News @ M-Media

Tag: Minority In Myanmar

  • ပျောက်ဆုံး ခရစ်ယာန်တရားဟောဆရာနှစ်ဦးကိစ္စ စုံစမ်းပေးရန် လူ့အခွင့်အရေးအဖွဲ့များ တိုက်တွန်း

    ပျောက်ဆုံး ခရစ်ယာန်တရားဟောဆရာနှစ်ဦးကိစ္စ စုံစမ်းပေးရန် လူ့အခွင့်အရေးအဖွဲ့များ တိုက်တွန်း

    ဇန်န၀ါရီ ၁၇၊ ၂၀၁၇
    M-Media

    အစိုးရစစ်တပ်က လေကြောင်းမှတိုက်ခိုက်မှုအတွင်း ပျက်ဆီးခဲသည့် St. Francis Xavier Catholic Church ဘုရားကျောင်း၊ နောက်ပိုင်းတွင် စစ်တပ်က ပြန်လည်ပြင်ဆင်ပေးခဲ့သည်။

    – ရှမ်းပြည်နယ်တွင် ဒီဇင်ဘာ ၂၄ ရက်နေ့ကတည်းက ပျောက်ဆုံးသွားခဲ့သည့် ကချင် ခရစ်ယာန်တရားဟော ဆရာနှစ်ဦးကိစ္စအတွက် စုံစမ်းစစ်ဆေးမှုများ အလျင်အမြန်ပြုလုပ်ရန် လူ့အခွင့်အရေးအဖွဲ့များဖြစ်သော HUMAN Rights Watch (HRW) နှင့် Fortify Rights တို့က မြန်မာအစိုးရကို တောင်းဆိုလိုက်သည်။

    အဆိုပါ တရားဟောဆရာနှစ်ဦးမှာ မုံ့ကိုးမြို့နယ်ရှိ အစိုးရစစ်စခန်းတစ်ခုအနီးတွင် ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။

    “ခရစ်ယာန်တရားဟောဆရာနှစ်ဦး ဒီလို သိသိသာသာ ပျောက်ဆုံးသွားမှုဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စိုးရိမ်ကြောက်ရွံ့စရာ အခြေအနေကို ဖြစ်စေပါတယ်။ အစိုးရအနေနဲ့ ချက်ခြင်း စုံစမ်းစစ်ဆေးကာ ဖော်ပြသင့်ပြီး၊ သတင်းအချက်အလက်ရှိသူတွေကိုလည်း ကာကွယ်ပေးရပါမယ်” ဟု Fortify Rights အဖွဲ့မှ အမှုဆောင်အရာရှိ မက်သယူးစမစ်က ပြောကြားခဲ့သည်။

    အသက် ၃၅ နှစ်အရွယ် Langjaw Gam Seng နှင့် အသက် ၆၅ နှစ်အရွယ် Dumdaw Nawng Lat တို့မှာ ရှမ်းပြည်နယ်အတွင်း စစ်တပ်၏ ညှင်းပမ်းနှိပ်စက်မှုများနှင့်ပတ်သက်၍ ဖော်ပြသော သတင်းထောက်များကို ကူညီပေးခဲ့ပြီးနောက်ပိုင်း ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

    ၎င်းတို့ အသက်ရှင်နေသေးလားဆိုသည်နှင့် မည်သည့်နေရာတွင် ရှိနေကြောင်းကို ယခုအချိန်အထိ မသိရှိရသေးဘဲ HRW ကမူ ၎င်းတို့နှစ်ဦးမှာ အတင်းအဓမ္မဖမ်းဆီးချုပ်နှောင်မှု၊ နိုင်ငံတကာ ဥပဒေက ကာကွယ်ပေးထားသော လူ့အခွင့်အရေးများ ချိုးဖောက်ခံရမှု၏ သားကောင်များ ဖြစ်နိုင်သည်ဆိုသည့် စိုးရိမ်မှုများ ရှိနေသည်ဟု ပြောကြားခဲ့သည်။

    အစိုးရစစ်တပ်က ၎င်းတို့အနေဖြင့် ထို တရားဟောဆရာနှစ်ဦးကို ထိန်းသိမ်းထားခြင်းမရှိဟု ပြောကြားခဲ့ပြီး အစိုးရကလည်း ကချင်လွတ်မြောက်ရေးတပ်မတော်က ခေါ်ဆောင်သွားခဲ့ခြငးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မကြာသေးမီကာလအတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့သည့် နေရာဖြစ်သည်။

    နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း အစိုးရစစ်တပ်က ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများတွင် မုံ့ကိုးရှိ St. Francis Xavier ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းအပါအ၀င် အရပ်ဖက် အဆောက်အဦးများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့ကာ ထိုလုပ်ရပ်များကို Gam Seng နှင့် Nwang Lat တို့က ကူညီပေးနေသည့် ဂျာနယ်လစ်များထဲမှ တစ်ဦးက မှတ်တမ်းတင်ထားနိုင်ခဲ့သည်။

