News @ M-Media

Tag: Minority In Myanmar

  • သစ္စာတရား၊ မုသာဝါဒ နှင့် ဒေါ်အောင်ဆန်းစုကြည်

    သစ္စာတရား၊ မုသာဝါဒ နှင့် ဒေါ်အောင်ဆန်းစုကြည်

    ဇန်န၀ါရီ ၂၉၊ ၂၀၁၇
    M-Media

    -မြန်မာနိုင်ငံမှ လူနည်းစုဝင်ရိုဟင်ဂျာများကို ရက်စက်စွာပြုမူဆက်ဆံမှုများရှိမရှိနှင့်ပတ်သက်သော အဆုံးသတ်အစီရင်ခံစာအတွက် မြန်မာအစိုးရက ဖွဲ့စည်းခန့်အပ်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ပြင်ဆင်နေပြီဖြစ်သည်။

    ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဂျာနယ်လစ်များကို တားမြစ်ပိတ်ပင်ခြင်းနှင့်အတူ မြန်မာအစိုးရသည် အရပ်သားများအပေါ် စစ်တပ်မှကျူးလွန်သော မုဒိန်းမှုနှင့်သတ်ဖြတ်မှုများဆိုင်ရာ စွပ်စွဲချက်များအား တန်ပြန်ချေပလျက်ရှိ၏။

    ရခိုင်ပြည်နယ်၊ ထိုဒေသရှိ အရပ်သားတို့ မည်သို့ဖြစ်ပျက်နေရကြောင်းနှင့်ပတ်သက်ပြီး ပိုမို သိရှိလိုကြကြောင်း စာဖတ်ပရိသတ်များက ကျွန်ုပ်တို့ကို ပြောဆိုလာကြသည်။

    ကျွန်ုပ်တို့အား ပိုမို တင်ပြရန် မြန်မာနိုင်ငံရှိ သတင်းထောက် ဂျိုနာဖစ်ရှာအား ကျွန်ုပ်တို့က မေးမြန်းတောင်းဆိုခဲ့သည်။

    ဒေါ်နယ်ထရမ့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးသည် ကျွန်ုပ်တို့ ထင်မြင်ထားသည်ထက်ပင် ပိုမိုနီးစပ်တူညီနေသည်။

    အမေရိကန်နှင့်မြန်မာနိုင်ငံခေါင်းဆောင် နှစ်ဦးစလုံးမှာ အသက် ၇၀ ကျော် ဆံဖြူနေသည့် သက်ကြားအိုများဖြစ်သည့်အပြင် စာနယ်ဇင်းသမားတို့အား မုန်းတီးနေမှုကလည်း တူညီကြသည်။

    မစ္စတာထရမ့်နှင့် မီဒီယာတို့၏ ဆက်ဆံရေးမှာ အလွန်ကမောက်ကမနိုင်ခဲ့ကြောင်း အထူးလျှို့ဝှက်ထားကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်နေမှုများကလည်း အံ့အားသင့်စရာများ ဖြစ်လာနိုင်ပေသည်။

    “The Lady” ဟု လူသိများကြသော ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၀ ခုနှစ်များအတွင်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီပြယုဂ်အဖြစ် ကျော်ကြားခဲ့သည်။ ရန်ကုန်မြို့၌ စစ်တပ်မှ အဓမ္မ နေအိမ်အကျယ်ချုပ်ထားခဲ့စဉ်က သတင်းများသည် သူမနှင့် စကားပြောဆိုနိုင်ရန်၊ သူမ၏ ရဲရဲတောက်အာခံမှုဖြစ်စဉ်များကို နားဆင်ရန် အန္တရာယ်တောထဲ တိုးဝင်စွန့်စားခဲ့ကြရသည်။

    ယခုသော် ဒေါ်အောင်ဆန်းစုကြည် အာဏာရလာခဲ့ပြီ။ အခြေအနေ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

    သမ္မတ၏အထက်တွင်ရှိသော “နိုင်ငံတော်အတိုင်ပင်ခံ” ဟူသည့် ရာထူးကို ရယူဖန်တီးထားနိုင်ခဲ့ပြီးလည်းဖြစ်၏။ ထိုရာထူးအတွက် လက်တွေ့ဆောင်ရွက်ရမည်မှာ လူထုရေးရာများကို အဓိကထား စောင့်ကြည့်လေ့လာရေးဟု ဆိုရပါမည်။ သို့ဆိုလျှင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာများကို မည်သူက အကူအညီပေးမည်နည်း ? မြန်မာနိုင်ငံ၏ ပုံရိပ်ကို မည်သို့ ဖော်ဆောင်မည်နည်း ? အသင်တို့သည် မည်သည့်ဖြစ်ရပ်များကို BBC မှ ကွင်းဆင်းစုံစမ်းစေလိုပါသနည်း ?

    ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာသတင်းစာတိုက်များနှင့် အင်တာဗျူးကို အလျဉ်း မပြုလုပ်၊ နိုင်ငံတကာမီဒီယာများနှင့် မဆုံမိစေရန်လည်း အထူးပင် သိုသိပ်လျက်ရှိ၏။ လွှတ်တော်အမတ်များအား ပုံမှန်မေးမြန်းမှုခြင်း မရှိသလို လွန်ခဲ့သော ၁၄ လ ရွေးကောက်ပွဲမတိုင်မီကစ၍ ပီပြင်ကျနသည့် သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်ခြင်းကိုလည်း မတွေ့ရတော့ချေ။

    ၎င်းနောက် မြန်မာနိုင်ငံ၏အမိုက်ခေတ်ကာလအတွင်းက ဆင်ဆာစနစ်နှင့် စစ်အုပ်ချုပ်ရေးကို ပြန်လည်အသက်ဝင်စေမည့် အစီအမံများ ဖြစ်ပေါ်လာသည်။

    နေ့စဉ်ထုတ် နိုင်ငံပိုင်သတင်းစာများက မြန်မာနိုင်ငံရိုဟင်ဂျာလူနည်းစုတို့၏ အနိဌာရုံအပေါ် မီးမောင်းထိုးပြနေသည့် နိုင်ငံတကာမီဒီယာများကို ရှုတ်ချစွပ်စွဲသော ဆောင်းပါးများ ပုံနှိပ်ဖော်ပြလာပြန်သည်။

    မြန်မာနိုင်ငံ၌ မှီတင်းနေထိုင်လျက်ရှိသော ရိုဟင်ဂျာလူမျိုး တစ်သန်းခန့်ရှိနေသည်။ သူတို့သည် ဆယ်စုနှစ်ပေါင်းများစွာ ခွဲခြားဆက်ဆံခံလာခဲ့ရသည်။ လွန်ခဲ့သော သုံးလခွဲအချိန်ကစပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နေထိုင်ကြသူများမှာ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွင်းမှုကို ခံစားနေကြရသည်။

    ထိုနယ်ထဲသို့ အစိုးရဖက်က မည်သူ့ကိုမျှ လွတ်လပ်စွာ သွားလာခွင့် မပြုတော့သဖြင့် အမှန်တကယ် မည်သို့ဖြစ်ပျက်နေသည်ကို မည်သူမျှ ရေရေရာရာ မသိရှိနိုင်ကြတော့ပေ။

