News @ M-Media

Tag: MMediaTech

  • ပင်လယ်ကူးသင်္ဘောကဏ္ဍကို တစ်ခေတ်ဆန်းစေမည့် လင်းပိုင်အရေပြား ပန်ကာ

    ပင်လယ်ကူးသင်္ဘောကဏ္ဍကို တစ်ခေတ်ဆန်းစေမည့် လင်းပိုင်အရေပြား ပန်ကာ

    ဇူလိုင် ၁၈၊ ၂၀၂၄
    M-Media

    -ပင်လယ်ကူး သင်္ဘောကြီးတွေရဲ့ ဧရာမပန်ကာကို လင်းပိုင်အရေပြားပုံစံ ဖန်တီး အသုံးပြုတာကြောင့် လောင်စာဆီသုံးစွဲမှုကို လျော့ချနိုင်ပြီး၊ သဘာ၀ပတ်၀န်းကျင်အတွက် ပိုမို ကောင်းမွန်စေတယ် ဆိုတာကို တရုတ်ပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။

    ပန်ကာတွေရဲ့ တွန်းအားကို ပိုမိုကောင်းမွန်အောင် ရေနေသတ္တ၀ါတွေရဲ့ ကူးလူးသွားလာမှုကို အတုယူ စမ်းသပ်ဖန်တီးရာကနေ အခုလို အောင်မြင်မှုမျိုး ရရှိလာခဲ့တာပါ။ လင်းပိုင်ရဲ့ အရေပြားတည်ဆောက်ပုံနဲ့ အရေပြားမှာရှိတဲ့ အချွဲတစ်မျိုးဟာ အရေပြားနဲ့ ရေတို့အကြား ပွတ်တိုက်မှုကို လျော့ပါးစေပါတယ်။

    တန်ချိန် ၃ သိန်းရှိတဲ့ ရေနံတင်သင်္ဘောရဲ့ ပန်ကာကို ဒီလိုပုံစံ ဖန်တီးပြီး ၃ ကြိမ် အသွားအပြန် ခုတ်မောင်းခဲ့ရာမှာ ဆီစား ၂ ရာခိုင်နှုန်း သက်သာတာကို ပညာရှင်တွေက တွေ့ခဲ့ရပါတယ်။ တစ်နှစ်ကို ဆီတန်ချိန် ၃၀၀ လောက် သက်သာသွားမှာပါ။

    သင်္ဘောရဲ့ ဒေါက်တစ်ခါ၀င်ရတဲ့ ၂ နှစ်ခွဲကာလမှာ စွမ်းအင်သုံးစွဲမှု ၁ ဒဿမ ၅ ရာခိုင်နှုန်းလောက် ချွေတာနိုင်မှာဖြစ်ပြီး ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု တန်ပေါင်း ၉၀၀ လောက်ကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

    Ref: Interesting Engineering

  • တရုတ်ပညာရှင်များ ဖန်တီးခဲ့သည့် လူ့ဦးနှောက်တုနှင့် စက်ရုပ်

    တရုတ်ပညာရှင်များ ဖန်တီးခဲ့သည့် လူ့ဦးနှောက်တုနှင့် စက်ရုပ်

    ဇူလိုင် ၅၊ ၂၀၂၄
    M-Media

    -ဓာတ်ခွဲခန်းထွက် ဦးနှောက်တု အသုံးပြုထားတဲ့ စက်ရုပ်တစ်ရုပ်ကို တရုတ်သိပ္ပံပညာရှင်တွေက အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါတယ်။

    တရုတ်နိုင်ငံက Tianjin တက္ကသိုလ်နဲ့ တောင်ပိုင်း နည်းပညာ တက္ကသိုလ်က ပညာရှင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အသီးအပွင့်လည်း ဖြစ်ပါတယ်။

    လူ့ဦးနှောက်ပုံစံ ဦးနှောက်တုငယ်တစ်ခုကို ဓာတ်ခွဲခန်းထဲမှာ ဖန်တီးကာ အီလက်ထရောနစ် ချစ်ပ်ပြားနဲ့ စွမ်းအင်ပေးပြီး စက်ရုပ်ကို ထိန်းကြောင်းစေတာပါ။ ဒီနည်းပညာကို Brain-on-chip လို့ အမည်ပေးထားပါတယ်။

    စက်ရုပ်ဟာ အရာ၀တ္ထုတွေကို မကျအောင် ကိုင်တာ၊ အတားအဆီးတွေကို ရှောင်ပြီးသွားတာလို လုပ်ဆောင်ချက်တွေကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တယ်လို့ Tianjin ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    တရုတ်ပညာရှင်တွေကတော့ အခုအောင်မြင်မှုကနေတစ်ဆင့် လူသား-စက်ရုပ် ပေါင်းစပ်အသိဉာဏ်တစ်မျိုးကို ဖန်တီးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

