News @ M-Media

Tag: muslim in myanmar

  • မော်လမြိုင်တွင်ကျဆုံးခဲ့သည့် လူငယ်၏ ဈာပနအခမ်းအနား

    မော်လမြိုင်တွင်ကျဆုံးခဲ့သည့် လူငယ်၏ ဈာပနအခမ်းအနား

    မတ် ၁၊ ၂၀၂၁

    M-Media

    မနေ့က မော်လ​မြိုင်မှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဦးခေါင်းကို ပစ်ခတ်မှုကြောင့် ကွယ်လွန်သွားတဲ့ အသက် ၂၁ နှစ်အရွယ် မောင်ဇင်မျိုးသူရဲ့ ဈာပနအခမ်းအနားကို ဒီကနေ့မနက်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ​

    မောင်ဇင်မျိုးသူဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုအတွင်း မော်လမြိုင်မှာ ပထမဆုံး ကျဆုံးသူလည်း ဖြစ်ပါတယ်။

  • ဘာသာရေး၊လူမျိုးရေးလှုံ့ဆော်မှု (သို့) မြန်မာ့နိုင်ငံရေးတွင် တည်တံ့နေဆဲ ဓလေ့တစ်ခု

    ဘာသာရေး၊လူမျိုးရေးလှုံ့ဆော်မှု (သို့) မြန်မာ့နိုင်ငံရေးတွင် တည်တံ့နေဆဲ ဓလေ့တစ်ခု

    နိုဝင်ဘာ ၁၆၊ ၂၀၂၀
    M-Media

    -NLD ပါတီဟာ မွတ်စလင်တွေနဲ့ပေါင်းကြံစည်ကာ ဗုဒ္ဓဘာသာကို ဖျက်ဆီးနေတယ်ဆိုပြီး
    ကြံ့ခိုင်ရေးပါတီ USDP အမတ်လောင်းတွေ၊ သူတို့ကိုထောက်ခံသူတွေက ဝါဒဖြန့်ခဲ့မှုဟာ NLD အဖွဲ့ဝင်တွေအပေါ် အကြမ်းဖက်ဖို့ အားပေးအားမြှောက်ပြုရာ ရောက်နေပါတယ်။

    အောက်တိုဘာလနှောင်းပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်မှာ စစ်တပ်နဲ့ သဘောထားတူတဲ့ USDP ပါတီထောက်ခံသူတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ပ​ြီးတဲ့နောက် ကိုမျိုးဝင်းစိုးတစ်ယောက် အသတ်ခံလိုက်ရပါတယ်။ ဒါဟာ ကိုမျိုးဝင်းစိုးထောက်ခံတဲ့ NLD ပါတီနဲ့ USDP ပါတီတို့အကြား မဲဆွယ်စဉ်ကာလမှာ သီတင်းပတ်ချီ ဖြစ်ပွားခဲ့တဲ့ ထိပ်တိုက်တွေ့မှုရဲ့ ရေချိန်အမြင့်ဆုံး အဖြစ်အပျက်လည်း ဖြစ်ပါတယ်။

    ညီမဖြစ်သူ ဝေမာစိုးက သူ့အစ်ကို ကိုမျိုးဝင်းစိုးဟာ ကလေးတွေကို ကာကွယ်ပေးရင်း USDP ထောက်ခံသူတွေရဲ့ ရိုက်နှက်မှုကို ခံခဲ့ရတာလို့ ဖွင့်ဟပါတယ်။

    “ကျွန်မအစ်ကိုက အနေအေးသူတစ်ယောက်ပါ။ ကလေးတွေကို ခြိမ်းခြောက်ရိုက်နှက်တာမျိုး မလုပ်ဖို့ ကျွန်မအစ်ကိုက ပြောတယ်။ သူတို့က ‘ဒါဆို လူကြီးတွေကိုရိုက်ကွာ’ ဆိုပြီး ရိုက်ကြတာပါ”

    ခေါင်းမှာ ဒဏ်ရာပြင်းထန်စွာရခဲ့တဲ့ ကိုမျိုးဝင်းစိုးကို ဆေးရုံတင်ခဲ့ရပြီး နောက်ပိုင်းမှာ ဆေးရုံကနေ ပြန်ဆင်းလာခဲ့ပါတယ်။

    “​အိမ်ကိုပြန်ခေါ်လာတဲ့အချိန်မှာ သူ ​စကား ကောင်းကောင်း မပြောနိုင်တော့ဘူး။ နားကလည်း သွေးတွေထွက်နေပြီး ၂ ခါတောင် အန်ပါတယ်” လို့ ညီမဖြစ်သူက ပြောပါတယ်။ ၂ ရက်ကြာမှာတော့ မျိုးဝင်းစိုးတစ်ယောက် ကွယ်လွန်သွားပါတယ်။

    NLD ထောက်ခံသူတွေ ဆေးရုံတက်ရပြီး သူတို့ရဲ့နေအိမ်အဆောက်အဦးတွေ ဖျက်ဆီးခံရတဲ့ တိုက်ခိုက်မှု အများအပြားဖြစ်ပွားပြီးတဲ့နောက် အောက်တိုဘာ ၂၂ ရက်နေ့မှာ ကိုမျိုးဝင်စိုး အသတ်ခံရမှု ပေါ်ပေါက်လာတာပါ။ ဒီအဖြစ်အပျက်တွေအတွက် NLD နဲ့ USDP ပါတီတို့က အပြန်အလှန် ပြစ်တင်ပြောဆိုကြပေမယ့် ဗီဒီယိုမှတ်တမ်းမှာတော့ USDP ထောက်ခံသူတွေက အကြမ်းဖက်မှုဖြစ်အောင်လှုံဆော်တာ၊ တုတ်တွေကိုင်ပြီး၊ NLD ထောက်ခံသူတွေနောက် လိုက်လံတိုက်ခိုက်တာမျိုးကို တွေ့ရပါတယ်။

    နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ ရလဒ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီစစ်ထုတ်ပြန်နေပြီး NLD ပါတီက တောင်ပြိုကမ်းပြိုအနိုင်ရနေပါတယ်။ ရှမ်းပြည်နယ်ကလွဲရင် တစ်ခြားနေရာတွေမှာ USDP အရင်ကရထားတဲ့ နေရာတော်တော်များများကိုလည်း ပြန်နိုင်ခဲ့ပါတယ်။ ရှမ်းပြည်နယ်မှာတော့ USDP ဟာ အများဆုံးအနိုင်ရတဲ့ ပါတီအဖြစ် ဆက်ရှိမယ့် အနေအထားပါ။ အရှက်ကွဲအကျိုးနည်းခဲ့ရတဲ့ USDP ကတော့ ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ မသမာမှုတွေရှိတယ်လို့ စွပ်စွဲကာ တပ်မတော်ရဲ့အကူအညီနဲ့ ရွေးကောက်ပွဲပြန်လုပ်ဖို့ တောင်းဆိုထားပါတယ်။

    ရှုံးနိမ့်မှုကို USDP ပါတီက လက်မခံတာကြောင့် မဲဆွယ်မှုမှာ တွေ့ခဲ့ရတဲ့ အကြမ်းဖက်မှုပုံစံမျိုး ပြန်မြင်လာရနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ ဗမာလူမျိုးအများစုရှိရာဒေသမှာ USDP နဲ့ NLD ပြိုင်ဘက်ပါတီနှစ်ခုအကြား ဖြစ်ပွားတဲ့ ဒီရုန်းရင်းဆန်ခတ်မှုတွေဟာ မြန်မာ့ရွေးကောက်ပွဲမှာ အရင်ကမမြင်ရဘူးတဲ့ ပုံစံမျိုးဖြစ်ပြီး လေ့လာဆန်းစစ်သူတွေက ဖြေရှင်းပြဖို့ အမျိုးမျိုး ကြိုးစားကြပါတယ်။ ဒါတွေဖြစ်လာစေမယ့် အကြောင်းတရားတွေ အများကြီးရှိပေမယ့် NLD ထောက်ခံသူတွေကို အကြမ်းဖက်ဖို့ လှုံဆော်ရာမှာ အကြောင်းအရင်းတစ်ရပ် ဖြစ်စေနိုင်မယ့် အမုန်းစကားတွေကို ရွေးကောက်ပွဲမတိုင်ခင် သီတင်းပတ်အနည်းငယ်အလိုမှာ USDP ဘက်ယိမ်းတဲ့ အဖွဲ့တွေက ဆိုရှယ်မီဒီယာမှာ ကျယ်ကျယ်ပြန့်ပြ့န် ဖြန့်ဝေဝါဒဖြန့်တာကို Frontier က ဖော်ထုတ်သိရှိခဲ့ပါတယ်။

    NLD ပါတီဟာ မွတ်စလင်တွေနဲ့ ပူးပေါင်းကြံစည်နေပြီး မြန်မာဗုဒ္ဓဘာသာအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်ဆိုတဲ့ ပုံစံမျိုး ပေါ်လာအောင် USDP အမတ်လောင်းတွေနဲ့ ထောက်ခံသူတွေက သတင်းအမှားတွေ၊ အမုန်းစကားတွေကို Facebook မှာ ဖြန့်ဝေကြပါတယ်။ ဒါဟာ အရင်ကတည်းက ဓားစာခံဖြစ်နေတဲ့ မွတ်စလင်တွေကို နိုင်ငံရ​ေးပါတီတွေရဲ့ ယှဉ်ပြိုင်မှုကြားမှာ မြေစာပင်ဖြစ်အောင် လုပ်လိုက်သလိုမျိုး ဖြစ်ခဲ့ပါတယ်။

