News @ M-Media

Tag: Minority In Myanmar

  • ကမန် (သို့မဟုတ်) ခွဲခြားမှု၊ အကြမ်းဖက်မှုခံနေရတဲ့ ရခိုင်က လူမျိုးစုတစ်ခု

    ကမန် (သို့မဟုတ်) ခွဲခြားမှု၊ အကြမ်းဖက်မှုခံနေရတဲ့ ရခိုင်က လူမျိုးစုတစ်ခု

    မေ ၂၉၊ ၂၀၁၈
    M-Media

    သင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ်တွင်တွေ့ရသည့် ကမန်လူငယ်များ

    – ကမန်လူမျိုးတွေဟာ မြန်မာနိုင်ငံက တရားဝင်သတ်မှတ်ထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးစာရင်းမှာ ပါဝင်ပေမယ့် ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့အတွက် လူ့အဖွဲ့အစည်းရဲ့ခွဲခြားမှု၊ အစိုးရရဲ့ ခွဲခြားဆက်ဆံမှုတွေကို ခံနေရပါတယ်။

    ရခိုင်မျိုးနွယ်စုတွေထဲမှာ ပါဝင်ပြီး တိုင်းရင်းသား ၁၃၅ မျိုးမှာ တစ်ခုတည်းသော အစ္စလာမ်ဘာသာဝင်အုပ်စုဖြစ်တဲ့ ကမန်တွေဟာ လူဦးရေးအနည်းဆုံး တိုင်းရင်းသားလူမျိုးစုတွေထဲက တစ်ခုဖြစ်ကာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမှုအရ ရခိုင်ပြည်နယ်မှာ ၂၈၀၀၀ လောက်ရှိပါတယ်။ ကမန်ခေါင်းဆောင်တွေကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ၄၅၀၀၀ လောက်ရှိမယ်လို့ ဆိုပါတယ်။

    တိုင်းပြည်က လူများစု ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေအကြား တင်းမာမှုတွေ မြင့်တက်လာတာတဲ့အချိန် ရခိုင်ပြည်နယ်က ပဋိပက္ခကို တုန့်ပြန်တဲ့ အစိုးရနဲ့ သဘောထားတင်းမာသူ အမျိုးသားရေးဝါဒီတွေရဲ့ နိုင်ငံရေးလွန်ဆွဲပွဲအကြားမှာ ကမန်တွေဟာ မကြာခဏဆိုသလို မြေဇာပင်ဖြစ်ရပါတယ်။

    မကြာသေးခင်က ပြည်သူ့လွှတ်တော် ဆွေးနွေးငြင်းခုံမှုတစ်ခုဟာ ကမန်လူမျိုးတွေ ပုံမှန်လိုလို ရင်ဆိုင်နေရတဲ့ ရန်လိုမုန်းထားမှုတွေကို မီးမောင်းထိုးပြနေပါတယ်။

    မတ်လ ၅ ရက်နေ့မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအမတ် ဦမောင်မြင့် (စစ်ကိုင်း၊ မင်းကင်း မဲဆန္ဒနယ်) က လူ ၁၅၇ ဦးပါဝင်တဲ့ ကမန်မိသားစု ၅၅ စုကို ရန်ကုန်မှာ နေရာချထားပေးတဲ့ အစိုးရရဲ့ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ဖို့ တိုက်တွန်းတဲ့ အဆိုတစ်ခု လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။ အဲဒီမိသားစုတွေဟာ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်မှာဖြစ်ပွားတဲ့ လူမျိုးရေးအကြမ်းဖက်မှုတွေကြောင့် ရမ်းဗြဲမြို့က ဒုက္ခသည်စခန်းမှာ နေခဲ့ရသူတွေ ဖြစ်ပါတယ်။

    “ရခိုင်မှာဖြစ်ပွားနေတဲ့ ကင်ဆာကို ရခိုင်မှာပဲဖြေရှင်းတာက ပိုပြီးသင့်လျော်မယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ အရင် ကြံ့ဖွံ့အစိုးရလက်ထက်က ၀န်ကြီးဖြစ်ခဲ့ဖူးတဲ့ ဦးမောင်မြင့်က ပြောပါတယ်။ ကမန်မိသားစုတွေကို ရန်ကုန်မှာ အခြေချခွင့်ပြုလိုက်တာဟာ ‘နိုင်ငံတစ်ဝှမ်း ကင်ဆာဆဲလ်တွေ ပြန့်နှံ့ခွင့်ပြုလိုက်တာဖြစ်တယ်’ လို့လည်း သူက ဆိုပါတယ်။

    မတ်လ ၁၅ ရက်နေ့ ဒီကိစ္စကို ပြန်လည်ဆွေးနွေးခဲ့တဲ့ အမတ် ၁၉ ဦးမှာ ပါဝင်သူ ဦးဖေသန်း (ရခိုင်အမျိုးသားပါတီ၊ မြေပုံ) က ဦးမောင်မြင့်ရဲ့ ကင်ဆာမှတ်ချက်အတွက် စိတ်ပျက်ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီဟာကို ရခိုင်ပြည်နယ်မှာပဲ ကုသရမယ်လို့ ဦးမောင်မြင့်ရဲ့ ပြောကြားမှုအတွက် ကျွန်တော် စိတ်မကောင်းဖြစ်မိပါတယ်။ ခန္ဓာကိုယ်မှာ ကင်ဆာဖြစ်ပြီဆိုရင် ဘယ်နေရာမှာပဲဖြစ်ဖြစ် သေနိုင်ပါတယ်” လို့ ဦးဖေသန်းကဆိုပြီး ကိုဖီအန်နန်ကော်မရှင်ရဲ့ နောက်ဆုံးအစီရင်ခံစာက အစိုးရအတွက် အကြံပြုချက်တစ်ခုဟာ ဒုက္ခသည်စခန်းတွေကို ပိတ်ပစ်ဖို့ဖြစ်တယ်လို့လည်း ထောက်ပြခဲ့ပါတယ်။

    ဦးဘရှင် (ရခိုင်အမျိုးသားပါတီ၊ ကျောက်ဖြူ) ကလည်း တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ပါဝင်တဲ့ ကမန်တွေဟာ လွတ်လပ်စွာသွားလာခွင့်ရှိပြီး ရန်ကုန်မှာ သူတို့ကို အခြေချစေတာဟာ ဥပဒေနဲ့ညီတယ်လို့ ပြောကြားခဲ့ပါတယ်။

    “နောက်ထပ်အရေးကြီးတာက ဘင်္ဂလားဒေ့ရှ်က ပြန်လာတဲ့သူတွေ နိုင်ငံသားဖြစ်ပြီဆိုရင် သူတို့ကိုလည်း ဒီလို သွားလာခွင့် ပေးရပါမယ်”

    ဦးမောင်မြင့်ရဲ့အဆိုကို ထောက်ခံမဲ ၁၃၆ မဲ၊ ကန့်ကွက်မဲ ၂၃၆ မဲနဲ့ ပယ်ချခဲ့ပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ ကမန်တွေဟာ အစိုးရ၀န်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုတွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ပြဿနာတွေ ရုတ်တရက်ဖြစ်လာတဲ့အခါမှာ သူတို့ဟာ စခန်းတွေထဲကို အဓမ္မပို့ဆောင်ခံရပြီး အပြင်ထွက်ခွင့် မရတော့ပါဘူး။ ဒါဟာ ချုပ်နှောင်ထားမှုတစ်မျိုးပါ။ သူတို့ဟာ နိုင်ငံသားတွေဖြစ်ပြီး စခန်းတွေမှာ အချိန်တော် တော်ကြာကြာ ပိတ်လှောင်ခံထားရမယ်ဆိုရင် လူမှုရေး၊ စီးပွားရေး၊ ပညာရေးတွေ ထိခိုက်မှာဖြစ်တာကြောင့် ကျွန်တော်တို့အစိုးရ တက်လာတဲ့အခါ ဒီစခန်းတွေကို ပိတ်ပစ်ဖို့ စီစဉ်တာ ဖြစ်ပါတယ်”

    ပိုင်ဆိုင်မှုတွေအတွက် လျော်ကြေးယူပြီး ရန်ကုန်ပြောင်းဖို့၊ ဒါမှမဟုတ် ရမ်းဗြဲက နဂိုမူလနေရာတွေကို ပြန်သွားဖို့ ကမန်တွေကို ရွေးချယ်ခွင့်ပေးခဲ့တယ်လို့လည်း ၀န်ကြီးက ပြောပါတယ်။

