News @ M-Media

Tag: Minority In Myanmar

  • တိုက်ပွဲကြောင့် ကချင်ပြည်နယ်တွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများ ပိုမိုမြင့်တက်လာနိုင်

    တိုက်ပွဲကြောင့် ကချင်ပြည်နယ်တွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများ ပိုမိုမြင့်တက်လာနိုင်

    ဧပြီ ၂၇၊ ၂၀၁၈
    M-Media

    – ကချင်ပြည်နယ်မှာ လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ ပိုမိုပြင်းထန်လာနိုင်ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေရဲ့အရေအတွက်လည်း တိုးလာဖို့ရှိတယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ပြည်နယ်အတွင်း မြို့နယ် ၁၈ မြို့လောက်မှာ ဖြစ်နေတဲ့ KIA နဲ့ မြန်မာစစ်တပ်တို့ရဲ့ တိုက်ခိုက်မှုတွေဟာ ဧပြီလအစောပိုင်းကတည်းက ပိုမိုပြင်းထန်လာခဲ့ပြီး လူပေါင်း ၄၀၀၀ ကျော်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ အရပ်ဖက် အဖွဲ့အစည်းတွေက ပြောကြားခဲ့ပါတယ်။

    အစိုးရတပ်ဖွဲ့တွေဟာ စစ်သား ၂၀၀၀ လောက်၊ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ ပို့ဆောင်ကာ တိုက်ခိုက်မှုတွေလုပ်နေတယ်လို့ KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကာနယ် Naw Bu က ပြောပါတယ်။

    “စစ်တပ်ဟာ မြန်မာပြည်အောက်ပိုင်းကနေ တပ်တွေ ထပ်ပို့နေပါတယ်။ ဒါ့ကြောင့် တိုက်ခိုက်မှုတွေက ပိုမို ပြင်းထန်လာနိုင်ပါတယ်။ ဒုက္ခသည်အရေအတွက်ဟာ မြင့်တက်လာနိုင်ပြီး၊ အခက်အခဲတွေကိုလည်း ပိုမို ခံစားရဖို့ ရှိပါတယ်”

    အခုဖြစ်နေတဲ့စစ်ပွဲဟာ ၁၉၆၀ ပြည့် အစောပိုင်းနှစ်တွေကတည်းက စတင်ခဲ့တဲ့ အစိုးရတပ်နဲ့ တိုက်ပွဲမှာ အဆိုးရွားဆုံးဖြစ်တယ်လို့လည်း Naw Bu က ဆိုပါတယ်။

    တိုက်ပွဲကြောင့် KIA ဖက်က ထိခိုက်ဒဏ်ရာရမှုနဲ့ တပ်ဖွဲ့တွေချထားမှုကို သူက ပြောပြဖို့ ငြင်းဆိုခဲ့ပါတယ်။

    Aung Lawt ဆိုတဲ့ရွာမှာ ပိတ်မိနေပြီး နှစ်ပတ်လောက် အထောက်အပံ့မရတဲ့ ပြည်သူ ၂၀၀၀ လောက်ဆီ အကူအညီပေးရေး ခွင့်ပြုဖို့အတွက် အကူအညီပေးရေးအဖွဲ့တွေက အစိုးရကို တိုက်တွန်းထားပါတယ်။

    “အချိန်ကြာလေလေ သူတို့အတွက် ဆိုးရွားလေလေပါ။ အများစုက အသက်ကြီးသူတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေဖြစ်ပါတယ်” လို့ ကချင်အခြေစိုက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့များ မဟာမိတ်အဖွဲ့က တာဝန်ရှိသူ Gum Sha Aung က ပြောကြားခဲ့ပါတယ်။

    ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် အလွန်အမင်း စိုးရိမ်မိကြောင်း ရန်ကုန်မှာ ရှိတဲ့ အမေရိကန်သံရုံးက ပြောကြားထားပြီး၊ အရပ်သားတွေကို ကာကွယ်ပေးဖို့နဲ့ လတ်တလော ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားရသူတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ခွင့်ပြုပေးဖို့ ဒီနေ့ Twitter စာမျက်နှာကနေတစ်ဆင့် အစိုးရနဲ့ စစ်တပ်ကို တိုက်တွန်းခဲ့ပါတယ်။

