News @ M-Media

Tag: Myanmar Military

  • တတ်သိညာရှင်များကို အကျဥ်းချမှုတွင် မြန်မာက တတိယချိတ်

    တတ်သိညာရှင်များကို အကျဥ်းချမှုတွင် မြန်မာက တတိယချိတ်

    ဧပြီ ၁၄၊ ၂၀၂၂

    M-Media 


    -တစ်ကျော့ပြန် စစ်အာဏာရှင်လက်အောက်မှာ မြန်မာနိုင်ငံဟာ စာရေးဆရာ၊ ဂျာနယ်လစ်နဲ့ တတ်သိပညာရှင်တွေကို ဖမ်းဆီးအကျဥ်းချမှုမှာ တရုတ်နဲ့ ဆော်ဒီအာရေဗျပြီးရင် တတိယအများဆုံး နိုင်ငံအဖြစ် မှတ်တမ်း၀င်လာပါတယ်။ 

    ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံပေါင်း ၃၆ နိုင်ငံမှာ ဂျာနယ်လစ်နဲ့ တတ်သိပညာရှင် အနည်းဆုံး ၂၇၇ ဦး ဖမ်းဆီးအကျဥ်းချခံခဲ့ရတာပါ။ 

    အာဏာသိမ်းမှုဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ဂျာနယ်လစ်တွေ၊ တတ်သိပညာရှင်တွေ ဖမ်းဆီးခံရမှု အများအပြား ဖြစ်ပေါ်ခဲ့ကာ စာရေးဆရာ အနည်းဆုံး ၂၆ ဦး ထောင်ချခံခဲ့ရပါတယ်။ 

    စာရေးဆရာတွေ၊ ဂျာနယ်လစ်တွေနဲ့ တတ်သိပညာရှင်တွေကို ဖမ်းဆီးအကျဥ်းချကာ လွတ်လပ်စွာ ပြောဆိုမှုကို ပိတ်ပင်ရာမှာ တရုတ်နိုင်ငံက အဆိုးဆုံးဖြစ်ပြီး၊ ဒုတိယက ဆော်ဒီအာရေဗျနိုင်ငံ ဖြစ်ပါတယ်။ 

    မြန်မာက တတိယလိုက်ပြီး ကမ္ဘာတစ်၀ှမ်း တတ်သိပညာရှင်တွေ ဖမ်းဆီးအကျဥ်းချမှု အားလုံးရဲ့ထက်၀က်ကျော်ဟာ ဒီ ၃ နိုင်ငံမှာ ဖြစ်ပွားတာပါ။  

    Ref: PEN 

  • နယ်စပ်မှ တရားမ၀င် ၀င်လာသူများ မရှိရန် ထိုင်းက တင်းတင်းကြပ်ကြပ် ကိုင်တွယ်မည်

    နယ်စပ်မှ တရားမ၀င် ၀င်လာသူများ မရှိရန် ထိုင်းက တင်းတင်းကြပ်ကြပ် ကိုင်တွယ်မည်

    ဧပြီ ၆၊ ၂၀၂၂

    M-Media 

    -မတ်လအတွင်း မြန်မာနိုင်ငံက တရားမ၀င် ၀င်ရောက်လာသူ ၁၆၀၀ ကျော်လောက်ကို ဖမ်းဆီးရမိတယ်လို့ ထိုင်းနိုင်ငံက ထုတ်ပြန်ပြီး စစ်ဆေးဖမ်းဆီးမှုတွေ ပိုမိုလုပ်ဆောင်သွားဖို့လည်း ရှိနေပါတယ်။  

    ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံကို နယ်စပ်ကနေ အလုပ်အကိုင်အတွက် တရားမ၀င် သွားရောက်ကြတဲ့ မြန်မာနိုင်ငံသားအရေအတွက် သိသိသာသာ မြင့်တက်လာပါတယ်။ 

    အခုနှစ် ဇန်န၀ါရီလမှာ တရားမ၀င် ၀င်ရောက်တဲ့ မြန်မာနိုင်ငံသား ၄၀၀၀ ကျော်၊ ဖေဖော်၀ါရီလမှာ ၅၀၀၀ ကျော်ရှိခဲ့ပြီး၊ မတ်လမှာတော့ အရေအတွက် ကျဆင်းသွားပါတယ်။ 

