News @ M-Media

Tag: Minority In Myanmar

  • အမျိုးသားအမှတ်လက္ခဏာ ဆက်လက်ရှာဖွေရဦးမည့် မြန်မာနိုင်ငံ

    အမျိုးသားအမှတ်လက္ခဏာ ဆက်လက်ရှာဖွေရဦးမည့် မြန်မာနိုင်ငံ

    ဇွန် ၂၃၊ ၂၀၁၇
    M-Media
    The Voice မှကူးယူဖော်ပြပါသည်။

    ရန်ကုန်မြို့၌ ဗမာအမျိုးသားရေး လှုပ်ရှားဆန္ဒပြမှုကို ကိုလိုနီခေတ် ရဲတပ်ဖွဲ့က နှိမ်နင်းစဉ်။ (၁၉၃၉ ခုနှစ် ဝန်းကျင်ကဟု ယူဆရသည်။

    – လွန်ခဲ့သည့် နှစ် ၈၀ နီးပါးက ယခု မြန်မာဟု ခေါ်တွင်သည့် ဗမာပြည်သည် အိန္ဒိယပြည်ကနေ ခွဲထွက်ခဲ့ရသည်။ ခွဲထွက် လိုက်ခြင်းသည် နိုင်ငံ၏ သမိုင်းကြောင်းတွင် အရေးအကြီးဆုံး အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့သည့်တိုင် ယင်းကို သတိ ပြုမိခြင်း မရှိခဲ့ပါ။

    ၁၉၃၅ တွင် ယူကေ ပါလီမန်က ဗမာပြည်အုပ်ချုပ်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ကာ ၁၉၃၇ အလယ်တွင် ဗမာပြည်သည် အိန္ဒိယ အင်ပါယာ၏ ပြည်နယ်တစ်ပြည်နယ် ဖြစ်ခဲ့ရာမှ ကိုယ်ပိုင် ရွေးကောက်ခံ အစိုးရ၊ လွှတ်တော်နှင့် လန်ဒန်သို့ တိုက်ရိုက် အစီအရင်ခံရသော ဘုရင်ခံတစ်ဦး ရှိသည့်ပြည် ဖြစ်လာခဲ့ သည်။

    ယင်းသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် လှေကားထစ်တစ်ခု ဖြစ်လာခဲ့ပြီး ဗမာ၏ သီးခြားအမှတ်အသား သရုပ်လက္ခဏာကို အသိအမှတ်ပြုခြင်းလည်း ဖြစ်သည်။

    .နှစ်ပေါက်အောင် ပြင်းထန်သော ဆွေးနွေးငြင်းခုံမှုများ ပြုလုပ်ခဲ့ပြီးနောက် ခွဲထွက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယင်းကာလတွင် အမှတ်အသား သရုပ်လက္ခဏာနှင့် ဆက်စပ်နေသော ပြဿနာများသည် ဖြစ်ခါစပင် ရှိနေပါသေးသည်။ ကျန်ရှိနေသော ၂၀ ရာစု ကာလများတွင်မှ ပြဿနာများ ကြီးထွားလာပြီး စစ်ပွဲများ၊ အထီးကျန်မှုနှင့် ဆင်းရဲမွဲတေမှုများဆီသို့ ဦးတည် သွားခဲ့ခြင်း ဖြစ်သည်။

    ယနေ့တွင်တော့ အလားတူ ပြဿနာရပ်များသည် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြား ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် လည်းကောင်း၊ မွတ်ဆလင် အသိုင်းအဝိုင်းများ ၏ ကံကြမ္မာကို လည်းကောင်း၊ တစ်ကမ္ဘာလုံးနှင့် စီးပွားရေး ချိတ်ဆက်လုပ်ကိုင်ရာတွင် လည်းကောင်း ဆက်လက်ဖြစ် ပွားလျက် ရှိနေသည်။ ၎င်းပြဿနာရပ်များကို ဖြေရှင်းနိုင်ခြင်း မရှိသေးသည့်အပြင် ယင်းတို့သည် မြန်မာနိုင်ငံ၏ အနာဂတ် အတွက် အဓိက အရေးကြီးနေသော ကိစ္စရပ်များ ဖြစ်နေ သည်။

    အိန္ဒိယနိုင်ငံကနေ ခွဲထွက်ခြင်းသည် ဗမာ အမျိုးသားရေးဝါဒအတွက် ကြီးစွာသော အောင်ပွဲတစ်ရပ် ဖြစ်ခဲ့ပါသည်။ ဗမာများသည် ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး ဧရာဝတီမြစ်ဝှမ်းလွင်ပြင် ဒေသများတွင် နေထိုင်ကာ အများစုသည် ဗမာစကားပြောသူများ ဖြစ်ကြပါသည်။ ၁၉ ရာစုတွင် အင်္ဂလိပ်-ဗမာ စစ်ပွဲ သုံးကြိမ်က ဘူတန်နိုင်ငံ အနီးအနားကနေ ဘန်ကောက်မြို့ ပြင်နားထိ ရှည်လျားသည့် ၎င်း၏ အင်ပါယာကို ပျက်စီးစေခဲ့ပါသည်။ ၁၈၈၅ တွင် နှစ်ပေါင်းထောင်ချီနေပြီ ဖြစ်သော ဗမာတို့၏ ဘုရင်စနစ်ကို ဗြိတိန်က ဖြိုဖျက်ခဲ့ပြီး ဧရာဝတီမြစ်ဝှမ်းလွင်ပြင်ဒေသကို သိမ်းပိုက်ကာ ဗြိတိသျှဘားမားဟု ခေါ်တွင် သည့် အိန္ဒိယပြည်သစ်ကို ထူထောင်ခဲ့ကြသည်။ ဗမာများ၏ အမျိုးသားရေးစိတ်ဓာတ်သည် ဘယ်တော့မှ နာလန်မထူလာတော့ပါ။

    ကိုလိုနီပြု အုပ်ချုပ်မှုက စီးပွားရေး တိုးတက်မှုကို ဆောင်ကြဉ်းလာမှုနှင့်အတူ အိန္ဒိယ တိုက်ငယ်ကနေ စိစစ်ထိန်းကျောင်းမှု မရှိသော ရွှေ့ပြောင်းနေထိုင်သူ သန်းနှင့်ချီ ဗမာပြည်သို့ ရောက်ရှိလာခဲ့ပါသည်။ ဗမာပြည်သည် ပို၍ ကြွယ်ဝချမ်းသာသောနေရာ ဖြစ်ခဲ့ပြီး အိန္ဒိယ မိသားစုများအတွက် အခွင့်အလမ်းများ ပေးစွမ်းနိုင်သော ‘ပထမ အမေရိကန်ပြည်ထောင်စု’ လို ဖြစ်ခဲ့ပါသည်။ ၁၉၂၀ ခုနှစ်များ နှောင်းပိုင်းတွင် ရန်ကုန်သည် နယူးယောက်မြို့နှင့်အပြိုင် ကမ္ဘာ့အကြီးမားဆုံးသော ရွှေ့ပြောင်းနေထိုင်သူများ လာရောက်ရာနေရာ ဖြစ်ခဲ့ပြီး ၁၉၂၇ တစ်နှစ်အတွင်းမှာပင် ၄၂၈,၃၀၀ ဦး ရောက်ရှိလာခဲ့သည်။ (ယင်းအချိန်က ဗမာပြည် လူဦးရေမှာ ၁၀ သန်း ဝန်းကျင်သာ ရှိခဲ့ပါသည်။) ရန်ကုန်သည် အိန္ဒိယလူမျိုးတို့၏ မြို့တော် ဖြစ်လာခဲ့သည်။

    ဗမာများ အတွက်တော့ ခေတ်မီမှု ဆိုသည်မှာ ဥရောပတိုက်က လူမျိုးများက ထိပ်ဆုံးနေရာတွင် ရှိနေသော၊ အိန္ဒိယလူမျိုးများက အသက်မွေးဝမ်းကျောင်းနှင့် စီးပွားရေးလုပ်ငန်း များစွာကို လွှမ်းမိုးထားသည့်အပြင် မြို့ပြအခြေခံလူတန်းစား နေရာများတွင်ကိုပါ ဝင်ရောက်လာနေသော လူ့အဖွဲ့အစည်းအဖြစ် နားလည်ထားကြသည်။ ခံစားချက်များ နာကျင်လာခဲ့ပြီး ပို၍နည်းပါးသော တရုတ်လူမျိုး ရွှေ့ပြောင်းနေထိုင်သူများကိုလည်း ဆန့်ကျင်ခဲ့သည်။ ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီး ဖြစ်ပေါ်လာသောအခါ တင်းမာမှုများမှာ ပေါက်ကွဲထွက်လာသည်။ ပထမအကြိမ် အိန္ဒိယလူမျိုး ဆန့်ကျင်ရေး အဓိကရုဏ်းများမှာ ရန်ကုန်မြို့တွင် ၁၉၃၀ ၌ ဖြစ်ပွားခဲ့ပြီး ပထမအကြိမ် တရုတ်လူမျိုး ဆန့်ကျင်ရေး အဓိကရုဏ်းများမှာတော့ ၁၉၃၁ တွင် ဖြစ်ပွားခဲ့သည်။

    အမျိုးဂုဏ်တက်မှု

    ပထမမျိုးဆက် နိုင်ငံရေးသမားများမှာ ယင်းကာလလောက်မှာပင် ပေါ်ထွက်လာခဲ့ပြီး အမျိုးဂုဏ်ကို ထိန်းသိမ်းရန် ရည်ရွယ်လုပ်ဆောင်ခဲ့ကြသည်။ တော်လှန်ရေးဆန်သည့် အဖွဲ့များထဲက တစ်ဖွဲ့က သူတို့ကိုယ်သူတို့ တို့ဗမာဟု အမည်တွင်စေခဲ့ပြီးSinn Fein ၏ အိုင်ယာလန် အမျိုးသားရေးဝါဒထံကနေ သဘောတရားများ ရယူခဲ့ခြင်း ဖြစ်သည်။ ယနေ့ နိုင်ငံတော်သီချင်း ဖြစ်နေသည့် သူတို့၏ သီချင်းတွင်လည်း ‘ဒါတို့မြေ’ ဆိုသည့် စာသားမျိုး ပါဝင်နေသည်။ တစ်နည်းဆိုရလျှင် ဒါဟာ မင်းတို့မြေ မဟုတ်ဘူးဟု ဆိုလိုခြင်း ဖြစ်သည်။ အများစုက နိုင်ငံခြား စီးပွားရေး လုပ်ငန်းများကို အမြတ်လာထုတ်မှုအဖြစ် ရှုမြင်ထားကြပြီး ဥရောပရှိ လက်ဝဲစွန်းသာမက လက်ယာစွန်း အယူအဆများကိုပါ သဘောကျ နှစ်ခြိုက်ကြသည်။ အချို့က ဗုဒ္ဓဘာသာမှာ ထိခိုက်နစ်နာမှုများ ရှိနေပြီဟု မြင်လာကြပြီး ၁၉၃၈ တွင် မွတ်ဆလင် ဆန့်ကျင်ရေး လူမျိုးရေး အဓိကရုဏ်းများ စတင်ဖြစ်ပွားခဲ့သည်။ ဗမာအမျိုးသားရေးဝါဒမှာ ယနေ့ ကျွန်တော်တို့ ခေါ်နေသည့် ကမ္ဘာပြုမှုဖြစ်စဉ်ကြီးကို ဆန့်ကျင်ရေးနှင့် ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် စတင်ခဲ့ခြင်း ဖြစ်သည်။

