News @ M-Media

Tag: Mosque

  • ဘင်္ဂလားဒေ့ရှ်မှ သမိုင်းဝင်ဗလီ၏ ဗိသုကာပညာရှင်နှင့် တွေ့ဆုံခြင်း

    ဘင်္ဂလားဒေ့ရှ်မှ သမိုင်းဝင်ဗလီ၏ ဗိသုကာပညာရှင်နှင့် တွေ့ဆုံခြင်း

    အောက်တိုဘာ ၁၄၊ ၂၀၁၆
    M-Media

    marina-2
    ဗိသုကာပညာရှင် မာရီနာ တာဘက်ဆမ်

    – ဘင်္ဂလားဒေ့ရှ်က အမျိုးသမီးဗိသုကာတစ်ယောက်ဖြစ်တဲ့ မာရီနာ တာဘက်ဆမ်ဟာ မြို့တော်ဒါကာမှာ နိုင်ငံရဲ့ ပထမဆုံး ဘာဝပတ်ဝန်းကျင်နဲ့ကိုက်ညီတဲ့ ဗလီဝတ်ကျောင်းတော် ဘိုက်သွလ် ရုပ်ဖ် (Bait ur Rouf) ကို ဒီဇိုင်းထုတ် ဆောက်လုပ်ပေးခဲ့ပါတယ်။

    သူ့ရဲ့အားထုတ်ကြိုးပမ်းမှုကြောင့် ဗိသုကာပညာရှင်တွေကို ချီးမြှင့်တဲ့ နိုင်ငံတကာ ဆုတစ်ခုဖြစ်တဲ့ Aga Khan ဆုကိုလည်း ဆွတ်ခူးရရှိခဲ့ပါတယ်။

    သူ့ရဲ့ ဒီသမိုင်းဝင် ကြိုးပမ်းမှုအတွင်းမှာ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ခဲ့ရသလဲ၊ ဘယ်လို ကျော်ဖြတ်ခဲ့သလဲ၊ ဘယ်လိုအားပေးထောက်ခံမှုတွေ ရခဲ့သလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး ပြင်သစ်သတင်းဌာနတစ်ခုဖြစ်တဲ့ DW နဲ့ တွေ့ဆုံမေးမြန်းမှုကို M-Media ပရိတ်သတ်ကြီးအတွက် ဖော်ပြလိုက်ပါတယ်။

    DW – ဘင်္ဂလားဒေ့ရှ်ရဲ့မြို့တော်မှာ သဘာဝတ်ပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ ဗလီဝတ်ကျောင်းတော်တစ်လုံးကို ဒီဇိုင်းထုတ် ဆောက်လုပ်မှုအတွက် ဗိသုကာပညာရပ်နဲ့ပတ်သက်ပြီး ဂုဏ်သိက္ခာရှိတဲ့ Aga Khan ဆုကို ရှင့်အနေနဲ့ ရရှိခဲ့တယ်။ အဲဒီဗလီဝတ်ကျောင်းတော်မှာ ဘယ်လို ထူးခြားချက်တွေ ရှိပါသလဲ။

    မာရီနာ တာဘက်ဆမ် – ၀တ်ပြုဆုတောင်းဖို့ အရေးပါတဲ့အရာလို့ ကျွန်မယုံကြည်တဲ့ နာမ်ပိုင်းဆိုင်ရာကို အထူး အာရုံစိုက်ခဲ့ပါတယ်။ Bait ur Rouf ဗလီဝတ်ကျောင်းတော်ကို စုစည်းမှု၊ နာပိုင်းဆိုင်ရာ စိတ်ခွန်အားတွေ ၀င်စားစေမယ့် သဘာဝအလင်းရောင်နဲ့ လေကောင်းလေသန့်တွေ ၀တ်ပြုခန်းမထဲ တိုက်ရိုက်ရောက်ရှိအောင် ဒီဇိုင်းဆွဲထားတာပါ။ တစ်ချိန်တည်းမှာပဲ လူလုပ် သက်တောင့်သက်သာဖြစ်စေတဲ့ နည်းလမ်းတွေကိုလည်း လျော့ချထားပါတယ်။

