News @ M-Media

Tag: Minority In Myanmar

  • နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နယ်သာလန်အောက်လွှတ်တော်ကော်မတီနှင့် တွေ့ဆုံမည်

    နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နယ်သာလန်အောက်လွှတ်တော်ကော်မတီနှင့် တွေ့ဆုံမည်

    ဒီဇင်ဘာ ၁၃၊ ၂၀၁၉
    M-Media

    -နယ်သာလန်နိုင်ငံ သည်ဟေ့ဂ်မြို့ကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နယ်သာလန် အောက်လွှတ်တော် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိနေပြီး နယ်သာလန် သတင်းဌာန NOS နဲ့ အင်တာဗျူးမှာ ဖြစ်ပါတယ်။

    ၂၀၁၇ ခုနှစ်နှောင်းပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်ကပြုလုပ်တဲ့ စစ်ဆင်ရေးဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက် ရှိနေပြီး ကြားဖြတ်ဆုံးဖြတ်ချက်တစ်ခုချဖို့ ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာ ခုံသမာဓိရုံး ICJ ကို လျှောက်ထားခဲ့တာပါ။

    ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့က ဒီကိစ္စကို သည်ဟေ့ဂ်မြို့မှာ လာရောက်ထုချေခဲ့တာ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တာမျိုး ရှိကောင်းရှိနိုင်ပေမယ့် ဒါဟာ လူမျိုးတုန်းသတ်ဖြတ်မှုတော့ မမြောက်ဘူးလို့ ဒေါ်အောင်ဆန်းစုက ပြောကြားခဲ့ပါတယ်။

    ဒီကနေ့ နယ်သာလန်အောက်လွှတ်တော်ရဲ့ နိုင်ငံ‌ခြားရေးကော်မတီဟာ ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံတွေ့ဆုံမှာဖြစ်ပြီး ဂမ်ဘီယာရဲ့စွဲချက်နောက်ကွယ်က အကြောင်းအရင်းကို ရှင်းပြကာ မြန်မာနိုင်ငံက အခြေအနေတွေကိုလည်း မေးမြန်းဖို့ ရှိနေပါတယ်။နယ်သာလန် ရုပ်သံ NOS နဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ တံခါးပိတ်အင်တာဗျူးတစ်ခု လုပ်ဆောင်မှာ ဖြစ်ပါတယ်။

    ICJ ကိစ္စမှာ ဂမ်ဘီယာဖက်က ရပ်တည်မယ်လို့ နယ်သာလန်နဲ့ ကနေဒါက တရားဝင် ထုတ်ပြန်ထားပါတယ်။

    Ref: NL Times

  • စစ်တပ်က ရိုဟင်ဂျာများအပေါ် ကျူးလွန်မှုရှိသော်လည်း လူမျိုးတုန်းသတ်ဖြတ်မှုမဟုတ်ဟု အတိုင်ပင်ခံပြော

    စစ်တပ်က ရိုဟင်ဂျာများအပေါ် ကျူးလွန်မှုရှိသော်လည်း လူမျိုးတုန်းသတ်ဖြတ်မှုမဟုတ်ဟု အတိုင်ပင်ခံပြော

    ဒီဇင်ဘာ ၁၁၊ ၂၀၁၉
    M-Media

    -ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်း သတ်ဖြတ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ ‘ပြည်စုံ၊ မှန်ကန်မှု မရှိဘူး’ လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်က ဒီကနေ့ သည်ဟေ့ဂ်မြို့မှာရှိတဲ့ ‘နိုင်ငံတကာ ခုံသမာဓိရုံး’ (ICJ) မှာ ပြောကြားလိုက်ပါတယ်။

    မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှု သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ဆိုကာ ဂမ်ဘီယာနိုင်ငံက ICJ မှာ တရားစွဲဆိုထားတာဖြစ်ပါတယ်။ ၃ ရက်တာကြာမြင့်မယ့် ပထမဆုံး ‌ကြားနာမှုကို မနေ့က စတင်ပြုလုပ်ခဲ့ပြီး ဂမ်ဘီယာနိုင်ငံက လျှောက်လှဲခဲ့ပါတယ်။ ဒီကနေ့မှာ မြန်မာနိုင်ငံက ပြန်လည်ချေပရတာ ဖြစ်ပါတယ်။

    မိနစ် ၃၀ ကြာမြင့်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်မှာ ၂၀၁၇ ခုနှစ် ဩဂုတ်လ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြုလုပ်တဲ့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုဟာ ရဲစခန်းတွေကို တိုက်ခိုက်တဲ့ ရိုဟင်ဂျာလက်နက်ကိုင်တွေကို တုန်ပြန်တဲ့ အကြမ်းဖက်တိုက်ဖျက်မှုဖြစ်တယ်လို့ ဆိုပါတယ်။