    ယင်းကဲ့သို့ အမြဲတမ်း ဖြစ်ခဲ့ခြင်းမျိုး မဟုတ်ပါ။ ၁၈ နှင့် ၁၉ ရာစုနှစ်များက ဗမာဘုရင်များသည် ဂေါတမဗုဒ္ဓ၏ သာကီမျိုးနွယ်ဝင်များထံမှ ဆင်းသက်လာသူများအဖြစ် ဆိုခဲ့ကြပြီး အိန္ဒိယကို ရှားပါးသောနေရာဒေသနှင့် ဉာဏ်ပညာ ဗဟုသုတများ ထွန်းကားရာ အရပ်ဒေသအဖြစ် ရှုမြင်ခဲ့ကြသည်။ မန္တလေး မင်းနေပြည်တော် ကျဆုံးချိန်ဖြစ်သော ၁၈၈၅ အထိ အိန္ဒိယနည်းလမ်းများမှာ တစ်စုံတစ်ရာ အတုယူ လုပ်ဆောင်သင့်သည့် နည်းလမ်းများအဖြစ် ရှုမြင်ခဲ့သည်။ ထိုနှစ်၌ပင် အိန္ဒိယနိုင်ငံ ဘန်နာစီ ပြည်နယ်မှ ဂိုဗင်ဒါဟု အမည်တွင်သည့် ပုဏ္ဏားမျိုးနွယ်ဝင်တစ်ဦးမှာ တော်ဝင်မျိုးနွယ်များ၏ ထုံးတမ်းဓလေ့အတိုင်း ဖြစ်စေဖို့ ပြန်လည်သုံးသပ် စိစစ်ရန်နှင့် လိုအပ်လျှင် အမှန်ပြင်ပေးရန် ဖိတ်ကြားခြင်း ခံခဲ့ရသည်။

    ယခုမေလတွင် Facebook က ကုလားဆိုသည့် စကားကို လူမျိုးရေး ခွဲခြားသော အမုန်းပွားစေသည့် စကားဖြစ်သည်ဟု ဆိုကာ ပိတ်ပင်ခဲ့သည်။ သို့သော် ယခင်ကာလတုန်းက ကုလားဆိုသည့် စကားလုံးမှာ အဆင့်အတန်း မြင့်မားခြင်းကို ညွှန်းဆိုခြင်း ဖြစ်သည်။ သို့သော်ငြားလည်း ကိုလိုနီမတိုင်ခင် ခေတ်ကာလတုန်းကပင်လျှင် ကုလားဆိုသည့် စကားလုံးနှင့် ပတ်သက်၍ ရှုပ်ထွေးမှုများ ရှိခဲ့ပါသည်။ ဗမာများအတွက်တော့ ကုလားဆိုသည့် စကားလုံးမှာ အနောက်ကနေ လာရောက်နေထိုင်သူများကို ခေါ်ဆိုသည့် မျိုးနွယ်စုဆိုင်ရာ စကားလုံး ဖြစ်ခဲ့ပါသည်။ အထူးသဖြင့် အိန္ဒိယက လူများကို ဆိုခြင်းဖြစ်သော်လည်း ပါရှန်း၊ အာရပ်နှင့် ဥရောပလူမျိုးများလည်း ပါဝင်ပါသည်။ သို့သော် ၁၉ ရာစုနှစ်တွင် ဗမာများ၏ အတွေးထဲသို့ အသိတစ်မျိုး ဝင်လာသည်။ ယင်းမှာ ဗမာများသည် ဗုဒ္ဓဘာသာဝင် မျိုးနွယ်စုများ ဖြစ်ကြပြီး ခရစ်ယာန်နှင့် မွတ်ဆလင် ကုလားတို့မှာ မြင့်မြတ်သော မြေပေါ်တွင် လာရောက်နေထိုင်ကြသော အပြင်လူမျိုး ဖြစ်ကြသည်ဟူ၍ ဖြစ်သည်။ ၁၈၅၅ တွင် မင်းတုန်းဘုရင်က လာရောက်လည်ပတ်သည့် အရာရှိ ဆာ အာသာ ဖဲယာအား “ကျွန်တော်တို့ လူမျိုးဟာ သင်တို့ရောက်ရှိနေတဲ့ နိုင်ငံတွေကို တစ်ကြိမ်တစ်ခါတုန်းက အုပ်စိုးခဲ့ဖူးတယ်။ အခုတော့ ကုလားတွေက ကျွန်တော်တို့နဲ့ နီးလာလျက် ရှိနေပြီ” ဟု ဆိုခဲ့ဖူးသည်။

    ကိုလိုနီဝါဒမှာ အရိုအသေထားရှိမှုနှင့် ရှုပ်ထွေးမှုများ ရောစပ်ထားသော မျိုးနွယ်စုဆိုင်ရာ ခံယူချက်ကို လူမျိုးရေး အမုန်းတရားဆီသို့ အသွင်ပြောင်းလဲစေခဲ့ပါသည်။ အိန္ဒိယပြည်မှ ဗမာပြည် ခွဲထွက်မှုနှင့်အတူ ရွှေ့ပြောင်းနေထိုင်မှုများအပေါ် ထိန်းချုပ်ကန့်သတ်မှုများ ဖြစ်ပေါ်လာခဲ့သည်။ ၁၉၄၂ တွင် ဂျပန်က ဝင်ရောက်ကျူးကျော်သည့် အခါက အိန္ဒိယလူမျိုး ထောင်နှင့်ချီ ထွက်ပြေးခဲ့ပြီး ဗမာအမျိုးသားရေးသမားများ၏ အကြမ်းဖက်မှုကို ကြောက်လန့်သဖြင့် ဘယ်တော့မှ ပြန်မလာကြတော့ပေ။ လွတ်လပ်ရေးရပြီး အချိန်တွင်လည်း အများအပြား ထွက်သွားကြသည်။ ထို့အပြင် အိန္ဒိယနှင့် တရုတ်လူမျိုးများပိုင် စီးပွားရေး လုပ်ငန်းများကို ဗမာ့ဆိုရှယ်လစ်လမ်းစဉ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပြည်သူပိုင်သိမ်းသော ၁၉၆၀ ကျော် နှစ်များတွင်လည်း ထပ်မံထွက်သွားကြသည်။ ထို့နောက်တွင် နိုင်ငံခြားသားကြောက်ရောဂါမှာ တရားဝင်မူဝါဒ ဖြစ်လာခဲ့သည်။

    နယ်မြေများ ခွဲခြားထားမှုနှင့် သစ္စာရှိမှုများ

    ၁၉၃၅ ဗမာပြည် အုပ်ချုပ်ရေး ဥပဒေသည်လည်း ပြည်တွင်း၌ ကွဲအက်မှုများ ဖြစ်ပေါ်စေခဲ့ပါသည်။ ကိုလိုနီမပြုခင် ဗမာပြည်သည် ကွဲပြားခြားနားသော လူမျိုးများနှင့် တိုင်းနိုင်ငံများစွာ တက်လိုက်ကျလိုက် အမြဲဖြစ်ပေါ်နေသော နေရာဖြစ်သည်။ ခေတ်သစ်ဗမာပြည် မြေပုံသည် အသစ်ဖြစ်သည်။ သို့သော် နှောင်းပိုင်း ကိုလိုနီအုပ်ချုပ်ရေးသည် နိုင်ငံအသစ်ကို စည်းလုံးမှု ရှိစေရန် ဘာမှဆောင်ရွက်ပေးခဲ့ခြင်း မရှိခဲ့ပါ။ ယင်းအစား လူမျိုးရေး သတ်မှတ်ခွဲခြားမှုများနှင့် နိုင်ငံရေး အကွဲအပြဲများ ဖြစ်ပေါ်အောင်သာ ဆောင်ရွက်ခဲ့သည်။

    သန်းခေါင်စာရင်း ကောက်ယူမှုကို ၁၈၆၁ မှ ၁၉၃၁ အထိ ၁၀ နှစ် တစ်ကြိမ် ကောက်ယူခဲ့ရာ ဗြိတိန်သည် လူမျိုးရေး ရောထွေးမှု သဘောတရားကို ပြုလုပ်ရန် ကြိုးစားဆောင်ရွက်ခဲ့သည်။ အိန္ဒိယတွင် လူများသည် ဇာတ်စနစ်ဖြင့် ခွဲခြားခြင်းခံရသည်။ အချိန်ကာလတစ်ခုအထိ ဗမာ၊ ရခိုင်နှင့် အချို့လူမျိုးများကို ဇာတ်စနစ် ဇယားတွင် ထည့်သွင်းထားခဲ့သည်။ သို့သော်ငြားလည်း ၁၉၀၀ အစောပိုင်း ကာလများတွင် ဗြိတိန်သည် နှိုင်းရ ဘာသာဗေဒ သဘောတရား အယူအဆများကို စွဲယူကာ ဗမာပြည်ရှိ လူများကို ဘာသာစကားအရ အမျိုးအစား ခွဲခြားမှုများ စတင်လုပ်ဆောင်ခဲ့သည်။ ယင်းသည် ကိုလိုနီခေတ်မတိုင်မီ သဘောတရားဖြစ်သော ဗမာ၊ ရှမ်း၊ မွန်နှင့် အခြားသော လူမျိုးများ အစရှိသည့် စာရင်းနှင့်လည်း တစ်စုံတစ်ရာ အတိုင်းအတာထိ ဆက်စပ်နေ သည်။

    သို့သော် ၂၀ ရာစုတွင် လူမျိုးရေးကို တစ်စုံတစ်ရာ ပြင်ဆင်နိုင်စွမ်း မရှိသော နိုင်ငံတော်မူဝါဒနှင့် ဆက်စပ်နေသော အရာများကဲ့သို့ မြင်လာကြသည်။ အချို့လူမျိုးများကို ဌာနတိုင်းရင်းသားများအဖြစ် ရှုမြင်ကြပြီး အချို့ကိုတော့ ယင်းကဲ့သို့ မမြင်ပေ။ အချို့ကို စစ်တပ်အတွင်း ဗမာများကဲ့သို့ပင် တာဝန်ထမ်းဆောင်ရန် ခေါ်ယူခဲ့စဉ်တွင် အချို့က ပါဝင်ပြီး အချို့လူမျိုးများက တပ်ကနေ အများအပြား ထွက်ခဲ့ကြသည်။

