News @ M-Media

Tag: Minority In Myanmar

  • ဘာသာရေးသည်းခံနိုင်မှုကို ထင်ဟပ်နေတဲ့ ကန့်ဘလူက မြန်မာ-အရ်ဗီ သိပ္ပံကျောင်း

    ဘာသာရေးသည်းခံနိုင်မှုကို ထင်ဟပ်နေတဲ့ ကန့်ဘလူက မြန်မာ-အရ်ဗီ သိပ္ပံကျောင်း

    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၉
    M-Media

    မြန်မာ-အရ်ဘီ သိပ္ပံကျောင်း မြင်ကွင်း (Photo Credit – Frontier Myanmar)

    – စစ်ကိုင်းတိုင်းဒေသကြီးရဲ့ မြို့တစ်မြို့မှာ နိုင်ငံရဲ့ အကြီးဆုံး မဒ်ရာဆာ အစ္စလာမ့်ဓမ္မသင်တန်းကျောင်းတစ်ခု ရှင်သန်နေပြီး ဒီမဒ်ရာဆာဟာဆာ ဗုဒ္ဓဘာသာဝင်တစ်ဦး လှူဒါန်းတဲ့မြေပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

    ၁၈၈၅ ခုနှစ် မန္တလေးကိုသိမ်းပိုက်ခံရပြီး မြန်မာနိုင်ငံဟာ ဗြိတိသျှလက်အောက် လုံးလုံး မကျရောက်ခင် ရာစုနှစ်ချီအရင်ကတည်းက နိုင်ငံရပ်ခြား ကုန်သည်တွေ ၀င်ရောက်အခြေချ နေထိုင်ခဲ့ကြတဲ့သမိုင်းဟာ စစ်ကိုင်းတိုင်းဒေသကြီးက မြို့တစ်ခုမှာ အခုအထိ ရှင်သန်နေဆဲ ဖြစ်ပါတယ်။

    ဧရာဝတီမြစ် အနောက်ဖက်ကမ်းနဖူးပေါ်မှာ တည်ရှိပြီး အင်းဝနဲ့ အမရပူရလို့ အမည်တွင်ခဲ့တဲ့ စစ်ကိုင်းမြို့ဟာ အိန္ဒိယတိုက်ငယ်နဲ့ တရုတ်တို့ကို ဆက်သွယ်ထားတဲ့ ရှေးခတ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ တည်ရှိတဲ့ မန္တလေးအရင် ဘုရင့်နေပြည်တော်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    နိုင်ငံရပ်ခြား စီးပွားရေးအသိုင်းအ၀ိုင်းမှာ မတူကွဲပြားမှုပေါင်းစုံ ရှိခဲ့ပါတယ်။ အဲဒီအထဲမှာ အချိန်အတော်ကြာကတည်းက ဗမာ့လူ့အဖွဲ့အစည်းနဲ့ တစ်သားတည်းဖြစ်သွားတဲ့ မွတ်စလင်တွေလည်း ပါဝင်ပြီး တိုင်းပြည်ရဲ့ အစ္စလာမ်ဘာသာဝင်လူ့အဖွဲ့အစည်းမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ဆက်လက်အသုံးတော်ခံနေတဲ့ ဓမ္မသင်တန်းကျောင်းတစ်ခုကိုလည်း သူတို့က တည်ထောင် ဖွင့်လှစ်ထားပါတယ်။

    ‘မြန်မာ-အရ်ဗီ သိပ္ပံကျောင်းကြီး’ လို့ခေါ်တဲ့ အဲဒီ ဓမ္မသင်တန်းကျောင်းကို ၁၉၃၇ ခုနှစ်မှာ စစ်ကိုင်းမြို့ရဲ့ ဆားကုန်းရွာမှာ စတင် ဖွင့်လှစ်ခဲ့ပြီး ၁၉၆၀ ရောက်တဲ့အခါ ကန့်ဘလူမြို့ကို ပြောင်းရွှေ့ခဲ့ပါတယ်။ လက်ရှိ ကျောင်းအုပ်ကြီးဖြစ်တဲ့ ဦးအဘ်ဒူလ် ဟာဒီက ဒီကျောင်းဟာ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ အကြီးဆုံး အစ္စလာမ်ဓမ္မကျောင်းတော်ကြီးဖြစ်ပြီး ကျောင်းသား တစ်ထောင်လောက် ရှိတယ်လို့ ပြောပါတယ်။

    ကျောင်းရဲ့ ထူးခြားချက်တစ်ခုက ကျောင်းအမည် ဖြစ်ပါတယ်။ မြန်မာနိုင်ငံက မဒ်ရာဆာအများစုဟာ အာရဘီကနေ ဆင်းသက်လာတဲ့ အမည်တွေ ပေးလေ့ရှိပေမယ့် အခုကျောင်းကတော့ ‘မြန်မာ-အရ်ဗီ သိပ္ပံကျောင်းကြီး’ လို့ မှည့်ခေါ်ထားပါတယ်။

    ဂုဏ်သိက္ခာရှိသောကျောင်း

    မြန်မာ-အရ်ဘီ သိပ္ပံကျောင်း မြင်ကွင်း (Photo Credit – Frontier Myanmar)

    ကျောင်းကို ပူတွဲတည်ထောင်သူဖြစ်ပြီး ပထမဆုံးကျောင်းအုပ်လည်းဖြစ်တဲ့ ဆရာကြီးဦးပုံကြောင့် ဒီကျောင်းကြီးဟာ မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်လူ့အဖွဲ့အစည်းအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လေးစားမှု ခံရပါတယ်။ အာရဗီ၊ အူရဒူ၊ ဖာရစီနဲ့ ဗမာ ဘာသာစကားတွေကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်တဲ့ ဆရာကြီးဦးပုံကို ကန့်ဘလူမြို့နယ်က ပေါက်တောရွာမှာ မွေးဖွားခဲ့ပြီး ဖခင်က ဗမာဘုရင် သီပေါမင်းရဲ့ သစ္စာတော်ခံ ဦးယိမ်း ဖြစ်ပါတယ်။

    ဆရာကြီးပုံဟာ ဆရာကြီးလှ၊ ဆရာကြီးဇုံ၊ ဆရာကြီး ဦးဖီတို့နဲ့ ပူးပေါင်းကာ ဒီမဒ်ရာဆာကျောင်းကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ၁၉၃၀ မှာ သူတို့တွေဟာ မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံ ဆူရတ်မြို့ကိုသွားပြီး အဆင့်မြင့် အစ္စလာမ့်ဓမ္မပညာရပ်တွေကို ဆည်းပူးကာ မြန်မာနိုင်ငံကို ပြန်ရောက်ပြီး တစ်နှစ်အကြာ ၁၉၃၆ ခုနှစ်မှာ ဒီကျောင်းကြီးကို တည်ထောင်ခဲ့တာပါ။