    “သူတို့ပိုင်ဆိုင်မှုတွေအတွက် နစ်နာကြေးကို လက်ရှိပေါက်ဈေးနဲ့ တွက်ပေးတာဖြစ်ပါတယ်။ လူနည်းစုက ရမ်းဗြဲမှာပဲဆက်နေဖို့ ရွေးခဲ့ပြီး သူတို့အတွက် နယ်စပ်ဒေသ၀န်ကြီးဌာနက အိမ်သစ်တွေ ဆောက်လုပ်ပေးခဲ့ပါတယ်။ အားလုံး အေးဆေးပါပဲ”

    ဒါပေမယ့် ၀န်ကြီးရဲ့ ဒီပြောကြားချက်တွေဟာ ရန်ကုန်ကိုပြောင်းလာတဲ့ ကမန်တွေရဲ့ လက်တွေ့အခြေအနေတွေနဲ့ ကိုက်ညီမှု မရှိပါဘူး။ ဒုက္ခသည်စခန်းတွေကနေ ထွက်ခွင့်ရလို့ သူတို့ ကျေနပ်ကြပေမယ့်လည်း စီးပွားရေးမြို့တော်မှာ ဘ၀သစ်စတင်ရတာ သူတို့အတွက် မလွယ်ကူပါဘူး။ အထူးသဖြင့် အစိုးရ၀န်ထမ်းမရှိတဲ့ မိသားစုတစ်ချို့အတွက် ဖြစ်ပါတယ်။

    ဘ၀တွေ ပြန်တည်ဆောက်နေရ

    ကမန်မိသားစုတွေဟာ ၂၀၁၂ ခုနှစ်ကတည်းက ရန်ကုန်ကို တစ်ဖြည်းဖြည်း ပြောင်းရွှေ့အချေခြလာကြပြီး လူမျိုးရေး အကြမ်းဖက်မှုတွေကနေ လွတ်မြောက်ဖို့ ဖြစ်ပါတယ်။

    ကမန်လူမှုကွန်ယက်ကို ဦးဆောင်နေတဲ့ ကမန်လူမျိုးစုခေါင်းဆောင် ဦးထွန်းငွေက အဲဒီမိသားစုတွေထဲက တစ်ချို့ကို ကူညီနေပါတယ်။

    ဦးထွန်းငွေဟာ ရန်ကုန်မြောက်ပိုင်းမှာ တပ်မတော်ဆီက မြေငှားပြီး မွေးမြူခြံလုပ်ကိုင်လာတာ ၁၅ နှစ်နီးပါးလောက် ရှိနေပါပြီ။ ၂၀၁၄ ခုနှစ် တပ်မတော်က အဲဒီမြေကို လက်လွှတ်ခဲ့ပြီးတဲ့နောက် ဦးထွန်းငွေနဲ့ အခြား ကမန်တစ်ချို့ဟာ ငွေစုပြီး ထောက်ကြံ့မှာ မြေ၀ယ်ကာ မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့ပါတယ်။ သူတို့လုပ်ငန်းက အလုပ်သမားအများစုဟာ ရမ်းဗြဲက ကမန်တွေဖြစ်ပြီး ရမ်းဗြဲ ဒုက္ခသည်စခန်းကနေ မကြာသေးခင်က ထွက်လာတဲ့ မိသားစု ၅ စုအပါအ၀င် ကမန် မိသားစု ၃၂ စုက လူ ၁၀၀ ကျော်လောက် သူတို့ခြံထဲမှာ နေထိုင်နေကြပါတယ်။

    လူမျိုးရေးအကြမ်းဖက်မှု ထပ်ဖြစ်လာမှာကို စိုးရိမ်တာနဲ့ ရန်ကုန်မှာ လွတ်လပ်စွာသွားလာလို့ရမယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် ကမန်တွေဟာ ရန်ကုန်မှာ အခြေချချင်တာဖြစ်တယ်လို့ ဦးထွန်းငွေက ပြောကြားခဲ့ပါတယ်။

    မိသားစုတစ်စုကို လေယာဉ်လက်မှတ် တစ်စောင်နဲ့ ငွေငါးသိန်း၊ တစ်ဦးချင်းစီကို ငွေတစ်သိန်း ရခဲ့တယ်လို့ သူက ပြောပါတယ်။ ရန်ကုန်ကို ရောက်လာတဲ့အချိန်မှာ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးက ပြီးခဲ့တဲ့နှစ်မှာ ထောက်ကြံ့ကို လာရောက်ကြည့်ရှုပြီးတဲ့နောက် အစိုးရထံကနေ အကူအညီတောင်းဖို့ တိုက်တွန်းခဲ့ပေမယ့် သူတို့တွေဟာ အစိုးရရဲ့ကူညီမှု ဘာမှ မရတော့ပါဘူး။

    “ရန်ကုန်မှာရှိနေသူတွေကို အကူအညီပေးဖို့ အစိုးရအာဏာပိုင်တွေထံ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် ဘာအဖြေမှ မရပါဘူး” လို့ ဦးထွန်းငွေက ပြောပါတယ်။

    ရလဒ်အနေနဲ့ ကမန်မိသားစုတွေဟာ ဆွေမျိုးတွေ၊ ရန်ကုန်မှာနေထိုင်တဲ့ ကမန်လူမျိုးတွေအပေါ်မှာပဲ အလွန်အမင်း မှီခိုနေရပါတယ်။

    “သူတို့ရဲ့အခြေအနေက ပင်လယ်ထဲမှာ ကမ်းမမြင်လမ်းမြင် မျောနေတဲ့သူတွေနဲ့ တူပါတယ်။ သူတို့မှာ ဘာမှမရှိဘူး၊ အလုပ်လည်းမရှိဘူး။ ရရစာစားအခြေအနေမျိုးပါ” လို့ ဦးထွန်းငွေက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ကမန်တွေဟာ နစ်နာကြေး လုံလုံလောက်လောက်ရခဲ့တယ်ဆိုတဲ့ လူကယ်ပြန်ဝန်ကြီးရဲ့ စကားကို ဦးထွန်းငွေက ငြင်းဆိုခဲ့ပြီး ရမ်းဗြဲက သူတို့မြေတွေ မလိမ့်တစ်ပတ်နဲ့ စွန့်လွှတ်ခဲ့ရတာ ဖြစ်နိုင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    အစိုးရကပေးတဲ့ ငွေသားဟာ ကမန်တွေ ရန်ကုန်မှာ အခြေချရေးအတွက်သာ ဖြစ်ပေမယ့် နောက်ပိုင်း နိုင်ငံပိုင်မီဒီယာက ဒီငွေဟာ သူတို့ပိုင်တဲ့မြေတွေအတွက် လျော်ကြေးပေးတာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

    “သူတို့ရတဲ့ငွေဟာ သူတို့ဆုံးရှုံးတာနဲ့ မကာမိဘူးလို့ အစိုးရကို ကျွန်တော်တို့ ပြောထားပါတယ်။ သူတို့ပိုင်ဆိုင်ခဲ့တဲ့ မြေတွေ၊ အိမ်တွေဟာ သူတို့ရတဲ့ငွေထက် အများကြီး ပိုတန်ပါတယ်။ နောက်တစ်ခုက ရမ်းဗြဲက ကျွန်တော်တို့မြေတွေဟာ ကျွန်တော်တို့ရဲ့ သစ္စာစောင့်သိမှုကြောင့် ရခိုင်ဘုရင်တွေက ချီးမြှင့်ထားတာ ဖြစ်ပါတယ်။ ဒီမြေတွေကို ဘယ်သူ့ကိုမှ လွှဲပြောင်းပေးလို့မရဘူး။ ကျွန်တော်တို့သာ ထာဝရပိုင်ဆိုင်တာပါ။ ဘယ်တော့မှ မစွန့်လွှတ်ပါဘူး” လို့ ဦးထွန်းငွေက ပြောကြားခဲ့ပါတယ်။

    ကမန်လူ့အဖွဲ့အစည်းကို အရပ်ဝတ်ရဲတွေက အနီးကပ်စောင့်ကြည့်နေပြီး၊ ဂျာနယ်လစ်တွေနဲ့ စကားမပြောခင် စစ်တပ်ကထိန်းချုပ်ထားတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အကြောင်းကြားဖို့လည်း ညွှန်ကြားထားပါတယ်။