    ကျောက်ဆယ်မဲဆန္ဒနယ် (၂) ကနေ မန္တလေးတိုင်းဒေသကြီးလွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်တဲ့ USDP အမတ်လောင်း ဦးစိုးစိုးထွန်းက ​USDP ထောက်ခံသူတွေနဲ့ ဘယ်သူ့ကို မဲထည့်ရမှန်း မသိသေးတဲ့ လူငယ်တစ်ဦး အပြန်အလှန်စကားပြောတဲ့ပုံစံ ပို့စ်တစ်ခုကို စက်တင်ဘာ ၂၃ ရက်နေ့က Facebook မှာ လွှင့်တင်ခဲ့ပါတယ်။ NLD ဟာ OIC အဖွဲ့ထံကနေ ‘ဒေါ်လာသန်းချီ’ လက်ခံရယူထားတယ်လို့ ဒီပို့စ်မှာ မှားယွင်းစွပ်စွဲထားပြီး နိုင်ငံခြားသားနဲ့ လက်ထပ်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လူမျိုးရေး စော်ကားတိုက်ခိုက်မှုတွေ ပြုလုပ်ထားပါတယ်။

    “မြန်မာအမျိုးသမီးတစ်ယောက် အင်္ဂလိပ်နဲ့ရပြီး မွေးလာတဲ့ကလေးက ဘယ်လိုပုံစံမျိုးဖြစ်မလဲဗျ။ သူဟာဘာလူမျိုးလဲဆိုတာကို မပြောနိုင်တော့ဘူးဆိုတော့ အမျိုးပျောက်သွားတာပဲ။ အမျိုးပျောက်ရင် ဘာသာလည်းပျောက်ပါပြီ”

    မန္တလေးတိုင်းဒေသကြီးလွှတ်တော် အမတ်နေရာအတွက် ပြည်ကြီးတံခွန် (၁) မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်ပြီး ရှုံးနိမ့်သွားတဲ့ USDP အမတ်လောင်း ဒေါ်လှလှအေးကလည်း ‘ခိုးဝင်ဘင်္ဂါလီတွေ’ အတွက် မှတ်ပုံတင်အတုလုပ်ပေးတဲ့ အဖွဲ့တစ်ခု ဖမ်းဆီးခံရတယ်ဆိုပြီး ရာဇဝတ်မှုကို လူမျိုးရေးခေါင်းစဉ်တပ်ကာ Facebook မှာ Share ပါတယ်။ ‘ခိုးဝင်ဘင်္ဂါလီ’ ဆိုတဲ့အသုံးအနှုန်းဟာ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ကနေ တရားမဝင် ဝင်ရောက်လာသူတွေအဖြစ် နှိမ့်ချပြီး သုံးနှုန်းတဲ့ စကားလုံးပါ။ NLD ပါတီက ဒီကိစ္စကို သိပေမယ့် မတားဘဲ ဆက်လုပ်ခွင့်ပေးခဲ့တယ်လို့လည်း ဒီပို့စ်မှာ ထည့်သွင်းရေးသားထားပါတယ်။ အဲဒီပို့စ်ကို စစ်တပ်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အတွက် အဓိကလော်ဘီလုပ်ပေးတဲ့ အကောင့်ကနေ စ,တင်တာ ဖြစ်ပါတယ်။

    အွန်လိုင်းစောင့်ကြည့်ရေးအဖွဲ့ ‘လောကအလင်း’ က စက်တင်ဘာ ၈ ရက်နေ့ကနေ အောက်တိုဘာ ၇ ရက်နေ့အထိ သူတို့ရဲ့ စောင့်ကြည့်မှုအတွင်း နိုင်ငံရေးပေ့ဂျ် ၉၉ ခုကနေ ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ ပို့စ်ပေါင်း ၁၈၈ ခု တင်ခဲ့ပြီး အများစုက မုန်းတီးရေးအကြောင်းတွေ ဖြစ်တယ်ဆိုတာ တွေ့ရကြောင်း ထုတ်ပြန်ပါတယ်။ လူမျိုးရေးသွေးထိုးတဲ့ ဒီပို့စ်တွေကို အဓိက ဝါဒဖြန့်တဲ့ နိုင်ငံရေးပါတီဟာ USDP ဖြစ်ပြီး အကြိမ် ၄၀ လောက် တင်တယ်လို့ လောကအလင်းက ဆိုပါတယ်။ သိပ်မကြာသေးခင်က ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က ၂၅ ကြိမ်တင်ကာ ဒုတိယနေရာမှာ ရှိနေပါတယ်။

    USDP ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ နန်းမြမြမီမီဇော်ဟာ ဒီအကြောင်းအရာတွေကို မပြတ်တမ်း မျှဝေသူတစ်ယောက်ဖြစ်ခဲ့ပြီး ပို့စ်တစ်ခုမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ‘တိုင်းပြည်သစ္စာဖောက်’ လို့တောင် ခေါ်ဝေါ် သမုတ်ခဲ့ပါတယ်။

    USDP ကိုထောက်ခံတဲ့ Facebook Group တွေဟာ အမုန်းစကားနဲ့ သတင်းမှား အဓိကဖြန့်ဝေရာ ရေခံမြေခံတွေ ဖြစ်ပါတယ်။ ‘ဘိုကလေး ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ’ ဆိုတဲ့ Group ကတော့ အလွန်ဆိုးရွားတာကို Frontier က တွေ့ရှိခဲ့ရပြီး၊ ခြိမ်းခြောက်တာ၊ တစ်ခါတစ်ရံမှာ အကြမ်းဖက်ဖို့ လှုံဆော်တာတွေပါဝင်တဲ့ အကြောင်းအရာတွေကို အကြိမ်ကြိမ်အခါခါ မျှဝေခဲ့တာကြောင့် Facebook က ဒီဂရုကို လုံး၀ ဖျက်ချခဲ့ပါတယ်။ အကြိမ်ရေ တစ်ထောင်ကျော်လောက် ပြန် Share ပြီး၊ Like ငါးထောင်နီးပါးလောက်ရခဲ့တဲ့ ပို့စ်တစ်ခုမှာဆိုရင် “​ဒေါက်ဖိနပ်အောက်မှာ ကုလားစာသင်ရတာထက်၊ စစ်ဖိနပ်အောက်မှာ ဓမ္မစာပေသင်မယ်” ဆိုတာမျိုး ရေးသားထားပါတယ်။

    ဒေါက်ဖိနပ်ဆိုတဲ့ အသုံးအနှုန်းဟာ များသောအားဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ရည်ညွှန်းသုံးနှုန်းတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ‘ဗုဒ္ဓဘာသာဝင်တွေရဲ့ နှလုံးသည်းပွတ်ကို ဖျက်ဆီးသူ’ လို့ စွပ်စွဲတဲ့ပို့စ်တွေလည်း ရှိပါတယ်။

    “မှတ်ထားပါ။ ဒါဟာ တို့တိုင်းတို့ပြည်ဖြစ်တယ်။ ငါတို့ရဲ့ အမျိုးဘာသာ သာသနာအပေါ် တိုက်ခိုက်မှုကို သည်းခံမှာမဟုတ်ဘူး” ဆိုတဲ့ ပို့စ်ကိုတော့ Share သူ ၁၇၀၀ ကျော်ရှိပြီး Like လုပ်သူက ၂၀၀၀ နီးပါး ရှိပါတယ်။

    ‘ဘိုကလေး ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ’ ရဲ့ အွန်လိုင်းထိတွေ့မှု၊ Follower အရေအတွက်နဲ့ ပို့စ်တင်မှုအားလုံးဟာ ရွေးကောက်ပွဲနီးလာတဲ့ စက်တင်ဘာလ အစောပိုင်းကစတင်ကာ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ အောက်တိုဘာ ၁၈ ရက်ကနေ နိုဝင်ဘာ ၂၄ ရက်အတွင်း အွန်လိုင်းမှာ ထိတွေ့ပြောဆိုမှုပေါင်း ၅၇၅၀၀၀ ကျော် ရှိခဲ့ပြီး အောက်တိုဘာ နောက်ဆုံးတစ်ပတ်မှာတင် ပို့စ်ပေါင်း ၂၆၀၀ ကျော် တင်ခဲ့ပါတယ်။

    Facebook ကတော့ ဒီဂရုပ်ဟာ ‘Community Standards သတ်မှတ်ချက်ကို အကြိမ်ကြိမ် ချိုးဖောက်တာကြောင့် အလိုအလျောက် အရေးယူရေးနည်းပညာက ဖျက်ချသွားတာဖြစ်တယ်’ လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ယူကေအခြေစိုက် ဘားမားလူ့အခွင့်အရေးကွန်ယက် (Burma Human Rights Network) က အမုန်းစကားနဲ့ သတင်းအမှားတွေ Facebook စာမျက်နှာမှာ အများအပြား ပြန့်နှံ့တာကို တွေ့ရပြီး အများစုက “NLD နဲ့ မွတ်စလင်တွေ ပူးပေါင်းကြံစည်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေဖြစ်တယ်” လို့ ပြောပါတယ်။ နိုဝင်ဘာ ၄ ရက်နေ့ BHRN က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ “ဒီအမုန်းစကားတွေ ရွေးကောက်ပွဲပြီးတဲ့အထိ တာရှည်နေရင် ဒါကိုအသုံးချပြီး အကြမ်းဖက်မှုနဲ့ တိုက်ခိုက်မှု အကြီးအကျယ်ဖြစ်လာနိုင်တယ်” လို့ သတိပေးထားပါတယ်။