    DW – အမျိုသမီးတွေ ဗလီဝတ်ကျောင်းတော်ထဲ သိပ်ပြီး ၀င်ခွင့်မရတဲ့တိုင်းပြည်မှာ ရှင်ဟာ ဗလီဝတ်ကျောင်းတော်တစ်လုံးကို ဖြစ်အောင် ဆောက်ပေးခဲ့တယ်။ ဘယ်လို စိန်ခေါ်မှုတွေ ရင်ဆိုင်ခဲ့ရပါသလဲ။




    မာရီနာ တာဘက်ဆမ် – ဘာပြဿနာမှ မရှိခဲ့ပါဘူး။ ဘင်္ဂလားဒေ့ရှ်မှာ ဗလီဝတ်ကျောင်းတော်တွေကို ပရော်ဖက်ရှင်နယ် ဗိသုကာပညာရှင်တွေက ဒီဇိုင်းထုတ်ပေးတယ်ဆိုတာ မရှိသလောက် ရှားပါတယ်။ ဒါ့ကြောင့် လူတွေက တကယ့် ဗိသုကာပညာရှင်တစ်ယောက် ဒီဇိုင်ဆွဲပေးတဲ့ ဗလီဝတ်ကျောင်းတော်ကို မြင်ရဖို့ စိတ်အားထက်သန်ခဲ့ကြပါတယ်။ နောက်ပြီး ဒီဗလီဝတ်ကျောင်းတော်တည်ဆောက်ဖို့ ရန်ပုံငွေကိုလည်း ကျွန်မပဲ ရှာပေးခဲ့တာပါ။ ဒါ့ကြောင့် ပြည်သူတွေက အတိုင်းအထက်အလွန်ပေါ့ရှင်။

    DW – ဗလီဝတ်ကျောင်းတော်ဆိုတာ ပုံမှန်အားဖြင့် မင်နာရတ် (၀တ်ပြုရန်နှိုးဆော်သည့်မျှော်စင်)၊ အမိုးခုံး၊ တရားဟောစင်မြင့်တွေ ပါလေ့ရှိပါတယ်။ ဒါပေမယ့် ရှင်ဆောက်တဲ့ ဗလီမှာတော့ ဒါမျိုးတွေ မပါဘူး။ ဒီလို ဆန်းသစ်တဲ့ ဒီဇိုင်းအတွက် ၀တ်ပြုသူတွေဘက်က ဘယ်လို တုန့်ပြန်မှုတွေ ရှိခဲ့ပါသလဲ။

    မာရီနာ တာဘက်ဆမ် – သမိုင်းကိုပြန်ကြည့်ရင် အမိုးခုံးဆိုတာ ၀တ်ပြုရာနေရာ အကျယ်ကြီးကို ဖုံးအုပ်ဖို့ အသုံးပြုလေ့ရှိတယ်။ အဲဒီအချိန်တုန်းက ဒီနည်းပညာတစ်ခုတည်း ရှိတာကိုး။ အခုအချိန်မှာတော့ အခြား ဆောက်လုပ်ရေးနည်းလမ်းတွေ ရှိလာပါပြီ။ အော်တိုမန်လက်ထက်က အမိုးခုံးတွေက ပေါ်ပျူလာ ဖြစ်ခဲ့ပါတယ်။ ဒီ ဒီဇိုင်းတွေက အစ္စလာမ်ရဲ့ နာမ်ပိုင်းဆိုင်ရာ အနှစ်သာရကနေ ကျွန်မတို့ကို လမ်းကြောင်းလွဲသွားစေတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဒါ့ကြောင့် ကျွန်မရဲ့ ဒီဇိုင်းမှာ ဒါတွေကို မထည့်ဘဲ အစ္စလာမ်ရဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ၊ နာမ်ပိုင်းဆိုင်ရာ ရှုထောင့်တွေကိုပဲ အာရုံစိုက်ခဲ့တာပါ။

    ဗလီဝတ်ကျောင်းတော်တွေဟာ လူ့အဖွဲ့အစည်းတွေ အပြန်အလှန် ကူးလူးဆက်ဆံမှုအတွက် အသုံးပြုရာနေရာ ဖြစ်တယ်ဆိုတာကိုလည်း ကျွန်မတို့ မေ့ထားလို့ မရပါဘူး။ ဒါ့ကြောင့် ပြည်သူလူထုအနေနဲ့ လွတ်လွတ်လပ်လပ် ကူးလူးဆက်သွယ်နိုင်တဲ့ နေရာတစ်ခုဖြစ် ကျွန်မ ဖန်တီးပေးချင်ခဲ့တာ ဖြစ်ပါတယ်။