    “မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က တကယ့်အခြေအနေမှန်ကို ဂမ်ဘီယာက မပြည့်မစုံ၊ မမှန်မကန် ဖော်ပြခဲ့တာသာ ဖြစ်ပါတယ်”

    စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော်လောက် ဘင်္ဂလားဒေ့ရှက်ဖက်ကို ထွက်ပြေးခဲ့ရပြီး ကုလ စုံစမ်းစစ်ဆေးသူတွေက ဒီကိစ္စမှာ လူတစ်သောင်းလောက် အသတ်ခံခဲ့ရနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    လူမျိုးတုန်းသတ်ဖြတ်မှုမဟုတ်

    စစ်တပ်ဟာ အလွန်အကျွံလုပ်ဆောင်တာတွေ၊ အရပ်သားတွေကို သတ်ဖြတ်တာတွေ ရှိကောင်းရှိနိုင်ပေမယ့် ဒီလုပ်ရပ်တွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုတော့ မမြောက်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ကျူးလွန်မှုတွေအတွက် တာဝန်ရှိတဲ့ စစ်သားတွအပေါ် အရေးယူခဲ့တာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခဲ့ပါတယ်။

    “ချိုးဖောက်မှုတွေ လုပ်တယ်လို့ စွပ်စွဲခံရတဲ့ စစ်သားတွ၊ အရာရှိတွေကို စုံစမ်းစစ်ဆေး၊ တရားစွဲဆို၊ အပြစ်ပေးမှုတွေ တက်တက်ကြွကြွလုပ်ဆောင်နေတဲ့တိုင်းပြည်ဟာ လူမျိုးတုန်းသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်မျိုး ရှိနိုင်ပါ့မလား”

    ၂၀၁၇ ခုနှစ် အင်းဒင်ကျေးရွာမှာ ရိုဟင်ဂျာ အမျိုးသား ၁၀ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး စစ်သား ၇ ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တယ်လို့ မြန်မာစစ်တပ်က ပြီးခဲ့တဲ့နှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ၁ နှစ်မပြည့်ခင်မှာပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။

    နောက်ထပ်ကျေးရွာတစ်ခုဖြစ်တဲ့ ဂူဒါပြင်ရွာမှာ ရိုဟင်ဂျာ ၁၀ ဦး အသတ်ခံရမှုနဲ့ပတ်သက်ပြီး စစ်သားတစ်ချို့ကို စစ်ခုံရုံးဖွဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ ပြီးခဲ့တဲ့လမှာ စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

    မြန်မာဖက်က ရှေ့နေဖြစ်တဲ့ ဝီလီယံရှာဘက်စ်က ရိုဟင်ဂျာကိစ္စမှာ ICJ က ညွှန်ကြားဆုံးဖြတ်ပေးရေး ဂမ်ဘီယာရဲ့တောင်းဆိုမှုကို ပယ်ချဖို့ ပြောဆိုခဲ့သလို၊ ICJ ဟာ ဒီကိစ္စအတွက် တရားစီရင်ပိုင်ခွင့် မရှိဘူးလို့လည်း ထောက်ပြပြောဆိုခဲ့ပါတယ်။

    ရိုဟင်ဂျာ ၁ သောင်းလောက် အသတ်ခံရတယ်ဆိုတာဟာ ‘လူမျိုးတုန်းသတ်ဖြတ်မှု’ မှာ သတ်မှတ်ထားတဲ့ ပမာဏနဲ့ ကိုက်ညီမှုမရှိဘူးလို့လည်း ဝီလီယံရှာဘတ်စ်က ပြောကြားခဲ့ပါတယ်။

    ဝေဖန်

    လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ဟာ မြေပြင်ကအခြေအနေတွေ၊ မျက်မြင်သက်သေနေတွေရဲ့ ပြောကြားမှုတွေနဲ့ ဆန့်ကျင်နေတယ်လို့ထောက်ပြခဲ့ပါတယ်။

    Save The Children က ဒါရိုက်တာ ဂျော့ဂျ် ဂရေဟမ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားမှုတွေဟာ ကုလက စုဆောင်းထားတဲ့ အထောက်အထားတွေ၊ ထွက်ပြေးလွတ်မြောက်လာသူတွေနဲ့ တွေ့ဆုံကာ သူတို့အဖွဲ့တွေရဲ့ မေးမြန်းထားမှုတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ဝေဖန်ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • ရခိုင်ကိစ္စနှင့်ပတ်သက်ပြီး စစ်ခေါင်းဆောင် ၄ ဦးကို အမေရိကန်က ထပ်မံ ပိတ်ဆို့ အရေးယူ