    Ref: Reuters

  • မေ့ပျောက်ခံ ကချင်တို့၏ဘ၀ အခြေအနေပိုဆိုးလာ

    မေ့ပျောက်ခံ ကချင်တို့၏ဘ၀ အခြေအနေပိုဆိုးလာ

    ဧပြီ ၂၆၊ ၂၀၁၈
    M-Media

    ရှေ့တန်းတစ်နေရာမှ ကချင်လက်နက်ကိုင်တစ်ဦး

    – ရှေ့တန်းမှာ စစ်တပ်ဟာ တိုက်လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ သူပုန်တွေကို တိုက်ခိုက်နေပါတယ်။ ရွှေ့ပြောင်းဒုက္ခသည်စခန်းမှာတော့ ကြောက်ရွံ့နေတဲ့ ပြည်သူတွဟာ သဲအိတ်တွေ၊ ကျောက်တုံးတွေနဲ့ ဗုံးခိုနေရာတွေ ဆောက်နေကြရပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းက ဒုက္ခပင်လယ်ဝေနေတဲ့ ဒီဒေသက နေရာတိုင်းမှာ ပဋိပက္ခတွေ ပိုဆိုးမယ်ဆိုတဲ့ အနေအထားတွေက မြင့်တက်လာပါတယ်။

    ကမ္ဘာကြီးက ရိုဟင်ဂျာတွေရဲ့ ဒုက္ခသုက္ခတွေကိုပဲ အာရုံစိုက်နေတဲ့အချိန် ဒီနေရာ(ကချင်)မှာ ပြည်တွင်းစစ်ဖြစ်နေပြီး အစိုးရတပ်တွေနဲ့ တိုင်းပြည်က တိုင်းရင်းသားလူမျိုးတစ်ခုဖြစ်တဲ့ ကချင်တွေ တိုက်ခိုက်နေကြတာပါ။ ကချင်တွေအများစုက ခရစ်ယာန်တွေ ဖြစ်ပါတယ်။ ဒီပဋိပက္ခဟာ ကမ္ဘာပ်ါမှာ ဆက်ဖြစ်နေတဲ့ အရှည်ကြာဆုံး စစ်ပွဲတွေက တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့လအနည်းငယ်မှာ သိသိသာသာကို ဆိုးဝါးလာခဲ့ပါတယ်။ ကုလကတော့ ဇန်န၀ါရီလကတည်းက အနည်းဆုံး လူပါင်းတစ်သောင်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    ကမ္ဘာအပေါ်မှာ မေ့ဖျောက်ခံထားရဆုံး ကိစ္စတွေထဲက တစ်ခုဖြစ်တဲ့ ဒီကိစ္စဟာ မြန်မာနိုင်ငံအတွင်းမှာလည်း နိုင်ငံအနောက်ပိုင်း စစ်တပ်ရဲ့စနက်ကြောင့် လူပါင်း ၇ သိန်းနီးပေါင်းလောက်ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေ အကြမ်းဖက်ခံရမှု လောင်းရိပ်အောက် ရောက်နေပါတယ်။ တရုတ်နယ်စပ်တစ်လျှောက်က ကချင်လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ တောင်တန်းဒေသလေးမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို ကြီးကြပ်နေတဲ့ ကော်မတီအကြီးအကဲ Zau Raw က ဒီအဖြစ်အပျက်နှစ်ခုဟာ အခြေအနေခြင်းမတူပေမယ့် အဖြစ်ဆိုးတွေကတော့ တူညီကြတယ်လို့ ပြောကြားခဲ့ပါတယ်။

    ရိုဟင်ဂျာတွေလိုပဲ ကချင်တွေကလည်း စစ်တပ်ဟာ ‘သူတို့ကို အပျောက်ရှင်းချင်နေတယ်’ လို့ ခံစားလာရကြောင်း သူက ဆိုပါတယ်။

    “ဒီစစ်ပွဲက ကျွန်တော်တို့ သုတ်သင်မယ့် စစ်ပွဲဗျ”

    ဗုဒ္ဓဘာသာဝင်တွေကြီးစိုးတဲ့ မြန်မာနိုင်ငံမှာ ခရစ်ယာန်အများစုဖြစ်တဲ့ ကချင်တွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုရရေးအတွက် ၁၉၆၁ ခုနှစ်ကတည်းက တိုက်ပွဲဝင်လာကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဒီတိုက်ပွဲဝင်မှုဟာ အင်အားကောင်းတဲ့ စစ်တပ်ကို ထိန်းချုပ်ထားပြီး အစိုးရထိပ်တန်းရာထူးကို ယူထားတဲ့ လူများစု ဗမာလူမျိုးတွေနဲ့ ဒါဇင်နဲ့ချီတဲ့ တိုင်းရင်သား လူနည်းစုတွေအကြား အာဏာလွန်ဆွဲပွဲအတွက် ပိုပြီးကျယ်ပြန်တဲ့ ရုန်းကန်ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

