News @ M-Media

Tag: Myanmar Military

  • ကမ္ဘောဒီးယားအာဏာရှင်ဟွန်ဆန်နဲ့ မြန်မာစစ်အာဏာရှင်တွေ ဘာကွာသလဲ

    ကမ္ဘောဒီးယားအာဏာရှင်ဟွန်ဆန်နဲ့ မြန်မာစစ်အာဏာရှင်တွေ ဘာကွာသလဲ

    မတ် ၃၀၊ ၂၀၂၂

    M-Media 


    -ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်နဲ့ မြန်မာအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဟာ အာဏာရှင်ချင်းတူပေမယ့် မြန်မာစစ်ခေါင်းဆောင်က ပိုပြီး သဘောထား သေးသိမ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    အခုနှစ် အာဆီယံဥက္ကဌအဖြစ် တာ၀န်ထမ်းဆောင်မယ့် ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်ဟာ အာဏာရှင်ချင်းတူတာကြောင့်  မြန်မာစစ်ခေါင်းဆောင်နဲ့ ညှိနှိုင်းနိုင်မယ်လို့ ထင်ထားပေမယ့် လက်တွေ့မှာ မအောင်မြင်ပါဘူး။ 

    နှစ်ယောက်စလုံးဟာ စစ်တပ်နောက်ခံနဲ့ အာဏာရလာသူတွေပါ။ ၀န်ကြီးချုပ် ဟွန်ဆန်ဟာ ခမာနီလို့ကျော်ကြားတဲ့ တပ်ဖွဲ့ကနေ လာသူဖြစ်ပြီး၊ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က မြန်မာစစ်တပ်ကနေ တက်လာသူ ဖြစ်ပါတယ်။ 

    ခမာနီတပ်ဖွဲ့ရော၊ မြန်မာစစ်တပ်ပါ ရက်စက်မှုအပေါင်း သရဖူဆောင်းတဲ့ အဖွဲ့တွေဖြစ်ပြီး အာဏာသိမ်းတာ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ နိုင်ငံရေး သဘောထားကွဲသူတွေကို အလုံးအရင်းနဲ့ ဖမ်းဆီးနှိပ်စက်တာ၊ လူ့အဖွဲ့အစည်းကို ဒုက္ခရောက်အောင်လုပ်တာ၊ စာနယ်ဇင်းလွတ်လပ်မှု ပိတ်ပင်တာ စတဲ့ ကျူးလွန်မှုတွေလည်း တူပါတယ်။ 

    ဒါပေမယ့် ဟွန်ဆန်က လက်တွေ့ကျပြီး၊ နိုင်ငံရေးနောကျေကာ၊ မြန်မာစစ်ခေါင်းကတော့ ခေါင်းမာပြီး အခြေအနေအမှန်ကို နားမလည်ဘဲ၊ ကိုယ့်အတွက် အမြတ်ထွက်မယ့် ကိစ္စတွေမှာတောင် အလျှော့ပေးဖို့ စိတ်ဆန္ဒမရှိဘူးလို့ နိုင်ငံရေး ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    “ဟွန်ဆန်ဟာ နိုင်ငံရေးအယူအဆတစ်ခုကို ဆုပ်ကိုင်ထားတာမျိုး မရှိဘဲ၊ ကိုယ်သက်ဆိုးရှည်ရေး၊ အထွတ်အထိပ်ရောက်ရေးသာ ကြိုးပမ်းကာ အချိန်အကြာကြီး အာဏာရယူထားသူပါ။ လက်တွေ့ ကျကျ ချိန်ဆလုပ်ဆောင်တာ၊ လိုအပ်လာတဲ့အခါမျိုးမှာ ဗျူဟာမြောက် အလျော့ပေးတာလို စွမ်းရည်မျိုးကိုတော့ သူ့ဆီမှာ အခါမလပ် တွေ့ရပါတယ်” လို့ Hun Sen’s Cambodia စာအုပ်ကို ရေးသားသူ ဆီဘက်စတီယန် စထရန်ဂီယိုက ပြောပါတယ်။ 

    ဟွန်ဆန်ဟာ အာဏာဆုပ်ကိုင်ထားတာ ၃၇ နှစ် ကြာပြီဖြစ်ပြီး ကမ္ဘာ့သက်တမ်းအရှည်ဆုံး ၀န်ကြီးချုပ်၊ နိုင်ငံအကြီးအကဲအဖြစ် မှတ်တမ်း၀င်ပါတယ်။ 