    ထို့အပြင် ပထဝီ အနေအထားအရ ကွဲပြားမှုလည်း ရှိနေသည်။ ဗမာပြည် မြေပြန့်ဒေသကို ကိုလိုနီအုပ်ချုပ်ရေးက တိုက်ရိုက်အုပ်ချုပ်ခဲ့ပြီးနောက် ကိုယ်ပိုင်အုပ်ချုပ်ရေးကို တိုးပေးသွားမည်ဟု သဘောတူခဲ့သည်။ ယင်းမှာ ကမ္ဘာပြုမှု ဖြစ်စဉ်ကြီးတွင် ပါဝင်နေသော၊ ရွှေ့ပြောင်းနေထိုင်မှုများ ရှိနေသော၊ ကိုလိုနီစနစ် အုပ်ချုပ်ရေးကို ဆန့်ကျင်သော ဗမာပြည်ဖြစ်ခဲ့ပြီ ဗမာအမျိုးသားရေးဝါဒလည်း ပေါ်ထွက်လာခဲ့သည်။ အကြီးမားဆုံးသော လူနည်းစု တိုင်းရင်းသားမှာ ကရင်များဖြစ်ပြီး ခရစ်ယာန် ဘာသာဝင်များ ဖြစ်ကာ ၎င်းတို့၏ ကိုယ်ပိုင် ကရင်အမျိုးသားရေး လှုပ်ရှားမှုများ ရှိခဲ့သည်။ ၁၉၃၇ ပါလီမန်လွှတ်တော်တွင် သူတို့အတွက် အမတ်နေရာများ ပေးအပ်ခဲ့သည်။

    လွတ်လပ်ရေးကို ချဉ်းကပ်ရာတွင်လည်း ကရင်ခေါင်းဆောင်များက ဓနသဟာယ နိုင်ငံများအတွင်း ၎င်းတို့ တိုင်းရင်းသားများ၏ အမိမြေနေရာကိုပေးရန်အတွက် လန်ဒန်ကို တောင်းဆိုခဲ့သည်။ ၎င်းတို့သည် စစ်ပွဲအတွင်းတွင် ဗြိတိန်နှင့်အတူ သစ္စာရှိရှိ တိုက်ခိုက်ခဲ့ကြပြီး ၎င်းတို့၏ တောင်းဆိုမှုကို ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည့်အခါ သစ္စာဖောက်ခံရသည်ဟု ခံစားခဲ့ရသည်။

    ပြည်မနှင့်မတူသော တောင်တန်းဒေသများ အရေးလည်း ရှိသည်။ တောင်တန်းဒေသများသည် နိုင်ငံ၏ ထက်ဝက်နီးပါး ရှိပြီး တိုက်ရိုက်အုပ်ချုပ်ခြင်း မခံရသော နေရာများဖြစ်သည်။ ယင်းဒေသများကို ၎င်းတို့၏ ကိုယ်ပိုင် တိုင်းရင်းသား ခေါင်းဆောင်များက အုပ်ချုပ်ကြပြီး စီးပွားရေး ခေတ်မီတိုးတက်မှုနှင့် ၁၉၃၀ နှစ်များက လုပ်ဆောင်ခဲ့သည် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကနေ လုံးဝပါဝင်ခြင်း မရှိသော ဒေသများ ဖြစ် သည်။ ၁၉၄၇ တွင် ဗြိတိန်တို့ ဗမာပြည်မှ ထွက်ခွာတော့မည့်အခါ ရှမ်းနှင့် အခြားသော တိုင်းရင်းသား ခေါင်းဆောင်များက နိုင်ငံသစ် ထူထောင်ရာတွင် ယာယီအားဖြင့် ကျန်ရှိသောသူများနှင့် ပူးပေါင်းခဲ့သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရမည်ဟု အာမခံပေးခဲ့ပြီး ဤနည်းဖြင့် လူမျိုးရေးနှင့် နယ်မြေသဘောတရားများသည် တပေါင်းတစည်းတည်း ဖြစ်သွားခဲ့ရသည်။

    နိုင်ငံတည်ဆောက်ရေး လုပ်ဆောင်မှု မအောင်မြင်ခဲ့သည့် အချိန်ကတည်းက ကိုလိုနီစနစ်က ချန်ထားခဲ့သည့် သမိုင်းအမွေဆိုးကို ကျော်လွှားအောင်မြင်ခြင်းလည်း မရှိ၊ စစ်ပွဲများကလည်း တိုင်းရင်းသား လူမျိုးရေးနှင့် ဆက်စပ်နေပြီး ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်ကာ တစ်သီးတခြား ရပ်တည်လာခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည်။

    အဓိကကျသော စိန်ခေါ်မှုမှာ ဗမာအမျိုးသားရေးဝါဒနှင့် ၎င်းနှင့်ဆက်နွှယ်နေသော အားလုံးပါဝင်သည့် အမျိုးသားရေး အမှတ်အသား သရုပ်လက္ခဏာပင် ဖြစ်သည်။ ဗမာအမျိုးသားရေးဝါဒီများသည် ပြင်ပလူများ၏ ခြိမ်းခြောက်မှုထံကနေ (အထူးသဖြင့် အိမ်နီးချင်းနိုင်ငံ နှစ်နိုင်ငံမှ လာသော အိန္ဒိယနှင့် တရုတ်လူမျိုးများ) နိုင်ငံကို ကာကွယ်ဖို့နှင့် စည်းစည်းလုံးလုံး ရှိကြဖို့ကို အဓိကထား လုပ်ဆောင်ခဲ့ကြသည်။ လူနည်းစုများကို ဌာနေတိုင်းရင်းသား လူမျိုးများအဖြစ် လက်ခံဖို့မှာ ဗမာများ အတွက် သိသာထင်ရှားသည့် ရည်မှန်းချက် ဖြစ် သည်။

    စိန်ခေါ်မှုမှာ ဗမာအမျိုးသားရေးဝါဒ ကိုယ်တိုင် ဖြစ်နေသော် ငြားလည်း လွတ်လပ်ရေးခေတ်လွန်ကာလ နိုင်ငံ၏ မညီမျှမှုများ ကြုံတွေ့ခဲ့ရသော၊ စီးပွားရေး အခွင့်အလမ်းများ မရရှိခဲ့ ကြသော တိုင်းရင်းသားလူမျိုးများက ၎င်းတို့၏ အမှတ်အသား သရုပ်လက္ခဏာမှာ ဗမာကြီးစိုးသည့် ခေတ်မီရေး ဖြစ် စဉ်ကြီးတွင် ပျောက်ကွယ်သွားလိမ့်မည်ကို စိုးရိမ်ပူပန်နေကြသည်။

    အမှတ်သား သရုပ်လက္ခဏာကို ပြန်လည်သတ်မှတ်ခြင်း

    ဒါဆို မည်သူဟာ တိုင်းရင်းသားလူမျိုး ဖြစ်ပါသလဲ။ ၁၉၉၀ အစောပိုင်း နှစ်ကာလများ၌ မြန်မာတပ်မတော်အစိုးရသည် ၁၉၂၁ က ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းကနေ စွဲယူကာ မြန်မာနိုင်ငံတွင် လူမျိုးအရေအတွက် ၁၃၅ မျိုး ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။ ယင်းတို့ထဲတွင် ၁၇ ရာစုက ရွှေ့ပြောင်းနေထိုင်သူ မဂိုမင်းသား၏ သက်တော်စောင့်များကနေ ဆင်းသက်လာသော မွတ်ဆလင်ဘာသာဝင်များ ဖြစ်သည့် ကမန်တိုင်းရင်းသားနှင့် ၁၆၀၀ နှစ်များက မန်းချူးများထံကနေ ထွက်ပြေးလာသည့် တရုတ်စကားပြောကိုးကန့် တိုင်းရင်းသားများ ပါဝင်သည်။

    ၁၉ နှင့် ၂၀ ရာစုများတွင် ရွှေ့ပြောင်းနေထိုင်ကြသည့် အိန္ဒိယနှင့် တရုတ်လူမျိုးထံမှ ဆင်းသက်လာသူ များတော့ မပါဝင်ပေ။ ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် လူဦးရေမှာလည်း မပါဝင်ပါ။ ယခုဆိုလျှင် မွတ်ဆလင် လူဦးရေသည် ၃ ဒသမ ၁ သန်းကျော် ရှိသော ရခိုင်ပြည်နယ် လူဦးရေ၏ သုံးပုံတစ်ပုံ ပမာဏ ရှိသည်။ ဗမာနှင့် ရခိုင်အမျိုးသားရေးဝါဒီများသည် ၎င်းတို့အား ကိုလိုနီခေတ်က ဘင်္ဂလားပြည်နယ်မှ ရွှေ့ပြောင်းနေထိုင်သူများ (သို့မဟုတ်) များမကြာမီက တရားမဝင် ရွှေ့ပြောင်းနေထိုင်ကြသူများအဖြစ် ရှုမြင်ထားကြသည်။ သူတို့က သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဆိုသည့် အမည်ကို မွေးစားကာ ဌာနေတိုင်းရင်းသားများ ဖြစ်သည်ဟု ဆိုကြသည်။

    ၂၀၁၂ ကတည်းက ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းများသည် ပြည်တွင်းတိုင်းရင်းသားရေးရာ ပဋိပက္ခများကို ဒုတိယကမ္ဘာစစ်ကာလ အခြေအနေသို့ အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားစေသည်။ သို့သော် ခွဲခြားဆက်ဆံမှုများကို ဖြစ်စေသည့် ပြဿနာဇာစ်မြစ်မှာ ခေတ်သစ်နိုင်ငံရေးတွင် ပေါ်ထွန်းလာနေသည့် ရွှေ့ပြောင်းနေထိုင်ခြင်းကို ဆန့်ကျင်မှုနှင့် ချိတ်ဆက်နေသည်။ တိုင်းရင်းသားဆိုသည့် သဘောတရားကို ဘယ်တော့မှ ပြောင်းလဲခြင်း မရှိသော အရာကဲ့သို့ လည်းကောင်း၊ ထွန်းသစ်စနိုင်ငံတွင် ပါဝင်ရမည့် (သို့မဟုတ်) ထုတ်ပယ်ရမည့် တိုင်းရင်းသားအုပ်စုများအဖြစ် လည်းကောင်း ရှုမြင်ထားကြသည်။