    ဗမာစစ်တပ်သည် မျိုးဖြုတ်ရှင်းလင်းရေးပြုလုပ်ကျူးလွန်နေကြသည်ဟု အချို့က ဆိုသည်။ သို့သော် ဗမာစစ်တပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့က ၎င်းသတင်းကို ပယ်ချကာ၊ ရဲကင်းစခန်းများကို တိုက်ခိုက်၍ ပြဿနာရှာခဲ့ကြသည့် ရိုဟင်ဂျာစစ်သွေးကြွများကို ဖမ်းဆီးနိုင်ရေးအတွက် တန်ပြန်အကြမ်းဖက်စစ်ဆင်ရေးတစ်ရပ်သာဖြစ်သည်ဟု ဆိုကြသည်။

    သို့နှင့် ပြီးခဲ့သည့်ရက်သတ္တပတ်တွင် အံ့အားသင့်စရာ ဖြစ်လာသည်။ BBC သတင်းဋ္ဌာနသည် ပဋိပက္ခဒေသသို့ သွားရောက်ခွင့်ကို ရခိုင်ပြည်နယ်အစိုးရထံမှ ခွင့်ပြုချက်ရခဲ့သည်။ ကျွန်ုပ်တို့သည် မြို့တော် စစ်တွေသို့ ချက်ခြင်း သွားခဲ့ပြီး လှေတစ်စီးငှားရမ်းလျက် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး မေယုမြစ်မြောက်ပိုင်းသို့ ဆန်တက်ခဲ့ကြသည်။

    မြန်မာရုပ်ရှင် အများအပြားပြီးဆုံး၍ လေးနာရီခန့်ကြာသော် ပဋိပက္ခဒေသနှင့် ၄၅ မိနစ်ခရီးမျှသာ ကွာဝေးသော ဘူးသီးတောင်သို့ ရောက်ရှိသည်။

    ကံမကောင်းအကြောင်းမလှစွာဖြင့် ထိုနေရာတွင် အာဏာပိုင်များလည်း ရောက်ရှိနေကြသည်။ ရဲတပ်ဖွဲ့ဝင်နှင့် လုံခြုံရေးအရာရှိများပါဝင်သည့် ကြိုဆိုရေးအဖွဲ့က ကျွန်ုပ်တို့၏ ခရီးလမ်းကြောင်းကို ပိတ်ဆို့ကာ မြို့နယ်အုပ်ချုပ်ရေးရုံးသို့ ခေါ်ဆောင်သွားပါသည်။

    ထိုနေရာသို့ရောက်လျှင် ကျွန်ုပ်တို့၏ ခွင့်ပြုချက်ရ ခရီးစဉ်ကို လက်လျှော့လိုက်ရန်အတွက် ယဉ်ကျေးသိမ်မွေ့စွာဖြင့် အသိပေးကြသည်။ နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်အစိုးရထံသို့ သတင်းပို့ကြသည်။ ကျွန်ုပ်တို့အား တားဆိးရန် အမိန့်ထွက်လာခဲ့သည်။

    လှေငယ်ဖြင့် ပြန်လည်မထွက်ခွာမီ ဒေသအုပ်ချုပ်ရေးမှူးက ကင်မရာမှတ်တမ်းတင် အင်တာဗျူးတစ်ခုပြုလုပ်ရန် ခွင့်ပြုပေးခဲ့သည်။

    ဤသည်ကပင် မဆိုစလောက်သော အောင်မြင်မှု ဖြစ်ခဲ့သည်။ အောက်တိုဘာလအစောပိုင်း နောက်ဆုံးပြဿနာဖြစ်စဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ပြောခွင့်ရသူသည် ကျွန်ုပ်တို့၏ ရခိုင်ပြည်နယ်အကြောင်း မေးမြန်းပြောဆိုမည့် ကြိုးပမ်းချက်မှန်သမျှအား ပယ်ချထားခဲ့ခြင်းကြောင့်ဖြစ်သည်။

    ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လွန်ခဲ့သည့် ၁၀ နှစ်ကတည်းက နေထိုင်လာသူ ဗုဒ္ဓဘာသာဝင် ဗမာလူမျိုး ဒေါက်တာ သန်းထွဋ်ကျော်နှင့် စကားစမြည်ပြောဆိုခွင့်ရသည်။ သူသည်လည်း ရိုဟင်ရျာများအပေါ် ရက်စက်စွာ ပြုမူဆက်ဆံကြသည့် သတင်းများမှ အတုအယောင်သာဖြစ်ပါသည်ဟု အခြားဗမာလူမျိုးများကဲ့သို့ပင် ယုံကြည်နေကြောင်း သိရှိလာရသည်။

    “ကျွန်တော်တို့ ဘာမှ ဖုံးကွယ်ထားစရာ မရှိပါဘူး။ ဒီအခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံတော်အစိုးရက အချက်အလက် အမှန်တွေကို ထုတ်ပြန်ပေးနေပါတယ်။ ဗမာဗုဒ္ဓဘာသာဝင်တွေရဲ့သွန်သင်ချက်ထဲမှာ မုဒိမ်းကျင့်ခြင်းကို ခွင့်မပြုထားပါဘူး။ ဒါတွေအားလုံးက ကောလဟလတွေပါဗျာ” ဟု သူက ဆိုသည်။

    ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်လျှင်ကား ကောလဟလ သက်သက် မဟုတ်ပါလေ။ စာနယ်ဇင်းသမားများ၊ ထောက်ပံ့ရေးလုပ်သားများ သွားရောက်ထိတွေ့ခွင့် မရခြင်းကြောင့် ရိုဟင်ဂျာတို့၏ ကိုယ်တိုင်ကိုယ်ကျ သတင်းပေးမှုများသာ ရှိနေကြသည်။ စမတ်ဖုန်း၌ ကိုယ်တိုင်ပြောဆိုဝန်ခံချက်များကို ရိုက်ကူးပြီး နိုင်ငံပြင်ပသို့ သတင်းစကားများ အကြောင်းကြားပေးပို့နေရသည်။

    လွန်ခဲ့သောလအနည်းငယ်တစ်လျှောက် ထိတ်လန့်စရာ ဗီဒီယိုများကို ကျွန်ုပ် အဆက်မပြတ် ကြည့်ရှုခဲ့ရသည်။ ၎င်းထဲတွင် မုဒိမ်းကျင့်ခံရကြောင်း မျက်နှာပေါ် ရိုက်နှက်ခံထားရသော အမျိုးသမီးများကိုယ်တိုင် ထွက်ဆိုပြောပြထားသည်။ မြေပြင်ပေါ်ပြန့်ကြဲနေသည့် ကလေးငယ်တို့၏ရုပ်အလောင်းများ၊ ပြာပုံတွင်းမှ လောင်ကျွမ်းကျန်ရစ်နေသည့် ဦးခေါင်းခွံများကို တွေ့ရ၏။