    အခုတီထွင်မှုဟာ လူ့ဦးနှောက်နဲ့ အီလက်ထရောနစ်ချစ်ပ်ပြား ပေါင်းစပ်ထားတဲ့ ကမ္ဘာ့ပထမဆုံး စနစ်ဖြစ်ပြီး လူ့ဦးနှောက်လို ကွန်ပျူတာစနစ်မျိုး ဖန်တီးနိုင်ဖို့အတွက် ခြေလှမ်းတစ်ခုဖြစ်တယ်လို့လည်း တရုတ်ပညာရှင်တွေက ပြောပါတယ်။

    ဓာတ်ခွဲခန်းထဲမှာ ဖန်တီးတဲ့ လူ့ဦးနှောက်တုတွေဟာ အာရုံကြောဆိုင်ရာ ရောဂါတွေ၊ ဦးနှောက်ထိခိုက်မှု ကုသမှုတွေမှာ ထိထိရောက်ရောက် အသုံးပြုနိုင်တဲ့ ကြားခံတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် လူ့ဦးခေါင်းထဲမှာ ထည့်သွင်းကုသနိုင်လောက်တဲ့အထိ ဖွံ့ဖြိုးတိုးတက်လာမှုတော့ မရှိသေးပါဘူး။

    Ref: Interesting Engineering

  • အသားဓာတ်ထည့်ထားသည့်ဆန်ကို တရုတ်ပညာရှင်များ တီထွင်အောင်မြင်

    အသားဓာတ်ထည့်ထားသည့်ဆန်ကို တရုတ်ပညာရှင်များ တီထွင်အောင်မြင်

    ဇူလိုင် ၁၊ ၂၀၂၄
    M-Media


    -ကြက်သားနဲ့ ၀က်သားလို အသားတွေကို တစ်ခါတည်း ထည့်သွင်းထားတဲ့ ဆန်တစ်မျိုးကို တရုတ်နိုင်ငံ ဘေဂျင်းမြို့က သိပ္ပံပညာရှင်တွေဟာ ဓာတ်ခွဲခန်းမှာ အောင်မြင်စွာ ဖန်တီးထုတ်လုပ်နိုင်ခဲ့ပါတယ်။

    အသားဆဲလ်တွေကို ဆန်စေ့တွေထဲ အောင်မြင်စွာ ထည့်သွင်းမွေးမြူနိုင်တဲ့ နည်းလမ်းကို တရုတ်ပညာရှင်တွေက ဖော်ထုတ်အသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။

    ဒီဆန်တွေကို ချက်လိုက်ရင် ထမင်းနံ့သာမကဘဲ အသားနံ့ပါ ရရှိစေတယ်လို့ သုတေသနကို ဦးဆောင်တဲ့ ၀မ်ရှိုး၀ေက ပြောပါတယ်။

    “အဲဒီထမင်းမှာ ဆန်ကနေ ရရှိတဲ့ အမျှင်ဓာတ်၊ ကာဘိုဟိုက်ဒရိတ်။ ဗိုင်တာမင်နဲ့ သတ္ထုဓာတ်တွေသာမကဘဲ အသားကနေရတဲ့ အမိုင်နိုအက်စစ်၊ ပရိုတိန်းဓာတ်တွေပါ ပါ၀င်ပါတယ်”


    စားသုံးဖို့အတွက် တိရိစ္ဆာန်တွေကို မွေးမြူတာဟာ ရေ၊ မြေနဲ့ စွမ်းအင်လို ရင်းမြစ်တွေ ဆုံးရှုံးတာသာမက၊ ဖန်လုံအိမ်ဓာတ်ငွေ့ကို ထုတ်လွှတ်ပေးပြီး ကမ္ဘာကြီးကို ပိုမိုပူနွေးလာစေပါတယ်။

    မွေးမြူရေးခြံတွေမှာ ပိုးသတ်ဆေးတွေ သုံးရတာကြောင့် ရောဂါပိုမွှားတွေဟာ ပိုးသတ်ဆေးယဥ်ပါးပြီး တိရိစ္ဆာန်တွေကနေ လူတွေထဲ ကူးစက်ပြန့်နှံ့နိုင်တဲ့ အန္တရာယ်လည်း ရှိနေပါတယ်။

    ဒါ့ကြောင့် လူသားတွေဟာ အစာတစ်မျိုးထဲကနေ အဟာရပေါင်းစုံ ရရှိနိုင်မယ့် နည်းလမ်းမျိုးကို ရှာဖွေလာကြပါတယ်။ ဒီနည်းလမ်းတွေဟာ စစ်ပွဲတွေ၊ သဘာ၀ဘေးအန္တရာယ်တွေနဲ့ ကြုံလာရတဲ့အချိန် အစာရေစာ ပြတ်လတ်မှုပြဿနာကို တစ်ဖက်တစ်လမ်းကနေ ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ပညာရှင်တွေက မျှော်လင့်ထားကြပါတယ်။

