News @ M-Media

Tag: Minority In Myanmar

  • ကရင်ဒုက္ခသည်များ မြန်မာနိုင်ငံတွင် ပြန်လည်အခြေချမှု အဆင်ပြေရဲ့လား (မြန်မာစာတမ်းထိုး)

    နိုဝင်ဘာ ၁၁၊ ၂၀၁၈
    M-Media

  • ကချင်ဒုက္ခသည်များကို အကူအညီပေးသူ ၁၅ ဦး ဖမ်းဆီးခံရ

    ကချင်ဒုက္ခသည်များကို အကူအညီပေးသူ ၁၅ ဦး ဖမ်းဆီးခံရ

    နိုဝင်ဘာ ၁၊ ၂၀၁၈
    M-Media

    KBC မှ ၀န်ထမ်းအချို့

    – ကချင်ပြည်နယ် တရုတ်နယ်စပ်အနီးက ရွာတစ်ရွာမှာ သူတို့ရဲ့အသင်းဝင် အကူအညီပေးရေးဝန်ထမ်း ၁၅ ဦးကို မြန်မာစစ်တပ်က အောက်တိုဘာ ၂၄ ရက်နေ့မှာ ဖမ်းဆီးလိုက်တယ်လို့ ကချင်နှစ်ခြင်းအသင်းတော် KBC က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    အဲဒီ ၀န်ထမ်း ၁၅ ဦးဟာ မြစ်ကြီးနားကို ပြန်လာစဉ် နမ့်ဆန်ယန်းရွာမှာ ဖမ်းဆီးခံလိုက်ရပြီး ပဋိပက္ခဖြစ်ပွားရာဇုန်အတွင်း ခွင့်ပြုချက်မရှိဘဲ သွားလာမှုအတွက် ဖမ်းတာဖြစ်တယ်လို့ KBC ဥက္ကဌ သိက္ခာတော်ရဆရာတော် Samson က ပြောကြားခဲ့ပါတယ်။

    “အဲဒီနေရာက ကန့်သတ်နယ်မြေဖြစ်ပြီး ခရီးသွားဖို့အတွက် တပ်မတော်ရဲ့ ခွင့်ပြုချက် လိုအပ်ပါတယ်။ ခွင့်ပြုချက်မရှိဘဲ သွားရောက်လို့ ကျွန်တော်တို့အသင်းဝင်တွေကို ဖမ်းတယ်လို့ သူတို့က ပြောပါတယ်”

    ဖမ်းဆီးခံရသူတွေဟာ အမျိုးသမီး ၈ ဦးနဲ့ အမျိုးသား ၇ ဦးဖြစ်ပြီး ၂ ဦးက KBC ရဲ့ အကြီးတန်း တာဝန်ရှိသူတွေ ဖြစ်ပါတယ်။ ကျောင်းဆရာမတစ်ယောက်လည်း ပါဝင်ပြီး ကျန်တဲ့သူတွေဟာ နယ်စပ်အနီး ဒုက္ခသည်စခန်းက အကူအညီပေးရေး လုပ်သားတွေ ဖြစ်ပါတယ်။

    ဖမ်းဆီးထားသူတွေထဲက ၃ ဦးကို ရက်အနည်းငယ်အကြာမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆရာတော် Samson က ပြောကြားခဲ့ပါတယ်။

    သူတို့ကို ဖမ်းဆီးလိုက်တဲ့နေရာဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA ရဲ့ ဌာနချုပ်ရှိရာ လိုင်ဇာအနီးမှာတည်ရှိပြီး အဲဒီပတ်ဝန်းကျင်ကို  မြန်မာစစ်တပ်က အကြီးအကျယ် ကန့်သတ်မှုတွေ လုပ်ထားတာ ဖြစ်ပါတယ်။

    ဖမ်းဆီးထားသူတွေကို ဘယ်မှာထိန်းသိမ်းထားလဲဆိုတာ မသိရှိရသေးဘဲ ဆရာတော် Samson က ညှင်းပမ်းနှိပ်စက်ခံရမှာကို စိုးရိမ်နေပါတယ်။

