
ပဲရစ်မြို့၏ ဆင်ခြေဖုံးရပ်ကွက် တစ်ခုဖြစ်သော ဆျာဂျီ(Cergy)အရပ်တွင် ခေတ်မီလှပ၍ အနုပညာလက်ရာမြောက်သော အစိမ်းရောင် ဗလီဝတ်ကျောင်းတော် အသစ်ကို ၂၀၁၂ခုနှစ် ဇူလိုင်လ (၆) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။
စတုရန်းမီတာ (၂၀၀၀) ကျယ်ဝန်းကာ လူပေါင်း ၁၅၀၀ ကျော် ၀တ်ပြုနိုင်သော ၀တ်ကျောင်းတော်အသစ်ကို ယူရိုငွေ သန်း ၃.၇၅ အကုန်အကျခံကာ တည်ဆောက်ခဲ့ ခြင်းဖြစ်သည်။ ဆျာဂျီမွတ်စလင်မ် အဖွဲ့အစည်းမှ ချေးငွေ ၂.၂ သန်း ၏ တစ်ဝက်မျှကို အာမခံပေးခြင်းဖြင့်လည်းကောင်း၊ ၀တ်ကျောင်းတော်အတွက် မြေနေရာကိုလည်း နှစ်ပေါင်း ၉၉ နှစ်ကြာအတွက် အနည်းငယ်သော ပမာဏဖြင့် ငှားရမ်းခြင်း ဖြင့်လည်းကောင်း၊ ဆျာဂျီမြို့ရှိ ဒေသခံများသည် အားသွန်ခွန်စိုက် ကူညီ ကြိုးပမ်းခဲ့ပါသည်။
“ပြင်သစ် အစ္စလာမ်လူမှု အဖွဲ့အစည်းတစ်ရပ်ကို တဖြည်းဖြည်း ဖွံ့ဖြိုးစည်ပင်လာအောင် တည်ဆောက် ဖို့က ကျွန်တော်တို့ အားလုံးရဲ့တာဝန်ပါပဲ။ ကျွန်တော်တို့ တိုင်းပြည်အတွက် အခြေခံ အုတ်မြစ်တစ်ခုလည်း ဖြစ်ပါတယ်။ ” ဟု ၀တ်ကျောင်းတော် ဖွင့်လှစ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သူ ပြည်ထဲရေး ၀န်ကြီး မန်နျူရယ် ဗားလ်(စ)(Manuel Valls) က ပြောကြားခဲ့ပါသည်။
၎င်းအနေနှင့် မွတ်စလင်မ် များ အတွက် လူဝင်မှု ကြီးကြပ်ရေး ကိစ္စ နှင့် ပတ်သက်၍ တင်းကြပ်သော အနေအထားမျိုးရှိ သော်လည်း သူသည် မွတ်စလင်မ်များ၏ ရန်သူမဟုတ်ကြောင်းကို သက်သေပြလိုသည် ဟု လေ့လာဆန်းစစ်သူများက ဆိုကြပါသည်။ “ယခုကဲ့သို့ ဖွင့်လှစ်နိုင်ခဲ့ခြင်းသည် မွတ်စလင်မ် ထုအတွင်း စည်းလုံးညီညွတ်မှု နှင့် လူထုစိတ်ဓာတ်၊ နိုင်ငံရေး စိတ်ဓာတ် တို့ကို လှုံ့ဆော်ဖြစ်ပေါ်စေခဲ့သည်” ဟု ၀တ်ကျောင်းတော် ဖွင့်ပွဲသို့ တက်ရောက်ခဲ့သော ဆျာဂျီ ဒေသ၏ မြို့တော်ဝန် ဖြစ်သူ ဒိုမီနစ် လာ့ဖဲ(ဗ)(Dominique Lefebvre)က ပြောကြားခဲ့ပါသည်။
“လူအများ၏ အလှူဒါနတွေကနေ ယခုလို တည်ဆောက် နိုင်ခဲ့တယ် ဆိုတာကို ကျွန်တော်တို့ လူအများကို ရှင်းရှင်း လင်းလင်း သိစေလိုပါတယ်” ဟု အေမာမ် တာဟာ့ မဟ်ဒီ(Tahar Mahdi)က ဆိုခဲ့ပါသည်။ တိုင်းရင်းသား မျိုးနွယ်စု အသီးသီးမှ ပြင်သစ်မွတ်စလင်မ်များ၏ စုစည်းမှု အင်အားဖြင့် ၀တ်ကျောင်းတော်ကို လက်တွေ့ အကောင်အထည် ဖော်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
ဆျာဂျီတွင် ၀တ်ကျောင်းတော် တည်ဆောက်နိုင်ရေး စီမံကိန်းကို ၁၉၈၀ ကာလများ ကတည်းကပင် ရေးဆွဲချမှတ်နေ ခြင်း ဖြစ်ပါသည်။
၁၉၉၆ ခုနှစ်တွင် မြို့တော်ဝန်အဖြစ် ရွေးချယ်ခံရသော မြို့တော်ဝန် လာ့ဖယ်(ဗ)သည် ဘာသာရေးနှင့်သက်ဆိုင်သောကိစ္စရပ်များအတွက် ပြည်သူလူထုထံမှရံပုံငွေရှာဖွေခြင်းအား ကန့်သတ်တားဆီးထားသော ပြင်သစ်နိုင်ငံ၏ ဥပဒေကို မျှတကောင်းမွန်သော အက်ဥပဒေဖြစ်အောင် လှုပ်ရှားဆောင်ရွက်ခဲ့သူလည်းဖြစ်သည်။ ၀တ်ကျောင်းတော် အသစ်တွင် ယဉ်ကျေးမှု စင်တာ၊ လက်ဖက်ရည်သောက် ကာ နားနေရန်နေရာ၊ အသုဘအခမ်းအနားများ အတွက် ပြင်ဆင်ရန်နေရာ နှင့် စာသင်ဆောင်များလည်း ပါဝင်သည်။
Leave a Reply
You must be logged in to post a comment.