    အဆိုပါ ဂျာနယ်လစ်ကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က အထောက်အထားများ မဖြန့်ဝေရန် သတိပေးခဲ့သော်လည်း ရက်အနည်းငယ်ကြာပြီးနောက် ဓာတ်ပုံများမှာ အွန်လိုင်းတွင် ပြန့်နှံ့သွားခဲ့သည်။

    အစိုးရစစ်တပ်ကမူ ဘုရားကျောင်းအား လေကြောင်းမှ တိုက်ခိုက်ခဲ့မှုမရှိဟု ဒီဇင်ဘာ ၁၈ ရက်နေ့တွင် လူသိရှင်ကြား ငြင်းဆိုခဲ့သော်လည်း၊ ဘုရားကျောင်းတိုက်ခိုက်မှုအား တာဝန်ယူကာ၊ ပြန်လည်ပြုပြင်ပေးမည်ဟု ဒီဇင်ဘာ ၈ ရက်နေ့ရက်စွဲဖြင့် ဂိုဏ်းအုပ်ဘုန်းတော်ကြီး Philip Za Hawng ထံသို့ စစ်တပ်က စာပေးပို့ခဲ့ကြောင်း ပေါ်ထွက်လာခဲ့သည်။

    Ref: asiancorrespondent

  • ထိုင်းတီဗီအစီအစဉ်တွင် ဘောလုံးအစွမ်းပြခဲ့သည့် မွန်ကလေးငယ်ကို လက်စတာ ပျိုးထောင်ပေးမည်

    ထိုင်းတီဗီအစီအစဉ်တွင် ဘောလုံးအစွမ်းပြခဲ့သည့် မွန်ကလေးငယ်ကို လက်စတာ ပျိုးထောင်ပေးမည်

    ဇန်န၀ါရီ ၁၇၊ ၂၀၁၇
    M-Media

    ဆူဗင်အားလက်ရှိ လေ့ကျင့်ပေးနေသည့် Inter Thailand Academy ကို ကြီးကြပ်နေသည့် Sombat Leekumnerdthai၊ မစ္စတာ Aiyawatt၊ ထိုင်းနည်းပြ ကိုင်တီဆတ် တို့နှင့်အတူ တွေ့ရသည့် ဆူဗင်

    – ထိုင်းနိုင်ငံ တီဗီအစီအစဉ်တစ်ခုမှာ ဘောလုံးစွမ်းရည်ပြခဲ့တဲ့ ၇ နှစ်သား မွန်ကလေးငယ်ကို ပရီးမိးယားလိဂ်ချန်ပီယံ လက်စတာစီးတီးအသင်းက ပြုစုပျိုးထောင်ပေးသွားမယ်လို့ သိရပါတယ်။

    ဆူဗင် ဒါမှမဟုတ် နွန်ပီးလို့ခေါ်တဲ့ အဲဒီကလေးငယ်လေးဟာ ဇန်န၀ါရီ ၇ ရက်နေ့က တီဗွီအစီအစဉ်မှာ ဂိုးဘားတန်းကို ၃ ကြိမ်ဆက်တိုက် ထိအောင်ကန်ပြခဲ့ပြီးတဲ့နောက်ပိုင်း နာမည်ကျော်လာတာဖြစ်ပါတယ်။ ဒီဗီဒီယိုကို Workpoint Entertainment စာမျက်နှာမှာ လွှင့်တင်ခဲ့ပြီး ကြည့်ရှုသူ အနည်းဆုံး ၉.၁ သန်းရှိခဲ့ပြီး ဘောလုံးအသင်း တော်တော်များများကလည်း ဒီကလေးငယ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြပါတယ်။

    ဒီကလေးငယ် ပရော်ဖက်ရှင်နယ်လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရေးအတွက် ထိုင်းဘီလီယံနာ Vichai Srivaddhanaprabha ပိုင်တဲ့ လက်စတာအသင်းက ကူညီသွားမယ်လို့ မနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အသင်းရဲ့ ဒုတိယဥက္ကဌ Aiyawatt Srivaddhanaprabha က ပြောကြားခဲ့ပါတယ်။

    ဆူဗင်လေးကို ထိုင်းမှာပဲဖြစ်ဖြစ်၊ ပြည်ပမှာပဲဖြစ်ဖြစ် သင့်လျော်တဲ့ကျောင်းမှာ ပညာသင်ကြားနိုင်ရေး ထောက်ပံ့ပေးသွားမယ်လို့လည်း မစ္စတာ Aiyawatt က ဆိုပါတယ်။ ထိုင်းမှာ ပညာသင်မယ်ဆိုရင်တော့ လက်စတာက နည်းပြတစ်ဦး လွှတ်ပေးသွားဖို့ ရှိနေပါတယ်။

