News @ M-Media

Tag: Minority In Myanmar

  • ရိုဟင်ဂျာများအပေါ် ဖိနှိပ်မှု ရပ်တန့်ရန် ဒလိုင်းလားမား တိုက်တွန်း

    ရိုဟင်ဂျာများအပေါ် ဖိနှိပ်မှု ရပ်တန့်ရန် ဒလိုင်းလားမား တိုက်တွန်း

    မတ် ၄၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်ရေးအတွက် မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေကို ကမ္ဘာ့ဘာသာရေးခေါင်းဆောင်တွေက တိုက်တွန်းမှုမှာ တီဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားလည်း ပါဝင်လာပါတယ်။

    ရိုဟင်ဂျာပြည်သူတွေအပေါ် အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေက အဓမ္မပြုကျင့်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ ရိုက်နှက်မှုတွေ၊ အိမ်တွင်းမှာ သော့ခတ်ပြီး အရှင်လတ်လတ်မီးရှို့မှုတွေရှိနေပြီး ဒီလိုလုပ်ရပ်တွေက လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအဖြစ် သတ်မှတ်လို့ရနေပြီလို့ ကုလရဲ့ အစီရင်ခံစာ ထွက်လာပြီးနောက်ပိုင်းမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒီလိုလုပ်ရပ်တွေအတွက် ဖေဖော်ဝါရီလက ရှုတ်ချခဲ့ပါတယ်။

    ဘုန်းတော်ကြီး ဒလိုင်းလားမာကတော့ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့် စကားပြောဆိုခဲ့ပြီး ‘ဒီပြဿနာမှာ ငြိမ်းချမ်းတဲ့ အဖြေတစ်ခု ပေါ်ထွက်လာဖို့အတွက် သူမရဲ့ လွှမ်းမိုးမှုကို အသုံးချဖို့’ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

    ရိုဟင်ဂျာပြဿနာနဲ့ပတ်သက်ပြီး ‘မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ပြည်သူ့ခုံသမာဓိရုံး’ ရဲ့ ပထမဆုံး ကြားနာမှုကို မတ်လ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ လန်ဒန်က Queen Mary တက္ကသိုလ်မှာ ပြုလုပ်မှာဖြစ်ပြီး ဒီကြားနာမှုအတွင်း ဒလိုင်းလားမား ပေးပို့တဲ့ မေတ္တာရပ်ခံချက်ကို ဖတ်ကြားမှာဖြစ်ပါတယ်။

    “ကမ္ဘာ့အဓိက ဘာသာတရားအားလုံးက ငြိမ်းချမ်းရေးနဲ့ ချစ်ခြင်းမေတ္တာ သတင်းစကားကိုသာ ဖြန့်ချီကြတာပါ။ မြန်မာနိုင်ငံက မွတ်စလင်လူ့အဖွဲ့အစည်းနဲ့ပတ်သက်ပြီး အလွန်အကြောင်းမလှတဲ့ ဖြစ်ရပ်တွေလို ကိစ္စမျိုးမှာ ဘာသာတရားရဲ့ အမည်ကိုသုံးပြီး အကြမ်းဖက်နေတာကို ကြားနေရတာ အလွန်ဝမ်းနည်းကြေကွဲစရာပါပဲ” လို့ ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ၁ သန်းသော ရိုဟင်ဂျာမွတ်စလင်တွေရဲ့ ဒုက္ခသုက္ခကို ရည်ညွှန်ပြီး ဒလိုင်းလားမားက အဲဒီ မေတ္တာရပ်ခံချက်မှာ ဖော်ပြထားပါတယ်။

    ရောမအခြေပြု ‘အမြဲတမ်း ပြည်သူ့ခုံသမာဓိရုံး’ ဟာ အစိုးရက ကျောထောက်နောက်ခံပြုတဲ့ ရာဇ၀တ်မှုတွေကို ခံစားခဲ့ရတဲ့ လူ့အဖွဲ့အစည်းတွေအတွက် ဆုံးဖြတ်ချက်ပေါင်း ၄၃ ခုကို ချမှတ်ခဲ့ပြီးပါပြီ။

    အခု မြန်မာနိုင်ငံဆိုင်ရာ ခုံရုံးကတော့ လန်ဒန်၊ နယူးယောက်နဲ့ ကွာလာလမ်ပူတို့မှာ ပြုလုပ်သွားမှာဖြစ်ပြီး မြန်မာအစိုးရစစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ခံစားနေရပါတယ်လို့ ပြောကြားထားတဲ့ ရိုဟင်ဂျာနဲ့ ကချင်လူမျိုးတွေရဲ့ တောင်းဆိုချက်ကြောင့် ပြုလုပ်တာ ဖြစ်ပါတယ်။

    ထိခိုက်ခံစားရသူတွေ၊ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ပညာရှင်တွေရဲ့ ထွက်ဆိုချက်တွေကို ဒီကြားနာမှုမှာ တွေ့မြင်ရမှာဖြစ်ပြီး ဆုံးဖြတ်ချက်ကိုတော့ ဒီနှစ်နှောင်းပိုင်းမှာ ချမှတ်ဖို့ ရှိနေပါတယ်။

    ဟာရာကာ အလ်-ယကင်လို့ခေါ်တဲ့ ရိုဟင်ဂျာ အဖွဲ့တစ်ခုက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ရခိုင်ပြည်နယ်က နယ်ခြားစောင့်စခန်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း မြန်မာအစိုးရတပ်က ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးအတွင်းမှာ ရိုဟင်ဂျာ အရပ်သားတွ အဓမ္မပြုကျင့်ခံရမှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု၊ နေအိမ်မီးရှို့ခံရမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး မြန်မာအစိုးရနဲ့ စစ်တပ်ကတော့ ဒီသတင်းတွေကို ငြင်းဆိုထားပါတယ်။

    Ref: Tribunalonmyanmar.org

  • ဒေါ်အောင်ဆန်းစုကြည်၏ မဟာမျှော်လင့်ချက်များ ပြိုလဲတော့မည်လော ?

    ဒေါ်အောင်ဆန်းစုကြည်၏ မဟာမျှော်လင့်ချက်များ ပြိုလဲတော့မည်လော ?

    မတ် ၂၊ ၂၀၁၇

    M-Media

    ၂၀၁၆ ခုနှစ် ဇူလိုင် ၁၉ ရက်၊ ၆၉ နှစ်မြောက်အာဇာနည်နေ့၊ ကျဆုံးခဲ့သော လွတ်လပ်ရေးသူရဲကောင်းများ၏ အာဇာနည်ဗိမာန်တွင် တက်ရောက်ဂါရ၀ပြုနေသော မြန်မာနိုင်ငံ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်

    – စစ်တပ်၏မတရားအုပ်ချုပ်မှုအောက်၌ ဆယ်စုနှစ်များစွာ ခံစားရပြီးနောက် မြန်မာလူထုအများအပြားသည် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရ အာဏာရလာပါက ထူးခြားအံ့ဖွယ်(အပြောင်းအလဲ)များ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြ၏။

    နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံ၏ ပထမဆုံးသော ဒီမိုကရေစီနည်းကျ ရွေးချယ်ခံအစိုးရ၏ သက်တမ်းမှာ တစ်နှစ်ခန့်သာရှိသေး၏။ သို့သော် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ တမ်းတမ်းစွဲထောက်ခံရပ်တည်သူများအနက်မှပင်လျှင် စိတ်ပျက်လာနေမှုအား ထင်ရှားစွာ တွေ့လာရပေသည်။