    BHRN အဖွဲ့က သတိပြုမိပြီး Share လုပ်မှုပေါင်း ၁၃၀၀ ကျော်လောက်ရှိခဲ့တဲ့ ပို့စ်တစ်ခုမှာဆိုရင် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲဟာ NLD နဲ့ USDP အကြားက ပြိုင်ဆိုင်မှုတစ်ခုထက် ပိုတယ်ဆိုတာမျိုး ရေးသားထားပါတယ်။

    “ဒါဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် နောက်ဆုံးတိုက်ပွဲပါ။ ဒီတစ်ကြိမ်ငါတို့ရှုံးရင် ငါတို့လူမျိုးတစ်ခုလုံး ပျောက်သွားလိမ့်မယ်”

    BHRN ရဲ့ ဒါရိုက်တာ ဦးကျော်ဝင်းက NLD နဲ့ မွတ်စလင်တွေ ပူးပေါင်းကြံစည်နေတယ်လို့ ပြောဆိုမှုဟာ “USDP ထောက်ခံသူတွေရဲ့ ဝါဒဖြန့်မှုထဲမှာ အလွန်အန္တရာယ်ရှိတဲ့ ဝါဒဖြန့်မှုဖြစ်ပြီး” NLD ထောက်ခံသူတွေ တိုက်ခိုက်ခံရမှုမှာ ဒီအချက်က တွန်းအားဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။

    ၂၀၁၃ ခုနှစ်တုန်းက မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှု အကြီးအကျယ်ဖြစ်ခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်မှာ ရွေးကောက်ပွဲနဲ့ဆက်နွယ်တဲ့ အကြမ်းဖက်မှု ဖြစ်ခဲ့ပါတယ်။ မိတ္ထီလာဟာ ရွေးကောက်ပွဲမတိုင်ခင်အထိ USDP ပါတီခြေကုပ်ဖြစ်ခဲ့ပေမယ့် အခုတော့ လွှတ်တော်နေရာ ၄ ခုစလုံးကို NLD က အနိုင်သွားပါတယ်။ ဒီဆောင်းပါးတင်ချိန်အထိ USDP ကိုယ်စားလှယ်လောင်းတွေက ပါတီရဲ့ သဘောထားအတိုင်း ရလဒ်ကို လက်ခံဖို့ ငြင်းဆိုကာ ရွေးကောက်ပွဲတရားမဝင်ကြောင်း ပြောဆိုနေကြဆဲပါ။

    စက်တင်ဘာလကထွက်လာတဲ့ ဗီဒီယိုတစ်ခုမှာ USDP ထောက်ခံသူတွေဟာ တုတ်တွေကိုင်ဆောင်ကာ NLD ထောက်ခံသူတွေရဲ့ နေအိမ်တွေကို ခဲနဲ့ပေါက်တာတွေ တွေ့ရပါတယ်။ အောက်တိုဘာ ၂၆ ရက်နေ့မှာတော့ အမျိုးသားတစ်ဦး ဓားနဲ့အထိုးခံရပြီး USDP ထောက်ခံသူတွေက ဆူပူလှုံ့ဆော်တာ၊ တုတ်တွေကိုင်ပြီး NLD ထောက်ခံသူတွေနောက် လိုက်လံတိုက်ခိုက်တာတွေပါတဲ့ ဗီဒီယိုတစ်ခု ထွက်လာပါတယ်။

    နောက်ပိုင်းမှာ Facebook က ဖျက်ချလိုက်တဲ့ ‘မိတ္ထီလာသားများစုံစည်းရာ’ ဆိုတဲ့ Facebook Group မှာ USDP ထောက်ခံသူတစ်ဦးက အကြမ်းဖက်ဖို့ တိုက်တွန်းဆော်ဩတာမျိုးတောင် ရှိခဲ့ပါတယ်။

    “မြို့ရဲ့ နောက်ဆုံးတိုက်ပွဲမှာ ငါတို့နိုင်ရမယ်။ ခဲတွေ၊ တုတ်ဓားလက်နက်တွေ သူတို့ ယူလာနိုင်တယ်။ သွေးချောင်းစီးတာ မမြင်ချင်ဘူးဆိုရင်တော့ အခြားပါတီတွေ ငါတို့ကို နှောက်ယှက်ဖို့ မကြိုးစားပါနဲ့” လို့ အဲဒီ ပို့စ်မှာ ရေးသားထားပါတယ်။ နောက်ပိုင်းမှာ ဒီပို့စ်ကို ဖျက်လိုက်ပါတယ်။

    NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးညွန့်က USDP ရဲ့ အွန်လိုင်းလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။ ဒါပေမယ့် စစ်တပ်ဖက်ယိမ်းတဲ့ ဒီပါတီဟာ “အင်အားသုံးနေပြီး” “ထောက်ခံသူတွေကို ထိန်းသိမ်းဖို့ ဆန္ဒမရှိဘူး” လို့ ပြောကြားခဲ့ပါတယ်။

    အကြမ်းဖက်မှုဖြစ်စေတဲ့ အမုန်းစကားတွေ ဖြန့်တာမှာ USDP ပါတီကို ထောက်ခံသူတွေတင်မဟုတ်ဘူးလို့ ‘လောကအလင်း’ ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ PPP ပါတီ အမတ်လောင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးကနေ ပြည်သူ့လွှတ်တော်နေရာဝင်ပြိုင်ကာ ရှုံးနိမ့်ခဲ့တဲ့ ဒေါ်စောယုမာဟာ အောက်တိုဘာ ၁ ရက်နေ့မှာ သွေးထိုးလှုံ့ဆော်တဲ့ ပုံတစ်ပုံကို အွန်လိုင်းမှာ မျှဝေခဲ့ပါတယ်။

    “မျိုးချစ်တွေအတွက် သတင်းစကား။ နိုးထလော့ ညီအစ်ကိုတို့။ ဓားသွေးထားကြ။ မိစ္ဆာလူမျိုးနဲ့ အကျင့်မကောင်းတဲ့ မြန်မာလူမျိုးတွေက တို့ပြည်တို့မြေကို သစ္စာဖောက်နေကြပြီ။ သူတို့ကို သင်ခန်းစာပေးကြစို့” လို့ ဒီပုံမှာ ရေးသားထားပါတယ်။

    NLD ကနေထွက်သွားတဲ့လူတွေ ၂၀၁၀ ခုနှစ်မှာ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး လက်ရှိ USDP နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ အမျိုးသားဒီမိုကရေစီအင်အားစု (National Democratic Force) ထောက်ခံသူတစ်ဦးက ‘ခြင်္သေ့’ ဟာ NLD ရဲ့ ခြိမ်း​ခြောက်မှုကို ခံနေရတယ်လို့ USDP တံဆိပ်ကို ရည်ညွှန်းကာ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ ဝါးခမောက်တွေလည်း တုတ်တွေ၊ ဓားတွေ ဆောင်ထားရတော့မှာပါ”

    သူတို့ပါတီရဲ့ တံဆိပ်ကို ရည်ညွှန်းပြီး ရေးသားခဲ့တာ ဖြစ်ပါတယ်။

    ကိုမျိုးဝင်းစိုး ရိုက်သတ်ခံလိုက်ရတဲ့ ကာဘိုးကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူး ဦးအောင်ဌေးက USDP ထောက်ခံသူတွေဟာ အဲဒီနေ့က တုတ်တွေဓားတွေကိုင်ဆောင်ကာ ရောက်လာကြတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီလိုအကြမ်းဖက်မှုမျိုး ဖြစ်လိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မစဉ်းစားဖူးဘူး။ ဒီဒေသမှာ အရင်က ဒါမျိုး မဖြစ်ခဲ့ဖူးပါဘူး” လို့ ရွေးကောက်ပွဲမတိုင်ခင်မှာ ကြေားခဲ့ပါတယ်။

    ရွေးကောက်ပွဲအပြီး အကြမ်းဖက်မှုတွေ ဖြစ်လာမလားဆိုတဲ့ စိုးရိမ်မှုတွေ ​ပြည်သူတွေမှာ ရှိနေတယ်လို့လည်းက သူက ဆိုပါတယ်။

    “ကျွန်တော်လည်း ဒါကို စိုးရိမ်တယ်ဗျ”

    Ref: Frontier Myanmar

    (Frontier Myanmar တွင်ဖော်ပြထားသည့် Online campaign of hate lurked behind campaign trail brawls ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • အစၥလာမ္ဘာသာ၀င္မ်ားအေပၚ ပစ္မွတ္ထားလုပ္ေနတဲ့ လ၀က၏ ကလိမ္က်မႈမ်ား

    အစၥလာမ္ဘာသာ၀င္မ်ားအေပၚ ပစ်မှတ်ထားလုပ်နေတဲ့ လ၀က၏ ကလိမ်ကျမှုများ

    ဇန်န၀ါရီ ၁၁၊ ၂၀၁၈
    M-Media

    – ဘင်္ဂါလီလူမျိုးဖြစ်တယ်လို့ လ၀ကအာဏာပိုင်တွေက သတ်မှတ်တာကို လက်မခံဘူးဆိုရင် မြန်မာနိုင်ငံက မွတ်စလင်လူ့အဖွဲ့အစည်းဟာ နိုင်ငံသားစီစစ်ရေးကဒ်လျှောက်ထားရမှာ အကန့်အသတ်မရှိတဲ့ ကြန့်ကြာမှုတွေကို ရင်ဆိုင်နေရပါတယ်။