    ဦးထွန်းငွေနဲ့ အခြားကမန်တိုင်းရင်းသားတွေကို Frontier က အင်တာဗျူးတဲ့အခါ ဒေသခံအာဏာပိုင်တွေရဲ့ ဖိအားပေးမှုကြောင့် သူတို့အိမ်မှာ မေးလို့မရဘဲ မင်္ဂလာဒုံက လက်ဖက်ရည်ဆိုင်တစ်ခုမှာ မေးခဲ့ရပါတယ်။

    အာဏာပိုင်တွေဟာ ပြောဆိုမှုတွေကို အနီးကပ် စောင့်ကြည့်ခဲ့ပြီး Frontier က အင်တာဗျူးနေတဲ့အချိန် ဦးထွန်းငွေကို ဖုန်းလှမ်းခေါ်ကာ ဘယ်မှာရှိနေလဲလို့ မေးမြန်းခဲ့ပါတယ်။ ဂျာနယ်လစ်တွေနဲ့ စကားပြောတာကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တားဆီးဖို့ ကြိုးစားတာဟာ မမျှတဘူးလို့ ဦးထွန်းငွေက ပြောပါတယ်။

    “ကျွန်တော်တို့မှာ မီဒီယာကို ပြောပိုင်ခွင့် ရှိသင့်ပါတယ်”

    ရခိုင်ကိုပြန်ချင်တယ်

    အသက် ၅၁ နှစ်အရွယ်ရှိပြီး သမီးနှစ်ယောက် သားနှစ်ယောက် မိခင်ဖြစ်သူ မုဆိုးမ ဒေါ်နွယ်နွယ်ဝင်းက ရမ်းဗြဲဒုက္ခသည်စခန်းမှာ ဘယ်လိုမှ နေလို့အဆင်မပြေတော့တဲ့အတွက် ရန်ကုန်မှာ အခြေချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ Frontier ကို ပြောကြားခဲ့ပါတယ်။

    “ရန်ကုန်ကိုပြောင်းလာတဲ့ ကျွန်မရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က စခန်းက ဒုက္ခတွေကနေ လွတ်မြောက်ဖို့ပါ”

    ရန်ကုန်ကိုပြောင်းလာတဲ့ ကမန်တွေကို အစိုးရက နေစရာမပေးဘူးဆိုရင် ရန်ကုန်ဟာလည်း သူတို့ဘ၀ရှင်သန်မှုအတွက် ဘာမှ ထူးခြားမှာမဟုတ်ဘူးလို့ ဒေါ်နွယ်နွယ်ဝင်းက ပြောကြားခဲ့ပါတယ်။

    “ကျွန်မတို့မှာ အိမ်မရှိတဲ့အတွက် ဒုက္ခရောက်နေဆဲပါ။ အိမ်လေးတစ်လုံး ဒါမှမဟုတ် စီးပွားရေးတစ်ခုမရှိဘူးဆိုရင် ကျွန်မတို့ ဘယ်လိုလုပ် အဆင်ပြေနိုင်ပါ့မလဲ။ ဘာမှမရှိဘဲ ဒီမှာနေရမယ့်အတူတူ အစိုးရက တရားဥပဒေစိုးမိုအောင်လုပ်ပေးရင် ရခိုင်ပြန်ချင်ပါတယ်” လို့ ဒေါ်နွယ်နွယ်ဝင်းက ပြောပါတယ်။

    ၂၀၁၂ ခုနှစ် ဇွန်လမှာ ဖြစ်ပွားခဲ့တဲ့ ပထမအကျော့ လူမျိုးရေး အကြမ်းဖက်မှုအတွင်း ရမ်းဗြဲမှာ မီးရှို့ဖျက်ဆီးခံရတဲ့ အိမ် ၂၁ အိမ်ထဲမှာ သူမရဲ့ အိမ်လည်း ပါသွားပါတယ်။ ဒါပေမယ့် အစိုးရကတော့ ဘာမှ မလုပ်ပေးပါဘူး။ အဲဒီနှစ်အောက်တိုဘာလက ဒုတိယအကျော့ ရမ်းဗြဲအကြမ်းဖက်မှုမှာ အိမ်တွေမီးရှို့ခံလိုက်ရတဲ့ အိမ်ထောင်စု ၄၅ စုဟာ အစိုးရထံကနေ လျော်ကြေးရတယ်လို့ သူမက ပြောကြားခဲ့ပါတယ်။

    အိမ်ထောင်စု ၅၅ ခုကို အစိုးရက ရန်ကုန်မပို့ခင်မှာ လူပေါင်း ၆၀ လောက်ရှိတဲ့ ကမန်မိသားစုအချို့ဟာ ရန်ကုန်ကို သူ့တို့နည်းသူတို့ဟန်နဲ့ ပြောင်းလာကြပါတယ်။

    အဲဒီအထဲက အသက် ၄၂ နှစ်အရွယ် ဒေါ်မဆိုင်းကေဟာ ကမန်တစ်ယောက်နဲ့ အိမ်ထောင်ပြုထားသူဖြစ်ပြီး ၂၀၁၂ ခုနှစ် အကြမ်းဖက်မှုနောက်ပိုင်းမှာ သား ၃ ဦးနဲ့အတူ ဒုက္ခသည်စခန်းကို ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။

    စခန်းမှာ အစာရေစာပြတ်လတ်တဲ့အခါ သူမရဲ့ ဗုဒ္ဓဘာသာ ဆွေမျိုးတွေက သူတို့မိသားစုကို ကူညီခဲ့ကြတယ်လို့ Frontier ကို မဆိုင်းကေက ပြောပါတယ်။

    “ပေးတာတွေ မလောက်တော့ ကျွန်မမိသားစုဆီ ဖုန်းခေါ်ပြီး ဆန်နည်းနည်းထပ်ပေးဖို့ တောင်းခဲ့ရပါတယ်။ ဒီလိုမျိုး ကျွန်မတို့ နေခဲ့ရတာပါ”

    ပြီးခဲ့တဲ့နှစ်တွေအတွင်း မဆိုင်းကေဟာ ရန်ကုန်ကို ဖြည်းဖြည်းချင်း ပြောင်းရွှေ့လာခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ သွားရောက်ပြီး ၂ နှစ်ကြာတဲ့နောက် ၂၀၁၆ ခုနှစ်မှာ သူမဟာ တစ်ယောက်တည်း ရန်ကုန်ကို တက်လာခဲ့ပါတယ်။ မွတ်စလင်တွေဟာ ရမ်းဗြဲကနေ ရန်ကုန်ကို တိုက်ရိုက်ကားစီးလို့ မရတဲ့အတွက်ကြောင့် သူမရဲ့ သား ၃ ဦးဟာ သံတွဲကနေတစ်ဆင့် ကားနဲ့ ခွဲခွဲပြီး ရန်ကုန်ကို လာရောက်ခဲ့ရပါတယ်။ ပိုက်ဆံမရှိတာနဲ့ ကိုးကွယ်တဲ့ဘာသာတွေကြောင့် သူတို့မိသားစုဟာ အတူတကွ ခရီးသွားလို့မရဘူးလို့ မဆိုင်းကေက ပြောကြားခဲ့ပါတယ်။

    ရမ်းဗြဲထက်စာရင် ရန်ကုန်မှာနေရတာ ပိုပြီးလွတ်လပ်တယ်လို့သူမက ခံစားနေရပါတယ်။

    “ဒီမှာ အန္တရာယ်ရှိတော့ ကျွန်မလည်း သောကရောက်စရာ မလိုတော့ဘူးပေါ့” လို့ သူမက ပြောကြားခဲ့ပြီး မိသားစုကို လွမ်းတာကြောင့် ရခိုင်မှာ အေးချမ်းသွားတဲ့အချိန်ကျရင် ပြန်သွားဖို့ သူမမှာ ယုံကြည်ချက် ရှိနေပါတယ်။

    “ကျွန်မရဲ့ ညီအစ်ကိုမောင်နှစ်မ ၇ ဦးစလုံးက အဲဒီမှာ ရှိနေတယ်လေ။ ဒီမှာက ကျွန်မတို့အိမ်မရှိဘူး။ ကြက်ခြံဘေးက ကျောတစ်ခင်းစာ အဖီလေးမှာ ကျွန်မတို့ နေရတာ”