    နိုင်ငံတကာ ဖိအားတွေ လျော့ဖို့အတွက် ဟွန်ဆန်ဟာ အလျော့ပေးတာ၊ ကတိပေးတာမျိုးတွေ လုပ်ဆောင်သလို၊ အာဏာလက်မလွှတ်ရဘဲ အကျိုးအမြတ်ရနိုင်ဖို့  အနောက်နိုင်ငံတွေအကြိုက် လိုက်ပေးတာမျိုး လုပ်တတ်တယ်လို့ စထရန်ဂီယိုက ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

    မြန်မာစစ်ခေါင်းဆောင်တွေကတော့ တို့တာ၀န်အရေးသုံးပါးဆိုတဲ့ အထိုင်ပေါ်မှာ ရပ်တည်ပြီး၊ အရင်က အင်္ဂလိပ်ရဲ့ ကျူးကျော်မှုခံထားရဖူးတယ်၊ ဘေးနားမှာလည်း အင်အားကြီးတဲ့ တရုတ်နဲ့ အိန္ဒိယလို နိုင်ငံမျိုး ရှိနေတာကြောင့်  တိုင်းပြည်ကမလုံခြုံဘူး၊ ငါတို့ရှိမှရမယ်ဆိုတဲ့ အတွေးအခေါ်မျိုး ကြီးစိုးနေတယ်လို့ သြစတေးလျ Griffith Asia Institute အဖွဲ့က ပရော်ဖက်ဆာ အန်ဒရူး ဆက်သ်က ပြောပါတယ်။ 

    “ဒီလို နားလည်ရခက်တဲ့ မူ၀ါဒကနေ ထင်ထင်ရှားရှား ပေါ်ထွက်လာတဲ့ အရာတစ်ခုကတော့ စစ်ခေါင်းဆောင်တွေဟာ ဘယ်သူ့ကိုမှ မယုံဘူးဆိုတဲ့ အချက်ပါ။ မိတ်ဆွေဖြစ်ဖြစ်၊ ရန်သူဖြစ်ဖြစ် လူတိုင်းအပေါ်မှာ သူတို့က သံသယမျက်စိနဲ့ ကြည့်ပါတယ်”

    မြန်မာဗိုလ်ချုပ်တွေဟာ ဟွန်ဆန်နဲ့ယှဥ်ရင် ပိုမို သဘောထားသေးသိမ်ပြီး၊ နိုင်ငံကာအသိုင်းအ၀ိုင်းရဲ့ ဖယ်ကျဥ်မှု၊ စီးပွားရေးပိတ်ဆို့မှုဒဏ်တွေကို ရင်ဆိုင်ကာ တိုင်းပြည်ရဲ့စီးပွားရေး ဘာပဲဖြစ်ဖြစ်၊ ပြည်သူလူထု ဘယ်ဘ၀ပဲရောက်ရောက် ဂရုမစိုက်တတ်ဘူးလို့ စထရန်ဂီယိုက သုံးသပ်ပါတယ်။  

    ၀န်ကြီးချုပ်ဟွန်ဆန်နဲ့ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်တို့ သဘောထားကွဲပြားတာကို မြန်မာနိုင်ငံက နိုင်ငံရေးသုံးသပ်သူ ကိုခင်ဇော်၀င်းကလည်း သဘောတူပါတယ်။ 

    “ဟွန်ဆန်နဲ့ မင်းအောင်လှိုင်တို့ဟာ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အာဏာစွဲကိုင်ထားဖို့ ရည်ရွယ်ချက်ရှိပုံချင်း တူကြတယ်လို့ ထင်ကောင်းထင်ကြမယ်။ ဒါပေမယ့် မတူတာတွေရှိပါတယ်”

    ဟွန်ဆန်ဟာ ခေတ်ရှေ့ပိုပြေးသူတစ်ယောက်ဖြစ်ပြီး မြန်မာစစ်ခေါင်းဆောင်တွေကတော့ ထင်ရာစိုင်းလူသတ်နေတဲ့ လူရမ်းကားတွေသာဖြစ်တယ်လို့ ကိုခင်ဇော်၀င်းက ပြောပါတယ်။ 

