News @ M-Media

Tag: Minority In Myanmar

  • မလေးရှားရောက် ချင်းဒုက္ခသည်များ၏အနာဂတ် မရေမရာ ဖြစ်နေ

    မလေးရှားရောက် ချင်းဒုက္ခသည်များ၏အနာဂတ် မရေမရာ ဖြစ်နေ

    ဇန်န၀ါရီ ၁၄၊ ၂၀၁၉
    M-Media

    ကွာလာလမ်ပူဆင်ခြေဖုံးရှိ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတစ်ခုတွင် တွေ့ရသော ချင်းကလေးငယ်များ

    – UNHCR က ဒုက္ခသည်အဖြစ် ဆက်လက်ပြီး ကာကွယ်မပေးတော့ဘူးလို့ ပြောကြားခဲ့ပြီးတဲ့နောက် မိမိတို့ရဲ့ အနာဂတ်ဟာ မသေချာမှုတွေနဲ့ ကြုံတွေ့နေရပြီး မြန်မာနိုင်ငံပြန်ဖို့အတွက် လုံခြုံစိတ်ချရမှု မရှိသေးဘူးလို့ မလေးရှားရောက် ချင်းဒုက္ခသည်တွေက ပြောကြားခဲ့ကြောင်း Frontier Myanmar ရဲ့ သတင်းဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

    မလေးရှားဟာ ဒုက္ခသည် ၁ သိန်း ၆ သောင်းကျော်လောက်ကို ခိုလှုံခွင့်ပေးထားပေမယ့် အရှေ့တောင်အာရှက မြန်မာ၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေလို ကုလရဲ့ ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်မထိုးထားတဲ့အတွက် သူတို့ကို ပြောင်းရွှေ့အခြေချသူတွေအဖြစ်သာ သတ်မှတ်ပါတယ်။

    UNHCR က ၂၀၁၈ ခုနှစ် သြဂုတ်လအထိ မလေးရှားမှာ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားကြသူဟာ ၁၆၁၁၄၀ ဦးရှိပြီး ၈၅ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံကဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံက ဒုက္ခသည်တွေထဲမှာ ရိုဟင်ဂျာက အများဆုံးဖြစ်ပြီး ၇၇၁၃၀ ဦး၊ ချင်းလူမျိုးက ၂၉၆၃၀ ဦး၊ မြန်မာမွတ်စလင်က ၉၈၁၀ ဦးနဲ့ ရခိုင်လူမျိုးက ၄၀၃၀ ဦးတို့ ဖြစ်ပါတယ်။

    UNHCR ၏ ဆုံးဖြတ်ချက်

    ကုလရဲ့ ဒုက္ခသည်ဆိုင်ရာ သဘောတူစာချုပ်ကို မလေးရှားက လက်မှတ်မထိုးထားတာကြောင့် မလေးရှားနိုင်ငံမှာ ဒုက္ခသည်အဖြစ် နေထိုင်နေရတဲ့ ချင်းလူမျိုးတွေဟာ အစိုးကျောင်းတွေကို တက်ခွင့်မရပါဘူး။

    UNHCR က ဒုက္ခသည်လက်မှတ်တွေ ထုတ်ပေးထားတဲ့အတွက် အာဏာပိုင်တွေထံကနေ အနည်းဆုံးသော ကာကွယ်မှုကို ရရှိပေမယ့် ကျန်းမာရေး၊ ပညာရေးနဲ့ အခြား လိုအပ်တဲ့ ထောက်ပံ့မှုတွေအတွက် ကုလနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေအပေါ် အဓိက မှီခိုနေရပြီး ဒါကလည်း အကန့်အသတ်နဲ့ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ် ဇွန်လမှာ UNHCR က မလေးရှားမှာရှိတဲ့ ချင်းလူ့အဖွဲ့အစည်းကို ဒုက္ခသည်တွေအဖြစ် ကာကွယ်မပေးတော့ဘူးလို့ ကြေငြာခဲ့ပြီး ဒုက္ခသည်လက်မှတ်တွေကိုလည်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာအထိသာ သက်တမ်းတိုးခွင့် ပေးခဲ့ပါတယ်။

    “ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးက နိုင်ငံရေး၊ လူမှုရေးနဲ့ လုံခြုံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုတွေကို နှစ်နဲ့ချီ ပြည့်ပြည်စုံစုံ သုံးသပ်ပြီးတဲ့နောက် ဒီလိုဆောင်ရွက်တာဖြစ်ပါတယ်။ UNHCR ၀န်ထမ်းတွေက ဆောင်ရွက်နေတဲ့ စီမံကိန်းတွေ၊ အများပြည်သူတွေ အသုံးပြုနေကြတဲ့ ၀ဘ်ဆိုက်တွေအပါအ၀င် ရင်းမြစ်မျိုးစုံက
    သတင်းအချက်အလက်တွေကို ရယူခဲ့တာ ဖြစ်ပါတယ်” လို့ အာရှဒေသ UNHCR ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း ဂလပ်က Frontier Myanmar သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ဆင်းရဲဆုံးပြည်နယ်တစ်ခု ဖြစ်ပါတယ်။

    ချင်းလူမျိုးများ လက်မခံ

    UNHCR ရဲ့ ဒီကြေငြာချက် ထွက်လာပြီးတဲ့နောက် မလေးရှားက ချင်းဒုက္ခသည်တွေဟာ သူတို့ရဲ့အနာဂတ် မရေရာမှုအပေါ်မှာ စိုးရိမ်လာကြပြီး ချင်းပြည်နယ်မှာ တိုက်ပွဲတွေ မရှိပေမယ် လုံခြုံစိတ်ချရမှု မရှိသေးဘူးလို့ Frontier Myanmar ကို ပြောကြားခဲ့ပါတယ်။

    “ကုလရဲ့ ဆုံးဖြတ်ချက်ကြောင့် ကိုယ့်ကိုယ် သက်သေသွားတာ ၃ ယောက်ရှိပါပြီ။ ချင်းလူမျိုး တော်တော်များများဟာ စိုးရိမ်သောက ရောက်နေကြပြီး ဒီဆုံးဖြတ်ချက်ကြောင့် အိပ်မပျော် စားမ၀င်ဖြစ်နေပါတယ်။ စိတ်ရောဂါလို ဖြစ်နေတာပါ။ တစ်ချို့ဆို အရက်စွဲသွားပြီး မစားနိုင်မသောက်နိုင် ဖြစ်နေသူတွေလည်း ရှိပါတယ်” လို့ ‘မလေးရှား ဇိုမီးအသင်း’ ရဲ့ ဥက္ကဌ Pu Kap Za Khup က ပြောကြားခဲ့ပါတယ်။