    ယုံကြည်မှုပျက်သုဉ်း

    ကမန်လူမှုကွန်ယက်ရဲ့ ဒုတိယဥက္ကဌဖြစ်တဲ့ ဦးမင်းနိုင်က အရင်တုန်းက သဟဇာတဖြစ်ခဲ့တဲ့ ရမ်းဗြဲမှာ ၂၀၁၂ ခုနှစ်မှာ အကြမ်းဖက်မှု၊ မီးရှို့မှုတွေ ဖြစ်ခဲ့တဲ့အတွက် အံ့အားသင့်ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    ရမ်းဗြဲက ကမန်အများစုမှာ ဗုဒ္ဓဘာသာဝင်ဆွေမျိုးတွေရှိတယ်လို့ ဦးမင်းနိုင်ကပြောပြီး သူ့ရဲ့ အဘိုးအဘွားတွေတောင် ဗုဒ္ဓဘာသာတွေလို့ ဆိုပါတယ်။

    သူ့ရဲ့ တစ်ချို့ဗုဒ္ဓဘာသာဝင်အမျိုးတွေဟာ ကမန်အများစုနေထိုင်တဲ့ ရမ်းဗြဲ ၆ ရပ်ကွက်ကို မီးတိုက်ခဲ့တဲ့အထဲမှာ ပါဝင်ခဲ့တယ်လို့ သူက ပြောပါတယ်။

    မေတ္တာတရားကို တန်ဖိုးထားတဲ့ ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ တိုင်းပြည်မှာ ဒီလိုတွေ ဘာ့ကြောင့်ဖြစ်လဲဆိုတာ နားမလည်ဘူးလို့လည်း သူက ဖွင့်ဟခဲ့ပါတယ်။

    ဘာသာမတူသူတွေကြားထဲက ယုံကြည်မှုဟာ ပျက်သုဉ်းသွားနိုင်ပြီး အထူးသဖြင့် နိုင်ငံရေးရည်ရွယ်ချက်တွေက တင်းမာမှုတွေကို မီးထိုးပေးနေတယ်လို့လည်း ဦးမင်းနိုင်က ထည့်သွင်းပြောဆိုပါတယ်။

    “ရခိုင်ပြည်နယ်က အခြေအနေဟာ နိုင်ငံရေးကစားပွဲတစ်ခုပါ”

    မွတ်စလင်တွေအပေါ် ခွဲခြားဆက်ဆံမှုတွေရှိတယ်လို့ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ ခံနေရတဲ့အစိုးရဟာ နိုင်ငံသားတွေဖြစ်တဲ့ ကမန်တွေကို တန်းတူအခွင့်အရေးပေးခြင်းအားဖြင့် သူတို့ရဲ့ ပုံရိပ်ကို ကာကွယ်နိုင်လိမ့်မယ်လို့ သူက ပြောပါတယ်။

    “ဒီလိုဆောင်ရွက်ဖို့၊ ပုံရိပ်ဆိုးကို ဖယ်ရှားဖို့အတွက် အခုအချိန်ဟာ အချိန်ကောင်းပါပဲ”

    ဦးထွန်းငွေက ကမန်တွေကို ပြန်လည်နေရာချထားပေးတဲ့ ဆုံးဖြတ်ချက်ကို ကြံ့ဖွံ့လွှတ်တော်အမတ် ဦးမောင်မြင့်က ကန့်ကွက်တာဟာ နိုင်ငံသားတိုင်း လွတ်လပ်စွာ သွားလာခွင့် ရှိရမယ်ဆိုတဲ့ အခြေခံဥပဒေပါ ပြဌာန်းချက်နဲ့ ဆန့်ကျင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “သူတို့ (လွှတ်တော်အမတ်တွေ) ဟာ အခြေခံဥပဒေကို လေ့လာသင့်ပါတယ်”

    Ref : Frontier

    (Frontier တွင် ဖော်ပြထားသည့် The Kaman: Citizens who suffer ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

  • ဟိန္ဒူများအား သတ်ဖြတ်သည်ဆိုသည့် AI ၏ အစီရင်ခံစာကို အာဆာအဖွဲ့ ငြင်းဆို

    ဟိန္ဒူများအား သတ်ဖြတ်သည်ဆိုသည့် AI ၏ အစီရင်ခံစာကို အာဆာအဖွဲ့ ငြင်းဆို

    မေ ၂၆၊ ၂၀၁၈
    M-Media

    – ပြီးခဲ့တဲ့နှစ်အတွင်း ဟိန္ဒူအရပ်သားတွေကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ Amnesty International ရဲ့ အစီရင်ခံစာပါကိစ္စကို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA က မနေ့မှာ ငြင်းဆိုလိုက်ပါတယ်။

    ဘင်္ဂလားဒေ့ရှ်ကို သွားရောက်ကာ မေးမြန်းစုံစမ်းမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် အခုသီတင်းပတ်အစောပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ AI ရဲ့ ဒီအစီရင်ခံစာမှာ ARSA အဖွဲ့ဟာ ဟိန္ဒူဘာသာဝင် အနည်းဆုံး ၉၀ ကျော်လောက်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားတာပါ။

    ARSA အဖွဲ့ကတော့ အစီရင်ခံစာပါ အကြောင်းအရာတွေကို ပြတ်ပြတ်သားသားငြင်းဆိုကြောင်း မနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြခဲ့ပြီး လက်မခံနိုင်စရာ စွပ်စွဲချက်ဖြစ်ကြောင်း၊ မိမိတို့က ခြိမ်းခြောက်မှုလို့ မရှုမြင်တဲ့ ဟိန္ဒူတွေကို ပစ်မှတ်ထားတယ်ဆိုတာမျိုးဟာ ယုတ္တိမရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။

    Amnesty ကတော့ ARSA ဟာ ဟိန္ဒူတွေကို တမင်ရည်ရွယ်ပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားတာပါ။ ဒီကိစ္စကို မြန်မာစစ်တပ်က အရင်ဆုံး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

    မြန်မာအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက Amnesty ရဲ့ အစီရင်ခံစာကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်မှာ ပြုလုပ်တဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးအတွင်းမှာ ရက်စက်ကြမ်းကြုတ်မှုတွေ၊ လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှုတွေ ရှိခဲ့တယ်ဆိုတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ပြောဆိုမှုကို
    တော့ မြန်မာအစိုးရက ငြင်းဆိုထားပြီး အခင်းဖြစ်ရာနေရာတွေကိုလည်း ဂျာနယ်လစ်တွေ၊ စုံစမ်းစစ်ဆေးသူတွေကို ၀င်ရောက်ခွင့် မပေးပါဘူး။

    Amensty ကတော့ စုံစမ်းစစ်ဆေးမှုတွေ လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးဖို့အတွက် အစီရင်ခံစာမှာ တောင်းဆိုခဲ့ပါတယ်။

    Ref: Wall Street

  • ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က ဟိန္ဒူများအား သတ်ဖြတ်မှုကို လူ့အခွင့်အရေးအဖွဲ့ ဖော်ထုတ်

    ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က ဟိန္ဒူများအား သတ်ဖြတ်မှုကို လူ့အခွင့်အရေးအဖွဲ့ ဖော်ထုတ်

    မေ ၂၃၊ ၂၀၁၈
    M-Media

    ရခိုင်မြောက်ပိုင်းရှိ ဟိန္ဒူဘာသာဝင်များ

    – ပြီးခဲ့တဲ့နှစ် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA ဟာ ဟိန္ဒူဘာသာဝင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထား ရရှိခဲ့တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာပဲ ARSA ဟာ မောင်တောမှာ ဟိန္ဒူ ၉၉ ယောက်လောက်ကို သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ AI ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

    ဒါဟာ ARSA ရဲ့ ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး ပထမဆုံး သုတေသနပြုထုတ်ပြန်ချက်ဖြစ်ပါတယ်။

    AI က တာဝန်ရှိသူ တီရာနာ ဟာဆန်က သတ်ဖြတ်မှု ကျူးလွန်သူတွေကို အရေးယူရမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်မတို့ တွေ့ဆုံမေးမြန်းခဲ့သူတွေမှာ အထင်းသားပေါ်လွင်နေတဲ့ ARSA ရဲ ကြမ်းကြုတ်မှုတွေကို လစ်လျူရှုလို့ မရပါဘူး။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့ရဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို အရေးယူဖို့ အရေးကြီးသလိုပဲ ARSA ရဲ့ ဒီရက်စက်မှုတွေကို အရေးယူရပါမယ်”