    ဗမာအမည် ဦးဆောင်ဆန်းလို့ခေါ်တဲ့ ဦးအဘ်ဒူလ်ဟာဒီက ဆရာကြီးပုံကို ကန့်ဘလူဒေသခံတွေက လေးစားကြည်ညိုကြတယ်လို့ ပြောကြားခဲ့ပါတယ်။

    မွတ်စလင်တွေသ မကဘဲ ဗုဒ္ဓဘာသာဝင်တွေရဲ့ မြေယာ၊ အမွေနဲ့ လင်ခန်းမယားခန်း ပြဿနာတွေကို ဖြေရှင်းရာမှာ စေ့စပ်ညှိနှိုင်းပေးသူအဖြစ် ဆောင်ရွက်ပေးဖို့အတွက် တစ်ခါတစ်ရံမှာ အစိုးရကိုယ်တိုင် ဆရာကြီးပုံကို အကူအညီတောင်းတာတွေလည်း ရှိခဲ့ပါတယ်။

    “တစ်ချို့အမှုတွေဆိုရင် အစိုးရအာဏာပိုင်တွေ ဆရာကြီးရုံးကို လွှဲပေးလိုက်တာ” လို့ ဦးအဘ်ဒူလ်ဟာဒီက Frontier Myanmar ကို ပြောပါတယ်။

    ဒီလို အကူအညီတွေ ပေးခဲ့တဲ့အတွက်ကြောင့် ရထား၊ သင်္ဘောနဲ့ အခြားပို့ဆောင်ရေး ၀န်ဆောင်မှုတွေကို အခမဲ့ အသုံးပြုခွင့်အပါအ၀င် အစိုးရက ဆရာကြီးပုံကို အခွင့်ထူးတွေ ချီးမြှင့်ခဲ့ပါတယ်။

    ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း တိုင်းရင်းသားလက်နက်ကိုင်တွေ ပေါ်ပေါက်လာပြီး လူမျိုးရေးနဲ့ နိုင်ငံရေးပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ ကန့်ဘလူမြို့ကလည်း ဒီဒဏ်တွေကို ခံခဲ့ရပါတယ်။ ဒီလို မတည်မငြိမ် ဖြစ်နေတဲ့အချိန် ဆရာကြီးပုံဟာ ဆားကုန်းရွာကနေထွက်ဖို့ စဉ်းစားခဲ့ပါတယ်။ ၁၉၄၉ ခုနှစ်မှာ ဆရာကြီးနဲ့ မိသားစုဟာ ၁၀ မိုင်ဝေးတဲ့ ကန့်ဘလူမြို့ကို ပြောင်းရွှေ့ခဲ့ပေမယ့် ကျောင်းရဲ့ အခြေအနေတွေကို ကြီးကြပ် ထိန်းသိမ်းဖို့အတွက် ဆားကုန်းကို ပုံမှန် ပြန်လာလေ့ ရှိပါတယ်။

    ကျောင်းသားတွေ များလာတဲ့အချိန် ၁၉၅၇ ခုနှစ်မှာ မဒ်ရာဆာ ဂေါပကအဖွဲ့က ကျောင်းနေရာပြောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ့ကြောင့် ဆားကုန်းမှာ နှစ်ပေါင်း ၂၀ ကျော်လောက် ရှိခဲ့တဲ့ကျောင်းကို ကန့်ဘလူမြို့ပေါ်ကို ရွှေ့ပြောင်းခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုအရ ကန့်ဘလူမှာ လူ ၂၅၀၀၀ လောက် နေထိုင်တယ်လို့ ဆိုပါတယ်။

    မူလကျောင်းအမည်ကို ဆက်ယူထားတဲ့ မဒ်ရာဆာအသစ်ကို ၁၉၆၀ ပြည့်နှစ် ၈ ဧကရှိတဲ့ ခြံဝိုင်းမှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီကျောင်းအတွင်း ဗုဒ္ဓဘာသာဝင်အမျိုးသမီး ဒေါ်မိက မြေနေရာလှူဒါန်းခဲ့တာဖြစ်ပြီး ဆရာကြီးပုံဟာ အစ္စလာမ်ဘာသာဝင်အသိုင်းအ၀ိုင်း ပြင်ပမှာပါ လေးစားအားထားမှု ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့တယ်ဆိုတဲ့ ပြယုဂ်လည်း ဖြစ်ပါတယ်။

    “ဆရာကြီးပုံက နေရာသစ်တစ်ခုကို ရှာနေတယ်ဆိုတဲ့ သတင်းလည်းကြားရော ဒေါ်မိက ဆရာကြီးဆီးသွားပြီး ဗလီနဲ့ မဒ်ရာဆာအတွက် မြေနေရာလှူဒါန်းဖို့ ခွင့်တောင်းခဲ့ပါတယ်” လို့ အဘ်ဒူလ် ဟာဒီက ပြန်ပြောင်း ပြောကြားခဲ့ပါတယ်။

    ရှေ့ဆောင်အီမာမ်များကို လေ့ကျင့်ပေးရာနေရာ

    မြန်မာ-အရ်ဘီ သိပ္ပံကျောင်း မြင်ကွင်း (Photo Credit – Frontier Myanmar)

    အစိုးရကျောင်းမှာ ၅ တန်းပြီးမြောက်တဲ့ ကျောင်းသားတွေကိုသာ မဒ်ရာဆာက လက်ခံပြီး ပထမတန်းကို တက်ရောက်ရပါတယ်။ ပထမ ၄ နှစ်မှာ အစ္စလာမ်သာသနာကို လက်တွေ့ဘ၀မှာ လိုက်နာကျင့်သုံးနိုင်မယ့် နည်းနာတွေကို မဒ်ရာဆာက အဓိကထား သင်ကြားပေးပါတယ်။

    မြန်မာ-အရ်ဗီ သိပ္ပံကျောင်းကြီးမှာ ၄ တန်းအောင်မြင်သွားတဲ့ ကျောင်းသားတွေဟာ ၁၀ တန်းအထိ ဆက်လက် ပညာဆည်းပူးနိုင်ပြီး ဗလီဝတ်ကျောင်းတော်တွေမှာ ဦးဆောင်နိုင်မယ့် ရှေ့ဆောင်အီမာမ်တစ်ပါး ဖြစ်လာရေး အဆင့်မြင့်ပညာရပ်တွေကိုလည်း ဆက်လက် ဆည်းပူးနိုင်ပါတယ်။ မဒ်ရာဆာ တည်ထောင်ခဲ့ပြီးတဲ့နောက်ပိုင်း ၁၀ တန်းအောင်မြင်သူ ၂ ထောင်ကျော် ရှိခဲ့ပြီး ကုရ်အာန်ကျမ်းစာ တစ်အုပ်လုံး အာဂုံဆောင်နိုင်တဲ့ ကျောင်းသားတွေကို ဒီကျောင်းက ဘွဲ့လက်မှတ် ချီးမြှင့်ပါတယ်။

