA က ပစ်ခတ်မှုကြောင့် တပ်မတော်စစ်သားအချို့ ဒဏ်ရာရခဲ့ပါတယ်။ တစ်နိုင်ငံလုံး အပစ်ရပ်ရေး သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲကြပါတယ်။ KNU ဟာ ၂၀၁၅ ခုနှစ်က ဒီသဘောတူညီချက်ကို လက်မှတ်ရေးထိုးထားတာပါ။

    မြ၀တီ နတ်ရှင်နောင် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက တရားဝင်ထုတ်ပြန်ချက်အပေါ်မှာ သံသယရှိတယ်လို့ ဆိုပါတယ်။ မြ၀တီမြို့က ‘ပူးပေါင်း’ လုံခြုံရေးဆောင်ရွက်မှုဆိုတာ တပ်မတော်က ထိန်းချုပ်လိုက်တာနဲ့ ပိုတူတယ်လို့ သူက ပြောပါတယ်။ အရင်က BGF တပ်ဖွဲ့တွေ လွတ်လွတ်လပ်လပ် စီမံတဲ့ စစ်ဆေးရေးဂိတ်တွေမှာ တပ်မတော်သားတွေ ရောက်လာပြီး၊ တပ်မတော်က မြို့တွင်းနဲ့ မြို့ပတ်ဝန်းကျင်မှာ စစ်ဆေးရေးဂိတ်သစ် ၁၅ ခု ချထားတာကို သူက ထောက်ပြပါတယ်။

    “ဖာပွန်က တိုက်ပွဲကြောင့် စစ်ဆေးရေးဂိတ်တွေ တိုးလာတာလို့ ပြောပေမယ့် တစ်ခုခုဖြစ်နေတယ်လို့ ကျွန်တော်ထင်ပါတယ်”

    ရွှေကုက္ကိုကို ပိတ်ထား

    မြ၀တီမြို့မြောက်ပိုင်းက ရွှေကုက္ကိုမှာ လုံခြုံရေးတိုးမြှင့်တာတွေလုပ်ပြီး တပ်မတော်ရဲ့ ဆောင်ရွက်ချက်ကို BGF က တုန့်ပြန်ပါတယ်။

    ဒီဇင်ဘာ ၁၅ ရက်နေ့ကစပြီး BGF က ခရီးသွားလာမှု ပိတ်ပင်ခဲ့ကာ သူတို့ ထိန်းချုပ်တဲ့ဒေသကို အဝင်၊ အထွက် ပိတ်လိုက်တယ်လို့ မိတ်ဆွေတွေက ပြောကြောင်း ဦးကျော်စိုးက ပြန်ပြောပြပါတယ်။

    ဒီ လုံခြုံရေးဆောင်ရွက်မှုတွေကိုကြည့်ရင် BFG က ‘တိုက်ပွဲအတွက် ပြင်ဆင်နေပုံရကြောင်း’ ဦးကျော်စိုးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Yatai မြို့သစ်တည်ဆောက်မှု ရပ်ဆိုင်းလိုက်တဲ့ ဒီဇင်ဘာအစောပိုင်းကစပြီး BGF က တပ်တွေ ထပ်တိုးချထားလိုက်တယ်လို့ ရွှေကုက္ကိုမှာနေထိုင်တဲ့ ကိုစောတင်ရွှေက ပြောပါတယ။်

    “ခြံထွက်သီးနှံတွေကို စျေးမှာသွင်းဖို့အတွက် တစ်ပတ်ကို တစ်ခါလောက် ကျွန်တော် မြ၀တီသွားပါတယ်။ ဒါပေမယ့် ဒီဇင်ဘာ ပထမပတ်လောက်ကစပြီး လမ်းတွေကို ပိတ်ထားပါတယ်။ ရွှေကုက္ကိုကနေဖယ်ဖို့ တပ်မတော်က ပြောပေမယ့် BFG က လက်မခံဘူးဆိုတဲ့အကြောင်း BGF တပ်သားတွေ ပြောတာကို ကျွန်တော် ကြားပါတယ်”

    လုံခြုံရေးအခြေအနေ ကောင်းမွန်လာရင် ရွှေကုက္ကိုတစ်ဝိုက်ကို ပြန်ဖွင့်ပေးမယ်လို့ BGF က ဒေသခံတွေကို ပြောထားပေမယ့် ဘာ့ကြောင့် လုံခြုံရေး စိုးရိမ်ရလဲဆိုတာကို အသိမပေးခဲ့ဘူးလို့လည်း ကိုစောတင်ရွှေက ပြောပါတယ်။