    ဇိုမီးလူမျိုးဟာ ချင်းလူမျိုး မျိုးကွဲတွေထဲမှာ လူဦးရေအများဆုံး ဖြစ်ပါတယ်။

    ချင်းပြည်နယ်မှာ ‘ချင်းအမျိုးသားတပ်ဦး’ နဲ့ မြန်မာစစ်တပ်တို့ရဲ့ တိုက်ပွဲဟာ ၂၀၀၃ ခုနှစ်ကတည်းက မရှိတော့ဘဲ၊ ၂၀၁၅ ခုနှစ်မှာ တစ်နိုင်ငံလုံး အပစ်ရပ်ရေးစာချုပ်ကို ချင်းအမျိုးသားတပ်ဦးက လက်မှတ်ရေးထိုးခဲ့ပါတယ်။

    ‘ချင်းလူ့အခွင့်အရေးအဖွဲ့’ က ထုတ်ပြန်ခဲ့ပြီး စာမျက်နှာ ၃၅ မျက်နှာရှိတဲ့ အစီရင်ခံစာမှာတော့ UNHCR ရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ထားပြီး ပြန်လည်သုံးသပ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    ပြန်ဖို့ မဖြစ်နိုင်သေး

    Frontier ရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့တဲ့ ကွာလာလမ်ပူ ချင်းဒုက္ခသည်အများစုက ချင်းပြည်နယ်ကို ပြန်ရင် လတ်တလောမှာ အန္တရာယ်မရှိနိုင်သေးပေမယ့် စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့အကြား ဖြစ်ပွားတဲ့ တိုက်ခိုက်မှုမှာ ကြားညပ်မှာကို စိုးရိမ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ အစိုးရကဦးဆောင်တဲ့ ဘာသာရေးဖိနှိပ်မှု၊ ဗုဒ္ဓဘာသာမဟုတ်သူတွေကို ခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်လို့ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။

    ၁၉၅၁ ခုနှစ် ဒုက္ခသည် သဘောတူညီချက်ကို လက်မှတ်မထိုးထားဘဲ မွတ်စလင်နိုင်ငံလည်းဖြစ်နေတဲ့ မလေးရှားမှာ ဘာ့ကြောင့် လာနေတာလဲလို့ မေးမြန်းရာမှာ ချင်းအကူအညီပေးရေးအဖွဲ့ Alliance of Chin Refugees ရဲ့ Pu Mung Khat က “မလေးရှားဟာ မွတ်စလင်နိုင်ငံဖြစ်ပေမယ့် ဘုရားကျောင်းကို သွားတက်နိုင်သေးတယ်။ မြန်မာနိုင်ငံမှာဆိုရင် ဘုရားကျောင်းဆောက်ဖို့တောင် မလွယ်ပါဘူး” လို့ ဖြေကြားခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ်က ကွာလာလမ်ပူမှာ တည်ထောင်ခဲ့တဲ့ Alliance of Chin Refugees ဟာ မလေးရှားမှာရှိတဲ့ ချင်းအဖွဲ့အစည်း ၅ ခုထဲက တစ်ဖွဲ့ဖြစ်ပြီး သူတို့အဖွဲ့ ၅ ခု စုပေါင်းကာ ‘နိုင်ငံတကာ ချင်းလူမျိုးဆိုင်ရာ ကော်မတီ’ (International Chin Committee) ကို ဖွဲ့စည်းထားပါတယ်။

    ချင်းဒုက္ခသည်တွေ မြန်မာနိုင်ငံကိုပြန်ဖို့ ကြောက်ရွံ့နေတဲ့ နောက်ထပ် အကြောင်းအရင်းက ချွတ်ခြုံကျနေတဲ့ ကျင်းပြည်နယ်မှာ အလုပ်အကိုင်အခွင့်အလမ်း မရှိမှု ဖြစ်ပါတယ်။

    ဒုက္ခသည်အဖြစ် အလုပ်လုပ်တာဟာ မလေးရှားမှာ တရားမ၀င်ပေမယ့် ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေမှာ နားလည်မှုနဲ့ အလုပ်လို့ရနေပြီး ရတဲ့ဝင်ငွေကလည်း စားသောက်နေထိုင်ဖို့ လုံလောက်တယ်လို့ ချင်းဒုက္ခသည် တော်တော်များများက Frontier ကို ပြောကြားခဲ့ပါတယ်။

    “ဒီနေရာကနေ ဒီနေ့ အလုပ်ထွက်ရင် နက်ဖြန်ကျ နောက်တစ်နေရာမှာ အလုပ်ရှာလို့ရတယ်။ မြန်မာနိုင်ငံမှာဆိုရင် အခွင့်အလမ်းက ပိုနည်းပြီး အလုပ်ရဖို့ ၆ လလောက် ကြာချင်ကြာတာလေ” လို့ Mung Khat က ပြောပါတယ်။

    အင်ဂျင်နီယာ တတ်တယ်၊ စိုက်ပျိုးရေး လုပ်တတ်တယ်ဆိုရင် မလေးရှားမှာ အလုပ်မရှားဘူးလို့လည်း သူကိုပါတယ်။

    “Cameron Highlands လိုနေရာက စိုက်ပျိုးရေးလုပ်ငန်းကြီးတွေမှာ အလုပ်ရှာလို့ရတယ်။ တောင်ပေါ်ဖြစ်ပြီး ရာသီဥတုကလည်း ချင်းပြည်နယ်နဲ့တူတာကြောင့် ချင်းလူမျိုးတွေက အဲဒီမှာအလုပ်လုပ်ရတာကို ပျော်ပါတယ်”

    ဇိုမီးအသင်းက Kap Za Khup က မလေးရှားမှာ တရားမ၀င်အလုပ်လုပ်ရတာဟာ မြန်မာနိုင်ငံကို ပြန်တာထက် ပိုကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။

    ကြုံရမယ့် အချက် ၃ ချက်

    UNHCR ပြောရေးဆိုခွင့်ရှိသူ ဂလပ်က မလေးရှားက ချင်းလူမျိုးတွေဟာ တတိယနိုင်ငံမှာ အခြေချတာ၊ မလေးရှားမှာ တရားဝင်နေထိုင်တာနဲ့ မြန်မာနိုင်ငံကို ကိုယ့်သဘောဆန္ဒနဲ့ ကိုယ်ပြန်တာ ဆိုတဲ့ အချက် ၃ ချက်ထဲက တစ်ခုခုကို ကြုံတွေ့ရမယ်လို့ Frontier ကို ပြောပါတယ်။

    ချင်းဒုက္ခသည် အများစုကတော့ မြန်မာပြည်ကို မပြန်ချင်ဘဲ တတိယနိုင်ငံတွေမှာ အခြေချနိုင်ဖို့ မျှော်လင့်နေပါတယ်။

