News @ M-Media

Tag: Minority In Myanmar

  • ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်ကလေးများကို မြန်မာသင်ရိုးဖြင့် စာသင်မည်

    ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်ကလေးများကို မြန်မာသင်ရိုးဖြင့် စာသင်မည်

    ဇန်နဝါရီ ၃၀၊ ၂၀၂၀
    M-Media

    -ဘင်္ဂလားဒေ့ရှ်ဖက်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်ကလေးငယ်တွေရဲ့ ပညာရေးကို ချဲ့ထွင်ပြီး မြန်မာသင်ရိုးညွှန်းတန်းနဲ့ ပုံမှန် အတတန်းပညာသင်ကြားရေး ကုလနဲ့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ ပူးပေါင်းဆောင်ရွက်တော့မယ်လို့ သိရပါတယ်။

    ကော့ဆက်ဘဇားက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ကလေးငယ်တွေဟာ လက်ရှိမှာ ကုလ ဒုက္ခသည်အေဂျင်စီ UNICEF က ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း ၁၅၀၀ လောက်မှာ အခြေခံပညာရေးကို သင်ယူနေရတာ ဖြစ်ပါတယ်။

    ဧပြီလမှာစတင်မယ့် အစီအစဉ်အသစ်အရ ကလေးတွေဟာ ၅ တန်းကနေ ၈ တန်းအထိ မြန်မာနိုင်ငံက သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားရတော့မယ်လို့ ကုလကထုတ်ပြန်တဲ့ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဘင်္ဂလားဒေ့ရှ်က ကုလဒုက္ခသည် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ကော်မရှင်နာမင်းကြီး မဟ်ဘူးဘ် အလမ် တာလွက်ဒါက ရိုဟင်ဂျာကလေးငယ်တွေကို မြန်မာပညာရေးစနစ် သင်ပေးဖို့အတွက် ကုလရဲ့ အဆိုပြုချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက လက်ခံခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “မြန်မာဘာသာစကားနဲ့ သင်ပေးမယ်။ မြန်မာနိုင်ငံက သင်ရိုးညွှန်းတမ်းအတိုင်း သွားမယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရကျောင်းတွေမှာ ပညာသင်ကြားခွင့် သူတို့ ရမှာမဟုတ်သလို၊ ဘင်္ဂါလီစာကိုလည်း သူတို့ မဖတ်တတ်ပါဘူး။ သူတို့ ဘင်္ဂလားဒေ့ရှ်မှာ ရေရှည်နေရမယ့်အနေအထားမျိုး မရှိတဲ့အတွက် ပြည်တော်ပြန်တဲ့အခါ မြန်မာလူ့အဖွဲ့အစည်းနဲ့ အသားကျရေး အခုဆောင်ရွက်မှုက အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်”

    မြန်မာသင်ရိုးညွှန်းတမ်းနဲ့ သင်ကြားမယ့် ရှေ့ပြေးအစီအစဉ်မှာ ရိုဟင်ဂျာကလေးငယ် တစ်သောင်းလောက် ပါဝင်မယ်လို့ ကုလက ပြောကြားခဲ့ပါတယ်။ ဒီအစီအစဉ်အတွက် ဆရာ၊ ဆရာမတွေကို လေ့ကျင့်သင်တန်းပေးမှုကိုလည်း ကုလက စတင်နေပါတယ်။

    ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကလေးငယ် ၄ သိန်းလောက်ရှိပြီး သူတို့ ပုံမှန်ပညာရေးရရှိဖို့အတွက် လူ့အခွင့်အရေးအဖွဲ့တွေက ဘင်္ဂလာဒေ့ရှ်အစိုးရကို အရင်ကတည်းက တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

    Ref: The Diplomat

  • ဘိလပ်မြေစက်ရုံ၏ ဆိုးကျိုးကို အစိုးရက ဖြေရှင်းပေးမည်ဟု ကရင်ပြည်သူများ မျှော်လင့်နေ

    ဘိလပ်မြေစက်ရုံ၏ ဆိုးကျိုးကို အစိုးရက ဖြေရှင်းပေးမည်ဟု ကရင်ပြည်သူများ မျှော်လင့်နေ

