News @ M-Media
Tag: Minority In Myanmar
  • လူ့အခွင့်အရေးအဖွဲ့များ ဝေဖန်နေသည့် ၆၆(ဃ) ကို ပြင်မည်ဟု ဒေါ်စုပြော
    လူ့အခွင့်အရေးအဖွဲ့များ ဝေဖန်နေသည့် ၆၆(ဃ) ကို ပြင်မည်ဟု ဒေါ်စုပြော
    ဇူလိုင် ၆၊ ၂၀၁၇
    M-Media
    – လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို ထိခိုက်စေပြီး ဂျာနယ်လစ်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ထောင်သွင်းအကျဉ်းချရာမှာ အသုံးပြုတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ပြောကြားထားတဲ့ ဥပဒေတစ်ခုကို ပြင်ဆင်ဖို့ စဉ်းစားနေတယ်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
    နှစ် ၅၀ နီးပါးအတွင်း ပထမဆုံး အရပ်သားအစိုးရ တက်လာပေမယ့် မြန်မာနိုင်ငံမှာ လတ်တလော သတင်းထောက်တွေ ဆက်တိုက် အဖမ်းခံရမှု၊ စာနယ်ဇင်းလုပ်ငန်းမှာ ပိတ်ပင်တားဆီးမှုတွေ ကြုံတွေနေရတဲ့အတွက် စိုးရိမ်မှုတွေ ရှိတယ်လို့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က သိပ်မကြာခင်ကပဲ ပြောကြားထားပါတယ်။
    လွှတ်တော်မှာ အများစုနေရာရထားတဲ့ NLD ပါတီက လွှတ်တော်အမတ်တွေဟာ အရင်အစိုးရတွေလက်ထက်က သဘောထားကွဲသူတွေကို နှိပ်ကွပ်ဖို့ အသုံးပြုတဲ့ ဥပဒေကို ပယ်ဖျက်ဖို့ အားထုတ်မှုမရှိဘူးလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
    “၆၆(ဃ) အတွက် လွှတ်တော်အမတ်တွေက ပြင်ဆင်တာတွေလုပ်ဖို့ စဉ်းစားနေပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
    ဘယ်လိုပြင်ဆင်မှုတွေလုပ်မယ်ဆိုတာကိုတော့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်း မရှိပါဘူး။ မြန်မာအာဏာပိုင်တွေက ဒီဥပဒေနဲ့ တရားစွဲခံရသူတွေကို တရားသူကြီးတွေက အာမခံပေးပြီး လွှတ်နိုင်လောက်အောင်သာ ပြင်ဆင်မယ့်အနေအထားရှိကြောင်း သံတမန်တွေက Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
    အင်တာနက်သုံးစွဲမှု ကျယ်ပြန့်လာတဲ့ မြန်မာနိုင်ငံမှာ အမုန်းစကားတွေ၊ သတင်းမှားတွေကို ဟန့်တားဖို့ ၆၆ (ဃ) လိုအပ်တယ်လို့ တစ်ချို့ NLD ပါတီ အကြီးတန်းပုဂ္ဂိုလ်တွေက ပြောကြားထားပါတယ်။
    တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုရဲ့ သတင်းကို သွားယူတဲ့ ဂျာနယ်လစ် ၃ ဦးဟာ ပြီးခဲ့တဲ့လက စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး တရားမ၀င်အသင်းအဖွဲ့နဲ့ ဆက်သွယ်မှုအတွက် တရားစွဲဆို ခံထားရပါတယ်။
    နေ့စဉ်ထုတ်သတင်းစာရဲ့ အယ်ဒီတာတစ်ဦးကလည်း စစ်တပ်အကြောင်း သရော်စာရေးတဲ့အတွက် တရားရင်ဆိုင်နေရပြီး ဒီအဖြစ်အပျက်တွေက မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် စိုးရိမ်စရာတွေဖြစ်လာကာ နိုင်ငံတကာလည်း ၀ိုင်းဝန်း ရှုတ်ချခဲ့ကြပါတယ်။