    ဖေဖော်ဝါရီ ၂၈ ရက်၊ ပါတီ၏ ထိပ်တန်းရှေ့နေကြီး ဦးကိုနီ ကျဆုံးခြင်းအတွက် အမှတ်တရအခမ်းအနားမိန့်ခွန်း၌ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စုရုံးတက်ရောက်လာသူများအား သည်းညည်းခံကြရန် တိုက်တွန်းခဲ့သဖြင့် အနည်းငယ် စိတ်ပျက်စရာ အသွင်ဆောင်သွားခဲ့ရသည်။ “၁၀ လ သို့မဟုတ် တစ်နှစ်ဆိုတဲ့ အချိန်ကာလဟာ မများလွန်းသေးပါဘူး။ အလွန်တိုတောင်းသေးတဲ့ ကာလအပိုင်းအခြားသာဖြစ်တယ်” ဟူ၍ သူမက ဆိုခဲ့သည်။ စစ်အုပ်ချုပ်ရေးအောက် ဆယ်စုနှစ်များစွာ လွန်မြောက်လာပြီးမှ သူမ၏ ရွေးချယ်တင်မြှောက်ခံအစိုးရအဖွဲ့အား ဖွဲ့စည်းရကြောင်း၊ သို့အတွက် အပြောင်းအလဲအတွက် အချိန်ယူရဦးမည်ဖြစ်ကြောင်း အလေးထားပြောကြားလိုက်၏။

    သူမ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ခရီးမတွင် ထစ်ငေါ့နေခြင်းနှင့်အတူ သူမ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများတွင် အားတက်သရော မရှိလှခြင်း၊ နိုင်ငံတစ်ဝှမ်း တိုင်းရင်းသားနယ်မြေများတွင် စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် နိုင်ငံတကာဝေဖန်မှု ကြီးမားလာခြင်းတို့ကြောင့် ဒေါ်စုကြည်နှင့် သူမ၏ NLD ပါတီအနေဖြင့် သူတို့၏ ဒီမိုကရေစီလမ်းစဉ်အောင်မြင်ရေးသို့ ပြန်လည်ဖော်ဆောင်ရန် အချိန်မည်မျှ ယူဦးမည်နည်းဟု မေးစရာ ဖြစ်လာပေသည်။

    ပြည်တွင်းမှာလည်း ၂၀၁၁ ခုနှစ်က စစ်တပ်ကြီးစိုးသည့် အရပ်သားတစ်ပိုင်းအစိုးရဟောင်းမှ အစပျိုးခဲ့သော လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များစွာနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ကိုင်တွယ်မှုလွဲမှားခြင်းကြောင့် ဒေါ်စုကြည်မှာ ဝေဖန်ခံနေရသည်။ နည်းလမ်းသစ်သုံး၍ ချဉ်းကပ်ရမည့်အစား ဒေါ်စုကြည်သည် အရပ်သားတစ်ပိုင်းစစ်အစိုးရဟောင်း၏လမ်းဟောင်းအတိုင်း လက်နက်ကိုင်အုပ်စုများအား အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးရေးကိုသာ တိုက်တွန်းအားထုတ်လျက်ရှိ၏။

    နိုင်ငံတကာမျက်နှာစာတွင်လည်း မြန်မာနိုင်ငံအနောက်ပိုင်းရှိ လူနည်းစုဝင် ရိုဟင်ဂျာမွတ်စ်လင်မ်များ၏ ဒုက္ခခံစားရမှုများအပေါ် သူမသည် စာနာမှုတရား မပြသသူအဖြစ် အသံထွက်နေသည်။ ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများနှင့် လူ့အခွင့်အရေးအဖွဲ့များက ထိုဒေသအတွင်း စစ်တပ်၏ အလွန်အကျွံ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုများကို မှတ်တမ်းတင်ထားပြီး ဖြစ်သည်။ စီးပွားရေးလုပ်ဆောင်မှု ရလဒ် မကောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကလည်း အနှုတ်လက္ခဏာပြနေပြီး ဆင်းရဲမွဲတေမှုမှာ ယခင်ကထက် ကျယ်ပြန့်နေပေသည်။

    ဆယ်စုနှစ်များစွာအတွင်း မြန်မာနိုင်ငံ၏ ပထမဆုံးသော ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ၌ NLD သည် သောင်ပြိုကမ်းပြိုအနိုင်ရရှိကြောင်း ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်က ပေါ်လွင်ထင်ရှားသွားခဲ့သည်။ ရန်ကုန်မြို့တော်ရှိ လမ်းမများပေါ် မဲဆန္ဒရှင်များ ပျော်ရွှင်စွာကခုန်ခဲ့စဉ်က ရေပန်းစားခဲ့သော မျှော်လင့်ချက်များမှာ ယခုအခါမှာတော့ မယုံကြည်စရာကောင်းလောက်အောင် မှိန်ဖျော့သွားပေသည်။

    သို့သော် နိုင်ငံရေးသရုပ်မှန်သည်ကား ပို၍ပင် အနှစ်သာရ ကင်းမဲ့လာခဲ့သည်။ အဓိကအကျဆုံး အစိုးရ၀န်ကြီးဌာန သုံးခုမှာ စစ်တပ်၏ထိန်းချုပ်မှုအောက်၌ တည်ရှိနေဆဲဖြစ်သောကြောင့်ပင်။ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများကို စစ်တပ်ကသာ ခန့်အပ်သည်။ တစ်ခါ ပြည်ထဲရေးဝန်ကြီးဌာနက နိုင်ငံအနှံ့ အစိုးရ၀န်ထမ်းများကို ခန့်အပ်တာဝန်ပေးရသော အထွေထွေအုပ်ချုပ်ရေးဌာနအပေါ် ထိန်းချုပ်ထားပြန်သည်။

    “သူမအနေနဲ့ နေပြည်တော်မှာ အကြွင်းမဲ့သစ်လွင်တဲ့ အဖွဲ့သစ်တစ်ရပ်ကို ဖော်ဆောင်ခဲ့ရမှာပါ။ အဲ့ဒီအစား သူမက ၀န်ကြီးဌာနများရဲ့ အမြဲတမ်းအတွင်းဝန်တွေ အပါအ၀င် ဗျူရိုကရေစီစံနစ်ဟောင်းကို ထိန်းသိမ်းကိုင်စွဲထားတယ်။ သူတို့ဟာ ကျစ်လစ်တဲ့ စစ်တပ်ထိန်းချုပ်မှုစနစ်ထဲ ဦးလည်မသုန် ဆောင်ရွက်နေကြသူဖြစ်တယ်၊ လူထုကို တာဝန်ခံတဲ့/အရေးစိုက်တဲ့ အစိုးရအဖွဲ့မဟုတ်ပါဘူး” ဟု အမည်မဖော်လိုသူ အစိုးရအတွင်းလူတစ်ဦးက ဆိုသည်။

    စီးပွားရေးကဏ္ဍ အားလုံးနီးပါးကို ကြီးစိုးလွှမ်းမိုးထားဆဲ စစ်တပ်အားပေး စီးပွားရေးလုပ်ငန်းရှင်များကို ရည်ညွှန်းလျက် ခရိုနီတို့၏သြဇာကို တွန်းလှန်အာခံရန် တွန့်ဆုတ်လျက်ရှိကြောင်း အဆိုပါသူက ထပ်မံပြောကြားသည်။ ဆိုးဆိုးဝါးဝါး လိုအပ်နေသည့် နိုင်ငံခြားငွေပင်ငွေရင်း၌ ဆွဲဆောင်အားပေးသည့် မူဝါဒများလည်း မရှိချေ။ နှိုင်းယှဉ်ပြရပါလျှင် ဗီယက်နမ်နိုင်ငံသည် ၁၉၉၀ ခုနှစ်များတွင် ၎င်း၏စီးပွားရေးကို နိုင်ငံခြားရင်းနှီးမြှုပ်နှံနမှုများအတွက် တံခါးဖွင့်လှပ်ပေးခဲ့သည်။ ပထမဆုံး ဆုံးဖြတ်ချက်များအနက် တစ်ခုသည်ကား နိုင်ငံခြားဘဏ်များကို ထူထောင်လည်ပတ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ၎င်းက စက်ရုံ၊ ရုံး၊ ဟိုတယ်ကဲ့သို့သော အကြီးစားရင်းနှီးမြှုပ်နှံမှုများအား ပံ့ပိုးကျားကန်ပေးထား၏။