    DW – ဘယ်အရာက Bait ur Rouf ဗလီဝတ်ကျောင်းတော်ကို သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီစေတာလဲ။

    မာရီနာ တာဘက်ဆမ် – ကျွန်မတို့ ဒီဗလီဝတ်ကျောင်းတော်ကို တည်ဆောက်ဖို့အတွက် ဒေသတွင်းက ပစ္စည်းတွေနဲ့ ဆောက်လုပ်ရေးနည်းလမ်းတွေကို အသုံးပြုခဲ့ပါတယ်။ အလင်းနဲ့ လေကို ၀တ်ပြုခန်းမထဲ တိုက်ရိုက်ဝင်ရောက်စေခြင်းအားဖြင့် လျှပ်စစ်သုံးစွဲမှုကို လျှော့ချခဲ့တယ်။ ဗလီဝတ်ကျောင်းတော်ကို ထိန်းသိန်းစားရိတ်ဟာ တစ်လကို ဒေါ်လာ ၅၀ ထက် မပိုပါဘူး။ ဒါ့ကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိဘဲ၊ ဒီဗလီဝတ်ကျောင်းတော်ကို အသုံးပြုတဲ့ လူ့အဖွဲ့အစည်းကလည်း ငွေကြေးတွေ အများကြီး ကုန်ကျမှာ မဟုတ်တော့ပါဘူး။

    Ref: DW

    bm-3
    Bait ur Rouf ဗလီဝတ်ကျောင်းတော်
    mosque-1
    Bait ur Rouf ဗလီဝတ်ကျောင်းတော်
  • ဗလီဘေး လူသွားလမ်းကြားတွင် မြိုင်ကြီးငူ ဆရာတော်၏ လမ်းညွှန်ချက်ဖြင့် စေတီတစ်ဆူ ညတွင်းချင်း အပြီးတည်

    ဗလီဘေး လူသွားလမ်းကြားတွင် မြိုင်ကြီးငူ ဆရာတော်၏ လမ်းညွှန်ချက်ဖြင့် စေတီတစ်ဆူ ညတွင်းချင်း အပြီးတည်

    ဧပြီ ၂၆၊ ၂၀၁၆
    M-Media
    ဖြူလေး
    Buddhist Pagoda beside in Mosque at Shaw Goon 3 copy
    ရန်ကုန်။ ။ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာရှိ ဗလီဝတ်ကျောင်း နံဘေးကပ်လျက် လမ်းကြားတွင် မြိုင်ကြီးငူဆရာတော်၏ လမ်းညွှန်ချက်ဖြင့်ဟုဆိုကာ စေတီတစ်ဆူကို ဧပြီလ ၂၅ ရက်နေ့ညက ညတွင်းချင်း တည်ဆောက်ခဲ့ကြောင်း သတင်းရရှိသည်။

    အဆိုပါ စေတီတည်သောနေရာတွင် မတ်လ (၂၃) ရက်နေ့ ညသန်းခေါင်ကျော် အချိန် လူ (၆) ယောက်ခန့်က နံပါတ်မပါသည့် အနက်ရောင်ကားတစီးဖြင့် ဗလီဘေး လမ်းကြားနေရာ၌ ဥာဏ်တော်တစ်တောင်ခန့်ရှိသည့် ဘုရားဆင်းတုတော်တစ်ဆူ လာရောက်မြှပ်နှံခဲ့ကြောင်း အမည် မဖော်လိုသူ ရွှေဂွန်းဒေသခံတစ်ဦးထံမှ သိရသည်။

    ဧပြီလ ၂၅ ရက် ယမန်နေ့ည (၇) နာရီဝန်းကျင်တွင် လူအင်အား (၇၀) နီးပါး ရောက်လာပြီး အဆိုပါဆင်းတုတော်မြှုပ်နှံ ထားသည့် (စည်ပင်သာယာ နယ်နမိတ် လူသွားလမ်း) နေရာအပေါ် စေတီ စတင်တည်ခဲ့ကြောင်း၊ နံနက်လင်းအားကြီး ၅ နာရီခန့်တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း ဒေသခံ မျက်မြင်သက်သေများက ဆိုကြသည်။