    ဇန်နဝါရီ ၂၈၊ ၂၀၂၀
    M-Media

    -ကရင်ပြည်နယ် ဘားအံမြို့နယ်က ရွာတစ်ချို့မှာ ဘိလပ်မြေစက်ရုံက စွန့်ပစ်ပစ္စည်းတွေကြောင့် ရွာသားတွေရဲ့ လူနေမှုဘ၀ကို သိသိသာသာ ထိခိုက်မှုတွေ ရှိလာပြီး ဒါတွေကို အစိုးရက ဖြေရှင်းပေးဖို့ ဆန္ဒပြမှုတွေလည်း လုပ်ဆောင်ခဲ့ကြပါတယ်။

    နတ်ကုန်းရွာမှာ ရွာသားတွေ၊ ကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ မကြာသေးခင်က စုဝေးကာ စစ်တပ်က လုပ်ကိုင်နေတဲ့ ကျောက်မီးသွေးဓာတ်အားသုံး မြိုင်ကလေး ဘိလပ်မြေစက်ရုံ ပိတ်ပစ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီစက်ရုံသက်တမ်းဟာ နှစ်ပေါင်း ၃၀ လောက်ရှိနေပြီး လက်ရှိ တစ်နေ့ကို ဘိလပ်မြေ တန် ၄၀၀၀ လောက် ထုတ်လုပ်နေပါတယ်။

    စက်ရုံကထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် သဘာ၀ပတ်ဝန်းကျင်နဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကို ထိခိုက်လာတယ်လို့ ရွသားတွေက ဆိုပါတယ်။

    အဓိကစိုးရိမ်စရာက စက်ရုံပတ်ဝန်းကျင်တစ်၀ိုက်မှာ ရေချိုရှားပါးလာတာဖြစ်ပါတယ်။ စက်ရုံတစ်၀ိုက်က ရွာပေါင်း ၂၇ ရွာမှာ တစ်ချို့ရေတွင်းက ရေတွေဟာ အနက်ရောင်ပြောင်းသွားပြီး၊ တစ်ချို့ရေတွင်းမှာ ရေက ကြည်ပေမယ့် ရွာသားတွေက မသောက်ရဲတော့ပါဘူး။

    သောက်ရေအတွက် နတ်ကုန်းရွာသားတွေဟာ အရင်က အပြင် အကူအညီပေးရေးအဖွဲ့တွေရဲ့ ထောက်ပံ့မှုကို မှီခိုနေရတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့လအနည်းငယ်စလို့ ထောက်ပံ့မှုတွေ မရှိတော့တဲ့အတွက် သောက်ရေဝယ်သောက်ရတာ၊ ညစ်ညမ်းနေတဲ့ရေကို ကျောက်ချဉ်ထည့်ပြီး သောက်ရတာတွေ ဖြစ်လာပါတယ်။

    ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကို ရောက်ရှိလာတာကြောင့် ဒီအခြေအနေ ပိုမိုဆိုးရွားလာမှာကို ရွာသားတွေက စိုးရိမ်နေကြပါတယ်။

    စစ်တပ်ကပိုင်တဲ့ မြိုင်ကလေး ဘိလပ်မြေစက်ရုံကို ၁၉၈၀ ပြည့်နှစ်တွေက စတင်လည်ပတ်ခဲ့ပြီး အရင်က စွမ်းအင်အတွက် သဘာ၀ဓာတ်ငွေ့ကို အသုံးပြုခဲ့ပေမယ့် ၂၀၁၈ ခုနှစ်ကစလို့ ကျောက်မီးသွေးကို ပြောင်းလဲအသုံးပြုခဲ့ကာ အဲဒီနောက်ပိုင်း ဒီလိုအခြေအနေတွေ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဒေသခံတွေကတော့ ကျောက်မီးသွေးအသုံးမပြုရေး ကန့်ကွက်ခဲ့ပေမယ့် အာဏာပိုင်တွေက လစ်လျူရှုခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကရင် သဘာ၀ပတ်ဝန်းကျင်နှင့် လူမှုလှုပ်ရှားမှုကွန်ယက် (KESAN) ရဲ့ တာဝန်ရှိသူ ကိုစောသာဖိုးက အစိုးရဟာ ပြည်သူလူထုထံကနေ အကြံပြုချက်မယူဘဲ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    စက်ရုံကစွန့်ပစ်ပစ္စည်းတွေကြောင့် မြစ်ချောင်းအင်းအိုင်ကငါးတွေ သေဆုံးမှုလည်း ဖြစ်ပေါ်နေပါတယ်။