    ဟိန္ဒူအရပ်သားတွေကို ရိုဟင်ဂျာလက်နက်ကိုင်တွေက သတ်ဖြတ်ခဲ့တယ်ဆိုပြီး အရင်က မြန်မာစစ်တပ်ရဲ့ ပြောကြားမှုတွေကို ARSA အဖွဲ့က ငြင်းဆိုထားတာပါ။

    မောင်တောသတ်ဖြတ်မှု

    အနောက်ခမောင်းဆိပ်ကျေးရွာမှာ ARSA ဟာ ဟိန္ဒူအမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် ၆၉ ဦးကို ဖမ်းဆီးကာ အဲဒီအထဲက ၅၃ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေ၊ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ပြောကြားမှုကို ကိုးကားပြီး Anmesty က ဖော်ပြထားပါတယ်။

    သေဆုံးသူတွေထဲမှာ အသက် ၁၄ နှစ်အောက် ၈ ဦး အပါအ၀င် ကလေးငယ် ၂၃ ဦး၊ အမျိုးသမီး ၁၀ ဦးနဲ့ အမျိုးသား ၂၀ ပါဝင်ပါတယ်။ အမျိုးသမီး ၈ ဦးနဲ့ ကလေး ၈ ဦးတို့ကတော့ လွတ်မြောက်ခဲ့ပါတယ်။

    အသက်ရှင်ကျန်ရစ်သူတွေက သူတို့ဟာ အစ္စလာမ်ဘာသာကို ကူးပြောင်းမယ်လို့ ကတိပေးတဲ့အတွက် အသက်ဘေးက လွတ်မြောက်လာတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဖက်ကို ပြန်ပေးဆွဲခံခဲ့ရတယ်လို့ Amnesty ကို ပြောကြားခဲ့ ပါတယ်။

    Amnesty ကို ထွက်ဆိုခဲ့ကြသူတွေထဲမှာ အမျိုးသမီးအချို့က သူတို့ကိုသတ်ဖြတ်တာ ရခိုင်ဗုဒ္ဓဘာသာဝင်တွေလို့ စောစောပိုင်းက ပြောကြားခဲ့ပေမယ့် နောက်ပိုင်းမှာ ဒီပြောကြားချက်ကို ရုပ်သိမ်းကာ ရိုဟင်ဂျာလက်နက်ကိုင်တွေ သတ်ဖြတ်တာလို့ ပြန်လည် ထွက်ဆိုခဲ့ပါတယ်။

    ခမောင်းဆိပ်နားက ရဲဘောကျကျေးရွာမှာလည်း သြဂုတ် ၂၅ ရက်နေ့က ဟိန္ဒူ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် ၄၆ ယောက် ပျောက်ဆုံးသွားခဲ့ပြီး သူတို့ရဲ့အလောင်းတွေကို မတွေ့ပေမယ့် ရိုဟင်ဂျာလက်နက်ကိုင်တွေရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရပြီလို့ ကောက်ချက်ချခဲ့ပါတယ်။

    သြဂုတ်လ ၂၆ ရက်နေ့ မြို့သူကြီးရွာမှာ ဟိန္ဒူ ၆ ယောက် သတ်ဖြတ်ခံရမှုမှာလည်း ARSA အဖွဲ့ ပါဝင်တယ်လို့ Amnesty အဖွဲ့က ပြောကြားခဲ့ပါတယ်။

    ရခိုင်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပမာဏကို အတိအကျသိရှိနိုင်ဖို့အတွက် ကုလ အချက်အလက်ရှာဖွေရေးအဖွဲ့ အပါအ၀င် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးသူတွေကို မြန်မာအစိုးရက ၀င်ခွင့်ပြုရမှာဖြစ်ကြောင်း၊ တစ်ဖက်ကကျူးလွန်မှုတွေကို လက်ညှိုးထိုးကာ နောက်တစ်ဖက်ကလည်း အဲဒီလိုကျူးလွန်မှုတွေ ထပ်လုပ်မယ်ဆိုရင် နှစ်ဖက်စလုံးကို ရှုတ်ချရမှာဖြစ်ကြောင်း Amnesty က ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    Ref: Aljazeera

  • တတိတိ လူမျိုးတုန်းသတ်ဖြတ်ခံရမှု (သို့) ကချင်ပြည်နယ်က လူမသိသူမသိ စစ်ပွဲ

    တတိတိ လူမျိုးတုန်းသတ်ဖြတ်ခံရမှု (သို့) ကချင်ပြည်နယ်က လူမသိသူမသိ စစ်ပွဲ

    မေ ၁၅၊ ၂၀၁၈
    M-Media

    စစ်ပွဲကြောင့် ထွက်ပြေးရသည့် ကချင်ပြည်သူများ

    – မြန်မာနိုင်ငံက သူနေထိုင်ရာရွာမှာ သေနတ်သံတွေ ကြားရတဲ့အချိန် Tang Seng တစ်ယောက် သူ့ရဲ့ အဖွားကို ကျောပိုးပြီး တိုက်ခိုက်မှုတွေကနေ ထွက်ပြေးရမလား ဒါမှမဟုတ် သွားပြီး ကူညီရမလားဆိုတာ ဝေခွဲမရ ဖြစ်ခဲ့ပါတယ်။ အဘွားဖြစ်သူက သူ့ကိုသတ်ပစ်ပြီး ထားခဲ့ဖို့ ပြောပေမယ့် Tang Seng က လက်မခံပါဘူး။

    အဘွားဖြစ်သူ Supna Hkawn Bu ကို ကျောပိုးရင်း Twang Seng ဟာ ရွာကထွက်လာကာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေနေထိုင်တဲ့ ယာယီစခန်းကို လမ်းလျှောက်သွားခဲ့ရပါတယ်။ သူတို့မိသားစုဟာ အခုအချိန်အထိ အဲဒီမှာ နေထိုင်နေရတုန်းပါ။ Supna Hkawn Bu ရဲ့ ဘ၀သက်တမ်းတစ်လျှောက် ပဋိပက္ခတွေကြောင့် ထွက်ပြေးခဲ့ရတာ ၅ ကြိမ်အထိ ရှိခဲ့ပြီး ပထမဆုံး ရောက်လာတဲ့ ၂ ရက်မှာ သူမဟာ စကားမပြောနိုင်ပါဘူး။

    မြန်မာနိုင်ငံကစစ်ပွဲလို့ ပြောလိုက်ရင် ရိုဟင်ဂျာကိစ္စကို ပြေးပြေးမြင်ကြပေမယ့် ဒုက္ခသည်ဘ၀ရောက်နေတဲ့ Tang Seng နဲ့ သူ့ရဲ့ အဘွားဖြစ်သူတို့ဟာ ရိုဟင်ဂျာတွေ မဟုတ်ပါဘူ။ သူတို့ဟာ နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်က ဖြစ်ပါတယ်။ ခရစ်ယာန်လူနည်းစုဝင်တွေနဲ့ အစိုးရစစ်တပ်အကြား ဖြစ်နေတဲ့ အဲဒီကပဋိပက္ခဟာ တိုင်းပြည်က နောက်ထပ် ကြမ်းကြုတ်မှုတစ်ခုဖြစ်ပေမယ့် လူတွေကြားထဲမှာ သိပ်ပြီး ထင်ထင်ပေါ်ပေါ် မရှိပါဘူး။

    အမေ့ခံစစ်ပွဲ

    လူဦးရေ ၁.၆ သန်းလောက်ရှိတဲ့ ကချင်လူမျိုးတွေဟာ တရုတ်-မြန်မာနယ်စပ်က တောင်တန်းဒေသတွေမှာ ရာစုနှစ်ပေါင်းများစွာ အေးအေးချမ်းချမ်း နေလာခဲ့ကြသူတွေ ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ ဗြိတိသျှထံကနေ လွတ်လပ်ရေးရပြီးနောက်ပိုင်း တန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ရေးတွေ ရရှိမယ်လို့ ကချင်တွေအပေါ် ကတိထားခဲ့ပါတယ်။ ဒါပေမယ့် ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပဋိပက္ခဖြစ်လာပြီး ကချင်မြေကို ကာကွယ်ဖို့အတွက် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA လည်း ပေါ်ပေါက်လာခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် အာဏာရတဲ့အခါ သူမဟာ စစ်ပွဲတွေကို ရပ်တန့်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက် ပေါ်ထွက်လာပါတယ်။ ဒါပေမယ့် တောင်ပိုင်းက ရိုဟင်ဂျာပြဿနာနဲ့အတူ အခြေအနေက ပိုပြီး ဆိုးဝါးလာပါတယ်။

