News @ M-Media

Tag: Myanmar Military

  • အာဆီယံအထူးကိုယ်စားလှယ်ခရီးစဥ် ထူးထူးခြားခြား ပြောင်းလဲမှု မရှိနိုင်

    အာဆီယံအထူးကိုယ်စားလှယ်ခရီးစဥ် ထူးထူးခြားခြား ပြောင်းလဲမှု မရှိနိုင်

    မတ် ၁၉၊ ၂၀၂၂

    M-Media 

    -လာမယ့်တစ်ပါတ် အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဥ်ဟာ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး အားလုံးအဆင်ပြေစေမယ့် အခြေအနေတစ်ခု ဖန်တီးဖို့ ဖြစ်တယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

    မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေး၀န်ကြီး ပရက်ဆိုခွန်ဟာ မတ်လ ၂၁-၂၃ ခရီးစဥ်အတွင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့သာ တွေ့ဆုံဖို့ရှိပြီး၊ အတိုက်အခံ အထူးသဖြင့် ဖြုတ်ချခံလိုက်ရတဲ့ NLD ပါတီက တာ၀န်ရှိသူတွေနဲ့ တွေဆုံခွင့်ရမယ့် အနေအထားမျိုး မရှိပါဘူး။ 

    “အထူးကိုယ်စားလှယ်ရဲ့ ပထမဆုံး မြန်မာနိုင်ငံခရီးစဥ်ဟာ အကြမ်းဖက်မှု ရပ်တန့်ရေး၊ သက်ဆိုင်သူတွေအားလုံး အတ်နိုင်ဆုံး ထိန်းချုပ်ဆောင်ရွက်နိုင်ရေး အဆင်ပြေမယ့် အခြေအနေတစ်ခု ဖန်တီးဖို့ ရည်ရွယ်ပါတယ်” လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ချမ် ဆူနရီက ပြောပါတယ်။ 

    အာဆီယံ သဘောတူညီချက် ၅ ချက်ပါ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို သွားရောက်မယ့် ရည်ရွယ်ချက်ဟာ မြန်မာ့နိုင်ငံရေးအသိုင်းအ၀ိုင်းက သက်ဆိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖြစ်ပါတယ်။ 

    ခရီးစဥ်အတွင်း ဘယ်သူတွေနဲ့ တွေ့ဆုံမလဲဆိုတာ မပြောလိုသေးဘူးလို့လည်း ဆူနရီက ပြောပါတယ်။ 

    “ရည်ရွယ်ချက် အောင်မြင်ဖို့ဆိုတာ စိန်ခေါ်မှုတွေအများကြီး ကျော်ဖြတ်သွားရမယ့် ခရီးရှည်ကြီးပါ။ ဒါပေမယ့် ခရီးရှည်ကြီးကို ပထမဆုံးခြေလှမ်းတစ်လှမ်းနဲ့ စတင်ရတာ ဖြစ်ပါတယ်”

    Ref: The Star

  • မြန်မာစစ်ခေါင်းဆောင်များ နောက်ပြန်လှည့်ရမည့် အခင်းအကျင်းမျိုး လတ်တလောတွင် မရှိသေး

    မြန်မာစစ်ခေါင်းဆောင်များ နောက်ပြန်လှည့်ရမည့် အခင်းအကျင်းမျိုး လတ်တလောတွင် မရှိသေး

    မတ် ၁၇၊ ၂၀၂၂

    M-Media 

    -၂၀၂၁ ဖေဖော်၀ါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းက ရှုတ်ချနေကြပေမယ့် စစ်ခေါင်းဆောင်တွေကို အရေးယူရေး၊ အာဏာသိမ်းမှု နောက်ပြန်လှည့်ရေး လတ်တလော အနာဂတ်မှာ မဖြစ်နိုင်သေးဘူးလို့ The Diplomat က ဆောင်းပါးတစ်ပုဒ်မှာ သုံးသပ်ထားပါတယ်။ 