    ၁၉၄၈ ခုနှစ် ဗြိတိသျှဆီကနေ လွတ်လပ်ရေးရပြီးကတည်းက အနည်းဆုံး တိုင်းရင်းသား ၂၀ လောက်ဟာ လက်နက်စွဲကိုင် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း အစိုးရဟာ ဒီထဲက အဖွဲ့ ၁၀ ဖွဲ့လောက်နဲ့ အပစ်ရပ်ရေး လက်မှတ်ထိုးခဲ့ကြပါတယ်။ ကချင်တွေအပါအ၀င် အခြား အုပ်စု ၆ ခုလောက်က တိုက်ပွဲဝင်နေကြတုန်းပါ။

    ကချင်ပြည်နယ်မှာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ ပြီးခဲ့တဲ့နှစ်အတွင်း ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုကို မှတ်တမ်းတင်ထားသလောက် မများပေမယ့် ဒီပဋိပက္ခနှစ်ခုမှာ ‘တော်တော်လေး တူညီမှုတွေ ရှိတယ်’ လို့ ကုလအချက်အလက်ရှာဖွေရေးအဖွဲ့က မတ်လအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ရခိုင်မှာလိုပဲ (ကချင်ပြည်နယ်မှာလည်း) သတ်ဖြတ်မှု၊ ပြန်ပေးဆွဲမှု၊ လုယက်တိုက်ခိုက်မှု၊ ညှင်းပမ်းနှိပ်စက်မှု၊ အဓမ္မကျင့်မှုနဲ့ အဓမ္မလုပ်အားခိုင်းစေမှုတွေ အပါအ၀င် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဆိုးဆိုးဝါးဝါး ကျူးလွန်မှု သတင်းတွေကို ကုလက ထပ်ရခဲ့ပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရပြီး မျှော်လင့် ချက်မဲ့နေတဲ့ လူပေါင်း တစ်သိန်းနှစ်သောင်းဝန်းကျင်အတွက် လူသားချင်းစာနာထောက်ထာမှုဆိုင်ရာ အကူအညီတွေ ၀င်ရောက်ခွင့်ကိုလည်း အစိုးရက ရခိုင်မှာလိုပဲ ကန့်သတ်ထားတယ်လို့ ဒေသတွင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

    အဲဒီလိုကန့်သတ်မှုတွေဟာ ၂၀၁၆ ခုနှစ်မှာ အတိုက်အခံခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည် အာဏာရပြီးကတည်းက သိသိသာသာကို ပိုဆိုးလာခဲ့တယ်လို့ Zau Raw က ပြောပါတယ်။ လက်ရှိ မြန်မာအစိုးရဟာ ကုလနဲ့ နိုင်ငံတကာအဖွဲ့အစည်းအများစု သူပုန်တွေထိန်းချုပ်ထားတဲ့ ဒသထဲ ၀င်ရောက်တာကို တားမြစ်လာခဲ့ပြီး ဒေသတွင်း ခရစ်ယာန် နှစ်ခြင်းနဲ့ ခရစ်ယာန်ကက်သလစ်အသင်းတော်တွေက အကူအညီတွေကို ဝေငှပေးနေရပါတယ်။

    ရှေ့တန်းနားက တောထဲမှာ ပိတ်မိနေပြီး အစားအသောက်နဲ့ ရေမလုံလောက်ဘဲ သီတင်းပတ်ပေါင်းများစွာ နေထိုင်ခဲ့ရကာ ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေပါဝင်တဲ့ လူပေါင်း ၂၀၀၀ လောက်ဆီ ဆေးဝါးအကူအညီပေးပို့ရေး ခွင့်ပြုဖို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ကချင်ခေါင်းဆောင်တွေက အစိုးရကို တိုက်တွန်းဆော်သြခဲ့ပါတယ်။ ဒါပေမယ့် အစိုးရဖက်က ဘာမှ မတုန့်ပြန်ပါဘူး။

    အာဏာပိုင်တွေကတော့ တစ်ချို့အကူအညီတွေဟာ သူပုန်တွေရဲ့လက်ထဲကို ရောက်သွားတယ်လို့ စွပ်စွဲခဲ့ပြီး အကူအညီပေးရေးအဖွဲ့တွေနဲ့ သူပုန်တွေက ဒါကို ပြင်းပြင်းထန်ထန် ငြင်းဆိုပါတယ်။ Zau Raw က အစိုးရရဲ့ရည်ရွယ်ချက်က ရှင်းနေပြီး ‘သူပုန်တွေထိန်းချုပ်ထားတဲ့ ဒေသက အရပ်သားတွေရဲ့ဘ၀ ပိုမိုခက်ခဲအောင်’ လုပ်ဖို့ ကြိုးစားတာဖြစ်တယ်လို့ ဆိုပါတယ်။ ကလေးတွေမှာ အဟာရချို့တဲ့တဲ့အခြေအနေ ပိုဆိုးလာတယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။