    ၂၀၁၅ ခုနှစ် အောက်တိုဘာမှာ အဲဒီအချိန်က စစ်တပ်တစ်ပိုင်း အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ခု လက်မှတ်ရေးထိုးခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ဆဲရေးစာချုပ် (NCA) ကို လက်မှတ်ထိုးဖို့ ဒေါ်အောင်ဆန်းစုကြည်က အခြား လက်နက်ကိုင်အုပ်စုတွေကို တိုက်တွန်းပါတယ်။ ဒါပေမယ့် စစ်တပ်က ကချင်ရွာတွေကို ဗုံးကြဲနေတဲ့အတွက် KIA ကတော့ လက်နက်စွန့်ဖို့ စိတ်မ၀င်စားပါဘူး။

    “ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ကိစ္စတွေဟာ လုံးဝ လက်မခံနိုင်စရာဖြစ်ပြီး ချက်ခြင်း ရပ်တန့်ရပါလိမ့်မယ်။ အပြစ်မဲ့အရပ်သားတွေ သတ်ဖြတ်ခံနေရတယ်၊ ဒဏ်ရာရနေတယ်။ မိသားစုရာနဲ့ချီ အသက်ဘေးလွတ်အောင် ထွက်ပြေးနေရပါတယ်” လို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် ယန်ဟီးလီက ပြောကြားခဲ့ပါတယ်။

    “တိုင်းရင်းသားတွေအားလုံးနဲ့ပတ်သက်ပြီး ဒီကနေ့ ကျွန်မတို့အမြင်ကတော့ အရင်အတိုင်းပါပဲ။ သူတို့ဟာ သူတို့ရဲ့မြေကို ကာကွယ်နေပြီး လူ့အခွင့်အရေးကို အတူတကွ မျှဝေခံစားနိုင်အောင် ကြိုးစားနေကြတယ် ဆိုတာပါ” လို့ ကချင်လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ Ja Seng Hkawn Maran က ပြောကြားခဲ့ပါတယ်။

    လူ့အခွင့်အရေးအဖွဲ့တွေကလည်း ဒီအချက်ကို သဘောတူပါတယ်။

    “မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က စစ်တပ်ရဲ့ သေနတ်ပြောင်းကနေ ထွက်လာတာဗျ။ ဒါဟာ တိုင်းရင်းသားလူမျိုးစုတွေကို အကြမ်းနည်းနဲ့ ငြိမ်ဝပ်အောင် လုပ်တာပါ” လို့ Fortify Rights က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကျွမ်းကျင်သူ ဒေးဗစ် ဘော့လ်က်က ပြောပါတယ်။

    အကြမ်းနည်းနဲ့ ငြိမ်းချမ်းအောင် လုပ်တာဟာ ကချင်ပြည်နယ်မှာ အရှိန်မြင့်လာပါတယ်။ ဧပြီလကတည်းက မော်တာတွေ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာကြောင့် ရွာသား ၆၈၀၀ ကျော်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ ထွက်ပြေးခဲ့ရတဲ့ ကချင်ပြည်သူအရေအတွက်က ၁၃၀၀၀၀ လောက် ရှိနေတာပါ။ တော်တော်များများဟာ တောထဲမှာ သောင်တင်နေတာ၊ တိုက်ပွဲဖြစ်ရာဒေသတွေမှာ ပိတ်မိနေတာမျိုးတွေ ရှိနေပါတယ်။ အကူအညီပေးရေးအဖွဲ့အစည်းတွေကလည်း သူတို့ဟာ တောထဲမှာပိတ်မိနေတဲ့ အရပ်သားတွေကို အစားအသောက်နဲ့ အခြား လိုအပ်တဲ့အကူအညီတွေ ပေးချင်ပေမယ့် ပေးလို့မရအောင် ပိတ်ဆို့မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ အကူအညီပေးရေး အေဂျင်စီတွေကို ပိတ်ပင်တားဆီးဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာ ဖြစ်ပါတယ်။

    နိုင်ငံရေး လေ့လာဆန်းစစ်သူတစ်ဦးဖြစ်တဲ့ စာရေးဆရာမ စတယ်လာနော်က လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ခိုင်မာတဲ့အထောက်အထားတွေ ရှိနေပေမယ့် ကချင်တွေပြည်နယ်က စစ်ပွဲကို နိုင်ငံတကာက သိပ်ပြီး အာရုံမစိုက်ကြဘူးလို့ ပြောပါတယ်။

    “မြန်မာစစ်သားတွေက အရပ်သားတွေအပေါ် စနစ်တကျ ပစ်မှတ်ထားတဲ့ စစ်ပွဲပါ။ ဒါပေမယ့် နိုင်ငံတကာအသိုင်းအ၀ိုင်းက ဒါကို လစ်လျူရှုထားပါတယ်”

    ထိုင်းနိုင်ငံက ကရင်အမျိုးသမီးအဖွဲ့ရဲ့ ပူးတွဲအတွင်းရေးမှူး San Htoi ရဲ့ပြောကြားမှုကလည်း စတယ်လာနော်နဲ့ ထပ်တူကျနေပါတယ်။

    “ဒါဟာ လူမသိသူမသိ စစ်ပွဲပါ။ သူတို့တွေဟာ ကချင်ပြည်နယ်ကို ဂရုတောင်မစိုက်ဘဲ ပြန်သွားကြတယ်” လို့ မကြာသေးခင်က ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့တဲ့ ကုလလုံခြုံရေးကောင်စီရဲ့ ခရီးစဉ်ကို ရည်ညွှန်းပြီး ပြောကြားခဲ့ပါတယ်။

    သယံဇာတစစ်

    San Htoi က လတ်တလော စစ်ပွဲအရှိန်မြှင့်လာတာက KIA ကို အပြုတ်ရှင်းဖို့ ဒါမှမဟုတ် ငြိမ်းချမ်းရေးစာချုပ်မှာ လက်မှတ်ထိုးရေး ဖိအားပေးဖို့ စစ်တပ်ရဲ့ ဗျူဟာသစ်ဖြစ်တယ်လို့ ထောက်ပြပါတယ်။

    ဒါပေမယ့် ကချင်ကို စစ်တပ်က ထိန်းချုပ်ချင်တဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခု ရှိပါသေးတယ်။ Supna Hkawn Bu နဲ့ သူမရဲ့မိသားစု ထွက်ပြေးလာရတဲ့ နေရာဟာ ရွာနဲ့ လယ်ကွင်းသက်သက်ပဲ မဟုတ်ပါဘူး။ အဲဒီနေရာဟာ ပယင်းကျောက်လှိုင်လှိုင်ပေါတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ ကချင်ပြည်နယ်က အခြားနေရာတွေမှာလည်း ကျောက်စိမ်းတွင်းတွေ အများအပြား ရှိနေပါတယ်။

    San Htoi က ကချင်ပြည်နယ်ကစစ်ပွဲဟာ သယံဇာတ ကြွယ်ဝမှုအပေါ် ဖြစ်နေတဲ့ စစ်ပွဲလို့ ပြောပါတယ်။ အခွန်အခ တရားဝင်ပေးရတာမျိုးမရှိဘဲ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို တရားမ၀င် နယ်စပ်ဖြတ်ကျော် ထွက်နေတဲ့ ကျောက်စိမ်းတင်ပို့မှု ပမာဏဟာ ဒေါ်လာဘီလီယံချီ ရှိပါတယ်။

    လတ်တလော တိုက်ခိုက်မှုတွေ မြင့်တက်လာတဲ့ဒေသဟာ ကချင်ပြည်နယ်က ပယင်းကြွယ်ဝတဲ့ တနိုင်းဒေသမှာ ဖြစ်ပါတယ်။ ကျောက်စိမ်းမြေ ဖားကန့်နားမှာ တည်ရှိတာပါ။ အဲဒီ မဟာဗျူဟာကျတဲ့ နေရာတွေကို ထိန်းချုပ်နိုင်ရေး နှစ်ဖက်စလုံးက ကြိုးစားနေကြတာ ဖြစ်တယ်လို့ Global Witness အဖွဲ့က အကြီးတန်း လှုပ်ရှားရေးမှူး ဟန်နာ ဟင်စထရောင်းက ပြောပါတယ်။