    မကြာခင်က ဖမ်းဆီးခံရတဲ့ သတင်းထောက် ၃ ဦးကိစ္စ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ရပ်တည်ချက်ကို ဖြေကြားခြင်းမရှိဘဲ သတင်းထောက် ၃ ယောက်နဲ့ စစ်တပ်ကိစ္စလောက်သာ ကွက်ကြည့်လို့မရကြောင်း၊ လက်ရှိဥပဒေတွေဟာ တရားမျှတမှု၊ ဒီမိုရက်စီနည်းကျမှုဆိုတဲ့ မိမိတို့ရဲ့ ဆန္ဒနဲ့ ကိုက်ညီမှုရှိလားဆိုတာကို ဆန်းစစ်ရမှာဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။
    Ref: Reuters
  • မြန်မာအမျိုးသားလုံခြုံရေးအကြံပေး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကို ဘာတွေပြောခဲ့သလဲ
    မြန်မာအမျိုးသားလုံခြုံရေးအကြံပေး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကို ဘာတွေပြောခဲ့သလဲ
    ဇူလိုင် ၄၊ ၂၀၁၇
    M-Media
    အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးတို့ ဆွေ့ဆုံဆွေးနွေးစဉ်
    – ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ အိမ်ပြန်နိုင်ရေး နှစ်နိုင်ငံ ဆွေးနွေးမှုတွေ စတင်ဖို့ အရေးကြီးတယ်ဆိုတာကို မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအကြံပေးက ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် အလီနဲ့ တွေ့ဆုံစဉ်မှာ သဘောတူခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းဌာနတစ်ခုဖြစ်တဲ့ bdnews24 က မနေ့မှာ ဖော်ပြခဲ့ပါတယ်။
    လက်ရှိ ဦးသောင်းထွန်းဟာ ရိုဟင်ဂျာပြဿနာအပါအ၀င် နှစ်နိုင်ငံကိစ္စတွေကို ဆွေးနွေးဖို့ ဒါကာမြို့ကို ရောက်ရှိနေတာပါ။
    မနေ့က တွေ့ဆုံမှုမှာ အလီက မြန်မာဒုက္ခသည်တွေ ရခိုင်ကို ပြန်ပို့ရေး အရင်ကလည်း နှစ်နိုင်ငံ ဆောင်ရွက်မှုတွေရှိခဲ့ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
    အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာရပြီး ဆယ်စုနှစ်များစွာ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာတွေကိစ္စဟာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ ပြဿနာ ဖြစ်ပါတယ်။
    နှစ်နိုင်ငံခေါင်းဆောင်တွေ တွေဆုံဆွေးနွေးမှုအတွင်း အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းက ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်အောင် မြန်မာအစိုးရမှာ ဆန္ဒရှိကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
    နောက်ပြီး နှစ်နိုင်ငံအကြား ရှိနေတဲ့ ခြားနားချက်တွေကို နွေးနွေးညှိနှိုင်းမှုကနေ ဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံကစိတ်ဝင်စားကြောင်း၊ လုံခြုံရေးဆိုင်ရာမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့အတွက် လိုအပ်ချက်ကို အဓိကထားပြောသွားကြောင်း၊ ကာကွယ်ရေးနဲ့ နယ်စပ်လုံခြုံရေးဆိုင်ရာအဖွဲ့တွေနဲ့ လတ်တလောပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုတွေအတွက် အားရကြောင်း ဦးသောင်းထွန်းက ပြောကြားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
    စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်းတွေအကြား တင်းမာမှုတွေ လျော့ကျရေး အထောက်အကူဖြစ်စေမှာဖြစ်ပြီး၊ ပြဿနာဖြေရှင်းရေး အကူအညီဖြစ်စေမယ်လို့လည်း မြန်မာအမျိုးသားလုံခြုံရေးအကြံပေးက ပြောကြားခဲ့ပါတယ်။
    ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ယုံကြည်မှု၊ အပြန်အလှန်အကျိုးစီးပွားကို အခြေခံတဲ့ ဆက်ဆံမှုတိုးမြှင့်ရေး မိမိတို့နိုင်ငံက ဆန္ဒရှိကြောင်း၊ ဆွေးနွေးမှုတွေ မြန်မြန်ဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ မိမိတို့ရဲ့ အိမ်နီးချင်းတိုင်းပြည်အပေါ် ဘယ်လိုအဖွဲ့က ပစ်မှတ်ထားတာမျိုးကိုမဆို သည်းခံသွားမှာမဟုတ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ရန်ပြုဖို့အတွက် မိမိတို့ရဲ့ ပိုင်နက် အသုံးပြုတာမျိုးကို ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ကြောင်း ပြောကြားခဲ့တယ်လို့ bdnews24 က ဖော်ပြထားပါတယ်။
    ဦးသောင်းထွန်းနဲ့ မိုဟာမက်အလီတို့ဟာ နှစ်နိုင်ငံ စွမ်းအင်နဲ့ ပို့ဆောင်ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။
    ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က အကူအညီပေးမယ်လို့ ကတိပြုထားသလို ရခိုင်ပြည်နယ်က ပြည်သူတွေအတွက် ဘင်္ဂလားဒေ့ရှ်က ဆိုက်ကလုံးဒဏ်ခံ ယာယီတဲတွေ၊ လူနာတင်ယာဉ်တွေ ထောက်ပံ့ပေးအပ်မှုအတွက်လည်း နှစ်ဦးစလုံးက ၀မ်းသာကြောင်း ပြောကြားခဲ့ပါတယ်။
    မြန်မာ အမျိုးသားလုံခြုံရေးအကြံပေးဟာ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး မိုဟာမက် အဆာဒူဇာမန်၊ ဘင်္ဂလာဒေ့ရှ်ဝန်ကြီးချုပ် ရှိခ် ဟာဆီနာတို့နဲ့လည်း တွေ့ဆုံဖို့ရှိနေပြီး ဇူလိုင်လ ၄ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။
    Ref: bdnews24
  • လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စ ကုလ၏ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ဗီဇာမပေးဟု မြန်မာပြော
    လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စ ကုလ၏ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ဗီဇာမပေးဟု မြန်မာပြော
    ဇွန် ၃၀၊ ၂၀၁၇
    M-Media
    – ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် လုံခြုံရေးတပ်ဖွဲ့များက သတ်ဖြတ်သည်၊ အဓမ္မပြုကျင့်သည်၊ ညှင်းပမ်းနှိပ်စက်မှုများ ပြုလုပ်သည်ဆိုသော စွပ်စွဲချက်များနှင့် နိုင်ငံတစ်ဝှမ်း လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အချက်အလက်ကောက်ယူရန် လာရောက်မည့် ကုလအဖွဲ့ဝင်များကို ပြည်ဝင်ခွင့် ပေးမည်မဟုတ်ဟု မြန်မာအစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။
    ကုလ လူ့အခွင့်အရေးကောင်စီက မတ်လအတွင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့သည့် အဆိုပါ အချက်အလက်ရှာဖွေရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မည်ဟုတ်ဟု နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် မြန်မာအစိုးရက ပြောကြားထားပြီးဖြစ်သည်။