    အင်္ဂါနေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ရဲ့ ထုတ်ပြန်ချက်မှာ မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း  ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေကို စနစ်တကျ ကျူးလွန်ခဲ့ပြီး အဲဒီအထဲက တစ်ချို့ဟာ စစ်ရာဇ၀တ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု မြောက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ 

    စာမျက်နှာ ၆၀ လောက်ပါတဲ့ အဲဒီအစီရင်ခံစာမှာ စစ်တပ်ဟာ အာဏာတည်မြဲဖို့အတွက် အကြမ်းဖက်မှုတွေကို ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့်နဲ့ အကြီးအကျယ် ကျူးလွန်ခဲ့သလဲဆိုတာကို အသေးစိတ် မှတ်တမ်းတင်ထားပါတယ်။ 

    တရားလက်လွတ်သတ်ဖြတ်တာ၊ အရပ်သားတွေ နေထိုင်တဲ့ဒေသကို လေကြောင်းကနေ တိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ အရပ်သားတွေကို မြင်မြင်သမျှ ဖမ်းဆီးပြီး ပစ်သတ်တာ၊ အရှင်လတ်လတ် မီးရှို့သတ်တာ၊ လူသားတံတိုင်းအဖြစ် အသုံးပြုတာ၊ ဖမ်းဆီးညှင်းပမ်းနှိပ်စက်တာ စတာတွေကို မြန်မာစစ်တပ်က အကြီးအကျယ် ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ 

    The Diplomat က ဆောင်းပါးမှာ OHCHR ရဲ့ အခုကြေငြာချက်ဟာ မြန်မာစစ်တပ် အရင်က ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှု စာရင်းတွေထဲ နောက်ထပ်အသစ်တွေ ပေါင်းထည့်လိုက်တာလို့ သုံးသပ်ပါတယ်။ 

    လူမျိုးတုန်းသတ်ဖြတ်မှု မြောက်နိုင်တယ်လို့ ကုလက သုံးသပ်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ရိုဟင်ဂျာတွေပေါ် စစ်တပ်က ကျူးလွန်မှု၊ ၁၉၈၈ ခုနှစ်နဲ့ အဲဒီအရင်ကဖြစ်ခဲ့တဲ့ လူထုအုံကြွမှု၊ ဒီမိုကရေစီ တောင်းဆိုမှုတို့မှာ စစ်တပ်က ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွင်းမှုတွေ ရှိခဲ့ကြောင်း ဆောင်းပါးမှာ ထောက်ပြပါတယ်။ 

    မြန်မာစစ်တပ်ရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်နေတာ၊ လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကို ရပ်တန့်ရေး နိုင်ငံတကာ အသိုင်းအ၀ိုင်းက ထိထိရောက်ရောက် တုန့်ပြန်ဆောင်ရွက်ကြဖို့ OHCHR က အင်္ဂါနေ့ ကြေငြာချက်မှာ တိုက်တွန်းထားပါတယ်။ 

    မြန်မာစစ်ခေါင်းဆောင်တွေကို ဘယ်အချိန်မှာ ဘယ်လိုပုံစံမျိုးနဲ့ အရေးယူမှာလဲ၊ ဒီလို ခြိမ်းခြောက်နေတာမျိုးက စစ်ခေါင်းဆောင်တွေနဲ့ သူတို့လက်သပ်မွေးထားတဲ့ ခရိုနီတွေကို နောက်ပြန်လှည့်စေမှာလား ဆိုတာတွေဟာ မသေချာဘူးလို့ ဆောင်းပါးမှာ သုံးသပ်ပါတယ်။

    ၂၀၁၀ ကစတင်တဲ့ စစ်တပ်ရဲ့ သွင်ကူးပြောင်းရေးခတ်မှာ NLD နဲ့ ဒီမိုကရေစီ လိုလားတဲ့ အဖွဲ့အစည်းတွေက အရင်ကျူးလွန်မှုတွေအတွက် စစ်ခေါင်းဆောင်တွေအပေါ် အရေးယူရေးကိစ္စကို လုံး၀ ချောင်ထိုးပြီး၊ စစ်တပ်က မျက်နှာသာပေးအောင် ဆောင်ရွက်ခဲ့တာတွေကို ဆောင်းပါးရှင်က ထောက်ပြပါတယ်။