    မြန်မာစစ်တပ်ဟာ ပုံမှန်အဖွဲ့အစည်းတစ်ခုသာ ဖြစ်တယ်ဆိုတဲ့ ကမ္ဘာကြီးရဲ့အမြင် မှားယွင်းတယ်လို့လည်း သူက ဆိုပါတယ်။ 

    “ဒီလူတွေဟာ နိုင်ငံတကာ စံနှုန်းတွေကို ဂရုစိုက်ကြသူတွေ မဟုတ်ပါဘူး”

    ပရော်ဖက်ဆာ အန်ဒရူး ဆက်သ်က မြန်မာဗိုလ်ချုပ်တွေရဲ့ စိတ်ဓာတ်ဟာ အများနဲ့မတူ တစ်မူထူးခြားကာ ခေါင်းမာ ပေတေတဲ့စိတ်ဓာတ်မျိုးဖြစ်ကြောင်း၊ သူတို့စိတ်ဓာတ်ကို နားလည်ရခက်တဲ့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ဖိအားပေးဖို့ခက်ကြောင်း သုံးသပ်ပါတယ်။ 

    Ref: Aljazeera

  • ခရိုနီနှင့် ဘုန်းကြီးများပါ၀င်သည့် စစ်တပ်၏ ကွန်ယက်တစ်ခုလုံးကို အရေးယူရန် ပညာရှင်များ တိုက်တွန်း

    ခရိုနီနှင့် ဘုန်းကြီးများပါ၀င်သည့် စစ်တပ်၏ ကွန်ယက်တစ်ခုလုံးကို အရေးယူရန် ပညာရှင်များ တိုက်တွန်း

    မတ် ၂၅၊ ၂၀၂၂

    M-Media 


    -မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို တားဆီးရေးနဲ့ အာဏာသိမ်းမှု နောက်ပြန်လှည့်ရေး ကြိုးပမ်းရာမှာ ခရိုနီတွေ၊ ထင်ရှားတဲ့ဘုန်းကြီးတွေ ပါ၀င်တဲ့ စစ်တပ်ရဲ့ ကွန်ယက်တစ်ခုလုံးကို ပိတ်ဆို့အရေးယူဖို့ လိုအပ်တယ်လို့ ပညာရှင်တွေက တိုက်တွန်းဆော်သြလာပါတယ်။ 

    ၂၀၂၁ ခုနှစ်ဖေဖော်၀ါရီ ၁ ရက်နေ့ အာဏာသိမ်းမှုနဲ့ အဲဒီနောက်ပိုင်း ပြည်သူတွေအပေါ် ကျူးလွန်မှုတွေအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန််မာစစ်ခေါင်းဆောင်တွေ၊ သူတို့ပိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ထပ်တိုးအရေးယူမှုတွေ လုပ်ဆောင်လာပါတယ်။ 

    အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ ဖိနှိပ်မှုတွေဟာ စနစ်တကျ စီစဥ် ကျူးလွန်မှုမျိုး ဖြစ်တယ်ဆိုတာ တွေ့ရပြီး စစ်ရာဇ၀တ်မှု မြောက်နိုင်တယ်လို့ ကုလအဖွဲ့အစည်းတွေရဲ့ လတ်တလော အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။ 

    အမေရိကန်အစိုးရကလည်း ၂၀၁၇၊ ၂၀၁၈ က ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ ကျူးလွန်မှုဟာ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်တယ်ဆိုတာ တွေ့ရကြောင်း လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ပြီးတဲ့နောက် အခုတစ်ပတ်မှာ သတ်မှတ်ခဲ့ပါတယ်။ ဒါဟာ မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူနိုင်ရေး နိုင်ငံတကာအသိုင်း၀ိုင်းရဲ့ ကြိုးပမ်းမှုကို ပိုမိုအားကောင်းစေမှာပါ။ 

    ပညာရှင်တွေကတော့ မြန်မာစစ်ခေါင်းဆောင်တွေကို အမှန်တကယ် ဖိအားပေးနိုင်ဖို့ဆိုရင် သူတို့ ၀င်ငွေအကြီးအကျယ်ရနေတဲ့ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့မှုတွေ ထပ်တိုးလုပ်ဖို့၊ နိုင်ငံခြားငွေကြေး လွှဲပြောင်းယူတဲ့ ဘဏ်တွေ၊ ဘဏ္ဍာရေး အဖွဲ့အစည်းတွေကို ပိတ်ဆို့အရေးမှုတွေ ထပ်လုပ်ဖို့ လိုအပ်တယ်လို့ ထောက်ပြပါတယ်။ 

