News @ M-Media

Tag: mmHealthNews

  • တစ်ပတ်အတွင်း ကျန်းမာရေးသတင်းများ

    တစ်ပတ်အတွင်း ကျန်းမာရေးသတင်းများ

    ဖေဖော်ဝါရီ ၂၀၊ ၂၀၂၀
    M-Media

    အနာဂတ်ကလေးများအတွက် ကောင်းမွန်သည့်နိုင်ငံ ကမ္ဘာပေါ်တွင် မရှိသေး

    အနာဂတ်မှာ ကလေးငယ်တွေ ကျန်းမာစွာ ရှင်သန်ကြီးပြင်းနိုင်မယ့် အနေအထားတစ်ခု၊ ကောင်းမွန်တဲ့ သဘာဝပတ်၀န်းကျင် အခြေအနေတစ်ခုကို ကမ္ဘာ့ ဘယ်နိုင်ငံကမှ ဖန်တီးမပေးနိုင်သေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်ပါတယ်။ ရာသီဥတုပြောင်းလဲတာ၊ အသင့်စား စားစရာတွေ အန္တရာယ်ရှိစွာ စားလာတဲ့အထိ ကြေငြာတာ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်သောက်လာကြတာတွေက အနာဂတ်ကလေးငယ်တွေအတွက် ခြိမ်းခြောက်မှု ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ မှာ ပညာရေး၊ အဟာရ ရရှိရေး၊ ကျန်းမာရေးနဲ့ လူမှုဖူလှုံရေး စတာတွေအပါအဝင် ကလေးငယ်တွေ ကောင်းမွန်စွာ ရှင်သန်ကြီးထွားနိုင်မယ့် အနေအထားတွေကို WHO က စာရင်းကောက် ပြုစုခဲ့တာ ဖြစ်ပါတယ်။

    ပဋိဇီ၀ဆေးသောက်မှုနှင့် ပုံမှန်မဟုတ်သောကလေးမွေးဖွားမှု ဆက်စပ်မှုရှိနေ

    ကိုယ်ဝန်ဆောင် ပထမ ၃ လအတွင်း အဖျားပျောက်ဆေး၊ ယားနာပျောက်ဆေးနဲ့ ပင်နီစီလင်တို့လို အမြဲသုံး ပဋိဇီ၀ဆေးတွေ မှီဝဲတာဟာ ပုံမှန်အခြေအနေမဟုတ်တဲ့ကလေး မွေးလာနိုင်တဲ့အန္တရာယ် ပိုများတယ်လို့ လန်ဒန်ကောလိပ်ကပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာ တွေ့ခဲ့ရပါတယ်။ ၁၉၉၀ ကနေ ၂၀၁၆ ခုနှစ် အတွင်း ယူကေမှာ မွေးဖွားခဲ့တဲ့ ကလေးငယ် တစ်သိန်းကျော်ကို လေ့လာခဲ့တာပါ။ ဒါပေမယ့် ပဋိဇီ၀ဆေးက သန္ဓေသားရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ဘယ်လိုထိခိုက်လဲဆိုတာတော့ လေ့လာမှုမှာ မဖော်ထုတ်နိုင်ခဲ့ပါဘူး။ ဒီတွေ့ရှိချက်ဟာ ကိုယ်ဝန်ဆောင်တွေနဲ့ ဆရာဝန်တွေအကြား ကျန်းမာရေးနဲ့ပတ်သက်ပြီး ပိုမိုရွေးချယ်နိုင်ခွင့်ရလိ့မ်လို့ ပညာရှင်တွေက မျှော်လင့်ထားကြပါတယ်။ ပဋိဇီ၀ဆေးတွေ လုံး၀မသောက်တာကလည်း အန္တရာယ်ရှိစေတယ်လို့ ဆိုပါတယ်။

    ၀ူဟန်ဗိုင်းရပ်စ် လူနာအချို့ကို အမေရိကန်ရှိ နောက်ဆုံးပေါ်ဆေးရုံတွင် ကုသမည်

    အီဘိုလာ၊ ဆားစ်၊ မျောက်ကျောက်ရောဂါ၊ ဆေးယဉ်ပါး တီဘီရောဂါတွေကို ပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စု နီဘရာစကာပြည်နယ်က ဆေးရုံ UNMC မှာ လက်ရှိပြန့်နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို စတင်ကုသဖို့ စီစဉ်နေပါတယ်။ ဂျပန်နိုင်ငံမှာ ဆိုက်ကပ်ထားတဲ့‌ ကမ္ဘာလှည့်သင်္ဘောက ဗိုင်းရပ်စ်ကူးစက်နေသူ ၁၃ ဦးကို UNMC မှာ ကုသမှာဖြစ်ပြီး ပထမဆုံးလူနာကို စစ်ဆေးမှုပြုလုပ်ဖို့အတွက် ပို့ဆောင်ထားပြီး ဖြစ်ပါတယ်။ UNMC မှာ ကမ္ဘာ့အဆင့်မြင့်ဆုံး ကရိယာတွေ၊ သီးသန့် လေအေးပေးစနစ်တွေတပ်ဆင်ထားကာ၊ အထူးလေ့ကျင့်ပေးထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေ တာဝန်ရှိယူတဲ့ ကုတင် ၁၀ လုံးပါ သီးသန့်ခန်းတစ်ခုရှိပြီး လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း ထူးခြားဆန်းပြားတဲ့ ရောဂါတွေကို အဲဒီနေရာမှာ စမ်းသပ်ကုသခဲ့တာ ဖြစ်ပါတယ်။