    “စစ်ကြောခဲ့တယ်လို့ပဲ ကျွန်တော်တို့ သိရတယ်။ အပြစ်မရှိဘူးလို့တွေ့ရရင် ပြန်လွှတ်ပေးမယ်လို့ သူတို့က ပြောပါတယ်”

    ကချင်ဒုက္ခသည်တွေကို ကူညီတွေသူသာ ဖြစ်တဲ့အတွက် ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့အတွက် ကချင်ပြည်နယ် အစိုးရကို KBC က အသနားခံစာ ပေးပို့ထားပါတယ်။

    Ref: Irrawaddy

    (ဧရာဝတီအင်္ဂလိပ်ပိုင်းမှ သတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်)

  • ရခိုင်ကိစ္စအတွက် မြန်မာဗိုလ်ချုပ် ၅ ဦးကို သြစတေးလျက ပိတ်ဆို့အရေးယူ

    ရခိုင်ကိစ္စအတွက် မြန်မာဗိုလ်ချုပ် ၅ ဦးကို သြစတေးလျက ပိတ်ဆို့အရေးယူ

    အောက်တိုဘာ ၂၃၊ ၂၀၁၈

    M-Media

    မြန်မာ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦး

    – ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေကို ကျူးလွန်ဖို့အတွက် လက်အောက်ငယ်သားတွေကို စေခိုင်းခဲ့တယ်ဆိုပြီး မြန်မာစစ်တပ်က ထိပ်တန်းစစ်ခေါင်းဆောင် ၅ ဦးကို သြစတေးလျက ဒီကနေ့မှာ ဘဏ္ဍာရေးနဲ့ ခရီးသွားဆိုင်ရာ ပိတ်ဆို့မှုတွေ ပြုလုပ်လိုက်ပါတယ်။

    ဗိုလ်ချုပ် အောင်ကျော်ဇော၊ ဗိုလ်ချုပ် မောင်မောင်စိုး၊ ဗိုလ်ချုပ် အောင်အောင်၊ ဗိုလ်ချုပ်သန်းဦးနဲ့ ဗိုလ်ချုပ် ခင်မောင်စိုးတို့ဖြစ်ပြီး သူတို့လက်အောက်က တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအတွက် တာဝန်ရှိတာကြောင့် အခုလို ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne က ပြောကြားခဲ့ပါတယ်။

    အဲဒီစစ်ခေါင်းဆောင်တွေဟာ လက်ရှိမှာ ရာထူးကနေ နှုတ်ထွက်သွားပြီလို ယုံကြည်ရပြီး သူတို့နဲ့ စီးပွားရေးဆက်သွယ်မှုလုပ်တဲ့ ကုမ္ပဏီတွေဟာ ကန်ဒေါ်လာ ၁.၂ သန်း ဒဏ်ငွေ ပေးဆောင်ရမှာဖြစ်ကာ လူပုဂ္ဂိုလ်ဆိုရင်တော့ အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရမှာ ဖြစ်ပါတယ်။ သူတို့တွေ သြစတေးလျသွားရောက်ခွင့်ကိုလည်း ပိတ်ပင်ခဲ့ပါတယ်။

    ရခိုင်ပြည်နယ်က ကိစ္စတွေအတွက် မြန်မာစစ်ခေါင်းဆောင် တစ်ချို့ကို သြဂုတ်လမှာ အမေရိကန်က ပိတ်ဆို့မှုတွေ လုပ်ခဲ့ပြီး၊ ဇွန်လမှာ ဥရောပသမဂ္ဂကနေ ပိတ်ဆို့မှု ပြုလုပ်ခဲ့ပါတယ်။ သြစတေးလျဟာ အမေရိကန်လိုပဲ ပိတ်ဆို့မှုမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ချန်လှပ်ခဲ့ပါတယ်။