    အူရဒူ ဒါမှမဟုတ် မြန်မာစာပေတွေနဲ့ သင်ကြားတဲ့ မြန်မာနိုင်ငံက အခြားမဒ်ရာဆာတွေနဲ့ မတူညီတာက မြန်မာ-အရ်ဗီ သိပ္ပံကျောင်းမှာ အာရဗီ ဘာသာစကားနဲ့ တိုက်ရိုက်သင်ကြားတာ ဖြစ်ပါတယ်။

    အင်္ဂလိပ်ဘာသာ၊ အဆင့်မြင့် မြန်မာစာနဲ့ အခြား လောကီဘာသာရပ်တွေကို သင်ကြားပေးခြင်းမရှိပေမယ့် အဘ်ဒူလ်ဟာဒီက သူ့ကျောင်းက ကျောင်းသားတွေရဲ့ ဗဟုသုတ၊ စွမ်းဆောင်နိုင်စွမ်းတွေကို သံသယမဖြစ်ဘူးလို့ ပြောပါတယ်။

    “ကျွန်တော်တို့ဆီက ကျောင်းသားတွေဟာ အစိုးရကျောင်းက ကျောင်းသားတွေကို ယှဉ်နိုင်စွမ်းရှိပါတယ်”

    ကျောင်းသားအားလုံး ယောက်ျားလေးတွေဖြစ်ပေမယ့် မဒ်ရာဆာက အခြားဆရာတွေဟာ ကန့်ဘလူဗလီမှာ အမျိုးသမီးတွေအတွက် အတန်းတွေ ဖွင့်လှစ် သင်ကြားပေးနေပါတယ်။

    မဒ်ရာဆာရဲ့ ဒုတိယကျောင်းအုပ်ဖြစ်ပြီး မြန်မာအမည် ဦးတင်မြင့်လို့ခေါ်တဲ့ ဦးအဘ်ဒူလ် ဟာကင်မ်က ကျောင်းသားတွေ ဘာဝတ်ရမယ်ဆိုပြီး ကန့်သတ်ထားတာ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    “သူတို့ကြိုက်တာ ၀တ်နိုင်ပါတယ်။ ဒါပေမယ့် အတန်းတက်ဖို့ သင့်လျော်တဲ့အ၀တ်အစားမျိုးကို ဂရုတစ်စိုက်ဝတ်ဖို့ လိုအပ်ပါတယ်” လို့ ဦးတင်မြင့်က Frontier ကို ပြောကြားခဲ့ပါတယ်။

    သူ ဒီလိုဖြေကြားနေစဉ်မှာပဲ ကျောင်းသားတစ်ချို့ ကျောင်းရဲ့ အားကစားကွင်းမှာ ခြင်းလုံး၊ ဘောလုံးတွေ ကစားနေကြပြီး တစ်ချို့ကျောင်းသားတွေဟာ အင်္ဂလိပ် ပရီးမီးလားလိဂ်က အသင်းအင်္ကျီတွေ ၀တ်ဆင်ထားကြပါတယ်။

    ကျောင်းသားတွေရဲ့ ထက်ဝက်လောက်က ကျောင်းအိပ်ကျောင်းစား လာနေကြတာ ဖြစ်ပါတယ်။ မဒ်ရာဆာမှာ ၁၀ တန်းတက်နေတဲ့ အသက် ၂၄ နှစ်အရွယ် ကိုဝေဖြိုးအောင်ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ဖြစ်ပါတယ်။ ဘာသာရေးအတန်းပညာ ၇ တန်းအောင်သွားပြီးတဲ့နောက် ဆက်လက်လေ့လာဖို့အတွက် မြစ်ကြီးနားမှာ မဒ်ရာဆာမရှိတော့တာကြောင့် သူဟာ လွန်ခဲ့တဲ့ နှစ်အနည်းက မြန်မာ-အာရဗီသိပ္ပံကျောင်းကို ရောက်လာတာ ဖြစ်ပါတယ်။

    ကျောင်းပြီးသွားရင် ဘာသာရေးနဲ့ပတ်သက်တဲ့ အသိတွေကို ပြန်လည်မျှဝေပေးတာ၊ ကလေးတွေကို စာသင်ပေးတာတွေ လုပ်ချင်တယ်လို့ သူက ပြောပါတယ်။

    “လမ်းချော်နေတဲ့သူတွေကို လမ်းကြောင်းမှန်ပေါ် ပြန်လည်တည့်မတ်ပေးတာမျိုးလည်း ကျွန်တော် လုပ်ဆောင်ပေးချင်ပါတယ်” လို့ ဝေဖြိုးအောင်က ပြောပါတယ်။

    ကျောင်းအိပ်ကျောင်းစား အများစုက ဝေဖြိုးအောင်နဲ့မတူဘဲ စစ်ကိုင်းတိုင်းဒေသကြီးတစ်ဝိုက်က ဖြစ်ပါတယ်။

    အစိုးရကျောင်းထက် ပိုပြီး စားရိတ်စက သက်သာတာကြောင့် မိဘတွေက မြန်မာ-အာရဗီသိပ္ပံကျောင်းကို ပို့ဆောင်ကြတာ ဖြစ်ပါတယ်။ ကျောင်းလခက တစ်နှစ်ကို ၃၀၀၀ ကျပ်သာဖြစ်ပြီး ကျောင်းအိပ်ကျောင်းစားတွေအတွက် နေစရာ၊ စားစရာ အခမဲ့ပေးပါတယ်။

    ကျောင်းရဲ့ ကုန်ကျစားရိတ်တွေအတွက် အလှူရှင်တွေအပေါ်မှာသာ လုံးဝမှီခိုနေရတာဖြစ်ပြီး အလှူရှင်အများစုဟာ မွတ်စလင်အသိုင်းအ၀ိုင်းကဖြစ်ပေမယ့် ဗုဒ္ဓဘာသာဝင် အလှူရှင်တွေလည်း ရှိနေပါတယ်။

    ဗုဒ္ဓဘာသာဝင်အလှူရှင်တွေထဲမှာ ထင်ရှားသူတစ်ယောက်က ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မောင်အေးရဲ့ ညီဖြစ်သူ ဦးကျော်ညွန့်ဖြစ်ပြီး ကန့်ဘလူဇာတိ ဖြစ်ပါတယ်။

    မဒ်ရာဆာဟာ နှစ်တော်တော်များများ ရုန်းကန်လာခဲ့ရပြီးတဲ့နောက် ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်တာကို တွေ့ရတဲ့အတွက် ‘ကျေနပ်အားရမိတယ်’ လို့ ဦးကျော်ညွန့်က ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလ မဒ်ရာဆာရဲ့ ဧည့်သည်တော်မှတ်တမ်းမှာ ရေးသားခဲ့ပါတယ်။

    သံသယများ

    မြန်မာ-အရ်ဘီ သိပ္ပံကျောင်း မြင်ကွင်း (Photo Credit – Frontier Myanmar)