    Ref : BBC, CNN

  • ဝူဟန်ဗိုင်းရပ်စ်ကို တရားဝင်အမည်ပေးပြီး ကမ္ဘာ့ခြိမ်းခြောက်မှုအဖြစ် WHO သတ်မှတ် (နောက်ဆုံးရ သတင်းများ)

    ဝူဟန်ဗိုင်းရပ်စ်ကို တရားဝင်အမည်ပေးပြီး ကမ္ဘာ့ခြိမ်းခြောက်မှုအဖြစ် WHO သတ်မှတ် (နောက်ဆုံးရ သတင်းများ)

    ဖေဖော်ဝါရီ ၁၂၊ ၂၀၂၀ (ည ၇ နာရီ)
    M-Media

    WHO ၏ Twitter ထုတ်ပြန်ချက်

    – တရုတ်နိုင်ငံကနေစတင်ပြီး ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့ဖြစ်ပွားလာတဲ့ ‌ကိုရိုနာဗိုင်းရပ်စ်သစ်ကို COVID-19 လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တရားဝင်အမည်ပေးလိုက်ပြီး လူသားထုပေါ် အကြီးအကျယ် ခြိမ်းခြောက်မှုရှိပေမယ့် တားဆီးနိုင်တဲ့ အလားအလာကောင်းတွေ ရှိနေတယ်လို့အကြီးအကဲ Tedros Adhanom Ghebreyesus က မနေ့မှာ ပြောကြားခဲ့ပါတယ်။

    – အင်္ဂါနေ့က တရုတ်နိုင်ငံမှာ သေဆုံးသူ ၉၄ ဦးရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက်ဟာ ၁၁၁၃ ဦး ရှိလာပြီဖြစ်ပါတယ်။ ကူးစက်သူအရေအတွက်ကတော့ ၄၄၆၅၃ ဦး ရှိနေပါတယ်။

    – ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သတင်းမှားဖြန့်ဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သတင်းမှားဖြန့်မှု ဥပဒေကိုအသုံးပြု နှိပ်ကွပ်မှုတွေကို ရပ်တန့်ဖို့ အရှေ့တောင်အာရှ လွှတ်တော်အမတ်များအဖွဲ့က ဒေသတွင်း အစိုးရတွေကို တိုက်တွန်းလိုက်ပါတယ်။ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့မှာ အွန်လိုင်းသတင်းမှားဖြန့်ဝေမှုအတွက် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေကို သတ်မှတ်ထားတာ ဖြစ်ပါတယ်။ လွှတ်တော်အမတ်များအဖွဲ့ကတော့ ဒီလို အရေးယူမယ့်အစား လူထုကို ကျန်းမာရေးအခြေအနေနဲ့ပတ်သက်တဲ့ အသိပညာပေးမှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    – ရောဂါဖြစ်ပွားနေတဲ့ ဝူဟန်မြို့အပါအဝင် တရုတ်နဲ့ တိုက်ရိုက်လေကြောင်းပျံသန်းမှုရှိတာကြောင့် အင်ဒိုနီးရှားနိုင်ငံမှာ ရောဂါကူးစက်နေသူ တွေ့ရသင့်တယ်ဆိုတဲ့ အမေရိကန် ဟားဗက်တက္ကသိုလ်က လေ့လာမှုကို အင်ဒိုအာဏာပိုင်တွေက ဝေဖန်လိုက်ပါတယ်။ တိုင်းပြည်မှာ အမြင့်ဆုံး တပ်လှန့်ထားပြီး၊ သင့်လျော်တဲ့ စမ်းသပ်ကိရိယာတွေ‌ ရှိနေကြောင်း ဟားဗတ်တက္ကသိုလ်ရဲ့ ဒီထုတ်ပြန်ချက်ဟာ အင်ဒိုနီးရှားကို စော်ကားသလိုဖြစ်နေကြောင်း ကျန်းမာရေးဝန်ကြီး ပူထရန်တိုက ပြောကြားခဲ့ပါတယ်။