    ဒါဆိုရင် အနာဂတ်က ဘယ်လိုဖြစ်လာမလဲ။ မြန်မာနိုင်ငံသည် အလျင်အမြန် ပြောင်းလဲနေသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ပြည်သူများသည် ယခင်က ဘယ်တော့မှ မရှိခဲ့ဖူးသည့် ပြောင်းလဲနေထိုင်မှုများကို နိုင်ငံခြားမှသော်လည်း၊ ပြည်တွင်း၌သော် လည်းကောင်း လုပ်ဆောင်လျက် ရှိနေသည်။ သွေးနှောများ ရှိလာသလို၊ တိုင်းရင်သားလူမျိုးတစ်ဦးက အခြားသော တိုင်းရင်းသားလူမျိုးတစ်ဦးကို လက်ထပ်ခြင်းလည်း ရှိနေသည်။ မြို့ပြဖြစ်ထွန်းမှုမှာလည်း အရှိန်အဟုန်နှင့် ထွန်းကာလာကြပြီး မကြာမီ လူအများစုမှာ ပို၍ ကြီးမားသော မြို့ကြီးအနည်းငယ်တွင် နေထိုင်လာလိမ့်မည်။ မြန်မာခေါင်းဆောင်များက သူတို့သည် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် ပြင်ပကမ္ဘာနှင့် စီးပွားရေး ဆက်သွယ်လုပ်ကိုင်မှုများဆီသို့ ချီတက်နေကြောင်း ဆိုကြသည်။ သို့သော် နိုင်ငံသည် ၎င်း၏ ကိုလိုနီခေတ်ကာလ ယဉ်ကျေးမှုနှင့် မျိုးနွယ်စုဆိုင်ရာ လေ့လာထားချက်များနှင့် တိုင်းရင်းသားရေးရာ ပဋိပက္ခနှင့် နိုင်ငံခြားသားကြောက်ရောဂါကို အသစ်ပြန်လည် ဖြစ်စေဖို့ အဆင်သင့် လုပ်ဆောင်နိုင်သည့် ကိုလိုနီခေတ်လွန် ဌာနတိုင်းရင်းသားများရေးရာ လေ့လာထားချက် အစရှိသည့် ဇာတ်ထုပ်ကြီးကို တစ်ပါတည်း သယ်ဆောင်လာရသည်။

    ယင်းရှုထောင့်အရ မြန်မာနိုင်ငံ၏ အကြီးမာဆုံးသော ခြိမ်းခြောက်မှုမှာ အာဏာရှင်စနစ်ကို ပြန်မသွားရေး မဟုတ်ဘဲ မလွတ်လပ်သည့် ဒီမိုကရေစီသည် အနုတ်လက္ခဏာဆောင်သည့် အမျိုးသားရေးဝါဒ နှင့် ချိတ်ဆက်နေသည့် အရေးသာဖြစ်သည်။ ယခုအချိန်သည် ရိုးသားရတော့မည်ဖြစ်ပြီး သမိုင်းကို ပြန်လည်ဆန်းစစ်ဝေဖန် စောကြောရတော့မည် ဖြစ်ကာ ၂၁ ရာစု မြန်မာအမှတ်အသား သရုပ်လက္ခဏာတွင် လူမျိုးများ ပိုမိုပါဝင်နိုင်ရေးအတွက် အသစ်တစ်ဖန် ရှာဖွေရတော့မည်အချိန် ဖြစ်ပါသည်။

    Ref: Myanmar, an unfinished nation, Nikkei Asian Review – သန့်မြင့်ဦး ရေးသားပြီး ဆောင်းဦးကိုကို ဘာသာပြန်ဆိုသည်။

    သန့်မြင့်ဦး, Nikkei Asian Review

    (ဒေါက်တာသန့်မြင့်ဦးသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၏ မြေးဖြစ်ပြီး မြန်မာ့သမိုင်းပညာရှင်နှင့် စာရေးဆရာတစ်ဦးလည်းဖြစ်ကာ The River of Lost Footsteps နှင့် Where China Meets India: Burma and the New Crossroads of Asia စသည့် စာအုပ်များကို ရေးသားခဲ့သူ ဖြစ်သည်။ ထို့အပြင် နယူးယောက်တိုင်း သတင်းစာ၊ ဝါရှင်တန်ပို့စ် သတင်းစာ၊ International Herald Tribune နှင့် Los Angeles Times သတင်းစာတို့တွင်လည်း ဆောင်းပါးများ ရေးသားလျက်ရှိသည်။ )

    (အယ်ဒီတာ) The Voice

     

  • ဦးကိုနီ (သို့မဟုတ်) ပြည်သူ့လက်ထဲ တိုင်းပြည်အာဏာပြန်ရောက်ရေး ကြိုးပမ်းမှုကြောင့် အသက်ပေးရသူ

    ဦးကိုနီ (သို့မဟုတ်) ပြည်သူ့လက်ထဲ တိုင်းပြည်အာဏာပြန်ရောက်ရေး ကြိုးပမ်းမှုကြောင့် အသက်ပေးရသူ

    ဇွန် ၁၈၊ ၂၀၁၇
    M-Media

    – မြန်မာနိုင်ငံရဲ့ အကျော်ကြားဆုံးနဲ့ ပါရမီအရှိဆုံး ရှေ့နေတွေထဲက တစ်ဦးဖြစ်တဲ့ ဦးကိုနီတစ်ယောက် ရန်ကုန်မြို့ လေဆိပ်အပြင်ဘက်မှာ နေ့ခင်းကြောင်တောင် လုပ်ကြံခံရမှုဟာ ၄ လတာ ကြာမြင့်သွားပေမယ့် အာဏာပိုင်တွေကတော့ ဒီပြဿနာကို ဖြေရှင်းနိုင်ရေး နီးစပ်မှု မရှိသေးပါဘူး။ သေနတ်သမားကြည်လင်းဟာ လေဆိပ်အပြင်ဘက်က တက္ကဆီယာဉ်မောင်းတွေ စိတ်ပေါက်ပေါက်နဲ့ လိုက်ဖမ်းပြီး၊ ရဲလပ်အပ်လိုက်လို့သာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

    မန္တလေးက ရှေးဟောင်းပစ္စည်းမှောင်ခိုသမား ကြည်လင်းဟာ ဇန်န၀ါရီ ၂၉ ရက်နေ့မှာ လုပ်ကြံသတ်ဖြတ်ဖို့အတွက် ငှားရမ်း တာဝန်ပေးခံရတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမယ့် လုပ်ကြံမှုကို စီစဉ်တယ်လို့ သတ်မှတ်ခြင်းခံရတဲ့ စစ်တပ်အရာရှိဟောင်း အောင်ဝင်းခိုင်ကတော့ သတ်ဖြတ်မှုအပြီး ခြောက်ကပ်ကပ်လမ်းတွေ၊ အဆောက်အဦးကြဲကြဲတွေနဲ့ စစ်တပ်က တည်ထားတဲ့ နေပြည်တော်မှာ အစအနရှာလို့မရအောင် ပျောက်ခြင်းမလှ ပျောက်သွားတာက ထူးဆန်းဖွယ်ရာပါပဲ။

    စုံစမ်းစစ်ဆေးမှုမှာ လစ်ဟာမှုတွေ့ရှိသလို အနောက်တိုင်းမီဒီယာတွေကလည်း လမ်းကြောင်းလွဲတဲ့ဖော်ပြချက်တွေ ရှိနေပါတယ်။ Economist၊ the Financial Times၊ the New York Times နဲ့ Washington Post အပါအ၀င် အနောက်ကမ္ဘာက သတင်းဌာနအားလုံးနီးပါးက အစ္စလာမ်ဘာသာဝင်တစ်ယောက်ဖြစ်ခြင်းဟာ ဦးကိုနီ သတ်ဖြတ်ခံမှုနောက်ကွယ်က လှုံ့ဆော်မှု ဖြစ်နိုင်တယ်ဆိုပြီး ပုံဖော်ကြပါတယ်။

    Economist ကဆိုရင် ဦးကိုနီကို “ဘာသာရေးလူနည်းစုတွေကို ကာကွယ်ပေးရာမှာ ထင်ရှားသူ” လို့ ဖော်ပြပြီး Financial Times က “မြန်မာနိုင်ငံရဲ့ အထင်ရှားဆုံး မွတ်စလင်အသံတွေထဲက တစ်ခု” ဆိုပြီး ရေးသားကြပါတယ်။ BBC ကလည်း သတ်ဖြတ်မှုအကြောင်းအရင်းကို နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်လူနည်းစုတွေ ညှင်းပမ်းနှိပ်စက်ခံရမှုအကြောင်း သူတို့ရဲ့ အရင် သတင်းတင်ပြချက်တွေနဲ့ ချိတ်ဆက်ဖော်ပြပါတယ်။

    ဦးကိုနီရဲ့ မိတ်ဟောင်းဆွေဟောင်းနဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အနေနဲ့ ဒီလိုသတင်းတွေကို ဖတ်ရတာ စိတ်မသက်မသာ ဖြစ်ရပါတယ်။ အမေရိကန်သမ္မတဟောင်း အိုင်းရစ်ရှ်လူမျိုး ကက်သလစ်ဘာသာဝင် ဂျွန် အက်ဖ်ကနေဒီဟာ ၁၉၆၀ ရွေးကောက်ပွဲမှာ သမ္မတအဖြစ် မရွေးချယ်ခံရခင် ပြောကြားခဲ့တဲ့”ကျွန်တော်ဟာ ကက်သလစ်သမ္မတလောင်းမဟုတ်ပါဘူး။ ကက်သလစ်ဘာသာဝင်ဖြစ်နေတဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းပါ” နာမည်ကျော်စကားကို ကျွန်တော် သွားသတိရပါတယ်။

    ဦးကိုနီကလည်း ဖွဲ့စည်းပုံနဲ့ လူ့အခွင့်အရေးဆိုင်ရာကို ပထမဆုံး ဆောင်ရွက်တဲ့ ရှေ့နေတစ်ယောက်ဖြစ်ပြီး၊ အစ္စလာမ်ဘာသာဝင်တစ်ယောက်ပါ။ ကျွန်တော်တို့နှစ်ဦးဟာ ဆွေးနွေးမှုတော်တော်များများ လုပ်ခဲ့ဖူးပြီး ဦးကိုနီဟာ မြန်မာနိုင်ငံသားအားလုံးရဲ့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သူ ရှေ့နေတစ်ယောက်ဖြစ်တယ်ဆိုတဲ့ သူ့ရဲ့ ကျယ်ပြန်တဲ့ ကိုယ်စားပြုမှုကို သူ့ရဲ့ ဘာသာတရားနဲ့ ဘယ်တုန်းကမှ မရောထွေးခဲ့ပါဘူး။