    မြန်မာနိုင်ငံတွင် ပြည်ပဘဏ်များကို လုပ်ခွင့်လိုင်စင်များ ပေးသော်လည်း ငွေလွှဲလုပ်ငန်းများ၌ ကန့်သတ်ချက် မြှင့်တင်ထား၏။ သို့ဖြစ်၍ ဘဏ္ဍာရေးကဏ္ဍမှာ အုပ်စုတစ်စု (စစ်တပ်ဆက်နွှယ်လုပ်ငန်းရှင်အားလုံးနီးပါး)၏ လက်ထဲ၌သာ တည်ရှိနေ၏။ ပြည်ပဘဏ်ကန့်သတ်ချက်များနှင့်စပ်လျဉ်း၍ တမင်စိစစ်ထားသလော၊ မျက်စေ့လျှမ်းလေသလော ဟူသည်မှာ ကွဲကွဲပြားပြား မသိရှိနိုင်။ အကြောင်းမှာ သဘာ၀၀န်းကျင်နှင့် နိုင်ငံရေးအရ အကဲဆတ်လှသည့် သတ္ထုတူးဖော်ရေးစီမံကိန်းများနှင့် ရေအားလျှပ်စစ်တည်ဆောက်ခြင်းလုပ်ငန်းများအတွက်မူ ယင်းကန့်သတ်ချက်များက စိတ်ကြိုက်စီမံဆောင်ရွက်နိုင်အောင် အကျယ်တ၀င့် အထောက်အကူပြုနေခြင်းကြောင့် ဖြစ်သည်။

    ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အား အကြပ်ရိုက်အခက်တွေ့နေစေသည့် အဓိကပြဿနာမှာ ကိုယ်ပိုင်သြဇာဖြင့် ရပ်တည်နေသော စစ်တပ်နှင့် ရွေးကောက်ခံအစိုးရတို့အကြား အာဏာချိန်ခွင်လျှာ မညီမျှမှု ဖြစ်ကြောင်း သုတေသီများက ဆိုသည်။ “ကျွန်တော်တို့ တွေ့မြင်ရသလောက်ကတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဒါမှမဟုတ် ဒီမိုကရေစီဖက် ရွေ့လျောမှု မဟုတ်နေဘဲ နှစ်ပင်လိမ်စနစ်တစ်ရပ် ထွက်ပေါ်လာခြင်းပါပဲ။ အဲ့ဒီစနစ်မှာ အစိုးရက နေ့စဉ်လုပ်ငန်းဆောင်တာများကို တာဝန်ယူပြီး၊ စစ်တပ်က အုပ်ချုပ်ရေးပိုင်းအပေါ် ထဲထဲဝင်ဝင် ကိုင်တွယ်ထိန်းချုပ်ထားပါတယ်” ဟု အမည်မဖော်လိုသူ ဒေသခံနိုင်ငံရေးပညာရှင်တစ်ဦးက ပြောပြ၏။

    နိုင်ငံတကာမီဒီယာအချို့၌ ဖော်ပြထားသကဲ့သို့ ပြေလည်သောဆက်ဆံရေး ဆိုသည်ထက် အပြန်အလှန် သံသယကြီးထွားမှု ဒီဂရီ ကြီးမားနေဆဲဖြစ်နေသည်။ နေပြည်တော်အတွင်းစကားတစ်ရပ်အရ ဒေါ်အောင်ဆန်းစုကြည်သည် လိုအပ်လာပါလျှင် ထောင်ပေါင်းများစွာသောလူထုကို လမ်းပေါ်ထွက်လာအောင် ပြုလုပ်နိုင်ကြောင်း စစ်တပ်က သိရှိထားသည်။ တစ်ချိန်တည်းမှာပင် ဒေါ်စုကြည်နှင့် NLD ကလည်း မိမိတို့၏ပြုပြင်ပြောင်းလဲရေး သိမ်မွေ့စွာ ပြီးမြောက်အောင်မြင်လိုလျှင် စစ်တပ်နှင့် လက်တွဲရန် လိုအပ်ကြောင်း သိရှိထားကြ၏။

    သူမသည် စစ်တပ်အား ပြတ်သားစွာ တွန်းအားပေးဆက်ဆံသင့်ကြောင်း လူပေါင်းများစွာက ယုံကြည်ထားသလို၊ ဒေါ်စုကြည်ကလည်း ချိန်ခွင်လျှာထိန်းညှိရေးနှင့် တည်ငြိမ်ရေးအတွက် သတိကြီးစွာ လျှောက်လှမ်းရမည်ဟု ပြတ်ပြတ်သားသား ခံယူထားသည်။ NLD ရှေ့နေကြီး ဦးကိုနီသည် သူမထက်ပင် ပို၍ပြတ်သားသော နည်းလမ်းကို အသုံးပြုသူ နာမည်ကျော် NLD ပါတီဝင်တစ်ဦးဖြစ်၏။ သူသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှေ့တွင် နေ့ခင်းကြောင်တောင် လုပ်ကြံသတ်ဖြတ်ခံလိုက်ရ၏။ NLD အစိုးရ၏ သမ္မတရုံးထုတ်ပြန်ချက်၌ ယင်းလုပ်ကြံမှုအတွက် အငြိမ်းစား ဗိုလ်မှူးကြီးတစ်ဦးအား သံသယရှိသူအဖြစ် ဖော်ပြထား၏။ ထို့ထက် မပိုသေးချေ။

    စစ်တပ်လက်အောက်ခံအသိုင်းအ၀ိုင်းများ ရေးဆွဲပြီး အဓမ္မလူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အမတ်များအားလုံး၏ ၇၅ ရာခိုင်နှုန်းထံမှ မဲရရှိမှသာ ဥပဒေအချက်တစ်ရပ်ရပ်ကို ပြောင်းလဲနိုင်၏။ ဥပဒေပြုအမတ်များအားလုံးအနက် စစ်တပ်မှ တိုက်ရိုက်ခန့်အပ်ထားသည့်သူများက ၂၅ ရာခိုင်နှုန်းအထိ ရှိနေသည်ဖြစ်ရာ စစ်တပ်၏အကျိုးစီးပွား သို့မဟုတ် သြဇာအာဏာအပေါ် ထိပါးနိုင်သော မည်သည့် အဆိုပြုချက်ပင်ဖြစ်စေ အောင်မြင်နိုင်စွမ်း မရှိပါလေတော့။

    သို့တစေ သီးခြားဆွေးနွေးမှုများတွင် ဦးကိုနီက လွတ်တော်တွင်း မဲအများစုဖြင့် ယတိပြတ်ဖျက်သိမ်းရန် မစွမ်းသာနိုင်သော ၂၀၀၈ ဖွဲ့စည်းပုံရှိ စစ်တပ်လက်အောက်ခံဥပဒေရေးဆွဲသူများ၏ အားနည်းလစ်ဟာချက်တို့ကို ထောက်ပြနိုင်ခဲ့သည်။ ဦးကိုနီသည် ယင်းသို့သောမြင်ကွင်းကို စနစ်တကျ လျင်မြန်စွာ အစားထိုးနိုင်မည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်တစ်ရပ်အား တိတ်တဆိတ် ရေးဆွဲဆောင်ရွက်နေစဉ် လုပ်ကြံခံရခြင်းဖြစ်သည်ဟု သတင်း ကျယ်ပြန့်စွာ ထွက်လာလေသည်။