    စေတီလာရောက်တည်နေစဉ် ဗလီဂေါပကအဖွဲ့ နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ဒေသဆိုင်ရာ အာဏာပိုင်များထံ သွားရောက်အသိပေးပြောဆိုခဲ့ရာ သက်ဆိုင်ရာအာဏာပိုင်များနှင့် တာဝန်ရှိရဲတပ်ဖွဲ့ဝင်များ ထိုနေရာသို့ လာရောက်ခဲ့သော်လည်း တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ ဓာတ်ပုံများသာ ရိုက်ပြီး ပြန်သွားခဲ့ကြောင်း သိရသည်။

    “သူတို့ အခု စေတီတည်တဲ့နေရာက ဗလီဘေးကလမ်း။ ခုလို စေတီတည်လိုက်တော့ လူသွားလမ်းကြားလေးက မလွတ်တော့ဘူး ဖြစ်သွားတယ်။ ကျွန်တော်တို့တွေ စိုးရိမ်တာက သူတို့ သိပ်မကြာခင်မှာ (လူတွေသွားလာဖို့) လမ်းနေရာ မလွတ်တော့ဘူး ဆိုပြီးတော့ ဗလီ အုတ်တံတိုင်းကို ဖြိုချခိုင်းမှာ – ဗလီကိုပါ သိမ်းလိုက်မှာကို ကျွန်တော်တို့ အရမ်းကို စိုးရိမ်နေကြပါတယ်” ဟု ဗလီအနီးနေထိုင်သူတစ်ဦးမှ စိုးရိမ်တကြီးပြောပြသည်။

    မြိုင်ကြီးငူဆရာတော်၏ လမ်းညွှန်ချက်ဖြင့်ဟုဆိုလျက် ဧပြီလ ၂၃ ရက်နေ့ကလည်း လှိုင်းဘွဲ့မြို့နယ်၊ ကွမ်းတောကျေးရွာရှိ ရှင်မာကု အင်္ဂလီကန် ခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်း၌ စေတီတဆူအား လည်းကောင်း၊ ၂၀၁၅ ခုနှစ် အောက်တိုဘာလ အတွင်းက ဘားအံ့မြို့နယ်၊ အောက်မိဇိုင်းကျေးရွာ၊ မယ်စီးထာ ကရင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် ချာ့ခ်ျကျောင်းဝင်းအတွင်း၌ စေတီတစ်ဆူအား လည်းကောင်း သက်ဆိုင်ရာဘာသာဝင်များနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ ကန့်ကွက်တားမြစ်နေသည့်ကြားက တည်ဆောက်သွားခဲ့ပါသည်။

  • အိုင်ယာလန်တွင် အကြီးဆုံးဗလီ တည်ဆောက်ခွင့်ရရှိ

    စက်တင်ဘာ- ၃ ၊၂၀၁၃
    M-Media

    Ireland's Largest Mosque
    ဗလီဝတ်ကျောင်း အကျိုးဆောင်သူများက မွတ်စ်လင်မ် မဟုတ်သူများပါ ကြိုဆိုမည့် ပွင့်လင်း အသိုင်းအ၀ိုင်း တစ်ရပ် ထူထောင်ရန် မျှော်လင့်ထားကြသည်။

    လူနည်းစုမွတ်စ်လင်မ်တို့၏ဘာသာရေးလိုအပ်ချက်အား ဖြည့်စွမ်းပေးရန်အလို့ငှာ ဒဗ်လင် စီမံရေးရာအာဏာပိုင်များက ဒဗ်လင်မြို့မြောက်ပိုင်း ကလုန်းဂရစ်ဖင် (Clongriffin) မြို့တွင် အိုင်ယာလန်၏အကြီးဆုံးဗလီဝတ်ကျောင်းတော် တည်ဆောက်ရန် လက်ခံခွင့်ပြုလိုက်ပြီဖြစ်သည်။

    “ နေရာတိုင်းမှာ အဆိုးမြင်မှုနဲ့တင်းမာမှုတွေ ဖြစ်နေတဲ့ကြားက ဒါဟာ အိုင်ယာလန်မွတ်စ်လင်မ်အသိုင်းအ၀ိုင်းအတွက်ရော အရှေ့အလယ်ပိုင်းအတွက်ပါ အကောင်းမြင်မှုကို ဖြစ်ထွန်းစေပါတယ်။ ကျွန်တော်တို့ကို နေရာပေးခြင်းတစ်ရပ် ဖြစ်ပါတယ် ” ဟု ကလုန်းဂရစ်ဖင်ဗလီတည်ဆောက်ရေး ပရောဂျက်အကျိုးဆောင် အဗ်ဒုလ် ဟစီးဗ် မှ The Irish Times သို့ ပြောကြားခဲ့သည်။