    ရခိုင်ကိစ္စနှင့်ပတ်သက်ပြီး စစ်ခေါင်းဆောင် ၄ ဦးကို အမေရိကန်က ထပ်မံ ပိတ်ဆို့ အရေးယူ

    ဒီဇင်ဘာ ၁၁၊ ၂၀၁၉
    M-Media

    -ရခိုင်ပြည်နယ်က ရိုဟင်ဂျာ လူ့အဖွဲ့အစည်းပေါ် ကျူးလွန်မှုနဲ့ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ်အပါအဝင် မြန်မာစစ်ခေါင်းဆောင် ၄ ဦးကို အမေရိကန်က အင်္ဂါနေ့မှာ ထပ်မံ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်လိုက်ပါတယ်။

    ပိတ်ဆို့အရေးယူခံရသူတွေဟာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ဗိုလ်မှူးချုပ် သန်းဦးနဲ့ ဗိုလ်မှူးချုပ် အောင်အောင်တို့ ဖြစ်ပါတယ်။ သူတို့ ၄ ဦးကို အမေရိကန်က ဇူလိုင်လမှာ ပိတ်ဆို့အရေးယူမှု လုပ်ဆောင်ခဲ့ပြီး ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

    Global Magnitsky Human Rights Accountability Act အက်ဥပဒေအရ လုပ်ဆောင်တဲ့ အခု အရေးယူမှုဟာ အမေရိကန်မှာရှိနေတဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ဖို့နဲ့ သူတို့နဲ့ စီးပွားရေးဆောင်ရွက်မှုတွေကို ရာဇဝတ်မှုအဖြစ် သတ်မှတ်တာဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးအပါအဝင် အရေးယူခံရတဲ့ စစ်ခေါင်းဆောင်တွေဟာ အမေရိကန်မှာ ပိုင်ဆိုင်မှုရှိလားဆိုတာ မသေချာပါဘူး။

    “အပြစ်မဲ့ အရပ်သားတွေကို နှိပ်စက်ညှင်းပန်းတာ၊ ပြန်ပေးဆွဲတာ၊ လိင်အကြမ်းဖက်တာ၊ သတ်ဖြတ်တာ၊ ရက်စက်ကြမ်းကြုတ်မှုတွေ လုပ်ဆောင်တာတွေကို အမေရိကန်က သည်းခံခွင့်လွှတ်မှာ မဟုတ်ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုကို တိုက်ဖျက်ရာမှာ အမေရိကန်ဟာ ကမ္ဘာမှာ ဦးဆောင်ဦးရွက်ပြုနေပြီး၊ ကျူးလွန်သူတွေ၊ ကျူးလွန်ဖို့ ခွင့်ပြုသူတွေကို ဘယ်နေရာမှာပဲဖြစ်ဖြစ် အရေးယူသွားမှာပါ” လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတီဗင်မူချင်က ပြောကြားခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးခဲ့ရတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ အဓမ္မကျင့်တာ၊ ရွာလုံးကျွတ်မီးရှို့တာတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပြီး မြန်မာအစိုးရနဲ့ စစ်တပ်တို့ကတော့ ဒါတွေကို ငြင်းဆိုပါတယ်။

    အမေရိကန်က စစ်သားတွေဟာ အုပ်စုဖွဲ့ပြီး အကြီးအကျယ်အဓမ္မကျင့်တာ၊ အခြား လိင်ပိုင်ဆိုင်ရာ ကျူးလွန်တာတွေ လုပ်ဆောင်တယ်ဆိုတဲ့ ‘ခိုင်မာတဲ့ သတင်း‌တွေ’ ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံဟာ ဒီကိစ္စအတွက် လက်ရှိ နိုင်ငံတကာ ခုံသမာဓိရုံး (ICJ) မှာ အမှုရင်ဆိုင်နေရပါတယ်။

    အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အခုလိုပိတ်ဆို့မှုအသစ် လုပ်ဆောင်လိုက်တာဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ပံ့ပိုးကူညီဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Frontier Myanmar