    “အချက်အလက်ရှာဖွေရေးကိစ္စနဲ့ပတ်သက်ပြီး တစ်ယောက်ယောက်ကို လွှတ်မယ်ဆိုရင် သူတို့ကို ပြည်ဝင်ခွင့်ပြုစရာ အကြောင်းမရှိပါဘူး။ ကမ္ဘာတစ်ဝှမ်းက ကျွန်တော်တို့သံရုံးတွေကိုလည်း ဒါနဲ့ပတ်သက်ပြီး မှာကြားထားပြီးပါပြီ” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝင် ကျော်ဇေယျက ယနေ့တွင် ပြောကြားခဲ့ပြီး အချက်အလက်ရှာဖွေရေးအတွက် ခန့်အပ်ခံရသူများ သို့မဟုတ် ၀န်ထမ်းများကို မြန်မာနိုင်ငံသို့ ၀င်ရောက်ခွင့်ဗီဇာ ထုတ်ပေးမည်မဟုတ်ဟု ဆိုသည်။
    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ကုလ၏ အချက်အလက်ရှာဖွေရေးအဖွဲ့မှာ ‘မတူညီသော လူ့အဖွဲ့အစည်းများအကြား ပိုမို ရန်လိုမှုကို ဖြစ်စေမည်’ ဟု ယခုလ ဆွီဒင်သို့ ရောက်ရှိချိန်၌ ပြောကြားခဲ့သည်။
    အောက်တိုဘာလက နယ်ခြားစောင့်စခန်းများ တိုက်ခိုက်ခံရပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပြုလုပ်သည့် အစိုးရစစ်တပ်၏ စစ်ဆင်ရေးများကြောင့် ရိုဟင်ဂျာ ၇၅၀၀၀ ခန့်မှာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည်။
    ရိုဟင်ဂျာ ဒုက္ခသည်များကို မေးမြန်းထားသည့် အချက်အလက်အလက်များအား အခြေခံ၍ ဖေဖော်ဝါရီလက ကုလမှ ထုတ်ပြန်သော အစီရင်ခံစာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခြင်းတို့ ရှိနေပြီး ထိုလုပ်ရပ်များမှာ လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု၊ လူမျိုးစုလိုက် သုတ်သင်မှု မြောက်နေပြီဟု ဖော်ပြခဲ့သည်။
    မြန်မာအစိုးရနှင့် စစ်တပ်တို့က ထိုစွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။
    နိုင်ငံခြားရေးဝန်ကြီးဌာန၏ ရပ်တည်ချက်ကို လွှတ်တော်အမြတ်များကလည်း ထောက်ခံခဲ့သည်။
    “ဒီကိစ္စက ကျွန်တော်တို့တိုင်းပြည်ရဲ့ အချုပ်အခြာအာဏကို ထိခိုက်နိုင်တယ်။ အစိုးရအနေနဲ့ ဒါကိုကာကွယ်ဖို့ ထိရောက်တဲ့ဆောင်ရွက်မှုမျိုး လုပ်ရမယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု လွှတ်တော်အမတ် ဦးလှဌေးဝင်းက ပြောကြားခဲ့သည်။
    အခြား လွှတ်တော်အမတ်ဖြစ်သူ ဦးလှဆွေကလည်း အချက်အလက်ရှာဖွေရေးအဖွဲ့ကို စေလွှတ်ခြင်းမှာ မိမိတို့တိုင်းပြည်ကို ပမာမခန့်ပြုခြင်းဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ထိုကိစ္စအတွက် မိမိတို့၏ သဘောထားကို ကြေငြာရမည်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။
    Ref: RFA, The Guardian
  • ကလေးလုပ်သားများကို ဆင်းရဲတွင်းမှထွက်နိုင်ရန် ကူညီပေးနေသည့် ရွေ့လျားပညာရေး
    ကလေးလုပ်သားများကို ဆင်းရဲတွင်းမှထွက်နိုင်ရန် ကူညီပေးနေသည့် ရွေ့လျားပညာရေး
    ဇွန်လ ၃၀၊ ၂၀၁၇
    M-Media
    myME မှ စီစဉ်သည့် ရွေ့လျားပညာရေး မြင်ကွင်းတစ်ခု
    – လက်ဖက်ဆိုင်မှာ စားပွဲထိုး၊ ကြမ်းတိုက်တဲ့ အလုပ်တွေကို ၁၁ နာရီကြာ လုပ်ခဲ့ရပြီးတဲ့နောက် ညနေ ၆ နာရီမှာတော့ စောကူဒိုးတစ်ယောက် အင်္ဂလိပ်စာ လေ့ကျင့်ခန်းတွေကို ပြန်ဖတ်နေပါတယ်။