    ထိုအရာများကို အတည်ပြုနိုင်ရန် မလွယ်ကူသည် မှန်သော်ငြား မဖြစ်နိုင်စရာလည်း အကြောင်းမရှိပါ။ ထိုနေရာတစ်ခုတည်းမှ ထွက်ပေါ်လာသည့် သတင်းအရင်းအမြစ်များက အမျိုးမျိုး ဖြစ်နေသည်။ ထို့ပြင် မြေပြင်အခြေအနေ၌ ပြည်သူလူထုနှင့် သိုသိပ်စွာ ဆက်သွယ်ဆောင်ရွက်ကြသည့် အဖွဲ့အစည်းအချို့လည်း ရှိနေကြ၏။ မြန်မာနိုင်ငံပိုင်မီဒီယာများကမူ ဖြစ်စဉ်များကို မိမိတို့ သဘောကျအတိုင်းသာ ထုတ်ပြန်နေတတ်ကြပြန်၏။

    တိကျသော အရေအတွက်ကိုလည်း အတည်ပြုရန် မလွယ်ကူပြန်။ လူတို့မှာ အမြဲမပြတ် အသက်လုပြေးနေရပြီး အားလုံးကို ခြုံငုံမိစေသော အမြင်ရှုထောင့်များ ရှိမနေကြပါ။ သို့သော် ထိုဗီဒီယိုများမှာ ကြောက်မက်ဖွယ်တစ်စုံတ်ရာ ဖြစ်ပျက်နေဆဲဖြစ်ကြောင်း သံသယ၀င်ရန်မရှိသော အလွန်အရေးပါသည့် လျှပ်တပြက်မှတ်တမ်းများ ဖြစ်ပါသည်။

    ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရုံးအဖွဲ့သားများက မစ္စတာထရမ့်၏ လမ်းကြောင်းအတိုင်း တစ်ထပ်တည်း လျှောက်လှမ်းလျက်ရှိသည်။

    ပထမဆုံး သူတို့သည် သတင်းကျယ်ပြန့်လာသော ရိုဟင်ဂျာများဆိုင်ရာ အထောက်အထားများကို “မီဒီယာများကလည်း မှားယွင်းစွာဖော်ပြတတ်ခြင်း” ဟူသော စကားဖြင့် မှေးမှိန်အောင် ပြုလုပ်ဖို့ ကြိုးပမ်းခဲ့သည်။

    ဥပမာ Mail Online ပေါ်ရှိ သတင်းတစ်ပုဒ်တွင် ကမ္ဘောဒီးယားကလေးငယ်တစ်ဦးကို နှိပ်စက်ခံနေရသည့် ရိုဟင်ဂျာကလေးအဖြစ် မှားယွင်းစွာ ဖော်ပြထားကြောင်း နိုင်ငံပိုင်သတင်းစာ၏ မျက်နှာစာသတင်း ပြုလုပ်လိုက်သည်။

    ဇန်န၀ါရီလဆန်းတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးက ဟောလိဝုဒ်သရုပ်ဆောင် ဆိုင်လ်ဗာစတာ စတောလုန်း၏ ရုပ်ရှင်ကားမှ ရမ်ဘိုဇာတ်ကောင်၏တောတွင်းတိုက်ခိုက်ရေးမြင်ကွင်းတစ်ခုကို တင်ပြခဲ့သည်။ ရိုဟင်ဂျာတို့သည် ၎င်းတို့၏ လုပ်ကြံဇာတ်လမ်းများကို ထောက်ခံချက်ရရေးအတွက် အလားတူ ဓာတ်ပုံများ၊ ရိုက်ချက်များအား အသုံးပြုနေကြသည်ဟူ၍ ဥပမာပြုထားခဲ့သည်။

    ဤမျှအထိ အသိဥာဏ်ကင်းမဲ့လှသည့်ပုံဟန်ကို မည်သူက တင်ဆက်လိုက်မှန်း အသေအချာ မသိရသော်လည်း ထိုသူကား ဖေ့စ်ဘွတ်သာ အသုံးပြုတတ်သူသာ ဖြစ်တန်ရာ၏။ သို့သော် ကရုတစိုက်လေ့လာကြည့်ပါက အဆိုပါ နည်းဗျူဟာတစ်ရပ်ကို ၀ါရှင်တန်၌လည်း တွေ့မြင်ခဲ့ရသည်။ လူတစ်ဦး၏ အမှားအယွင်းကို အသုံးချပြီး တစ်ပါးသူတို့၏ အများသိအထောက်အထားများကို အာရုံပြောင်းခြင်း သို့မဟုတ် လမ်းကြောင်းလွှဲလိုက်ခြင်းဖြစ်သည်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ အသက်လုပြေးခဲ့ရသော ရိုဟင်ဂျာများထံမှ အနုစိပ်ဖြစ်စဉ်များကို CNN နှင့် The Guardian သတင်းစာမှ ဦးဦးဖျားဖျား အရှိအတိုင်း တင်ဆက်ထားပြီးလည်း ဖြစ်သည်။ ထို့ကြောင့် ဤသည်မှာ စနစ်တကျ ပြင်ဆင်ထားသော ပုံသေနည်းတစ်ခုအား အသုံးပြုနေခြင်းဟု ဆိုရပေမည်။

    ယင်းသို့ဖော်ပြခံရသော ရိုဟင်ဂျာတို့၏ အခြေစိုက်ကျေးရွာနှင့် ၎င်းတို့၏မိသားစုများ၊ နီးစပ်သူများထံ လုံခြုံရေးအရာရှိများစေလွှတ်၍ အဆိုပါဖြစ်စဉ်များအပေါ် သံသယ၀င်သွားစေမည့် ဖော်ပြ/ထုတ်ပြန်ချက်များတွင် အဓမ္မ ၀ိုင်းရံ လက်မှတ်ရေးထိုးစေလျက်ရှိနေသည်။

    နိုင်ငံများစွာအနက် ဗြိတိန်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်အား သံသယအကျိုးခံစားခွင့်ကို ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံ၏အာဏာရှင်စနစ်ကို ဖယ်ထုတ်နိုင်ရေးအရွေ့တစ်ခုအပေါ် အပြုသဘောဆောင်ပေးနိုင်ရန်ဖြစ်သည်။

    ချုပ်၍ဆိုရလျှင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်တာဝန်များကို ရယူထားကာစ အခြေအနေဖြစ်နေသေးသည်သာမက စစ်တပ်ကိုသော်လည်းကောင်း ရဲကိုသော်လည်းကောင်း အခြေခံဥပဒေနှင့်အညီ မထိန်းချုပ်နိုင်သေးပေ။

    ရခိုင်ပြည်နယ်တွင်း စစ်တပ်၏စစ်ဆင်ရေးကို ရပ်တန့်အောင် သူမ စွမ်းဆောင်နိုင်ဖွယ် မရှိ။ သူမထံ ချို့ယွင်းချက် မည်သို့ရှိသည်ဖြစ်စေ အကယ်၍ သူမအနေနှင့် ကြိုးစားကြည့်ပါက သူမသည် လက်ရှိမြန်မာနိုင်ငံ၏ အကောင်းဆုံးသော မျှော်လင့်ချက်ဖြစ်လာမည်ဟု အားလုံးက ထောက်ခံကြမည်မှာ အမှန်ပင်။