  • ICJ မှာ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးနိုင်ပါ့မလား

    ICJ မှာ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးနိုင်ပါ့မလား

    နိုဝင်ဘာ ၂၉၊ ၂၀၁၉
    M-Media

    -မြန်မာအစိုးရဟာ ၂ နှစ်ကျော်လောက် ခက်ခက်ခဲခဲ ကြိုးစားတားဆီးခဲ့တဲ့ အတွေ့အကြုံသစ်တစ်ခုကို လာမယ့်လမှာ ပထမဆုံး မြည်းစမ်းရတော့မှာဖြစ်ပါတယ်။ လူနည်းစု ရိုဟင်ဂျာမွတ်စလင်တွေအပေါ် အကြမ်းဖက်မှုတွေကို စနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့မှုနဲ့ပတ်သက်ပြီးနိုင်ငံတကာမျက်နှာစာမှာ တာဝန်ယူမှု၊ တာဝန်ခံမှု အတွေ့အကြုံ ဖြစ်ပါတယ်။

    ၁၉၄၈ ခုနှစ် ကုလရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု သဘောတူညီချက်ကို မြန်မာနိုင်ငံကချိုးဖောက်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံရဲ့ တရားဝင်တိုင်ကြားမှုကို သည်ဟေ့ဂ်က နိုင်ငံတကာခုံသမာဓိရုံး (ICJ) မှာ ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၂ ရက်နေ့အတွင်း ပထမဆုံး ကြားနာမှာဖြစ်ကာ မြန်မာအရပ်သားအစိုးရအကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အဖွဲ့က သွားရောက်ပြီး ခုခံချေပမှာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ကျူးလွန်မှုနဲ့ပတ်သက်လို့ ဂမ်ဘီယာက ဒီလို တိုင်ကြားခဲ့တာပါ။

    ဂမ်ဘီယာရဲ့ မြန်မာနိုင်ငံအပေါ် စွပ်စွဲမှုတွေကို ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်း ရင်ဆိုင်မှာ မဟုတ်ပါဘူး။ ဒီအမှုကို ရင်ဆိုင်ဖို့အတွက် ‘ထင်ရှားတဲ့ နိုင်ငံတကာရှေ့နေတွေ’ ကို ငှားရမ်းထားပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံကကြေငြာထားပါတယ်။ ဘယ်သူဘယ်ဝါဆိုတာကို မပြောသလို၊ ‘အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရေး’ ဆိုတာကလွဲလို့ သည်ဟေ့ဂ်က ဒီကိစ္စမှာ ဘယ်လို ဥပဒေနည်းဗျူဟာ အသုံးချမလဲဆိုတာကိုလည်း မြန်မာနိုင်ငံက မထုတ်ပြန်ပါဘူး။ သေချာတာတစ်ခုက ရိုဟင်ဂျာအရပ်သားတွေအပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ အုပ်စုဖွဲ့ အဓမ္မကျင့်တာ၊ ခုတ်ထစ်သတ်ဖြတ်ခဲ့တာတွေနဲ့ပတ်သက်ပြီး အသေးစိတ် စုစည်းမှတ်တမ်းတင်ထားမှုတွေကို ခုခံချေပမှာကိုက ဒေါ်အောင်စုကြည်နဲ့ မြန်မာဖက်ကရှေ့နေတွေအနေနဲ့ ရေဆန်ကိုလှော်ခတ်ရတာပါ။

    စုစည်းမှတ်တမ်းတင်ထားတာတွေထဲမှာ ကုလရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့က ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ ထုတ်ပြန်ခဲ့တဲ့ စာမျက်နှာ ၄၄၄ မျက်နှာပါ အစီရင်ခံစာလည်း ပါဝင်ပါတယ်။ မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ရိုဟင်ဂျာတွေအပေါ် ရက်ရက်စက်စက် ကျူးလွန်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ အထင်အရှား တွေ့ရပြီး လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (crimes against humanity)၊ စစ်ရာဇဝတ်မှု (war crimes)၊ လူမျိုးတုန်းသတ်ဖြတ်မှု (genocide) တွေနဲ့ တရားစွဲဆိုဖို့ လုံလောက်တဲ့ အထောက်အထားတွေဖြစ်တယ်လို့ အစီရင်ခံစာမှာ သုံးသပ်ခဲ့ပါတယ်။ ‘သတင်းမှားတွေ ဖြန့်ဖြူးတာ၊ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ကျူးလွန်မှုကို ဖုံးကွယ်တာ၊ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို တားမြစ်ပိတ်ပင်တာ၊ သက်သေခံအထောက်အထားတွေကို ဖျောက်ဖျက်ခိုင်းတာ’ စာတာတွေကြောင့် စုံစမ်းစစ်ဆေးကာ တရားစွဲဆိုရမယ့် စစ်ဖက်နဲ့ အရပ်ဖက်ခေါင်းဆောင်အမည်တွေကိုလည်း အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