    အိုင်ယာလန်အာဏာပိုင်များမှ ကမကထပြုသည့် စီမံကိန်းဘုတ်အဖွဲ့မှ ဗလီတည်ဆောက်ခွင့်ပြုကြောင်း ဆုံးဖြတ်ထုတ်ပြန်ခဲ့သည်။

    ၅၅၇၃ မီတာပတ်လည်ပေါ်တွင် အထပ် ၃ ထပ်ရှိ ဗလီကိုတည်ဆောက်ရန် လျာထားသည်။ ယင်းအဆောက်အဦတွင် သောကြာနေ့ဝတ်ပြုသူပေါင်း ၅၅၀ ၀င်ဆန့်ပြီး ပွဲလမ်းအခမ်းအနားအတွက် လူ ၃၀၀၀ အထိ တက်ရောက်နိုင်မည်ဟု ခန့်မှန်းကြသည်။ တည်ဆောက်ရေးကုန်ကျစားရိတ်မှာ ပေါင်စတာလင် သန်း ၄၀ ၀န်းကျင် ဖြစ်၍ စွယ်စုံအသုံးချအစ္စလာမ့်စင်တာတစ်ခုအနေနှင့် ရည်မှန်းထားကြသည်။ ဗလီတွင် ၀တ်ပြုရေးဖိတ်ခေါ်မျှော်စင် ၂ ခု၊ ယဉ်ကျေးမှုဌာနတစ်ခု နှင့် ၀တ်ပြုခန်းမတစ်ဆောင် ပါဝင်မည်ဟု သိရသည်။

    ယင်းစီမံကိန်း၌ ရုံးခန်းများ၊ နေ့ကလေးထိန်းကျောင်း၊ စာအုပ်ဆိုင်၊ စာကြည့်တိုက်၊ ဈာပနဆိုင်ရာအခန်း၊ ထိုင်ခုံ ၆၀၀ ဆန့် စည်းဝေးခန်းမ၊ စားသောက်ဆိုင်၊ မူလတန်းနှင့်အလယ်တန်းကျောင်းအပြင် ရေကူးကန်၊ အားကစားရုံ၊ ရေနွေးငွေ့သုံးအပူပေးခန်း စသည်တို့ပါဝင်သည့် လေလုံမိုးလုံ ၂ ထပ်ဆောင်ကျန်မာရေးစင်တာတစ်ခုလည်း ထည့်သွင်းအကောင်အထည်ဖော်မည်ဖြစ်သည်။

    ဗလီတည်ဆောက်ခွင့်ပြုလိုက်ခြင်းအပေါ် အိုင်ယာလန်မွတ်စ်လင်မ်များမှ အလွန်ကြည်နှူးဝမ်းမြောက်လျက်ရှိသည်။

    “ ၀မ်းမြောက်ခြင်းနဲ့အတူတစ်ချိန်တည်းမှာဘဲ  သိမ်ငယ်မှုကို ကျွန်တော်တို့ ခံစားလိုက်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစီမံကိန်းက သိပ်ကြီးပြီး လုပ်စရာတွေ ဒုနဲ့ဒေး ဖြစ်သွားလို့ပါ ”။

    ဗလီဝတ်ကျောင်းအကျိုးဆောင်သူများက မွတ်စ်လင်မ်မဟုတ်သူများပါကြိုဆိုမည့် ပွင့်လင်းအသိုင်းအ၀ိုင်းတစ်ရပ် ထူထောင်ရန် မျှော်လင့်ထားကြသည်။
    “ မည်သူမဆို ပါဝင်နိုင်အောင် ကျွန်တော်တို့ ကြိုးစားသွားပါမယ်။ စိန်ခေါ်မှုများစွာ ရှိဦးမယ်ဆိုတာ ကျွန်တော်တို့ သိထားပါတယ်။ ဒေသတွင်း လူ့အဖွဲ့အစည်းခေါင်းဆောင်နဲ့ဒေသခံတွေကို ဖိတ်ခေါ်ပြီး အတူတစ်ကွ ဆွေးနွေးပြောဆိုရဦးမှာ ဖြစ်တာကြောင့်ပါဘဲ။ ကျွန်တော်တို့က မွတ်စ်လင်မ်အသိုင်းအ၀ိုင်းအတွက်ပဲ အဓိက ရည်ရွယ်ထားခဲ့တာဖြစ်ပေမယ့် အခုအခါမှာတော့ ဒေသခံတွေအားလုံးကိုလည်း ဖိတ်ခေါ်ပါဝင်စေမှာဖြစ်ပါတယ် ” ဟု ပရောဂျက်အကျိုးဆောင် အဗ်ဒုလ် ဟစီးဗ် မှ ဆိုသည်။