    ဒေါ်အောင်ဆန်းစုကြည်မှ တို့မီးရှို့မီးမိုင်းတိုက်နေမှုများအား ရပ်တန့်အာင် မပြုလုပ်နိုင်ခြင်းသည်လည်း ပြဿနာတစ်ခု ဖြစ်နေ၏။

    သူမ ကိုင်တွယ်ထားသည့် ၀န်ကြီးများ၊ သူမမှ တိုက်ရိုက်ခန့်အပ်ထားသည့် အာဏာပိုင်အရာရှိများမှာ မျှော်လင့်ချက်မဲ့ပြည်သူတို့၏ အရေးအရာများကို အလေးမထားကြသည့်အပြင် ဗမာစစ်တပ်၏ငြင်းဆိုချက်များအပေါ်သာ ထပ်ဖန်တလဲလဲ အတည်ပြုပေးနေကြပေသည်။ ထိုစစ်တပ်သည် မြန်မာနိုင်ငံ၏ လူနည်းစုဝင်တိုင်းရင်းသားအုပ်စုများစွာမှ အမျိုးသမီးတို့ကို မုဒိမ်းမှုကျူးလွန်ခဲ့ကြသော၊ တိုင်းရင်းသားကျေးရွာများကို အစဉ်တစိုက် မီးရှို့မြေချခဲ့သော ကြောက်စရာမှတ်တမ်းများ ရှိနေပါသည်။

    နိုင်ငံတကာဖိအားများကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် စုံစမ်းရေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ ထိုကော်မရှင်၏ အစီရင်ခံစာမှာ မကြာမီရက်အနည်းငယ်အတွင်း ထွက်ရှိလာရပေတော့မည်။ သို့ရာတွင် ၎င်းအဖွဲ့အား ဒုတိယသမ္မတ ဦးမြင့်ဆွေက ဦးဆောင်ထား၏။ သူသည်ကား ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်ပြီး အမှန်တရားကို ဖုံးကွယ်၍ ဗလောင်းဗလဲ ပြုလုပ်တတ်သူ ဖြစ်နေပေသည်။

    သို့ဖြစ်၍ ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်ပျက်ခဲ့မှု၏ အမှန်တရားမှာ အဖြစ်မှန်အတိုင်း ပေါ်ပေါက်သိမြင်ရန် အဘယ်ကဲ့သို့ ဖြစ်နိုင်ပါတော့မည်နည်း။

    (မြန်မာနိုင်ငံဆိုင်ရာ BBC သတင်းထောက် Jonah Fisher ရေးသားသော Myanmar’s Rohingya: Truth, lies and Aung San Suu Kyi ဝေဖန်ချက်သတင်းဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။)

  • မြောက်ပိုင်းပဋိပက္ခများကို ရပ်တန့်ရန် မြန်မာအစိုးရကို NGO အဖွဲ့များ တိုက်တွန်း

    မြောက်ပိုင်းပဋိပက္ခများကို ရပ်တန့်ရန် မြန်မာအစိုးရကို NGO အဖွဲ့များ တိုက်တွန်း

    ဇန်န၀ါရီ ၂၆၊ ၂၀၁၇
    M-Media

    KIA မှ စစ်သမီးငယ်တစ်ဦး

    – မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဖြစ်ပွားနေသော ပဋိပက္ခများကို အဆုံးသတ်ရန်နှင့် အရပ်သားများအား ကာကွယ်မှုပေးရန် နိုင်ငံတကာ NGO အဖွဲ့များ စုပေါင်းထားသည့် International Rescue Committee က မြန်မာအစိုးရကို တိုက်တွန်း ပြောကြားလိုက်သည်။

    Oxfam၊ Kachin Baptist Convention နှင့် Save the Children တို့အပါအ၀င် NGO ပေါင်း ၂၂ ခုပါဝင်သည့် အဆိုပါအဖွဲ့က ကြေငြာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ‘လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားမှု ဆက်လက်မြင့်တက်နေခြင်းနှင့် အရပ်သား ပြည်သူလူထု၏ လုံခြုံရေးဆိုင်ရာ အခြေအနေ အလွန်အမင်း ဆိုးရွားလာခြင်း’ တို့အတွက် စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

    “စစ်ဆင်ရေး တိုးမြှင့်လုပ်ဆောင်တာတွေ၊ အိုးအိမ်စွန်ခွာထွက်ပြေးရသူတွေ နေထိုင်ထဲ့ စခန်းတွေနဲ့ လူနေထူထပ်တဲ့ ဧရိယာတွေအနီးမှာ လက်နက်ကြီး အသုံးပြုနေတာတွေကြောင့် အရပ်သားတွေ သေဆုံးနေတာ၊ ဒဏ်ရာရနေတာ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာတွေလို အဖြစ်အပျက်တွေအတွက် မိမိတို့အနေနဲ့ စိုးရိမ်မိပါတယ်” ဟု ကြေငြာချက်တွင် ဖ်ာပြထားသည်။

    ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးကာ ဒုက္ခသည်စခန်း ၃ ခုတွင် နေထိုင်နေရသူ ၆၀၀၀ ခန့်၏ ဒုက္ခသုက္ခများ၊ ရှမ်းပြည်နယ်ရှိ ပဋိပက္ခများကြောင့် မကြာသေးမီက အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် ပြည်သူ ၅၆၀၀ ၏ ဒုက္ခသုက္ခများအကြောင်းကို ကြေငြာချက်တွက် အလေးထားဖော်ပြခဲ့သည်။

    အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများအတွက် အန္တရာယ်ကင်းသောနေရာများ မရှိခြင်း၊ အရပ်သားများအပေါ် ခြိမ်းခြောက်မှုများရှိနေခြင်းနှင့် ပြည်သူများ၏ လွတ်လပ်စွာ သွားလာခွင့်အပေါ် ကန့်သတ်မှုများ မြင့်တက်လာခြင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ မပေးအပ်နိုင်ခြင်းတို့မှာ ဒေသတွင်းနှင့် နိုင်ငံတကာ ပရဟိတအဖွဲ့များ အထူးစိုးရိမ်စရာကိစ္စ ဖြစ်နေသည်။

    “မြန်မာအစိုးရနဲ့ ပဋိပက္ခမှာပါဝင်နေသူအားလုံး အရပ်သားတွေအတွက် ကာကွယ်ပေးမှုကို လေးစားကာ တိုးမြှင့်လုပ်ဆောင်ဖို့၊ လိုအပ်နေသူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ၀င်ရောက်ခွင့်ပြုဖို့အတွက် တိုက်တွန်းပါတယ်” ဟု International Rescue Committee ၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထိုကြေငြာချက်မှာ မြန်မာနိုင်ငံအတွင်း ညှင်းပမ်းနှိပ်စက်ခံနေရသူများ၏ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရေး၊ အဆက်မပြတ်တိုးတက်လာနေသော အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများ၏ လိုအပ်ချက်များ ပြည့်မီစေရန် ရန်ပုံငွေများ တိုးမြှင့်ပေးရေး နိုင်ငံတာ အသိုင်းအ၀ိုင်းကို တွန်းအားပေးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုလည်း ထိုအဖွဲ့က ဖော်ပြခဲ့သည်။