    – ဂျပန်နိုင်ငံ ယိုကိုဟားမားမှာ ဆိုက်ကပ်ထားတဲ့ Diamond Princess ဇိမ်ခံသင်္ဘောမှာ မနေ့က ဗိုင်းရပ်စ်ကူးစက်နေသူ ၃၉ ဦး ထပ်တွေ့ရပြီး စုစုပေါင်း ကူးစက်သူအရေအတွက်ဟာ ၁၇၄ ဦး ရှိလာပြီဖြစ်ပါတယ်။ အဲဒီသင်္ဘောမှာ ခရီးသည်နဲ့ အမှုထမ်းပေါင်း ၃၇၁၁ ဦး ပါဝင်တာ ဖြစ်ပါတယ်။ ကျန်ရှိသူတွေကို အခန်းထဲမှာပဲ နေဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပြီး ကုန်းပတ်ပေါ်ကို အကန့်အသတ်နဲ့သာ ထွက်ခွင့်ပြုပါတယ်။

    Ref: Aljazeera

  • တစ်ပတ်အတွင်း ကျန်းမာရေးသတင်းများ

    တစ်ပတ်အတွင်း ကျန်းမာရေးသတင်းများ

    ‌ဖေဖော်ဝါရီ ၇၊ ၂၀၂၀
    M-Media

    ဝူဟန်ဗိုင်းရပ်စ် ကာကွယ်ဆေးရရန် သိပ္ပံပညာရှင်များ အပြင်းအထန် ကြိုးစားနေ

    တရုတ်နိုင်ငံကနေစတင်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၂၅ နိုင်ငံလောက်ကို ပြန့်နှံ့သွားပြီဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်သစ် ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့အတွက် ကမ္ဘာတစ်ဝှမ်း သိပ္ပံပညာရှင်တွေဟာ သမိုင်းမှာ ဘယ်တုန်းကမှနဲ့ မတူတဲ့ အားထုတ်မှုမျိုးနဲ့ အပြင်းအထန် ကြိုးစားနေပြကြပါတယ်။ လန်ဒန်မြို့ Imperial ကောလိပ်က သိပ္ပံပညာရှင်အဖွဲ့ဟာ သူတို့ဖန်တီးထားတဲ့ ကာကွယ်ဆေးကို နောက်တစ်ပတ် အစောပိုင်းလောက်ကျရင် တိရစ္ဆာန်တွေမှာ စတင်စမ်းသပ်တော့မှာဖြစ်ပြီး နောက်လအနည်းမှာ လူတွေကို စမ်းသပ်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။ ကမ္ဘာ့ ဆေးဘက်ဆိုင်ရာအဖွဲ့ CEPI ဟာ ကာကွယ်ဆေးအတွက် အနည်းဆုံး သုတေသန ၃ ခုလောက် လုပ်ဆောင်နေပြီး သီတင်းပတ် ၁၆ ပတ်လောက်အတွင်း ဆေးဘက်ဆိုင်ရာ စမ်းသပ်မှု လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

    AIDS တိုက်ဖျက်ရေးတွင် ကမ္ဘာကျော်သည့် သိပ္ပံပညာရှင် ကွယ်လွန်

    HIV ဗိုင်းရပ်စ်နဲ့ AIDS အပါအဝင် ဆန်းဆန်းပြားပြားရောဂါတွေ တိုက်ဖျက်ရေး သုတေသနလုပ်ငန်းမှာ လမ်းသစ်ဖောက်ခဲ့ပြီး၊ ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ဖော်‌ဆောင်ပေးနိုင်ခဲ့တဲ့ ကနေဒါ သိပ္ပံပညာရှင် အသက် ၆၇ နှစ်အရွယ် ဒေါက်တာ ဖရန့် ပလမ်မာဟာ အင်္ဂါနေ့က ကင်ညာနိုင်ငံမှာ ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်။ ‌ဒေါက်တာ ပလမ်မာဟာ ဆားစ်ရောဂါ၊ H1N1 နဲ့ အီဘိုလာ တိုက်ဖျက်ရေးလုပ်ငန်းတွေမှာလည်း ဦးဆောင်ခဲ့သူပါ။ အရက်စွဲရောဂါ ကုသဖို့အတွက် မကြာသေးခင်ကမှ ဦးနှောက်ခွဲစိပ်မှု ခံယူခဲ့ပါတယ်။ ကင်ညာနိုင်ငံအခြေစိုက်ကာ လုပ်ဆောင်ခဲ့တဲ့ သူ့ရဲ့ သုတေသန လုပ်ငန်းတွေကြောင့် HIV ပိုးနဲ့ AIDS ရောဂါ ကူးစက်မှုအကြောင်း ပိုမိုအသေးစိတ် သိရှိခွင့်ရခဲ့သလို၊ ကာကွယ်ရေး၊ ကုသရေးလုပ်ငန်းတွေမှာလည်း နည်းသစ်လမ်းသစ်တွေ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒေါက်တာ ပလမ်မာဟာ ကနေဒါနိုင်ငံရဲ့ အမြင့်ဆုံးဂုဏ်ပြုဆုအပါအဝင် ကမ္ဘာတစ်ဝှမ်းက ဆုတံဆိပ်ပေါင်းများစွာ ရရှိခဲ့ပါတယ်။