    “၇ နှစ်သာ ရှိသေးတာကြောင့် ဘယ်လိုပုံဖော်ဖော် ဖော်လို့ရမယ့် ရွှံ့ရုပ်ကလေးတစ်ခုပါ။ အဆင်အပြေဆုံးနည်းလမ်းနဲ့ လမ်းကြောင်းမှန်ပေါ်မှာ ကျွန်တော်တို့ သူ့ကို ကြီးပြင်းစေချင်ပါတယ်”

    နောက်ပြီး ဆူဗင်လေးဟာ နောက်ထပ်တစ်နှစ် ဒါမှမဟုတ် ၂ နှစ်လောက်နေပြီးမှ အင်္ဂလန်ကိုသွားရမယ်လို့ ထင်ကြောင်း၊ ဒီကလေးငယ် ပြုစုပျိုးထောင်ဖို့အတွက် ဘတ်ငွေ သန်း ၃၀ ကနေ ၄၀ ကြား ကျသင့်မှာဖြစ်ကြောင်း မစ္စတာ Aiyawatt က ပြောကြားခဲ့ပါတယ်။

    ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီကိုအားကျတဲ့ ဆူဗင်ဟာ ထိုင်းနိုင်ငံအတွက် ကစားပေးဖို့ ဆန္ဒရှိနေပေမယ့် အခုအချိန်အထိ ထိုင်းနိုင်ငံသား မဖြစ်သေးပါဘူး။ သူဟာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ပြောင်းရွှေ့ အခြေချခဲ့ကြတဲ့ မွန်မျိုးနွယ်ကနေ မွေးဖွားလာတာ ဖြစ်ပါတယ်။

    မစ္စတာ Aiyawatt က ဆူဗင်လေးဟာ ထိုင်းနိုင်ငံအတွက် ကစားပေးချင်တယ်လို့ အသေအချာ ပြောထားပေမယ့် အသက် ၁၈ နှစ်ကျော်မှသာ ရွေးချယ်ခွင့်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

    “လေ့ကျင့်ခန်းမှာ အာရုံစူးစိုက်မယ်လို့ သားကတိပေးပါတယ်။ ထိုင်းလက်ရွေးစင်အသင်းအတွက် သား ကစားပေးချင်ပါတယ်” လို့ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆူဗင်က ပြောကြားခဲ့ပါတယ်။

    မိမိတို့အနေနဲ့ ထိုင်းက အစွမ်းအစရှိတဲ့ လူငယ်ကစားသမားတွေကို ပြုစုပျိုးထောင်ပေးသွားဖို့ ဆန္ဒရှိနေတယ်လို့ မစ္စတာ Aiyawatt က ပြောကြားခဲ့ပြီး ထိုင်းလက်ရွေးစင်နည်းပြ ကိုင်တီဆတ်ကလည်း ဒီလို ပြုစုပျိုးထောင်ပေးမှုအတွက် လက်စတာအသင်းကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

    Ref : Bnagkokpost

     

  • ကချင်စစ်ဘေးရှောင်များဘ၀ မလုံခြုံဟု Joint Strategy အဖွဲ့ပြော

    ကချင်စစ်ဘေးရှောင်များဘ၀ မလုံခြုံဟု Joint Strategy အဖွဲ့ပြော

    ဇန်န၀ါရီ ၁၆၊ ၂၀၁၇
    M-Media

    နယ်စပ်သို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ပြည်သူများ

    – ဒေသတွင်း မတည်ငြိမ်မှုများကြောင့် ထွက်ပြေးနေရသော ကချင်စစ်ဘေးရှောင်ပြည်သူများ၏ ဘေးအန္တရာယ်ကင်းမှုအတွက် စိုးရိမ်နေရသည်ဟု ကချင်အရပ်ဖက်အဖွဲ့နှင့် ဘာသာရေးအခြေပြုအဖွဲ့အစည်းများ ပေါင်းစည်းထားသည့် Joint Strategy Team က ပြောကြားလိုက်သည်။

    ကချင်ပြည်သူများမှာ တစ်ဖက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရစစ်တပ်အကြား တိုက်ခိုက်မှု၊ အခြားတစ်ဖက်တွင် ခိုလှုံခွင့်မပေးမှုတို့ကြောင့် မြန်မာတရုတ်နယ်စပ်ရှိ လူသူအရောက်အပေါက်နည်းသော ဝေးလံခေါင်းဖျား ဒေသများတွင် ပိတ်မိနေကြသည်။

    “နယ်စပ်ဖြတ်ဖို့ ကြိုစားတဲ့ စစ်ဘေးရှောင်တွေကို တရုတ်လုံခြုံရေးတပ်ဖွဲ့တွေက မြန်မာဖက်ပြန်ဖို့ပြောပါတယ်။ သူတို့ဟာ လုံခြုံတဲ့နေရာမှာ ရှိမနေပါဘူး။ သူတို့ရဲ့ ဘေးအန္တရာယ်ကင်းရှင်းမှုအတွက် ကျွန်တော်တို့ စိုးရိမ်နေပါတယ်။ သူတို့ဟာ စိတ်ပိုင်းဆိုင်ရာအ လုံခြုံတယ်လို့လည်း မခံစားရပါဘူး” ဟု Joint Strategy Team မှ ပြောရေးဆိုခွင့်ရှိသူ Gum Sha Awng က ပြောကြားခဲ့သည်။

    နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သော Fortify Rights က ဇန်န၀ါရီ ၁၃ ရက်နေ့တွင်ထုတ်ပြန်သည့် ကြေငြာချက်၌ စစ်ဘေးရှောင်ပြည်သူအချို့ကို အစပိုင်းတွင် နယ်စပ်ဖြတ်ကျော်ခွင့် ပေးသော်လည်း နောက်ပိုင်း များပြားလာသည့်အခါတွင် တရုတ် နယ်စပ်လုံခြုံရေးတပ်ဖွဲ့များက မြန်မာဖက်သို့ပြန်ရန် ဖိအားပေးခဲ့ဟု ဖော်ပြထားသည်။

    ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း ကချင်ပြည်နယ်တွင် အစိုးရစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အရပ်သား ၂၃၀၀၀၀ ခန့်မှာ ထွက်ပြေးခဲ့ရသည်ဟုလည်း အဆိုပါကြေငြာချက်တွင် ဖော်ပြထားသည်။

    Joint Strategy Team ကမူ ပြီးခဲ့သည့် သီတင်းပတ်အတွင်း တရုတ်နိုင်ငံသို့ ၀င်ရောက်ခိုလှုံရန် ကြိုးစားခဲ့သည့် စစ်ဘေးရှောင်ပြည်သူများမှာ လက်ရှိတွင် လိုင်ဇာသို့ ပြန်လာနေကြပြီဟု ဆိုသည်။

    Ref: mmtimes

  • ဆရာလေး ကေတုမာလာ (သို့) သာသနာ့ဘောင်မှ မဟာဖိုဝါဒကို တွန်းလှန်နေသူ

    ဆရာလေး ကေတုမာလာ (သို့) သာသနာ့ဘောင်မှ မဟာဖိုဝါဒကို တွန်းလှန်နေသူ

    ဇန်န၀ါရီ ၁၃၊ ၂၀၁၇
    M-Media

    ဆရာလေး ကေတုမာလာ

    – မြန်မာနိုင်ငံတွင် သီတင်းသုံးနေထိုင်ကြသည့် သီလရှင်အရေအတွက်မှာ ၆ သောင်းဝန်းကျင်ရှိသည်။ ဦးပြည်ခေါင်းတုံးတုံး၍ သာသနာ့ဘောင်ဝင်ကြသည့် အဆိုပါ ဘိက္ခုနီ (ရဟန်းမ) များက အမျိုးသားရဟန်းများနှင့် တန်းတူအဆင့်ရှိသည်ဟု သတ်မှတ်ခြင်းမခံရ။

    ထေရ၀ါဒ ဗုဒ္ဓသာသနာထွန်းကားသော မြန်မာနိုင်ငံတွင် ပြည်သူများက ဘုန်းကြီးရဟန်းများကို ဘတ်စ်ကားပေါ်တွင် နေရာဖယ်ပေးခြင်း၊ လမ်းမများတွင် လက်စုံမိုး၍ ရှိခိုးကန်တော့ခြင်း၊ နေ့စဉ် ဆွမ်းကွမ်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းတို့ကို ပြုကြသည်။ သို့သော်လည်း ‘ရဟန်းမ’ ဟုခ်ါသည့် သီလရှင်များကတော့ တရားဓမ္မကို တရားဝင်သင်ယူခြင်း ပိတ်ပင်ခံထာရပြီး၊ အရာသွင်းခြင်းလည်း မခံရ။ နိုင်ငံအတွင်း ထင်ရှားသည့် ဆရာလေး ကေတုမာလာကတော့ အဆိုပါ အစွဲများကို ချေဖျက်နေသည်။

    “ဆရာလေးတို့ ရင်ဆိုင်ကြတာပေါ့လေ။ မြန်မာနိုင်ငံမှာ မဟာဖိုဝါဒက ကြီးစိုးပြီး၊ ယောင်္ကျားတွေကသာ သြဇာရှိတော့ သသနာ့ဘောင်မှာလည်း အမျိုးသားတွေကသာ လွှမ်းမိုးပါတယ်။ မဟာဖိုဝါဒက ဒီမှာ တအားအမြစ်တွယ်နေပြီ” ဟု သက်တော် ၃၆ နှစ်ရှိပြီဖြစ်သည့် ဆရာလေး ကေတုမာလာက မိန့်ကြားခဲ့သည်။