    မြန်မာစစ်တပ်ကို ဒီကိစ္စအတွက် မေးလို့မရသေးဘဲ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက လူ့အခွင့်အရေး ချိုးဖောက်မှုရှိတယ်ဆိုတာကို ၀န်ခံခဲ့ပေမယ့် နှစ်ဖက်စလုံးကို အပြစ်တင်ခဲ့ပါတယ်။

    “တိုက်ပွဲဖြစ်တဲ့အခါတိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ကြောင့်ပဲ တိုင်းရင်းသားလက်နက်ကိုင်တွေကို နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးစာချုပ်မှာ လက်နက်ထိုးဖို့ ကျွန်တော်တို့ တိုက်တွန်းနေတာပါ” လို့ သူက ဆိုပြီး အစိုးရဟာ စစ်ပွဲရပ်တန့်ရေး စိတ်အားထက်သန်စွာ လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ကချင်လွတ်မြောက်ရေးတပ်ဖွဲ့က တာဝန်ရှိသူတွေဟာ အစိုးရစစ်တပ်နဲ့ အကြိမ်ကြိမ် တွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပေမယ့် အစိုးရက သူတို့နဲ့မဟာမိတ်ဖွဲ့ထားတဲ့ လက်နက်ကိုင်တွေကို အသိအမှတ်မပြုတာကြောင့် အပစ်ရပ်ရေးစာချုပ်ကို လက်မှတ်ထိုးဖို့ ငြင်းခဲ့ပါတယ်။ ကချင်တွေဟာ စစ်တပ်ကို အာဏာ အဆမတန် အပ်နှင်းထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း လက်မခံပါဘူး။

    အခြားသော တိုင်းရင်းသားလူနည်းစုတွေလိုပဲ ကချင်တွေကလည်း သူတို့ရဲ့ တိုက်ပွဲဝင်မှုဟာ သူတို့ ရှင်သန်ရပ်တည်နိုင်ရေးနဲ့ တန်းတူအခွင့်အရေး ရဖို့အတွက် မဖြစ်မနေ လုပ်ရတာမျိုးဖြစ်တယ်လို့ ရှုမြင်ကြပါတယ်။ စစ်တပ်ကတော့ ဒီသူပုန်တွေဟာ တိုင်းပြည် မတည်မငြိမ်ဖြစ်အောင်လုပ်တဲ့ ‘အကြမ်းဖက်’ အင်အားစုလို့ ရှုမြင်ကြောင်း သူပုန်အဖွဲ့က ဗိုလ်မှူးချုပ် Maran Zaw Tawng က ပြောပါတယ်။

    ၁၇ နှစ်ကြာ အပစ်ရပ်ရေး ပျက်ပြယ်သွားပြီးတဲ့နောက် ၂၀၁၁ ခုနှစ်ကစလို့ ကချင်ပြည်နယ်မှာ ပြန်ဖြစ်လာတဲ့ တိုက်ခိုက်မှုတွေအတွက် တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အပြစ်တင်နေကြပါတယ်။ ဒီစစ်ပွဲမှာ အောင်နိုင်သူကတော့ လက်နက်အင်အား အပြတ်အသတ်သာတဲ့ အစိုးရစစ်တပ်ဖြစ်ပြီး ကျောက်စိမ်းပေါတဲ့ ကချင်ပြည်နယ်က သူပုန်စခန်းပေါင်း ၂၀၀ ကျော်လောက် သိမ်းယူနိုင်ခဲ့ပါတယ်။ နောက်ဆုံးဖြစ်ခဲ့တဲ့ အကြီးအကျယ်တိုက်ပွဲကြီးက မတ်လမှာဖြစ်ပြီး ကချင်လက်နက်ကိုင်တွေရဲ့ တပ်ရင်းတစ်ခုလုံး တနိုင်းကနေ ဆုတ်ပေးလိုက်ရပါတယ်။ တနိုင်းဟာ ကချင်လက်နက်ကိုင်တွေအတွက် ငွေတွင်းဖြစ်ပြီး ရွှေနဲ့ ကျွန်းသစ်လုပ်ငန်းတွေကနေ အခွန်အခတွေ ရယူနေတာ ဖြစ်ပါတယ်။