    ၂၀၀၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း UNHCR ဟာ ချင်းလူမျိုး ၆၅၃၀၀ ကို တတိယနိုင်ငံတွေဆီ ပို့ပေးခဲ့ပြီး အားလုံးနီးပါးက မလေးရှားက ဖြစ်ပါတယ်။ အများစုဟာ အမေရိကန်ကိုရောက်ကြပြီး တစ်ချို့တွေက ဂျပန်၊ တောင်ကိုရီးယားနဲ့ သြစတေးလျနိုင်ငံတွေကို ရောက်ကြပါတယ်။

    ဂလပ်က လက်ရှိမှာ ချင်းလူမျိုး ၆၀၀၀ လောက်ကို တတိယနိုင်ငံပို့ဖို့ စီစစ်နေပြီး အမှန်ကတယ် သွားရောက်နိုင်မယ့် အရေအတွက်ကတော့ လက်ခံမယ့်နိုင်ငံတွေအပေါ် မူတည်ကြောင်း၊ မလေးရှားမှာ ဆက်လက်နေထိုင်ဖို့အတွက် ဆိုရင်တော့ မလေးရှားအစိုးရနဲ့ UNHCR တို့ ပိုမို နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင် ဂလပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မလေးရှားဟာ ဆီးရီးယားစစ်ပွဲကြောင့် ထွက်ပြေးလာရတဲ့ ဒုက္ခသည် သုံးထောင်ကို ယာယီလက်ခံသွားမယ်လို့ ၂၀၁၅ ခုနှစ် ကုလ အထွေထွေညီလာခံမှာ ကတိပြုခဲ့ပြီး နိုင်ငံရဲ့ အကြီးဆုံး NGO တွေထဲက တစ်ခုဖြစ်တဲ့ Malaysian Humanitarian Aid and Relief (MAHAR) ဟာ အစိုးရနဲ့အတူ ဒီအစီအစဉ်ကို ပူးပေါင်းဆောင်ရွက်နေပါတယ်။

    MAHAR အဖွဲ့ရဲ့ ဥက္ကဌ မစ္စတာ ဂျစ္စမီ ဂျိုဟာရီက မလေးရှားအစိုးရနဲ့ စကားပြောကြည့်သလောက် ချင်းဒုက္ခသည်တွေအတွက် ဒီလိုအစီအစဉ်မျိုး လုပ်ဆောင်ဖို့ အနေအထားမရှိဘူးလို့ Frontier ကို ပြောကြားခဲ့ပါတယ်။

    Mung Khat က သူတို့အဖွဲ့ Alliance of Chin Refugees ဟာ မလေးရှားအစိုးရနဲ့ စကားပြောဆို့ စီစဉ်နေပြီး UNHCR ကဒ်တွေ သက်တမ်းကုန်သွားရင် ACR က ထုတ်ပေးထားတဲ့ ကဒ်တွေကို အသိအမှတ်ပြုကာ နေထိုင်ခွင့် အလုပ်လုပ်ခွင့်တွေပေးဖို့ တောင်းဆိုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ပြန်လည်နေရာချထားရေး ဒါမှမဟုတ် အခြားထောက်ပံ့မှုတွေပေးဖို့ တောင်းဆိုမှာ မဟုတ်ပါဘူး။ ထုတ်ပေးထားတဲ့ ကဒ်တွေကို အသိအမှတ်ပြုပေးတာမျိုးပဲ လိုအပ်တာပါ”

    Ref: Frontier Myanmar

    (Frontier Myanmar တွင် ဖော်ပြထားသည့် သတင်းဆောင်းပါးကို ထုတ်နှုတ်ဘာသာပြန်ဆိုပါသည်)

  • ရခိုင်စစ်ရှောင်ပြည်သူများကို အကူအညီပေးရေး စစ်တပ်က ပိတ်ပင်မှုရှိနေ

    ရခိုင်စစ်ရှောင်ပြည်သူများကို အကူအညီပေးရေး စစ်တပ်က ပိတ်ပင်မှုရှိနေ

    ဇန်န၀ါရီ ၁၀၊ ၂၀၁၉
    M-Media

    ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများ (Photo Credit – ဧရာဝတီ)

    – ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လတ်တလောဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို အကူအညီပေးရာမှာ မြန်မာစစ်တပ်က တားမြစ်ပိတ်ပင်မှုတွေ ရှိနေတယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ပြောကြားလိုက်ပါတယ်။

    ပြည်နယ်မြောက်ပိုင်းက မြို့နယ် ၄ မြို့နယ်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၅၀၀၀ ကျော်လောက် ရှိနေတာ ဖြစ်ပါတယ်။

    IDP စခန်းတွေမှာ အမိုးအကာ မလုံလောက်မှုတွေ ကြုံတွေ့နေရပြီး စစ်တွေမြို့အခြေစိုက် ၀ံလက်ဖောင်ဒေးရှင်းက ဦးခိုင်ကောင်းစံက ကျောက်တော်မြို့နယ်မှာရှိတဲ့ စခန်းမှာ ပြည်သူတွေဟာ သီးတင်းပတ်နဲ့ချီ တာပေါ်လင်တဲတွေနဲ့ နေထိုင်နေရတယ်လို့ ပြောကြားခဲ့ပါတယ်။

    ကျောက်တော်မြို့နယ်မှာရှိတဲ့ ရွာတွေက အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို ဆန်နဲ့ တခြားအကူအညီတွေပေးဖို့ စီစဉ်မှုတွေကို စစ်တပ်က တားမြစ်တာတွေလည်း ရှိနေပါတယ်။

    ဦးခိုင်ကောင်းစံက သူတို့ဖောင်ဒေးရှင်းက ဆန်အိတ်တွေ သွားပို့မယ့်အစီအစဉ်ကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက နှုတ်မိတ်နဲ့ ခွင့်ပြုခဲ့ပေမယ့် စစ်တပ်နဲ့ ရဲ ပူးပေါင်းအဖွဲ့က အကူအညီပေးရေးဝန်ထမ်းတွေကို တားဆီးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ပြည်သူတွေအပေါ် အကူအညီပေးမှုကို စစ်တပ်က တားမြစ်ပိတ်ပင်တဲ့ ဖြစ်ရပ်တွေဟာ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။ ကချင်လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဒေသမှာ အကူအညီပေးရေးလုပ်ငန်းတွေကို စစ်တပ်က ပိတ်ပင်ခဲ့တယ်လို့ ကချင်နှစ်ခြင်းအသင်းတော် KBC က
    ပြီးခဲ့တဲ့နှစ်မှာ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

    ကျောက်တော်မှာ ရွာပေါင်း ၂၀ က ရွာသားအားလုံးနီးပါးလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး တစ်ချို့ဒေသတွေမှာ ကူညီလို့ရပမေယ့် ထွက်ပြေးလာသူတွေ တော်တော်များများ နေထိုင်နေတဲ့ နေရာနှစ်ခုမှာ လုံးဝ ကူညီလို့မရကြောင်း ဦးခိုင်ကောင်းစံက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “သူတို့လုပ်ရပ်က လူ့အခွင့်အရေးကို ပြောင်းပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်တယ်လို့ ပြောချင်ပါတယ်”