    ဦးကိုနီကို ‘မွတ်စလင် တက်ကြွလှုပ်ရှားသူတစ်ယောက်’ အဖြစ် ပုံဖော်မှုက သူလုပ်ကြံခံရမှုဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေအကြား လူမျိုးရေး အကြမ်းဖက်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြည်သူတွေကို ယုံကြည်လာစေချင်တဲ့သူတွေရဲ့ လက်ချက်သာ ဖြစ်ပါတယ်။

    ကျွန်တော်ဦးဆောင်ပြီး လွန်ခဲ့တဲ့ ၂ နှစ်ခွဲအရင်က စတင်ခဲ့တဲ့ ‘စုံစမ်းဖော်ထုတ်မှုဆိုင်ရာ ဂျာနယ်လစ်ဇင်’ အစီအစဉ်မှာလည်း ဦးကိုနီဟာ မိတ်ဖက်အဖြစ် ပါဝင်ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲတွေမှာ သူဟာ မီဒီယာကဏ္ဍကို ထိခိုက်စေတဲ့ ဥပဒေရေးကာ ကိစ္စတွေအကြောင်း ပြောလေ့ရှိပြီး လူငယ်တွေအတွက် အကြံကောင်းဉာဏ်ကောင်းတွေ ပေးတာမျိုး၊ ဆင်ဆာလျော့ပေါ့မှုတွေနဲ့ ဒီမိုကရေစီတစ်ပိုင်း တိုင်းသစ်ပြည်သစ်မှာ ရှိနေတဲ့ ခြိမ်းခြောက်မှုတွေကနေ ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်မလဲဆိုတာတွေကို ဂျာနယ်လစ်တွေ သိရှိအောင် အသိပညာပေးတာမျိုးတွေ လုပ်ခဲ့ပါတယ်။

    သူ့ရဲ့ ဟောပြောမှုတွေမှာ “၂၀၀၈ ဖွဲ့အစည်းပုံ အခြေခံဥပဒေဟာ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ဟောပြောခွင့်ကို အာမခံပေးထားတယ်။ ဒါပေမယ့် ..” လို့စကားခံပြီး ဦးကိုနီဟာ အသရေဖျက်မှု၊ ပိုင်နက်ကျူးလွန်၊ တရားမ၀င်အသင်းအဖွဲ့ဖွဲ့မှု၊ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုစတဲ့ ခြွင်းချက်တွေ တစ်သီတစ်သန်းကြီးကို ပြောပြကာ ဒီလို ဥပဒေရေးရာ ခြိမ်းခြောက်မှုတွေကနေ ကိုယ့်ကိုယ်ကို အကောင်းဆုံး ဘယ်လိုကာကွယ်နိုင်လဲဆိုတာကို သတင်းထောက်တွေကို ရှင်းပြတာမျိုး မကြာခဏ လုပ်လေ့ရှိပါတယ်။

    ပဲ့ကိုင်နေရာမှာ စစ်တပ်ကရှိနေဆဲဖြစ်တဲ့ တိုင်းပြည်ရဲ့ အထိမခံ နိုင်ငံရေးအခြေအနေအပါအ၀င် အကြောင်းအရာ တော်တော်များများကိုလည်း မိတ်ဟောင်းဆွေဟောင်းတွေဖြစ်တဲ့ ကျွန်တော်တို့နှစ်ဦးဟာ နှစ်ကိုယ်ကြား ဆွေးနွေးခဲ့ဖူးပါတယ်။ အဲဒီလို အများကြီး ပြောခဲ့ဆိုခဲ့တာတွေမှာ ဒီမိုကရေစီနိုင်ငံတစ်ခုအနေနဲ့ ဘာသာရေးလွတ်လပ်ခွင့် ရှိရမယ်ဆိုတဲ့ အယူအဆကလွဲလို့ ဘာသာတရားနဲ့ ဆက်စပ်တဲ့ ဘယ်လိုအကြောင်းအရာမျိုးမှ သူပြောတာ ကျွန်တော် တစ်ခါမှ မကြားခဲ့ရပါဘူး။

    ဒါဆိုရင် ဦးကိုနီက ဘာ့ကြောင့် အသတ်ခံခဲ့ရတာလဲ။ ၂၀၀၈ ခုနှစ်မှာ မရိုးမသားနဲ့ ပြည်သူ့ဆန္ဒခံယူခဲ့ပြီး၊ ရွေးကောက်ခံအဖွဲ့ထက် စစ်တပ်ကို ခြွင်းချက်မဲ့ နိုင်ငံရေးအာဏာ ပိုပေးထားတဲ့ လက်ရှိ ဖွဲ့စည်းပုံနေရာမှာ အစားထိုးဖို့ ပိုပြီး ဒီမိုကရေစီနည်းကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်အုပ်ကို ဦးကိုနီက ရေးဆွဲနေတယ်ဆိုတာ သူ့ရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ရင်းနှီးသူတိုင်း သိကြပါတယ်။

    လက်ရှိဖွဲ့စည်းပုံက လွှတ်တော်မှာ စစ်တပ်ကို ၂၅ ရာခိုင်နှုန်းပေးထားသလို၊ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာနတွေလို့ တိုင်းပြည်ရဲ့ အရေးပါဆုံး ၀န်ကြီးဌာနတွေကိုလည်း စစ်တပ်ကထိန်းချုပ်ခွင့် ပေးထားပါတယ်။ ဦးကိုနီရဲ့ အဓိကစိုးရိမ်မှုက တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ကနေ ခရိုင်၊ မြို့နယ်အဆင့်အထိ အစိုးရ အုပ်ချုပ်ရေးဝန်ထမ်းတွေအားလုံးကို ခန့်အပ်ရတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟာ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာ ရှိနေတာဖြစ်ပါတယ်။

    ၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ အနိုင်ရပြီးတဲ့နောက်ပိုင်း ခန့်အပ်ခံခဲ့ရတဲ့ ၀န်ကြီးတွေဟာ သူတို့ရဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကို ခေါင်းဆောင်ရုံသာ ဆောင်ရပြီး အောက်ခြေအဆင့်ဆင့်မှာတော့ စစ်တပ်က ခန့်အပ်ထားတဲ့ အရာရှိတွေနဲ့သာ ပြည့်နှက်နေကာ သူတို့တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလုပ်ခဲ့တဲ့ အရင် အာဏာရှင်လက်ထက်မှာ ကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

    သမိုင်းတွင်မယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်က စစ်တပ်ထိန်းချုပ်တဲ့ အရပ်သားတစ်ပိုင်းအစိုးရဟာ ၀န်ကြီးဌာနတွေကို လည်ပတ်ဖို့တွက် အမြဲတမ်းအတွင်းဝန်တွေကို ခန့်အပ်ခဲ့ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရ အာဏာရလာရင် အုပ်ချုပ်ရေးပိုင်ဆိုင်ရာ အခုအခံအဖြစ် ထားရှိဖို့ ရည်ရွယ်ပုံ ရပါတယ်။

    ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးကို ခိုင်မြဲစေဖို့အတွက် ဦးကိုနီဟာ ဒီအရာတွေအားလုံးကို ပြောင်းလဲချင်ပေမယ့် လက်ရှိ နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ဆိုတာ လုံးဝနီးပါး မဖြစ်နိုင်ဘူးဆိုတာကိုလည်း သူက သိပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဖွဲ့စည်းပုံရဲ့ မည်သည့်အစိတ်အပိုင်းကိုမဆို ပြင်ချင်ရဲ့ လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းကျော်ရဲ့ ထောက်ခံမှုကို လွှတ်တော်မှာ ရရှိဖို့လိုပြီး စစ်တပ်က သူ့လူ ၂၅ ရာခိုင်နှုန်းကိုထည့်ကာ ဗီတိုသုံးပယ်ချနိုင်တဲ့ ပါဝါကို ယူထားတာကြောင့် ဖြစ်ပါတယ်။

    ဒါပေမယ့် ဦးကိုနီးဟာ စစ်တပ်ဖွဲ့စည်းပုံရဲ့ ဟာကွက်တွေကို ရှာဖွေရာမှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး ဒီစွမ်းရည်ကြောင့် အသက်ပါပေးဆပ်လိုက်ရတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက သောင်ပြိုကမ်းပြို အနိုင်ရတဲ့အခါ၊ သားနှစ်ယောက်က နိုင်ငံခြားသားဖြစ်နေတာက သူမအတွက် သမ္မတရာထူးရယူဖို့ အဟန့်အတား ဖြစ်စေခဲ့ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ့ခေါင်းဆောင်ဖြစ်လာမှုကို တားဆီးဖို့ စစ်တပ်က ဖွဲ့စည်းပုံထဲမှာ အထူးထည့်သွင်းထားတဲ့ အပိုဒ်ကြောင့် ဖြစ်ပါတယ်။

    ဒါပေမယ့် ဒီပြဿနာအတွက် ဥပဒေအရ အဖြေတစ်ခုကို ဦးကိုနီက ရှာဖွေခဲ့ပြီး ‘နိုင်ငံတော်၏ အတိုင်ပင်ခံ’ ဆိုတဲ့ အစိုးရကို လွှမ်းမိုးနိုင်မယ့် ရာထူးအသစ်ကို ဖန်တီးပေးခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်ရဲ့ ဦးသျှောင် ဖြစ်စေခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သူမရဲ့ လူယုံ၊ ပညာရှင်တစ်ယောက်ဖြစ်တဲ့ ဦးထင်ကျော်ဟာ တရားဝင် သမ္မတဖြစ်နေပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်ရဲ့ခေါင်းဆောင်အဖြစ် အငြင်းပွားဖွယ်မရှိ မှတ်ယူခံနေရပြီ ဖြစ်ပါတယ်။

    ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုတွေထဲက တစ်ခုမှာ ဦးကိုနီက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲဖို့ ကြိုးစားလို့ရမယ့် အနေအထားမျိုး မရှိပေမယ့် စစ်တပ်က အခြေခံဥပဒေမှာ ထည့်ထားတဲ့အချက်တွေထဲမှာ လွှတ်တော်မှာ မဲအများစုနဲ့ အခြေခံဥပဒေကို ဖျက်သိမ်းလို့မရဘူးဆိုတဲ့အချက် မပါဝင်ဘဲ ဒီလိုလုပ်ခြင်းက ဒီမိုကရေစီပိုဆန်တဲ့ အခြေခံဥပဒေအသစ်ကို ပြဌာန်းနိုင်ရေး လမ်းကြောင်းတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဦးကိုနီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ခု ရေးဆွဲနေတဲ့အချိန်မှာ အသတ်ခံခဲ့ရတာဖြစ်တယ်လို့ လူတော်တော်များများသိကြပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့က ရန်ကုန်မှာ ရဲတပ်ဖွဲ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ဒီအချက်က ပေါ်ထွက်လာပါတယ်။ ဒီရှင်းလင်းပွဲမှာ ပြည်တွင်းသတင်းထောက်တစ်ယောက်က ဦးကိုနီ လုပ်ကြံခံရမှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲနေမှုနဲ့ ပတ်သက်နေလားဆိုပြီး ရဲရဲဝံ့ဝံ့ မေးမြန်းခဲ့ပါတယ်။