    “Dog၊ cat၊ pig” လို့ မှတ်စုစာအုပ်ကိုကြည့်ပြီး ဆိုနေတာပါ။
    အသက် ၁၅ နှစ်ရှိပြီဖြစ်တဲ့ စောကူဒိုးဟာ အခုမှ ပထမတန်းပဲ ရှိပါသေးတယ်။ မိသားစုကို ထောက်ပံ့ပေးဖို့အတွက် သူဟာ ကျောင်းထွက်ကာ အလုပ်လုပ်ရသူပါ။ သူ့ရဲ့ မိဘတွေက နေ့စားအလုပ်သမားတွေဖြစ်ပြီး သားသမီး ၆ ယောက်ကို ကျွေးမွေးဖို့ ရုန်းကန်နေရပါတယ်။
    “သား ကျောင်းမတက်ချင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မိဘတွေကို သနားတယ်လေ။ ပိုက်ဆံမရှိရင် ချေးရပြီး အတိုးနဲ့ပြန်ဆပ်ရတော့ တော်တော်လေး ကသီပါတယ်” လို့ စောကူဒိုးက ဖွင့်ဟခဲ့ပါတယ်။
    သူ့အနေနဲ့ တစ်ပတ်တစ်ရက် နားရပြီး တစ်လမှာ ၇ သောင်းလောက်သာ ရရှိတယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်ကနေ ၈ နာရီကြာ သွားရတဲ့ ရွာက မိဘတွေဆီ လခတော်တော်များများကို သူက ပေးပို့ပါတယ်။
    လူဦးရေ ၄ ပုံတစ်ပုံလောက် ဆင်းရဲတွင်းနက်နေတဲ့ မြန်မာနိုင်ငံရဲ့ ဒေသအနှံ့အပြားမှာ သူ့လိုအခြေအနေမျိုးကို ပုံမှန်တွေ့ရလေ့ရှိပါတယ်။ အသက် ၁၀ နှစ်ကနေ ၁၇ နှစ်အရွယ် ကလေးတွေ ၅ ဦးမှာ တစ်ဦးဟာ မိသားစုကို ထောက်ပံ့ဖို့အတွက် ကျောင်းထွက်ကာ အလုပ်လုပ်ရပါတယ်။ သူတို့လေးတွေ တော်တော်များများဟာ နေထိုင်ရာ ရွာငယ်လေးတွေကနေ မြို့ကြီးတွေကိုတက်ပြီး အလုပ်လုပ်ကြရတာပါ။ ညဘက်မှာဆိုရင် သူတို့ အလုပ်လုပ်တဲ့ လက်ဖက်ရည်ဆိုင်က စားပွဲတွေအပေါ်မှာ ဒါမှမဟုတ် ကြမ်းပြင်မှာ ကတ္တူချပ်တွေခင်းပြီး အိပ်ကြရတာပါ။
    ကလေးသူငယ်ဥပဒေ
    မြန်မာနိုင်ငံမှာ အသက် ၁၄ နှစ်အောက် ကလေးငယ်တွေကို အလုပ်လုပ်ခွင့်တားမြစ်တဲ့ ဥပေဒ၊ အသက် ၁၆ နှစ်ရောက်မှ တစ်နေ့ ၄ နာရီသာ အလုပ်လုပ်ခွင့်ပြုတဲ့ ဥပဒေတွေကို ပြဌာန်းထားပေမယ့် သက်ရောက်မှုမှာတော့ အားနည်းပါတယ်။
    ဒါပေမယ့် စာသင်ခန်းထဲက ထွက်သွားရတဲ့ ကလေးတွေထဲကအချို့ကို စာသင်ခန်းထဲပြန်ရောက်အောင် လုပ်ပေးတဲ့ အစီအစဉ်တစ်ခုတော့ ရှိနေပါတယ်။
    အဲဒါက မြန်မာရွေ့လျားပညာရေးစီမံကိန်း (Myanmar Mobile Education Project) ဖြစ်ပြီး myME လို့ သိကြပါတယ်။ ဒီစီမံကိန်းမှာ အင်္ဂလိပ်၊ သင်္ချာတွေလို ပညာရပ်တွေအပါအ၀င် ၀န်ဆောင်မှုလုပ်ငန်း၊ အချုပ်အလုပ်တွေလို အသက်မွေးဝမ်းကြောင်း ပညာရပ်တွေကိုလည်း သင်ကြားပေးပါတယ်။ စောကူဒိုးရဲ့ လက်ဖက်ရည်ဆိုင်က တစ်ပတ်မှာ ၃ ည ကိုယ်ထူကိုယ်ထ စာသင်ခန်းလေးအဖြစ် ပြောင်းသွားပါတယ်။
    myME ၏ သင်တန်းတွင် တက်ရေသည့် စောကူဒိုး
    “ပညာတတ်ဖို့ ကျွန်တော် ရည်မှန်းထားပါတယ်။ ဒါမှ အလုပ်ကောင်းကောင်းရမှာပါ” လို့ သူက ဆိုပါတယ်။
    myME ရဲ့ ရည်ရွယ်ချက်က စောကူဒိုးလိုမျိုး လက်ဖက်ရည်ဆိုင်လုပ်သားတွေ ကျန်တဲ့ ဘ၀သက်တမ်းတစ်လျှာက်လုံးမှာ ဒီလို လခနည်းပါးတဲ့ အလုပ်အကိုင်တွေမှာပဲ ကျင်လည်မနေရအောင် လိုအပ်တဲ့ပညာနဲ့ ကျွမ်းကျင်မှုတွေကို သင်ပေးဖို့ ဖြစ်ပါတယ်။ အသက် ၂၀ အရွယ် ရှိပြီဖြစ်တဲ့ မနော်အေးအေးနိုင်ကိုတော့ စက်ချုပ်ပြီး