    မဲဆောက်အခြေစိုက်ပြီး မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ JACBA အဖွဲ့ ဥက္ကဌ မိုးဂျိုက တရားမ၀င် ၀င်ရောက်လာသူတွေ တားဆီးရေး တင်းတင်းကြပ်ကြပ်ဆောင်ရွက်ဖို့အတွက် ထိုင်းဗဟိုအစိုးရက ညွှန်ကြားထားတာကြောင့် အခုလို အရေအတွက် ကျဆင်းသွားတာလို့ ပြောပါတယ်။ 

    ထိုင်းအာဏာပိုင်တွေဟာ နယ်စပ်တစ်လျှောက် လုံခြုံရေး တိုးမြှင့်ချထားတာ၊ ကျေးရွာတွေကို ရှောင်တခင် ၀င်စစ်တာ၊ လူကုန်ကူးသူတွေကို ပြင်းပြင်းထန်ထန် အရေးယူတာတွေကို ပိုမို လုပ်ဆောင်လာဖို့ရှိတယ်လို့လည်း မိုးဂျိုက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref: The Star 

  • ငွေလိုနေသည့် စစ်ကောင်စီ ကျောက်မြတ်ပြပွဲလုပ်မည်

    ငွေလိုနေသည့် စစ်ကောင်စီ ကျောက်မြတ်ပြပွဲလုပ်မည်

    ဧပြီ ၆၊ ၂၀၂၂

    M-Media 


    ၂၀၂၁ ခုနှစ် ဧပြီလက ကျောက်မြတ်ပြပွဲတွင် တွေ့ရသည့် အာဏာသိမ်း စစ်ခေါင်းဆောင်

    -အာဏာသိမ်းစစ်ကောင်စီဟာ နေပြည်တော်မှာ ကျောက်မြတ်ရတနာ အရောင်းပြပွဲ ကျင်းပဖို့ စီစဥ်နေပါတယ်။ 

    စစ်ခေါင်းဆောင်တွေ ထိန်းချုပ်လုပ်ကိုင်နေတဲ့ မြန်မာ့ကျောက်မြတ်လုပ်ငန်းက ဧပြီလ ၂၂ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပြီး ကျောက်စိမ်း၊ ပတ္တမြား၊ ပုလဲတွေ ပါ၀င်မှာပါ။ 

    ရေနံနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်း၊ ကျောက်မြတ်ရတနာ လုပ်ငန်းတွေဟာ မြန်မာစစ်ခေါင်းဆောင်တွေ ၀င်ငွေအဓိကရတဲ့ စီးပွားရးတွေ ဖြစ်ပါတယ်။ 

    အခုပြပွဲမှာ လာရောက်ပြသဖို့အတွက် စစ်ကောင်စီက လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ထားပါတယ်။ အာဏာသိမ်းပြီး သိပ်မကြာခင် ၂၀၂၁ ခုနှစ် ဧပြီလမှာ စစ်ကောင်စီဟာ ကျောက်မြတ်ရတနာ ပြပွဲတစ်ခု ကျင်းပခဲ့ပါသေးတယ်။ 

    Ref: The Star

  • အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံပံ့ပိုးမည်ဟု တရုတ်က ထပ်မံ ကတိပြု

    အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံပံ့ပိုးမည်ဟု တရုတ်က ထပ်မံ ကတိပြု

    ဧပြီ ၂၊ ၂၀၂၂

    M-Media 


    -ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေကို ဆက်လက် ထောက်ခံ ပံ့ပိုးပေးသွားမယ်ဆိုတဲ့ သဘောထားကို တရုတ်က လူသိရှင်ကြား ထပ်မံ ထုတ်ဖော်လိုက်ပါတယ်။ 

    စစ်ကောင်စီခန့် နိုင်ငံခြားရေး၀န်ကြီး ဦး၀ဏ္ဏမောင်လွင်ရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်း တရုတ်ပြည်ခရီးစဥ်မှာ တရုတ် နိုင်ငံခြားရေး၀န်ကြီး ၀မ်ယီက အခြေအနေတွေ ဘယ်လိုပဲ ပြောင်းလဲသည်ဖြစ်စေ တရုတ်က မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ နယ်မြေပိုင်စိုးမှုကို ဆက်လက် ထောက်ခံ ပံ့ပိုးပေးသွားမယ်လို့ သတင်းစကား ပါးခဲ့ပါတယ်။ 