    အဲဒီတိုက်ပွဲမှာ ဒဏ်ရာနဲ့လွတ်မြောက်လာသူ Dee La က အစိုးရတပ်ဟာ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ လနဲ့ချီ တိုက်ခိုက်ခဲ့တယ်လို့ AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ တိုက်ပွဲနောက်ဆုံးနေ့မှာ စစ်တပ်က ဗုံးတွေ အဆက်မပြတ်ကြဲချခဲ့ပြီး သူနဲ့ အခြားတပ်ဖွဲ့ဝင်တွေဟာ သေဆုံးသွားတဲ့ ရဲဘော်ရဲဘက် ၅ ဦးရဲ့ အလောင်းကိုတောင်မှ မယူနိုင်ခဲ့ဘူးလို့ Dee La က ဆိုပါတယ်။

    “ကျွန်တော်တို့တည်နေရာတွေကို သူတို့က ဒရုန်းနဲ့ရှာတယ်။ အဲဒီနောက် လေကြောင်းကနေ ကျွန်တော်တို့ကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ အားလုံးဆုံးရှုံးပြီး လုံးဝ ကျရှုံးသွားတာပါ” လို့ လိုင်ဇာမှာ ဆေးကုနေရတဲ့ သူက ပြောပါတယ်။

    အသက် ၃၉ နှစ်အရွယ်ရှိတဲ့ Dee La ဟာ ဆုတ်ခွာတဲ့အချိန် မိုင်းထောင်နေစဉ် မတော်တဆ ပေါက်ကွဲသွားတဲ့အတွက် မျက်စိတစ်ဖက်ဆုံးရှုံးကာ လက်မှာလည်း ဒဏ်ရာရခဲ့ပါတယ်။

    တိုက်ပွဲဖြစ်ပွားမှုအတွင်း နှစ်ဖက်စလုံး မိုင်းထောင်မှုတွေ၊ ကလေးတွေကို အဓမ္မ လူသစ်စုဆောင်းမှုတွေ ရှိတယ်လို့ စွပ်စွဲခံရပေမယ့် မြန်မာစစ်တပ်ရဲ့ မကောင်းသတင်းကတော့ အခြားအုပ်စုတွေထက် ပိုမို ကျော်လွန်ပါတယ်။

    ကုလလူ့အခွင့်အရေးကောင်စီက စစ်ဟာ သူတို့သုံးနေကျ နည်းလမ်းဖြစ်တဲ့ အရပ်သားတွေကို ဖမ်းဆီးပြီး ပြင်းပြင်းထန်ထန်ရိုက်နှက်တာ၊ လိင်စော်ကားတာ၊ ပေါ်တာအဖြစ်၊ လူသားတံတိုင်းအဖြစ် အသုံးပြုတာမျိုးတွေ လုပ်ဆောင်တယ်ဆိုတဲ့ သတင်းအသစ်တွေ ထပ်ရခဲ့တယ်လို့ ဆိုပါတယ်။

    ပြန်ပေးဆွဲပြီး သတ်ဖြတ်တဲ့သတင်းတွေလည်း တော်တော်များများ ထွက်ခဲ့ပါတယ်။ ဥပမာအားဖြင့် ယာယီစခန်းတွေမှာ နေထိုင်တဲ့ ကချင်အမျိုးသားနှစ်ဦးကို သတ်ဖြတ်ပြီး ဖြစ်သလိုမြှုပ်နှံထားတဲ့ နေရာကို မတ်လမှာ တွေ့ရှိတာမျိုးပါ။ အဲဒီ ယာယီဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ လူ ၃ ဦး အခုနှစ်အစောပိုင်းက ပျောက်သွားသလိုမျိုးပဲ ဒီနှစ်ယောက်ဟာလည်း ဘာမှန်းမသိတဲ့ကိစ္စအတွက် စစ်သားတွေရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ခံရပြီးနောက် သီတင်းပတ်နဲ့ချီ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

    စစ်တပ်ဟာ လိုင်ဇာမှာ အရပ်သား၊ သူပုန် ခွဲခြားမှုမရှိဘဲ လက်နက်တွေနဲ့ ပစ်ခတ်နေတာကလည်း နှစ်နဲ့ချီနေပြီး အရပ်သားတွေ သေဆုံးမှု၊ မသန်စွမ်းဖြစ်မှုတွေ ရှိနေပါတယ်။ အခုနောက်ဆုံး ပေါ်ပေါက်လာတဲ့ တိုက်ခိုက်မှုက ဧပြီလ ၁၂ ရကနေ့က ဖြစ်ပြီး လိုင်ဇာအနီး ငှက်ပျောခြံက အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ကချင်ပြည်နယ် မြောက်ပိုင်းမှာလည်း ဒီလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့ပါတယ်။