    တက်ကြွပြီး ဗမာမွတ်စလင် (ဗမာလူမျိုး အစ္စလာမ်ဘာသာဝင်) တစ်ဦးဖြစ်တဲ့ မနှင်းလှိုင်ဟာ နိုင်ငံသားစီစစ်ရေးကဒ်ပြားမှာ ဘင်္ဂါလီလူမျိုးထည့်တာကို လက်မခံရင် မြန်မာနိုင်ငံသား ဖြစ်မလာနိုင်ပါဘူး။

    ဒီလို တစ်ခြားလူမျိုးတစ်မျိုးထည့်တာဟာ စော်ကားတာဖြစ်တယ်လို့ သူမ သိပေမယ့် နိုင်ငံသားကဒ်မရရင် ၂၀၁၄ ခုနှစ်မှာ သူစတက်ခဲ့တဲ့ စီးပွားရေးဥပဒေဘွဲ့ကို ဆုံးအောင်တက်နိုင်မှာ မဟုတ်ပါဘူး။ ဘွဲ့မရရင် သူရွေးချယ်ခဲ့တဲ့ ရှေ့နေအလုပ်ကိုလည်း လုပ်လို့ရမှာ မဟုတ်တော့ပါဘူး။

    လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေက ဗမာလူမျိုးဟာ မွတ်စလင်(အစ္စလာမ်ဘာသာဝင်) ဖြစ်လို့မရဘဲ ဘင်္ဂါလီလို့ ထည့်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

    သူမကတော့ ဒါကို ငြင်းဆိုပါတယ်။

    “သိပ်ရွံစရာကောင်းတဲ့ကိစ္စရှင့်။ ချက်မြှုပ်နိုင်ငံမှာ ကျွန်က နိုင်ငံခြားသားတစ်ယောက်လို ဘာ့ကြောင့် ဆက်ဆံခံနေရတာလဲ။ အဖိုးအဖွားတွေလည်း ဒီမှာမွေး ဒီမှာသေခဲ့ကြတာပဲလေ” လို့ သူမက ပြောကြားခဲ့ပါတယ်။

    နိုင်ငံသားဖြစ်မှုနှင့် မျိုးရိုးကို ငြင်းဆိုခံရခြင်း

    နှင်းလှိုင်ဟာ ကိုယ့်ရဲ့ မျိုးရိုးဇာတိ၊ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရမှုကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံက ထောင်ပေါင်းများစွာသော မွတ်စလင်လူငယ်တွေထဲက တစ်ဦးဖြစ်ပါတယ်။ ဒီအခြေအနေကို အများစုက မသိကြပါဘူး။

    ၁၉၈၈ ခုနှစ်အရင်က မြန်မာနိုင်ငံက မွတ်စလင်တွေ (အစ္စလာမ်ဘာသာဝင်တွေ) ဟာ အမျိုးသား မှတ်ပုံတင်ကဒ်ပြားမှာ ကိုယ့်ရဲ့ လူမျိုးအမည်ကို လွတ်လွတ်လပ်လပ် ဖော်ပြခွင့်ရခဲ့ပြီး၊ လူမျိုးပေါင်းများစွာ ရှိခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဟာ အမျိုးသားမှတ်ပုံတင်တွေကို လက်ရှိ အသုံးပြုနေတဲ့ ပန်းရောင် နိုင်ငံသားစီစစ်ရေးကဒ်ပြားနဲ့ အစားထိုးခဲ့ပါတယ်။

    “အဲဒီအချိန်မှာ လုပ်အားပေးတွေနဲ့ (လ၀က) တာဝန်ရှိသူတွေဟာ (မွတ်စလင်တွေရဲ့ ကဒ်ပြားတွေမှာ) ဘင်္ဂါလီလို့ အမြဲတမ်း ထည့်သွင်းခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်ဟာ လ၀ကမှာ ၀န်းထမ်းလုပ်ခဲ့ပါတယ်။ အဲဒီအချိန်ကနေစပြီး ‘ဘင်္ဂါလီ’ ‘သွေးနှော’ ဆိုတဲ့စကားလုံးကို အသုံးပြုခဲ့တာဖြစ်ပါတယ်” လို့ မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရဲ့ ဒုဦးစီးမှူးတစ်ယောက်က ပြောကြားခဲ့ပါတယ်။

    ရိုဟင်ဂျာလို့ သူတို့ကိုယ်သူတို့ ခေါ်ဝေါ်တဲ့ ရခိုင်ပြည်နယ်က မွတ်စလင်တွေကို ရည်ညွှန်းရာမှာ အသုံးပြုတာကြောင့် ဒီလို ဘင်္ဂါလီတံဆိပ်ကပ်ခံရမှုဟာ ပြီးခဲ့တဲ့နှစ်တွေအတွက်မှာ မနှစ်မြို့စရာလို့ ယူဆခံလာရပါတယ်။ ဒီစကားလုံးရဲ့ ပြဿနာက မြန်မာနိုင်ငံမှာ မျိုးဆက်ပေါင်းများစွာ နေထိုင်ခဲ့ပြီး တစ်သန်းကျော်လောက်ရှိတဲ့ ဒီလူတွေဟာ ဘင်္ဂလားဒေ့ရှ်က တရားမ၀င်ဝင်လာသူတွေဖြစ်တယ်လို့ သဘောသက်ရောက်နေတာပါ။

    ARSA အဖွဲ့က သြဂုတ်လနှောင်းပိုင်းမှာ ပြုလုပ်တဲ့ တိုက်ခိုက်မှုပြီးတဲ့နောက် စစ်တပ်ရဲ့ ကြမ်းကြမ်းတမ်းတမ်း လက်တုန့်ပြန်မှုကြောင့် ရိုဟင်ဂျာ ၆ သိန်းခွဲလောက် အသက်ဘေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြေးသွားရတဲ့ ရခိုင်ပြည်နယ်မှာ နိုင်ငံသားသတ်မှတ်မှုဟာ ဆတ်ဆတ်ထိမခံတဲ့ ပြဿာတွေထဲက တစ်ခုဖြစ်ပါတယ်။

    ဒါပေမယ့် နိုင်ငံတစ်ဝှမ်းမှာလည်း နိုင်ငံသားသတ်မှတ်မှုဟာ ပြဿနာတစ်ခု ဖြစ်နေပြီး ရိုဟင်ဂျာလို့ ခေါ်ဆိုသူတွေသာ တရားမဲ့မှု၊ ခွဲခြားဆက်ဆံမှုတွေကို ခံနေရတာမဟုတ်ဘူးဆိုတာကို မွတ်စလင်လူ့အဖွဲ့အစည်း ခေါင်းဆောင်တွေက ကမ္ဘာကို သိစေချင်နေပါတယ်။

    အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နှင်းလှိုင်ဟာ သူမ ကြုံတွေ့ရတဲ့ ယုတ္တိမဲ့တဲ့အခြေအနေကို လက်မခံခဲ့ပေမယ့် ပထမအကြိမ် နိုင်ငံသားလျှောက်ထားမှု ၅ နှစ်ကြာသွားပြီးတဲ့နောက်မှာတော့ သူမအတွက် ရွေးချယ်စရာတွေက နည်းသွားခဲ့ပါပြီ။

    “အခုအချိန်မှာ ဘင်္ဂါလီစကားလုံးကို လူမျိုးရေးခွဲခြားတဲ့ပုံစံမျိုး သုံးနေတာပါ။ ဒါ့ကြောင့် ကဒ်မှာ ဘင်္ဂါလီမထည့်ချင်ပါဘူး” လို့ သူမက ဖွင့်ခဲ့ပါတယ်။

    သူမရဲ့မိသားစုဝင်တွေထဲမှာ ဘင်္ဂလားဒေ့ရှ်က ရောက်လာတာ တစ်ဦးမှ မရှိပါဘူး။ နှင်းလှိုင်းရဲ့ မိသားစုဟာ အစ္စလာမ်ဘာသာကို ကိုးကွယ်ပေမယ့် လူမျိုးရေးအရတော့ ဗမာလူမျိုးဖြစ်တယ်လို့ သူမက ဆိုပါတယ်။ သူမ ပုဝါမဆောင်းတာ၊ ကျောင်းမှာ ဗုဒ္ဓဘာသာဝင်တွေလို ဘုရားရှိခိုးတာကြောင့် သူ့ပုံစံဟာ အစ္စလာမ်ဘာသာဝင်တစ်ယောက်လို့ မထင်ရပါဘူး။

    နှင်းလှိုင်အတွက် နိုင်ငံသားအဖြစ်မှုဟာ အငြင်းပွားစရာ မရှိပါဘူး။ သူမရဲ့ မိဘနှစ်ဦးစလုံးက တင်းပြည့်နိုင်ငံသားတွေဖြစ်ပါတယ်။ မိခင်က ဗမာ ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး၊ ဖခင်က မွန်ပြည်နယ်က ဗမာမွတ်စလင် (ဗမာလူမျိုး အစ္စလာမ်ဘာသာဝင်) ဖြစ်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ် ၃၀ အရင်က သူမရဲ့ဖခင်ဟာ မှတ်ပုံတင်မှာ ဘင်္ဂါလီလို့ဖြည့်သွင်းဖို့ လ၀ကအရာရှိတစ်ဦးရဲ့ အဓမ္မဖိအားပေးခြင်းကို ခံခဲ့ရပါတယ်။