    ဒါ့အပြင် သမ္မတ ရှီကျင့်ဖျင်ရဲ့ ရည်မှန်းချက်ကြီးတဲ့ Belt and Road စီမံကိန်း တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် တည်ဆောက်ရေး အရှိန်မြှင့်ဆောင်ရွက်ဖို့လည်း ၀မ်ယီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ 

    တရုတ်ဟာ မြန်မာစစ်အာဏာရှင်အဆက်ဆက်ကို ကျောထောက်နောက်ခံပြု ပံ့ပိုးပေးခဲ့တာ ဖြစ်ပါတယ်။ 

    စစ်ကောင်စီခန့် နိုင်ငံခြားရေး၀န်ကြီး ဦး၀ဏ္ဏမောင်လွင်ကလည်း တရုတ်ရဲ့ အကျိုးစီးပွားနဲ့ ဆက်နွယ်နေတဲ့ ရပ်တည်ချက်အားလုံးကို ထောက်ခံပြီး Belt and Road စီမံကိန်းအပါအ၀င် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါတယ်။ 

    ဦး၀ဏ္ဏမောင်လွင်နဲ့ ၀မ်ယီတို့ဟာ ဒေသတွင်းကိစ္စတွေ၊ တောင်တရုတ်ပင်လယ်အရေးနဲ့ ယူကရိန်းပြဿနာတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ 

    မြန်မာစစ်တပ်နဲ့ တရုတ်အစိုးရတို့ဟာ လူနည်းစုတွေအပေါ်  ဖိနှိပ်ညှင်းပမ်းတဲ့ လုပ်ရပ်တွေ လုပ်ဆောင်ရာမှာ တူညီကြတာလည်း ဖြစ်ပါတယ်။ 

    Ref: The Star 

  • ပြည်သူ့အစိုးရမတက်မချင်း မြန်မာကို အာဆီယံမှ ဖယ်ထုတ်ရမည်

    ပြည်သူ့အစိုးရမတက်မချင်း မြန်မာကို အာဆီယံမှ ဖယ်ထုတ်ရမည်

    ဧပြီ ၁၊ ၂၀၂၂

    M-Media


    -ပြည်သူ့အစိုးရကို အာဏာပြန်မအပ်မချင်း မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ကနေ ဖယ်ထုတ်ဖို့လိုအပ်ပြီး အာဆီယံနဲ့ ကမ္ဘာကြီးမရှိရင်လည်း အသက်ဆက်နိုင်တယ်ဆိုတဲ့ စစ်ခေါင်းဆောင်တွေရဲ့အတွေး မှားယွင်းကြောင်း ပြသဖို့လိုတယ်လို့ ဂျကာတာပို့စ်က ဆောင်းပါးတစ်ခုမှာ တိုက်တွန်းထားပါတယ်။ 

    မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံရဲ့ သဘောတူညီချက် ၅ ရပ်အပေါ် စစ်ခေါင်းဆောင်တွေက လေးစားလိုက်နာဖို့ ပျက်ကွက်မှုကို ဒီဆောင်းပါးမှာ အဓိကထောက်ပြထားပါတယ်။ 

    ၁၉၈၀ ပြည့်နှစ်တွေက ကမ္ဘောဒီးယား နိုင်ငံရေးအကြပ်အတည်းကို အာဆီယံက ဖြေရှင်းပေးနိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံက ကိစ္စကိုလည်း ဒီလိုဖြေရှင်းနိုင်မယ်လို့ အခုနှစ် အာဆီယံဥက္ကဌအဖြစ် တာ၀န်ထမ်းဆောင်မယ့် ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်က ထင်ခဲ့တာပါ။ 