    ဒီကျောင်းကြီးဟာ သဘောထားတင်းမာတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ သံသယမျက်စိနဲ့ကြည့်တာကို ခံခဲ့ရပြီး အထူးသဖြင့် ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်က အကြမ်းဖက်မှုကြောင့် လူမျိုးရေးတင်းမာမှုတွေ ပေါ်ပေါက်လာပြီး နောက်ပိုင်းမှာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ဧပြီလမှာ ဆန့်ကျင်ဖက်အင်အားစုတွေက ရန်ကုန်မှာရှိတဲ့ အစ္စလာမ့် ဓမ္မသင်တန်းကျောင်းတွေကို ဖိအားပေး ပိတ်ခိုင်းခဲ့ပါတယ်။ မဒ်ရာဆာတွေအနေနဲ့ မြန်မာဘာသာစကားကိုသာ အသုံးပြုသင်ကြားဖို့၊ ဘာသာရေးသင်တန်းတွေကို အစိုးရက ခွင့်ပြုထားတဲ့ နေရာတွေမှာပဲ လုပ်ဆောင်ဖို့ဆိုတဲ့ အမိန့်ကြေငြာချက်တစ်ခုကို ကန့်ဘလူမြို့ အပါအ၀င် မြိုနယ် အထွေထွေ အုပ်ချုပ်ရေးရုံးတွေက ပြီးခဲ့တဲ့နှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

    ဒီအမိန့်ကို အစ္စလာမ့်အဖွဲ့အစည်းခေါင်းဆောင်တွေက ရှုတ်ချခဲ့ပြီး ဘာသာတရား လွတ်လပ်စွာကျင့်သုံးခွင့်ကို ထိခိုက်စေနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွေအနေနဲ့ ဒီအမိန့်ကို အတင်းလိုက်နာခိုင်းတာမျိုး လုပ်တယ်ဆိုတဲ့ အထောက်အထား မရှိပါဘူး။

    အစိုးရက အသိအမှတ်ပြုထားတဲ့ မဒ်ရာဆာအရေအတွက် အတိအကျစာရင်း လတ်တလော ထွက်ထားတာ မရှိသေးပါဘူး။ ၁၉၉၆ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ‘သာသနာ့အလင်း’ စာအုပ်မှာ မြန်မာနိုင်ငံတစ်ဝှမ်း မဒ်ရာဆာပေါင်း ၇၅၉ ခု ရှိတယ်လို့ ဖော်ပြထားပါတယ်။ မွတ်စလင်ခေါင်းဆောင်တွေက အစိုးရဟာ ၁၉၆၂ ခုနှစ်နောက်ပိုင်း ဗလီအသစ်တွေ၊ မဒ်ရဆာအသစ်တွေဆောက်ဖို့ ခွင့်ပြုချက် မပေးတော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

    ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ၁၉၆၀ ကတည်းက ဖွင့်လှစ်ခဲ့တဲ့ မဒ်ရာဆာလေးတစ်ခုရဲ့ ဂေါပကအဖွဲ့ဝင် ခလီဖာ ဦးတင်မောင်ကျော်က သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေမှာ ဓမ္မရေးရာ လမ်းညွှန် သင်ကြားပေးနိုင်ဖို့ အဓိကထားကာ ရှေ့ဆောင်အီမာမ်တွေကို လေ့ကျင့်ပေးနေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “(မဒ်ရာဆာတွေဟာ) ဘာသာရေးကို သင်ကြားပေးနေတာပါ။ အစွန်းရောက်ဝါဒကို သင်ကြားပေးနေတာ မဟုတ်ပါဘူး”

    မဒ်ရာဆာတွေရဲ့ အဆင့်မြင့်အတန်းတွေမှာ သင်ယူနေတဲ့ မွတ်စလင်အများစုဟာ ကျေးလက်ဒေသ၊ လူမှုစီးပွား နိမ့်ပါးတဲ့ အသိုင်းအ၀ိုင်းတွေကဖြစ်တယ်လို့ ဦးတင်မောင်ကျော်က ပြောပါတယ်။ ရန်ကုန်နဲ့ အခြား မြို့ပြဒေသတွေက မိဘတွေဟာ အစိုးရကျောင်းတွေကို ပိုလွှတ်ကြပြီး ဘာသာရေးအခြေခံတွေကို နားလည်ဖို့အတွက်လောက်သာ မဒ်ရာဆာတွေကို နှစ်အနည်းငယ်လောက် အချိန်ပိုင်း လွှတ်ကြပါတယ်။

    သင်ကြားမှုနည်းစနစ်တွေ ပြောင်းရေးဆိုတဲ့ အဓိကအချက်အပါအ၀င် ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်ဖို့အတွက် နိုင်ငံတစ်ဝှမ်း ဝေဖန်ငြင်းခုံနေမှုတွေဟာလည်း မဒ်ရာဆာတွေအပေါ် ရိုက်ခတ်မှု ရှိပါတယ်။

    ရှေးခေတ်အတိုင်းသင်နေတဲ့ မဒ်ရာဆာတွေမှာ ခေတ်သစ် သင်ကြားရေးနည်းလမ်းတွေ အသုံးပြုရေး ခေတ်အမြင်ရှိတဲ့ မွတ်စလင်တွေက ကြိုးစားမှုကြောင့် ဆွေးနွေးငြင်းခုံမှုတွေလည်း မြင့်တက်လာပါတယ်။

    ‘ခေတ်သစ် သင်ကြားမှုနည်းလမ်း’ ကို မဒ်ရာဆာတွေမှာ လက်ခံကျင့်သုံးရေးဟာ ပထမဦးစားပေးဖြစ်တယ်လို့ ဦးတင်မောင်ကျော်က အခိုင်အမာ ပြောကြားခဲ့ပါတယ်။

    “ခေတ်သစ် သင်ကြားမှုနည်းလမ်းတွေနဲ့ သင်ကြားခဲ့ရသူတွေ၊ (ဗလီမှာဟောတဲ့) တရားတွေကနေသာ သိရှိနားလည်ကြသူတွေအကြား ကွာခြားချက်ကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ ဖောက်ထွက်တွေးခေါ်နိုင်ရေး သင်ယူဖို့ဟာ တကယ်ကို အရေးကြီးပါတယ်”

    Ref: Frontier Myanmar

    (Frontier Myanmar သတင်းဌာနမှ The madrassa of Kantbalu ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ ဆောင်းပါးပါ အကြောင်းအရာများသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

  • ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့၏ တိုက်ပွဲကြောင့် ကျောက်မဲတွင် လူတစ်ထောင်ကျော် ထွက်ပြေးရ

    ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့၏ တိုက်ပွဲကြောင့် ကျောက်မဲတွင် လူတစ်ထောင်ကျော် ထွက်ပြေးရ