    အစိုးရတာဝန်ရှိသူတွေနဲ့ ကျွမ်းကျင်သူတွေက စက်ရုံတစ်၀ိုက်မှာရှိတဲ့ ရေအရင်းအမြစ်တွေဟာ သောက်သုံးဖို့အတွက် အန္တရာယ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ ဓာတ်ခွဲစမ်းသပ်မှုတွေ လုပ်ဆောင်နေတဲ့ ပြည်တွင်းအဖွဲ့ Advancing Life and Regenerating Motherland က ရေအရောင်းပြောင်းမှု၊ ငါးတွေသေဆုံးမှု ဖြစ်နေတဲ့ ရွာ ၅ ရွာက ရေနမူနာ ၁၀ ခုကို စမ်းသပ်ခဲ့ပါတယ်။ ရေဟာ PH တန်ဖိုး ကျဆင်းနေပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတ်မှတ်ထားတဲ့ သောက်သုံးရေစံနှုန်းနဲ့ ကိုက်ညီနေတယ်ဆိုတာတွေ့ရကြောင်း ဒီအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

    ငါးတွေသေဆုံးတာက ကလိုရင်းနဲ့ ဖော့စဖိတ်တွေ များပြားနေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

    ကိုစောသာဖိုးက ဒေသခံတွေရဲ့ စိုးရိမ်မှုကို ပပျောက်စေဖို့အတွက် နိုင်ငံတကာပညာရှင်တွေကို ဖိတ်ခေါ်ပြီး စမ်းသပ်ခိုင်းဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ရွာသားတွေကို သောက်ရေလှူတာ၊ ရေတွင်းအသစ်တွေတူးတာဟာ ရေတိုဖြေရှင်းမှုဖြစ်ပြီး၊ ရေရှည်ဖြေရှင်းမှုလိုအပ်တယ်လို့ သူက ဆိုပါတယ်။

    “ကျွန်တော်တို့ရဲ့စိုးရိမ်မှုတွေ ဖြေဖျောက်ရေး အစိုးရ ကူညီလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”

    Ref: mmtimes

  • ချင်းပြည်နယ်၏ ပထမဆုံးလေယာဉ်ကွင်းကို မေလတွင် ဖွင့်လှစ်မည်

    ချင်းပြည်နယ်၏ ပထမဆုံးလေယာဉ်ကွင်းကို မေလတွင် ဖွင့်လှစ်မည်

    ဇန်နဝါရီ ၇၊ ၂၀၂၀
    M-Media

    ဆူရ်ဘုန်လေယာဉ်ကွင်းမှ ပြေးလမ်း

    -ချင်းပြည်နယ်ရဲ့ ပထမဆုံး လေယာဉ်ကွင်းကို လာမယ့် မေလနှောင်းပိုင်းမှာ ဖွင့်လှစ်နိုင်တော့မယ်လို့ သိရပါတယ်။

    ဖလမ်းမြို့နယ်မှာ တည်ရှိတဲ့ အဲဒီ ‘ဆူရ်ဘုန်’ လေယာဉ်ကွင်းကို ငွေကျပ် ၃၇ ဘီလီယံ အကုန်ကျခံ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ စီမံကိန်းကို ၂၀၁၅ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ပြီးစီးဖို့ လျာထားပေမယ့် ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ရဲ့ တိုက်ရိုက်ညွှန်ကြားမှုနဲ့ အရှိန်မြှင့် ဆောင်ရွက်ခဲ့တာပါ။