    မြန်မာနိုင်ငံက ကုလ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးမှူး ကနု အောစ့်ဘီက ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာစစ်တပ်တို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၄၅၀၀ လောက် ရှိနေတယ်လို့ မနေ့က Twitter စာမျက်နှာမှာ ပြောကြားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်က အိုးစွန့်ခွာထွက်ပြေးရသူတွေကို ကူညီပေးမယ်လို့ ကုလ မြန်မာအာဏာပိုင်တွေကို ကမ်းလှမ်းထားပေမယ့် မြေပြင်မှာ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC ကလွဲလို့ အခြား အကူအညီပေးရေးအဖွဲ့တွေကို မမြင်ရသေးဘူးလို့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။

    Ref: Irrawaddy

    (ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းတွင်ဖော်ပြသည့် သတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်)

  • တိုက်ပွဲကြောင့်ထွက်ပြေးလာသည့် ရခိုင်ပြည်သူများ အကူအညီပိုလိုအပ်နေ

    တိုက်ပွဲကြောင့်ထွက်ပြေးလာသည့် ရခိုင်ပြည်သူများ အကူအညီပိုလိုအပ်နေ

    ဇန်န၀ါရီ ၈၊ ၂၀၁၉
    M-Media

    ရခိုင်ရှိ စစ်ရှောင်စခန်းများမှ ပုံရိပ်များ (Photo – Myanmar Times)

    – တိုင်းရင်းသားလိုက်နက်ကိုင်တပ်ဖွဲ့က ရဲစခန်းတွေကို တစ်ချိန်တည်းတစ်ပြိုင်တည်း တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့အဖြစ်အပျက် ဖြစ်ပွားတာ ၂ ရက်ကြာမြင်ခဲ့ပေမယ့် ရခိုင်ပြည်နယ်က မြို့နယ်တော်တော်များများမှာ တနင်္ဂနွေနေ့အထိ တင်းမာမှုတွေက မြင့်တက်နေဆဲ ဖြစ်ပါတယ်။

    သောကြာနေ့ ဘူးသီးတောင်မြို့နယ်က ရဲစခန်းတွေကို တိုက်ခိုက်မှုမှာ တာဝန်ရှိတယ်လို့ ယုံကြည်ရတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA အဖွဲ့ဝင်တွေ ရှာဖွေရေးလုပ်ငန်းလုပ်ငန်းကိုလည်း အစိုးရတပ်ဖွဲ့တွေက လုပ်ဆောင်နေပါတယ်။ တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင် ၉ ဦး ဒဏ်ရာရခဲ့ပါတယ်။

    ထောင်နဲ့ချီတဲ့ ရွသားတွေဟာ တိုက်ပွဲကို ရှောင်ရှားဖို့အတွက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    ပုဏ္ဍားကျွန်းမြို့နယ်က အထက်မျက်လှယ် ယာယီစစ်ရှောင်စခန်းမှာ ဒုက္ခသည် ရာနဲ့ချီ ခိုလှုံနေရပြီး အဲဒီအထဲကတစ်ဦးဖြစ်တဲ့ ဦးဘီးသီထက ဒေသတွင်းမှာ တင်းမာမှုတွေ မြင့်တက်လာတာကြောင့် တနင်္ဂနွေနေ့မနက် အစောပိုင်းမှာ ဒုက္ခသည်တွေ ထပ်ရောက်လာတယ်လို့ Myanmar Times သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ရခိုင်ရှိ စစ်ရှောင်စခန်းများမှ ပုံရိပ်များ (Photo – Myanmar Times)

    “တိုက်ခိုက်တာတွေကို ကြောက်ရွံ့တာတစ်ခုတည်းကြောင့်မဟုတ်ဘဲ၊ စားနပ်ရိက္ခာတွေ ပြတ်တောက်သွားတာကြောင့် လူတွေ ထွက်ပြေးလာကြတာ ဖြစ်ပါတယ်”

    နိုင်ငံတော်အတိုင်ပင်ခံရုံးက ဒုတိယ၀န်ကြီး ဦးခင်မောင်တင်၊ ရဲတပ်ဖွဲ့အကြီးအကဲ ရဲဒုတိယဗိုလ်ချုပ်ကြီး ဦးအောင်ဝင်းဦးနဲ့  မီဒီယာသမားတွေ ပါဝင်တဲ့အဖွဲ့ဟာ တနင်္ဂနွေနေ့ မနက်ပိုင်းက ရခိုင်ပြည်နယ်ကို သွားရောက်ကာ စစ်တပ်က လုပ်ဆောင်နေတဲ့ စစ်ဆင်ရေးလုပ်ငန်းတွေကို ကြည့်ရှုခဲ့ကြပါတယ်။

    အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသူတွေထဲက တစ်ယောက်ဖြစ်ပြီး ကလေး ၃ ဦးရှိတဲ့ မခင်အေးသိန်းက သေနတ်သံတွေ ရွာနဲ့နီးလာပြီး စားစရာ ပြတ်လပ်သွားတာကြောင့် လွတ်လပ်ရေးနေ့ကဖြစ်ပွားတဲ့ တိုက်ပွဲတွေမတိုင်ခင်ကတည်းက ထွက်ပြေးလာရတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်မတို့ အလုပ်သွားလုပ်လို့ မရဘူး။ ရိက္ခာလည်း မရှိပါဘူး။ တစ်ခုတည်းသော ရွေးချယ်စရာက ထွက်ပြေးရတာပါပဲ”

    ကယ်ဆယ်ရေးစခန်းမှာ အခြေခံလိုအပ်ချက်တွေ မပြည့်စုံတာ၊ အိမ်သာမရှိတာတွေကိုလည်း သူမက ထောက်ပြခဲ့ပြီး နေ့ဘက်ဆို အရမ်းပူလွန်းကာ၊ ညဘက်ကျရင်လည်း အရမ်းအေးလွန်းတယ်လို့ ပြောကြားခဲ့ပါတယ်။

    ရခိုင်ရှိ စစ်ရှောင်စခန်းများမှ ပုံရိပ်များ (Photo – Myanmar Times)

    “ရွာကိုပဲ အမြန်ဆုံး ပြန်ချင်ပါတယ်။ ဒီပြဿနာ ဘယ်တော့မှပြီးမလဲဆိုတာကိုလည်း ကျွန်မ မသိပါဘူး” လို့ မခင်အေးသိန်းက ပြောပါတယ်။

    သူမ နေထိုင်တဲ့ ကယ်ဆယ်ရေးစခန်းမှာ လူ ၁၃၀၀ လောက်ရှိပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။

