News @ M-Media

Tag: Myanmar Migrants in Thailand

  • အမှိုက်ပုံကို မှီခိုရှင်သန်နေရသည့် ထိုင်းနိုင်ငံရောက် မြန်မာများ

    အမှိုက်ပုံကို မှီခိုရှင်သန်နေရသည့် ထိုင်းနိုင်ငံရောက် မြန်မာများ

    မေ ၃၊ ၂၀၁၇
    M-Media

    – မြန်မာနိုင်ငံနှင့်ကပ်နေသည့် ထိုင်းနယ်စပ် မဲဆောက်မြို့ ဆင်ခြေဖုံးရှိ အမှိုက်ကွင်းပြင်တစ်ခုသို့ ၀င်ရောက်သွားသည့်အခါ သတ္တုပစ္စည်းများမှသည် ဟောင်းနွမ်းစုတ်ပြဲနေသော အ၀တ်များ၊ ပုပ်သိုးနေသော အစားအအသောက်များပါဝင်ကာ လူတစ်ရပ်ထက် ပိုမြင့်သော စွန့်ပစ်အမှိုက်ပုံတွင် ယင်ကောင်များမှာ တစ်ဝီ၀ီဝဲပျံနေကြသည်။

    “ပစ်ထားတဲ့ အစားအသောက်တွေထဲက နည်းနည်းကောင်းတာတွေကို ကျွန်မတို့ စားပါတယ်။ လိုအပ်ရင် ဒါတွေကို ချက်ပြုတ်ပါတယ်။ စွန့်ပစ်ထားတာတွေထဲက ပြန်သုံးလို့ရတဲ့ အရာတွေကို ကောက်ပြီး ပြန်ရောင်းပါတယ်” ဟု အသက် ၄၅ နှစ်အရွယ် မစန်းအေးက ပြောကြားသည်။

    သူမမှာ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှဖြစ်ပြီး သားသမီးများ၊ မြေးများနှင့်အတူ အမှိုက်ပုံတွင် အခြေပြုနေထိုင်လာသည်မှာ ၁၅ နှစ်ပင် ကျော်လာခဲ့လေပြီ။

    “တစ်နေ့ကို ဘတ် ၂၀ (၆၅၀ ကျပ်) လောက်နဲ့ ကျွန်မတို့ အသက်ဆက်နေရတာပါ” ဟု ယင်ကောင်များနားရန် စိုင်းပြင်းနေသည့် လက်ဖက်ရည်ခွက်မှ လက်ဖက်ရည်ကို တစ်ကြိုက်တည်း မော့ချရင်း သူမက ပြောကြားခဲ့သည်။

    မဲဆောက်တစ်မြို့လုံးမှ အမှိုက်များကို လာရောက်စွန့်ပစ်သည့် မယ်ပဟုခေါ်သော ထိုနေရာတွင် အမှိုက်ပုံမှာ တောင်ငယ်လေးတစ်ခုကဲ့သို့ပင် ဖြစ်နေလေသည်။

    “ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာတော့ မှန်ပါတယ်။ အရင်က ကျွန်မမှာ ဘာရောဂါမှ မရှိဘူး။ အခုဆိုရင် ခါးလည်း နာတယ်၊ ရင်ဘတ်ကလည်း အောင့်တယ်။ သိပ်နံပေမယ့် ဒီလိုပဲ အသားကျအောင် နေရတာပေါ့ရှင်။ အရင်ဆို ကျွန်မ အန်တာတွေဘာတွေဖြစ်ပြီး ၅ ရက်လောက် ထမင်းမစားနိုင်ပါဘူး။ ဒါပေမယ့် အခုတော့ အေးဆေးဖြစ်သွားပါပြီ” ဟု မစန်းအေးက ဖွင့်ဟခဲ့သည်။

    မစန်းအေး

    အမှိုက်ပုံမှရရှိသည့် ပစ္စည်းများကို ရောင်းချခြင်းအားဖြင့် တစ်လလျှင် ဘတ် ၂၀၀၀ (၇၈၀၀၀ ကျပ်ခန့်) ရရှိသည်ဟု သူမက ဆိုသည်။