    ဒေါ်စုကြည်၏အစိုးရအဖွဲ့မှာ လွှတ်တော်၏နှောင်ကြိုးမိနေခြင်း၊ ပြုပြင်ပြောင်းလဲရေး အထမမြောက်နိုင်မည့် ဗျူရိုကရက် ကြိုးနီစနစ်ဖြစ်နေခြင်း၊ သူမ၏ ဒီမိုကရက်အုပ်ချုပ်မှုအောက်မှ လူနည်းစုဝင် နိုင်ငံ့တိုင်းရင်းသားများမှာ လူရာမသွင်းမှုနှင့် ပဋိပက္ခဒဏ် ခံနေရခြင်းတို့ကြောင်း ထောက်ခံမှုကျဆင်းလာမှုနှင့်အတူ စစ်တပ်ကလည်း လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ နိုင်ငံရေးအရ တစ်ကျော့ပြန်ဝင်ရောက်ရန် ပြင်ဆင်သည့် နိမိတ်လက္ခဏာများ ပေါ်လွင်လာပါသည်။

    စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ ထိုအချိန်တွင် အငြိမ်းစားယူပြီဖြစ်ပြီး စစ်တပ်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ခေါင်းစဉ်အောက်မှ သမ္မတ သို့မဟုတ် ဒုသမ္မတနေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်ရန် အသင့်ပြင်ဆင်ထားပြီဖြစ်သည်။ ၎င်း၏စစ်တပ်သည် လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုများကြောင့် အကျယ်တ၀င့် ဝေဖန်ရှုတ်ချခံနေရသည့်တိုင် သူသည် နိုင်ငံတကာအသိုင်းအ၀ိုင်းကို ထိုးဖောက်ဆက်ဆံနိုင်သူ ဖြစ်နေသည်။ ၎င်းအပြင် ယခင် စစ်ဦးစီးချုပ်များထက် ပိုမိုပွင့်လင်းပြီး နည်းလမ်းရှာကြံတတ်သူအဖြစ် လူအများအပြားက အမြင်ရှိကြသည်။

    သာယာဝပြောသော မြန်မာနိုင်ငံတော်သစ်သို့ အလျင်အမြန် တက်လှမ်းနိုင်အောင် လက်ရှိအစိုးရ၏ မစွမ်းဆောင်နိုင်မှုအပေါ် ဒေါ်စုကြည် တစ်ဦးတည်းသာလျှင် တာဝန်ရှိသည် မဟုတ်။ သူမ၏သြဇာ မလွှမ်းနိုင်သော စစ်တပ်က သူမ၏ ငြိမ်းချမ်းရေးမောင်းနှင်မှုကို လက်နက်ကိုင်တိုင်းရင်းသားများအပေါ် စော်ကားချက်အသစ်များဖြင့် – ပြန်လည်ပြုပြင်ရေးအပေါ် ဗျူရိုကရေစီစနစ်ကိုင်စွဲကျင့်သုံးနေခြင်းအားဖြင့် တားဆီးနှောင့်ယှက်ထိုးနှက်လျက် ရှိနေည်။

    အဆိုပါ နည်းဗျူဟာများ ရှေ့ဆက်သွားနေပါလျှင် – သို့သာမက မဲဆန္ဒရှင်အများအပြားက မျှော်လင့်စောင့်စားနေသော ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားညီညွတ်မှုကို အောင်မြင်အောင် မဖော်ဆောင်နိုင်ပါလျှင် – ရာစုနှစ်ဝက်မက စစ်သားများ လွှမ်းမိုးထားသည့ နိုင်ငံရေးဇာတ်စင်ထက်ဝယ် ဒေါ်စုကြည်မှ ကာလရှည် စောင့်စားနေခဲ့သော အုပ်ချုပ်ရေးစနစ်မှာ လိုရင်းပျောက်သည့် ကောက်ရိုးမီး ကြားဖြတ်ဖျော်ဖြေရေးတစ်ခုမျှသာ ဖြစ်သွားပေတော့မည်။
    ××××××××××

    (Bertil Lintner ၏ Suu Kyi falls short of great expectations ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။)

  • ရခိုင်အရေး ကုလ၏ စွပ်စွဲချက်များမှာ ဘက်လိုက်ပြီး မျှတမှုမရှိဟု ဦးဝင်းထိန်ပြော

    ရခိုင်အရေး ကုလ၏ စွပ်စွဲချက်များမှာ ဘက်လိုက်ပြီး မျှတမှုမရှိဟု ဦးဝင်းထိန်ပြော

    မတ် ၁၊ ၂၀၁၇
    M-Media

    ရဲတပ်ဖွဲ့က ရိုဟင်ဂျာအရပ်သားများကို ထိုးနှက်ကန်ကျောက်နေသည့် ဗီဒီယိုမှ မြင်ကွင်းတစ်ခု။ မြန်မာအစိုးရ ထိုကဲ့သို့ ကျူးလွန်သည့်ရဲများကို အရေးယူထားသည်ဟု ပြောကြားထားသည်။

    – ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာ၏ ဖိအားများ မြင့်တက်လာမှုကို NLD အကြီးတန်းအဖွဲ့ဝင် ဦးဝင်းထိန်က ပယ်ချလိုက်ပြီး ရိုဟင်ဂျာမွတ်စလင်များ ညှင်းပမ်းနှိပ်စက်ခံရမှုများ ရှိနေသည်ဆိုသည့် စွပ်စွဲချက်များမှာ ‘ဘက်လိုက်ပြီး တရားမျှတမှုမရှိ’ ဟု ပြောကြားလိုက်သည်။

    နယ်ခြားစောင့်စခန်းများ တိုက်ခိုက်ခံခဲ့ရပြီးနောက် အစိုးရစစ်တပ်နှင့် ရဲတပ်ဖွဲ့၏ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၄ လတာကြာမြင့်နေသည့် စစ်ဆင်ရေးအတွင်း လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ ရှိနိုင်သည်ဟု ကုသမဂ္ဂက ပြောကြားထားသည်။

    မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ယန်ဟီးလီမှာ ရခိုင်မြောက်ပိုင်း မတည်ငြိမ်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည့် ရိုဟင်ဂျာ ၇၀၀၀၀ ကျော်ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သွားရောက်ကြည့်ရှုခဲ့ပြီး ၎င်းတို့ ညှမ်းပမ်းနှိပ်စက်မှုများအတွက် တရားဝင် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရန် လာမည့်တစ်ပတ်တွင် တိုက်တွန်းဖွယ် ရှိနေသည်။

    “ယန်ဟီးလီလုပ်နေတာတွေက မမျှတပါဘူး။ ဘက်လိုက်မှုရှိပါတယ်။ ဒီလို မမျှတတဲ့ အစီရင်ခံစာအတွက် ကျွန်တော်တို့ ဂရုမစိုက်ပါဘူး။ ဂရုမစိုက်သလို၊ စိတ်လည်းမပူပါဘူး” ဟု ဦးဝင်းထိန်က ယနေ့တွင် AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    မြန်မာအစိုးရက ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာမှ စွပ်စွဲထားသကဲ့သို့ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များ ကျူးလွန်မှု မရှိဟု ပြောဆိုထားပြီး၊ ယမန်နေ့က ပြုလုပ်ခဲ့သည့် စစ်တပ်၏ သတင်းစာရှင်းလင်းပွဲတွင် မိမိတို့ တပ်ဖွဲ့ဝင်များမှာ ဥပဒေအတိုင်း ဆောင်ရွက်ခြင်းဖြစ်သည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

    ဒုတိယသမ္မတ ဦးမြင့်ဆွေဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခုကို မြန်မာအစိုးရက ဖွဲ့စည်းထားပြီး လူ့အခွင့်အရေးအဖွဲ့များနှင့် ကုလကမူ ထိုအဖွဲ့မှ မည်သည့်လုပ်ဆောင်နိုင်စွမ်းမှ မရှိဟု ပြောကြားထားသည်။