    Ref: Asian Correspondent

  • မြန်မာနိုင်ငံတစ်ဝှမ်း အစိုးရစစ်တပ်၏ လုပ်ရပ်များကို ကုလအထူးကိုယ်စားလှယ် ရှုတ်ချ

    မြန်မာနိုင်ငံတစ်ဝှမ်း အစိုးရစစ်တပ်၏ လုပ်ရပ်များကို ကုလအထူးကိုယ်စားလှယ် ရှုတ်ချ

    ဇန်န၀ါရီ ၂၁၊ ၂၀၁၇
    M-Media

    – နိုင်ငံမြောက်ပိုင်းရှိ ကချင်ပြည်နယ်တွင် တိုက်ခိုက်နေမှုများ၊ နိုင်ငံမြောက်ပိုင်းမှ ရိုဟင်ဂျာမွတ်စလင်များအပေါ် ညှင်းပမ်းမှုများ အပါအ၀င် နိုင်ငံ၏ ပြဿနာများတွင် အစိုးရက လွန်လွန်ကျူးကျူးတုန့်ပြန်မှုများအတွက် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီက ရှုတ်ချလိုက်သည်။

    “ဒီပြဿနာအားလုံးကို အစိုးရရဲ့ လက်ရှိတုန့်ပြန်မှုက ကာကွယ်မယ်၊ ပယ်ချမယ်၊ ခံငြင်းမယ် ဆိုတဲ့ ပုံစံပါပဲ။ ဒီလို တုန့်ပြန်မှုဟာ ဆန့်ကျင်ဖက်ရလဒ် ထွက်စေတာသာမက မြန်မာနိုင်ငံက ရရှိထားတဲ့ မျှော်လင့်ချက်ကိုလည်း ပျောက်ကွယ်သွားစေမှာပါ” ဟု ယန်ဟီးလီက ပြောကြားခဲ့ပြီး အဆိုပါလားရာကို ပြန်လည်တည့်မတ်ရန် အလွန်နောက်မကျသေးဟုလည်း ဆိုသည်။

    ယန်းဟီးလီ၏ ၁၂ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်မှာ သောကြာနေ့က အဆုံးသတ်ခဲ့ပြီး ထိုခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့သော်လည်း တိုက်ပွဲများဖြစ်ပွားရာ ကချင်ပြည်နယ်သို့ သွားရောက်ခွင့် မရခဲ့ပေ။ လီကမူ ကချင်ပြည်နယ်တွင် အခြေအနေ ဆိုးရွားလာသည်ကို ထင်ထင်ရှားရှား မြင်နေရပြီး ထိုဒေသတွင် နေထိုင်သည့် ပြည်သူများကလည်း အခြေအနေမှာ ပြီးခဲ့သည့်နှစ်များကထက် ပိုမိုဆိုးရွားလာခဲ့ကြောင်း ပြောကြားမှုရှိခဲ့သည်ဟု ဆိုသည်။

    သူမမှာ ရခိုင်ပြည်နယ်တွင် အစိုးရစစ်တပ်၏ လုပ်ရပ်များကိုလည်း ဝေဖန်ခဲ့ပြီး၊ စစ်တပ်က ဆောင်ရွက်နေသည့် စစ်ဆင်ရေးများတွင် ရိုဟင်ဂျာများ၏ အခွင့်အရေးများနှင့် ဂုဏ်သိက္ခာတို့ကို အလေးထားပုံမရဟုလည်း ပြောကြားခဲ့သည်။ ရခိုင်မြောက်ပိုင်းတွင် အစိုးရစစ်တပ်က ပြုလုပ်နေသော စစ်ဆင်ရေးများကြောင့် ရိုဟင်ဂျာပြည်သူ ၆၅၀၀၀ ခန့်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဖြတ်ကျော်ထွက်ပြေးရသည်ဟု သတင်းများက ဖော်ပြကြသည်။

    လူ့အခွင့်အရေးအဖွဲ့များနှင့် ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူများက ရိုဟင်ဂျာများ၏ နေအိမ်ပေါင်း ၁၀၀၀ ကျော်မှာ မီးရှို့ ဖျက်ဆီးခြင်း ခံခဲ့ရသည်ဟု စွပ်စွဲပြောကြားထားသည်။ ထိုကဲ့သို့ မီးလောင်မှုမှာ ယိုင်နဲ့နဲ့အိမ်များနေရာတွင် ပိုမိုကောင်းမွန်သည့်အိမ်များ ဆောက်လုပ်ရန် နိုင်ငံတကာ၏ အကူအညီကို မျှော်ကိုး၍ ရိုဟင်ဂျာဒေသခံများမှာ ၎င်းတို့၏ အိမ်ကို ၎င်းတို့ကိုယ်တိုင် မီးရှို့ခြင်းဖြစ်သည်ဟု အစိုးရက မိမိကို ပြောကြားခဲ့ကြောင်း လီက ဖွင့်ဟခဲ့သည်။

    “ဒီပြောကြားမှုအတွက် အာဏာပိုင်တွေက အထောက်အထား ဘာမှ မပေးပါဘူး။ ဒီစောဒကဟာ ယုံကြည်လောက်စရာ မရှိဘူးဆိုတာကို ကျွန်မ တွေ့ခဲ့ရပါတယ်” ဟု ကုလအထူးကိုယ်စားလှယ်က ပြောကြားခဲ့သည်။

    အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့များအား တိုက်ခိုက်မှုများကို အကြောင်းပြ၍မရဘဲ ထိုတိုက်ခိုက်မှုများမှာ ‘ရိုဟင်ဂျာလူ့အဖွဲ့အစည်းအပေါ် ဆယ်စုနှစ်များစွာ စနစ်ကျနှင့် အခြေခံကျကျ ခွဲခြားဆက်ဆံမှု အကြောင်းအရင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ မျှော်လင့်ချက်ကင်းမဲ့နေသူများအနေဖြင့် မျှော်လင့်ချက်မဲ့သော အလုပ်များကို လုပ်ခြင်းဖြစ်ကြောင်း’ လီက ထပ်လောင်း ပြောကြားခဲ့သည်။

    ယန်းဟီးလီမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အခြားသော ၀န်ကြီးများနှင့် တွေ့ဆုံခဲ့ပြီး၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တွေ့ဆုံရန် ငြင်းဆန်ခဲ့သည်။

    ၎င်းနှင့် စကားပြောခဲ့သူ၊ ပြောချင်သူ အရပ်သားများ လက်တုန့်ပြန်ခြင်းခံရနိုင်သည်ဆိုသည့် စိုးရိမ်မှုများ မိမိတွင်ရှိနေပြီး၊ ရိုးရိုးသားသား၊ မှန်မှန်ကန်ကန် ပြောခဲ့သူများ လက်တုန့်ပြန်မခံရစေရန် ဆောင်ရွက်ရေး အာဏာပိုင်းများအား တိုက်တွန်းခဲ့သည်ဟု ကုလအထူးကိုယ်စားလှယ်က ပြောကြားခဲ့သည်။