    ကုလရဲ့ တွေ့ရှိမှုတွေဟာ Physicians for Human Rights (PHR) အဖွဲ့ရဲ့တွေ့ရှိချက်တွေနဲ့လည်း သွားတူနေပါတယ်။ PHR အဖွဲ့ဟာ ကျယ်ကျယ်ပြန့်ပြန့် စစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာလူ့အဖွဲ့အစည်းထဲက ရပ်မိရပ်ဖ ၆၀၄ ဦးကို တွေ့ဆုံ မေးမြန်းခဲ့တာပါ။ ရလဒ်ကို ၂၀၁၉ ခုနှစ်မတ်လ The Lancet Planetary Health ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ ဒီကိစ္စမှာ တာဝန်အရှိဆုံးသူတွေဟာ တပ်မတော်လို့ခေါ်တဲ့ မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေဖြစ်ပြီး ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း အကာအကွယ်မဲ့နေတဲ့ ရိုဟင်ဂျာအမျိုးသားတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပေါ် ကျူးလွန်မှုမှာ ‘ရဟတ်ယာဉ်၊ စစ်ကားတွေ၊ တင့်ကားတွေအပါအဝင် စစ်လက်နက်ပစ္စည်းမျိုးစုံ’ အသုံးပြုခဲ့တယ်လို့ PHR ရဲ့ စစ်တမ်းကောက့်ယူမှုမှာ တွေ့ခဲ့ရပါတယ်။

    ဒီသွေးချောင်းစီးမှုကို ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံက ထိထိရောက်ရောက် ကိုင်တွယ်အရေးယူမှု လုံး၀ မရှိတာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာရှေ့နေအဖွဲ့ဟာ သည်ဟေ့ဂ်မှာ ခက်ခက်ခဲခဲ ရင်ဆိုင်ရဖို့ ရှိပါတယ်။ မြန်မာအစိုးရဟာ ‘လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်’ တစ်ခုကို ၂၀၁၈ ခုနှစ် ဇူလိုင်လမှာ ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၇ ခုနှစ် ရခိုင်မြောက်ပိုင်းမှာ ‘လုံခြုံရေးတပ်ဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖောက်မှု ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက် သက်သေပြနိုင်လောက်တဲ့ အထောက်အထားတွေ မတွေ့ရဘူး’ လို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အစီရင်ခံစာမှာ ဖော်ပြလိုက်တဲ့အခါမှာတော့ ကော်မရှင်ဟာ ဖြစ်ခဲ့တာတွေကို ဖုံးကွယ်ပေးတဲ့ အဖွဲ့တစ်ခုသာ ဖြစ်တယ်လို့ အထင်အမြင်သေးခံခဲ့ရပါတယ်။

    ရိုဟင်ဂျာတွေအပေါ် အစိုးရကျောထောက်နောက်ခံပြု ကျူးလွန်တဲ့ အကြမ်းဖက်မှုအတွက် စုံစမ်းစစ်း‌ဆေးနိုင်ရေး ‘ခုံရုံးတစ်ခု’ ဖွဲ့စည်းကြောင်း ၂၀၁၉ ခုနှစ် မတ်လမှာ မြန်မာစစ်တပ်က ကြေငြာခဲ့ပါတယ်။ ခုံရုံးမှာ တပ်မတော်က အကြီးတန်းအရာရှိ ၃ ဦး ပါဝင်ပြီး ၂၀၁၇ ခုနှစ် ဩဂုတ်လက ဖြစ်ခဲ့တာတွေကို ‘ထပ်မံစစ်ဆေးဖို့’ ဖြစ်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ဝဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ် ဩဂုတ်လက ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးအားလုံးဟာ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ARSA က ရဲကင်းစခန်းတွေကို တိုက်ခိုက်မှုကို တရားသဖြင့် တုန့်ပြန်တာဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုကင်းမဲ့ခြင်းခံရတဲ့ စစ်တပ်ရဲ့ပြောဆိုချက်ကို ဒီခုံရုံးက ထပ်လောင်းပြောဆိုခဲ့ပါတယ်။

    ရိုဟင်ဂျာတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ထိရောက်တဲ့ အရေးယူ အပြစ်ပေးမှုမျိုး မြန်မာစစ်တပ်က လုပ်ဆောင်လိုစိတ် မရှိဘူးဆိုတာ ၂၀၁၉ ခုနှစ်မေလမှာ ပိုသေချာသွားပါတယ်။ ဒါကတော့ ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ ဖြစ်ပွားခဲ့တဲ့ နာမည်ကျော် အင်းဒင်လူသတ်ပွဲမှာ ရိုဟင်ဂျာအမျိုးသားနဲ့ ယောက်ျားလေး ၁၀ ဦးကို သတ်ဖြတ်ခဲ့တဲ့ စစ်သား ၇ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့လုပ်ရပ်ပါ။