    ဆူရ်ဘုန်တောင်တန်းက အဲဒီလေယာဉ်ကွင်းဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၁၈၃၀ မီတာမှာ တည်ရှိပြီး ATR-72 လေယာဉ် ဆင်းသက်နိုင်ဖို့ ပြေးလမ်းအရှည် ၁၈၃၀ မီတာ၊ အကျယ် ၃၀ မီတာ ရှိပါတယ်။

    ချင်းပြည်နယ်ဟာ တောင်တန်းဒေသဖြစ်တာကြောင့် သွားလာရခက်ခဲပြီး နိုင်ငံအတွင်း ဖွံ့ဖြိုးမှု နောက်အကျဆုံး ပြည်နယ်လည်း ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံရဲ့ လူနေမှုအခြေအနေ စစ်တမ်းအရ ချင်းပြည်နယ် ပြည်သူလူထုရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးဟာ ဆင်းရဲမွဲတေတဲ့ အခြေအနေမှာ နေထိုင်နေရတာကို တွေ့ခဲ့ရပါတယ်။

    အသည်းပုံ ရိဒ်ရေကန်၊ နာမည်ကျော် နတ်မတောင် အမျိုးသားဥယျာဉ်တွေ ချင်းပြည်နယ်မှာ တည်ရှိတာကြောင့် အခုလို ပထမဆုံးလေဆိပ် ဖွင့်လှစ်နိုင်တာက ပြည်နယ်ရဲ့ ခရီးသွားကဏ္ဍကို တိုးတက်ဖွံ့ဖြိုးစေလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

    ဆူရ်ဘုန်လေယာဉ်ကွင်းအပြင် တီးတိန်၊ တွန်းဇံ၊ ဖလမ်းနဲ့ ဟားခါးမြို့နယ်တွေမှာလည်း လေယာဉ်ကွင်းငယ်တွေ တည်ဆောက်ဖို့ ချင်းပြည်နယ်အစိုးရက စီစဉ်ထားပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံတကာ လေယာဉ်ကွင်း ၃ ခု ရှိပြီး၊ ပြည်တွင်းလေယာဉ်ကွင်း ၅၈ ခုမှာ လက်ရှိ ၃၁ ခု လည်ပတ်နေပါတယ်။

    Ref: mmtimes

  • နိုင်ငံတစ်ဝှမ်း စားနပ်ရိက္ခာထောက်ပံ့ရေး ကုလနှင့် သဘောတူညီချက်ကို မြန်မာ သက်တမ်းတိုး

    နိုင်ငံတစ်ဝှမ်း စားနပ်ရိက္ခာထောက်ပံ့ရေး ကုလနှင့် သဘောတူညီချက်ကို မြန်မာ သက်တမ်းတိုး

    ဒီဇင်ဘာ ၃၀၊ ၂၀၁၉
    M-Media

    -ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့အပါအဝင် နိုင်ငံတစ်ဝှမ်းက လူပေါင်း ၁ သန်းကျော်လောက်ကို စားနပ်ရိက္ခာထောက်ပံ့ရေး မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (WFP) တို့အကြား သဘောတူညီချက်ကို ထပ်မံ သက်တမ်းတိုးလိုက်ပါတယ်။

    သဘောတူညီချက်ကို အခုလအစောပိုင်းက နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး WFP က စီမံကိန်းတွေကို ဆက်လက်အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေပါတယ်။

    နိုင်ငံရပ်ခြား စီးပွားရေးဆိုင်ရာဆက်ဆံမှု ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ကုလနဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းရဲ့ အဓိကဦးစားပေးဟာ မြန်မာနိုင်ငံ အသွင်ကူးပြောင်းမှုရဲ့ လမ်းပြမြေပုံဖြစ်တဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို အထောက်အပံ့ဖြစ်စေဖို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    WFP ရဲ့ မြန်မာနိုင်ငံရဲ့ တာဝန်ရှိသူ စတီဖင်အန်ဒါဆန်က ငတ်မွတ်ခေါင်းပါးမှု၊ အဟာရချို့တဲ့မှုကို တိုက်ဖျက်ရေး အစိုးရက ဆောင်ရွက်လိုစိတ်ရှိတာကို ဒီသဘောတူညီချက်က ပြသနေတယ်လို့ ဆိုပါတယ်။