    ၂၀၁၇ ခုနှစ်နောက်ပိုင်း ရိုဟင်ဂျာတွေအပေါ် စစ်တပ်က ကျူးလွန်မှုတွေမှာ NLD တာ၀န်ရှိသူတွေကိုယ်တိုင်က ၀င်ဖာပေးခဲ့ကြပြီး၊ စစ်တပ်ရဲ့အာဘော်အတိုင်း ရိုဟင်ဂျာတွေကို ခိုး၀င်လာသူတွေ၊ အကြမ်းဖက်သမားတွေအဖြစ် ပုံဖော်ခဲ့ကြကြောင်း ဆောင်းပါးမှာ ဖော်ပြပါတယ်။ 

    စစ်တပ်ရဲ့ ဦးနှောက်ကျင်းခြင်းကို ခံခဲ့ရတဲ့ မြန်မာ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေဟာ စစ်တပ်ရဲ့ အကြမ်းဖက်မှုကို ကိုယ်တိုင် ကြုံတွေ့လာရတဲ့အခါမှာ အရင်က ခံယူချက်အမှားတွေနဲ့ပတ်သက်ပြီး နောင်တရကြောင်း ပြောလာကြပါတယ်။ 

    ဆောင်းပါးရဲ့ နိဂုံးချုပ်မှာတော့ မြန်မာစစ်တပ် ဖွဲ့စည်းပုံ ပျက်တဲ့အထိ တပ်ဖွဲ့၀င်တွေ ပြည်သူ့ဖက် ပြောင်းတာမျိုး ဖြစ်မလာဘူးဆိုရင် OHCHR အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ပြောဆိုမှုတွေဟာ နိုင်ငံရေး တွန်းအားတစ်ခုထက် မပိုကြောင်း၊ ဘယ်သူမှ အမြတ်ထွက်မှာမဟုတ်တဲ့ မြန်မာနိုင်ငံက ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခု နိုင်ငံကတာအသိုင်းအ၀ိုင်းက သဘောတူ အကောင်အထည်ဖော်မှု မရှိမချင်း လတ်တလောအနာဂတ်မှာ ဘာရလဒ်မှ ထွက်လာဖို့ မရှိကြောင်း သုံးသပ်ထားပါတယ်။ 

    Ref: The Diplomat (Myanmar Army Has Committed Possible Crimes Against Humanity Since Coup, UN Says)

  • နယ်စပ်ကုန်သွယ်ရေးတွင် ဘတ်၊ ရူပီးတို့နှင့် တိုက်ရိုက်ဆောင်ရွက်ရန် စစ်ကောင်စီစီစဥ်

    နယ်စပ်ကုန်သွယ်ရေးတွင် ဘတ်၊ ရူပီးတို့နှင့် တိုက်ရိုက်ဆောင်ရွက်ရန် စစ်ကောင်စီစီစဥ်

    မတ် ၁၅၊ ၂၀၂၂

    M-Media 

    -ထိုင်းနဲ့ အိန္ဒိယနယ်စပ်က ကုန်သွယ်ရေးလုပ်ငန်းတွေမှာ ဘတ်ငွေ၊ ရူပီးငွေတွေနဲ့ လက်ခံဆောင်ရွက်ဖို့ အာဏာသိမ်းစစ်ကောင်စီက စီစဥ်နေပါတယ်။ 

    ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ေကာင်စီရဲ့ လုပ်ရပ်တွေကြောင့် မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ အလွန်အမင်း ထိုးကျသွားပြီး ဒေါ်လာ၊ ရွှေစျေးတွေ ထောင်တက်သွားပါတယ်။ 