    ဒေသခံများကလည်း အလုပ်အကိုင်အခွင့်အလမ်းများပြားလာသဖြင့် ဤစီမံကိန်းပြုရန်ဆုံးဖြတ်ချက်ကို ကြိုဆိုလိမ့်မည်ဖြစ်ကြောင်း လုပ်သားတစ်ဦးဖြစ်သူ TD Sean Kenny က ပြောပြ၏။

    အိုင်ယာလန်လူဦးရေ ၄.၅ သန်းအနက် မွတ်စ်လင်မ်တို့မှာ ၁.၁ ရာခိုင်နှုန်းရှိသည်။ လွန်ခဲ့သော နှစ် ၂၀ က မွတ်စ်လင်မ်ဦးရေမှာ ၄၀၀၀ ခန့်သာရှိခဲ့သည်။ ပြောင်းရွှေ့အခြေချသူများ၊ မွေးဖွားမှုများ နှင့် ကူးပြောင်းသက်ဝင်လာသူများအားဖြင့် များပြားလာကြသည်။ ၂၀၁၁ ခုနှစ်စစ်တမ်းအရ ကျောင်းနေအရွယ်ကလေးငယ် တစ်သောင်းနှစ်ထောင်အပါအ၀င် မွတ်စ်လင်မ်လူဦးရေ ၄၉၂၀၄ ဦး ရှိပြီး ၂၀၀၆ ခုနှစ်မှစ၍ ၅၁ % ထိ တိုးတက်လာခဲ့သည်။

    Ref : OnIslam

  • ပြင်သစ်နိုင်ငံ ပဲရစ်မြို့ဆင်ခြေဖုံးတွင် ခေတ်မီ လှပသော ဗလီဝတ်ကျောင်းတော် အသစ်ဖွင့်လှစ်

    ပြင်သစ်နိုင်ငံ ပဲရစ်မြို့ဆင်ခြေဖုံးတွင် ခေတ်မီ လှပသော ဗလီဝတ်ကျောင်းတော် အသစ်ဖွင့်လှစ်

    Green-domed Mosque

    ပဲရစ်မြို့၏ ဆင်ခြေဖုံးရပ်ကွက် တစ်ခုဖြစ်သော ဆျာဂျီ(Cergy)အရပ်တွင် ခေတ်မီလှပ၍ အနုပညာလက်ရာမြောက်သော အစိမ်းရောင် ဗလီဝတ်ကျောင်းတော် အသစ်ကို ၂၀၁၂ခုနှစ် ဇူလိုင်လ (၆) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။

    စတုရန်းမီတာ (၂၀၀၀) ကျယ်ဝန်းကာ လူပေါင်း ၁၅၀၀ ကျော် ၀တ်ပြုနိုင်သော ၀တ်ကျောင်းတော်အသစ်ကို ယူရိုငွေ သန်း ၃.၇၅ အကုန်အကျခံကာ တည်ဆောက်ခဲ့ ခြင်းဖြစ်သည်။ ဆျာဂျီမွတ်စလင်မ် အဖွဲ့အစည်းမှ ချေးငွေ ၂.၂ သန်း ၏ တစ်ဝက်မျှကို အာမခံပေးခြင်းဖြင့်လည်းကောင်း၊ ၀တ်ကျောင်းတော်အတွက် မြေနေရာကိုလည်း နှစ်ပေါင်း ၉၉ နှစ်ကြာအတွက် အနည်းငယ်သော ပမာဏဖြင့် ငှားရမ်းခြင်း ဖြင့်လည်းကောင်း၊ ဆျာဂျီမြို့ရှိ ဒေသခံများသည် အားသွန်ခွန်စိုက် ကူညီ ကြိုးပမ်းခဲ့ပါသည်။