    WFP ဟာ ရခိုင်ပြည်နယ်က ပဋိပက္ခဒဏ်ကို ခံစားနေရတဲ့ လူပေါင်း ၂ သိန်း ၄ သောင်း၊ ကချင်ပြည်နယ်က အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၄၅၀၀၀၊ ရှမ်းပြည်နယ်က လူပေါင်း ၁၄၀၀၀ လောက်ကို အရေးပေါ် စားနပ်ရိက္ခာအကူအညီတွေ ပေးအပ်နေတာ ဖြစ်ပါတယ်။

    နိုဝင်ဘာလကစပြီး ချင်းပြည်နယ် ပလက်၀မြို့က လူပေါင်း ၆၀၀ ကျော်ကို WFP က ထပ်တိုး အကူအညီပေးခဲ့ရပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၁ ခုက ကလေးငယ်ပေါင်း ၃ သိန်းလောက်ကိုလည်း WFP က အဟာရဓာတ်ကြွယ်၀တဲ့ ဘီစကစ်တွေထောက်ပံ့တာ၊ စာသင်ကျောင်းတွေကနေတစ်ဆင့် ထမင်းဟင်းကျွေးမွေးတာတွေ လုပ်ဆောင်ပေးနေပါတယ်။

    ခြောက်သွေ့ဇုန်လို့ သတ်မှတ်ထားတဲ့ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း၊ နာဂဒေသနဲ့ ဝဒေသလို ဝေးလံခေါင်ဖျားတဲ့ဒေသတွေက စားနပ်ရိက္ခာလိုအပ်နေတဲ့ ပြည်သူတွေကိုလည်း WFP က ကူညီထောက်ပံ့မှုတွေ ပြုလုပ်နေပါတယ်။

    WFP ရဲ့ အစီအစဉ်တွေထဲမှာ HIV နဲ့ တီဘီရောဂါ ဖြစ်ပွားနေသူကို ထောက်ပံ့မှုလည်း ပါဝင်ပါတယ်။

    Ref: mmtimes

  • နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရခိုင်ပြည်နယ် မာန်အောင်သို့သွားမည်

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရခိုင်ပြည်နယ် မာန်အောင်သို့သွားမည်

    ဒီဇင်ဘာ ၁၈၊ ၂၀၁၉
    M-Media

    ၂၀၁၇ ခုနှစ် မောင်တောသို့ သွားရောက်ခဲ့စဉ်က

    -နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာ ရခိုင်ပြည်နယ် မာန်အောင်မြို့ကို သွားရောက်ဖို့ရှိနေပြီး NLD ပါတီ အစိုးရတာဝန်ယူခဲ့တဲ့ ၂၀၁၆ ခုနှစ်ကစလို့ ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ်ကို သွားရောက်မှု ဖြစ်ပါတယ်။

    ရခိုင်ပြည်နယ်လွှတ်တော်အမတ် ဦးဘိုးနွဲ့က ဒေါ်အောင်ဆန်းစုကြည်ဟာ မန်အောင်မြို့နယ်က နေစွမ်းအင်သုံး ဓာတ်အားပေးစနစ် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “နေစွမ်းအင်သုံး ဓာတ်အားပေးစနစ် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ပြီးတဲ့နောက် ပြည်သူလူထုနဲ့ တွေ့ဆုံမှာပါ။ ရောက်တုန်းရောက်ခိုက် အခြားနေရာတွေကို သွားမလားဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး”

    လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရနဲ့ တောင်ကိုရီးယား POSCO Daewoo Corporation ကုမ္ပဏီတို့ ပူးပေါင်းဖော်ဆောင်တဲ့ ဒီ နေစွမ်းအင်သုံး ဓာတ်အားပေးစီမံကိန်းကို ပြီးခဲ့တဲ့နှစ်မှာ စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလက ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်ကို သွားရောက်ခဲ့ပါတယ်။

    Ref: mmtimes