    ဒါပေမယ့် ဇန်န၀ါရီလ ပထမဆုံးအကြိမ် မြန်မာနိုင်ငံကိုသွားရောက်ကာ စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးနောက်ပိုင်းမှာတော့ ဟွန်ဆန်က မြန်မာစစ်ခေါင်းဆောင်တွေဟာ ပြဿနာကို ဖြေရှင်းလိုစိတ်မရှိကြဘဲ သူဥက္ကဌအဖြစ် တာ၀န်ယူမယ့် အခုနှစ်အတွင်း ပြေလည်နိုင်မှာမဟုတ်ဘူးလို့ သူ့ရဲ့စိတ်ပျက်မှုကို လူသိရှင်ကြား ထုတ်ပြောခဲ့ပါတယ်။ 

    အာဆီယံအထူးကိုယ်စားလှယ်ဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေး၀န်ကြီး ပက်ဆိုခွန် မတ်လအတွင်း မြန်မာနိုင်ငံသွားတဲ့ ခရီးစဥ်မှာလည်း တိုးတက်မှု မရှိပါဘူး။ 

    မြန်မာစစ်ခေါင်းဆောင်တွေကို ဖိအားပေးဖို့နဲ့  သူတို့ရဲ့ နမော်နမဲ့ လုပ်ရပ်တွေကို အရေးယူဖို့အတွက် အာဆီယံအဖွဲ့အစည်းဟာ သတ္တိရှိဖို့ လိုအပ်တယ်လို့ ဂျကာတာပို့စ်က ဆောင်းပါးမှာ ထောက်ပြထားပါတယ်။ 

    စစ်ခေါင်းဆောင်တွေကို ဖိအားပေးရာမှာ အစည်းအ၀ေးမဖိတ်တာလို ဆောင်ရွက်မှုမျိုးထက် ကတိက၀တ်ကို အကောင်အထည်မဖော်မချင်း၊ ပြည်သူ့အစိုးရကို အာဏာပြန်မပေးမချင်း မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ကနေ ထုတ်ပယ်ထားဖို့လည်း တိုက်တွန်းထားပါတယ်။ 

    ဖြုတ်ချခံလိုက်ရတဲ့ NLD အစိုးရကို ကိုယ်စားပြုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်တွေကို အာဆီယံက နေရာပေးကောင်းပေးနိုင်ပေမယ့် ဒေါ်အောင်ဆန်းစုကြည် အာဏာရှိစဥ်မှာ မလေးရှားနဲ့ အင်ဒိုနီးရှားလို နိုင်ငံမျိုးအပေါ် မယုံကြည်သလို သဘောထားမျိုးက NUG ကို အာဆီယံက လက်ခံဖို့ကိစ္စမှာ အဖုအထစ် ဖြစ်လာနိုင်တယ်လို့ ဆောင်းပါးမှာ သုံးသပ်ပါတယ်။ 

    ၂၀၁၇၊ ၂၀၁၈ မြန်မာနိုင်ငံမှာ စစ်တပ်က ရိုဟင်ဂျာတွေအပေါ် အပြင်းအထန် ဖိနှိပ်ညှင်းပမ်းနေချိန်မှာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ၀ေဖန်မှုကို မနှစ်မြို့ကြောင်း ပြတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အင်ဒိုနီးရှားနဲ့ မလေးရှားတို့ကို သွားရောက်လည်ပတ်ဖို့ ငြင်းဆိုခဲ့ပါတယ်။ 

    မြန်မာဗိုလ်ချုပ်တွေအပေါ်  ပိတ်ဆို့အရေးယူမှု လုပ်ဆောင်ဖို့၊ မြန်မာစစ်တပ်နဲ့ အဆက်အသွယ် ဖြတ်တောက်ဖို့ကိစ္စမှာ အာဆီယံဟာ နိုင်ငံတကာအသိုင်းအ၀ိုင်း၊ ဂျပန်လို နိုင်ငံမျိုးတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဆောင်းပါးမှာ တိုက်တွန်းထားပါတယ်။ 

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာစစ်ခေါင်းဆောင်က သူတို့ဟာ အာဆီယံအဖွဲ့အစည်းနဲ့ ကမ္ဘာ့အသိုင်းအ၀ိုင်း မရှိလည်း အသက်ဆက်နိုင်တယ်လို့ ထင်မြင်ယူဆနေတာကို မှားယွင်းကြောင်း အာဆီယံက သက်သေပြဖို့ အချိန်တန်ပြီလို့ဆိုကာ ဆောင်းပါးကို အဆုံးသတ်ထားပါတယ်။ 

    Ref : Jakarta Post