    “မြန်မာနိုင်ငံကနေ ပြင်ပကို ငွေသွင်းငွေထုတ် လုပ်ပေးနေတဲ့ ဘဏ်တွေရဲ့ ငွေကြေးစီးဆင်းမှုကို သေသေချာချာ ဆန်းစစ်ဖို့ လိုပါတယ်။ အထူးသဖြင့် အရှေ့တောင်အာရှမှာ ရှိနေတဲ့ နိုင်ငံတကာဘဏ်တွေပါ” လို့ သြစတေးလျ Curtin တက္ကသိုလ်က တွဲဖက်ပါမောက္ခ ဒေါ်ထွေးထွေးသိန်းက ပြောပါတယ်။ 

    စစ်ကောင်စီရဲ့ လေတပ်ဟာ လေကြောင်းကနေ တိုက်ခိုက်မှု ပိုမို လုပ်ဆောင်လာတဲ့အတွက်ကြောင့် လေယာဥ်ဆီတင်သွင်းတဲ့လုပ်ငန်းကို အရေးယူပိတ်ဆို့မှုတွေ လုပ်ဖို့ တိုက်တွန်းမှုတွေ လတ်တလောမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပါတယ်။ 

    “လေယာဥ်ဆီ မြန်မာကိုရောင်းတဲ့ကိစ္စမှာ ပါ၀င်နေတဲ့ စွမ်းအင်ကုမ္ပဏီတွေ၊ ဆိပ်ကမ်းတွေကို ဖိအားတွေ ထပ်ပေးရပါမယ်။ ဒါမှ သူတို့ လေယာဥ်ဆီရောင်းတာတွေ၊ ပေးပို့နေတာတွေ ရပ်သွားမှာပါ”

    ဒိန်းမတ်နိုင်ငံ Aarhus တက္ကသိုလ်က တွဲဖက်ပါမောက္ခခ မီခေးလ် ဂရာဗာက စစ်ခေါင်းဆောင်တွေကို အရေးယူမှုအပြင် ခရိုနီတွေ၊ ထင်ရှားတဲ့ ဘုန်းကြီးတွေပါ၀င်တဲ့ မြန်မာစစ်တပ်ရဲ့ ကွန်ယက်တစ်ခုလုံးကို ပိတ်ဆို့အရေးယူမှုလုပ်ဖို့ လိုအပ်တယ်လို့ ထောက်ပြပါတယ်။ 

    “(ဒီကွန်ယက်ကြီးဟာ) ကော်ပိုရေးရှင်းတစ်ခုလို လည်ပတ်နေတာပါ။ သစ္စာရှိရင် ဆုပေး၊ သစ္စာဖောက်ရင် ပြင်းပြင်းထန်ထန် ဒဏ်ပေးတဲ့ စနစ်မျိုးပေါ့။ ခရိုနီတွေက ဘီလာရုစ်၊ ရုရှားလို နိုင်ငံမျိုးက လက်နက်တွေ၊ လောင်စာတွေ ဖန်တီးပေးတယ်။ ဘုန်းကြီးတွေက စစ်တပ်ရဲ့ ကြမ်းကြမ်းတမ်းတမ်းအုပ်စိုးမှုကို အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်မှုအဖြစ် သိဒ္ဒိတင်ပေးပါတယ်”

    စစ်တပ်နဲ့နှစ်ကိုယ့်တစ်စိတ်ဖြစ်တဲ့ သီတဂူဆရာတော်လို ဘုန်းကြီးမျိုးကို နိုင်ငံခြားသွားခွင့် တားမြစ်တာတွေ လုပ်ဆောင်သင့်တယ်လို့လည်း ဂရာဗာက အကြံပြုပါတယ်။ 