    ဒီဇင်ဘာလအတွင်း ရက်နဲ့ချီ ဗုံးကြဲပြီးတဲ့နောက်ပိုင်းမှာ Mung Lai Hkyet နဲ့ Woi Chyai ဆိုတဲ့ ဒုက္ခသည်စခန်းနှစ်ခုမှာ နေထိုင်သူတွေဟာ သူတို့အိမ်တွေဘေးနားမှာ ဗုံးခိုကျင်းတွေ ဒါဇင်နဲ့ချီ တူးခဲ့ရပြီး ဒါဟာ စစ်ပွဲရဲ့ ကြမ်းတမ်းခက်ထန်မှုကို ဖော်ကျူးနေတာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်ခဲ့ပြီးတဲ့နောက် လိုင်ဇာအနီးက စခန်းတွေမှာလည်း ဒီလို ကတုတ်ကျင်းတွေ တူးခဲ့ကြပါတယ်။

    “ကျွန်မတို့အားလုံး ကြောက်တာပဲသိတယ်” လို့ အသက် ၃၅ နှစ်အရွယ် မိခင်တစ်ဦးဖြစ်သူ Lahtaw Kai Ring က ပြောပါတယ်။

    ခရစ်စ္စမတ်အကြိုနေ့က မော်တာကျည်နဲ့ပစ်မှုကြောင့် သူမဟာ အသက် ၅ နှစ်နဲ့ ၈ နှစ်အရွယ် ကလေးနှစ်ဦးကို ကြိုးနဲ့ဆွဲပြီး ၀မ်းလျားမှောက်ကာ တူးနေတာမပြီးသေးတဲ့ ကတုတ်ကျင်းထဲကို ပြေးပုန်းခဲ့ရပါတယ်။

    အချိန်မရွေးအခါမရွေး ဗုံးဆံတွေ ကျနိုင်တယ်ဆိုတာက “သူတို့ အကြောက်ရွံ့ရဆုံး” ဖြစ်တယ်လို့ သူမက ပြောကြားခဲ့ပါတယ်။ ကလေးတွေကတော့ ဗျောက်အိုးဖောက်သံကြားရင်တောင် ထွက်ပြေးဖို့ ပြောနေတယ်လို့လည်း သူမက ဖွင့်ဟခဲ့ပါတယ်။

    အမြောက်ဆံကြောင့် ကျောကုန်း စုတ်ပြတ်သတ်ခဲ့ပြီး၊ မေးရိုးထိကာ သွားတစ်ဒါဇင်လောက် ကျွတ်သွားခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် ကျောင်းဆရာမ Laphai Kai Nan က စစ်တပ်ရဲ့ ရည်ရွယ်ချက်ဟာ သိပ်ရှင်းတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဗုံးဆံ ဘယ်နားကိုကျလဲဆိုတာ သူတို့ ဂရုမစိုက်ဘူး။ ကချင်ဆိုရင် ဘယ်သူဖြစ်ဖြစ် ထိပစေလို့ သူတို့ သဘောထားတာပါ”

    Ref: AP

    (AP သတင်းဌာနတွင် ဖော်ပြသည့် In northern Myanmar, forgotten Kachin conflict intensifies ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

  • ရိုဟင်ဂျားများခံစားရသည့် ကြမ်းကြုတ်မှုများကို လုံခြုံရေးကောင်စီအဖွဲ့အား ပြသမည်ဟု ဘင်္ဂလားဒေ့ရှ် ပြော

    ရိုဟင်ဂျားများခံစားရသည့် ကြမ်းကြုတ်မှုများကို လုံခြုံရေးကောင်စီအဖွဲ့အား ပြသမည်ဟု ဘင်္ဂလားဒေ့ရှ် ပြော

    ဧပြီ ၂၃၊ ၂၀၁၈
    M-Media

    ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာဒုက္ခသည်စခန်း

    – အခုလအကုန်ပိုင်း ကုလလုံခြုံရေးကောင်စီအဖွဲ့ လာရောက်တဲ့အခါမှာ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေ ခံစားခဲ့ရတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ သူတို့အစိုးရရဲ့ ဆောင်ရွက်ထားမှုတွေကို ပြသသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်က ပြောကြားလိုက်ပါတယ်။

    လုံခြုံရေးကောင်စီအဖွဲ့ဟာ ဧပြီလ ၂၆ ရက်နေ့က မေလ ၂ ရက်နေ့အထိ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို လာရောက်ကာ ရိုဟင်ဂျာကိစ္စအတွက် အချက်အလက်တွေ ရှာဖွေသွားမှာ ဖြစ်ပါတယ်။

    ကုလအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖနီ ဒူဂျာရစ်က လုံခြုံရေးကောင်စီရဲ့ ဒီလိုလာရောက်မှုဟာ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ဒုက္ခသုက္ခတွေကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ပိုမိုအာရုံစိုက်လာစေရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေအတွက် ရန်ပုံငွေရရှိရေး အထောက်အကူ ဖြစ်လိမ့်မယ်လို့ အတွင်းရေးမှူးက မျှော်လင့်နေကြောင်း ပြောကြားခဲ့ပါတယ်။

    လုံခြုံရေးကောင်စီရဲ့ အခုလိုသွားရောက်မှုဟာ ရိုဟင်ဂျာပြဿနာ ဖြေရှင်းရေးအတွက် ကုလအတွင်းရေးမှူးဟောင်း ကိုဖီအန်နန် ဦးဆောင်တဲ့ ကော်မရှင်က ပေးထားအတဲ့ အကြံပြုချက်တွေကို မြန်မာအစိုးရက ဖော်ဆောင်ရာမှာ အထောက်အကူဖြစ်စေပြီး အခြေအနေကို တိုးတက်ကောင်းမွန်စေလိမ့်မယ်လို့ ဂူတာရက်စ်က မျှော်လင့်နေပါတယ်။

    ကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီလ ၂၉ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ကိုသွားရောက်ကာ ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ ၃၀ ရက်နေ့မှာတော့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာ အပါအ၀င် ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံသွားမှာပါ။

    မြန်မာနိုင်ငံခရီးစဉ်အတွင်း အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်သလို ရခိုင်ပြည်နယ်က အခြေအနေကိုလည်း သွားရောက်ကြည့်ရှုမှာ ဖြစ်ပါတယ်။

    Ref: The Daily Star

  • ရိုဟင်ဂျာများကို အမြန်ဆုံး ပြန်ခေါ်သွားမည်ဟု လူကယ်ပြန်ဝန်ကြီး ပြော

    ရိုဟင်ဂျာများကို အမြန်ဆုံး ပြန်ခေါ်သွားမည်ဟု လူကယ်ပြန်ဝန်ကြီး ပြော

    ဧပြီ ၁၉၊ ၂၀၁၈
    M-Media

    လူကယ်ပြန်ဝန်ကြီး ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ခဲ့စဉ်က

    – ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာတွေဟာ အင်မတန်ဆိုးရွားတဲ့ အခြေအနေမျိုးမှာ နေထိုင်နေရပြီး မိုးရာသီလာတော့မှာ ဖြစ်တာကြောင့် ဒီလူတွေကို ပြန်လက်ခံရေး တတ်နိုင်သမျှ မြန်မြန်ဆောင်ရွက်သွားမယ်လို့ မြန်မာအစိုးရရဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားလိုက်ပါတယ်။

    “မြင်မှပဲယုံမှာပါ။ ဒုက္ခသည်စခန်းက လူတွေအားလုံးဟာ တော်တော်လေး ဆိုးရွားတဲ့အခြေအနေမှာ နေထိုင်နေရပါတယ်။ မိုးရာသီက သိပ်ပြီးနီးနေပြီဖြစ်တာကြောင့် ကျွန်တော်တို့ အဓိကလုပ်ရမှာက ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို တတ်နိုင်သမျှမြန်မြန် စတင်ဖို့ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဖက်ကို ရောက်သွားသူတွေအတွက် ကျွန်တော်တို့ တော်တော်လေး စိုးရိမ်ပါတယ်”

    ပြီးခဲ့တဲ့နှစ် သြဂုတ်လနှောင်းပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ မတည်ငြိမ်မှုတွေကြောင့် ရိုဟင်ဂျာ ၇ သိန်းနီးပါးလောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပြီး သူတို့တွေ နေရပ်ပြန်လာဖို့အတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့အကြား သဘောတူထားပေမယ့် လက်တွေ့ အကောင်အထည်ဖော်တာမျိုး မရှိသေးပါဘူး။

    မြန်မာအစိုးရက ရိုဟင်ဂျာမိသားစုတစ်စု ပြန်လည်ဝင်ရောက်လာတယ်လို့ စနေနေ့မှာ ကြေငြာခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ်နဲ့ ကုလ UNHCR တို့ကတော့ ဒီကိစ္စကို သူတို့ မသိဘူးလို့ ပြောပါတယ်။

    မကြာခင်က မြန်မာနိုင်ငံကို ရာက်ရှိလာတဲ့ ကုလ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ရိုဟင်ဂျာတွေကို ပြန်လက်ခံဖို့အတွက် မြန်မာနိုင်ငံက အဆင်သင့်မဖြစ်သေးဘူးလို့ ပြောကြားခဲ့ပါတယ်။