    တူးဖော်ရရှိတဲ့ ကျောက်စိမ်းတွေရဲ့ ၅၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ တရုတ်နယ်စပ်ကိုဖြတ်ကာ အပြင်ကိုထွက်နေပြီး အစိုးရက နည်းနည်းပါးပါးရကာ ကချင်လူ့အဖွဲ့အစည်းကတော့ ဘာမှမခံစားရပါဘူး။ ကျောက်စိမ်းရောင်းဝယ်မှုကို အဆက်အသွယ်ကောင်းကောင်းရှိနေတဲ့ ခရိုနီတွေ၊ စစ်ခေါင်းဆောင်တွေ၊ ဘိန်းဘုရင်တွေ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ တရုတ်တွေက လက်ဝါးကြီးအုပ်ထားတယ်လို့ ဟန်နာက ပြောပါတယ်။

    မော်တာကျည်တွေ နယ်စပ်ဖြတ်ကျော် ကျနေပေမယ့် မြန်မာအစိုးရရဲ့ မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံက ကချင်ပြည်နယ်ပဋိပက္ခအတွက် နှုတ်ဆိတ်နေပါတယ်။ တိုက်ခိုက်မှုတွေအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ အရပ်သားတွေကို အရင်က နယ်စပ်ဖြတ်ကျော်ခွင့် တရုတ်ကပေးခဲ့ပေမယ့် ၂၀၁၇ ခုနှစ်ကနေစပြီး အဲဒီလူတွေကို ပြန်ပို့တာတွေ လုပ်လာပါတယ်။

    သုဿာန်တစပြင်

    ငြိမ်းချမ်းနေသေးတဲ့ မြစ်ကြီးနားမြို့ ဆင်ခြေဖုန်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ နေထိုင်တဲ့ စခန်းတွေ ပြန့်ကြဲနေပါတယ်။ ဒီစခန်းတွေမှာ ၀ါး၊ ဓနိတို့နဲ့ အခိုင်အမာ ဆောက်ထားတဲ့ တဲတွေရှိသလို၊ တာပေါ်လင်စတွေနဲ့ ဖြစ်သလိုထိုးထားတာတွေလည်း ရှိပါတယ်။

    စခန်းတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဦးသိန်းစိုးက သူ့လူမျိုးတွေရဲ့ အနာဂတ်အတွက် ရတက်မအေး ဖြစ်နေပါတယ်။

    “တစ်ဖက်ဖက်က ထာဝရပျောက်ကွယ်သွားရင် စစ်ပွဲရပ်သွားမယ်လို့ ကျွန်တော်မြင်ပါတယ်”

    နွမ်းနယ်နေတဲ့ မျက်ဝန်းနဲ့ ဦးသိန်းစိုးက သူရွာအနီး ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ထွက်ပြေးလာရပုံကို အခုလို ပြောပြပါတယ်။

    “ပထမတော့ ကျွန်တော် ထွက်ပြေးဖို့အစီအစဉ် မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်ရဲ့ မိတ်ဆွေတွေနဲ့ အိမ်နီးချင်းတွေက ထွက်သွားကြပြီး ၈၀ ရာခိုင်နှုန်းလောက်က တရုတ်ပြည်ဖက် သွားကြပါတယ်။ ကျန်တဲ့သူတွေကတော့ မြစ်ကြီးနားကိုရွှေ့ဖို့ ဆုံးဖြတ်ကြပါတယ်။ အခုအချိန်မှာ ကျွန်တော့်ရွာဟာ သုဿန်တစပြင်လို ဖြစ်နေပါပြီ”

    အနာဂတ်အတွက် မျှော်လင့်ချက်နည်းနည်းသာ ရှိနေတဲ့အချိန် လူငယ်တွေကလည်း မူးယစ်ဆေးဘက်ကို လှည့်လာပါတယ်။ ကချင်ပြည်နယ်အတွင်း ဘိန်းဖြူကို ပေါပေါလောလောရနေပြီး တစ်ချောင်းကို ၆၀၀၀၊ ၇၀၀၀ လောက်ပဲ ရှိပါတယ်။

    ဒေသတွင်း မူးယစ်တိုက်ဖျက်ရေးအဖွဲ့ Pat Jasan ရဲ့ မြစ်ကြီးနားဆိုင်ရာ အတွင်းရေးမှူး Nhkum Tang Goon က သူတို့လူမျိုးတွေရဲ့ အခြေအနေဟာ “တတိတိ လူမျိုးသုဉ်းသတ်ဖြတ်ခံရမှု” ဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “အစိုးရက ရည်ရွယ်ချက်ရှိပုံရပါတယ်။ ကျွန်တော်တို့ကတော့ လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းခံနေရတယ်လို့ ခံစားရပါတယ်”

    သဘောကွဲသူတွေကို ဟန့်တားမှုတွေ ရှိနေပေမယ့် လတ်တလော မြန်မာစစ်တပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် လူထုကြားမှာ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခု ပေါ်လာပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ လူငယ်ခေါင်းဆောင်တွေဦးစီးပြီး ရန်ကုန်မှာ ဆန္ဒပြမှုတစ်ခု လုပ်ခဲ့ကာ လူ ၈ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

    “ကျွန်မတို့ စစ်ပွဲကိုမလိုလားဘူးဆိုတာ အာဏာရှိတဲ့သူတွေကို အသိပေးဖို့အတွက် အသံကျယ်ကျယ်ထွက်ရပါမယ်။ စစ်ပွဲကိုရပ်တန့်ရမှာက သူတို့အလုပ်ပါ” လို့ လူငယ်ခေါင်းဆောင် သဉ္ဇာရွှန်းလဲ့ရည်က ပြောကြားခဲ့ပါတယ်။

    ကချင်မှာ ဆန္ဒပြပွဲတွေကို စီစဉ်တဲ့ ခေါင်းဆောင်တွေလည်း အဖမ်းခံရတယ်လို့ Seng Htoi က ပြောကြားခဲ့ပြီး လူငယ်တွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတာ၊ ဖိနှိပ်ချုပ်ခြယ်ခံနေရတာကို မြင်ရတာ ကြေကွဲဝမ်းနည်းရတယ်လို့ ဆိုပါတယ်။

    “ဒီနေ့လူငယ်တွေဟာ အနာဂတ်ရဲ့ ခေါင်းဆောင်တွေပါ။ ကချင်ပြည်သူတွေရဲ့ အနာဂတ်ကတော့ အမှောင်ထဲမှာ လမ်းပျောက်နေသလိုပါပဲ”

    Ref: The Guardian

    (The Guardian တွင် ဖော်ပြထားသည့် ‘Slow genocide’: Myanmar’s invisible war on the Kachin Christian minority ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • ကျောက်ဖြူရေနက်ဆိပ်ကမ်း (သို့) တရုတ်၏ အကြွေးထောင်ချောက်တစ်ခု

    ကျောက်ဖြူရေနက်ဆိပ်ကမ်း (သို့) တရုတ်၏ အကြွေးထောင်ချောက်တစ်ခု

    မေ ၁၃၊ ၂၀၁၈
    M-Media

    တရုတ်၊ အမေရိကန်နှင့် အိန္ဒိယတို့၏ ရေနက်ဆိပ်ကမ်းများနှင့် ရေတပ်အခြေစိုက်စခန်းများ

    – ဘင်္ဂလားပယ်လယ်အော်က ငါးဖမ်းဆိပ်ကမ်းနားမှာ တည်ထားတဲ့ ကျောက်ဖြူမြို့လေးဟာ မကြာခင် ကြွယ်ဝချမ်းသာတော့မယ်ဆိုတဲ့ ရနံမျိုး ရရှိနေပါတယ်။

    မြစ်ဘေးက ဈေးထဲမှာတော့ ရေထွက်ပစ္စည်းရောင်းတဲ့ဆိုင်တွေဟာ ငါဖမ်းစက်လှေတွေပေါ်ကနေ ပစ္စည်းတွေ ချနေပြီး၊ တရုတ်လုပ်ကစားစရာတွေ၊ စမတ်ဖုန်းရောင်းတဲ့ဆိုင်တွေလည်း ဈေးထဲမှာ ရှိလာပါတယ်။