    ဒေသတွင်း အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေဟာ ဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့ပေးနေပြီး ပြည်နယ်အစိုးရကလည်း ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးနေကာ အထူးသဖြင့် ၀မ်းပျက်ဝမ်းလျှောဖြစ်နေတဲ့ ကလေးငယ်တွေအတွက် ဖြစ်ပါတယ်။

    “လက်ရှိမှာ အခြေခံကျန်းမာရေးစောင့်ရှောက်မှုနဲ့ သန့်ရှင်းတဲ့သောက်သုံးရေကို ပိုလိုအပ်နေပါတယ်” လို့ ဒုက္ခသည်များ အကူအညီပေးရေးကော်မတီဥက္ကဌ ဦးတင်ထွန်းအောင်က ပြောကြားခဲ့ပါတယ်။

    ပြည်ထဲရေးဝန်ကြီးဌာရဲ့ ထုတ်ပြန်ချက်မှာ ငမြင်းဘော် ရဲကင်းစခန်းကို AA တိုက်ခိုက်ရေးသမား ၁၀၀၊ ကျောင်းတောင် စခန်းကို နောက်ထပ် ၁၀၀ လောက် ၀င်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    ရခိုင်ရှိ စစ်ရှောင်စခန်းများမှ ပုံရိပ်များ (Photo – Myanmar Times)

    ဂုတ်ပိစခန်းကို စီးနင်းတိုက်ခိုက်မှုအတွင်း AA တပ်ဖွဲ့ဝင် ၅၀၊ ခထီးလှစခန်းကို တိုက်ခိုက်မှုမှာ ၁၀၀ လောက် ပါဝင်ခဲ့ပြီး ဒီစခန်းအားလုံးဟာ ဘူးသီးတောင်မြို့နယ်မှာ တည်ရှိတာဖြစ်ပါတယ်။

    မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ AA အဖွဲ့တွေဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ခဲ့တာ ဖြစ်ပါတယ်။

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့နေရာတွေမှာ ၄ လ အပစ်ရပ်ကြောင်း ဒီဇင်ဘာ ၂၁ ရက်နေ့မှာ စစ်တပ်က ကြေငြာခဲ့ပေမယ့် ရခိုင်ပြည်နယ်တော့ မ၀ါဝင်ပါဘူး။

    ရခိုင်ရှိ စစ်ရှောင်စခန်းများမှ ပုံရိပ်များ (Photo – Myanmar Times)

    Ref: Myanmar Times

    (Myanmar Times အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် Tensions high in Rakhine following deadly attacks သတင်းဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • အစိုးရတပ်နှင့် AA တို့၏တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသည့် ရခိုင်ပြည်သူ ၂၅၀၀ ခန့် ရှိလာ

    အစိုးရတပ်နှင့် AA တို့၏တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသည့် ရခိုင်ပြည်သူ ၂၅၀၀ ခန့် ရှိလာ

    ဇန်န၀ါရီ ၃၊ ၂၀၁၉
    M-Media

    ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် ရခိုင်ကလေးငယ်များ (Photo Credit – Irrawaddy)

    – ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ ရခိုင်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ AA နဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ရခိုင်ပြည်နယ်အတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ အရေအတွက်ဟာ ၂၅၀၀ အထိ ရှိလာတယ်လို့ ကုလသမဂ္ဂအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဖာရ်ဟန် ဟက်က ပြောကြားလိုက်ပါတယ်။

    ဒီဇင်ဘာ အစောပိုင်းကစလို့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်နေတာပါ။ မြန်မာစစ်တပ်က သူတို့အနေနဲ့ တိုက်ပွဲတွေကို ၄ လကြာ ရပ်နားထားမယ်လို့ ပြီးခဲ့တဲ့လမှာ ကြေငြာခဲ့ပေမယ့် နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသတွေသာ ပါဝင်ပြီး ရခိုင်ပြည်နယ်ကို ချန်လှပ်ထားခဲ့ပါတယ်။

    နိုင်ငံပိုင်သတင်းစာဖြစ်တဲ့ Global New Light of Myanmar က ဘူးသီးတောင်မြို့နယ် စေတောင်ကျေးရွာမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို လက်နက်ငယ်တွေ လက်နက်ကြီးတွေကိုင်ထားတဲ့ လူ ၃၀ လောက်က အင်္ဂါနေ့မှာ တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တယ်လို့ မနေ့က ဖော်ပြခဲ့ပါတယ်။

    AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သူတို့အနေနဲ့ ရဲစခန်းကို တိုက်ခိုက်ခဲ့တာ မရှိဘူးလို့ ငြင်းဆိုခဲ့ပေမယ့်၊ စေတောင်ရွာမှာ အင်္ဂါနေ့က အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    သူတို့ကို တိုက်ခိုက်ဖို့အတွက် အစိုးရတပ်က ရာနဲ့ချီတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ်နယ်စပ်နားမှာ ပိုမို တပ်ဖြန့်ချထားတယ်လို့လည်း ခိုင်သုခက ဆိုပါတယ်။

    မြန်မာစစ်တပ်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

    လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိ

    ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့တွေမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း မြန်မာစစ်သားတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဂျီနီဗာသဘောတူညီချက်တွေကို ချိုးဖောက်မှုတွေ ရှိခဲ့ပြီး သက်သေအထောက်အထားတွေကို စုဆောင်းနေတယ်လို့လည်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဧရာဝတီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    တိုက်ပွဲတွေဖြစ်ပွားနေတဲ့ စေတောင်ကျေးရွာက ဘုန်းကြီးကျောင်းမှာ အစိုးရတပ်က တပ်စွဲထားမှုကို ခိုင်သုခက ထောက်ပြခဲ့ပြီး အရပ်သားတွေကို တရားလက်လွတ်ဖမ်းဆီးတာ၊ ရွာတွေပေါ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ရွာသားတွေကို လူသားတံတိုင်းအဖြစ် အသုံးပြုတာတွေ ရှိတယ်လို့လည်း သူက ဆိုပါတယ်။

    AA ရဲ့ သတင်းပြန်ကြားရေး Facebook စာမျက်နှာက အင်္ဂါနေ့မှာ လွှင့်တင်ထားတဲ့ ပို့စ်မှာ သူတို့အနေနဲ့ အစိုးရတပ်က စစ်သားတွေ လူ့အခွင့်အရေးချိုးဖောက်တဲ့ အထောက်အထားတွေကို စုဆောင်းထားပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေထံ လွှဲပြောင်းပေးအပ်သွားမယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် အစိုးရတပ်က စစ်သားတွေ တိုက်ပွဲဖြစ်ပွားရာ ဒေသမှာ အရပ်သားတွေကို ပစ်မှတ်ထာတာမျိုး လုပ်လာရင် သူတို့ကို သတင်းပေးကြဖို့ ဒေသခံပြည်သူတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကိုလည်း AA က တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera, Irrawaddy