    ဒါ့အပြင် အာကာသအတွင်းပိုင်းထဲ ရှာဖွေစူးစမ်းမှုလို ခရီးရှည်တွေမှာလည်း ဒီလို ပြုပြင်ထားတဲ့ အစားအစာတွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

    ဆန်ထဲမှာ အသားဓာတ်တွေ ထည့်သွင်းတဲ့ နည်းလမ်းမျိုးကို တောင်ကိုရီးယား ပညာရှင်တွေကလည်း ကြိုးပမ်းလာကြပါတယ်။ အခုနှစ်ဖေဖော်၀ါရီလအတွင်း အမဲသားဓာတ်သွင်းထားတဲ့ ဆန်တစ်မျိုးကို တောင်ကိုရီးယားက ဖန်တီးနိုင်ခဲ့ပါတယ်။

    အခုလို ဆန်မျိုးတွေဟာ လက်ရှိ ဓာတ်ခွဲခန်းမှာ စမ်းသပ်ထုတ်လုပ်ဆဲအဆင့်သာ ရှိသေးပြီး ကျယ်ကျယ်ပြန့်ပြန့် စားသုံးနိုင်ဖို့အတွက် အချိန်ကြာမြင့်အုံးမှာ ဖြစ်ပါတယ်။

    Ref: Interesting Engineering

  • ဉာဏ်ရည်တု အကူအညီကြောင့် ကင်ဆာ ၁၃ မျိုးကို စောစီးစွာ ဖော်ထုတ် ကုသနိုင်တော့မည်

    ဉာဏ်ရည်တု အကူအညီကြောင့် ကင်ဆာ ၁၃ မျိုးကို စောစီးစွာ ဖော်ထုတ် ကုသနိုင်တော့မည်

    ဇွန် ၂၁၊ ၂၀၂၄

    M-Media 


    -ဉာဏ်ရည်တုနည်းပညာ AI ကို ကင်ဆာရောဂါ ရှာဖွေရေးမှာ အသုံးပြုရင် ရောဂါ ၁၃ မျိုးကို ၉၈ ရာခိုင်နှုန်း တိတိကျကျနဲ့ စောစောစီးစီး ဖော်ထုတ်နိုင်မယ်ဆိုတာ လေ့လာမှုတစ်ခု မှာတွေ့ခဲ့ရပါတယ်။ 

    ကင်ဆာရောဂါကို ရှာဖွေဖော်ထုတ်ရာမှာ မီသိုင်လေးရှင်း (methylation) နည်းလမ်းကို အခြေခံတာဖြစ်ပြီး AI နည်းပညာကို ပေါင်းစပ် အသုံးပြုမှာဖြစ်ပါတယ်။ 

    ကင်ဆာဟာ ကမ္ဘာပေါ်မှာ လူသေဆုံးမှုများတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး နှစ်စဥ် ကင်ဆာရောဂါသည် ၁၉ သန်း၊ သေဆုံးသူ ၁၀ သန်း ရှိနေပါတယ်။ ကင်ဆာရောဂါကို စောစီးစွာ ရှာဖွေဖော်ထုတ်နိုင်ရေးဟာ ဆေးပညာလောကရဲ့ စိန်ခေါ်တစ်ခုလည်း ဖြစ်နေပါတယ်။ 

    “ကင်ဆာရောဂါ တော်တော်များများကို စောစောစီးစီးသာသိရင် ပျောက်ကင်းအောင် ကုသလို့ရပါတယ်”လို့ အင်္ဂလန်က Cambridge တက္ကသိုလ်နဲ့ Imperial ကောလိပ်တို့ ပူးပေါင်းပြုလုပ်တဲ့ သုတေသန အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

    လက်ရှိမှာ ကင်ဆာရောဂါ တော်တော်များများကို ကုသလို့မရနိုင်တဲ့ နောက်ဆုံးအဆင့်နားရောက်မှသာ ရှာဖွေဖော်ထုတ်နိုင်ပါတယ်။ 

    တက္ကသိုလ်နှစ်ခုရဲ့ လေ့လာမှုအတွင်း AI နည်းပညာကို ပေါင်းစပ်အသုံးပြုခဲ့ရာမှာ ကင်ဆာရောဂါ ၁၃ မျိုးကို မဖြစ်ခင်ကတည်းက ကြိုတင်ဖော်ထုတ်နိုင်ခဲ့ပြီး မှန်ကန်မှုကလည်း ၉၈ ဒဿမ ၂ ရာခိုင်နှုန်းရှိတာကို တွေ့ခဲ့ရပါတယ်။ 