    အနီးအနားက နွားစားကျက်ကတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ရဲ့ ၀ါးမျိုခြင်းကို ခံလိုက်ရပါတယ်။ ဥတုသုံးပါးဒဏ် ခံရပြီး ဟောင်းနွမ်းနေတဲ့ ဘန်ဂလိုတွေရဲ့နေရာမှာ ရုံးခန်းအမြင့်ကြီးတွေ၊ ဟိုတယ်တွေက အစားထိုးလိုပြီး၊ တိုက်ခေါင်မိုးက အဆင့်မြင့်စားသောက်ဆိုင်တွေနဲ့ ဂေါက်ကွင်းတစ်ခုတို့က အသွင်ပြောင်းလဲမှုကို မီးမောင်းထိုးပြနေပါတယ်။

    လူ ၅ သောင်းလောက်သာရှိပြီး ဝေးလံခေါင်ဖျားတဲ့ ဒီမြို့လေးမှာ တစ်ဟုန်ထိုး ဖွံ့ဖြိုးလာမှုနဲ့ မြေဈေးကြီးမြင့်မှုတွေကြောင့် ဆုလာဘ်ကြီးတစ်ပါး ရရှိတော့မလားဆိုတဲ့ မျှော်လင့်ချက်တွေ ရှိနေကြပါတယ်။ အဲဒီဆုလာဘ်က တရုတ်ချေးငွေနဲ့ဆောက်လုပ်မယ့် ကန်ဒေါ်လာ ၁၀ ဘီလီယံတန် ရေနက်ဆိပ်ကမ်းတစ်ခု၊ စက်မှုဇုန်တစ်ခုတို့ပါပဲ။

    ကင်မရွန်းနဲ့ သီရိလင်္ကာတို့မှာ ဆောက်လုပ်ခဲ့တဲ့ ရေနက်ဆိပ်ကမ်းတွေထက် ၇ ဆ လောက် ကြီးမယ့် ဒီ ရင်းနှီးမြှုပ်နှံမှုကြောင့် ကျောက်ဖြူဟာ တရုတ်ရဲ့ Belt and Road စီမံကိန်းကနေ တကယ်ပဲ အမြတ်ထွက်ပါ့မလားဆိုတဲ့ သုံးသပ်မှုတွေ မြန်မာနိုင်ငံနဲ့ အာရှတစ်လွှားမှာ ပေါ်လာပါတယ်။

    “ဒီဆိပ်ကမ်းရဲ့ တကယ့်အန္တရာယ်က ကုန်ကျစားရိတ် အလွန်ကြီးမြင့်တာဖြစ်ပြီး မြန်မာအစိုးရအနေနဲ့ အကြွေးနွံနစ်မယ့် အနေအထားကို ဦးတည်သွားနိုင်ပါတယ်” လို့ ၀ါရှင်တန်က Centre for Strategic and International Studies မှာ ရှိတဲ့ Asia Maritime Transparency Initiative အဖွဲ့ ဒါရိုက်တာဖြစ်သူ Greg Poling က ပြောကြားခဲ့ပါတယ်။

    “လာမယ့်နှစ်အငယ်အတွင်းမှာ အကြွေးထောင်ချောင်ထဲ ၀င်သွားမယ့် အနေအထားပါ”

    လွန်ခဲ့တဲ့ ၃ နှစ် မြန်မာအစိုးရဟာ တရုတ်ရဲ့ Citic Group ကို စီမံကိန်း အကောင်အထည်ဖော်ဖို့ ရွေးချယ်ခဲ့ကတည်းက ဒီလို စိုးရိမ်မှုတွေမြင့်တက်ကာ လုပ်ငန်းတိုးတက်မှု နှေးကွေးခဲ့ရပါတယ်။

    Citic ဟာ တရုတ်နိုင်ငံရဲ့ ပထမဆုံး နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းဖြစ်ပြီး စီမံကိန်းရဲ့ ၇၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကိုတော့ မြန်မာအစိုးရ၊ စီမံကိန်းမှာပါဝင်တဲ့ ဒေသတွင်း လုပ်ငန်းတွေက ခွဲယူကြရမှာပါ။ တရုတ်ကုမ္ပဏီက စီမံကိန်းအတွက် မြန်မာနိုင်ငံကို ငွေကြေးထောက်ပံ့ကာ ဒီရေနက်ဆိပ်ကမ်းကို ၇၅ နှစ်အထိ စီမံမှာဖြစ်ပါတယ်။

    စီမံကိန်းအတွက် ချေးရမယ့် ဘီလီယံနဲ့ချီတဲ့ ဒေါ်လာတွေကို ပြန်ဆပ်ဖို့နဲ့ ၀န်ဆောင်မှုပေးနိုင်ဖို့အတွက် တိုင်းပြည်ဟာ ရုန်းကန်ရနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြန်မာအစိုးရရဲ့ အကြီးတန်းအရာရှိတစ်ချို့မှာ ရှိနေပါတယ်။

    “ချေးငွေအတွက် အတိုးက သိပ်များတယ်ဗျ။ ဂျပန်အစိုးရကပေးတဲ့ နှစ်ရှည်ချေးငွေလိုမျိုးမဟုတ်ဘူး။ တရုတ်ကချေးငွေဟာ တော်တော်အတိုးများတယ်” လို့ အာဏာရ NLD ပါတီက ဗဟိုစီးပွားရေးကော်မတီအဖွဲ့ဝင် ဦးစိုးဝင်းက ပြောပါတယ်။

    ရန်ကုန်မြို့တောင်ဘက် သီလ၀ါဆိပ်ကမ်းက အထူးစီးပွားရေးဇုန်အတွက် Japan International Cooperation Agency ဟာ ကန်ဒေါ်လာ ၃.၂၈ ဘီလီယံ ထုတ်ပေးထားပါတယ်။

    သီလ၀ါ အထူးစီးပွားရေးဇုန် ရှိနေရဲ့သားနဲ့ ကျောက်ဖြူမှာ ဒီလို ကြီးမားတဲ့ စီမံကိန်းမျိုး လိုအပ်ရဲ့လားဆိုတာနဲ့ တရုတ်ကုမ္ပဏီတွေ ချယ်လှယ်တဲ့ တရုတ်ရဲ့ သပ်တစ်ခု ဖြစ်နေမလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်လာပါတယ်။

    “ရေနက်ဆိပ်ကမ်းတစ်ခုတော့ ရှိနေတယ်၊ ဒါပေမယ့် မြန်မာနိုင်ငံက ထိန်းချုပ်ထားတာမဟုတ်ဘူးဆိုရင် ဒါက ပြဿနာပါ” လို့ ဒီစီမံကိန်းမှာ ပါဝင်တဲ့ တစ်ခုတည်းသော မြန်မာကုမ္ပဏီ ‘ပါရမီစွမ်းအင်လုပ်ငန်း’ ကို တည်ထောင်သူ အမှုဆောင်ဒါရိုက်တာ ဦးကန်ထွန်းက ပြောပါတယ်။

    သီရိလင်္ကာမှာဖြစ်ခဲ့တဲ့ အလားတူအဖြစ်အပျက်မျိုးကလည်း နောက်ထပ်စိုးရိမ်စရာတစ်ခုပါ။

    ၂၀၀၈ ခုနှစ်က ဟမ်ဘန်တိုတာမြို့မှာ တရုတ်နဲ့ပေါင်းပြီး ရေနက်ဆိပ်ကမ်းတစ်ခုကို သီရိလင်္ကာက ဆောက်လုပ်ခဲ့ပါတယ်။ စီမံကိန်းအတွက် ချေးငွေကို သီရိလင်္ကာက ပြန်မဆပ်နိုင်တဲ့အခါမှာ ဒီရေနက်ဆိပ်ကမ်းကို နှစ်ပေါင်း ၉၉ နှစ် တရုတ်လက်ထဲ ထိုးအပ်လိုက်ရပါတယ်။

    “မြန်မာနိုင်ငံက နိုင်ငံရေးအခင်းအကျင်းတွေမှာ တရုတ်က လွှမ်းမိုးဖို့ ကြိုးစားနေတယ်။ ကျွန်တော်တို့ကတော့ သီရိလင်္ကာလို ဖြစ်သွားမလားလို့ စိုးရိမ်နေပါတယ်” လို့ ဦးစိုးဝင်းက ပြောကြားခဲ့ပါတယ်။

    Ref : Straits Times

    (Straits Times တွင် ဖော်ပြထားသည့် Chinese port project could land Myanmar in debt trap ဆောင်း ပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)