    ဒေါက်တာဝင်းမြတ်အေးက ပြန်လာတဲ့သူတွေအနေနဲ့ NVC ကဒ်ကို ကိုင်ဆောင်ရမှာဖြစ်ပြီး အဲဒီနောက်ပိုင်း ၅ လအတွင်း နိုင်ငံသား လျှောက်ထားနိုင်မှာဖြစ်ကာ ဥပဒရေ စီစစ်သွားမှာဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    “နိုင်ငံသားဖြစ်ခွင့်ရှိတဲ့သူတွေဟာ နိုင်ငံသားဖြစ်လာမှာဖြစ်ပါတယ်”

    Ref: Reuters

  • လတ်တလောတိုက်ပွဲကြောင့် ပိတ်မိနေသည့် ကချင်ပြည်သူများ အစားအစာ၊ ဆေးဝါး မလုံမလောက်ဖြစ်နေ

    လတ်တလောတိုက်ပွဲကြောင့် ပိတ်မိနေသည့် ကချင်ပြည်သူများ အစားအစာ၊ ဆေးဝါး မလုံမလောက်ဖြစ်နေ

    ဧပြီ ၁၉၊ ၂၀၁၈
    M-Media

    ထွက်ပြေးတိမ်းရှောင်နေရသူများ

    – လတ်တလော ကချင်ပြည်နယ်မှာ အစိုးရတပ်နဲ့ ကချင်လက်နက်ကိုင်တွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကချင်ပြည်သူ ၂၀၀၀ လောက်ဟာ တောထဲမှာ ပိတ်မိနေပြီး အကူအညီတွေ အလျင်အမြန် လိုအပ်နေတယ်လို့ ဒေသတွင်းခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။

    တနိုင်းမှာဖြစ်နေတဲ့ တိုက်ခိုက်မှုတွေဟာ အခုလ အစောပိုင်းကတည်းက စတင်ခဲ့တာဖြစ်ပြီး ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်ရဖို့ KIA ရဲ့ တိုက်ခိုက်မှုတွေကို အစိုးရတပ်က လေကြောင်း တိုက်ခိုက်မှုတွေနဲ့ ပြန်လည်တုန့်ပြန်နေပါတယ်။

    ဒေသတွင်း ခရစ်ယာန် နှစ်ခြင်းအသင်းတော် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မွန်ဒန်က ထွက်ပြေးရသူတွေဟာ ဆေးဝါး၊ အစားအသောက် လုံလောက်မှုမရှိဘဲ ပိတ်မိနေတယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

    အဲဒီ ပိတ်မိနေသူတွေထဲမှာ ကိုယ်ဝန်ဆောင် ၅ ဦး၊ အသက် ၉၃ နှစ်အရွယ် တစ်ဦးနဲ့ မော်တာကျည်ကြောင့် ဒဏ်ရာရထားသူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

    “ဒီနေ့ဆိုရင် ကျွန်တော်တို့ဒေသမှာ တစ်နေ့လုံး မိုးရွာနေပြီး ခိုစရာမရှိတဲ့သူတွေ ရှိနေပါတယ်။ သူတို့တွေဟာ နေမကောင်းလည်း ဖြစ်နေပါတယ်”

    ကချင်ပြည်နယ် အမျိုးသမီးကွန်ယက် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Awng Ja က အရပ်သားတွေကို ကူညီဖို့ သူတို့အဖွဲ့ရဲ့ ပန်ကြားမှုကို အစိုးရဖက်က ခွင့်မပြုဘူးလို့ ပြောကြားခဲ့ပါတယ်။

    “တောထဲမှာပိတ်မိနေတဲ့သူတွေကို ကယ်တင်ရေး ခွင့်ပေးဖို့အတွက် ကျွန်မတို့ ခွင့်ပြုချက်တောင်းနေပါတယ်။ သူတို့တွေဟာ တော်တော်ဆိုးဆိုးဝါးဝါးအခြေအနေမှာ ရှိနေပေမယ့် စစ်တပ်က ခွင့်ပြုမှသာ အရပ်သားတွေကို ကယ်ထုတ်လို့ရမယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်”

    တနိုင်းနှစ်ခြင်းအသင်းတော် တာဝန်ရှိသူတစ်ဦးကလည်း အရပ်သား တော်တော်များများဟာ ထွက်သွားလို့မရဖြစ်တယ်လို့ ပြောပါတယ်။

    “ပယင်းကျောက်တွင်းကနေ လူတော်တော်များများ ထွက်လို့မရပါဘူး။ တနိုင်းကိုရောက်လာတဲ့သူတွေဟာ မှောင်ခိုလမ်းကြောင်းတွေကနေ ရောက်လာတာ ဖြစ်ပါတယ်”

    Ref: Aljazeera