    ဓမ္မစကူးလ်ဖောင်ဒေးရှင်းကို တည်ထောင်သူဖြစ်သည့် ဆရာလေးမှာ မြန်မာနိုင်ငံ၏ ပညာရေးစနစ်တွင် ဗုဒ္ဓသာသနာ၏ အဆုံးအများကို ထည့်သွင်း သင်ကြားရာ၌ အောင်မြင်မှု သိသိသာသာ ရရှိခဲ့သည်။ ဆရာလေး၏ အဆိုပါ ဖောင်ဒေးရှင်းက နိုင်ငံတစ်ဝှမ်းရှိ စာသင်ကျောင်း ထောင်ပေါင်းများစွာနှင့် ကွန်ယက်ချိတ်ဆက်ထားပြီး၊ ကျောင်းသူကျောင်းသားပေါင်း သန်းဝက်ခန့်က အကျိုးခံစားနေရသည်။ ဆရာလေး ကေတုမာလာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်ကပင် သတိထားမိခဲ့ပြီး မကြာသေးမီက ၎င်းတို့နှစ်ဦး တွေ့ဆုံခဲ့ကြသည်။ ဆရာလေးမှာ ကမ္ဘာတစ်ဝှမ်း ဗုဒ္ဓတရားတော်များကို ဟောပြောပို့ချလေ့ရှိပြီး လူကြိုက်များသည်။

    ဆရာလေးကေတုမာလာက အသက် ၁၃ နှစ်အရွယ်တွင် ကြုံတွေ့ခဲ့ရသည့် ကျား၊ မ ခွဲခြားမှုကို ပြန်ပြောင်းပြောပြခဲ့သည်။ သူမ၏ မွေးရပ်မြေ မော်လမြိုင်တွင် ဦးလေးနှင့် ၀မ်းကွဲအစ်ကိုတို့က ပဉ္စင်းတက်သည့်အချိန် သူမအပါအ၀င် မိသားစုအတွင်းရှိ အမျိုးသမီးများမှာ ဘုန်းကြီးကျောင်းရှိ ပဉ္စင်းခံသည့် နေရာသို့ ၀င်ရောက်ခွင့်မရခဲ့။

    “ဆရာလေးတို့ဟာ အမျိုးသားတွေနဲ့ မတူညီပါလားဆိုပြီး ပထမဆုံး ခံစားခဲ့ရပါတယ်။ နောက် ‘ယောက်ျားတွေက ဒါမျိုးလုပ်နိုင်ပြီး ငါတို့ကတာ့ ဘာဖြစ်လို့ မလုပ်နိုင်တာလဲ’ ဆိုပြီး ဆရာလေး တွေးခဲ့ပါတယ်”

    ဖားအောက်တောရတရားစခန်းတွင် သီတင်းသုံးခဲ့သည့် ဆရာလေးမှာ ထိုအဖြစ်အပျက်နောက်ပိုင်း နှစ်အတော်ကြာသည်အထိ သာသနာ့ဘောင်အတွင်း ကျား၊ မခွဲခြားမှုကို မကြုံရတော့။ အမြင်ကျယ်သည့် ကျောင်းထိုင်းဘုန်းတော်ကြီးကြောင့် အဆိုပါတရားစခန်း၌ အမျိုးသမီးများ အလိုရှိရာနေရာသို့ သွားလာနိုင်ကြသည်။ ယခုအချိန်တွင်တော့ ဖားအောက်တောရ တရားစခန်းမှာ ဆရာလေး ကေတုမာလာအတွက် သီတင်းသုံးရာနေရာ ဖြစ်နေပြီဖြစ်သည်။ ဆရာလေးမှာ ယောဂီဝတ်စုံဝတ်သည်။ မြန်မာနိုင်ငံရှိ နာမည်ကျော် ရဟန်းသံဃာများက အဆိုပါ ယောဂီဝတ်စုံကို လက်ခံသော်လည်း ခြိမ်းခြောက်မှုတစ်ခုအဖြစ် မှတ်ယူကြသည်။

    “သံဃာတွေကို လျှောက်တင်တဲ့အခါမှာ အလိမ္မာလေးသုံးပြီး ချက်ကျလက်ကျ လျှောက်တင်ရတယ်။ တစ်ချို့ သံဃာတွေက ကျား၊ မ ခွဲခြားမှုအကြောင်းပြောရင် သူတို့ကို ပြိုင်ချင်တယ်လို့ ထင်ကြပါတယ်။ အဲဒီအခါကျရင် ဆရာလေးက ‘ဒါ ဘုန်းဘုန်းတို့ကို ပြိုင်တာမဟုတ်ပါဘူး။ အမျိုးသမီးတွေ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာအောင်ပါ ဘုရား’ လို့ ပြန်လျှောက်ရပါတယ်” ဟု ဆရာလေးက ဆိုပြီး ဘုန်းကြီးများနှင့် တွေ့ဆုံသည့်အခါတွင် မိမိတို့က ဦးချရကာ ၎င်းတို့ထက် နိမ့်သည့်နေရာတွင် ထိုင်ရသည်ဟုလည်း ဖွင့်ဟခဲ့သည်။