  • ထိုင်းဘုရင်၏ မေတ္တာရိပ်အောက်တွင် အေးချမ်းနေသည့် မြန်မာနိုင်ငံမှ ကချင်လူမျိုးများ

    ထိုင်းဘုရင်၏ မေတ္တာရိပ်အောက်တွင် အေးချမ်းနေသည့် မြန်မာနိုင်ငံမှ ကချင်လူမျိုးများ

    ဒီဇင်ဘာ ၂၉၊ ၂၀၁၈
    M-Media

    – ထိုင်းဘုရင်က မြေနေရာလက်ဆောင်ပေးမှုကို ကျေးဇူးတင်တဲ့အနေနဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းက ကချင်ရွာလေးမှာ မနောပွဲတော်ကို ကျင်းပခဲ့ကြပါတယ်။

    အကောင်းဆုံး ရိုးရာအ၀တ်အစားတွေကို ၀တ်ဆင်ပြီး လမ်းဘေး တစ်ဖက်တစ်ချက်မှာ စီတန်းရပ်နေကြတဲ့ အမျိုးသား၊ အမျိုးသမီးတွေဟာ ဗုံသံကြီးတစ်ခု လေထဲမှာ ပျံ့လွင့်မြည်ဟိန်းလာတဲ့အချိန်မှာ စည်းချက်နဲ့အတူ ယိမ်းနွဲ့ လှုပ်ရှားလာကြပါတယ်။

    “ဒီလိုကဖို့ နှစ်တော်တော်ကြာ စောင့်ခဲ့ရတာပါ။ အခမ်းအနားတစ်ခုလုံးရဲ့ အရေးကြီး အစိတ်အပိုင်းတွေမှာ ဒီလိုကတာလည်း ပါဝင်ပါတယ်” လို့ ကနေတဲ့ အမျိုးသမီးနှစ်ဦးအကြားကို အသာအယာ ၀င်ရောက်လာတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

    ခဏအကြာမှာ ထိုင်းစစ်တပ်အရာရှိတစ်ယောက်ဟာ အကအဖွဲ့ကြားကလမ်းအတိုင်း လျှောက်လာကာ မနောတိုင်တွေအရှေ့မှာရှိတဲ့ စင်မြင့်ထက်ကို သွားရောက်ခဲ့ပြီး လမ်းတစ်လျှောက် ပြည်သူတွေနဲ့ ရင်းရင်းနှီးနှီး လက်ဆွဲနှုတ်ဆက်ကာ ဓာတ်ပုံတွေလည်း အတူတွဲရိုက်ခဲ့ပါတယ်။ အရာရှိရဲ့နောက်မှာ ပုလွေမှုတ်သူတွေနဲ့ အကအဖွဲ့တွေက ထပ်ကြပ်မကွာ လိုက်ပါလာကြပါတယ်။ အရာရှိက မိန့်ခွန်းအနည်းငယ်ပြောကြားခဲ့ပြီးတဲ့နောက် လက်ခုပ်သံ တစ်သောသောညံခဲ့ပြီး မနောပွဲတော် စတင်ပါတော့တယ်။

    ကချင်လူမျိုး အများစုဟာ မြန်မာနိုင်ငံက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ နေထိုင်ကြပေမယ့် တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့မှာလည်း အများအပြား ရှိနေပါတယ်။ ကချင်လူမျိုးအရေအတွက်ဟာ စုစုပေါင်း ၂ သန်းလောက် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။

    ထိုင်းနိုင်ငံက တစ်ခုတည်းသော ကချင်ရွာ Banmai Samakki ဟာ ချင်းမိုင်ပြည်နယ်မှာ တည်ရှိပြီး မြန်မာနယ်စပ်နဲ့ ကီလိုမီတာ အနည်းငယ်လောက်သာ ဝေးပါတယ်။ ရွာကလေးက တောင်ကြားမှာ ငြိမ်းချမ်းစွာ ရှိနေပေမယ့် ရွာရဲ့ သမိုင်းကြောင်းမှာတော့ အနိမ့်အမြင့် အတက်အကျတွေရှိပြီး ရွာကို တည်ထောင်သူတွေကလည်း သူတို့မျိုးဆက်မှာ ကြုံတွေ့ခဲ့ရတဲ့ မတည်ငြိမ်မှုတွေကနေ လွတ်မြောက်အောင် ထွက်ပြေးလာရသူတွေ ဖြစ်ပါတယ်။

    Banmai Samakki ရွာမှ မနောပွဲပုံရိပ်

    ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ ဗြိတိန်ထံက လွတ်လပ်ရေးမရခင် ဗိုလ်ချုပ်အောင်ဆန်းက ကချင်၊ ရှမ်း၊ ချင်းခေါင်းဆောင်တွေနဲ့ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့တဲ့ အဲဒီစာချုပ်မှာ ‘တောင်တန်းဒေသတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝေ ပေးအပ်မယ်’ လို့ မူအားဖြင့် သဘောတူခဲ့ပါတယ်။ စာချုပ်ချုပ်ဆိုတဲ့နေ့ကို ပြည်ထောင်စုနေ့အဖြစ် မြန်မာနိုင်ငံမှာ နှစ်စဉ် ကျင်းပကြပါတယ်။

    လွတ်လပ်ရေးရပြီး ဦးနုခေါင်းဆောင်တဲ့ အစိုးရလက်အောက်မှာ ဒီမိုကရေစီစနစ် ပေါ်ပေါက်လာပေမယ့် ကရင်လူမျိုးတွေနဲ့ ကွန်မြူနစ်တွေရဲ့ သူပုန်ထမှုကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။ ပင်လုံစာချုပ်မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလူမျိုးစုတွေဟာ လွတ်လပ်ရေးရပြီး တက်လာတဲ့ အစိုးရအပေါ် စိတ်ပျက်မှုတွေ၊ မကျေနပ်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ပြီးတဲ့နောက် ၁၉၉၄ ခုနှစ် တပ်မတော်နဲ့ နှစ်ဖက် အပစ်ရပ်ရေးစာချုပ် လက်မှတ်ရေးထိုးတဲ့အချိန်အထိ တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ အပစ်ရပ်ရေးသဘောတူညီချက်ဟာ ၂၀၁၁ ခုနှစ် ဇွန်လမှာ ပျက်ပြယ်သွားပြီး တိုက်ခိုက်မှုတွေ ပြန်ဖြစ်လာတာကြောင့် လူပေါင်း တစ်သိန်းကျော်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    ကချင်တော်လှန်ရေးရဲ့ အစောပိုင်းနှစ်တွေမှာ သဘောထားကွဲလွဲမှုတွေကြောင့် အဖွဲ့အတွင်း အငြင်းပွားမှုတွေ ဖြစ်ပေါ်ကာ တစ်ခါတစ်ရံမှာ တိုက်ခိုက်မှုတွေနဲ့ အဆုံးသတ်ကြရပါတယ်။