    အမည်မဖော်လိုသည့် ကော်မရှင်၏ အဖွဲ့ဝင်တစ်ဦးက ၎င်းတု့အဖွဲ့မှာ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ကုလက လူသားထုအပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများ ရှိသည်ဆိုသည့် စွပ်စွဲချက်မှာ ‘တစ်ဖက်သက်စွပ်စွဲချက်’ ဖြစ်သည်ဟု ဆိုကာ ပယ်ချခဲ့သည်။

    စစ်တပ်နှင့်ရဲတပ်ဖွဲ့တို့ကလည်း ထိုကိစ္စရပ်များအတွက် သီးခြား စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းကာ စုံစမ်းနေသည်။

    Ref: Yahoo

  • ဖိနှိပ်မှုမှ လွတ်မြောက်သော်လည်း မလုံခြုံသေးသည့် ရိုဟင်ဂျာ အမျိုးသမီးများ

    ဖိနှိပ်မှုမှ လွတ်မြောက်သော်လည်း မလုံခြုံသေးသည့် ရိုဟင်ဂျာ အမျိုးသမီးများ

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇
    M-Media

    လူကုန်ကူးခံရသူများလက်မှ အမျိုးသားတစ်ဦးက ၀ယ်ယူလက်ထပ်ခဲ့ပြီး နှိပ်စက်မှုကြောင့် မိဘထံသို့ ထွက်ပြေးလာရသည့် ရိုဟင်ဂျာအမျိုးသမီးငယ်တစ်ဦး။ ချီထားသောကလေးမှာ ၎င်း၏ ညီမ ဖြစ်သည်။

    – စိမ်းပြာရောင် ခေါင်းဆောင်းပုဝါကို ၀တ်ဆင်ထားသည့် ပိန်ပိန်ပါးပါး မိန်းကလေးငယ်တစ်ဦးက အကြမ်းဖက်မှု ဖြစ်ပွားရာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ မလေးရှားသို့ ထွက်ပြေးလာရသည့်အချိန် ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောင်းပြောပြရင်း မျက်ရည်ပေါက်ပေါက် ကျလာခဲ့သည်။ ထိုစဉ်က အသက် ၁၂ နှစ်အရွယ်သာရှိသေးသည့် သူမမှာ မမြင်ဖူးသည့် အမျိုးသားတစ်ဦးနှင့် အတင်းအဓမ္မ လက်ထပ်ပေးခြင်းခံခဲ့ရသည်။ ထိုအမျိုးသားက သူမထက် အသက် ၁၀ နှစ်ကျော် ပိုကြီးသည်။

    အသက် ၁၃ နှစ်သာ ရှိခြင်းကြောင့် Reuters သတင်းဌာနက သူမ၏အမည်ကို မဖော်ပြ။ သူမှာ ရခိုင်ပြည်နယ်မှ ညှင်းပမ်းနှိပ်စက်ခြင်း၊ အကြမ်းဖက်ခြင်း၊ ခွဲခြားဆက်ဆံသော အခြေအနေများမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ထွက်ပြေးလာရသည့် အခြားသော ရိုဟင်ဂျာမိန်းကလေးငယ်နည်းတူ မလေးရှားရှိ ရိုဟင်ဂျာ အမျိုးသားများနှင့် လက်ထပ်ရန် ရောင်းစားခံရသူများထဲမှ တစ်ဦးလည်းဖြစ်သည်။

    မလေးရှားသို့ ထွက်ပြေးရာတွင် မိသားစုနှင့် ကွဲသွားပြီးနောက် လူကုန်ကူးသူများ၏လက်ထဲ ရောက်သွားပြီး ထိုင်း-မလေးရှား နယ်စပ်အနီး ကြမ်းတမ်းညစ်ပတ်သော တောတွင်းစခန်းတစ်ခုတွင် အခြားသူများနှင့်အတူ ရက်သတ္တပတ်အနည်းငယ် ထိန်းသိမ်းခံခဲ့ရသည်ဟု သူမကဆိုသည်။ ဖမ်းထားသူများက ရိုဟင်ဂျာအမျိုးသားတစ်ဦးမှာ ၎င်းအား လက်ထပ်ကာ လွတ်မြောက်စေရန် ဆန္ဒရှိနေသည်ဟု ပြောကြားခဲ့သည်။

    “အေးဂျင့် (လူကုန်ကူးသူ) က လူတစ်ယောက်ဆီ ရောင်းလိုက်ပြီလို့ ကျွန်မကို ပြောတော့၊ ကျွန်မက ရှင်ဘာလို့ အဲလို လုပ်ရတာလဲလို့ ပြန်မေးခဲ့တယ်။ ကျွန်မ ၀မ်းနည်းမိပြီး ကြောက်လည်းကြောက်ပါတယ်” ဟု အဆိုပါ မိန်းကလေးက ကွာလာလမ်ပူတွင်ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

    ထိုဇာတ်လမ်းနှင့်ပတ်သက်၍ Reuters သတင်းဌာနက သီးခြားအတည်ပြု၍ မရသော်လည်း သူမ၏ မိခင်က သမီးဖြစ်သူမှာ မလွတ်မြောက်ခင် တောထဲရှိ စခန်းတွင် သီတင်းပတ်အနည်းငယ် ထိန်းသိမ်းခံခဲ့ရသည်ဟု အတည်ပြုခဲ့သည်။

    ယခု မိန်းကလေးငယ်၏ ဒုက္ခမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ၀င်ရာက်လာသူများဟု မြန်မာအစိုးရက မှတ်ယူထားပြီး၊ ကန့်သတ်အခွင့်အရေးသာပေးထားသည့် လူနည်းစု ရိုဟင်ဂျာမွတ်စလင်အများအပြား ရင်ဆိုင်ကြုံတွေ့နေရသည့် ခက်ခဲကြမ်းတမ်းမှုများ၏ တစ်စွန်းတစ်စ မြင်ကွင်းသာဖြစ်သည်။

    ၂၀၁၂ ခုနှစ်ကတည်းက အကြမ်းဖက်တိုက်ခိုက်မှု၊ လူမျိုးစု ပဋိပက္ခများကြောင့် ရာနှင့်ချီသော ရိုဟင်ဂျာများ သေဆုံးခဲ့ပြီး ထောင်သောင်းချီမှာလည်း မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ထွက်ပြေးခိုလှုံခဲ့ရသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် လတ်တလော ပြုလုပ်ခဲ့သည့် စစ်ဆင်ရေး၌လည်း လုံခြုံရေးတပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အုပ်စုဖွဲ့ အဓမ္မကျင့်ခြင်း၊ ရွာများအား မီးရှို့ခြင်းတို့ ပြုလုပ်နေသည်ဟု ယခုလအစောပိုင်းက ကုလမှ ထုတ်ပြန်ခဲ့သည့် စုံစမ်းစစ်ဆေးမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။

    မလေးရှားလည်း ဝေဖန်ခံရ

    မြန်မာနိုင်ငံမှ ထွက်ပြေးလာရသည့် ရိုဟင်ဂျာအမျိုးသမီးများမှာ ၎င်းတို့ ခိုလှုံရာနိုင်ငံမှ ရိုဟင်ဂျာအမျိုးသားများကို လက်ထပ်ရမှုမှာ ပုံမှန်လိုလိုဖြစ်နေပြီး၊ ထိုလက်ထပ်ထိမ်းမြားမှုကို များသောအားဖြင့် မိသားစုများက စီစဉ်ခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ဆိုကြသည်။ ထိုထိမ်းမြားမှုအချို့တွင် အသက်မပြည့်သေးသော ကလေးငယ်များလည်း ပါဝင်လေသည်။

    သို့သော်လည်း လူကုန်ကူးသူများ၏ သားကောင်ဖြစ်ကာ ရိုဟင်ဂျာအမျိုးသားများထံသို့ ရောင်းစားခံရသည့် အမျိုးသမီးငယ် အရေအတွက်မှာလည်း တိုး၍ လာနေသည်။