    ရဲ့ချုပ်ဇော်ဝင်းကတော့ ဒီအမေးအတွက် ဆင်ဝှေ့ရန်ရှောင် ဖြေသွားပြီး အာဏာပိုင်တွေအနေနဲ့ ဒီလူသတ်မှုအတွက် ဖြစ်နိုင်တဲ့ လှုံ့ဆော်မှုအားလုံးကို စုံးစမ်းနေတယ်လို့သာ ဖြေကြားသွားခဲ့ပါတယ်။ စစ်တပ်နဲ့နွယ်နေတဲ့ အဓိကသံသယရှိသူ မယုံနိုင်စရာပျောက်ဆုံးနေမှု၊ ရဲတပ်ဖွဲ့က ဆက်လက်ရှာဖွေနေပါတယ်လို့ ပြောဆိုမှုတွေ ရှိနေပေမယ့် သေချာတာတစ်ခုကတော့ ဦးကိုနီ ဒီလို သွေးအေးအေးနဲ့ လုပ်ကြံခံခဲ့ရတာဟာ မွတ်စလင်တစ်ဦး ဖြစ်နေတာကြောင့်မဟုတ်ဘဲ၊ ဒီမိုကရက်တစ်ဦးဖြစ်နေတာကြောင့်ပါပဲ။

    Ref: Asia Times

    (Asia Times တွင် ဘာတေးလ် လင်တနာရေးသားသည့် No justice for slain Myanmar lawyer Ko Ni ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို တုန့်ပြန်ရန် သြစတေးလျကို လူ့အခွင့်အရေးအဖွဲ့ ဖိအားပေး

    မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို တုန့်ပြန်ရန် သြစတေးလျကို လူ့အခွင့်အရေးအဖွဲ့ ဖိအားပေး

    ဇွန် ၁၄၊ ၂၀၁၇
    M-Media

    ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်ဆီးခဲ့ရသည့် မုံးကိုးမြို့မှ ခရစ်ယာန်ဘုရားကျောင်း

    – မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စစ်ရာဇ၀တ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် သြစတေးလျနိုင်ငံက တုန့်ပြန်ဆောင်ရွက်ပေးရန် နိုင်ငံတာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က ၎င်းတို့၏ အစီရင်ခံစာသစ်တွင် တိုက်တွန်းပြောကြားလိုက်သည်။

    “မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရိုဟင်ဂျာလူ့အဖွဲ့အစည်း ခံစားနေရတဲ့ တုန်လှုပ်စရာ ညှင်းပမ်းမှုတွေကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက သိနေမြင်နေပါတယ်။ ဒါပေမယ့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်က အခြားသော တိုင်းရင်းသားလူနည်းစုတွေကို ပစ်မှတ်ထားမှုအတွင်း ဒီလို တုန်လှုပ်စရာ အဖြစ်မျိုး ဖြစ်နေတယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရပါတယ်” ဟု Amnesty International အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မက်သယူး ၀ဲလ်စ်က ပြောကြားခဲ့သည်။

    Amnesty International က ယနေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ကာလရှည် ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများကြောင့် အရပ်သား ၁ သိန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရကြောင်း၊ ညှင်းပမ်းမှု၊ တရားလက်လွတ် သတ်ဖြတ်မှု၊ အရပ်သားများနေထိုင်ရာနေရာသို့ ဗုံးကြဲမှုများ ပြုလုပ်သည့်ဆိုသည့် အထောက်ထားများ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများ ၀င်ရောက်ခွင့်ကို မြန်မာစစ်တပ်က ကန့်သတ်ထားကြောင်း ဖော်ပြထားသည်။

    ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်များကလည်း အရပ်သားများကို ပြန်ပေးဆွဲခြင်း၊ အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးငယ်များကို အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊ ဆင်းရဲနွမ်းပါးသည့် ပြည်သူများအပေါ် အခွန်ကောက်ခြင်း စသည့် အထောက်အထားများလည်း ရှိသည်ဟု ဆိုသည်။

    Amnesty International က ပဋိပက္ခဖြစ်ပွားရာ ဒေသများ၌ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းရန်အတွက် ကုလ၏ အချက်အလက်ရှာဖွေရေးအဖွဲ့ သွားရောက်နိုင်ရေး ထောက်ခံရန်လည်း သြစတေးလျအစိုးရကို ဆော်သြခဲ့သည်။

    သြစေတးလျ အတိုက်အခံပါတီ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မူရီက လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ သြစတေးလျမှာ ယခင်ကတည်းက ထုတ်ဖော်ပြောဆိုလေ့ ရှိကြောင်း ပြောကြားခဲ့သည်။

    “လူ့အခွင့်အရေးဆိုတာ နိုင်ငံတိုင်းက အလေးထားရမယ့် ကိစ္စပါ”

    မကြာသေးခင်က ထိုင်း-မြန်မာနယ်စပ်သို့ သွားရောက်ခဲ့သည့် အစိုးရ၀န်ကြီး ဇဒ် ဆီဆဲလ်ဂျာကလည်း သြစတေးလျမှာ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးအပါအ၀င် လူ့အခွင့်အရေးမြှင့်တင်ပေးရန် မိမိတို့၏ အနေအထားကို အမြဲတမ်း အသုံးချခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref: News.com.au

     

  • အဖိနှိပ်ခံများအရေး မဆောင်ရွက်မှုကြောင့် မြန်မာနိုင်ငံဆိုင်ရာ ကုလဌာနေကိုယ်စားလှယ်ကို ရာထူးမှ ဖယ်ရှားမည်

    အဖိနှိပ်ခံများအရေး မဆောင်ရွက်မှုကြောင့် မြန်မာနိုင်ငံဆိုင်ရာ ကုလဌာနေကိုယ်စားလှယ်ကို ရာထူးမှ ဖယ်ရှားမည်

    ဇွန် ၁၃၊ ၂၀၁၇
    M-Media

    ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ တွေ့၇သည့် ရီနာတာ လော့က်-ဒက်ဆဲလီယန်

    – မြန်မာနိုင်ငံဆိုင်ကာ ကုလသမဂ္ဂအဖွဲ့၏ ဌာနေကိုယ်စားလှယ် ရီနာတာ လော့က်-ဒက်ဆဲလီယန်ကို ရာထူးမှ ဖယ်ရှားတော့မည်ဟု ကုလသမဂ္ဂက အတည်ပြု ပြောကြားလိုက်သည်။

    ရန်ကုန်ရှိ အကူအညီပေးရေးနှင့် သံတမန်အသိုင်းအ၀ိုင်းကမူ လော့က်-ဒက်ဆဲလီယန်အား ရာထူးမှ ဖယ်ရှားခြင်းမှာ လူ့အခွင့်အရေးကိစ္စများ အထူးသဖြင့် အဖိနှပ်ခံ ရိုဟင်ဂျာများ၏ ကိစ္စကို ဦးစားပေးဆောင်ရွက်မှု မရှိခြင်းနှင့် ဆက်စပ်နေသည်ဟု ဘီဘီစီသို့ ပြောကြားခဲ့သည်။

    ရီနာတာ လော့က်-ဒက်ဆဲလီယန်မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလဌာနေကိုယ်စားလှယ်၊ UNDP ဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးမှူး စသည့်ရာထူးများဖြင့် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

    ဘီဘီစီမှရရှိသည့် ကုလအတွင်းစည်း စာရွက်စာတမ်းများတွင် မြန်မာနိုင်ငံရှိ ကုလကိုယ်စားလှယ်အဖွဲ့မှာ အဖွဲ့အတွင်း တင်းမာမှုများရှိလာပြီး၊ အဖွဲ့မှာလည်း ယိုယွင်းလာသည်ဟု ဖော်ပြထားသည်။

    ကုလပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ကနေဒါနိုင်ငံသူ လော့က်-ဒက်ဆဲလီယန်မှာ ရာထူးပြောင်းလဲခန့်ထားခံရခြင်းဟု အတည်ပြုခဲ့ပြီး ထိုသို့ဆောင်ရွက်ခြင်းမှာ သူမ၏ စွမ်းဆောင်ရည်ကြောင့်မဟုတ်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ်တွင် ရိုဟင်ဂျာများမှာ မြန်မာစစ်တပ်လက်အောက်တွင် ညှင်းပမ်းခံရခြင်း၊ အဓမ္မပြုခံရခြင်းတို့ကြောင့် ထောင်သောင်းချီထွက်ပြေးမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံရှိ ကုလအဖွဲ့မှ မည်သည့် တုန့်ပြန်မှုမှ မလုပ်ခဲ့ချေ။

    ဒက်ဆဲလီယန်နှင့် သူမ၏ ပြောရေးဆိုခွင့်ရှိသူတို့မှာ သတင်းအချက်အလက်များ တောင်းခံမှုကို ငြင်းဆိုလေ့ရှိပြီး၊ ထူးခြားသည့် အဖြစ်အပျက်တစ်ခုမှာ ပဋိပက္ခဖြစ်ပွားရာ ဒေသသို့ သွားရောက်ပြီးနောက်ပိုင်း ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဂျာနယ်လစ်များအား ဗီဒီယိုရိုက်ကူးရန်၊ အသံသွင်းယူရန် ခွင့်မပြုခဲ့ခြင်း ဖြစ်သည်။

    ထို့ပြင် ကုလကပြုလုပ်သည့် အရေးပါသော အစည်းအဝေးများတွင် လူ့အခွင့်အရေး အခြေပြု၍ အကူအညီပေးနေသူများအား ရည်ရွယ်ချက်ရှိရှိဖြင့် ချန်လှပ်ထားမှုများ ရှိသည်ဟုလည်း ဘီဘီစီသို့ ပြောကြားခဲ့သည်။

    ထိုသို့ ဆောင်ရွက်မှုများကြောင့် ဒက်ဆဲလီယန်နှင့် သူမ၏အဖွဲ့အပေါ် ဝေဖန်မှုများ မြင့်တက်လာခဲ့ပြီး ၎င်းတို့မှာ ဖွံ့ဖြိုးရေးစီမံကိန်းများ၊ မြန်မာအစိုးရနှင့် ခိုင်မာသော ဆက်ဆံရေးဖြစ်ထွန်းရန်သာ ဦစားပေးလုပ်ဆောင်နေပြီး၊ ရိုဟင်ဂျာကဲ့သို့ အဖိနှိပ်ခံပြည်သူများ၏ အခွင့်အရေးကို အလေးထားလာရေး လုပ်ဆောင်မှုများမရှိဟု ပြစ်တင်ခြင်း ခံခဲ့ရသည်။