    ရိုဟင်ဂျာလက်နက်ကိုင်တွေက ရဲကင်းစခန်းတွေကို တိုက်ခိုက်မှုအပြီး ၂၀၁၇ ခုနှစ်နှောင်းပိုင်းကစလို့ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ရိုဟင်ဂျာ ၇ သိန်းလောက် ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးခဲ့ရပြီး၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ အဓမ္မကျင့်မှုတွေ၊ ရွာလုံးကျွတ် မီးရှို့မှုတွေ ရှိခဲ့တယ်လို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဝေဖန်ခဲ့ပါတယ်။

    မြန်မာအစိုးရနဲ့ စစ်တပ်တို့က ဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။

    မကြာသေးခင် ကုလကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ရခိုင်ပြည်နယ်က စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်းဟာ ‘လူမျိုးတုန်းသတ်ဖြတ်ဖို့’ ရည်ရွယ်ချက်ရှိနေပြီး ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် ထိပ်ပိုင်းစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာဥပဒေအရ တရားစွဲဆိုဖို့ တိုက်တွန်းခဲ့ပါတယ်။

    သြစတေးလျဟာ အရင်က မြန်မာစစ်တပ်ကို လေ့ကျင့်ပေးဖူးပြီး၊ ဒီကနေ့မတိုင်ခင်အထိ ဘယ်လို ပိတ်ဆို့မှုမျိုးမှ လုပ်မထားပါဘူး။

    Ref: Reuters

  • ကုလအထူးကိုယ်စားလှယ် ကချင်ပြည်နယ်သွားရောက်ကာ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေး

    ကုလအထူးကိုယ်စားလှယ် ကချင်ပြည်နယ်သွားရောက်ကာ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေး

    အောက်တိုဘာ ၁၈၊ ၂၀၁၈
    M-Media

    ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံနေသည့် Christine

    – ကုလ အတွင်းရေးမှူးချုပ် အန်တိုနီ ဂူတာရက်စ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ဟာ ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ မနေ့မှာ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဆွေးနွေးခဲ့ရတယ်လို့ သိရပါတယ်။

    ဒါဟာ Christine ရဲ့ ကချင်ပြည်နယ် ပထမဆုံးခရီးစဉ်လည်း ဖြစ်ပါတယ်။

    ကချင်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေဟာ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ သူတို့ရဲ့ ပါဝင်မှုနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပြီး၊ ငြိမ်းချမ်းရေးအတွက် အချိန်နဲ့ စိတ်ရှည်မှု လိုအပ်တယ်ဆိုတာ နှစ်ဖက်စလုံးက လက်ခံခဲ့ကြတယ်လို့ ပြည်နယ် လူမှုဖူလှုံရေးဝန်ကြီး ဦးတင်လွင်က ဆွေးနွေးပွဲအပြီး သတင်းထော က်တွေကို ပြောကြားခဲ့ပါတယ်။

    ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နိုင်ငံလုံးဆိုင်ရာ အပြစ်အခတ်ရပ်ဆဲရေးစာချုပ် NCA ကို လက်မှတ်ထိုးထားခြင်း မရှိပါဘူး။

    ခရီးစဉ်အတွင်း Christine ဟာ စစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသူတွေ နေထိုင်တဲ့ မြစ်ကြီးနားက စစ်ရှောင်စခန်းတွေကိုလည်း သွားရောက်ခဲ့သလို၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ စစ်ဌာနချုပ် အကြီးတန်းအရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့က Christine ဟာ နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံကာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်၊ ရခိုင်ပြဿနာတွေ အပါအ၀င် ကိစ္စတော်တော်များများကို ဆွေးနွေးခဲ့ပါတယ်။

    တနင်္လာနေ့မှာတော့ ရခိုင်ပြည်နယ်က စစ်တွေ၊ မောင်တောနဲ့ ဘူးသီးတောင်မြို့တွေကို သွားရောက်ကာ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ၊ တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ခံစားရသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