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၉
    M-Media

    ကျောက်မဲမြို့မှ စစ်ရှောင်လာသူများ

    – ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့အကြား လတ်တလောဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေကြောင့် ဒေသခံ တစ်ထောင်ကျော်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    စနေနေ့ကနေ အင်္ဂါနေ့အကြား ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေကြောင့် ရွာ ၃ ရွာကနေ ထွက်ပြေးရသူ အများစုဟာ ဗမာနဲ့ တအောင်းလူမျိုးတွေဖြစ်ပြီး ကျောက်မဲမြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရပါတယ်။ ထွက်ပြေးလာသူတွေဟာ အမျိုးသမီးတွေနဲ့ ကလေးတွေဖြစ်ကာ အမျိုးသားတွေကတော့ နေအိမ်တွေနဲ့ ပစ္စည်းတွေကို စောင့်ရှောက်ဖို့ နေခဲ့ကြတယ်လို့ ဆိုပါတယ်။

    မြန်မာကြက်ကြေနီအဖွဲ့၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ပြည်နယ်လွှတ်တော်အမတ်တွေက ထွက်ပြေးလာသူတွေကို အထောက်အပံ့တွေ ဝေငှပေးခဲ့ကြပေမယ့် တော်တော်များများက ရိက္ခာမလောက်ကြဘူးလို့ ကူညီနေသူတွေက ပြောပါတယ်။

    “ကျွန်တော်တို့ ငြိမ်းချမ်းရေး လိုချင်ပါတယ်။ တိုက်ပွဲတွေကို ခံစားရတဲ့နေရာတွေက ငြိမ်းချမ်းရေးကို အလိုချင်ဆုံးပါ။ မငြိမ်းချမ်းတဲ့အတွက် အလုပ်အကိုင်အတည်တကျ မရှိတာကြောင့် ပြည်သူတွေဟာ ရှင်သန်ဖို့ ရုန်းကန်ရတယ်” လို့ စစ်ရှောင်ပြည်သူတွေကို အကူအညီပေးနေတဲ့ လူထုအခြေပြုကော်မတီ အကြီးအကဲ ဦးတင်မောင်ဦးက ပြောကြားခဲ့ပါတယ်။

    RCSS ဟာ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားပေမယ့် SSPP ကတော့ မထိုးထားပါဘူး။

    ဒီအဖွဲ့နှစ်ခုဟာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလကနေစလို့ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ၊ ကျောက်မဲနဲ့ နမ္မတူမြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။ တအောင်းလွတ်မြောက်ရေးတပ်ဖွဲ့ကလလည်း SSPP ကို ကူညီပေးနေပါတယ်။

    Ref:Irrawaddy

  • ဒေသခံများ၏ နွေးထွေးဖေးမမှုကို ရရှိနေသည့် ရှမ်းပြည်နယ်မှ ကချင်စစ်ဘေးရှောင်များ

    ဒေသခံများ၏ နွေးထွေးဖေးမမှုကို ရရှိနေသည့် ရှမ်းပြည်နယ်မှ ကချင်စစ်ဘေးရှောင်များ

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၉
    M-Media

    မိုင်းပြင်အောက်ရွာတွင် ခိုလှုံနေရသည့် ကလေးငယ်များ (Photo Credit – mmtimes)

    – ရှမ်းပြည်နယ် မိုင်းပြင်အောက်ရွာက အေးစိမ့်လှတဲ့ မနက်ခင်းမှာ Ah Mu တစ်ယောက် တာပေါ်လင်တဲတစ်ခုရှေ့မှာ ထိုင်ကာ အသက်တစ်လအရွယ် သမီးငယ်လေးကို နို့ချိုတိုက်ကျွေးနေချိန် ၄ နှစ်အရွယ် သားငယ်လေးက အနီးအနားမှာ ဆော့ကစားနေပါတယ်။

    ရှမ်းပြည် တိုးတက်ရေးပါတီနဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီတို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် လားရှိုးမြို့ကနေ ၁၂ မိုင်အကွာမှာရှိတဲ့ မိုင်းပြင်က Ah Mu နဲ့ အခြားဒေသခံတွေ ထွက်ပြေးကာ ယိုင်နဲ့နဲ့တဲတွေမှာ ခိုလှုံနေထိုင်နေရတာ ၄ လ ကြာမြင့်နေပြီ ဖြစ်ပါတယ်။

    မိုင်းပြင်အောက်ပိုင်းမှာ နေထိုင်သူတွေရဲ့ အကူအညီနဲ့ တာပေါ်လင်တဲတွေကို ထိုးတာတာဖြစ်ပြီး စားနပ်ရိက္ခာကိုတော့ ကချင်နှစ်ခြင်းအသင်းတော် KBC၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့နဲ့ မေတ္တာဖောင်ဒေးရှင်းတို့က လှူဒါန်းပါတယ်။ မိုင်းပြင်မှာ နေထိုင်သူတွေအားလုံးဟာ ကချင်လူမျိုးတွေ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစပြီး မိုင်းပြင်အနီးမှာ နှစ်ဖက် လက်နက်ကိုင်တပ်ဖွဲ့တွေဟာ လက်နက်ကြီးတွေနဲ့  တိုက်ခိုက်ခဲ့ကြတယ်လို့ ရွာသားတွေက ပြောပါတယ်။ အနီးအနားရွာကလူတွေလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    “ကိုယ်ဝန့်အရင့်အမာကြီးနဲ့ ကျွန်မ ထွက်ပြေးရတာ။ ကလေးအသက်ရှင်တာ ကံကောင်းတယ်” လို့ Ah Mu က ပြောပါတယ်။ ရွာကလူတွေ အကုန်လုံး ထွက်ပြေးရပြီးတဲ့နောက် သူမရဲ့ခင်ပွန်းဟာ တရုတ်နိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်နေပါတယ်။ လသားအရွယ်သားကို ကျောပိုးပြီး ဆွေးမျိုးတွေနဲ့အတူ ထွက်ပြေးခဲ့ရတယ်လို့လည်း Ah Mu က ပြောပါတယ်။

    “မိုင်းပြင်မှာ ကျွန်မတို့နေတာ နှစ်တော်တော်ကြာနေပြီ။ အိုးပစ်အိမ်ပစ်ထွက်ပြေးခဲ့ရတာနဲ့ ဘယ်တော့မှ ပြန်နိုင်မလဲဆိုတာ မသိသေးတဲ့အပေါ် ၀မ်းနည်းမိပါတယ်” လို့ သူမက မျက်ရည်လည်ရွဲနဲ့ ပြောကြားခဲ့ပါတယ်။

    မိုင်းပြင်ရွာသားတွေဟာ အနီးအနားကရွာကို အောက်တိုဘာလမှာ ထွက်ပြေးခဲ့ရပြီး ၃ ရက်နေထိုင်ခဲ့ရပါတယ်။ အဲဒီရွာမှာ လုံခြုံရေး အာမခံချက်မရှိတာကြောင့် သူတို့တွေဟာ လာရှိုးက KBC မှာ တစ်ပတ်လောက် နေထိုင်ခဲ့ရပြီး အဲဒီနောက် မိုင်းပြင်အောက်ပိုင်းကို ရောက်ရှိလာခဲ့ပါတယ်။