    နှင်းလှိုင်တစ်ယောက် ပထမဆုံးအကြိမ် နိုင်ငံသားကဒ် လျှောက်ထားမှုကို ၂၀၁၂ ခုနှစ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး “နင့်အဖေက ဘင်္ဂါလီဖြစ်နေလို့ နင့်ကို နိုင်ငံသားစီစစ်ရေးကဒ် ထုတ်မပေးနိုင်ဘူး” လို့ ဦးစီးအရာရှိက ရုံးတွင်းမှာ အော်ကျယ်ဟစ်ကျယ် ပြောကြားခဲ့ပါတယ်။

    ဒီအဖြစ်အပျက်ကို ပြောပြနေစဉ်မှာ သူမဟာ တုန်လှုပ်နေဆဲဖြစ်ပါတယ်။

    အဲဒီနောက်ပိုင်းမှာ ဗမာမွတ်စလင်အဖြစ် စာရင်းဝင်ဖို့ မေတ္တာရပ်ခံတာမျိုး၊ လာဘ်ပေးရတာမျိုး တော်တော်များများ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။

    မှတ်ပုံတင် လျှောက်ထားဆဲဖြစ်တယ်ဆိုတာ မှန်ကန်ကြောင်း လ၀ကဦးစီးမှူးတွေစီကနေ ထောက်ခံစာရအောင် ကြိုးပမ်းခဲ့ပြီးတဲ့နောက် ၂၀၁၃ ခုနှစ်မှာ နှင်းလှိုင်းဟာ ဥပဒေဘွဲ့ကို ရရှိခဲ့ပါတယ်။

    ဒါပေမယ့် နိုင်ငံသား စီစစ်ရေးကဒ် မရှိတဲ့အတွက် ရှေ့နေပေါက်စတွေ မဖြစ်မနေလုပ်ရမယ့် ချိန်ဘာဆင်းတာမျိုး လုပ်လို့မရသလို၊ ရှေ့နေလိုင်စင်လည်း မရပါဘူး။

    ကုမ္ပဏီတွေကလည်း နိုင်ငံသားကဒ်မရှိတဲ့သူတွေကို မခန့်ချင်တာကြောင့် သူမဟာ အလုပ်လည်း မရနိုင်ပါဘူး။ နိုင်ငံကူးလက်မှတ် လျှောက်လို့မရတာကြောင့် နိုင်ငံခြား ပညာတော်သင် အခွင့်အလမ်းတွေကိုလည်း လက်လွှတ်ခဲ့ရပါတယ်။

    “ဒီပြဿနာက ကျွန်မတစ်ယောက်တည်းမှာ ဖြစ်နေတာ မဟုတ်ပါဘူး။ ကျွန်မလိုလူ တော်တော်များများ ရှိပါတယ်”

    နိုင်ငံသားလျှောက်ထားမှုမှာ မွတ်စလင်တွေအပေါ် ခွဲခြားဆက်ဆံမှုဟာ နာတာရှည်ကိစ္စကြီးတစ်ခု ဖြစ်ပါတယ်။ ကဒ်မထုတ်ပေးဘဲ အချိန်အကြာကြီး စောင့်ခိုင်းထားတာ၊ ကဒ်ပြန်သိမ်းတာ၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ နိုင်ငံသားအဖြစ် အရည်အချင်းပြည့်မီသူတွကို မမှန်ကန်တဲ့ကဒ်တွေ ထုတ်ပေးတာ စတဲ့ကိစ္စ တော်တော်များများကို Frontier က သိရှိထားပါတယ်။

    အသက် ၂၄ နှစ်အရွယ် ကိုမျိုးကျော်ကိုတော့ ဘင်္ဂါလီလို့ ရေးရမယ်ဆိုပြီး မပြောပါဘူး။ လာဘ်ငွေတွေနဲ့အတူ အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရပြီးတဲ့နောက် ဦးစီးမှူးဆီ ပန်းရောင် နိုင်ငံသားစီစစ်ရေးကဒ် သွားထုတ်တဲ့အချိန်မှာ ‘အိန္ဒိ+ဗမာ+ဘင်္ဂါလီ-အစ္စလာမ်’ လို့ ရေးထားတာကိုတွေ့ရပြီး ကိုမျိုးကျော်တစ်ယောက် အံ့သြသွားခဲ့ရပါတယ်။

    အဘိုးဖြစ်သူက အိန္ဒိယသားဖြစ်တာကြောင့် မိဘတွေဟာ အိန္ဒိယ၊ ဗမာ စာရင်းဝင်ပြီး ပထမလူမျိုးနှစ်ခုက အံ့သြစရာမဟုတ်ပါဘူး။

    ဒါပမယ့် သူတို့မိသားစုဟာ ဘင်္ဂလားဒေ့ရှ်နဲ့ လုံးဝ ဆက်စပ်မှုမရှိပါဘူး။ ဒါကို ကန့်ကွက်ခဲ့ပေမယ့် ချက်ခြင်းပဲ လက်လျှော့လိုက်ပါတယ်။ ‘လေကုန်တာပဲအဖတ်တင်တယ်’ ဆိုပြီး သူက ပြောကြားခဲ့ပါတယ်။

    “ကိုယ့်ဟာကို အခု ဘာမှန်းတောင် မသိတော့ဘူးဗျ။ အိန္ဒိယလား၊ ဗမာလား ဘင်္ဂါလီလား။ ကျွန်တော့် နောက်မျိုးဆက်တွေကို ဘာပြောရမလဲ”

    အသက် ၂၂ နှစ်အရွယ် ကိုမြတ်နိုင်ကတော့ ပဲခူးတိုင်းဒေသကြီးကဖြစ်ပြီး ၂၀၁၆ ခုနှစ် နည်းပညာတက္ကသိုလ်က ဘွဲ့ရတဲ့အခါမှာ လယ်သာဖိုင်အခွံကြီးပဲ ရခဲ့ပါတယ်။

    မြတ်နိုင်ဟာ ၂၀၁၁ ခုနှစ်မှာ ပထမဆုံး နိုင်ငံသားကဒ် လျှောက်ထားခဲ့ပေမယ့် ကြန့်ကြာမှုတွေ အကြိမ်ကြိမ် ကြုံ့တွေ့ခဲ့ရပါတယ်။

    ဗမာဖခင်နဲ့ တောင်ကြီးက မွတ်စလင်မိခင်တို့ကနေ မွေးဖွားခဲ့တဲ့သူဟာ သူ့ရဲ့ ဘာသာတရားနဲ့ ‘အသားညိုမှု’ ကြောင့် နိုင်ငံသားကဒ်လျှောက်ထားတဲ့အခါမှာ ဦးစီးအရာရှိနေတွေရဲ့ လစ်လျူရှုမှုကို ခံရတယ်လို့ သူက ထင်နေပါတယ်။

    နောက်ထပ် အခက်အခဲတစ်ခုလည်း ရှိပါတယ်။ ဒါကတော့ မြတ်နိုင်ရဲ့မိခင်ဟာ ‘သုံးခေါက်ချိုး’ လို့ ခေါ်ကြတဲ့ အမျိုးသားမှတ်ပုံတင် ပျောက်ဆုံးသွားပြီး မြို့နယ်ဦးစီးက သူမရဲ့ နိုင်ငံသားဖြစ်မှုအတွက် နေပြည်တော်က အတည်ပြုချက်လိုတယ်လို့ သူ့ကို ပြောခဲ့ပါတယ်။ အတည်ပြုချက် ရရှိခဲ့ပေမယ့် ဦးစီးက ထပ်ပြီး ရန်ကုန်မှတ်တမ်းဌာကနေ အထောက်အထား ထပ်လိုတယ်လို့ ပြောပြန်ပါတယ်။ အခုဆိုရင် ဒီကိစ္စကို လုပ်နေတာ ၆ နှစ် ရှိသွားပါပြီ။

    မြတ်နိုင်ဟာ လက်ရှိမှာ အင်ဂျင်နီယာဘာသာရပ်ကို ဆည်းပူးနေပြီး ဘွဲ့လက်မှတ်ရမလား၊ အလုပ်ရမလားဆိုတာ မသေချာပါဘူး

    သူတို့ရဲ့ တစ်ကိုယ်ရည်လုံခြုံရေးကို လေးစားတဲ့အနေနဲ့ မွတ်စလင်လူငယ်တွေရဲ့ အမည်နာမတွေကို Frontier က ပြောင်းလဲထားပါတယ်။

    မွတ်စလင်လူငယ်တွေ နိုင်ငံသားကဒ်ရရှိဖို့အတွက် အကူအညီတွေပေးနေတဲ့ မွတ်စလင်ရှေ့နေ ဦးခင်မောင်ချိုဟာ ဒီကိစ္စမျိုးတွေနဲ့ ရင်းနှီကျွမ်းဝင်ပါတယ်။

    “ရိုဟင်ဂျာတွေ ခွဲခြားဆက်ဆံခံရတာကိုပဲ ကမ္ဘာကြီးက သိကြတယ်ဗျ။ ဒါပေမယ့် မြန်မာနိုင်ငံက မွတ်စလင်တွေအားလုံး ခွဲခြားဆက်ဆံခံနေရတယ်ဆိုတာ ကမ္ဘာကြီးက သိသင့်တယ်” လို့ ဦးခင်မောင်ချိုက ပြောပါတယ်။