    ရခိုင်ပြည်နယ်မြောက်ပိုင်းက ရက်စက်ကြမ်းကြုတ်မှု သက်သေတွေကို မြန်မာအစိုးရနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက တမင်တကာ ဖုံးကွယ်ဖျောက်ဖျက်ပစ်တယ်ဆိုတဲ့ အထောက်အထားတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေအဖွဲ့က ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ရခိုင်ပြည်နယ်က ရိုဟင်ဂျာရွာတွေဟာ ‘ဘူဒိုဇာတွေနဲ့ ဖျက်ဆီး ဖျောက်ဖျက်ခဲ့ခံရတယ်’ ဆိုတာကိုလည်း ဂြိုဟ်ဓာတ်ပုံအထောက်အထားတွေက ပြသနေပါတယ်။ အဲဒီရွာတွေမှာ လုံးခြုံရေးတပ်ဖွဲ့ဝင်တွေအတွက် အဆောက်အဦးတွေ၊ ရခိုင်ပြည်နယ် အခြားဒေသက ဗုဒ္ဓဘာသာဝင်တွေနေထိုင်ဖို့ နေအိမ်တွေ အစားထိုး ဆောက်လုပ်ပေးခဲ့ပြီး ဒါဟာ သေဆုံး၊ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေရဲ့ ကျန်ရစ်တဲ့ပိုင်ဆိုင်မှုတွေကို ပဋိပက္ခအလွန်မှာ ရှင်းလင်းဖျောက်ဖျက်မှု ပုံစံလည်း ဖြစ်နေပါတယ်။

    သည်ဟေ့ဂ်က ICJ မှာ ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုမှုကို သွားရောက်ရင်ဆိုင်ရမယ့် မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့အတွက် နောက်ထပ် သတင်းဆိုးတစ်ခုက ရှေ့လာမယ့် လတွေ၊ နှစ်တွေအတွင်း အခြား တရားရေးဆိုင်ရာတွေကို ဆက်လက်ရင်ဆိုင်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ရိုဟင်ဂျာနဲ့ လက်တင်အမေရိက လူ့အခွင့်အရေးအဖွဲ့တွေက ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် သတ်မှတ်ချက်အရ မြန်မာအစိုးရနဲ့ စစ်ခေါင်းဆောင်တွေကို နိုဝင်ဘာ ၁၃ ရက်နေ့ အာဂျင်တီးနား တရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်ဆိုတာ နိုင်ငံတကာနဲ့ဆိုင်တဲ့ ဆိုးရွားတဲ့ရာဇဝတ်မှု ကျူးလွန်သူတွေကို မိခင်နိုင်ငံအပြင် အခြားနိုင်ငံတွေမှာပါ ဖမ်းဆီး၊ တရားစွဲဆို အပြစ်ပေးနိုင်ခွင့် ဖြစ်ပါတယ်။ အာဂျင်တီးနားက တရားစွဲဆိုမှုဟာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က ‘လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ သက်သေ‌ ဖုံးကွယ်ဖျောက်ဖျက်မှုကို ကျူးလွန်သူတွေ၊ ကြံရာပါအဖြစ် ပါဝင်သူတွေကို ရာဇဝတ်မှုဆိုင်ရာ အရေးယူအပြစ်ပေးဖို့’ ဖြစ်ပါတယ်။

    ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် မြန်မာအစိုးရရဲ့ ကျူးလွန်မှုတွေအတွက် တရား၀င် စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ ခွင့်ပြုကြောင်း နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က နောက်တစ်ရက် (နိုဝင်ဘာ ၁၄ ရက်)မှာ ကြေငြာခဲ့ပါတယ်။ ‘ရိုဟင်ဂျာတွေ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အထိ ထွက်ပြေးသွားခဲ့ရလောက်အောင် လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့ အကြမ်းဖက်မှုတွေကို စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့တယ်၊ ရိုဟင်ဂျာ လူ့အဖွဲ့အစည်းပေါ် လူမျိုးရေး၊ ဘာသာရေးကို အခြေခံပြီး ညှင်းပမ်းမှုတွေ လုပ်ဆောင်ခဲ့တယ်’ ဆိုတဲ့ အချက်တွေအပေါ် အခြေခံကာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ ဖြစ်ပါတယ်။