    မိုင်းပြင်အောက်ရွာမှာ အိမ်ထောင်စု ၃၈ စုက လူ ၁၂၀ လောက်ရှိနေပြီး မိုင်းပြင်အထက်ပိုင်းက ပြောင်းလာသူတွေနဲ့ဆိုရင် ကချင်လူမျိုး ၂၀၀ လောက် ရှိနေတယ်လို့ စခန်းကို ဦးစီးနေတဲ့ Htwel Shaung က ပြောပါတယ်။

    “ကျွန်တော်တို့အားလုံးဟာ ကချင်တွေဖြစ်တာကြောင့် သူတို့ကို လက်ခံခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်တို့ရွာကလည်း ဆင်းရဲတယ်။ ဒါ့ကြောင့် နေစရာထိုင်စရာနဲ့ စားနပ်ရိက္ခာတွေပေးဖို့ ခက်ခဲပါတယ်။ ဒုက္ခသည်တွေ သူတို့အိမ်ကို မကြာခင် ပြန်နိုင်မယ်လို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်”

    တိုက်ပွဲတွေစဖြစ်ကတည်းက ရွာသားလေးဦး သေဆုံးခဲ့ပြီး အဲဒီအထဲမှာ Khun Sinn ရဲ့ အသက် ၆၀ အရွယ် မိခင်နဲ့ အသက် ၂ နှစ်အရွယ် တူမတို့ ပါဝင်သွားပါတယ်။

    “ကျွန်မအမေနဲ့ အမက ရွာပြင်မှာ ကောက်သွားရိတ်နေတာ။ ပစ်သံခတ်သံတွေကို ကြားတဲ့အခါ အမေက သွေးအိုင်ထဲမှာ လဲနေပြီ။ အမေမသေအောင် ကြိုးစားခဲ့ပေမယ့် အမေ့ကို မကယ်တင်နိုင်ခဲ့ပါဘူး” လို့ Khun Sinn က ပြောပါတယ်။ အသက် ၃၆ နှစ်အရွယ်သူမမှာ သားနှစ်ဦးနဲ့ သမီးနှစ်ဦး ရှိပါတယ်။

    “ရိုးရိုးတန်းတန်း နေမကောင်းဖြစ်ပြီး သေသွားတယ်ဆိုရင်တော့ ဖြေသာသေးတာပေါ့။ ကောင်းကောင်းလည်း ပြုစုခွင့်ရမယ်လေ။ တိုက်ပွဲကြောင့် အခုလိုဖြစ်သွားတယ်ဆိုတော့ တော်တော်လေး နာကျင်ခံစားရပါတယ်။ သူတို့အချင်းချင်းပစ်တာက ပစ်လေ။ ဘာ့ကြောင့် ကျွန်မအမေက ကြားထဲကနေ သေရတာလဲ” လို့ Khun Sinn က မျက်ရည်စက်လက်နဲ့ ပြောပါတယ်။

    အသက် ၂၈ နှစ်အရွယ် Aung Mai ကတော့ တိုက်ပွဲက တုန်လှုပ်စရာအခြေအနေတွေရဲ့ ခြောက်လှန့်မှုကို ခံခဲ့ရပါတယ်။ သူ့ရဲ့ စိတ်ကျဝေဒနာကို မိသားစုက အစွမ်းကုန် စောင့်ရှောက်ကုသပေးခဲ့ပေမယ့် ဒီဇင်ဘာ ၂၅ ရက်နေ့မှာ Aung Mai ဟာ ရွာက မီးတိုင်ပေါ်တက်ပြီး ကြိုးဆွဲချ အဆုံးစီရင်ကာ ဇနီးနဲ့ Mai Jar နဲ့ အသက် ၂ နှစ်အရွယ် သမီးဖြစ်သူတို့ကို ထားသွားခဲ့ပါတယ်။

    “တိုက်ပွဲကြောင့် ခင်ပွန်း၊ သားသမီးတွေနဲ့အတူ ထွက်ပြေးရရုံတင်မက၊ ဒီဒဏ်ကြောင့်ပဲ ကျွန်မယောက်ျား သေဆုံးခဲ့ပါတယ်။ ဘာအပြစ်တွေလုပ်ခဲ့လို့ ဒီလိုကြုံတွေ့ရလဲဆိုတာ ဘုရားသခင်ကို မေးမိပါတယ်” လို့ Mai Jar က ပြောပါတယ်။

    လာရှိုးက ‘ဒုက္ခသည်စောင့်ရှောက်ရေးကော်မတီ’ ရဲ့ ဒုတိယဥက္ကဌ Sai Ba Nyan က လက်နက်ကိုင်အဖွဲ့နှစ်ခုအကြား တိုက်ပွဲတွေဖြစ်ပွားမှုဟာ ပြဿနာတွေကိုသာ တိုးလာစေပြီး အဖြေရမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    “အဖြေတစ်ခု ရှာဖို့ဆိုရင် အတိတ်ကိုချန်ထားပြီး အနာဂတ်ကိုကြည့်ဖို့ လိုအပ်ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေကြောင့် တိုင်းရင်းသားတွေ ဒုက္ခသည်ဘ၀ရောက်တာမျိုး မဖြစ်သင့်ပါဘူး”

    တိုက်ပွဲတွေ၊ မတည်ငြိမ်မှုတွေကနေ ကောင်းမွန်တဲ့အရာ ပေါ်ထွက်လာတာမျိုးလည်း ရှိပါတယ်။ အခက်အခဲတွေ၊ ရာသီဥတုဒဏ်တွေကို ခံစားနေရတဲ့ ကချင်ပြည်သူတွေအတွဟာ မကြာခင် အကူအညီတွေ ရရှိတော့မှာ ဖြစ်ပါတယ်။ ‘မေတ္တာအရင်းအမြစ်ဖောင်ဒေးရှင်း’ (MRF) က မိုင်းပြင်အောက်ပိုင်းမှာ ဒုက္ခသည်မိသားစု တစ်ခုစီအတွက် အိမ်ငယ်လေးတွေ ဆောက်ပေးမှာပါ။

    MRF ဟာ အကျိုးအမြတ်မယူတဲ့ အကူအညီပေးရေးအဖွဲ့တစ်ခုဖြစ်ပြီး ၂၀၀၈ ခုနှစ် နိုဝင်ဘာလမှာ စတင် ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်ထားတဲ့ အဲဒီအဖွဲ့ဟာ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ထိခိုက်ခံစားရသူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်နေပါတယ်။

    အိမ်အသစ်တွေဆောက်လုပ်ဖို့အတွက် မြေနေရာကို ဒေသခံတွေက ပေးတာဖြစ်ပါတယ်။ ဖေဖော်ဝါရီ တတိယပတ်လောက်မှာ အိမ်တွေကို ဆောက်လုပ်မှာဖြစ်ပြီး သီတင်းပတ် ၆ ပတ်လောက်မှာ ပြီးစီးဖို့ လျာထားပါတယ်။