    သွေးနှော

    ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ဦးခင်မောင်ချိုဟာ လ၀က တာဝန်ရှိသူတွေနဲ့ အဆင့်မြင့်အစည်းအဝေးတွေမှာ ထင်ရှားတဲ့ မွတ်စလင်ရှေ့နေတစ်ယောက်အဖြစ် ပါဝင်ကာ နိုင်ငံသားစီစစ်ရေးလုပ်ငန်းစဉ်နဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။

    မွတ်စလင်အဖွဲ့အစည်း ၅ ဖွဲ့က ကိုယ်စားလှယ်တွေဟာ ပထမဆုံး ရန်ကုန်မှာ လ၀က အကြီးတန်းအရာရှိတွေနဲ့ တွေ့ဆုံခဲ့ပြီး နောက်ပိုင်းမှာ ဦးစီးဌာနအကြီးအကဲတွေ၊ ၂၀၁၇ ခုနှစ် ဇန်န၀ါရီမှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ၀န်ကြီး ဦးသိန်းဆွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဦးသိန်းဆွေဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပါတီဝင်တစ်ယောက် ဖြစ်ပါတယ်။

    အဲဒီဆွေးနွေးမှုတွေမှာ မွတ်စလင်လူ့အဖွဲ့အစည်း ကိုယ်စားလှယ်တွေဟာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအတိုင်း ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒီဥပဒေကို သူတို့က မနှစ်မြို့ပေမယ့် တရားဝင် ကန့်ကွက်ဖို့တော့ တွန့်ဆုတ်နေပါတယ်။

    နိုင်ငံကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံရတဲ့ အဲဒီဥပဒေမှာ နိုင်ငံသားအဆင့်ကို ၃ ခုခွဲထားပြီး နိုင်ငံသား၊ ပြုနိုင်ငံသား၊ ဧည့်နိုင်ငံသားဆိုပြီး ဖြစ်ပါတယ်။

    ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေမှာ မိဘနှစ်ပါးစလုံးဟာ နိုင်ငံသားဖြစ်တယ်ဆိုရင် သားသမီးကလည်း နိုင်ငံသားဖြစ်တယ်လို့ အဓိပ္ပါယ်ဖွင့်ထားပါတယ်။ ဒီသတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့သူတွေဟာ တင်းပြည့်နိုင်ငံသားထက် အခွင့်အရေးပိုနည်းတဲ့ ပြုနိုင်ငံသား၊ ဧည့်နိုင်ငံသားအဖြစ် အကျုံးဝင်ပါတယ်။

    တင်းပြည့်နိုင်ငံသားကဒ် ရရှိဖို့ အရည်အချင်းမီပေမယ့် “ဧည့်နိုင်ငံသားကဒ် ရယူဖို့ ဖိအားပေးခံနေရသူတွေရဲ့” အမှုတွဲဖိုင်တွေ ရှေ့နေဦးအုန်းမောင်မှာ အထပ်လိုက် ရှိနေပါတယ်။

    နိုင်ငံသားတစ်မျိုးတည်းကနေ ၃ မျိုးခွဲလိုက်တာဟာ ခွဲခြားဆက်ဆံဖို့အတွက် အခြေအနေတွေ ဖန်တီးပေးလိုက်တာဖြစ်တယ်လို့ ဦးအုန်းမောင်က ပြောပါတယ်။ သူဟာ လူမျိုးရေးအကြမ်းဖက်မှုတွေ လျှော့ချဖို့၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်ဖို့အတွက် ရည်ရွယ်တဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုကွန်ယက်ရဲ့ အတွင်းရေးမှူးလည်း ဖြစ်ပါတယ်။

    ၁၉၈၂ ခုနှစ်နောက်ပိုင်းမှာ ပေါ်လစီတွေ၊ စာရွက်စာတမ်းတွေကို အကြိမ်တော်တော်များများ ပြောင်းလဲခဲ့ပြီး အဲဒီလို ပြောင်းလဲမှု တစ်ခုဆီတိုင်းဟာ မွတ်စလင်တွေကို ဒုတိယတန်းစားနိုင်ငံသားအဆင့်ကို ပိုမိုတွန်းပို့နေတာ ဖြစ်ပါတယ်။

    ဥပမာအားဖြင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ သက်ရောက်ပြီးနောက်ပိုင်းမှာ ဗုဒ္ဓဘာသာဝင်အများစုကို ၃ ခေါက်ချိုး မှတ်ပုံတင်အဟောင်းကနေ နိုင်ငံသားစီစစ်ရေးကဒ်ကို လဲပေးခဲ့ပေမယ့် မွတ်စလင်အများစုကိုတော့ လဲပေးခဲ့ခြင်း မရှိပါဘူး။

    “‘ခင်ဗျားဟာ မွတ်စလင်ဖြစ်တယ်။ ဒါ့ကြောင့် သွေးနှောလို့ခေါ်တယ်။ ၆ လနေရင်ပြန်လာခဲ့’ လို့ အပြောခံရပါတယ်။ ဒါ့ကြောင့် လူတွေက စိတ်ပျက်သွားပြီး သုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင်ကို ဆက်ကိုင်ထားကြပါတယ်” လို့ ဦးအုန်းမောင်က ပြောပါတယ်။

    နိုင်ငံသားစီစစ်ရေးကဒ် ရသူတွေကလည်း လူမျိုးနေရာမှာ ဘင်္ဂါလီ ဒါမှမဟုတ် ‘လူမျိုးရော’ တွေ ထည့်သွင်းခံရပြီး သူတို့ကလေးတွေကတော့ အခုအချိန်မှာ နိုင်ငံသားကဒ် လျှောက်လို့မရတော့ပါဘူး။

    “ကျောင်းတွေမှာ ကဒ်တွေထုတ်ပေးတဲ့အခါ ဗုဒ္ဓဘာသာဝင်ဖြစ်တယ်ဆိုရင် နိုင်ငံသားဖြစ်လာပါတယ်။ ဒါပေမယ့် တစ်တန်းတည်းတက်တဲ့ ‘သွေးနှော’ ဆိုတဲ့ကလေးတွေကတော့ နိုင်ငံသားကဒ်ရဖို့ ခက်ခဲပါတယ်။ သူတို့မိဘတွေဟာ နိုင်ငံသား ဟုတ်ဟုတ်၊ မဟုတ်ဟုတ် သူတို့ဟာ တူညီတဲ့အခွင့်အရေးမျိုး မရပါဘူး” လို့ ဦးအုန်းမောင်က ပြောကြားခဲ့ပါတယ်။

    ပြည်ထောင်စုမြန်မာနိုင်ငံ အစ္စလာမ်သာသနာရေးကောင်စီရဲ့ အတွင်းရေးမှူး ဦးဝဏ္ဏမောင်ရွှေက ‘ကျူးကျော်တဲမှ နေထိုင်သူတွေ’ တောင်မှ နိုင်ငံသားစီစစ်ရေးကဒ် ရရှိပြီး မွတ်စလင်တွေကတော့ လစ်လျူရှုခံထားရတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ကို သွေးနှောလို့မခေါ်ဖို့ (လ၀က တာဝန်ရှိသူတွေကို) ပြောထားပါတယ်။ ဒါဟာ မကောင်းဘူး။ ရိုင်းစိုင်းပါတယ်။ လူတိုင်းကိုကြည့်လိုက်ရင် အားလုံး သွေးနှောထားကြတာပဲ”

    ခွဲခြားဆက်ဆံမှုကတော့ မပြောင်းမလဲ တည်ရှိနေဆဲပါ။ NLD အစိုးရလက်ထက်မှာ အနည်းငယ်သော မွတ်စလင်တွေသာ နိုင်ငံသားစီစစ်ရေးကဒ်ပြား ရရှိတယ်လို့လည်း ဦးဝဏ္ဏရွှေက ပြောပါတယ်။

    “ဥပဒေကို မှန်မှန်ကန်ကန် အကောင်အထည်ဖော်ရင် လွယ်လွယ်ကူကူနဲ့ ရရမှာပေါ့”

    အိုလမာအစ္စလာမ့်သာသနာ့ပညာရှင်များအဖွဲ့က ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးကျော်ငြိမ်းက ‘ခေတ်ကောင်းစဉ်’ လို့ သူခေါ်တဲ့ ၁၉၇၀ ပြည့်နှစ်တွေကို ပြန်လည် တမ်းတနေပါတယ်။ အဲဒီတုန်းက အမုန်းစကားတွေ မရှိသလောက်ဖြစ်ပြီး ဗလီတွေကို တိုက်ခိုက်မှု မရှိဘူးလို့ သူက ပြောပါတယ်။

    “ကျွန်တော်တို့ မြန်မာနိုင်ငံမှာမွေးတယ်။ ဒီဆန်စားတယ် ကျွန်တော်တို့ဟာ တစ်စိတ်တစ်ဝမ်တည်းပါပဲ”