    အာဏာသိမ်းမှုနောက်ပိုင်း စစ်ခေါင်းဆောင်တွေဟာ နိုင်ငံအတွင်းက ထင်ရှားတဲ့ဘုန်းကြီးတွေကို ခပ်စိပ်စိပ်သွားတွေ့ပြီး၊ ဗုဒ္ဓဘာသာကို ကာကွယ်သူအဖြစ် စစ်တပ်ရဲ့ ပုံဖော်မှုဟာ ၄ ဆအထိ တိုးလာတယ်လို့ United States Institute of Peace အဖွဲ့ရဲ့ ဒီဇင်ဘာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

    သီတဂူဆရာတော်ဟာ ကုလသမဂ္ဂက လူမျိုးတုန်းသတ်ဖြတ်မှု မြောက်နိုင်တယ်လို့ သတ်မှတ်ထားတဲ့ စစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုကို ‘ဗုဒ္ဓဘာသာမဟုတ်သူတွေဟာ လူမဟုတ်တဲ့အတွက် သတ်ဖြတ်မှုက အကုသိုလ်မဖြစ်ဘူး’ ဆိုပြီး ပေါ်ပေါ်ထင်ထင် ကာကွယ်ထောက်ခံပေးထားသူပါ။ 

    အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ ဒုတိယခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစိုး၀င်း ရုရှားနိုင်ငံကို သွားရောက်တဲ့ ခရီးစဥ်မှာလည်း သီတဂူဆရာတော်က လိုက်ပါသွားခဲ့ပါတယ်။ 

    မကြာသေးခင်က ဟောကြားတဲ့ တရားတစ်ခုမှာ သီတဂူဆရာတော်က အာဏာသိမ်းစစ်ခေါင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပညာနဲ့ပြည့်စုံတဲ့မင်း ဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref: The South China Morning Post

  • မြန်မာခရီးစဥ်အကြောင်း အာဆီယံအထူးကိုယ်စားလှယ် ဘာပြောလဲ

    မြန်မာခရီးစဥ်အကြောင်း အာဆီယံအထူးကိုယ်စားလှယ် ဘာပြောလဲ

    မတ် ၂၃၊ ၂၀၂၂

    M-Media


    -ပြီးခဲ့တဲ့တစ်ပတ် မြန်မာခရီးစဥ်မှာ တိုးတက်မှုအနည်းငယ် ရရှိပြီး ၀ေဖန်မှုတွေကို နားလည်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ပရက်ဆိုခွန်က ပြောကြားလိုက်ပါတယ်။ အတိုက်အခံတွေကို သူက ၀ေဖန်ခဲ့ပါတယ်။ 

    အာဆီယံ သဘောတူညီချက် ၅ ချက်ပါ တွေ့ဆုံဆွေးနွေးရေးအတွက် ကမ္ဘောဒီးယားနိုင်ငံခြားရေး၀န်ကြီးလည်းဖြစ်တဲ့ ပရက်ဆိုခွန်ဟာ မတ်လ ၂၁ ရက်နေ့က ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။ 

    ခရီးစဥ်အတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၊ အာဆီယံနိုင်ငံက သံအမတ်တွေ၊ ပြည်သူ့ပါတီက ဦးကိုကိုကြီး စသဖြင့် တွေ့ဆုံခဲ့ပါတယ်။ NLD က သမ္မတဟောင်း ဦးထင်ကျော်ရဲ့ဇနီး ဒေါ်စုစုလွင်နဲ့ တွေ့ဆုံဖို့ စစ်ကောင်စီက စီစဥ်ပေးခဲ့ပေမယ့် မတွေ့ဖြစ်ပါဘူး။ 

    သက်ဆိုင်သူတစ်ချို့နဲ့ စစ်ကောင်စီက တွေ့ခွင့်ပေးတဲ့အတွက် အားတက်ရတယ်လို့ ပရက်ဆိုခွန်က ခရီးစဥ်နဲ့ပတ်သက်ပြီး ဒီနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အပစ်ရပ်ရေးနဲ့ အကြမ်းဖက်မှု ရပ်တန့်ရေး လတ်တလော မဖြစ်နိုင်သေးဘူးလို့ သူက ဆိုပါတယ်။ 

    အာဏာသိမ်းစစ်ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်ဟာ တရားစွဲဆိုခံထားရတဲ့အတွက် ဥပဒေကြောင်းအရ တွေ့ခွင့်မပေးနိုင်တဲ့အကြောင်း ရှင်းပြခဲ့ပြီး၊ နောက်ပိုင်းမှာ တွေ့ခွင့်ရအောင် စီစဥ်ဖို့ စဥ်းစားပေးမယ်လို့ ပြောခဲ့ကြောင်း ပရက်ဆိုခွန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    အပြစ်တင်