    ‌မြန်မာနိုင်ငံဟာ ရောမသဘောတူစာချုပ် (Rome Statute) မှာ လက်မှတ်ထိုးထားခြင်းမရှိတာကြောင့် စုံစမ်းစစ်ဆေးဖို့ ICC ရဲ့ ကနဦး ကြိုးပမ်းမှုတွေမှာ မရေရာ မသေချာမှုတွေ ရှိခဲ့ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တစ်ခုကနေတစ်ဆင့် ICC က စုံစမ်းစစ်ဆေးနိုင်ရေး နိုင်ငံတကာရဲ့ ကြိုးပမ်းအားထုတ်မှုတွေကလည်း တရုတ်နဲ့ ရုရှားတို့ရဲ့ ဆန့်ကျင်မှုကြောင့် မအောင်မြင်ပါဘူး။

    လွန်ခဲ့တဲ့ ၈ နှစ်အတွင်း ရိုဟင်ဂျာအပါအဝင် နိုင်ငံတစ်ဝှမ်းက တိုင်းရင်းသားလူနည်းစုတွေအပေါ် မြန်မာနိုင်ငံက လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ လုပ်ဆောင်ခဲ့မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုကို ကုလက အခုနှစ် စက်တင်ဘာလက ဖွဲ့စည်းခဲ့ပါတယ်။

    ‘အမျိုးသားအကျိုးစီးပွားကာကွယ်ရေး’ ဆိုတဲ့အချက်လောက်နဲ့ ရိုဟင်ဂျာတွေ ခံစားခဲ့ရတဲ့ ကြောက်မက်ဖွယ်ရာ အဖြစ်ဆိုးတွေကို ‌’နိုင်ငံတကာအဆင့်မှာ ထင်ရှားတဲ့ ရှေ့နေတွေကတောင်’ ကျိုးကြောင်းပြ မကာကွယ်ပေးနိုင်ဘူးဆိုတာ ဒီတရားရင်ဆိုင်မှုတွေကနေတစ်ဆင့် မြန်မာအစိုးရဟာ မှတ်မှတ်သာသား သိရှိနားလည်လာတော့မှာ ဖြစ်ပါတယ်။

    Ref: Asia Times

    (Asia Times တွင် ဆောင်းပါးရှင် Phelim Kine ရေးသားသည့် Myanmar’s judicial defense of the indefensible ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။ ဆောင်းပါးပါ အချက်အလက်များနှင့် သုံးသပ်ချက်များသည် ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါသည်)

  • မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် သယံဇာတ ခွဲဝေရေးကို မဖြစ်မနေ ဖြေရှင်းရမည်ဟု လေ့လာသူများ သုံးသပ်

    မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် သယံဇာတ ခွဲဝေရေးကို မဖြစ်မနေ ဖြေရှင်းရမည်ဟု လေ့လာသူများ သုံးသပ်

    အောက်တိုဘာ ၁၈၊ ၂၀၁၉
    M-Media

    -မြန်မာနိုင်ငံမှာ အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လုပ်ဆောင်ရာမှာ သယံဇာတခွဲဝေရေးကိုပါ တစ်ပါတည်း ထည့်သွင်းဖြေရှင်းသွားသင့်တယ်လို့ ဝါရှင်တန်အခြေစိုက် အကျိုးအမြတ်မယူတဲ့အဖွဲ့ Forest Trends က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    Natural resource governance reform and the peace process in Myanmar (သဘာ၀ သယံဇာတ စီမံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနှင့် မြန်မာနိုင်ငံက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်) လို့ ခေါင်းစဉ်ပေးထားတဲ့ အဲဒီ အစီရင်ခံစာကို အောက်တိုဘာ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။

    ကျွန်း၊ သဘာ၀ဓာတ်ငွေ့၊ ကျောက်စိမ်း၊ ရေအားလျှပ်စစ်တွေအပါအဝင် မြန်မာနိုင်ငံက သဘာ၀ သယံဇာတတွေကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ဘီလီယံချီဝင်နေပြီး မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခသမိုင်းဟာ ဒါနဲ့ခွဲမရဘူးလို့ အစီရင်ခံစာက ဆိုပါတယ်။

    “ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့တွေဟာ ဒီလို တန်ဖိုးရှိတဲ့ ရင်းမြစ်တွေကို ထိန်းချုပ်ပြီး၊ အကျိုးအမြတ်ရရှိရေးအတွက် တိုက်ခိုက်နေကြတာပါ။ သယံဇာတ အမြတ်ထုတ်ခံရမှုကြောင့် တိုက်ခိုက်မှုတွေ၊ လက်နက်ကိုင် နိုင်ငံရေး ပဋိပက္ခတွေ ဖြစ်နေမယ့်အစား၊ သံယဇာတတွေ ထိန်းချုပ်စီမံရေးမှာ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ခြင်းက ငြိမ်းချမ်းရေးအနေအထား တိုးတက်ဖို့အတွက် ကတိကဝတ် ဖြစ်လာမှာပါ။ ဒါပေမယ့် ဒီပြုပြင်ပြောင်းလဲမှုဟာ ပဋိပက္ခမှာ ပါဝင်နေတဲ့ အုပ်စုတွေ ကျေနပ်တာမျိုး ဖြစ်ရပါမယ်”