    ဒေသခံတွေကို အပြင်ထွက်ခွင့်မပေးပေမယ့် အစိုးရတာဝန်ရှိသူတွေကို ရွှေကုက္ကိုလာခွင့် BGF က ပေးတယ်လို့ သူက ဆိုပါတယ်။ စုံစမ်းစစ်ဆေးမှု စတင်တဲ့ ဇွန်လကတည်းက လ၀က၊ ရဲ၊ အထွေထွေအုပ်ချုပ်ရေးဌာန တာဝန်ရှိသူတွေ ပါဝင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ တစ်လကို နှစ်ကြိမ်လောက် ရွှေကုက္ကိုကို လာလေ့ရှိပါတယ်။

    ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ တရုတ်အလုပ်သမားတွေ ရှိနေဆဲဖြစ်ပြီး သူတို့ကို တရုတ်ပြည်ပြန်ပို့ဖို့ စီစဉ်နေကြောင်း အစိုးရက ဒေသခံတွေကို ပြောထားတယ်လို့လည်း ကိုစောတင်ရွှေက ပြောပါတယ်။

    BGF အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး နိုင်မောင်ဇော်က တပ်မတော်ရဲ့ ညွှန်ကြားချက်ကြောင့် Yatai မြို့သစ် ဆောက်လုပ်ရေးလုပ်ငန်း​တွေအားလုံး ရပ်ထားကြောင်း ဒီဇင်ဘာ ၂၁ ရက်နေ့မှာ အတည်ပြုပါတယ်။

    ​မြ၀တီနဲ့ ရွှေကုက္ကိုမြို့မှာ တပ်မတော်နဲ့ BGF တို့ ပူးပေါင်းပြီး လုံခြုံရေးဆောင်ရွက်တာဟာ ဖာပွန်မြို့က တိုက်ပွဲကြောင့်ဖြစ်ပြီး BGF ရဲ့ ဒေသတွင်းလုပ်ဆောင်မှုတွေကြောင့် မဟုတ်ဘူးလို့ သူက ထည့်သွင်းပြောဆိုပါတယ်။

    “ဖာပွန်ခရိုင် မယ်ဝိုင်မြို့မှာ ဖြစ်တဲ့ကိစ္စနဲ့ နွယ်ပြီး တပ်မတော်မှာ အကြောင်းတစ်ခုခု ရှိချင်ရှိမှာပေါ့လေ။ ကျွန်တော် ဒီလောက်ပဲ ပြောလိုပါတယ်”

    အပြန်အလှန်ယုံကြည်မှု ပျက်ဆီး

    BGF ကို အကြောင်းမကြားဘဲ မြ၀တီကို တပ်တွေထပ်ပို့တဲ့ တပ်မတော်ရဲ့ ဆုံးဖြတ်ချက်ဟာ စိုးရိမ်စရာကောင်းတယ်လို့ BGF က အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။

    “တပ်မတော်က အားလုံးကို တိတ်တိတ်ကလေး လုပ်သွားတာ။ မြို့ထဲနဲ့ မြို့ပတ်ဝန်းကျင်မှာ သူတို့ ဘာတွေလုပ်နေတယ်ဆိုတာ တပ်မတော်က BGF ကို မပြောခဲ့ဘူး။ ရွှေကုက္ကိုမှာလည်း တပ်တွေထပ်ချမယ်လို့ ကျွန်တော်တို့ကြားတယ်။ ကျွန်တော်တို့မေးတော့ တပ်မတော်က မဟုတ်ဘူးလို့ ပြောပါတယ်”

    မြ၀တီကို တပ်မတော်က ပိုပြီး အာရုံစိုက်လာတာဟာ မဲဆောက်နဲ့ မျက်နှာချင်းဆိုင် မြစ်ကမ်းပေါ်က ကာစီနိုလောင်းကစားဝိုင်းတွေကြောင့် ဖြစ်ပုံရပါတယ်။ တရုတ်အလုပ်သမားတွေ ထောင်ချီအလုပ်လုပ်နေတဲ့ ကာစီနိုရုံတွေနားမှာ တပ်မတော်က စစ်ဆေးရေးဂိတ်အသစ်တွေချထားတာပါ။