    သွေးထဲက DNA အစိတ်အပိုင်းကို ဆန်းစစ်တဲ့ ပုံမှန်လုပ်ငန်းစဥ်မျိုးထက် AI နည်းပညာပေါင်းစပ်ပြီး တစ်ရှုးနမူနာတွေကို စစ်ဆေးတဲ့နည်းလမ်းကို အသုံးပြုခဲ့ခြင်းက အောင်မြင်မှုရဲ့ အဓိကသော့ချက်ဖြစ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ 

    လေ့လာမှုမှာ အသုံးပြုခဲ့တဲ့ AI မော်ဒယ်ကို ထပ်မံ လေ့ကျင့်၊ စမ်းသပ်ပေးဖို့ လိုအပ်နေပြီး၊ ကင်ဆာရှာဖွေရေးမှာ ရှိနေတဲ့ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်တဲ့အတွက် အနာဂတ်မှာ ကင်ဆာရောဂါကို စောစီးစွာ ကုသနိုင်လိမ့်မယ််လို့လည်း အစီရင်ခံစာမှာ ဖော်ပြထာပါတယ်။ 

    Ref : Interesting Engineering 

  • တစ်ချက် ၁၃ ဒေါ်လာသာ ကျမယ့် ယူကေရဲ့ စွမ်းအားမြင့် လေဆာလက်နက်

    တစ်ချက် ၁၃ ဒေါ်လာသာ ကျမယ့် ယူကေရဲ့ စွမ်းအားမြင့် လေဆာလက်နက်

    ဇွန် ၁၀၊ ၂၀၂၄

    M-Media 


    -DragonFire လို့ အမည်ပေးထားတဲ့ ယူကေရဲ့ ပထမဆုံး လေဆာလက်နက်နဲ့ ကောင်းကင်က ပစ်မှတ်တွေကို စမ်းသပ် ပစ်ခတ်ရာမှာ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ 

    စတာလင်ပေါင် သန်း ၁၀၀ တန်ဖိုးရှိတဲ့ DragonFire စီမံကိန်းကို ယူကေ ကာကွယ်ရေး၀န်ကြီးဌာနက ၂၀၁၇ ခုနှစ်မှာ စတင် အကောင်အထည်ဖော်ခဲ့တာပါ။ 

    လက်ရှိ စမ်းသပ်ဆဲအဆင့်မှာ ကြည်း၊ ရေ၊ လေ ပစ်မှတ်တွေကို တိတိကျကျ ထိမှန်အောင် ပစ်ခတ်နိုင်တာကို တွေ့ရပါတယ်။ DragonFire က ၁၀ မိနစ်တာထွက်တဲ့ အပူချိန်ဟာ လေပူပေးစက်က တစ်နာရီထွက်တဲ့ အပူချိန်နဲ့ ညီမျှပါတယ်။

    DragonFire နဲ့ တစ်ချက်ပစ်ခတ်မှုဟာ ကုန်ကျစားရိတ် ၁၀ ပေါင် (၁၃ ဒေါ်လာ) သာ ကျသင့်မှာဖြစ်ပြီး ဒါဟာ ဒုံးကျည်အခြေပြု လေကြောင်းရန် ကာကွယ်ရေးစနစ်တွေထက် ကုန်ကျစားရိတ် ပိုမို သက်သာစေပါတယ်။ 

    “စျေးကြီးတဲ့ လက်နက်ခဲယမ်းတွေကို မှီခိုနေရမှု၊ ဘေးထွက်ပျက်ဆီးဆုံးရှုံးမှုတွေကို လျှော့ချနိုင်တာကြောင့် ဒီ နောက်ဆုံးပေါ်လက်နက်ဟာ စစ်ပွဲတွေကို ပြောင်းလဲပစ်နိုင်မှာပါ” လို့ ယူကေ ကာကွယ်ရေး၀န်ကြီး ဂရန့်ရှပ်က ပြောပါတယ်။ 

    ယူကရဲ့ DragonFire လေဆာလက်နက်ဟာ လက်ရှိ သုသေသနအဆင့်မှာသာ ရှိနေသေးပြီး လက်တွေ့ ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်ဖို့အတွက် စတာလင်ပေါင်သန်းရာချီ ကုန်ကျမှာ ဖြစ်ပါတယ်။ 

    static high-power လေဆာရောင်ခြည်ကို ပထမဆုံး အသုံးပြုနိုင်မှု၊ ကုန်းမြေနဲ့ ရေပြင်မှာ ရွေ့လျားပစ်မှတ်တွေကို တိတိကျကျနဲ့ ပစ်ခတ်နိုင်မှု စတဲ့ မှတ်တမ်းကောင်းတွေကို DragonFire က ပိုင်ဆိုင်ထားပါတယ်။ 

    Ref: Interesting Engineering