    အသက်မွေးဝမ်းကြောင်းနိုင်အောင် myME က လေ့ကျင့်ပေးခဲ့ပါတယ်။ သူမဟာ လက်ရှိ စက်ချုပ်ဆိုင်တစ်ခုမှာ အလုပ်ဝင်နေပြီး လက်ဖက်ရည်ဆိုင်လုပ်သားတွေ ရရှိတဲ့ ၀င်ငွေရဲ့ နှစ်ဆလောက်ကို အခုအချိန်မှာ ရရှိနေပါပြီ။
    “myME က ကျွန်မရဲ့ဘ၀ကို တော်တော်လေး တိုးတက်စေခဲ့ပါတယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။
    စီမံကိန်းရဲ့ အမှုဆောင် ဒါရိုက်တာ တင်မ် အေး-ဟာဒီဟာ မြန်မာနိုင်ငံမှာ မွေးဖွားပြီး ၁၉၈၉ ခုနှစ်မှာ အမေရိကန်ကို ပြောင်းရွှေ့သွားသူ ဖြစ်ပါတယ်။
    “၂၀၁၂၊ ၂၀၁၃ မှာ တိုင်းပြည်ကိုပြန်ရောက်တော့ လူငယ်တော်တော်များများဟာ ကျောင်းမှာရှိနေရမယ့်အစား လမ်းပေါ်က လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ အလုပ်လုပ်နေရပါတယ်။ ဒါက ကျွန်တော့်ကို တော်တော်လေး ခံစားရစေပါတယ်။ ဘာ့ကြောင့် သူတို့လေးတွေ ကျောင်းမတက်ရတာလဲ။ ဘာ့ကြောင့် ကလေးတွေ ဒီလောက်များများ အပြင်ရောက်နေတာလဲ” စတဲ့ မေးခွန်းတွေလည်း ပေါ်လာပါတယ်” လို့ ဟာဒီက ဆိုပါတယ်။
    စစ်အာဏာရှင်လက်အောက် နှစ်ပေါင်း ၅၀ အတွင်းမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ပညာရေးဟာ တော်တော်လေး ယိုယွင်းပျက်ဆီးခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းကစလို တိုင်းပြည်ဟာ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်နေပါတယ်။
    ဆင်းရဲတွင်းမှ ရုန်းထွက်ခြင်း
    myME ရဲ့ တစ်နှစ်စာ ဘက်ဂျက်ဟာ ကန်ဒေါ်လာ ၂ သိန်းလောက်ရှိပြီး ပုဂ္ဂလိက ၀ိုင်းဝန်းလှူဒါန်းမှုကနေ ရရှိတာ ဖြစ်ပါတယ်။ ဒီစီမံကိန်းကနေ မြန်မာနိုင်ငံတစ်ဝှမ်း လက်ဖက်ရည်ဆိုင်ပေါင်း ၃၅ ဆိုင်လောက်က အလုပ်သမားပေါင်း ၅၀၀ လောက်ကို သင်ကြားပေးနေပါတယ်။ ဒါပေမယ့် ဒီပမာဏဟာ မြန်မာနိုင်ငံအတွင်းက တစ်သန်းကျော်သော ကလေးလုပ်သားတွေရဲ့ အစိတ်အပိုင်းငယ်လေးမျှသာ ဖြစ်ပါတယ်။
    “ကျွန်တော်တို့ သူတို့ကို မကူညီရင် သူတို့လေးတွေဟာ ဒီထောင်ချောက်ထဲက ထွက်နိုင်မှာ မဟုတ်ပါဘူး။ သူတို့ရဲ့ ကလေးတွေကလည်း သူတို့လို ကျောင်းထွက်ပြီး မိဘကို ကူညီရမယ်ဆိုရင် သူတို့တွေဟာ ဆင်းရဲတွင်း နက်သထက် နက်သွားနိုင်ပါတယ်” လို့ အေး-ဟာဒီက ပြောကြားခဲ့ပါတယ်။
    အင်္ဂလိပ်စာအချိန်မှာ ဆရာမက ဘယ်တိရစ္ဆာန်ကို အချစ်ဆုံးလဲလို့ မေးတဲ့အခါ စောကူဒိုးက ‘ကြောင်’ လို့ ဖြေခဲ့ပါတယ်။
    စောကူဒိုးရဲ့ အိပ်မက်ကတော့ အသက်ကြီးလာတဲ့အချိန်မှာ ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခု ထူထောင်ဖို့ ဖြစ်ပါတယ်။ ဒီလို myME စီမံကိန်းမှာ ပါဝင်ခွင့်ရတဲ့အတွက် ကံကောင်းတယ်လို့ သူနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ခံစားနေကြပါတယ်။
    “myME သာမရှိဘူးဆိုရင် ကျွန်တော်တို့လည်း ဒီဘ၀ကနေ တက်မှာမဟုတ်ပါဘူး။ myME ကနေတစ်ဆင့် ပညာရည်ဝလာရင် ကျွန်တော်တို့ဟာ အလုပ်သစ်ရနိုင်မှာပါ” လို့ စောကူဒိုးက ဖွင့်ဟခဲ့ပါတယ်။