    အရှေ့တောင်အာရှအခြေစိုက် ပြောင်းရွှေ့အခြေချသူနှင့် ဒုက္ခသည် ကာကွယ်စောင့်ရှောက်ရေအဖွဲ့ Fortify Rights မှ အမှုဆောင်ဒါရိုက်တာ မက်သယူး စမစ်က ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်မှု မြင့်တက်လာပြီးနာက်ပိုင်း ကလေးသတို့သမီးအရေအတွက်မှာလည်း သိသိသာသာ မြင့်တက်လာသည်ကို မိမိတို့အဖွဲ့က တွေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်။

    လက်ထပ်ရန်အတွက် အမျိုးသမီးငယ် မည်မျှ ရောင်းစားခံခဲ့ရသည်ဆိုသည့် တရားဝင်အချက်အလက်များမရှိ။ ၂၀၁၅ ခုနှစ်တွင် UNHCR မှ ထုတ်ပြန်သော အစီရင်ခံစာတစ်ခု၌ မလေရှား၌ ရိုဟင်ဂျာ ကလေးသတို့သမီး ၁၂၀ ခန့်ရှိသည်ဟု ဖော်ပြထားပြီး ၎င်းတို့ထဲမှ မည်မျှမှာ လူကုန်ကူးမှု၏ သားကောင်များ ဖြစ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရဟု ဆိုသည်။

    ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှု၊ ရိုဟင်ဂျာတို့၏ ဒုက္ခသုက္ခအပေါ် ကိုင်တွယ်မှုနှင့်ပတ်သက်၍ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ပြီးခဲ့သည့်လအနည်းငယ်အတွင်း မြန်မာအစိုးရအား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

    သို့သော်လည်း ကုလ၏ ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်တွင် လက်မှတ်ရေးထိုးထားခြင်းမရှိသည့် မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာများကို တရားဝင်အလုပ်လုပ်ခွင့်၊ ကျန်းမာရေး စောင့်ရှောက်မှု ရယူပိုင်ခွင့်၊ ပညာသင်ကြားခွင့် စသည်တို့မပေးဘဲ တရားမ၀င် ရွှေ့ပြောင်းလာသူများအဖြစ် ဆက်ဆံနေခြင်းကြောင့် ခိုလှုံလာသူ ရိုဟင်ဂျာများကို နှိပ်စက်မှုတွင် ကြံရာပါဖြစ်နေသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ဆိုကြသည်။ ရိုဟင်ဂျာများမှာ စားသောက်ဆိုင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် တရားမ၀င်အလုပ်လုပ်ကာ ဆင်းဆင်းရဲရဲဖြင့် နေကြရသည်။

    မလေးရှားအစိုးရက ရိုဟင်ဂျာ ၃၀၀ ခန့်ကို အလုပ်ပေးရန် အစီအစဉ်ကို ယခုလတွင် စတင်ခဲ့ပြီး လူ့အခွင့်အရေးအဖွဲ့များကလည်း ထိုလုပ်ရပ်ကို ကြိုဆိုခဲ့သည်။

    အသက်မပြည့်သူများ လက်ထပ်မှုကို ခွင့်ပြုထား

    မွတ်စလင်အများစုရှိရာ မလေးရှားနိုင်ငံတွင် အသက်မပြည်သူများ လက်ထပ်မှုကို (ခြွင်းချက်ဖြင့်) ခွင့်ပြုထားသည်။ အသက် ၁၆ နှစ်အောက် မွတ်စလင်မိန်းကလေငယ်များမှာ ရရှီအာခုံရုံး၏ ခွင့်ပြုချက်ကို ယူ၍ အိမ်ထောင်ပြုခွင့်ရှိသည်။ သို့သော်လည်း အသက်မပြည့်သေးသည့် ရိုဟင်ဂျာမိန်းကလေးများ လက်ထပ်မှုတွင်တော့ အဆိုပါ ခုံရုံးက ပါဝင်ပတ်သက်ခြင်းမရှိ။ ရိုဟင်ဂျာ အီမာမ်များက စီစဉ်ကြပြီး၊ လက်ထပ်စာချုပ်ကလည်း မလေးရှားဥပဒေအရ တရားဝင်သည့်ဆိုသည့် ဖော်ပြချက်မျိုး မပါဝင်။

    ဆောင်းပါးအစတွင် ဖော်ပြထားသည့် မိန်းကလေးမှာ လက်ထပ်ပြီးနောက် မလေးရှားအရှေ့ဘက် ကမ်းရိုးတမ်းမြို့ဖြစ်သော ကွမ်တန်သို့ ခေါ်ဆောင်သွားခြင်းခံရပြီး၊ ခင်ပွန်းဖြစ်သူက ၎င်းအား ချုပ်ချယ်ကာ နှိပ်စက်မှုပြုသည်ဆိုသည်ကို သိပ်မကြာမီပင် သိလိုက်ရသည်။ သူမ၏ မိုဘိုင်းဖုန်းကို သိမ်းပိုက်လိုက်ပြီး၊ မိသားစုနှင့်လည်း တွေ့ခွင့်မပေးတော့။ ရက်ပေါင်းများစွာ အိမ်ထဲတွင် တစ်ယောက်တည်းနရသည်။

    လက်ထပ်ပြီး ၈ လအကြာတွင်တော့ သူမမှာ မိဘများ၊ မောင်နှမ ၄ ဦးနှင့် အဆက်အသွယ်ပြန်ရသည်။ ဖခင်ဖြစ်သူက ကွမ်တန်သို့လာပြီး သူမကို ကယ်ထုတ်သွားသည်။

    သူမ၏ ခင်ပွန်းဖြစ်သူက ယခုအဖြစ်အပျက်အတွက် ဖုန်းဖြင့်မေးမြန်းမှုကို ဖြေကြားခြင်းမပြုခဲ့။

    လက်ရှိတွင် သူမမှာ ကွာလာလာမ်ပူမြို့ ဆင်ခြေဖုံး ရွာငယ်လေးမှ အခန်းကျဉ်းလေးထဲတွင် မိသားစုနှင့်အတူ နေထိုင်ရသည်။

    ဘေးကင်းပြီလားဟု မေးမြန်းသည့်အခါတွင်တော့ ကွာရှင်းမပေးသည့်ခင်ပွန်းထံ ပြန်ကောင်းပြန်ရနိုင်သည်ကို ကြောက်ရွံ့နေသည်ဟု ပြောကြားခဲ့သည်။

    ရိုဟင်ဂျာဒုက္ခသည်တစ်ယောက်ဖြစ်ပြီး ရိုဟင်ဂျာ အမျိုးသမီး ဖွံ့ဖြိုးရေးကွန်ယက်ကို ဖွဲ့စည်းတည်ထောင်ခဲ့သူ ရှရီဖာ ရှာကီရာက ရိုဟင်ဂျာများမှာ မလေးရှားတွင် တရားဝင်အခြေအနေမျိုးမဟုတ်ဘဲ၊ ၎င်းတို့၏ လက်ထပ်ထိမ်းမြားမှုမှာလည်း အစိုးရ၏ တရားဝင်အသိအမှတ်ပြုခြင်းကို မခံရဟု ပြောကြားခဲ့သည်။ ထိုအချင်းအရာက ကလေးများ ပါဝင်နေသည့်အတိုင်အောင် အိမ်တွင်းအကြမ်းဖက်မှုဖြစ်စဉ်တွင် ဥပဒေစိုးမိုးရေးအဖွဲ့များက ၀င်ရောက်ဖြေရှင်းရန် ခက်ခဲစေသည်ဟု ဆိုသည်။