    အမှိုက်ပုံနားတွင် နေထိုင်သူများမှာ ဖြစ်သလို ထဲတိုး၍ နေရခြင်းဖြစ်သည်။ ထိုတဲမှာပင် စားသောက်သည်၊ အိပ်စက်သည်။ တစ်ချို့က နေ့ဘက်တွင် အမှိုက်၌ ရှာကြပြီး၊ တစ်ချို့က ညဘက်တွင် ရှာကြသည်။

    “ဆိုးရွားပြီး ညစ်ပတ်နံစော်တာတွေကို ကြောက်နေမယ်ဆိုရင် ကျွန်တော်တို့ အသက်ရှင်ရပ်တည်လို့ မရပါဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့ မီးဖိုဆောင်လိုပါပဲ။ ဒီမှာပဲ စားတယ်။ ဒီမှာပဲ နေပါတယ်” ဟု အသက် ၄၉ နှစ်အရွယ် ကိုသန်းဦးက ပြန်အသုံးပြု၍ရသည့် ပစ္စည်းများကို အမှိုက်ပုံ၌ ကောက်နေရင်း ပြောကြားခဲ့သည်။

    ၎င်း၏ မျက်နှာပေါ်မှ ချွေးပေါက်များ တောက်တောက်ကျနေပြီး၊ အ၀တ်အစားများကလည်း ချွေးများဖြင့် စိုရွှဲနေသည်။

    “အနံ့ဆိုးတွေက ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာတော့ ကျွန်တော် သိတာပေါ့။ ခေါင်းတွေလည်း တစ်အားကိုက်တယ်၊ ရီဝေေ၀ဖြစ်တယ်။ တစ်ခါတစ်လေမှာ တအား ချောင်းဆိုတယ်” ဟု ၎င်းက ဆိုသည်။

    အသက်အရွယ်ကြီးနေပြီး အမြင်အာရုံချို့တဲ့နေသည့် မိခင်ကြီးနှင့်အတူ ကိုသန်းဦးတစ်ယောက် ထိုအမှိုက်ပုံနားတွင် နေထိုင်လာခဲ့သည်မှာ ၁၂ နှစ်ပင် ကျော်လာခဲ့ပြီ။

    မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသော်လည်း အမိမြေတွင် အလုပ်မရှိသောကြောင့် ပြန်ရန် အစီအစဉ်မရှိဟု သူကဆိုသည်။ ပြန်သုံး၍ရသည့် ပစ္စည်းများကို စုဆောင်းရောင်းချခြင်းဖြင့် ကိုသန်းဦးမှာ တစ်နေ့လျှင် ဘတ် ၁၅၀ (၆၀၀၀ ကျပ်ခန့်) ရှာဖွေနိုင်သည်။ ထိုငွေက ၎င်းနှင့် မိခင်ဖြစ်သူတို့ စားသောက်ရန် လုံလောက်သည်ဟု သူက ဆိုလေသည်။

    ကိုသန်းဦး

    အမျိုးသမီးများနှင့် ကလေးငယ်များအပါအ၀င် အခြားသူများကလည်း နေပူကြဲတဲအောက်တွင် အမှိုက်များကောက်ရင်း အလုပ်ရှုပ်နေကြသည်။ အဆိုပါ အမှိုက်ပုံကြီးအနီးတွင် မိသားစုပေါင်း ၁၀၀ ကျော် နေထိုင်ကြပြီး ဒေသခံများက အချို့မှာ နှစ်ပေါင်း ၂၀ ခန့် ကြာမြင့်နေပြီဟု ဆိုသည်။

    မဲဆောက်ရှိ မြန်မာနိုင်ငံရေးရာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီမှ ဥက္ကဌ ဦးမိုးကြိုးက ထိုဒေသရှိ မြန်မာလုပ်သားများကို ထောက်ပံ့ပေးနေသည်မှာ ၁၄ နှစ်တာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ မဲဆောက်ရှိ ထိုအမှိုက်ပုံနှင့်တစ်ဝိုက်တွင် နေထိုင်သည့် မြန်မာနိုင်ငံသား အရေအတွက်မှာ ၃၀၀ ခန့်ရှိပြီး မွေးရပ်မြေတွင် ဆင်းရဲမွဲတေမှုနှင့် အလုပ်လက်မဲ့ဖြစ်မှုတို့မှ လွတ်မြောက်ရန် မျှော်လင့်ချက်ဖြင့် ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ကြခြင်းဖြစ်သည်ဟု ဧရာဝတီကို ပြောကြားခဲ့သည်။