    “စိတ်ပူတာက ‘ဒီတွေ့ဆုံမှုပြီးရင် ကျွန်တော် ဘာဖြစ်မလဲမသိဘူး’ လို့ ကျွန်မနဲ့ တွေ့တဲ့သူတွေ တော်တော်များများက ပြောကြတာပါ။ တစ်ကြိမ်မှာ လူတစ်ယောက်က ဒီစကားပြောဆိုမှုပြီးရင် သူတို့ အဖမ်းခံရမယ်လို့ထင်တယ်လို့ ကျွန်မကို ဒဲ့ပဲပြောပါတယ်။ လူ့အဖွဲ့အစည်းနှစ်ခု တစ်ဖက်စီ သီးခြားနေထိုင်တဲ့ နောက်တစ်ရွာမှာဆိုရင် ကျွန်မက ကျွန်မနဲ့စကားပြောတဲ့သူတွေအဆင်ပြေပါ့မလားလို့ မေးခဲ့ပါတယ်။ အဲဒီအချိန်မှာ ‘ကျွန်တော်ကြောက်တယ်။ အမှန်ပြောလို့ရမှာမဟုတ်ဘူး’ လို့ ပြန်ဖြေတာ ကြားခဲ့ရပါတယ်”

    Ref: New York Times

  • ကချင်ကျောင်းဆရာမနှစ်ဦး အသတ်ခံရမှု ၂ နှစ်ကြာသည်အထိ အမှုမှန် မပေါ်သေး

    ကချင်ကျောင်းဆရာမနှစ်ဦး အသတ်ခံရမှု ၂ နှစ်ကြာသည်အထိ အမှုမှန် မပေါ်သေး

    ဇန်န၀ါရီ ၂၁၊ ၂၀၁၇
    M-Media

    – ၂၀၁၅ ခုနှစ် ဇန်န၀ါရီလက အဓမ္မပြုကျင့် အသတ်ခံခဲ့ရသည့် ကချင် စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦး၏ အမှုမှာ ၂ နှစ်တာကြာမြင့်ခဲ့သော်လည်း အမှုမှန် မပေါ်ပေါက်သေးသည့်အတွက် စိတ်ပျက်ရသည်ဟု တက်ကြွလှုပ်ရှားသူများက ပြောကြားလိုက်သည်။

    ၂ နှစ်ပြည့် ၀တ်ပြုဆုတောင်းမှုမျာကို ရန်ကုန်၊ မူဆယ်နှင့် မြစ်ကြီးနားတို့တွင် ဇန်န၀ါရီ ၁၉ ရက်နေ့က ပြုလုပ်ခဲ့ကြပြီး အရပ်ဖက်အဖွဲ့အစည်းများ၊ လူ့အဖွဲ့အစည်းခေါင်းဆောင်များက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    “NLD အစိုးရအနေနဲ့ အခြေအနေကို တိုးတက်အောင် မဆောင်ရွက်နိုင်မှုကြောင့် ကျွန်တော်တို့အနေနဲ့ ယုံကြည်မှု ပျောက်ဆုံးသွားပါပြီ။ လူသတ်သမားတွေကို ဖော်ထုတ်ဖို့အတွက် အာဏာပိုင်တွေက ဘာ့ကြောင့် ကြောက်ရွံ့နေလဲဆိုတာ ကျွန်တော် နားမလည်ပါဘူး။ ဘယ်သူတွေ ကျူးလွန်တယ်ဆိုတာ လူတိုင်းက သိနေပါတယ်” ဟု ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာတော် Samson Hkalam က ပြောကြားခဲ့သည်။

    သေဆုံးသွားခဲ့သည့် အသက် ၂၀ အရွယ် Maran Lu Ra နှင့် အသက် ၂၁ နှစ်အရွယ် Tangbau Hkwan Nan Tsin တို့မှာ KBC မှ စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦးဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကောင်းခါးကျေးရွာတွင် တာဝန်ထမ်းဆောင်နေစဉ် ဇန်န၀ါရီ ၁၉ ရက်နေ့က အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

    အခင်းဖြစ်ပွားသည့်အချိန်တွင် အဆိုပါဒေသမှာ မြန်မာအစိုးရစစ်တပ်၏ ထိန်းချုပ်မှုအောင်တွင် ရှိနေသည်ဟု ဒေသခံများက ပြောကြားခဲ့ကြသည်။ ထိုအမှုအတွက် တရားဝင်စုံစမ်းစစ်ဆးမှုများမှာ လက်ရှိတွင် ရပ်တန့်နေပြီး အာဏာပိုင်များကလည်း စိတ်ဝင်စားမှုမရှိချေ။

    ပြီးခဲ့သည့်နှစ်အတွင်း KBC က သမ္မတဦးထင်ကျော်၊ မြန်မာနိုင်ငံမှ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ယန်ဟီးလီတို့အား ထိုကိစ္စနှင့်ပတ်သက်၍ တင်ပြခဲ့သော်လည်း မည်သည့်တုန့်ပြန်မှုမှ မရခဲ့ပေ။

    မူဆယ်မြို့နယ် ရဲတပ်ဖွဲ့က ပြုလုပ်ခဲ့သည့် စုံစမ်းစစ်ဆေးမှုတွင် မျိုးတင့်နှင့် မပါဆိုသည့် ဒေသခံဇနီးမောင်နှံနှစ်ဦးအား အဓိက သံသယရှိသူအဖြစ် သတ်မှတ်ခဲ့သော်လည်း ဒေသတွင်း အန်ဂျီအိုအဖွဲ့များက ၎င်းတို့နှစ်ဦးမှာ ဓားစားခံများသာဖြစ်သည်ဟု ယုံကြည်နေကြသည်။

    အခင်းဖြစ်ပွားသည့်ရွာနှင့် ကီလိုမီတာ ၁၀၀ (ပေ ၃၃၀) အကွာတွင် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အောက်ရှိ အမှတ် ၅၀၃ ခြေမြန်တပ်ရင်းတစ်ခုက ယာယီစခန်းချ တပ်စွဲထားပြီး၊ အခင်းမဖြစ်ပွားခင် ၂ ရက်အရင်က အခင်းဖြစ်ပွားရာနေရာတွင် စစ်တပ်သုံး ခါးပတ်တစ်ခုနှင့် စစ်ဖိနပ်ရာများ တွေ့ခဲ့ရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

    အခင်းဖြစ်ရာနေရာမှ ရရှိခဲ့သည့် ပစ္စည်းများ၏ DNA စစ်ချက်မှာ စစ်သား ၂၈ ဦးနှင့် ရွာသား ၃၈ ဦးတို့ထံမှ ရယူထားသည့် DNA နမူနာများနှင့် တူညီမှုရှိ၊ မရှိကိုလည်း လူသိရှင်ကြား ကြေငြာခြင်း မရှိပေ။ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်သွားမည်ဟု NLD နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ပြောကြားခဲ့သော်လည်း ရလဒ်ကို မမြင်ရသေးပေ။

    Ref: mmtimes

  • လူမျိုးသွေးကြီးဝါဒကို ဒေါ်အောင်ဆန်းစုကြည်မှ မတွန်းလှန်နိုင်ပါလျှင် ….