    Forest Trends က အကြီးတန်း လေ့လာဆန်းစစ်သူ တစ်ဦဖြစ်ပြီး ၇၂ မျက်နှာပါ အစီရင်ခံစာကို ရေးသားသူလည်းဖြစ်တဲ့ ကီဗင်၀ုဒ်စ်က သယံဇာတခွဲရေးကို နည်းလမ်းတကျ မလုပ်နိုင်တာကြောင့် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အထမမြောက်မှာကို စိုးရိမ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဖက်ဒရယ်နိုင်ငံရေးမှာ ပါဝင်နေတဲ့ သံယဇာတခွဲဝေပေးရေးကိစ္စဟာ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြန်လည်အသက်ဝင်လာဖို့ အထောက်အကူဖြစ်မှာဖြစ်သလို၊ ရေရှည်ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပြည်ထောင်စုအစိုးရအကြား ငြိမ်းချမ်းမှုတည်ဆောက်ရေးတွေ အဆင်ပြေစေဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်တယ်လို့လည်း ၀ုဒ်စ်က ဆိုပါတယ်။

    မြေနဲ့ သယံဇာတ ပိုင်ဆိုင်ခွင့်ရရေး၊ အုပ်ချုပ်မှုအာဏာ ချုပ်ကိုင်ထားမှုကို ဖြေလျော့ပေးရေးတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အရပ်ဖက် တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ အဓိကတောင်းဆိုမှု ဖြစ်ပါတယ်။ ဒါပေမယ့် အနာဂတ် ပြည်ထောင်စုငြိမ်းချမ်းရေးမူထဲမှာတော့ သဘာ၀သယံဇာတ ခွဲဝေပေးရေး၊ ဗဟိုအစိုးရက အုပ်ချုပ်မှုအာဏာ ချုပ်ကိုင်ထားမှုကို ဖြေလျော့ပေးရေးတွေနဲ့ ပတ်သက်တဲ့ သတ်မှတ်ချက်တွေ မပါဝင်ပါဘူး။

    Forest Trends ရဲ့ အစီရင်ခံစာမှာ ဖက်ဒရယ်နိုင်ငံရေး စနစ်အတွက် အာဏာနဲ့ သယံဇာတခွဲဝေပေးရေး ကိစ္စတွေကို ဆွေးနွေးရာမှာ စစ်တပ်ကိုယ်စားလှယ်တွေက ဟန့်တားမှုတွေ ရှိနေကြောင်း ဖော်ပြထားပါတယ်။

    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောက်က ကနဦး သဘောတူညီချက်တွေဟာ သယံဇာတ ခွဲဝေရေးအတွက် နိုင်ငံရေးဆန္ဒ (political will) ရှိတယ်ဆိုတာ ပြသနိုင်တဲ့ အခွင့်အလမ်းကောင်းဖြစ်ပြီး နှစ်ဖက် အပစ်ရပ်ရေး လက်မှတ်ထိုးတာ၊ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး သဘောတူညီချက် လက်မှတ်ထိုးတာနဲ့ နောက်ဆုံးအဆင့် နိုင်ငံရေးဆွေးနွေးမှုတွေမှာတော့ ဒီကိစ္စကို အကောင်အထည်ဖော်နိုင်မယ့် လုပ်ဆောင်နိုင်စွမ်းတစ်ခုကို တည်ဆောက်သွားရမယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

    သဘာ၀ သယံဇာတတွေကို ထိန်းချုပ်နိုင်ငံရေးအတွက် ၁၉၉၀ ပြည့်နှစ်တွေကစလို့ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့စစ်တွေအကြား တိုက်ခိုက်မှုတွေ မြင့်တက်လာတာကို အစီရင်ခံစာမှာ ထောက်ပြထားပြီး ပြည်သူလူထုကတော့ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးရတယ်လို့ ဖော်ပြထားပါတယ်။

    ကမ္ဘာမှာလည်း သယံဇာတ ခွဲဝေမှုကို ကောင်းမွန်စွာ မဆောင်ရွက်နိုင်တာကြောင့် ငြိမ်းချမ်းရေးသဘောတူညီချက်တွေ ပျက်ဆီးရတယ်လို့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

    Ref: Frontier Myanmar