    “သူတို့ဟာ အမှိုက်ပုံကို မှီခိုနေရပါတယ်။ အမှိုက်တွေကို ကောက်ပြီး အသက်ရှင်သန်နေရတာပါ” ဟု ဦးမိုးကြိုးက ပြောကြားခဲ့သည်။

    မဲဆောက်မှာ စီးပွားရေးအရ တိုးတက်ဖွံ့ဖြိုးလာသော်လည်း ထိုအကျိုးကျေးဇူးများကို ထိုဒေသတွင် နေထိုင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများက မခံစားရ။ ဦးမိုးကြိုးကတော့ စက်ရုံ၊ ဆောက်လုပ်ရေးနှင့် အမှိုက်ကောက်လုပ်ငန်းများတွင် လုပ်ကိုင်နေသူများမှာ အမြဲတမ်းလိုလို ‘လစ်လျူရှု ခံနေရသည်’
    ဟု ပြောကြားခဲ့သည်။

    မစန်းအေး၏ မြေး

    အမှိုက်ကောက် ရောင်းချရသူ ကိုသန်းဦးက ၎င်းကဲ့သို့ ရွှေ့ပြောင်းလုပ်သားများမှာ မဲဆောက်တွင် ဖြစ်ပေါ်လာသည့် တိုးတက်မှုများမှ ဖယ်ထားခြင်းခံရပြီး “ကျွန်တော်တို့နဲ့ ဘာမှမကို မဆိုင်တာ” ဟု ထပ်လောင်း ပြောကြားခဲ့သည်။

    မစန်းအေးအတွက် အမှိုက်ပုံနှင့် ဆက်နွယ်ပတ်သက်ရခြင်းမှာ ဘ၀နေထိုင်မှုတစ်ခု ဖြစ်နေပြီး၊ အသက်ရှင် ရပ်တည်နိုင်မည့် ရင်းမြစ်တစ်ခုလည်း ဖြစ်နေပေသည်။

    “ကျွန်မတို့အတွက်တော့ ဒီအမှိုက်ပုံက ရွှေပုံ၊ ငွေပုံကြီးပါပဲ။ ဒီအမှိုက်ပုံကိုပဲ ကျွန်မတို့ မှီခိုအားထားနေရတာပါ” ဟု တဲအတွင်း ဆေးပေါ့လိပ်ဖွာရင်း သူမက ပြောသည်။ မြေးဖြစ်သူများကတော့ အနီးအနားတွင် ဆော့ကစားနေကြ၏။

    Ref: ဧရာဝတီ အင်္ဂလိပ်ပိုင်း

    (ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းတွင် လွှင့်တင်ထားသော Burmese Migrants Continue to Eke Out a Living in Garbage Dump on Thai Border ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • ထိုင်းနိုင်ငံမှ ပန်းရောင်ကဒ်ကိုင် မြန်မာလုပ်သားများ ပွဲစားများ၏ အမြတ်ထုတ်ခံနေရ

    ထိုင်းနိုင်ငံမှ ပန်းရောင်ကဒ်ကိုင် မြန်မာလုပ်သားများ ပွဲစားများ၏ အမြတ်ထုတ်ခံနေရ

    မတ် ၅၊ ၂၀၁၇
    M-Media

    ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများ

    – ထိုင်းအစိုးရက ထုတ်ပေးထားသော ပန်းရောင်ကဒ် ကိုင်ဆာင်ထားသည့် မြန်မာအလုပ်သမားများ CI လျှောက်ထားရာတွင် ငွေကြေးမတန်တဆ တောင်းခံမှုနှင့် ကြုံတွေ့နေရသည်ဟု ‘ရွှေ့ပြောင်းအလုပ်သမားများကွန်ယက်’ (MWRN) က ပြောကြားလိုက်သည်။