    ကုလအတွင်းရေးမှူးချုပ်သို့ ပေးပို့ရန် စီစဉ်ထားသည့် အတွင်းစည်း စာရွက်စာတမ်းများအရ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့မှာ ‘သိသိသာသာ ယိုယွင်းလာပြီး’ ကုလအဖွဲ့၏ ဌာနခွဲများ အကြားတွင်လည်း ‘တင်းမာမှု ကြီးကြီးမားမား’ ရှိနေသည်ဟု ဖော်ပြထားသည်။

    လော့က်-ဒက်ဆဲလီယန်မှာ လက်ရှိတွင် ခွင့်ယူထားပြီး၊ သူမကို ရာထူးတိုးပေးရန် စီစဉ်နေကြောင်း အသိပေးထားသည်ဟု ဆိုသည်။ ကုလဌာနေကိုယ်စားလှယ်၏ သက်တမ်းမှာ ပုံမှန်အားဖြင့် ၅ နှစ်ဖြစ်သော်လည်း သူမမှာ ၃ နှစ်ခွဲသာ တာဝန်ထမ်းဆောင်ခဲ့ရသည်။

    Ref: BBC

  • ဘ၀ရပ်တည်ဖို့ ခက်ခဲလာတဲ့ ကျောက်ဖြူမှ တရုတ်စီမံကိန်းဘေးသင့် ပြည်သူများ

    ဘ၀ရပ်တည်ဖို့ ခက်ခဲလာတဲ့ ကျောက်ဖြူမှ တရုတ်စီမံကိန်းဘေးသင့် ပြည်သူများ

    ဇွန် ၁၀၊ ၂၀၁၇
    M-Media

    ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်း

    – တရုတ်နိုင်ငံကိုပို့မယ့် ရေနံစိမ်း တန်ပေါင်း ၁၄၀၀၀၀ လောက်ပါဝင်တဲ့ ပထမဆုံး ဆီတင်သင်္ဘောကြီး ကျောက်ဖြူဆိပ်ကမ်းကို မရောက်ခင် ရက်အနည်းငယ်အလိုမှာ ဒေသခံအာဏာပိုင်တွေက ကိုငြိမ်းအေးရဲ့ ငါးဖမ်းပိုက်ကွန်ကို သိမ်းဆည်းလိုက်ပါတယ်။

    မြန်မာနိုင်ငံကို ကန့်လန့်ဖြတ်ပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်းကို ရေနံတင်ပို့မယ့် မိုင်ပေါင်း ၄၈၀ ရှည်လျားတဲ့ ဒီပိုက်လိုင်းကြီးရဲ့ ၀င်ပေါက်အနီးက ရေပြင်မှာ ငါးမဖမ်းဖို့ တားမြစ်ခံခဲ့ရတဲ့ ရာနဲ့ချီတဲ့လူတွေကြားထဲ အသက် ၃၆ နှစ်အရွယ် ကိုငြိမ်းအေးတစ်ယောက်လည်း ပါဝင်ပါတယ်။ ဒီပိုက်လိုင်းကြီးဟာ အာရှ၊ အခြားတိုက်ကြီးတွေနဲ့ စီးပွားရေးချိတ်ဆက်မှု ပိုမိုနက်ရှိုင်းရေး ရည်ရွယ်တဲ့ တရုတ်နိုင်ငံရဲ့ Belt and Road စီမံကိန်းက အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

    “ငါဖမ်းဖို့မပေးဘူးဆိုရင် ကျွန်တော်တို့ ဘယ်လို စားသောက်နေထိုင်ကြတော့မလဲ” လို့ ကိုငြိမ်းအေးက ဖွင့်ဟခဲ့ပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၄ လကမှ လှေကြီးကြီးတစ်ခု ၀ယ်ယူခဲ့တာဖြစ်ပေမယ့် ဘယ်အချိန်တွေ၊ ဘယ်နေရာတွေမှာ ငါးမဖမ်းရဘူးဆိုတဲ့ ကန့်သတ်ချက်ကြောင့် ငါးမိတဲ့နှုန်းဟာ ၃ ပုံ ၂ ပုံလောက်ကျဆင်းသွားတယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။ ပြီးခဲ့တဲ့လက ဒီပိုက်လိုင်းကို စီမံခန့်ခွဲနေတဲ့ Petrochina ရုံးရှေ့မှာ သွားရောက်ဆန္ဒပြကာ နစ်နာကြေးတောင်းခဲ့ကြတဲ့ လူ ၁၀၀ ကျော်လောက်မှာ ကိုငြိမ်းအေးလည်း ပါဝင်ခဲ့ပါတယ်။

    ဒီရေနံပိုက်လိုင်းဟာ ကန်ဒေါ်လာ ၁၀ ဘီလီယံလောက်တန်တဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဒီစီးပွားရေးဇုန်ဟာ မြန်မာနဲ့ တရုတ်ကြား နွေးထွေးလာတဲ့ ဆက်ဆံရေးရဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။ စီးပွားရေးဇုန် အောင်မြင်ဖို့ဟာ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် အရေးပါနေပါတယ်။

    အာဏာရပြီး ပထမတစ်နှစ်တာအတွင်း ပြုပြင်ပြောင်းလဲရေးမှာ တိုးတက်မှုကို သိပ်မမြင်ရတာကြောင့် ဝေဖန်ခံနေရမှုကို ရပ်တန့်စေဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ စီးပွားရေးမှာ သိသိသာသာ အောင်မြင်မှုရဖို့ လိုအပ်နေပါတယ်။ တရုတ်နိုင်ငံရဲ့ အားပေးထောက်ခံမှုဟာ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းရေးအတွက် အဓိက သော့ချက်လည်း ဖြစ်ပါတယ်။ အဲဒီဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားမှုဟာ ဒေါ်အောင်စုကြည် ထိပ်တန်းဦးစားပေးအဖြစ် ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ခြိမ်းခြောက်နေတာပါ။

    ကျောက်ဖြူရေနက်ဆိပ်ကမ်းကို အဓိကထားဖော်ဆောင်နေတဲ့ တရုတ်နိုင်ငံပိုင် CITIC Group လုပ်ငန်းက မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးဒေသတွေထဲက တစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းမှာ အလုပ်အကိုင်ပေါင်း ၁ သိန်းလောက် ဖန်တီးပေးမယ်လို့ ပြောဆိုထားပါတယ်။

    ဒါပေမယ့် ဒေသခံတော်တော်များများကတော့ ဒီစီမံကိန်းဟာ သူတို့ရဲ့ လူမှုဘ၀တွေကို ဂရုမစိုက်ဘဲ၊ သူတို့နဲ့ ဆွေးနွေးညှိနှိုင်းမှု မလုပ်ဘဲ တက်သုတ်ရိုက် ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    တရုတ်နိုင်ငံအပေါ် သံသယဖြစ်မှုဟာ မြန်မာနိုင်ငံမှာ နက်နက်ရှိုင်းရှိုင်းရှိနေပြီး သဘာဝပတ်ဝန်းကျင်နဲ့ အခြားသော စိုးရိမ်မှုတွေက ပြည်သူတွေရဲ့ မနှစ်မြို့မှုကို ဖြစ်စေတာကြောင့် အရင်က မြန်မာနိုင်ငံအတွင်း တရုတ်ရဲ့ စီမံကိန်းကြီးတွေ ရပ်တန့်ရထားရတာ၊ ပိတ်ပစ်ရဖို့ အခြေအနေ ဖြစ်လာတာမျိုးတွေလည်း ရှိနေပါတယ်။

    တရုတ်ကတော့ ကျောက်ဖြူစီမံကိန်းဟာ နှစ်နိုင်ငံ win-win အခြေအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

    မကျေပ်မှုများကို ရှောင်ရှား

    မြန်မာနိုင်ငံမှာ မြစ်ဆုံဆည် ရေအားလျှပ်စစ် စီမံကိန်းကို ရပ်တန့်ကောင်း ရပ်တန့်မယ်လို့ တရုတ်နိုင်ငံက ဒီနှစ်အစောပိုင်းမှာ အရိပ်အကဲပြခဲ့ပေမယ့် အရှေ့အလယ်ပိုင်းက စွမ်းအင်ရင်းမြစ်တင်ပို့မှုအတွက် အခြားလမ်းကြောင်းတစ်ခုဖြစ်တဲ့ ဘင်္ဂလားပင်လယ်အော်က ကျောက်ဖြူဆိပ်ကမ်းအပါအ၀င် အခြား မဟာဗျူဟာကျတဲ့နေရာတွေကို နစ်နာကြေးအဖြစ်ယူဖို့ တွန်းအားပေးလာပါတယ်။

    Reuters က ရရှိခဲ့တဲ့ စီမံကိန်းနဲ့ပတ်သက်တဲ့ အတွင်းစည်း စာရွက်စာတမ်းတွေ၊ တာဝန်ရှိသူ ၂ ဒါဇင်လောက်နဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးတွေအရ စာချုပ်ချုပ်ဆိုတာတွေ၊ မြေယာတွေသိမ်းဆည်းတာတွေကို ဒေသခံပြည်သူတွေနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုနဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်မှုတွေ မပြီးဆုံးခင်ကတည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာ ပြသနေပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဒါဟာ ဖွံ့ဖြိုးရေး ဥပဒေတွေကို ဖောက်ဖျက်တာမျိုး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

    ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ဧက ၄၂၀၀ ကျော်ရှိတဲ့ မြေပေါ်မှာ ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ကန်ဒေါ်လာ ၇.၃ ဘီလီယံတန်ဖိုးရှိတဲ့ ရေနက်ဆိပ်ကမ်း၊ ၂.၃ ဘီလီယံ တန်ဖိုးရှိတဲ့ စက်မှုဇုန်တွေပါဝင်ပြီး အထည်လိပ်နဲ့ ရေနံသန့်စင်စက်ရုံတွေလို လုပ်ငန်းမျိုးကို ဆွဲဆောင်ဖို့အတွက် စက်မှုဇုန်ကို ရည်ရွယ်တည်ဆောက်တာ ဖြစ်ပါတယ်။

    Reuters က ရရှိခဲ့တဲ့ စီမံကိန်းအတွင်းစည်း စာရွက်စာတမ်းတွေ၊ စစ်တမ်းကောက်ယူမှုတွေအရ လယ်ယာစိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းကို မှီခိုနေရသူ အများစုပါဝင်တဲ့ ရွာသား ၂ သောင်းလောက်ဟာ စီမံကိန်းအတွက် နေရာဖယ်ပေးရမယ့် အန္တရာယ်ရှိနေတယ်ဆိုတာ တွေ့ရပါတယ်။