    လူမျိုးသွေးကြီးဝါဒကို ဒေါ်အောင်ဆန်းစုကြည်မှ မတွန်းလှန်နိုင်ပါလျှင် ….

    ဇန်န၀ါရီ ၁၈၊ ၂၀၁၇
    M-Media

    မြန်မာနိုင်ငံ၏ အသုံးတော်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

    – မြန်မာရဲတွေက လက်နက်မဲ့အမျိုးသားတွေကို ရိုက်နှက်နေကြတဲ့ ဗီဒီယိုတစ်ခု ဖေ့စ်ဘွတ်ပေါ်ကို ဇန္န၀ါရီလဆန်းပိုင်း ရောက်လာပြီး ကမ္ဘာကစောင့်ကြည့်နေကြောင်း သိရှိသွားတဲ့အခါမှာတော့ အာဏာပိုင်များက ကျူးလွန်သူလေးဦးကို အမြန်အဆန် ဖမ်းဆီးလိုက်ပါတယ်။

    လက်နက်မဲ့အနှိပ်စက်ခံများကတော့ အစိုးရရဲ့နှိပ်စက်မှုကို ဆယ်စုနှစ်များစွာ ရင်ဆိုင်နေခဲ့ရတဲ့ ရိုဟင်ဂျာမွတ်စ်လင်မ် လူ့အဖွဲ့အစည်းဝင်တွေပဲ ဖြစ်ပါတယ်။

    လူနည်းစုဝင်တိုင်းရင်းသားများရဲ့ အနိဌာရုံများအပေါ် အစိုးရရဲ့အလေးမထားမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ အသုံးတော်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ထုံးစံအတိုင်း မပြတ်ဝေဖန်လာပါတော့တယ်။ သူမဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီသင်္ကေတ ဖြစ်နေသော်လည်း

    ရိုက်နှက်နှိပ်စက်မှုဖြစ်ပွားခဲ့တဲ့ ရသေ့တောင်မြို့နယ်က ရွာသားများအဖို့ ဒီလိုအကြမ်းဖက်ခံရမှုနဲ့ မစိမ်းကြပါဘူး။ ဗီဒီယိုထဲ ပုံဖော်ထားချက်က ထူးခြားမှု မရှိပေမယ့် ရိုဟင်ဂျာတွေဆိုရင် ဒီလို ဆက်ဆံခံရမယ်ဆိုတဲ့သဘောမျိုး သက်ရောက်ပေါ်လွင်နေပါတယ်။ ပြည့်ဖြိုးသွင်နဲ့ တေဇာလင်း အမည်ရှိ ရဲအရာရှိနှစ်ဦးက ရိုဟင်ဂျာရွာသားများအနက် မြေပြင်ပေါ် မလှုပ်မယှက်ထိုင်နေတဲ့ လက်နက်မဲ့အမျိုးသားနှစ်ဦးကို ဆတ်ကနဲဆွဲယူကန်ကြောက်ပုံဟာ ဗီဒီယိုထဲ အရှင်းသားတွေ့မြင်ရတယ်။ နောက်အရာရှိတစ်ဦးဖြစ်တဲ့ ဇော်မျိုးထိုက်ကတော့ သွေးအေးစွာ စီးကရက်ကို ဖွာရှိုက်ရင်း ဗီဒီယိုရိုက်ကူးနေသလို ဗိုလ်မှူးအဆင့်ရှိ ရဲထွန်းနိုင်ကလည်း ဒီလုပ်ရပ်များအပေါ် ကြီးကြပ်စီမံနေခဲ့တယ်။

    ပြည်ထဲရေးဝန်ကြီးဋ္ဌာနနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒီအရာရှိလေးဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် သူတို့ကို ပြစ်ဒဏ်စီရင်ရမယ်လို့ ဒေါ်စုကြည်က ပြောဆိုပါတယ်။ တကယ်လို့ ဒီကိစ္စမျိုး ရှေ့ဆက်ဖြစ်နေဦးမယ်ဆိုရင်တော့ ဒေါ်စုကြည်ဟာ နိုင်ငံတကာရဲ့ဖိအားကို လည်စင်းခံရဖို့သာ ရှိပါတော့တယ်။

    အစိုးရအနေနဲ့ တရားဥပဒေဘောင်အတွင်းက ဖိဖိစီးစီးဆောင်ရွက်နေပါတယ်လို့ အစိုးရအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေးက နေပြည်တော်မှာ သတင်းထောက်တွေကို အခိုင်အမာ ပြောကြားခဲ့တယ်။

    နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာတွေအပေါ်ရှိနေတဲ့ ဆက်ဆံရေးဟာ လူမျိုးသုဉ်းရှင်းလင်းမှုအဖြစ် အိတ်ဖွင့်ပေးစာတစ်စောင် ရေးသားပြီးနောက်မှာပင်လျှင် အစိုးရအဖွဲ့ကတော့ လောက်လောက်လားလား အလေးထားမှု မရှိကြောင်း တွေ့ရပါတယ်။ ရိုဟင်ဂျာတွေဟာ ဦးစားပေးအလေးထားမှု မခံရပါဘူး။ သူတို့ထဲက လူအမြောက်အများကလည်း နိုင်ငံသားအဖြစ်ပင်လျှင် အသိအမှတ်ပြု မခံရပါဘူး။

    ဒေါ်စုကြည်ဟာ ရိုဟင်ဂျာများအပေါ် အားပေးစာနာမှုကို ပြသမှု မရှိတာကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက ဝေဖန်နေခြင်းဟာ လွန်တယ်လို့ ဆိုမရနိုင်ပေဘူး။ သူမ ကိုယ်တိုင်ကလည်း နိုင်ငံရေးအဖိနှိပ်ခံဘ၀ ရောက်ခဲ့ပါလျက် ဘာကြောင့် တုန်လှုပ်ခြင်းကင်းမဲ့နေရသလဲဆိုတဲ့အပေါ် မေးခွန်းထုတ်စရာအချို့ဖြစ်လာပါတယ်။ သို့တစေ လွန်ခဲ့တဲ့ ဆယ်စုနှစ်များတစ်လျှောက် သူမအပေါ် အရေးယူဖိနှိပ်မှုဟာ သူမရဲ့ လှုပ်ရှားဆောင်ရွက်ချက်အပေါ် အခြေခံတာဖြစ်ပြီး သူမရဲ့ လူမျိုးဖြစ်တည်မှုအပေါ် အခြေခံခဲ့တာ မဟုတ်ပါဘူး။