    “ဥပဒေလိုက်နာတဲ့ စက်ရုံကြီးတွေက ရွှေ့ပြောင်းအလုပ်သမားတွေကို အကျပ်အတည်းဖြစ်အောင် မလုပ်ကြပါဘူး။ ဒါပေမယ့် စက်ရုံသေးသေးလေးတွေကတော့ လုပ်ကြပါတယ်။ အခုဆိုရင် ပွဲစားတွေနဲ့ စက်ရုံတာဝန်ရှိသူတွေဟာ CI လျှောက်ထားဖို့အတွက် ဘတ် ၆၀၀၀ ကနေ ၇၀၀၀ လောက်အထိ တောင်းနေကြပါတယ်” ဟု MWRN မှ ဒုတိယဥက္ကဌ ဦးအောင်ကျော်က ပြောကြားခဲ့သည်။

    ပန်းရောင်ကဒ် သို့မဟုတ် ယာယီအထောက်အထားကိုင်ထားသော ရွှေ့ပြောင်းလုပ်သားများမှာ CI လျှောက်ထားမှုလုပ်ငန်းစဉ် ရှုပ်ထွေးသောကြောင့် ပွဲစားများကို အသုံးပြုနေကြရသည်။

    “CI ကဒ်ရရင် လွတ်လပ်စွာ သွားလာနိုင်ပြီး အိမ်ပြန်လို့ရတယ်ဆိုတာ မြန်မာရွှေ့ပြောင်းလုပ်သားတွေက သိကြပါတယ်။ ဒါ့ကြောင့် ပွဲစားတွေက စက်ရုံအာဏာပိုင်တွေနဲ့ပေါင်းပြီး အမြတ်ထုတ်နေကြတာပါ”

    ထိုင်းနိုင်ငံရှိ ပန်းရောင်ကဒ်ကိုင်ထားသော မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံအတွင်းရှိ CI ထုတ်ပေးရေး စင်တာ ၆ ခုက မတ်လ ၃ ရက်နေ့တွင် CI အထောက်အထား ထုတ်ပေးမည်ဖြစ်ပြီး ဘတ် ၃၀၀ သာ ကျသင့်မည်ဟု မြန်မာအစိုးရက ဖေဖော်ဝါရီလတွင် ကြေငြာထားသည်။

    ထို့ပြင် ငွေကြေးပိုမို မပေးရစေရန်အတွက် ပွဲစားများကို ရှောင်ရန်လည်း သတိပေးထားသည်။ သို့သော်လည်း ဦးအောင်ကျော်က မြန်မာလုပ်သားများမှာ အဆိုပါ လုပ်ငန်းစဉ်တွင် ရှုပ်ထွေးမှုကို တွေ့ရသောကြာင့် ပွဲစားများကို အားကိုးနေရခြင်းဖြစ်သည်ဟု ထပ်လောင်း ပြောကြားခဲ့သည်။

    ရွှေ့ပြောင်းလုပ်သားများဆိုင်ရာ တက်ကြွလှုပ်ရှားသူအချို့က CI လျှောက်ထားပြီးသော်လည်း နိုင်ငံကူးလက်မှတ် လျှောက်ထားရမည် ဖြစ်သောကြောင့် မြန်မာလုပ်သားများမှာ ငွေကြေ ၂ ခါ ကုန်ကျနေကြောင်း၊ မြန်မာအစိုးရအနေဖြင့် ပန်းရောင်ကဒ် ကိုင်ဆောင်ထားသူများကို ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးသင့်ကြောင်း၊ ထိုနိုင်ငံကူးလက်မှတ်က CI ထက် ပို၍ အသုံးဝင်ကြောင်း တိုက်တွန်းခဲ့သည်။

    ထိုင်းနိုင်ငံတွင် မြန်မာလုပ်သားဦးရေမှာ ၃ သန်းမှ ၄ သန်းအကြားရှိပြီး ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများမှာ ၁.၇ သန်းရှိကာ၊ ထိုင်းအစိုးရမှ ထုတ်ပေးသည့် ပန်းရောင်ကဒ်ကို ကိုင်ဆောင်သူထားသူမှာ ၈ သိန်းခန့်ရှိသည်။

    Ref: mmtimes