    ဒါပေမယ့် ကာစီနိုတွေကို အာရုံစိုက်ပုံပြတာဟာ BGF ကို ဖယ်ပြီး သူတို့တပ်တွေအစားထိုးမယ့် တပ်မတော်ရဲ့ ရည်ရွယ်ချက်ကို ဖုံးကွယ်ဖို့ဖြစ်တယ်လို့ BGF က အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကရင်ပြည်နယ်မှာ တပ်မတော်က စစ်ရေး၊ စီးပွားရေး ပိုမိုထိန်းချုပ်ခွင့် ရသွားပြီး၊ အစိုးရက ထဲထဲဝင်ဝင် ဝင်မပါခင်မှာ Yatai မြို့သစ်ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်လိမ့်မယ်လို့လည်း သူက ဆိုပါတယ်။

    “BGF ကို သူတို့ အပြစ်ရှာနေတာ။ ဒါ့ကြောင့် မြ၀တီက ကာစီနိုရုံတွေအတွက် BGF ကို အပြစ်တင်တာပါ”

    ဒီလိုဖယ်ရှားမယ်ဆိုရင် တပ်မတော်နဲ့ BGF တို့အကြား တိုက်ပွဲတွေဖြစ်တဲ့အထိ ဖြစ်သွားနိုင်တယ်လို့လည်း ဒီရင်းမြစ်က ဆိုပါတယ်။

    “အပြန်အလှန်ယုံကြည်မှုက ပျက်ဆီးသွားပြီဗျ။ တပ်မတော်က ဒါမျိုး ဆက်လုပ်နေရင် ဒီနေရာမှာ တိုက်ပွဲတွေ ပြန်ဖြစ်မှာပဲ။ ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆုံးရှုံးသွားတာ ကိစ္စမရှိဘူး။ ဒါပေမယ့် ဂုဏ်သိက္ခာကိုတော့ ကာကွယ်ရလိမ့်မယ်။ ​သူတို့ရဲ့ရည်ရွယ်ချက်က BGF ကိုဖယ်ပြီး သူတို့ တပ်ဖွဲ့တွေ ချထားဖို့။ ဒါမျိုးဖြစ်လာရင်တော့ ကျွန်တော်တို့လည်း ငြိမ်ခံနေလို့မရဘူး။ ပြဿနာက ပိုကြီးလာမှာ”

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဖြစ်ပြီး ရွှေကုက္ကိုပါဝင်တဲ့ မဲဆန္ဒနယ်ကို ကိုယ်စားပြုတဲ့ ကရင်ပြည်နယ်လွှတ်တော်အမတ် ဦးအိုက်ကျန်ခမ်းက မြ၀တီမြို့တစ်ဝိုက် တပ်မတော်က စစ်ဆေးရေးဂိတ်တွေ ချတာနဲ့ပတ်သက်လို့ NLD ဦးဆောင်တဲ့ ပြည်နယ်အစိုးရက ဘာမှမသိရဘူးလို့ ပြောပါတယ်။

    မြ၀တီကနေ ရွှေကုက္ကိုသွားတဲ့လမ်းတစ်လျှောက် တပ်မတော်က စစ်ဆေးရေးဂိတ်တွေ ချထားလိုပေမယ့် BGF က လက်မခံဘူးလို့လည်း သူက ဆိုပါတယ်။

    ဒီဇင်ဘာလကုန်ပိုင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြ၀တီမြို့ကို လာရောက်ဖို့ ရှိတယ်လို့ လွှတ်တော်အမတ် အိုက်ကျန်ခမ်းက ပြောပါတယ်။

    ​ကာကွယ်ရေးဦးစီးချုပ် ဒီလိုသွားရောက်မယ်ဆိုတဲ့သတင်းကို တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို Frontier က မေးလို့ မရခဲ့ပါဘူး။ BGF အဖွဲ့ဝင် မောင်ဇော်က ဒီသတင်းကို ကြားပေမယ့် အတည်ပြုလို့မရသေးဘူးလို့ ပြောပါတယ်။

    “ဖာပွန်တိုက်ပွဲအပြီးမှာ တပ်မတော်က မြ၀တီမြို့မှာ တပ်တွေ ထပ်တိုးချထားတယ်။ ကာကွယ်ရေးဦးစီးချုပ်လာမယ့် ခရီးစဉ်အတွက် လုံခြုံရေးယူတယ်လို့လည်း ကျွန်တော် ကြားပါတယ်” လို့ ဦးအိုက်ကျန်ခမ်းက ပြောပါတယ်။

    Ref : Frontier Myanmar

    (Frontier Myanmar ​တွင် ဖော်ပြထားသည့် Shwe Kokko locked down as locals fear clashes between Tatmadaw, BGF ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)