    မိုင်းပြင်အထက်ရွာရဲ့ အကြီးအကဲ Thein Bwan က ကချင်တွေဟာ သူတို့ကိုယ်တိုင် မပြေလည်ပေမယ့် သူတို့လူမျိုးတွေကို ကူညီကြတယ်လို့ ပြောကြားခဲ့ပါတယ်။

    ကချင်ရွာသားတွေတင်မကဘဲ အနီးအနားရွာတွေက ရှမ်းနဲ့ ပလောင်လူမျိုးတွေကလည်း ကောက်ပဲသီးနှံတွေ ထောက်ပံ့ကြပါတယ်။

    “ကျွန်တော်တို့ဟာ ရှမ်းပြည်နယ်က ကချင်တိုင်းရင်းသားတွေပါ။ ဒါ့ကြောင့် ကချင်လူမျိုးတူချင်းကလွဲလို့ တစ်ခြားလူတွေ မကူညီဘူးလို့ ထင်တာပေါ့။ ဒါပေမယ့် တကယ်တမ်း အကူအညီလိုအပ်လာတဲ့အခါမှာ ရှမ်းနဲ့ ပလောင်တို့ကလည်း သူတို့ တတ်နိုင်သလောက် ပါဝင်ကူညီကြပါတယ်” လို့ Thein Bwan က ပြောပါတယ်။

    နောက်ထပ် ထွက်ပြေးစရာနေရာ မရှိတော့တာကြောင့် အိမ်တွေမပြီးခင် မိုင်းပြင်အောက်ရွာမှာ တိုက်ပွဲတွေ ထပ်မဖြစ်ဖို့ ရွာသားတွေက မျှော်လင့်နေကြောင်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: mmtimes

    (Myanmar Times အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် Fleeing fighting in Shan State, Kachin people find kindness among strangers ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • နမ္မတူမြစ်ပေါ်ရှိ ဆည်စီမံကိန်းများကို ဒေသခံပြည်သူများ ကန့်ကွက်

    နမ္မတူမြစ်ပေါ်ရှိ ဆည်စီမံကိန်းများကို ဒေသခံပြည်သူများ ကန့်ကွက်

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၉
    M-Media

    နမ္မတူဆည်ပေါ်တွင် ဆောက်လုပ်ရန် ဆည်များ (Photo Credit – ဧရာဝတီ)

    – နမ္မတူမြစ်လို့ခေါ်တဲ့ မြစ်ငယ်မြစ်ပေါ်မှာ တည်ဆောက်ဖို့ လျာထားတဲ့ ဆည်စီမံကိန်းတွေကို ဒေသခံတွေက ကန့်ကွက်ပြီး ပြင်သစ်ကုမ္ပဏီ Engie ဟာ စီမံကိန်းကနေ နှုတ်ထွက်သွားသလို အခြားသော နိုင်ငံခြားကုမ္ပဏီအနေနဲ့လည်း နှုတ်ထွက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

    ဖေဖော်ဝါရီ ၁၁ ရက်နေ့ Action for Shan State Rivers အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဆည်တွေကြောင့် ပတ်ဝန်းကျင်ကဒေသတွေ ရေကြီးမှာကို ပြည်သူတွေက စိုးရိမ်နေကြပြီး အထက်ရဲရွာစီမံကိန်းကနေ Engie ကုမ္ပဏီ နှုတ်ထွက်သွားတာဟာ ဒေသခံတွေအတွက် ‘ကြီးကျယ်တဲ့အောင်ပွဲ’ လို့ ဖော်ပြထားပါတယ်။

    နမ္မတူမြစ်ပေါ်မှာ စုစုပေါင်း လျှပ်စစ်ဓာတ်အား ၁၂၀၀ မီဂါဝပ် ထုတ်လုပ်နိုင်မယ့် ဆည် ၄ ခု တည်ဆောက်ဖို့ ၂၀၁၀ ပြည့်နှစ် အစောပိုင်းမှာ မြန်မာအစိုးရက စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဆည်တွေဟာ ကျောက်ဆည်က ဒီးဒုတ်ဆည်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲနဲ့ နမ္မတူမြို့နယ်တွေမှာ တည်ရှိမယ့် အလယ်ရဲရွာဆည်၊ အထက်ရဲရွာဆည်နဲ့ နမ္မတူဆည်တို့ ဖြစ်ပါတယ်။

    ရှမ်းပြည်နယ်က စီမံကိန်းတွေကို ပြီးခဲ့တဲ့နှစ်မှာ စတင်ခဲ့ပေမယ့် ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေ နှုတ်ထွက်ပေးဖို့အတွက် အောက်တိုဘာလမှာ ဒေသခံတွေက တောင်းဆိုခဲ့ပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့မှာ တရုတ်၊ ဂျပန်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ နော်ဝေတို့ အပါအ၀င် ရန်ကုန်က နိုင်ငံခြားသံရုံး တော်တော်များများကို ရှမ်းပြည်သူတွေက မေတ္တာရပ်ခံစာ ပေးပို့ခဲ့ပြီး နမ္မတူမြစ်ပေါ်က ဆည် ၄ ခု စီမံကိန်းမှာ ပါဝင်ခြင်းမပြုကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    ‘ဘားမားကမ်ပိန်းယူကေ’ က ထုတ်ပြန်ပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီများစာရင်းမှာ ပါဝင်နေတဲ့ ပြင်သစ်ကုမ္ပဏီ Engie ဟာ နောက်ပိုင်းမှာ စီမံကိန်းကနေ နှုတ်ထွက်သွားပြီး ဂုဏ်သိက္ခာ ထိခိုက်နိုင်တဲ့အတွက် စာရင်းကနေ ပယ်ဖျက်ပေးဖို့ ဘားမားကမ်ပိန်းကို တောင်းဆိုထားပါတယ်။

    Action for Shan State Rivers အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ Sai Thum Ai က သူတို့ဟာ သမ္မတ ဦးဝင်းမြင့်ထံ စာပို့ထားပြီး အစိုးရအနေနဲ့ ဒေသခံပြည်သူတွေရဲ့ စိုးရိမ်မှုတွေကို နားထောင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    ရွာသားတွေက ဆည်တွေမဆော်ဖို့ ပြောထားပြီးဖြစ်ပေမယ့် အစိုးရဖက်က ပေါင်းလောင်းဆည် တည်ဆောက်တုန်းက ပေးခဲ့တဲ့ နစ်နာကြေးထက် မလျော့စေရဘဲ ရွှေ့ပြောင်းနေရာချထားပေးမှာဖြစ်ကြောင်း ပြောခဲ့တယ်လို့ သူက ဆိုပါတယ်။