    ငွေကြေးဖောင်းပွမှု မြင့်တက်လာတာကြောင့် အခြေခံစားသောက်ကုန်တွေ စျေးအဆမန်တ တက်လာသလို၊ မီးပြတ်၊ ရေပြတ်နဲ့ ပြည်သူလူထုဟာ အထွေထွေအကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ 

    စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုဌာနရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာတော့ နယ်စပ်ကုန်သွယ်ရေးမှာ ထိုင်းဘက်၊ အိန္ဒိယရူပီးတွေကို လက်ခံ အသုံးပြုတာဟာ အမေရိကန်ဒေါ်လာအပေါ်  မှီခိုနေရမှုကို လျှော့ချကာ ပထ၀ီနိုင်ငံရေးအခြေအနေကြောင့် ငွေလဲနှုန်း ရုတ်တရက် တက်လာတဲ့ အန္တရာယ်ကို လျှော့ချနိုင်လိမ့်မယ်လို့ ဖော်ပြထားပါတယ်။

    တရုတ်နိုင်ငံနဲ့ ကပ်နေတဲ့ ဒေသတွေမှာ တရုတ်ယွမ်ငွေနဲ့ တိုက်ရိုက် ပေးချေနိုင်အောင်လည်း စစ်ကောင်စီက စီစဥ်ထားပါတယ်။ 

    နိုင်ငံရဲ့ စီးပွားရေးကျဆင်းမှုဟာ အတိုက်အခံတွေက ဘဏ်လုပ်ငန်းနဲ့ ငွေကြေးစနစ်ကို ပြည်သူတွေ အယုံအကြည်မရှိအောင် လုပ်ဆောင်တာကြောင့်ဖြစ်ပြီး၊ ကျပ်ငွေတန်ဖိုး ကျဆင်းမှုကလည်း စီးပွားရေး အဖျက်အမှောက်လုပ်ရပ်ကြောင့်လို့ စစ်ကောင်စီ ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ စွပ်စွဲပြောဆိုထားပါတယ်။ 

    မြန်မာအာဏာသိမ်းစစ်ကောင်စီရဲ့ ဒီအစီအစဥ်နဲ့ပတ်သက်ပြီး ထိုင်း၊ အိန္ဒိယတို့ဖက်က တရား၀င် ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ 

    Ref: Bangkok Post 

  • စစ်တပ်က၀င်ငွေရနေသည့် သဘာ၀ဓာတ်ငွေ့စီမံကိန်းကို ထိုင်းကုမ္ပဏီ ဆက်လုပ်မည်

    စစ်တပ်က၀င်ငွေရနေသည့် သဘာ၀ဓာတ်ငွေ့စီမံကိန်းကို ထိုင်းကုမ္ပဏီ ဆက်လုပ်မည်

    မတ် ၁၅၊ ၂၀၂၂

    M-Media 

    -ပြင်သစ်နဲ့ အမေရိကန်ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမှု ရပ်ဆိုင်းသွားတဲ့ ရတနာ သဘာ၀ဓာတ်ငွေ့ထုတ်လုပ်ရေး စီမံကိန်းကို ထိုင်းစွမ်းအင်လုပ်ငန်း PTTEP က ဆက်လက်လုပ်ကိုင်မယ်လို့ သိရပါတယ်။ 

    ရေနံနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်းဟာ မြန်မာစစ်တပ်က နိုင်ငံခြား၀င်ငွေ အဓိကရတဲ့ လုပ်ငန်းတွ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ပြည်သူလူထုအပေါ်  ဖိနှိပ်သတ်ဖြတ်မှုကို တားဆီးနိုင်ရေး ဒီလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက တိုက်တွန်းခဲ့ပြီးတဲ့နောက် ပြင်သစ်နဲ့ အမေရိကန် စွမ်းအင်ကုမ္ပဏီတွေဖြစ်တဲ့ Chevron နဲ့ TotalEnergies တို့ မြန်မာနိုင်ငံကနေ ထွက်ခွာသွားကြတာပါ။ 