    “သူတို့ (ရိုဟင်ဂျာ)တွေက တရားဝင် အခြေအနေမျိုး မဟုတ်တာကြောင့် ရှေ့နေတွေ၊ ရဲတပ်ဖွဲ့တွေကို အကူအညီတောင်းတာဟာ မလွယ်ပါဘူး။ အသက်မပြည့်သေးသူတွေ လက်ထပ်တဲ့ အဖြစ်အပျက်တွေကို တိုင်ကြားတာတောင်မှ ရဲတပ်ဖွဲ့က အရေးမယူပါဘူး” ဟု ရရှီဖာက ပြောကြားခဲ့သည်။ သူမမှာ ရိုဟင်ဂျာ အမျိုးသမီးများအား အကြံပေးမှုနှင့် ကူညီမှုများကို ပြုလုပ်ပေးနေသည်။

    ဂုဏ်သိက္ခာရှိသောဘဝ

    ကုလသမဂ္ဂ၏ အချက်အလက်များအရ မလေးရှားတွင် နေထိုင်သည့် ရိုဟင်ဂျာအရေအတွက်မှာ ၅၆၀၀၀ ခန့် ရှိနေသည်ဟုဆိုသည်။ ပြောင်းရွှေ့အခြေချသူ အဖွဲ့များက အထောက်အထားမရှိသူ အများအပြား ရှိနေသောကြောင့် အရေအတွက်မှာ ပိုမိုမြင့်မားနိုင်သည်ဟု ပြောကြားခဲ့သည်။ ရိုဟင်ဂျာလူ့အဖွဲ့အစည်းက မြို့တော် ကွာလာလမ်ပူ တစ်ဝိုက်ရှိ ချို့တဲ့သည့် ဆင်ခြေဖုန်းများတွင် နေထိုင်နေရသည်။

    Reuters သတင်းဌာနက အင်တာဗျူးခဲ့သည့် အမျိုသားများက ဖယ်ထုတ်ခြင်းခံထားရပြီး၊ လူဦးရေနည်းပါးသည့် ၎င်းတို့ လူ့အဖွဲ့အစည်းတွင် လူငယ်အမျိုသားများအတွက် အိမ်ထောင်ဖက်တစ်ယောက် ရှာဖွေခြင်း၊ မိသားစုတစ်ခု ထူထောင်ခြင်းက ၎င်းတို့၏ လူမှုအဆင့်အတန်းကို တိုးတက်စေရန်၊ ပုံမှန်ဘ၀တစ်ခုကို ဖန်တီးရန် နည်းလမ်းတစ်ခု ဖြစ်နေသည်ဟု ဆိုသည်။

    မလေးရှားရှိ ရိုဟင်ဂျာ လူ့အဖွဲ့အစည်းတွင် အသက်ပြည့်သည့် အမျိုးသမီးများ ရှားပါးခြင်းက ကလေးသတို့သမီးများကို တောင်းဆိုမှုကို ဖြစ်ပေါ်လာစေပြီး၊ အချို့သောမိသားစုများကလည်း လက်ထပ်ခြင်းက မိသားစု ၀န်ထုတ်ဝန်ပိုး လျှော့ချစရာ နည်းလမ်းတစ်ခုအဖြစ် ရှုမြင်နေကြသည်ဟု ကလေး ၃ ဦးနှင့် ကွာလာလမ်ပူတွင် နေထိုင်နေသည့် အသက် ၂၃ နှစ်အရွယ် ဘီလာလ် ဟိုစိုင် ရှာမီယာက ပြောကြားခဲ့သည်။ ၎င်း၏ ညီမဖြစ်သူမှာလည်း ကလေးသူတို့သမီး ဖြစ်နေသည်။

    အလီဟုသာ သိရသည့် လူပွဲစားဟောင်းဖြစ်သူက ရိုဟင်ဂျာ ကလေးသူတို့သမီးများ၏ တောင်းဆိုမှုမှာ မြင့်မားနေသည်ဟု Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။ လူကုန်ကူးအဖွဲ့များမှာ မိန်းကလေးငယ်တစ်ဦးအား မိသားစုဆီပြန်ပို့ခြင်း၊ သို့မဟုတ် အမျိုးသားတစ်ဦးထံ ရောင်းစားခြင်းတို့မှ မလေးရင်းဂစ် ၇၀၀၀ အထိ ရရှိကြသည်။

    အလီမှာ ထိုင်း-မလေးရှား နယ်စပ်အနီး တောထဲမှ လူကုန်ကူးစခန်းကို အစောင့်လုပ်ပေးခဲ့ဖူးသည်။ တစ်ဦးတည်းသွားလာသော၊ သို့မဟုတ် မိသားစုက ငွေပေးရန် မတတ်နိုင်သော အမျိုးသမီးများ၊ မိန်းကလေးငယ်များမှာ ရောင်းစားခံရသည် အလီက ဆိုသည်။

    “အသက် ၁၅ နှစ် ၁၆ နှစ်လောက်ရှိတဲ့ ကောင်မလေးတွေလည်း ပါတယ်ဗျ။ သူတို့မှာ ရွေးချယ်စရာ မရှိတော့ဘူး”

    အသက် ၁၈ နှစ်အရွယ် ယာစမင်း ဇိုကီရ် အဟ်မဒ်က ကွာလာလမ်ပူတွင် မြက်ရိတ်သော သူမ၏ခင်ပွန်းမှာ လွန်ခဲ့သည့် ၂ နှစ်အရင် လူကုန်ကူးသူကို ရင်းဂစ် ၃၅၀၀ ပေး၍ သူမအား လက်ထပ်ခဲ့ပုံကို ပြန်ပြောင်းပြောပြခဲ့သည်။

    သူမ မလေးရှားသို့ ရောက်ရှိရန် ၉ လ ကြာမြင့်ခဲ့ပြီး ဆိုးရွားသော ထိုခရီးစဉ်တွင် ရေလမ်းခရီး၊ ကြမ်းတမ်းသော တောလမ်းခရီးတို့ကို ဖြတ်သန်းခဲ့ရကာ အငတ်ငတ်အပြတ်ပြတ် ဖြစ်ခဲ့ရသည်။

    “ကျွန်မ ရွေးစရာမရှိပါဘူး။ ဖေးမမှု၊ ကာကွယ်မှု လိုအပ်တာကြောင့် သူ့ကို လက်ထပ်ခဲ့ရတာပါ။ ဂုဏ်သိက္ခာရှိစွာနဲ့ အသက်ရှင်နေထိုင်ချင်တယ်လေ” ဟု ယာစမင်းကဆိုပြီး၊ သူမ၏ ခင်ပွန်းကတော့ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့လေသည်။

    Ref: CNA

  • မြန်မာပြည်မြောက်ပိုင်းမှ မငြိမ်းချမ်းသေးသည့် ဘ၀များ

    မြန်မာပြည်မြောက်ပိုင်းမှ မငြိမ်းချမ်းသေးသည့် ဘ၀များ

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၇
    M-Media

    – မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ဒီဇင်ဘာလမှစ၍ လက်နက်ကိုက် ပဋိပက္ခများ အရှိန်မြင့်လာကတည်းက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတို့ကြောင့် လူပေါင်း ၇၀၀၀ နီးပါးမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    ထိုကဲ့သို့ ထွက်ပြေးရသူများတွင် ကိုယ်ဝန်ဆောင်ထားသူ အမျိုးသမီးက ၂၆၀ ဦး ပါဝင်သည်။ ထွက်ပြေးသူ အများစုမှာ လမ်းဘေးများတွင် အိပ်စက်ကြရပြီး နားခိုစရာနေရာ ရှာမတွေ့ကြ။ လိုအပ်ချက်ကလည်း များပြားလေသည်။

    ဒေသက စစ်မက်ဇုန်ဖြစ်နေပြီး၊ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်း၊ လမ်းကြောင်းများ ဘေးကင်းမှုမရှိခြင်းတို့က လိုအပ်နေသူများထံ အကူအညီများရောက်ရှိရန် အဟန့်အတား ဖြစ်နေသည်။