    Ref: Irrawaddy

    (ဧရာဝတီ သတင်းဌာန အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့်သတင်းအား ကောက်နှုတ်ပြန်ဆိုခြင်း ဖြစ်ပါသည်)

  • မြန်မာနိုင်ငံတွင် နှစ် ၅၀ အတွင်း ဖြစ်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှု အသေးစိတ်အစီရင်ခံစာ ထွက်ရှိ

    မြန်မာနိုင်ငံတွင် နှစ် ၅၀ အတွင်း ဖြစ်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှု အသေးစိတ်အစီရင်ခံစာ ထွက်ရှိ

    အောက်တိုဘာ ၁၆၊ ၂၀၁၈
    M-Media

    အစီရင်ခံစာ ထုတ်ပြန်ပွဲ အခမ်းအနား မြင်ကွင်း

    – မြန်မာနိုင်ငံမှာ ၁၉၇၀ ကနေ ၂၀၁၇ ခုနှစ်အထိ နှစ် ၅၀ အတွင်း ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အသေးစိတ် စုံစမ်းဖော်ထုတ်ထားတဲ့ အစီရင်ခံစာတစ်စောင်ကို ဒီကနေ့မှာ ထုတ်ပြန်လိုက်ပြီး ကျူးလွန်မှုတွေကို မှတ်တမ်းတင်ရေး၊ ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှု ဆောင်ကျဉ်းရေး ခြေလှမ်းအစဖြစ်တယ်လို့ အရပ်ဖက် အဖွဲ့အစည်းတွေက ပြောကြားလိုက်ပါတယ်။

    ‘ဥပက္ခာ မပြုကောင်းသာ ဘ၀များ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ အဲဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တဲ့ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma) နဲ့ သူတို့ရဲ့’ ပြန်လည်ကုစားပေးလျော်မှု အလုပ်အဖွဲ့’ (Reparations Working Group) က အစီရင်ခံစာဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေရဲ့ ခံစားရမှုကို လက်ခံအသိအမှတ်ပြုပြီး အစိုးရ ဦးဆောင်တဲ့ ပြန်လည်ကုစားရေး စီမံကိန်း ဖော်ဆောင်ရေး အထောက်အကူဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    စာမျက်နှာ ၉၄ မျက်နှာ ပါဝင်တဲ့ အစီရင်ခံမှာ နှစ်ပေါင်း ၄၇ နှစ်အတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၁ ခုမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၁၁၁ ခုကို လေ့လာဆန်းစစ်ထားပြီး၊ ကျူးလွန်ခံရသူတွေကို ဆောင်ရွက်ပေးရမယ့် လိုအပ်ချက်တွေအကို မြန်မာနိုင်ငံမှာ ပထမဆုံး သုံးသပ်ထားတာလည်း ဖြစ်ပါတယ်။ အဲဒီချိုးဖောက်မှုတွေမှာ နစ်နာသူ ၄၀၀၀ ကနေ ၄၅၀၀ အကြား ရှိနေတယ်လို့ ဆိုပါတယ်။

    ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက အခြားနိုင်ငံတွေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေကို ဖေးမကူညီပေးနိုင်မယ့် ဥပဒေတွေကနေတစ်ဆင့် အမျိုးသားရင်ကြားစေ့ရေးကို ဆောင်ရွက်ကြတယ်လို့ ဒီကနေ့ အစီရင်ခံစာ ထုတ်ပြန်ပွဲမှာ ပြောကြားခဲ့ပါတယ်။

    “မြန်မာနိုင်ငံမှာ အနည်းဆုံး ဖြစ်ပျက်ခဲ့တာတွေကို လက်ခံဖို့ လိုပါတယ်”

    လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ဆောင်တဲ့အခါ တရားမျှတမှုကို ရရှိနိုင်ဖို့အတွက် ND-Burma အဖွဲ့ကို လွန်ခဲ့တဲ့ ၁၄ နှစ်က ဖွဲ့စည်းခဲ့တာဖြစ်ပြီး တိုင်းရင်းသားလူမျိုးစု၊ အမျိုးသမီး အင်အားစု၊ နိုင်ငံရေးကျဉ်းသားဟောင်းအစုအဖွဲ့တွေကို ကိုယ်စားပြုထားတဲ့ အဖွဲ့ဝင် ၁၃ ဦး ပါဝင်ပါတယ်။

    လူအခွင့်အရေး ချိုးဖောက်ခံရသူတွေရဲ့ဘ၀ကို ပြန်လည်တည်ဆောက်နိုင်ရေးလုပ်ငန်းတွေ ဖော်ဆော်ဖို့အတွက် ၂၀၁၅ ခုနှစ်မှာ ‘ပြန်လည်ကုစားပေးလျာ်မှု အလုပ်အဖွဲ့’ ကို ND-Burma နဲ့ အခြား အရပ်ဖက်အဖွဲ့အစည်းတွေက အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းခဲ့ကြပါတယ်။

    ‘ဥပက္ခာ မပြုကောင်းသော ဘ၀များ’ အစီရင်ခံမှာ အသေးစိတ်ဖော်ပြထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ၁၁၁ ခုမှာ ၈၅ မှုက ပြည်တွင်း လက်နက်ကိုပဋိပက္ခနဲ့ ဆက်နွယ်ပြီး၊ ၁၃ ခုက မြေယာသိမ်းဆည်းမှု၊ နောက်ထပ် ၁၃ မှုက နိုင်ငံရေးအကျဉ်းသားကိစ္စတွေ ဖြစ်ပါတယ်။ ၈၅ ရာခိုင်နှုန်းဖြစ်တဲ့ အမှု ၉၅ ခုကို တပ်မတော်နဲ့ အစိုးရလက်နက်ကိုင်အဖွဲ့တွေက ကျူးလွန်တာဖြစ်ပြီး၊ ၁၃ ခုက တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့လက်ချက်၊ ၃ ခုက အမည်မသိသူတွေရဲ့လက်ချက်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဒီလို ချိုးဖောက်မှုတွေကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုစီးပွားရေးဆိုင်ရာ ဆိုးကျိုးတွေကို ခံစားခဲ့ရတယ်လို့ ကျူးလွန်ခံရသူတွေက ပြောကြားခဲ့ပါတယ်။ အစိုးရ ဒါမှမဟုတ် ကျူးလွန်ခဲ့သူတွေက ဒီလို ခံစားရတာတွေကို ပြေလျော့အောင် ကုစားပေးဖို့ကိုလည်း သူတို့က လိုလားနေကြပါတယ်။

    တရားမှုတမှုအတွက် ဘုံလိုလားချက်ဟာ ဒီလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ နောက်ထပ် မဖြစ်လာအောင် တားဆီးနိုင်မယ့် ခိုင်မာတဲ့ အပြောင်းအလဲမျိုး ဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ခံစားရမှုတွေအတွက် တရားမျှတအောင် ဆောင်ရွက်ပေးတာ၊ သိမ်းဆည်းခံထားရတဲ့ မြေယာတွေ၊ အိုးအိမ်တွေ ပြန်ပေးတာ၊ မှားယွင်းဖမ်းဆီးခံထားရတဲ့ မိသားစုဝင်တွေကို ပြန်လွှတ်ပေးတာ၊ နိုင်ငံသားအခွင့်အရေး၊ နိုင်ငံအရေးအခွင့်အရေးတွေ ပြန်လည်အပ်နှင်းတာတွေလို ဆောင်ရွက်ချက်ကို မြင်ရဖို့ ကျူးလွန်ခံရသူတွေက တောင်းဆိုခဲ့ပြီး ဒါမှသာ သူတို့ ကျေအေးနိုင်မယ်လို့ ဆိုပါတယ်။