    “ပြင်သစ် အစ္စလာမ်လူမှု အဖွဲ့အစည်းတစ်ရပ်ကို တဖြည်းဖြည်း ဖွံ့ဖြိုးစည်ပင်လာအောင် တည်ဆောက် ဖို့က ကျွန်တော်တို့ အားလုံးရဲ့တာဝန်ပါပဲ။ ကျွန်တော်တို့ တိုင်းပြည်အတွက် အခြေခံ အုတ်မြစ်တစ်ခုလည်း ဖြစ်ပါတယ်။ ” ဟု ၀တ်ကျောင်းတော် ဖွင့်လှစ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သူ ပြည်ထဲရေး ၀န်ကြီး မန်နျူရယ် ဗားလ်(စ)(Manuel Valls) က ပြောကြားခဲ့ပါသည်။

    ၎င်းအနေနှင့် မွတ်စလင်မ် များ အတွက် လူဝင်မှု ကြီးကြပ်ရေး ကိစ္စ နှင့် ပတ်သက်၍ တင်းကြပ်သော အနေအထားမျိုးရှိ သော်လည်း သူသည် မွတ်စလင်မ်များ၏ ရန်သူမဟုတ်ကြောင်းကို သက်သေပြလိုသည် ဟု လေ့လာဆန်းစစ်သူများက ဆိုကြပါသည်။ “ယခုကဲ့သို့ ဖွင့်လှစ်နိုင်ခဲ့ခြင်းသည် မွတ်စလင်မ် ထုအတွင်း စည်းလုံးညီညွတ်မှု နှင့် လူထုစိတ်ဓာတ်၊ နိုင်ငံရေး စိတ်ဓာတ် တို့ကို လှုံ့ဆော်ဖြစ်ပေါ်စေခဲ့သည်” ဟု ၀တ်ကျောင်းတော် ဖွင့်ပွဲသို့ တက်ရောက်ခဲ့သော ဆျာဂျီ ဒေသ၏ မြို့တော်ဝန် ဖြစ်သူ ဒိုမီနစ် လာ့ဖဲ(ဗ)(Dominique Lefebvre)က ပြောကြားခဲ့ပါသည်။

    “လူအများ၏ အလှူဒါနတွေကနေ ယခုလို တည်ဆောက် နိုင်ခဲ့တယ် ဆိုတာကို ကျွန်တော်တို့ လူအများကို ရှင်းရှင်း လင်းလင်း သိစေလိုပါတယ်” ဟု အေမာမ် တာဟာ့ မဟ်ဒီ(Tahar Mahdi)က ဆိုခဲ့ပါသည်။ တိုင်းရင်းသား မျိုးနွယ်စု အသီးသီးမှ ပြင်သစ်မွတ်စလင်မ်များ၏ စုစည်းမှု အင်အားဖြင့် ၀တ်ကျောင်းတော်ကို လက်တွေ့ အကောင်အထည် ဖော်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

    ဆျာဂျီတွင် ၀တ်ကျောင်းတော် တည်ဆောက်နိုင်ရေး စီမံကိန်းကို ၁၉၈၀ ကာလများ ကတည်းကပင် ရေးဆွဲချမှတ်နေ ခြင်း ဖြစ်ပါသည်။
    ၁၉၉၆ ခုနှစ်တွင် မြို့တော်ဝန်အဖြစ် ရွေးချယ်ခံရသော မြို့တော်ဝန် လာ့ဖယ်(ဗ)သည် ဘာသာရေးနှင့်သက်ဆိုင်သောကိစ္စရပ်များအတွက် ပြည်သူလူထုထံမှရံပုံငွေရှာဖွေခြင်းအား ကန့်သတ်တားဆီးထားသော ပြင်သစ်နိုင်ငံ၏ ဥပဒေကို မျှတကောင်းမွန်သော အက်ဥပဒေဖြစ်အောင် လှုပ်ရှားဆောင်ရွက်ခဲ့သူလည်းဖြစ်သည်။ ၀တ်ကျောင်းတော် အသစ်တွင် ယဉ်ကျေးမှု စင်တာ၊ လက်ဖက်ရည်သောက် ကာ နားနေရန်နေရာ၊ အသုဘအခမ်းအနားများ အတွက် ပြင်ဆင်ရန်နေရာ နှင့် စာသင်ဆောင်များလည်း ပါဝင်သည်။

    ကိုးကား-http://en.islamtoday.net/artshow-229-4487.htm