    လက်နက်ကိုင်တော်လှန်ရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေကို ပရက်ဆိုခွန်က ပြစ်တင်ပြောဆိုခဲ့ပါတယ်။ 

    စစ်ခေါင်းဆောင်ဟာ အလင်းရောင်၀င်လာဖို့အတွက် ပြတင်းပေါက် ဖွင့်ပေးလိုက်ပြီး အဲဒီကနေတစ်ဆင့် သက်ဆိုင်သူတွေအားလုံးပါ၀င်တဲ့ မျိုးသားရင်ကြားစေ့ရေး လမ်းကြောင်းပေါ်လာမယ်လို့ ဆိုပါတယ်။ 

    အတိုက်အခံဖက်ကတော့ တွေ့ဆုံညှိနှိုင်းဖို့ မလိုလားဘဲ ဆက်လက်တိုက်ခိုက်နေတယ်လို့ ပရက်ဆိုခွန်က ပြစ်တင်ပြောဆိုခဲ့ပါတယ်။ 

    လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေဟာ မြန်မာနိုင်ငံမှာ ပုံနေပြီး တိုက်ခိုက်မှုတွေဖြစ်နေတာကြောင့် မ၀ေနိုင်သေးကြောင်း၊ ဒါတွေကို ခွဲ၀ေပေးရေး ဧပြီ ဒါမှမဟုတ် မေလမှာ သက်ဆိုင်သူအားလုံးပါ၀င်တဲ့ ညီလာခံတစ်ခု ကျင်းပသွားမှာဖြစ်ကြောင်း အာဆီယံ အထူးကိုယ်စားလှယ်က ပြောပါတယ်။ 

    ပရက်ဆိုခွန်ရဲ့ ဒီခရီးစဥ်ဟာ အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုသလို ဖြစ်လိမ့်မယ်ဆိုတဲ့ ၀ေဖန်မှုတွေ ရှိနေပြီး သူက ဒီ၀ေဖန်မှုတွေကို နားလည်ကြောင်း၊ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့အတွက် ကမ္ဘောဒီးယားက ကြိုးပမ်းပေးတာဖြစ်ကြောင်း တုန့်ပြန်ပြောဆိုခဲ့ပါတယ်။ 

    Ref: The Diplomat 

  • ရုရှား-ယူကရိန်းစစ်ပွဲကြောင့် မြန်မာစစ်တပ် လက်နက်ရရှိမှု နည်းသွားနိုင်

    ရုရှား-ယူကရိန်းစစ်ပွဲကြောင့် မြန်မာစစ်တပ် လက်နက်ရရှိမှု နည်းသွားနိုင်

    မတ် ၂၃၊ ၂၀၂၂

    M-Media 


    -လက်ရှိ  ရုရှားနဲ့ ယူကရိန်းတို့အကြား ဖြစ်နေတဲ့ စစ်ပွဲကြောင့် မြန်မာစစ်တပ်ဟာ အနာဂတ်မှာ လက်နက်တွေကို ဖောဖောသီသီရနိုင်မယ့် အခွင့်အလမ်း နည်းလာပါတယ်။ 

    ရုရှားနဲ့ ယူကရိန်းတို့ဟာ မြန်မာစစ်တပ်ကို အဓိက လက်နက် ရောင်းချနေတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ အဲဒီကရတဲ့ လက်နက်၊ ခဲယမ်း၊ လက်နက်ကြီး၊ တိုက်ခိုက်ရေးရဟတ်ယာဥ် စတဲ့ လက်နက်မျိုးစုံကို တိုင်းရင်းသားတွေနဲ့ဖြစ်တဲ့ စစ်ပွဲတွေမှာ မြန်မာစစ်တပ်က အသုံးပြုခဲ့ပြီး ၂၀၂၁ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်၀ှမ်း ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအဖွဲ့တွေလည်း ဒီလက်နက်တွေနဲ့ပဲ ကြီးအကျယ် ချေမှုန်းခံနေရပါတယ်။ 