    ‘ဘိက္ခုနီသံဃာ’ စနစ် ပြန်လည် ပေါ်ပေါက်လာမည်ကို သံဃာများက ကြောက်ရွံ့ကြသည်ဟုလည်း ဆရာလေးက ဆိုသည်။ အမျိုးသမီးများအား ရဟန်းပြုခွင့်ပေးသည့်အဆိုပါ ‘ဘိက္ခုနီသံဃာ’ စနစ်မှာ မြန်မာနှင့် အခြားသော ထေရ၀ါဒနိုင်ငံများတွင် လွန်ခဲ့သည့် နှစ်ပေါင်း တစ်ထောင်အရင်ကပင် ပျောက်ကွယ်ခဲ့ပြီးဖြစ်သည်။ ပညတ်များအရ ဘိက္ခုနီဖြစ်ချင်သော အမျိုးသမီးမှာ ဘိက္ခု (အမျိုးသားရဟန်း)၊ ဘိက္ခုနီ (အမျိုးသမီးရဟန်း) နှစ်ဦးလုံးတွင် ရဟန်းခံရမည်ဖြစ်သောကြာင့် ဘိက္ခုနီသံဃာစနစ် ကွယ်ပျောက်ခဲ့ပြီးနောက်ပိုင်း ထေရ၀ါဒဗုဒ္ဓဘာသာတွင် အမျိုးသမီးများမှာ ရဟန်းဖြစ်ခွင့် မရတော့။

    တရုတ်၊ ကိုရီးယားနှင့် ထိုင်ဝမ်တို့ကဲ့သို့ မဟာယန ဗုဒ္ဓဘာသာနိုင်ငံများတွင် ဘိက္ခုနီသံဃာစနစ်က တစ်ဖန် ပြန်လည်ရှင်သန်လာခဲ့သည်။ ထေရ၀ါဒနိုင်ငံဖြစ်သော သီရိလင်္ကာနိုင်ငံတွင်လည်း ဘိက္ခုနီ သံဃာစနစ်မှာ ပြန်လည်စတင်နေသည်။ သို့သော်လည်း ဘိက္ခုနီသံဃာစနစ်ကို မြန်မာနိုင်ငံတွင် ဟ,လို့မရဟု ဆရာလေးက ပြောကြားခဲ့သည်။

    ဆရာလေးက အသိ၊ သတိပြတ်သူမဟုတ်။ ယခင် အာဏာရှင်စနစ်တွင် နိုင်ငံရပ်ခြား၌ ဘိက္ခုနီအဖြစ်ခံယူသော အမျိုးသမီးများ မြန်မာနိုင်ငံပြန်လာသည့်အခါ ထောင်ချခံရသည်ကိုလည်း ဆရာလေးက သိနေသည်။

    “ဒါ့ကြောင့် မြန်မာနိုင်ငံမှာ လိင်ခွဲခြားမှုအကြောင်း ပြောတာဟာ သိပ်တော့မလွယ်ဘူးပေါ့။ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အချိန်ကာလ တရားဒေသနာ ဟောကြားတဲ့အခါမှာ တစ်ဖက်မှာ အမျိုးသားရဟန်းတွေရှိပြီး၊ တစ်ဖက်မှာ အမျိုးသမီးရဟန်းတွေ ရှိပါတယ်။ ဘုရားက တန်းတူညီမျှထားခဲ့တယ်”ဟု ဆရာလေးက ပြောကြားခဲ့သည်။

    ဆရာလေး ကေတုမာလာအတွက် ထိုကဲ့သို့ တန်းတူညီမျှရှိမှုက အလွန်ဝေးကွာနေသေးသည်ဟု အထင်ရောက်စေသည့် အဖြစ်အပျက်တစ်ခုရှိပြီး၊ တရားဒေသနာဟောကြားမှုတစ်ခုတွင် ဘုန်ကြီးတစ်ပါးနှင့် အခြေအတင်ပြောဆိုရခြင်းဖြစ်သည်။ အဆိုပါ ဘုန်းကြီးက ကုသိုလ် ရသည့်ဖြစ်စေ မရသည်ဖြစ်စေ လူသားအားလုံးအပေါ် မေတ္တာထားရမည်ဆိုသည့် ဗုဒ္ဓ၏ အယူအဆကို မယုံကြည်ဟု ပြောကြားခဲ့သည်။

    “ဒါက မှားတယ်လေ။ ရဟန်းတစ်ပါးအနေနဲ့ ဒီလို မပြောရဘူး။ ဘုရားကလည်း ဒီလိုမျိုး ဘယ်တုန်းကမှ မဟောခဲ့ဘူး။ လူသားအားလုံးအပါ် မေတ္တာထားဖို့ပဲ ပြောခဲ့တာပါ”

    သို့သော်လည်း ထိုကိစ္စက သာမန် အမြင်မတူခြင်းဆိုသည်ထက် ပို၍ နက်ရှိုင်းခဲ့ပုံရသည်။

    “သီလရှင်တစ်ပါးက အပေါ်ရောက်နေပြီး၊ သူက ပရိတ်သတ်ထဲမှာ ရှိနေတဲ့အတွက် ဒီကိုယ်တော် သဘောသိပ်မကျဘူးလို့ ဆရာလေးထင်တယ်လေ။ မြန်မာနိုင်ငံက မဟာဖိုဝါဒ ကြီးစိုးတဲ့ နိုင်ငံပါ။ ဘုန်းကြီးတွေက အမြဲတမ်း နေရာပိုရပါတယ်”