    အစိုးရပေါ်လစီ

    ရန်ကုန်က အမည်မဖော်လိုတဲ့ မြို့နယ်လ၀က ဒုဦးစီးမှူးက ဘင်္ဂါလီ၊ အိန္ဒိယ၊ ပါကစ္စတန်ဆိုတဲ့ လူမျိုးတွေကို မသတ်မှတ်ခင် လျှောက်ထားသူရဲ့ မိဘဘိုးဘွားတွေ ဇစ်မြစ်ကို လ၀က တာဝန်ရှိသူတွေက စစ်ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီအဆင့်မှာ ကျွန်တော်တို့ဟာ သူတို့ကဒ်တွေမှာ အမြဲတမ်း ဘင်္ဂါလီလို့ ထည့်တာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီလိုထည့်ရင် သူတို့က ဘယ်တော့မှလက်မခံဘဲ၊ စောဒကတက်မှာပါ။ သူတို့ရဲ့ နောက်ခံတွေ၊ အထောက်အထားတွေကိုကြည့်ပြီး သူတို့ဘယ်သူလဲ၊ သူတို့ရဲ့မျိုးရိုးဇာတိက ဘယ်လိုလဲဆိုတာကို ကျွန်တော်တို့ စစ်ဆေးဖို့ လိုပါတယ်” လို့ သူက ဆိုပါတယ်။

    လျှောက်ထားသူရဲ့မိဘတွေက တင်းပြည့်နိုင်ငံသားမဟုတ်ဘူးဆိုရင် လျှောက်ထားမှုက ကြာမြင့်ပြီး ဒီလိုအခြေအနေမျိုးမှာ လျှောက်ထားမှုကို ပြည်နယ် ဒါမှမဟုတ် တိုင်းဒေသကြီးအဆင့်က ဆုံးဖြတ်ရပါတယ်။

    “တစ်ခါတစ်ရံမှာ ဒီလုပ်ငန်းစဉ်ဟာ တော်တော်ကြာပါတယ်။ မွတ်စလင်မှမဟုတ်ပါဘူး။ (မိဘက တင်းပြည့်နိုင်ငံသားမဟုတ်တဲ့) အခြားသူတွေလည်း ဒီအတိုင်းပါပဲ” လို့ လ၀ကအရာရှိက ပြောပါတယ်။

    အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက အမြဲတမ်းအတွင်းဝင် ဦးမြင့်ကြိုင်က ဒီလိုကြန့်ကြာမှုတွေ၊ လာဘ်စားမှုတွေကို အထက်အရာရှိတွေဆီ တိုင်လို့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ် NLD အစိုးရ အာဏာရပြီးကတည်းက လ၀ကအရာရှိ ၆၈ ဦးကို အရေးယူခဲ့တယ်လို့လည်း သူကပြောခဲ့ပြီး ဘာ့ကြောင့် အရေးယူတာလဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်း မရှိပါဘူး။

    ‘ဘင်္ဂါလီ’ ဆိုတဲ့ အသုံးအနှုန်းနဲ့ပတ်သက်လို့ ဦးမြင့်ကြိုင်က ကာကွယ်ပြောကြားခဲ့ပြီး ဗြိတိသျှ အာဏာပိုင်တွေက ၁၉၂၁၊ ၁၉၃၁၊ ၁၉၄၁ ခုနှစ်မှာ ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းတွေနဲ့ ၁၉၈၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းမှာ တစ်ချို့မွတ်စလင်တွေကို ဒီလိုဖော်ပြထားလို့ဖြစ်တယ်လို့ ဆိုပါတယ်။

    နိုင်ငံသားလျှောက်ထားတဲ့အခါ ခရိုင်၊ ဒါမှမဟုတ် ပြည်နယ်၊ တိုင်းအဆင့်တွေကို လွှဲပေးရရင် ကြန့်ကြာမှုတွေ ဖြစ်ပွားတတ်တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ဗမာဖြစ်ဖြစ်ဖြစ်၊ မွတ်စလင်ဖြစ်ဖြစ် မိဘနှစ်ပါးစလုံး နိုင်ငံသားဖြစ်တဲ့သူတွေက မွေးတဲ့သူတွေကိုသာ မြို့နယ်ဦးစီးမှူးတွေက နိုင်ငံသားစီစစ်ရေးကဒ် ထုတ်ပေးလို့ရပါတယ်”

    စနစ်တကျ လူမျိုးရေးခွဲခြားမှု

    လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Fortify Rights နဲ့အတူ စုံစမ်းဖော်ထုတ်နေတဲ့ သုတေသနပညာရှင် မစ္စတာ နစ်ကီဒိုင်းမွန်းက မြန်မာနိုင်ငံမှာ မွတ်စလင်တွေအပေါ် ဆက်ဆံမှုဟ စနစ်တကျ လူမျိုးရေးခွဲခြားမှုမြောက်တယ်လို့ ပြောကြားခဲ့ပါတယ်။

    မွတ်စလင်အားလုံးဟာ ခွဲခြားဆက်ဆံမှုပုံစံ တစ်မျိုးမဟုတ်တစ်မျိုးကို ရင်ဆိုင်ရပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုပြီး ဘင်္ဂါလီတံဆိပ် ကပ်ခံရသူတွေအပေါ် အစိုးရ၀န်ထမ်းတွေရဲ့ ခွဲခြားဆက်ဆံမှုဟာ ပိုဆိုးလာတယ်လို့ ဒိုင်းမွန်းက ဆိုပါတယ်။

    “ကျေးလက်ဒေသတွေမှာ ဒုက္ခရောက်နေတဲ့ လူတော်တော်များများကို ကျွန်တော်တွေ့ပါတယ်။ သူတို့ဟာဆင်းရဲတယ်။ လာဘ်မထိုးနိုင်ဘူး။ အများစုက ပညာမတတ်ဘဲ မကြာခဏ ပြောင်းနေတဲ့ ပေါ်လစီတွေ၊ ဥပဒေတွေကြောင့် ဒုက္ခရောက်နေကြပါတယ်”

    “ထိခိုက်ခံစားရသူတွေရဲ့အသံကို အစိုးရက ဘယ်တုန်းကမှ နားမထောင်ခဲ့ပါဘူး။ မြေပြင်မှာ ဘာဖြစ်နေလဲဆိုတာကို တိုင်ကြားနိုင်မယ့် နည်းလမ်းတစ်ခု အစိုးရမှာ ရှိသင့်ပါတယ်။ ဒီအသံတွေကို နားထောင်မှ ခွဲခြားဆက်ဆံမှု၊ ခြစားမှုတွေ ရပ်တန့်မယ် ပေါ်လစီကို ပြောင်းလဲနိုင်မှာပါ”

    ကလေးငယ်တွေရဲ့ နိုင်ငံသားဖြစ်မှုဟာ ၁၉၉၁ ခုနှစ်မှာ မြန်မာနိုင်ငံက လက်ခံ အသိအမှတ်ပြုထားတဲ့ ကုလသမဂ္ဂ ကလေးငယ်များ၏ အခွင့်အရေးဆိုင်ရာ သဘောတူညီချက် (UNCRC) မှာ ပါဝင်ပြီးဖြစ်တယ်လို့ ဒိုင်းမွန်းက ပြောပါတယ်။

    “မြန်မာနိုင်ငံရဲ့ နယ်နမိတ်အတွင်းမှာမွေးတဲ့ ဘယ်ကလေးမဆို နိုင်ငံသားဖြစ်ခွင့် ရှိပါတယ်။ ကလေးငယ် တော်တော်များများကတော့ ငြင်းပယ်ခံနေရပြီး ဒါဟာ UNCRC နဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေကို ချိုးဖောက်တာဖြစ်ပါတယ်”

    ဒိုင်းမွန်းက သူဟာ မြန်မာမွတ်စလင်ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် နိုင်ငံသားစီစစ်ရေးကဒ် လျှောက်ထားရာမှာ လ၀ကအရာရှိက ဗမာမွတ်စလင်တစ်ယောက်ဖြစ်တဲ့ သူ့အဖိုးရဲ့ အာရဘီအမည်ကို သတိထားမိသွားပြီး သူကလည်း အိန္ဒိလူမျိုးအဖြစ် ဖြည့်ဖို့ ရွေးချယ်ခဲ့ပါတယ်။

    အိန္ဒိယလို့ တံဆိပ်ကပ်ခံရတာဟာ ဘင်္ဂါလီလို့ တံဆိပ်ကပ်ခံရတာထက် ပိုပြီး အန္တရာယ်ကင်းတယ်လို့ လ၀ကရုံးမှာ ထိုင်နေတဲ့အချိန် သူက တွေးခဲ့ပါတယ်။ ရုံးတစ်ခုလုံးမှာတော့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနရဲ့ ဆောင်ပုဒ်ကို ကပ်ထားပါတယ်။

    “မြေမြို၍ လူမျိုးမပျောက် လူမြိုမှ လူမျိုးပျောက်မည်”

    ယုံကြည်မှုနည်း

    သူတို့ရဲ့ တင်ပြမှုကို လ၀က တာဝန်ရှိသူတွေက ဖြည်းဆည်းပေးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး မွတ်စလင်ခေါင်းဆောင်တွေမှာ သိပ်မရှိဘဲ ဘင်္ဂလားဒေ့ရှ်က နေရပ်ပြန်လာမယ့် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စီစဉ်ထားတဲ့ နိုင်ငံသားစီစစ်ရေးလုပ်ငန်းစဉ်အပေါ်မှာလည်း ယုံကြည်မှု မရှိပါဘူး။

    ၁၉၉၅ နှစ်ကနေ စထုတ်ပေးခဲ့ပြီး ၂၀၁၅ ခုနှစ်အစောပိုင်း ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဖျက်သိမ်းခဲ့တဲ့ ‘၀ှိုက်ကဒ်’ လို့ခေါ်တဲ့ ယာယီသက်သေခံကဒ်ပြားနေရာမှာ အစားထိုးဖို့ နိုင်ငံသားစီစစ်ခံရမည့်သူ၏ သက်သေခံကဒ်ပြား (NVC) ဆိုတာကို မိတ်ဆက်ခဲ့ပါတယ်။