    PTTEP က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ စွမ်းအင် အပြည့်အ၀ရရှိရေးဟာ လူသားတိုင်း ရရှိခံစားရမယ့် အခြေခံလူ့အခွင့်အရေး ဖြစ်တယ်ဆိုတာ အသိအမှတ်ပြုတယ်လို့ ဖော်ပြထားပါတယ်။ 

    TotalEnergies ထွက်သွားပြီးတဲ့နောက် သဘာ၀ဓာတ်ငွေ့ ထောက်ပံ့ပေးမှု မပြတ်လပ်စေရေးအတွက် ရတနာသဘာ၀ဓာတ်ငွေ့ စီမံကိန်းကို ဆက်လက်လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့လည်း PTTEP က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    လုပ်ငန်းလွှဲပြောင်းရေးကိုအခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ အပြီးသတ်မှာဖြစ်ပြီး အဲဒီနောက် PTTEP က ရှယ်ယာ ၃၇.၁ ရာခိုင်နှုန်း၊ စစ်တပ်က ထိန်းချုပ်ထားတဲ့ မြန်မာ့ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်းက ၂၁.၈ ရာခိုင်နှုန်း၊ Chevron ရဲ့ လက်ခွဲကုမ္ပဏီတစ်ခုက ၄၁.၁ ရာခိုင်နှုန်း အသီးသီး ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ 

    Ref: Nikkei Asia 

  • ကန်-အာဆီယံ ထိပ်သီးအစည်းအ၀ေးကို မြန်မာစစ်ခေါင်းဆောင် တက်ခွင့်မရ

    ကန်-အာဆီယံ ထိပ်သီးအစည်းအ၀ေးကို မြန်မာစစ်ခေါင်းဆောင် တက်ခွင့်မရ

    မတ် ၁၃၊ ၂၀၂၂

    M-Media 

    -အခုလနှောင်းပိုင်းမှာလုပ်မယ့် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအ၀ေးမှာ မြန်မာနိုင်ငံက အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို ဖိတ်ကြားမှာမဟုတ်ဘဲ နိုင်ငံရေးဖက်ကမဟုတ်တဲ့ ကိုယ်စားလှယ်တစ်ဦးသာ တက်ခွင့်ပြုမယ်လို့ အမေရိကန်က ထုတ်ပြန်ပါတယ်။ 

    အစည်းအ၀ေးကို မတ်လ ၂၈၊ ၂၉ မှာ  ကျင်းပမှာပါ။ 

    အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက အဆင်မြင့်အစည်းအ၀ေးတွေမှာ နိုင်ငံရေးဖက်ကမဟုတ်တဲ့ ကိုယ်စားလှယ်တစ်ဦးသာ ဖိတ်ကြားရေး အာဆီယံရဲ့ မူ၀ါဒကို အပြည့်အ၀ ထောက်ခံတယ်လို့ ပြောပါတယ်။ 

    “ထိပ်သီးအစည်းအ၀ေးမှာ မြန်မာအတွက် နိုင်ငံရေးဖက်ကမဟုတ်တဲ့ ကိုယ်စားလှယ်ကိုသာ ဖိတ်ကြားဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ အာဆီယံရဲ့ အချက် ၅ ချက်ပါ သဘောတူညီချက်နဲ့ပတ်သက်ပြီး ထိရောက်တဲ့ တိုးတက်မှုတွေ လုပ်မပြတဲ့ စစ်အစိုးရကို အရေးယူတဲ့သဘောလည်း ဖြစ်ပါတယ်”

    အာဆီယံ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံကိုလာပြီး သက်ဆိုင်သူတွေအားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းရေး အပါအ၀င် အချက် ၅ ချက်ပါတဲ့ အာဆီယံသဘောတူညီချက်ကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် ဧပြီလမှာ လက်ခံသဘောတူခဲ့ပေမယ့် အကောင်အထည်ဖော်မှု မရှိပါဘူး။ 

    Ref: Reuters