    ထိုအဖြစ်အပျက်မှာ သတင်းစာများနှင့် ဆိုရှယ်မီဒီယာများတွင် ပြန့်နှံ့သွားသည်။

    သီလရှင်ဆိုသည်က သိက္ခာပုဒ်များကို ပိုင်ဆိုင်သူ၊ စောင့်ထိန်းသူဟု အဓိပ္ပါယ်ရသည်။ ပရိသတ်ထဲမှ ဘုန်းကြီးတစ်ပါးကို ဆရာလေးကေတုမာလာ၏ တည်တည်ငြိမ်ငြိမ်ဖြင့် မေတ္တာရှေ့ထား တုန့်ပြန်မှုမှာ ‘သီလရှင်’ ဆိုသည့်ဂုဏ်ပုဒ်နှင့် ကိုက်ညီနေသည်။ သို့သော်လည်း သီလရှင်များကတော့ အရေးပေးခြင်းမခံရ။

    “သီလရှင်တွေလို့ အခေါ်ခံရပေမယ့် လူ့အဖွဲ့အစည်းမှာ သူတို့ဟာ လေးစားမှု မရကြပါဘူး။ ပိုက်ဆံမရှိတာ၊ ဒါမမှဟုတ် မိသားစုမရှိတာလို ဒုက္ခတွေကြောင့် မိန်းကလေးတွေက သီလရှင် ၀တ်ကြတယ်လို့ လူတော်တော်များများက ထင်နေကြပါတယ်” ဟု ဆရာလေးက ထည့်သွင်းပြောဆိုခဲ့သည်။

    ထိုသို့သောအမြင်များကို ပြောင်းလဲရခြင်းမှာ လွယ်ကူသည့်အလုပ်မျိုးမဟုတ်၊ ဆရာလေးကေတုမာလကတော့ ထိုအခြေအနေမျိုးအတွက် တိုက်ပွဲဝင်သွားရန် သန္ဓိဌာန်ချထားလေသည်။

    “မြန်မာပြည်သူတွေက အခုအချိန်မှာ အမျိုးသမီးအခွင့်အရေးအပေါ် ပိုပြီး စိတ်ဝင်စားလာပါပြီ။ သီလရှင်တွေဟာလည်း အမျိုးသမီးတွေပါပဲ။ သူတို့ဟာ ရုန်းကန်နေရတယ်။ ဘာသာရေးကဏ္ဍမှာလည်း ခွဲခြားခံနေရပါတယ်။ လူ့အဖွဲ့အစည်းက သီလရှင်တွေကို မေ့နေကြပါတယ်။ ဒ့ါကြောင့် အခြားအမျိုးသမီးတွေအနေနဲ့ သီလရှင်တွေကို သတိရစေချင်ပါတယ်။ ကိုယ့်အခွင့်အရေးအတွက် ကိုယ်တိုင်က ကြံ့ကြံ့ခံနိုင်တယ်ဆိုတာ ဆရာလေးတို့ ပြရမယ်။ လူတွေက ဒါကို လက်ခံလာရင် ဆရာလေးတို့ နောက်ထပ်တော်တော်များများကိုလည်း လုပ်နိုင်လာပါလိမ့်မယ်”

    Ref : Tricycle

    (Tricycle တွင် ဖော်ပြထားသည့် Meet Burma’s Feminist Buddhist Nun ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေး စိုးရိမ်မှုရှိသော်လည်း မြန်မာသို့ အစ္စရေးက လက်နက်ပို့မည်

    တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေး စိုးရိမ်မှုရှိသော်လည်း မြန်မာသို့ အစ္စရေးက လက်နက်ပို့မည်

    ဇန်ဝါရီ ၁၀၊ ၂၀၁၇
    M-Media

    is
    အစ္စရေးသို့ သွားရောက်လည်ပတ်စဉ် တွေ့ရသည့် ကာကွယ်ရေးဦးစီးချုပ်

    – နိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသောကြောင့် မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှုကို ရပ်ဆိုင်းရန် တက်ကြွလှုပ်ရှားသူများက တောင်းဆိုမှုကို အစ္စရေးက ပယ်ချလိုက်သည်ဟု သိရသည်။

    ဇန်န၀ါရီ ၈ ရက်နေ့က ပေးပို့ခဲ့သော အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန၏ စာတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သဘောတူထားပြီး၊ နိုင်ငံတကာ ဥပဒေနှင့် ကိုက်ညီသည့် စစ်လက်နက်ပစ္စည်းများ တင်ပို့မှုကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ဖော်ပြထားကြောင်း ဂျေရုစလင်အခြေစိုက် လူ့အခွင့်အရေး ဥပဒေအကျိုးဆောင် အစ်တေး မက်ခ်က ဧရာဝတီ သတင်းဌာနသို့ အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