    ဖျက်သိမ်းပြိးတဲ့နောက်ပိုင်း ရခိုင်ပြည်နယ်က မွတ်စလင်အများစုအပါအ၀င် ၀ှိုက်ကဒ်ကိုင်ထားသူ ၁ သန်းနီးပါးကို ကဒ်တွေပြန်အပ်ဖို့၊ NVC ကဒ်အတွက် စာရင်းသွင်းဖို့ အမိန့်ထုတ်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာ နိုင်ငံသားလျှောက်ထားမှုကို စီစစ်မှာ ဖြစ်ပါတယ်။

    ဒါပေမယ့် ဆောင်ရွက်မှုကတော့ နှေးကွေးခဲ့ပြီး သူတို့နှစ်သက်တဲ့ လူမျိုးနာမည်နဲ့ လျှောက်ထားချင်တာကြောင့် လူတော်တော်များများက ဒီလုပ်ငန်းစဉ်ကို ဆန့်ကျင်ခဲ့ပါတယ်။ သူတို့ဟာ အရင်က တင်းပြည့်နိုင်ငံသား ဖြစ်ခဲ့တယ်ဆိုပြီးလည်း ပြောကြပါတယ်။

    ရခိုင်ပြည်နယ်က မွတ်စလင် ၁ သိန်းလောက်ဟာ NVC ကဒ်တွေ ရထားတယ်လို့ ကုလအတွင်းရေးမှူးဟောင်း ကိုဖီအန်နန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်က သြဂုတ်လ ၂၄ ရက်နေ့ ရန်ကုန်မှာထုတ်ပြန်ခဲ့တဲ့ နောက်ဆုံးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မွတ်စလင်လူ့အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ တစ်နိုင်ငံလုံးက မွတ်စလင်အားလုံးကို NVC ကဒ်ထုတ်ပေမယ့်အစီအစဉ်ကို လ၀က တာဝန်ရှိသူတွေက ပြောကြားခဲ့ဖူးတယ်လို့ Frontier က သိရပါတယ်။

    အဲဒီနောက်ပိုင်းမှာ ဒီစိတ်ကူးကို တာဝန်ရှိသူတွေက နောက်ဆုတ်သွားတယ်လို့ ဒီအစည်းအဝေးမှာ ပါဝင်သူ တော်တော်များများက Frontier ကို ပြောကြားခဲ့ပါတယ်။

    အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနကတော့ ဒီလိုပြောကြားမှုနဲ့ပတ်သက်ပြီး မှတ်ချက်မပေးပါဘူး။

    NV ကဒ်တွေဟာ ‘ဥပဒေအရကို အခြေအမြစ်မရှိဘူး’ လို့ ဦးခင်မောင်ချိုက ပြေကြားခဲ့ပြီး ဥပဒေအရ ကာကွယ်မှုပေးမယ်ဆိုတဲ့ ကမ်းလှမ်းမှုမျိုး၊ အမှန်တကယ် နိုင်ငံသားဖြစ်လာစေရမယ်ဆိုတဲ့ ကတိမျိုး မပါဘူးလို့ ဆိုပါတယ်။

    NV အစီအစဉ်ဟာ ၁၉၅၁ ခုနှစ် မြန်မာနိုင်ငံတွင် နေထိုင်သူများ မှတ်ပုံတင်ရေးဥပဒေကို မှီငြမ်းထားပြီး အဲဒီဥပဒေအရ ၀ှိုက်ကတ်လို့ခေါ်တဲ့ ယာယီသက်သေခံကဒ်ပြားကို ဖန်းတီးထားတာဖြစ်တယ်လို့ ဦးခင်မောင်ချိုက ပြောပါတယ်။ ယာယီသက်သေခံကဒ်ပြားကို နေထိုင်သူရဲ့ အခြား အထောက်အထားတွေ ပျောက်ဆုံး၊ ပျက်ဆီးသွားတာမျိုးအပါအ၀င် အခြေအနေတစ်ချို့အတွက် ထုတ်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လူတော်တော်များများ အထူးသဖြင့် ရခိုင်ပြည်နယ်ကလူတွေဟာ ၂၀၁၅ ခုနှစ် ဖျက်သိမ်းလိုက်တဲ့အထိ ဒီဝှိုက်ကဒ်တွေကို နှစ်ပေါင်း ၂၀ ကျော် ကိုင်ခဲ့ရပါတယ်။

    အစ္စလာမ်သာသနာရေးရာကောင်စီ အတွင်းရေးမှူး ဦးဝဏ္ဏရွှေက ဘင်္ဂလားဒေ့ရှ်က ပြန်လည်ဝင်ရောက်လာသူတွေဟာ NV အစီအစဉ်ကနေတစ်ဆင့် နိုင်ငံသားကဒ် ရလိမ့်မယ်ဆိုတာမျိုး မမျှော်လင့်သလောက်ပဲလို့ ပြောကြားခဲ့ပါတယ်။

    “ဒီလူတွေကို ဥပဒေအရ စီစစ်ပြီး ကိုယ့်အလုပ်ကို ကောင်းကောင်းမွန်လုပ်နိုင်တယ်ဆိုတာကို ကမ္ဘာကိုပြသဖို့ ကျွန်တော်တို့က အစိုးရကို တိုက်တွန်းပါတယ်”

    Ref: Frontier Myanmar

    (Frontier Myanmar တွင် ဖော်ပြထားသည့် For Muslims across Myanmar, citizenship rights a legal fiction ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • တာလီဘန်ကြောင့် မြန်မာမွတ်စလင်များ ပိုမိုနှိပ်ကွပ်ခံရသည်ဟု အာဖဂန် ထိပ်တန်းနိုင်ငံရေးပါတီ ပြော

    တာလီဘန်ကြောင့် မြန်မာမွတ်စလင်များ ပိုမိုနှိပ်ကွပ်ခံရသည်ဟု အာဖဂန် ထိပ်တန်းနိုင်ငံရေးပါတီ ပြော

    စက်တင်ဘာ ၅၊ ၂၀၁၇
    M-Media

    မိတ္ထီလာအကြမ်းဖက်မှုမှ မြင်ကွင်း

    – ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ မြန်မာနိုင်ငံက မွတ်စလင်တွေ အစုလိုက်အပြုံလိုက် အသတ်ခံရမှုဟာ တာလီဘန်အဖွဲ့က မီးထိုးပေးခဲ့တာကြောင့် ဖြစ်တယ်လို့ အာဖဂန်ရဲ့ Hezb-e-Islami ပါတီက ပြောကြားလိုက်ပါတယ်။

    လတ်တလော မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ပါတီက ဒီနေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒီလို ပြောကြားလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံမှာ မွတ်စလင်တွေအပေါ် အကြမ်းဖက်မှုဟာ သမိုင်းနဲ့ချီပြီး ရှိခဲ့ပေမယ့် တာလီဘန်က ဘာမီယန် ရုပ်ပွားတော်ကြီးကို ဖောက်ခွဲဖျက်ဆီးမှုဟာ မွတ်စလင်တွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို မီးထိုးပေးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ရုပ်ပွားတော် ဖောက်ခွဲဖျက်ဆီးမှုကို အသုံးချပြီး မြန်မာမွတ်စလင်တွေအပေါ် လက်စားချေတဲ့ လုပ်ရပ်မျိုးတွေကို ဗုဒ္ဓဘာသာဝင်တွေက ပြုလုပ်လာကြတာဖြစ်တယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဒီဂယက်ကြောင့် ရာနဲ့ချီတဲ့ မွတ်စလင်တွေဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာ၊ ထောင်နဲ့ချီတဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာ၊ သိန်းနဲ့ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာ၊ တစ်ခြားနိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေရတာတွေ ရှိတယ်လို့လည်း Hezb-e-Islami က ပြောပါတယ်။

    လတ်တလော မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ မွတ်စလင်ခေါင်းဆောင်တွေက နှုတ်ဆိတ်နေတာကိုလည်း ပါတီက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး မွတ်စလင်တွေ သေဆုံးနေမှုအတွက် ပြတ်ပြတ်သားသား မရပ်တည်တဲ့အပေါ် ရှုတ်ချခဲ့ပါတယ်။

    အာဖဂန်ဝန်ကြီးချုပ်အဖြစ် ၂ ကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ Gulbuddin Hekmatyar ဦးဆောင်တဲ့ Hezb-e-Islami ပါတီဟာ တာလီဘန်အဖွဲ့ကို ပြီးခဲ့တဲ့နှစ်တွေမှာ ခပ်တင်းတင်း ဆန့်ကျင်ကာ၊ နိုင်ငံအတွင်း သူပုန်ထမှုအတွက်လည်း ထပ်ခါတလဲလဲ ရှုတ်ချခဲ့ပါတယ်။

    တာလီဘန်ဟာ တိုင်းပြည်အတွင်းမှာ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေ ဖြစ်နေစေဖို့အတွက် နိုင်ငံခြားက အထောက်အပံ့နဲ့ ဆောင်ရွက်နေတာဖြစ်တယ်လို့လည်း ပါတီက ဆိုပါတယ်။

    Ref: Khaama.com