    ဒေသတွင်း လူသားချင်းစာနာထောကထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့ဖြစ်သော Health Poverty Action မှတစ်ဆင့် UNFPA မှာ မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှု၊ တစ်ကိုယ်ရည်သန့်ရှင်းရေးပစ္စည်းများကို ကိုယ်ဝန်ဆောင်များ၊ နိုက်တိုက်မိခင်များနှင့် ကျန်းမာရေးချို့တဲ့သည့် အမျိုးသမီးများထံသို့ တိုက်ခိုက်မှုများကို မမှုဘဲ ပေးပို့ခဲ့သည်။

    အမျိုးသမီးများက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအ၀င် အကြမ်းဖက်ခံရမည့် အန္တရာယ်ကို နေ့ရောညပါ ခံစားနေရသည်။ အန္တရာယ်မြင့်မားသည့် အခြေအနေတွင် ခိုးကိုးရာနေရာ၊ လုံခြုံမှု၊ ကာကွယ်စောင့်ရှောက်မှုမရှိဘဲ အညစ်အြေးစွန့်ရခြင်း၊ လစဉ် ဓမ္မတာကာလကို ရင်ဆိုင်ရခြင်းတို့လည်း ပါဝင်သည်။

    အန္တရာယ်ရှိနေ

    ထွက်ပြေးနေရသူများမှ အချို့မှာ တိုက်ခိုက်မှုများနှင့်ဝေးရာ ဒုက္ခသည်စခန်းများကို ရောက်ရှိကြသည်။ ၎င်းတို့မှာ ဟောခန်းမကြီးထဲတွင် ရောနှော နေထိုင်ရပြီး၊ သံမံသလင်းတွင် အိပ်စက်ကြရသည်။

    တိုက်ခိုက်မှုများကြောင့် ထွက်ပြေးလာရသည့် ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသည့် ထောင်နှင့်ချီသော ဒုက္ခသည်များမှာ တိုက်ခိုက်မှုက ၎င်းတို့နေထိုင်ရာစခန်းနှင့် နီးလာသည့်အခါတွင် ထပ်မံထွက်ပြေးရသည်။ အလွန်စိုးရိမ်သောကရောက်စရာ ထိုအခြေအနေတွင် တစ်ကိုယ်ရည်လုံခြုံရေး ကင်းမဲ့မှု ပေါင်းစပ်လိုက်သည့်အခါ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အကြမ်းဖက်မှုကို ခံရရန် အလားအလာမှာ ပိုမိုမြင့်တက်လာခဲ့သည်။

    “ကိုယ့်ပြဿနာကို ဖြေရှင်းဖို့ တောထိုင်ရတဲ့အခါတိုင်း၊ ပိတ်စရာ တံခါးမရှိဘဲ အိပ်စက်ရတဲ့အခါတိုင်း အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်လေးတွေဟာ စော်ကားခံရမှုကို ကြောက်ရွံ့နေကြရပါတယ်” ဟု UNFPA ၏ မြေပြင်တာဝန်ရှိသူ ကျော်ဝေအောင်က ပြောကြားခဲ့သည်။ ၎င်းမှာ ဆာဒွန်မြို့ရှိ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ အမျိုးသမီးများကို တစ်ကိုယ်ရည် သန့်ရှင်းရေး ပစ္စည်းများကို ဝေငှပေးနေသူဖြစ်သည်။

    အမျိုးသမီးများ ညဘက်တွင် ဘေးအန္တရာယ်ကင်းရှင်းမှု တိုးတက်စေရန်အတွက် Kachin Baptist Convention ၏ အကူအညီနှင့်အတူ UNFPA မှာ နေစွမ်းအင်သုံး မီးအိမ်များကိုလည်း ဝေငှပေးခဲ့သည်။ ပဋိပက္ခဇုန်အတွင်း အစိုးရက ထိန်းချုပ်ထားသော ဒေသများ၊ အစိုးရ၏ ထိန်းချုပ်ထားမှုမရှိသော ဒေသများရှိ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသည့် အမျိုးသမီးများအတွက် စိတ်ပိုင်းဆိုင်ရာ ကူညီမှုကိုတော့ UNFPA က Metta Development Foundation အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေသည်။

    သွေးပျက်စရာ

    အသက် ၄၄ နှစ်အရွယ် Hpauyam Kaw Mai မှာ မတည်မငြိမ်ဖြစ်နေသည့် မာဂါယန်း ဒုက္ခသည်စခန်းမှ ဖူမလမ်ယန်ုးက္ခသည်စခန်းသို့ ထွက်ပြေးလာခဲ့သည်။ အသက် ၄ နှစ် ၆ နှစ်နှင့် ၇ နှစ်အရွယ် သားသမီး ၃ ဦး၊ မသန်စွမ်းဖြစ်နေသော အမျိုးသားနှင့်အတူ ထွက်ပြေးရန် မလွယ်သောကြောင့် သူမမှာ မာဂါယန်း ဒုက္ခသည်စခန်းမှ နောက်ဆုံး ထွက်သူများတွင် ပါဝင်ခဲ့သည်။

    “သေနတ်သံတွေ၊ ကျွန်မတို့ဆီလာနေတဲ့ ကျည်ဆံတွေကြားထဲမှာ ကလေးတွေကို ကျွန်မတို့ သိပ်ရတယ်။ အစားအစာကလည်း မလုံလောက်ဘူး။ စားစရာမရှိတဲ့ရက်တွေ ဘယ်လောက်ကြာခဲ့သလဲဆိုတာတောင် ကျွန်မ မမှတ်မိတော့ပါဘူး။ ကလေးတွေ ဘယ်လိုဖြစ်ခဲ့သလဲဆိုတာလည်း ကျွန်မ မသိပါဘူး။ ကျွန်မတို့ ဘီစက်စနည်းနည်းရတဲ့ အချိန်မှာတောင်မှ သူတို့ မစားကြတော့ပါဘူး” ဟု Hpauyam Kaw Mai က ဖွင့်ဟခဲ့သည်။

    မာဂါယန်းဒုက္ခသည်စခန်းတွင် ခိုလှုံနေသူ ၃ ပုံ ၂ ပုံခန့် စခန်းမှ ထွက်သွားကြသည့်အခါ Kaw Mai မှာ အဆင့်သင့်ပြင်ထားရန် အသိပေးခံခဲ့ရသည်။ သူမက အထုတ်အပိုးများ၊ ရွက်ဖျင်များနှင့် ခိုလှုံနေထိုင်ရေး အခြားပစ္စည်းများကို ထုတ်ပိုးခဲ့သည်။ လုံခြုံရာနေရာသို့ မရောက်မီ ၎င်းတို့မှာ အေးခဲလှသော ရာသီဥတုတွင် ၂ ညခန့် ဟင်းလင်းပြင်၌ အိပ်စက်ခဲ့ရသည်။ ဖူမလန်ယန်း ဒုက္ခသည်စခန်းသို့ ရောက်ရှိသည့်အခါတွင် Kaw Mai မှာ နေမကောင်းဖြစ်ခဲ့ရပြီး မိသားစုအား စောင့်ရှောက်ရန် ရုန်းကန်ခဲ့ရသည်။

    သူမကမှာ လက်ရှိတွင် UNFPA ၏ ကျောထောက်နောက်ခံပြုထားသည့် စိတ်ပိုင်းဆိုင်ရာ ပြုစုကုသမှုကို ခံယူနေရသည်။

    “ကျွန်မ သိပ်အားငယ်ပါတယ်။ ဘယ်သွားရမှန်း၊ ဘာလုပ်ရမှန်းလည်း ကျွန်မ မသိဘူး။ ထင်းကို ဘယ်နေရာကနေ သွားကောက်ရမလဲဆိုတာတောင် ကျွန်မ မသိပါဘူး။ ဒီလို ရုန်းကန်ရမှုကို ကျွန်မ ကြာကြာ တောင့်မခံထားနိုင်တော့ဘူး။ အသက်မဲ့သွားလောက်အောင် မောပမ်းနွမ်းနယ်နေပါပြီ”

    Ref: unfpa.org