    ထိုကဲ့သို့ ကာကွယ်ရေးဝန်ကြီးဌာနက ပယ်ချမှုကြောင့် မိမိအနေဖြင့် တရားရုံးချုပ်တက်ကာ အသနားခံစာ တင်သွားမည်ဟုလည်း မက်ခ်က ဆိုသည်။

    မြန်မာအစိုးရစစ်တပ်မှာ နိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် လူနည်းစု တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ခိုက်မှုများ ဖြစ်ပွားနေပြီး၊ နိုင်ငံအနောက်ပိုင်းတွင် ရိုဟင်ဂျာလူနည်းစုများအပေါ် ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည့်အတွက် မြန်မာစစ်တပ်က ၀ယ်ယူထားသည့် လက်နက်တင်ပို့ရေး လိုင်စင်များကို ပြန်လည်သုံးသပ်ရန် မက်ခ်နှင့် အခြားတက်ကြွလှုပ်ရှားသူများက ကာကွယ်ရေးဝန်ကြီးဌာန၏ လက်နက်ရောင်းချမှု ဌာနခွဲကို ဒီဇင်ဘာလအတွင်း စာရေးတောင်းဆိုခဲ့ခြင်းဖြစ်သည်။

    “အီရန်အပေါ် ပိတ်ဆို့မှုတွေကို ဆက်လက်ပြုလုပ်ဖို့ အသည်းအသန်ဖြစ်နေတဲ့ အစ္စရေးက အဆိုးရွားဆုံး ရာဇ၀တ်မှုတွေကို ကျူးလွန်နေမှုကြောင့် အမေရိကန်ရဲ့ အီးယူတို့က ပိတ်ဆို့ထားတဲ့ မြန်မာနိုင်ငံအပေါ် လိပ်ပြာသန့်သန့်နဲ့ လက်နက်ရောင်းနိုင်တာ အံ့သြစရာကောင်းပါတယ်” ဟု ဒီဇင်ဘာ ၁၁ ရက်နေ့က ပေးပို့ခဲ့သည့် အဆိုပါစာတွင် ဖော်ပြထားသည်။

    ၂၀၁၅ ခုနှစ် စက်တင်ဘာလအတွင်းက မြန်မာနိုင်ငံ၏ ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့တို့ အစ္စရေးသို့ သွားရောက်စဉ် အစ္စရေးအခြေစိုက် လက်နက်ကုမ္ပဏီဖြစ်သော Elbit Systems၊ လေကြောင်းလုပ်ငန်း Israeli Aerospace Industries နှင့် ၎င်း၏ လက်ခွဲ Elta Systems Ltd သို့ သွားရောက်လည်ပတ်ခဲ့သည်။

    အစ်တေး မက်ခ်က Elbit Systems နှင့် အခြားလက်နက်ကုမ္ပဏီ TAR Ideal တို့မှာ မြန်မာစစ်တပ်အား လက်နက်ရောင်းချရန် သဘောတူစာချုပ် ချုပ်ခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

    ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့မှာ အစ္စရေး ရေတပ်စခန်း၊ တဲလ်အဗီးရှိ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဂါဇာကမ်းမြှောင်ရှိ ဗိမာန်တို့အား သွားရောက်လည်ပတ်ခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်၏ Facebook စာမျက်နှာတွင် ၎င်းအနေဖြင့် အစ္စရေးမှ စစ်လက်နက်ပစ္စည်းများ ၀ယ်ယူရန်နှင့် လေ့ကျင့်သင်ကြားပေးရန် အစ္စရေးကိုယ်စားလှယ်အဖွဲ့များနှင့် ဆွေးနွေးခဲ့သည်ဟု ဖော်ပြခဲ့သည်။

    အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနကမူ အစ်တေးမက်ခ်သို့ ပေးပို့သည့်စာတွင် နိုင်ငံခြားတိုင်းပြည်များနှင့် စစ်လက်နက် ရောင်းဝယ်ရေး သဘောတူညီချက်နှင့်ပတ်သက်၍ မည်သည့်ဖော်ပြချက်မှ မပါဝင်ပေ။

    “မြန်မာစစ်တပ် အကြီးအကဲကတောင် ၂၀၁၅ စက်တင်ဘာက အစ္စရေးကို လည်ပတ်မှု၊ ၂၀၁၆ သြဂုတ်လမှာ အစ္စရေး လက်နက်တင်ပို့မှုအကြီးအကဲတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံမှုတွေကို အသေးစိတ် ထုတ်ပြန်ခဲ့သေးတာပဲ။ (အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနရဲ့) ဒီလျှို့ဝှက်မှုက ထူးဆန်းနေတယ်ဗျ” ဟု မက်ခ်က ပြောကြားခဲ့သည်။

    Ref: Irrawaddy