    Banmai Samakki ရွာမှ မနောပွဲပုံရိပ်

    “ကချင်လွတ်မြောက်ရေးတပ်ဖွဲ့နဲ့ သူတို့ထောက်ခံတဲ့ အသိုင်းအ၀ိုင်းတွေထံကနေ ကျွန်တော် ထွက်ပြေးခဲ့ရပါတယ်” လို့ Banmai Samakki ရွာကို စတင်တည်ထောင်ခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ Khawng Hawng က ပြောကြားခဲ့ပါတယ်။ Banmai Samakki ရဲ့ အဓိပ္ပါယ်က “သဟဇာတဖြစ်သည့် ရွာသစ်” ဖြစ်ပါတယ်။

    ၁၉၆၁ ခုနှစ်က KIO ကို တည်ထောင်ခဲ့တဲ့ Zaw Seng ဟာ ၁၉၇၅ ခုနှစ် မြန်မာ-ထိုင်း နယ်ခြားက စခန်းတစ်ခုမှာ KIO တပ်ဖွဲ့ဝင်တစ်ဦးရဲ့ လုပ်ကြံမှုကို ခံခဲ့ရပါတယ်။ KIO ဟာ အစက ကွန်မြူနစ်ကို ဆန့်ကျင်ခဲ့ပေမယ့် Zaw Seng အသတ်ခံရပြီးတဲ့နောက် ဗမာပြည် ကွန်မြူနစ်ပါတီနဲ့ မဟာမိတ် ဖွဲ့ခဲ့ပါတယ်။ Khawng Hawng အပါအ၀င် Zaw Seng ကို ထောက်ခံသူတွေဟာ မြန်မာနိုင်ငံကိုပြန်ရင် သူတို့ရဲ့အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားကြောင့် ထိုင်းဘက်က နယ်စပ်မှာ နေထိုင်ခဲ့ကြပါတယ်။

    ဒီအဖွဲ့က တောထဲမှာ ရပ်ကွက်တစ်ခုကို တည်ထောင်ခဲ့ပြီး ဒီအခြေအနေကို ၁၉၈၂ ခုနှစ်မှာ ထိုင်းအစိုးရ ကြားတဲ့အခါ ထိုင်းဘုရင် ဘူမိဘော အဒူလ်ရာဂျက်က ဒုက္ခသည်တွေအတွက် မြေဧက ၆၄၀၀၀၀ ချပေးခဲ့တာကြောင့် Banmai Samakki ဟာ တရားဝင် ရွာလေးတစ်ရွာ ဖြစ်လာခဲ့ပါတယ်။

    အဲဒီနောက် သိပ်မကြာခင်မှာပဲ ထိုင်းတော်ဝင်မိသားစုက ဆောင်ရွက်တဲ့ ဖွံ့ဖြိုးရေးစီမံကိန်းက တာဝန်ရှိသူတွေဟာ အဲဒီရွာလေးကို လာရောက် ကြည့်ရှုကာ အကူအညီပေးနိုင်ဖို့ မေးမြန်းခဲ့ပါတယ်။

    “ခင်ဗျားတို့ ကချင်လူမျိုးတွေရဲ့ ထင်ရှားတဲ့ ရိုးရာက ဘာလဲ-လို့ သူတို့က ကျွန်တော့်ကိုမေးတယ်။ မနောပွဲတော်ဖြစ်တယ် – လို့ ကျွန်တော်က ပြန်ဖြေလိုက်ပါတယ်” လို့ Khawng Hawng က ပြောပါတယ်။

    မနောပွဲတော်ဟာ လက်ရှိမှာ ခရစ်ယာန်ဘာသာဝင်အများစုဖြစ်နေတဲ့ ကချင်လူမျိုးတွေ နတ်ကိုးကွယ်စဉ်က ရှိခဲ့တဲ့ ထုံးတမ်းတစ်ခု ဖြစ်ပြီး ကောက်ရိတ်သိမ်းပြီးတဲ့အချိန် ဒါမှမဟုတ် စစ်ပွဲနိုင်လာတဲ့ အချိန်မျိုးတွေမှာ ပြုလုပ်တဲ့ ကပွဲ ဖြစ်ပါတယ်။ အရောင်အသွေးစုံလင်တဲ့ ရိုးရာဝတ်စုံကို ၀တ်ဆင်ထားတဲ့ ခေါင်းဆောင် (naushawng) ဦးဆောင်တဲ့ အကအဖွဲ့ဟာ ညီညာစွာ စီတန်းကာ အလယ်မှာရှိတဲ့ ဗုံကြီးကနေ ထွက်လာတဲ့ စည်းချက်အတိုင်း လက်တွေ့ကို ဝှေ့ရမ်းပြီး မနောတိုင်တွေကိုပတ်ကာ ကခုန်ကြတာ ဖြစ်ပါတယ်။

    Banmai Samakki ရွာမှ မနောပွဲပုံရိပ်

    Khawng Hawng ရဲ့ တောင်းဆိုမှုကြောင့် တော်ဝင်စီမံကိန်းက Banmai Samakki ရွာ မနောပွဲကျင်းပဖို့အတွက် ဘတ် ၆ သောင်း ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။ အဲဒီလို ကူညီထောက်ပံ့မှုကို ကျေးဇူးတင်တဲ့အနေနဲ့ Banmai Samakki ရွာသားတွေဟာ ထိုင်းဘုရင် ဘူမိဘောလ်မွေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၅ ရက်နေ့မှာ ၂ နှစ်တစ်ကြိမ် မနောပွဲကို ကျင်းပလေ့ ရှိပါတယ်။ ဒီနှစ်ပြုလုပ်တဲ့ မနောပွဲကတော့ ၂၀၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ၂၀၁၆ ခုနှစ်က ထိုင်ဘုရင်ကြီး နတ်ရွာစံတဲ့အတွက် မကျင်းပဖြစ်ခဲ့ပါဘူး။