    “အဲဒီတုန်းက ပေါင်းလောင်းဆည်နားက ရွာသားတွေဟာ မြေတစ်ဧကို ၁၀ သိန်းနှုန်းရခဲ့တယ်။ အခု သူတို့ဘ၀ကို ကြည့်ပါအုံး။ ဒီကလူတွေက ဒီအခြေအနေတွေကို လေ့လာသုံးသပ်ပြီးပါပြီ။ ကျွန်တော်တို့ ဒီလောက် မအပါဘူး”

    မကြာခင်က သွားရောက်ခဲ့တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း ခရီးစဉ်မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ရေအားလျှပ်စစ် စီမံကိန်းတွေကနေ ပြည်သူတွေက ဓာတ်အားလိုချင်တယ်ဆိုရင် လုပ်ဆောင်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် နမ္မတူမြစ်ပေါ်မှာ တည်ဆောက်မယ့် ဆည်စီမံကိန်းတွေကို ဒေခံတွေက ကန့်ကွက်နေကြပြီး သီပေါမြို့အနီးမှာ ဆောက်လုပ်မယ့် ဆည်တစ်ခုကိုလည်း သီပေါဒေသခံတွေက ကန့်ကွက်ထားပါတယ်။

    Ref: Irrawaddy

    (ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းမှသတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုပါသည်)

  • မြစ်ဆုံဆည်စီမံကိန်း လုံးဝရပ်တန့်ရန် ကချင်ပြည်သူထောင်ချီ ဆန္ဒပြ

    မြစ်ဆုံဆည်စီမံကိန်း လုံးဝရပ်တန့်ရန် ကချင်ပြည်သူထောင်ချီ ဆန္ဒပြ

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၉
    M-Media

    Photo Credit – mmtimes

    – ကချင်ပြည်နယ်မှာ တည်ဆောက်နေတဲ့ မြစ်ဆုံဆည်စီမံကိန်း လုံးဝရပ်တန့်ဖို့အတွက် ထောင်နဲ့ချီတဲ့ ကချင်ပြည်သူတွေဟာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က မြစ်ကြီးနားမှာ ဆန္ဒပြခဲ့ကြပြီး တရုတ်နိုင်ငံက မြစ်ဆုံကိစ္စနဲ့ပတ်သက်လို့ လတ်တလော ထုတ်ပြန်ထားတဲ့ ကြေငြာချက်ကိုလည်း ကန့်ကွက်ခဲ့ကြပါတယ်။

    မနောကွင်းမှာ ပြုလုပ်တဲ့ အဲဒီဆန္ဒပြပွဲကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ၊ ခရစ်ယာန်ဘုန်းတော်ကြီးတွေ၊ ကချင်နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ဒေသခံပြည်သူတွေ အပါအ၀င် လူ ၇ ထောင်ကျော် တက်ရောက် ပါဝင်ခဲ့ကြပါတယ်။

    “ဒီဆည်က ကျွန်တော်တို့အတွက် မဟုတ်ပါဘူး။ ဧရာဝတီမြစ်ကြီး လွတ်လပ်စွာ စီးဆင်းနေတာကိုပဲ ကျွန်တော်တို့ ကြိုက်ပါတယ်။ ပြည်သူတွေရဲ့ဆန္ဒ မပါဘဲနဲ့ ဒီစီမံကိန်း အကောင်အထည်ဖော်တာကို လက်မခံနိုင်ပါဘူး” လို့ ဆန္ဒပြ ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်တဲ့ ဦးဆာချီက ပြောပါတယ်။

    ဆန္ဒပြသူတွေဟာ မြစ်ဆုံဆည်စီမံကိန်းကို ဆန့်ကျင်တဲ့ ဆိုင်းဘုတ်အများအပြားကို တရုတ်၊ အင်္ဂလိပ်၊ မြန်မာ ၃ ဘာသာနဲ့ ရေးသားကိုင်ဆောင်ခဲ့ကြပြီး ကျွေးကြော်သံတွေလည်း ဟစ်အော်ခဲ့ကြပါတယ်။ ဒါ့အပြင် စီမံကိန်းကြောင်း အိုးအိမ်စွန့်ခွာရသူတွေ နေရပ်ပြန်ရေးအတွက် ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

    ဆည်ကထွက်ရှိမယ့် လျှပ်စစ်ဓာတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံဖက် တင်ပို့မှာဖြစ်ပြီး တိုင်းပြည်အတွက် အကျိုးမရှိဘူးလို့ ထောက်ပြခဲ့ကြပါတယ်။

    မြစ်ဆုံဆည်စီမံကိန်းကို အန်ဂျီအိုနဲ့ နိုင်ငံရေးပါတီအချို့ကသာ ကန့်ကွက်တာဖြစ်ပြီး ကချင်ပြည်သူတွေက မကန့်ကွက်ဘူးဆိုတဲ့ ရန်ကုန် တရုတ်သံရုံးက ကြေငြာချက်ကိုလည်း ကြသာပတေးနေ့ ဆန္ဒပြပွဲမှာ ရှုတ်ချခဲ့ပါတယ်။

    ဆန္ဒပြခွင့်ပါမစ်ပါ အချက်အလက်တွေကို ချိုးဖောက်တယ်ဆိုတဲ့ စွဲချက်နဲ့ ရဲတပ်ဖွဲ့က ပါမစ်တင်သူ ဒေါ်ဂျာဂွမ်ကို ဖမ်းဆီးခဲ့ပြီး ငြိမ်းစီစု ဥပဒေနဲ့ တရားစွဲဆိုထားပါတယ်။

    မြစ်ကြီးနား အမှတ် ၁ ရဲစခန်းက စခန်းမှူး ဦးမြင့်မိုးက ဆန္ဒပြပွဲမှာ လော်စပီကာအသုံးပြုတာ၊ ‘No Myitsone Dam’ ဆိုတဲ့ ခေါင်းစည်းတွေဟာ သတ်မှတ်ချက်တွေကို ချိုးဖောက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    မြစ်ဆုံဆည် စီမံကိန်းကို စစ်အစိုးရလက်ထက်မှာ စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ စတင် ဆောက်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် သဘာပတ်ဝန်းကျင်နဲ့ ကချင်ပြည်သူလူထုရဲ့ ဘ၀တွေကို ထိခိုက်မယ့်အန္တရာယ်ကြောင့် ဝေဖန်မှုတွေ မြင့်တက်လာခဲ့ကာ ၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန်လက်ထက်မှာ ဆောက်လုပ်မှုကို ရပ်ဆိုင်းထားခဲ့ပါတယ်။

    ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားရေး ဆက်ဆံမှုဝန်ကြီး ဦးသောင်းထွန်းက စီမံကိန်းပမာဏကို လျှော့ချဖို့န့ နေရာရွှေ့ပြောင်းဖို့ ကိစ္စတွေကို လက်ရှိမှာ ဆွေးနွေးနေတယ်လို့ မကြာသေးခင်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    Ref: mmtimes

    (Myanmar Times အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့်သတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။)