    Ref: VOA
  • မြန်မာနိုင်ငံမှ ဂုဏ်ယူဖွယ်ရာ ဂေါ်ရခါးလူမျိုးများ
    မြန်မာနိုင်ငံမှ ဂုဏ်ယူဖွယ်ရာ ဂေါ်ရခါးလူမျိုးများ
    ဇွန် ၂၉၊ ၂၀၁၇
    M-Media
    ထောက်ကြံ့ စစ်သင်္ချီုင်းမှာ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးသွားတဲ့ စစ်သည်ပေါင်း ၂၇၀၀၀ လောက်ရဲ့ ရုပ်ကြွင်းတွေ တည်ရှိပြီး အများစုကတော့ ဂေါ်ရခါးစစ်သည်တွေ ဖြစ်ပါတယ်။
    – နောက်ပိုင်းမှာ ထုတ်ဝေဖို့ရှိနေတဲ့ ဂေါ်ရခါးလူမျိုးတွေအကြောင်း စာအုပ်နဲ့ပတ်သက်လို့ အချက်အလက်တွေစုဖို့ ပါမောက္ခ ဗိုလ်မှူးကြီး ခင်ဇော်နဲ့ဇနီး ပါမောက္ခ ဗိုလ်မှူးကြီး ကေသီထွန်းတို့ရဲ့ အကြံပြုချက်အရ မကြာသေးမီက မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အတွေ့အကြုံဟာ ကျွန်တော့်အတွက်တော့ မေ့လို့မရတဲ့ ခရီးတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီခရီးစဉ်မှာ ထောက်ကြံ့ စစ်သင်္ချီုင်းကို ပထမဆုံးအကြိမ် ကျွန်တော်ရောက်ခဲ့ပြီး နိုင်ငံအတွင်းမှာ အကြီးမားဆုံး သင်္ချီုင်းကြီးလည်း ဖြစ်ပါတယ်။ အဲဒီမှာ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးသွားတဲ့ စစ်သည်ပေါင်း ၂၇၀၀၀ လောက်ရဲ့ ရုပ်ကြွင်းတွေ တည်ရှိပြီး အများစုကတော့ ဂေါ်ရခါးစစ်သည်တွေ ဖြစ်ပါတယ်။
    မြန်မာနိုင်ငံ ဂေါ်ရခါးလူ့အဖွဲ့အစည်းက သက်ကြီးရွယ်အိုတွေရဲ့ ပြောကြားမှုအရ ဂေါ်ရခါးလူမျိုးတွေဟာ မြန်မာနိုင်ငံကို ၃ သုတ်ခွဲပြီး ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ပထမဆုံးအသုတ်ကို တနင်္သာရီ တိုင်းဒေသကြီးက ဟိုင်ဒါ သတ္တုတွင်းလုပ်ငန်းမှာ အလုပ်လုပ်ဖို့ အရှေ့အိန္ဒိယကုမ္ပဏီက ၁၈၂၄ ခုနှစ်ကနေ ၁၂၈၄ ခုနှစ်အတွင်း ခေါ်ဆောင်လာခဲ့တာပါ။ ဒုတိယအသုတ်က အိန္ဒိယနဲ့ နီပေါနိုင်ငံတို့ကနေ ရောက်လာပြီး စိမ်းလမ်းတဲ့ စားကျက်မြေရှိရာ ကချင်နဲ့ ချင်းတောင်တန်းဒေသတွေမှာ အခြေချ နေထိုင်ခဲ့ကြပါတယ်။ တတိယအုပ်စုကတော့ ၁၈၅၂ ခုနှစ်မှာ ဗြိတိသျှစစ်တပ်နဲ့အတူ စစ်သားတွေ၊ လုံခြုံရေးအစောင့်တွေ၊ သတ္တုတွင်းတူးသူတွေ လယ်သမားတွေနဲ့ ဥယျာဉ်မှူးတွေအဖြစ် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
    မြန်မာနိုင်ငံကို ဗြိတိသျှရဲ့ ကိုလိုနီပြုမှုဟာ ၁၈၈၅-၁၈၈၆ ခုနှစ်မှာ ပြီးဆုံးခဲ့ပြီး ဘုရင်ခံ လော့ဒ် ဒက်ဖရင်နဲ့ သူ့ရဲ့ ဗိုလ်ချုပ်တွေက မြန်မာနိုင်ငံကို နှစ်သစ်ကူးလက်ဆောင်အဖြစ် ၀ိတိုရီယဘုရင်မကြီးကို ဆက်သခဲ့ပါတယ်။
    ၁၉၄၂ ခုနှစ်မှာ ဂျပန်တွေ မြန်မာနိုင်ငံကို ရောက်လာတဲ့အခါ ဗြိတိသျှဟာ တိုင်းပြည်ကိုပြန်ရဖို့ ၁၉၄၄ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အတွင်း ထိုးစစ် ၃ ကြိမ် ပြုလုပ်ခဲ့ရပြီး ရခိုင်၊ မန္တလေးနဲ့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်က အင်ဖာလ်မြို့တို့မှာ အကြီးအကျယ် တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ဒီတိုက်ပွဲ ၃ ခုဟာ ဂျပန်ရဲ့အုပ်စိုးမှုကို အဆုံးသတ်ဖို့အတွက် အဆုံးအဖြတ် ဖြစ်ခဲ့ပြီး၊ ဒီတိုက်ပွဲတွေ အနိုင်ရမှုမှာ ဂေါ်ရခါးတပ်တွေဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့သလို Victoria Cross ဆုတံဆိပ်တွေကိုလည်း အမြောက်အများ ရခဲ့ပါတယ်။
    ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာလည်း ဗိုလ်ချုပ်အောက်ဆန်းရဲ့ မေတ္တာရပ်ခံမှုနဲ့အတူ အမှတ် ၄ ဂေါ်ရခါးတပ်ရင်းကို ဖွဲ့စည်းခဲ့ပြီး၊ ပြည်တွင်းစစ်အတွင်း တိုင်းပြည်ကို ကယ်တင်ရာမှာ ဒီတပ်ရင်းက အရေးပါတဲ့နေရာကနေ စွမ်းဆောင်နိုင်ခဲ့ပါတယ်။
    တရုတ်ဖြူတိုက်ပွဲ
    ဂျပန်တွေ၊ ပြည်တွင်းသောင်းကျန်းသူတွေကို တိုက်ဖျက်ရုံတင် မကဘဲ မြန်မာနိုင်ငံက ဂေါ်ရခါးတွေဟာ တရုတ်ဗိုလ်ချုပ် ချန်ကေရှိတ်ရဲ့ ကူမင်တန် တရုပ်ဖြူတပ်တွေကို တိုက်ထုတ်ပြီး တိုင်းပြည်ကို ကာကွယ်ခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ ဆွတ် ဘဟာဒူးရ် ရိုင်းဟာ တိုင်းပြည်ရဲ့ စစ်ရေးဆိုင်ရာ အမြင့်ဆုံးဂုဏ်ထူးဖြစ်တဲ့ အောင်ဆန်းသူရိယဘွဲ့ကို ရခဲ့ပါတယ်။
    သမိုင်းကြောင်းအရ ဂေါ်ရခါးလူမျိုးတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ စစ်တပ်မှာ တာဝန်ထမ်းဆောင်တာမျိုး၊ သတ္တုတွင်းနဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေမှာ အလုပ်လုပ်တာမျိုး ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ သူတို့ဟာ စီးပွားရေး၊ ပညာရေးနဲ့ ဆေးဘက်ဆိုင်ရာတွေ အပါအ၀င် နယ်ပယ်ပေါင်းစုံမှာ လုပ်ကိုင်နေကြပါတယ်။ လက်ရှိ မြန်မာနိုင်ငံက ၁ သိန်းလောက်ရှိတဲ့ ဂေါ်ရခါးလူ့အဖွဲ့အစည်းမှာ အထင်ရှားဆုံးကတော့ ဒုတိယဗိုလ်မှူးကြီး ဇေယျကျော်ထင် သူရ လက်စ် မန် ရိုင်းပဲ ဖြစ်ပါတယ်။ အခြား ထင်ရှားတဲ့ ဂေါ်ရခါးလူမျိုးတွေထဲမှာ မန္တလေးတက္ကသိုလ်ရဲ့ ဓာတုဗေဒဌာနကို တည်ထောင်သူတွေထဲက တစ်ဦးဖြစ်သူ ပါမောက္ခ အတ္တာဆင်းလည်း ပါဝင်ပါတယ်။
    မြန်မာနိုင်ငံက ဂေါ်ရခါးလူ့အဖွဲ့အစည်းဟာ စာပေနယ်ပယ်မှာလည်း ထူးချွန်ပြီး မြန်မာ၊ ဂေါ်ရခါး ဘာသာစကားနဲ့ စာအုပ်ထုတ်ဝေတဲ့ စာရေးဆရာတွေလည်း ရှိနေကာ ဆုတံဆိပ်တွေ၊ ဂုဏ်ပြုဆုတွေကိုလည်း ဆွတ်ခူးရရှိထားပါတယ်။ နိုင်ငံတစ်ဝှမ်း ဂေါ်ရခါးကျောင်းပေါင်း ၂၆၇ ကျောင်းနဲ့ ဘုရားကျောင်း ၃၁၃ ကျောင်းလောက်ရှိပါတယ်။ စုစုစည်စည်းရှိကြတဲ့ ဒီလူ့အဖွဲ့အစည်းဟာ သူတို့ရဲ့ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနဲ့ ဘာသာစကားတွေကို ဆက်လက် ထိန်းသိမ်းထားကြဆဲ ဖြစ်ပြီး နီပေါနိုင်ငံကနေ ကမ္ဘာအနှံ့ ရောက်ရှိနေတဲ့ ဂုဏ်ယူစရာအကောင်းဆုံး ဂေါ်ရခါလူ့အဖွဲ့အစည်းတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။
    Ref: Asia Times
    (Asia Times မှ Meet the proud Gurkha community of Myanmar ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)