    ပုံမှန်အားဖြင့် တိတ်ဆိပ်ငြိမ်သက်လေ့ရှိတဲ့ ရွာလေးဟာ မနောပွဲတွော ပြန်လည်ကျင်းပမှုကြောင့် ဧည့်သည်တွေနဲ့ စည်ကားလာခဲ့ပြီး မြန်မာ၊ တရုတ်နဲ့ ထိုင်းနိုင်ငံ အခြားဒေသတွေက လူတွေလည်း လာရောက်ကြပါတယ်။ ကချင်လူမျိုးတွေရဲ့ အမှတ်အသားဖြစ်တဲ့ အနီ၊ ငွေနဲ့ အနက်ရောင် ပေါင်းစပ်ထားတဲ့ ရိုးရာဝတ်စုံစာ
    ရွှေပွဲလာ ပရိတ်သတ်တွေကြားမှာ လွှမ်းမိုးနေပြီး ငှက်ဦးခေါင်း၊ တိရိစ္ဆာန်တွေရဲ့ အစိတ်အပိုင်းတွေနဲ့ ဆင်မြန်းထားတဲ့ ရ၀မ်တိုင်းရင်းသား ဦးထုပ်တွေ၊ ငွေဒင်္ဂါး၊ အရောင်အသွေးစုံတဲ့ ငှက်မွှေးနဲ့ စီရင်တဲ့ အာခါတိုင်းရင်းသား ခေါင်းဆောင်းတွေလို ရိုးရာဝတ်စုံတွေကိုလည်း တွေ့မြင်ရပါတယ်။ ဈေးဆိုင်ငယ်လေးတွေမှာလည်း စိန်ကွက်ပိတ်စတွေ၊ ပယင်းလက်ကောက်တွေ၊ ပွဲတော်သုံး ကျောက်စိမ်းအဆင်တန်ဆာတွေကို ရောင်းချနေကြပြီး ဒါတွေအာလုံးဟာ ကချင်ယဉ်ကျေးမှု၊ အဆင်တန်ဆာတွေရဲ့ အမှတ်အသား ဖြစ်ပါတယ်။

    လာရောက်လည်ပတ်ကြသူတွေ စုံသလိုပဲ အစားအသောက်တွေကလည်း စုံပါတယ်။ စားပွဲတွေပေါ်မှာ အစီအရီချထားတဲ့ မုန့်ဟင်းခါး၊ ထိုင်းကြက်သားသုတ် (arb gai)၊ ကချင်အမဲသားသုတ်တွေက ဆာလောင်နေတဲ့ ဧည်သည့်တွေကို လက်ယက်ခေါ်နေသလိုပါပဲ။ မခေါ်ဘဲရောက်လာတဲ့ မြွေတစ်ကောင်ကိုတော့ ဈေးသည်တစ်ဦးက ကချင်ဓားရှည်နဲ့ ဇီဝိန်ချွေပေးလိုက်ပါတယ်။

    Banmai Samakki ရွာမှ မနောပွဲပုံရိပ်

    “ဒီမွေကို ကင်ပြီးစားမယ်လို့ ကျွန်တော်ထင်နေတာ” လို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကနေ မနော်ပွဲတော်ကိုလာရောက်တဲ့ အမျိုးသားတစ်ဦးက အရွှန်းဖောက်ခဲ့ပါတယ်။

    ကချင်လူမျိုးတွေ တစ်ခါတစ်လေ အတူတကွ တွေ့ကြဆုံကြတဲ့ ဒီလိုအချိန်မျိုးမှာ စိတ်လက်ပေါ့ပါးပြီး ပျော်ရွှင်ဖွယ်ရာ ခံစားမှုမျိုးကိုလည်း တွေ့ရပါတယ်။ အချင်းချင်း ရယ်မောပျော်ရွှင်ကာ လက်ဆွဲနှုတ်ဆက်ကြသလို ၀မ်းနည်းဖွယ်ရာ ခံစားချက်တွေကိုလည်း ဝေမျှကြပါတယ်။

    “မြစ်ကြီးနားက မနော်ပွဲတော်ကျတော့ စိတ်ကမသန့်ဘူး။ ကချင်ပြည်နယ်မှာ ဖြစ်ပျက်နေတာတွေကိုကြည့်ရင် အလေးထားမခံရဘူးလို့ ခံစားရပါတယ်” လို့ မြစ်ကြီးနားကနေ လာရောက်တဲ့ ဒေါ်ဂျူလိုင်ဖောက ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံက ကချင်လူမျိုးတော်တော်များများရဲ့ ခံစားချက်ဟာ သူမနဲ့ ထပ်တူကျပါတယ်။ မြစ်ကြီးနားက မနောပွဲတော်ကို မြန်မာစ်တပ်က တပ်ဖွဲ့တွေ ထူထပ်စွာချကာ စောင့်ကြည့်ပြီး အစိုးရကလည်း ဒါဟာ လုံခြုံရေးလိုအပ်ချက်အတွက် လုပ်ရတာဖြစ်တယ်လို့ ပြောပါတယ်။ တင်းမာမှုဖြစ်စေတဲ့ နောက်ထပ်အချက်တစ်ခုက ပွဲတော်ကျင်းပတဲ့ကွင်းကို အစိုးရကပိုင်ဆိုင်ကာ စီမံခန့်ခွဲတာကြောင့် မြစ်ကြီးနားက မနောပွဲတော်ကို တော်တော်များများက သပိတ်မှောက်ကြပါတယ်။

    ကုလ အချက်အလက်ရှာဖွေရေးအဖွဲ့က စက်တင်ဘာလမှာထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့က ဆိုးရွားတဲ့ အခြေအနေတွေကို အများအပြား ဖော်ပြထားပါတယ်။ အချက်အလက်ရှာဖွေရေးအဖွဲ့ဟာ ရခိုင်ပြည်နယ်က အခြေအနေကို အဓိကထား လေ့လာတာဖြစ်ပြီး အဲဒီမှာ တပ်မတော်က ‘လူမျိုးတုန်းသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်’ နဲ့ ဆောင်ရွက်ခဲ့တယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ
    လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်မှုတွေကိုကြည့်ရင် စစ်တပ်မှာ ‘ကြမ်းကြုတ်တဲ့ဉာဉ် ကိန်းအောင်းနေမှု’၊ ကျူးလွန်မှုတွေကို ‘ထမင်းစားရေသောက် လုပ်သလို လုပ်နေမှု၊ ငြင်းဆန်မှုနဲ့ အရေးယူမခံရဘဲ လွတ်မြောက်နေမှု’ စတာတွေကို တုန်လှုပ်ဖွယ်ရာ တွေ့ရတယ်လို့လည်း အစီရင်ခံစာမှာ ထည့်သွင်းရေးသားထားပါတယ်။

    ကြွယ်ဝတဲ့ သယံဇာတတွေကို ထိန်းချုပ်ဖို့ ကြိုးစားမှုကလည်း ကချင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေကို တစ်စိတ်တစ်ပိုင်း မီးထိုးပေးနေပြီး ပြည်သူလူထုကတော့ တိုက်ပွဲတွေကြားထဲ ဆက်လက် ပိတ်မိနေဆဲ ဖြစ်ပါတယ်။

    ဒါပေမယ့် Banmai Samakki ရွာကလေးမှာ ၂ ရက်တာကျင်းပတဲ့ မနောပွဲက ဗုံသံဟာ တစ်ရွာလုံးမှာ လွင့်ပျံနေပြီး အကအဖွဲ့မှာ မပါဝင်တဲ့သူတွေတောင် စည်းချက်အလိုက် ယိမ်းနွဲ့လှုပ်ရှားနေကြပါတော့တယ်။

    Ref : Frontier Myanmar

    (Frontier Myanmar တွင် ဖော်ပြထားသည့် Celebrating the manau, and a Thai king’s gift ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)