    “ဇုန်အတွင်း စီမံကိန်းက ကြီးမားပြီး၊ အဆောက်အဦးတော်တော်များများကိုလည်း ဆောက်လုပ်မှာပါ။ ဒါ့ကြောင့် ဒီဧရိယာထဲမှာရှိတဲ့သူတွေဟာ ပြောင်းရွှေ့ရမှာဖြစ်ပါတယ်” လို့ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်ဦးက ပြောကြားခဲ့ပါတယ်။ သူဟာ စီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီမှာလည်း ပါဝင်သူတစ်ဦးပါ။

    ဦးသန်းထွဋ်ဦးကတော့ လက်ရှိ တရုတ်ကုမ္ပဏီနဲ့ ဆွေးနွေးမှုတွေလုပ်နေဆဲဖြစ်ပြီး ‘တင်းမာမှုတွေ’ မဖြစ်စေချင်တာကြောင့် ဒီအစီအစဉ်ကို အစိုးရက လူသိရှင်ကြား မကြေငြာသေးဘူးလို့လည်း ဆိုပါတယ်။

    စိုးရိမ်စရာ ရက်သတ်မှတ်မှု

    ဧပြီလက သမ္မတဦးထင်ကျော်ဟာ ရေနံပိုက်လိုင်းနဲ့ ကျောက်ဖြူဆိပ်ကမ်တို့အတွက် သဘောတူညီချက်နှစ်ခုကို တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ လက်မှတ်ရေးထိုးခဲ့ပြီး၊ ၂၀၀၉ ခုနှစ် စတင်ပြီးနောက်ပိုင်းမှာ ရပ်သွားတဲ့ ဒီစီမံကိန်း ပြန်လည်လုပ်ဆောင်နိုင်ရေး တရုတ်က တွန်းအားပေးမှု ရလဒ်လည်း ဖြစ်ပါတယ်။

    ဒီသဘောတူညီချက်တွေမှာ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုထိခိုက်မှုဆိုင်ရာ သုံးသပ်မှုတွေကို တတ်နိုင်သလောက် မြန်မြန်လုပ်သွားဖို့ တိုက်တွန်းထားပါတယ်။

    လေ့လာမှုတွေကို ၁၅ လကြာ ပြုလုပ်ဖို့ မျှော်လင့်ထားပေမယ့် အခုအချိန်အထိတော့ မစတင်ရသေးပါဘူး။ CITIC ကုမ္ပဏီက ၂၀၁၈ ခုနှစ်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ စတင်နိုင်ဖို့အတွက် ဒီနှစ်အကုန်မှာ အပြီးသတ်စာချုပ်ချုပ်ဖို့ မြန်မာနိုင်ငံကို တောင်းဆိုထားတယ်လို့ စီးပွားရေးဇုန်ဆိုင်ရာ မြန်မာဘက်က စီမံခန့်ခွဲရေးကော်မတီကို ဦးဆောင်တဲ့ ဦးစိုးဝင်းက ပြောပါတယ်။

    အဲဒီလို့ ရက်သတ်မှတ်ထားမှုကြောင့် စီမံကိန်းကို အမြန်လုပ်လိုက်မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ကျွမ်းကျင်သူတွေဆီမှာ ရှိနေပါတယ်။

    “ဒီလို အနေအထားမျိုးရှိတဲ့ စီမံကိန်းအတွက် သဘာဝတ်ဝန်းကျင်နဲ့ လူမှုဆိုင်ရာ ပြင်ဆင်မှုတွေဟာ လပိုင်းလောက်နဲ့ မပြီးပါဘူး။ နှစ်ချီကြာပါတယ်” လို့ Myanmar Centre for Responsible Business က အကြီးအကဲဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံတမန်ဟောင်း ဗစ်ကီ ဘောင်းမန်းက ပြောကြားခဲ့ပါတယ်။

    CITIC ကတော့ ဒီလို သုံးသပ်မှုတွေလုပ်ဖို့ ‘ကမ္ဘာ့နာမည်ကျော် အကြံပေးကုမ္ပဏီနဲ့’ ဆက်သွယ်သွားမယ်လို့ Reuters ကိုပေးပို့တဲ့ အီးမေးလ်မှာ ဖော်ပြထားပါတယ်။

    စီမံကိန်းအတွက် မြေနေရာသတ်မှတ်မှုတွေကို မစတင်ရသေးပေမယ့် ဆည် ၂ ခုဆောက်ဖို့အတွက် ၂၀၁၄ ခုနှစ်မှာ မြေတွေ သိမ်းလိုက်တာကြောင့် မိသားစု ၂၆ စုဟာ လယ်ယာမြေတွေကနေ ဖယ်ပေးလိုက်ရတယ်လို့ မြေယာဆိုင်ရာ အထောက်အထားတွေ၊ မြေပိုင်ရှင်တွေရဲ့ ပြောကြားမှုတွေအရ သိရပါတယ်။

    ကျွမ်းကျင်သူတွေက ဒါဟာ မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ဥပဒေတွေကို ချိုးဖောက်တာဖြစ်တယ်လို့ ဆိုပါတယ်။

    “သဘာပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ သုံးသပ်မှုတွေ၊ ပြန်လည်နေရာချထားမှု အစီအစဉ်တွေ မပြီးဆုံးသေးဘဲ မြေတွေသိမ်းတယ်ဆိုတာ နိုင်ငံတကာ ဥပဒေနဲ့ မညီပါဘူး” လို့ မြန်မာနိုင်ငံအခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တစ်ခုဖြစ်တဲ့ International Commission of Jurists က ရှောင် ဘိန်းက ပြောကြားခဲ့ပါတယ်။

    အလုပ်အကိုင်အခွင့်အလမ်း ရှိနေလား

    CITIC ကတော့ စီးပွားရေးဇုန်အတွက် ကုမ္ပဏီကလိုအပ်တဲ့ ကျွမ်းကျင်မှုတွေ ရရှိအောင် လေ့ကျင့်ပေးဖို့ အသက်မွေးဝမ်းကျောင်း ကျောင်းတစ်ခုကို တည်ထောင်သွားမယ်လို့ ဆိုပါတယ်။ ပြီးတော့ ဒေသခံတွေ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေဖို့အတွက်လည်း ကန်ဒေါ်လာ ၁.၅ သန်းကို ကုမ္ပဏီက ပေးထားပါတယ်။

    အဲဒီပိုက်ဆံနဲ့ တည်ထောင်ထားတဲ့ ကျေးရွာရန်ပုံငွေကနေ ငွေနည်းနည်းစီချေးထားတဲ့ ရွာသားတော်တော်များများနဲ့ Reuters က မေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    “ရွာကလူ အများစုက ငွေလိုနေတာကြောင့် CITIC ရဲ့ငွေဟာ ကျွန်တော်တို့အတွက် အင်မတန်အသုံးဝင်ပါတယ်” လို့ ငါးဖမ်းပိုက်ကွန်တွေဝယ်ဖို့ ငွေတစ်သိန်းလောက်ချေးခဲ့တဲ့ ငါးဖမ်းလုပ်သား သာစည်အောင်က ပြောကြားခဲ့ပါတယ်။

    တရုတ်ရင်းနှီးမြှုပ်နှံသူတွေကတော့ ပထမ ၅ နှစ်အတွင်းမှာ ဖွံ့ဖြိုးရေးအတွက် ကန်ဒေါ်လာ ၁ သန်းလောက် သုံးစွဲဖို့ စီစဉ်ထားပြီး၊ အဲဒီနောက်ပိုင်းမှာ ဒေသခံတွေ လူနေမှုအဆင့်အတန်း မြင့်မားဖို့အတွက် တစ်နှစ်ကို ဒေါ်လာ ၅ သိန်းလောက် သုံးသွားမယ်လို့ ဆိုပါတယ်။

    ဒါပေမယ့် ကျေက်ဖြူက ရွာသားတွေကတော့ စီမံကိန်းဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေဟာ တရုတ်လုပ်သား အများစုကိုပဲ ခန့်ထားတာကြောင့် ဒီစီမံကိန်းဟာ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူမဖြစ်မှာ စိုးရိမ်နေကြပါတယ်။

    ရေနံပိုက်လိုင်း ၀င်ပေါက်တည်ရှိရာ မဒေးကျွန်းမှာ လူပေါင်း ၃ ထောင်ကျော်လောက် နေထိုင်ကြပေမယ့် Petrochina ကုမ္ပဏီမှာ ၄၇ ဦးသာ အလုပ်ရခဲ့ပါတယ်။ ဒါပေမယ့် တရုတ်လုပ်သားတွေကတော့ ဒီအရေအတွထက် ၂ ဆလောက်ရှိတယ်လို့ အလုပ်အကိုင်ဆိုင်ရာ တာဝန်ရှိသူတွေဆီက ရရှိတဲ့ အချက်အလက်တွေအရ
    သိရပါတယ်။

    Petrochina ကတော့ ဒီအတွက် မှတ်ချက်ပေးဖို့ ဆက်သွယ်မှုကို မတုန့်ပြန်သေးပါဘူး။ မကြာသေးခင်ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံအတွင်း သူတို့လုပ်အားရဲ့ ၇၂ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး ဒေသခံတွေကို ဆက်လက်ခန့်အပ်သွားမယ်လို့ ဖော်ပြခဲ့ပါတယ်။

    “စီးပွားရေးဇုန်းမှာ ကျွန်တော် အလုပ်ရမယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး မထားတော့ပါဘူး။ တရုတ်ကုမ္ပဏီတွေက ကျွန်တော်တို့ရွာတိုးတက်အောင်၊ ကျွန်တော်တို့ရဲ့ အသက်မွေးဝမ်းကြောင်း တိုးတက်အောင် ဆောင်ရွက်ပေးမယ်လို့တော့ ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နေ့စဉ် ထိခိုက်ခံစားနေရတာပဲ အဖတ်တင်ပါတယ်” လို့ ငါးဖမ်းလုပ်သား ကိုငြိမ်းအေးက ပြောကြားခဲ့ပါတယ်။

    သူဟာ ရေနံပိုက်လိုင်းကုမ္ပဏီမှာ အလုပ်ရဖို့ ၁၂ ကြိမ်လောက် လျှောက်ထားခဲ့ပြီး အကြိမ်တိုင်း ပယ်ချခံခဲ့ရသူပါ။

    Ref: New York Times

    (New York Times တွင် ဖော်ပြထားသည့် China’s $10 Billion Strategic Project in Myanmar Sparks Local Ire ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)