    ဝူဟန်ဗိုင်းရပ်စ်မကူးချင်ရင် လက်မကြာခဏဆေးပါ

    ခရီးတွေသွားတဲ့အခါ မျက်နှာဖုံးတပ်တာ၊ လက်အိတ်ဝတ်တာတွေထက် လက်ကို မကြာခဏ ဆေးပေးတာက ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှုကို ပိုပြီး ထိထိရောက်ရောက် ကာကွယ်နိုင်တယ်လို့ ကမ္ဘာ့လေကြောင်းလိုင်းပေါင်း ၂၉၀ လောက် အဖွဲ့ဝင်အဖြစ် ပါဝင်နေတဲ့ နိုင်ငံတကာလေကြောင်းပို့ဆောင်ရေးအဖွဲ့ (IATA) က ထိပ်တန်းဆရာဝန် ဒေးဗစ်ပေါ်ဝဲလ်က ပြောကြားလိုက်ပါတယ်။ ဗိုင်းရပ်စ်ဟာ ထိုင်ခုံတွေ၊ လက်တန်းတွေလိုနေရာမျိုးတွေမှာ ‌ကြာကြာ မရှင်သန်နိုင်တာကြောင့် လူလူချင်း ထိတွေ့မှုကသာ ကူးစက်ဖို့ အန္တရာယ်အများဆုံးလို့ သူက ဆိုပါတယ်။ လေယာဉ်မှာအသုံးပြုတဲ့ လေစစ်ဇကာတွေဟာ ခွဲစိပ်ခန်းမှာ အသုံးပြုတဲ့ ဇကာတွေလိုဖြစ်တာကြောင့် ဗိုင်းရပ်စ်နဲ့ အခြားအမှုန် မပါအောင် ၉၉.၉၇ ရာခိုင်နှုန်းလောက် သန့်စင်ပေးနိုင်ကြောင်း၊ မျက်နှာဖုံးတွေက ဗိုင်းရပ်စ်ကို ထိထိရောက်ရောက် ကာကွယ်နိုင်တယ်ဆိုတဲ့ အထောက်အထားမျိုး မရှိကြောင်းလည်း သူက Bloomberg နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    ကင်ဆာကုသမှုနည်းလမ်းအတွက် သမိုင်းဝင် တွေ့ရှိမှုတစ်ခု ပေါ်ပေါက်လာ

    ကင်ဆာရောဂါအားလုံးရဲ့ အသေးစိတ်တည်ဆောက်ပုံ အားလုံးနီးပါးလောက်ကို အမေရိကန်သိပ္ပံပညာရှင်တွေက သုတေသနတစ်ခုမှာ ဖော်ထုတ်နိုင်ခဲ့ပြီး၊ ဖြစ်ပွားတဲ့ကင်ဆာအလိုက် ကုသရေး၊ စောစီးစွာ စမ်းသပ်ဖော်ထုတ်ရေးတွေမှာ အရင်ကထက် ပိုပြီး တိုးတက်လာဖို့ရှိတယ်လို့ ပညာရှင်တွေက ယုံကြည်နေပါတယ်။ တွေ့ရှိချက်ကို Nature ဂျာနယ်မှာ မကြာသေးမီက ဖော်ပြခဲ့ရာမှာ ကင်ဆာရောဂါဟာ jigsaw တစ်ခုလိုဖြစ်ပြီး လူသားတွေက ၁ ရာခိုင်နှုန်းသာ သိရှိကြောင်း၊ ယခုလေ့လာမှုအရ ခန္ဓာကိုယ်ထဲကဆဲလ်တွေ ပုံပြောင်းကာ ကင်ဆာဆဲလ်အဖြစ် ကြီးထွားလာတဲ့အဆင့်မှာတင် ကုသနိုင်တဲ့ အနေအထားတွေကို တွေ့ရကြောင်း ရေးသားထားပါတယ်။ ဆဲလ်တွေဟာ ကင်ဆာလို့မသိခင် ၁၀ စုနှစ်လောက်အရင်ကတည်းက စတင်ပုံပြောင်းတာဖြစ်ပြီး ဒါကို ကာဘွန်အသုံးပြု ဖော်ထုတ်နိုင်မယ့် နည်းလမ်းကိုလည်း ပညာရှင်တွေက အခုလေ့လာမှုမှာ တွေ့ရှိခဲ့ပါတယ်။

    Ref: Bloomberg, Aljazeera, BBC