    ကျူးလွန်ခံရသူ တော်တော်များများက လက်ရှိ တရားရေးစနစ်ကနေ တရားမျှမှု ရနိုင်မယ်လို့ မယုံကြည်ကြောင်း စစ်တမ်းကောက်ယူမှုမှာ ပြောကြားခဲ့ပါတယ်။

    အစီရင်ခံစာမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ ပထမဆုံး အရပ်သားဦးဆောင်တဲ့ အစိုးရဟာ တရားမျှမှုကို ဆောင်ကျင်ပေးရမယ်လို့ ဖော်ပြထားပါတယ်။

    ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့တဲ့ စစ်အာဏာရှင်အုပ်ချုပ်မှုနဲ့ ပြည်တွင်းစစ်ကြောင့် ပြည်သူတွေကြားထဲမှာ လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်ခွင့်တွေအကြောင်း သိရှိမှု အားနည်းနေတယ်လို့လည်း အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

    စစ်တမ်းကောက်ယူမှုအရ ကျူးလွန်ခံရသူတွေရဲ့ တရားမျှတမှု တောင်းဆိုချက်ဟာ သိပ်ကို သင့်တင်လျောက်ပတ်လွန်းပြီး၊ ‘စစ်မှန်တဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းကို စတင်နိုင်ဖို့အတွက် ဒီအချက်ကို အမိအရဆုပ်ကိုင်ဖို့’ အစီရင်ခံစာမှာ မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။

    လူ့အခွင့်အရေးချိုးဖောက်မှု အကြီးအကျယ် ဖြစ်ပွားခဲ့တယ်ဆိုတာကို လက်ခံအသိအမှတ်ပြုပြီး ကျူးလွန်ခံရသူတွေကို အစိုးရအစီအစဉ်နဲ့ ပြန်လည်ကုစားရေး လုပ်ရမယ်ဆိုတာတွေ ပါဝင်တဲ့ ‘ပြန်လည်ကုစားရေး ဥပဒေ’ ပြဌာန်းပေးဖို့၊ ၂၁ ရာစု ပင်လုံညီလာခံမှာ ပြန်လည်ကုစားရေးကိစ္စ ထည့်သွင်းပြီး အိုးအိမ်စွန့်ခွာနေရသူတွေသာမကဘဲ၊ လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေ ကိစ္စကိုပါ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်လို့ သတင်းထွက်တဲ့ ဒေသတွေကို အကူအညီပေးရေးအဖွဲ့တွေ၊ မီဒီယာတွေနဲ့ လူ့အခွင့်အရေးစောင့်ကြည့်သူတွေကို ၀င်ခွင့်ပေးဖို့၊ အချက်အလက် ကွင်းဆင်းကောက်ယူသူတွေကို အရှက်တကွဲအကျိုးနည်းဖြစ်အောင်လုပ်တာ၊ နှောက်ယှက်တာတွေကို ရပ်တန့်ပေးဖို့၊ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းနဲ့ညီတဲ့ စစ်သည်တော်ကျင့်ဝတ်တွေ စစ်တပ်မှာ ပြဌာန်းပေးပြီး ကျူးလွန်တဲ့စစ်သားတွေကို စစ်ခုံရုံးမှမဟုတ်ဘဲ၊ အရပ်ဖက်ခုံရုံးမှာ စစ်ဆေးအပြစ်ပေးဖို့၊ စစ်အစိုးရအဆက်ဆက်ကို နောက်ကြောင်းပြန် အရေးမယူရဆိုတဲ့ အခြေခံဥပဒေက ပုဒ်မ ၄၄၅ ကိုပယ်ဖျက်ပေးဖို့ စတဲ့ အချက်တွေကိုလည်း အစီရင်ခံစာမှာ တောင်းဆိုထားပါတယ်။

    Ref: Frontier Myanmar

    (Frontier Myanmar တွင် ဖော်ပြထားသည့် သတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်)