    သူမရဲ့လူမျိုး ဗမာများဟာ အခွင့်ထူးခံများဖြစ်နေကြောင်း သူမက လက်မခံနိုင်တာကြောင့် တိုင်းရင်းသားလူနည်းစုဝင်များရဲ့အရေးဟာလည်း လျစ်လျူရှုခံနေရပါတယ်။ မြန်မာနိုင်ငံအတွင်း ဗမာလူမျိုးတွေ ကြီးစိုးနေကြပြီး တိုင်းပြည့်လူဦးရေရဲ့ သုံးပုံနှစ်ပုံအထိ ရှိတယ်။ လူများစုဖြစ်ခြင်းအပေါ်မူတည်လို့ ဗမာလူမျိုးများက အခွင့်ထူးခံလူတန်းစားတစ်ရပ် ဖြစ်လို့နေပါတယ်။ လူများစုဝင်တွေသာ အကျိုးခံစားနေရပြီး လူနည်းစုဝင်တွေရဲ့အနိဌာရုံများမှာတော့ အလေးထားမခံရကြောင်း တွေ့မြင်နိုင်ပါတယ်။

    မြန်မာနိုင်ငံထဲမှာ လူမျိုးရေးဆိုတဲ့ မျက်မှန်စိမ်းတပ်အမြင်တွေ မကြာခဏ ဖြစ်ပေါ်လေ့ရှိတယ်။ သို့သော် ဒေါ်စုကြည်က ဒီအချက်ကို ကိုင်တွယ်ဖို့ ပျက်ကွက်နေတယ်။ ၁၉၉၁ ခုနှစ်ထုတ် သူမရဲ့ ‘Freedom from Fear’ စာအုပ်ထဲမှာ သူမရဲ့မိန့်ခွန်းဟောင်းများကို တစေ့တစောင်း ပြန်လည်ကြည့်ရှုလိုက်ပါလေ။ တစ်ချိန်က သူမ ဒီလို ကြွေးကြော်ခဲ့ဖူးပါတယ်။

    “ငါဟာ ကချင်၊ ငါဟာ ဗမာ၊ ငါဟာ ရှမ်း ဆိုပြီး သဘောထားမျိုး မရှိရပါဘူ။ ကျွန်မတို့အားလုံးဟာ ဒီမိုကရေစီအခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ သွေးသောက်ရောင်းရင်းတွေ ဆိုတဲ့ သဘောထားရှိရပါမယ်။ ဒါမှသာလျှင် ကျွန်မတို့ အောင်မြင်ပါလိမ့်မယ်။ တကယ်လို့များ ကျွန်မတို့အချင်းချင်း လူမျိုးရေးအရ ခွဲခြားနေကြမယ်ဆိုရင် ကျွန်မတို့အနေနဲ့ ဒီိမိုကရေစီရရှိနိုင်ဖို့ အချိန်ကြာညောင်းသွားပါလိမ့်မယ်”။

    ဒါဟာ အလွန်မြင့်မြတ်တဲ့ အတွေးအမြင်တစ်ခုပါ။ ဒါပေမယ့် လူမျိုးရေးအခြေပြု အကွက်စေ့စေ့ ခွဲခြားဆက်ဆံခံနေရတဲ့ ရိုဟင်ဂျာများအဖို့တော့ လူမျိုးရေးဆိုတာ အဓိကကျတဲ့ကိစ္စတစ်ရပ်ဖြစ်နေပါတယ်။

    အခွင့်ထူးခံတွေအပေါ် ထင်တိုင်းကြဲခွင့်ပေးနေခြင်းဟာ မြန်မာနိုင်ငံဒီမိုကရေစီအပြောင်းအလဲတစ်လျှောက်လုံး လူများစုရဲ့ကြီးစိုးလွှမ်းမိုးရေးကို ခွင့်ပြုရာရောက်နေပါတယ်။ ဗမာလူမျိုး အရပ်ဖက်လူ့အဖွဲ့အစည်းအုပ်စုတွေ ပေါ်ထွက်လာတာနဲ့အမျှ ဗမာလူမျိုးမကြီးစိုးတဲ့နယ်မြေတွေထဲ စစ်တပ်ရဲ့စစ်ဆင်ရေးတွေက မြင့်တက်လာပါတယ်။ ဗမာလူမျိုးတွေကို နေရာပေးလေလေ လူနည်းစုဝင်တိုင်းရင်းသားတွေရဲ့အခန်းကဏ္ဍက ရှုံ့ကျုံ့သွားလေ ဖြစ်နေပါတယ်။

    အခွင့်ထူးခံလူတန်းစား ရှိနေကြောင်း လက်ခံအသိအမှတ်ပြုခြင်း မရှိသရွေ့ လူမျိုးသွေးကြီးဝါဒလည်း အဆုံးသတ်မှာ မဟုတ်ပါဘူး။

    ဗမာလူမျိုးတွေ ထင်ရာစိုင်းနေသမျှကာလပတ်လုံး လူနည်းစုဝင်တိုင်းရင်းသားတွေလည်း ဆက်လက်ပြီး ဒုက္ခခံစားနေရပါဦးမယ်။ အမေရိကမှာ လူဖြူတွေက အခွင့်ထူးခံ ဖြစ်နေသလိုမျိုး ဒီအရှေ့တောင်အာရှဒေသနိုင်ငံအတွင်း ဗမာလူမျိုးက အခွင့်ထူးခံလူတန်းစား ဖြစ်လို့နေပါတယ်။

    လူမျိုးရေးကိစ္စအပေါ် ဒေါ်စုကြည်က ရှေ့ဆက် လျစ်လျူရှုနေဦးမယ်၊ ဗမာလူမျိုးတွေကိုသာ အလွန်အကျွံ ရှေ့တန်းတင်နေဦးမယ်ဆိုရင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဟာ အမည်ခံရွှေရည်စိမ်သက်သက်သာ ဖြစ်နေတော့မှာပါ။ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ဖန်တီးနိုင်ဖို့ သူမအနေနဲ့ လူနည်းစုဝင်တိုင်းရင်းသားများအပေါ် ကျရောက်နေတဲ့ လူမျိုးသွေးကြီးဝါဒကို မဖြစ်မနေ နိဂုံးချုပ်ပေးဖို့ လိုအပ်ပါတယ်။ သို့ပင်သို့ငြား ရိုဟင်ဂျာများရဲ့ လူမျိုးအမည်ကို အသုံးပြုဖို့ သူမက ငြင်းဆိုနေတာကို ကြည့်ရင် လူမျိုးရေးသွေးစည်းမှုကို ပုံဖော်ပေးနိုင်မယ့် အစိုးရသစ်တစ်ရပ်ကို စောင့်မျှော်နေဖို့သာ ကျန်ရှိပါကြောင်း။

    မူရင်း – Racism and the Burman privilege: Why Suu Kyi’s government deserves no praise By Matthew Abbey; Asian Correspondent
    ပြန်ဆိုသူ – Myintmo Maung Maung

    မှတ်ချက်။ မူရင်းရေးသားသူ၏ ကိုယ်ပိုင်အတွေးအမြင်သာဖြစ်ပြီး Asian Correspondent နှင့် M-Media တို့၏ အာဘော်များ မဟုတ်ပါ။