    ဒါပေမယ့် ဖေဖော်၀ါရီလနှောင်းပိုင်းက စတင်တဲ့ ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှုနောက်ပိုင်း နိုင်ငံတကာက ရုရှားအပေါ် တိုးမြှင့်လုပ်ဆောင်တဲ့ ပိတ်ဆို့မှုတွေ၊ မြန်မာစစ်တပ်ရဲ့ ဒီစစ်ပွဲအပေါ် ရပ်တည်ချက်တွေက ရေရှည်မှာ ဒီနှစ်နိုင်ငံစလုံးက လက်နက်ရရှိဖို့ သိပ်မလွယ်တော့တဲ့အနေအထား ဖြစ်လာပါတယ်။ 

    စစ်ပွဲမှာ ရုရှားက နိုင်ခဲ့မယ်ဆိုရင် ယူကရိန်းကို လက်နက်ဖြုတ်မှာကြောင့် ယူကရိန်းရဲ့ လက်နက်တင်ပို့ရောင်းချမှု လုံး၀ ရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။ 

    ရုရှားရဲ့ ကျူးကျော်မှုကို မြန်မာစစ်တပ်က လူသိရှင်ကြား ထောက်ခံပြောကြားထားတာကြောင့် ရုရှားရဲ့ စစ်ဆင်ရေး မအောင်မြင်ခဲ့ဘူးဆိုရင် ယူကရိန်းက နာမည်ကောင်းမရှိတဲ့ မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှာ မဟုတ်တော့ပါဘူး။ 

    စစ်ပွဲ ဘယ်လိုရလဒ်ထွက်ထွက် ယူကရိန်းဆီကနေ လက်နက် အရင်လို ဖောဖောသီသီရဖို့ မလွယ်တဲ့ မြန်မာစစ်တပ်ဟာ ရုရှားထံကနေလည်း လက်နက်ရဖို့ ပိုမိုခက်ခဲလာမှာပါ။ 

    ရုရှားရဲ့ အဓိကဘဏ်တွေကို အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူထားပြီး၊ SWIFT ငွေကြေးစနစ်ကနေလည်း ရုရှားကို ဖယ်ထုတ်ထားတာကြောင့် အရင်လို တိုက်ရိုက်ငွေပေးချေဖို့ မလွယ်ပါဘူး။ 

    မြန်မာစစ်တပ်ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း စစ်လက်နက် ၀ယ်ယူမှုမှာ အိမ်နီးချင်း တရုတ်ထက် ရုရှားကို ပိုမိုအားထားလာပါတယ်။ အဆင့်မြင့်တိုက်လေယာဥ်တွေ၊ တိုက်ပွဲ၀င် ရဟတ်ယာဥ်တွေ၊ လက်နက်တပ်ယာဥ်တွေ စသဖြင့် ဗျူဟာမြောက် လက်နက်တွေကို ၀ယ်ခဲ့ပါတယ်။ 

    ၁၉၉၀ ပြည့်နှစ်တွေကစပြီး ရုရှားက စစ်တက္ကသိုလ်တွေမှာ သွားရောက်ပညာသင်ကြားခဲ့တဲ့၊ သင်ကြားနေတဲ့ မြန်မာစစ်တပ်က တပ်ဖွဲ့၀င် ၇၀၀၀ ကျော်လောက် ရှိပါတယ်။ 

    ရုရှားဟာ ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုကို လူသိရှင်ကြား ထောက်ခံအားပေးခဲ့တဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ 

    မြန်မာစစ်တပ်နဲ့ ယူကရိန်းတို့ရဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုဟာ ရုရှားလောက်မကြီးမားပေမယ့် တင့်ကားလို၊ ဟောင်၀စ်ဇာ အမြောက်လို အရေးပါတဲ့ လက်နက်တွေ၀ယ်ယူမှု အများအပြား ရှိပါတယ်။  

    ယူကရိန်းနိုင်ငံပိုင် လက်နက်ထုတ်လုပ်ရေး လုပ်ငန်းကြီးနှစ်ခုဖြစ်တဲ့ Ukroboronprom၊ Ukrspecexport နဲ့ မြန်မာစစ်တပ်တို့ ပူးပေါင်းကာ ရန်ကုန်မှာ လက်နက်စက်ရုံ တည်ထောင်ဖို့အထိ စီစဥ်ခဲ့ကြပါတယ်။ 

    အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီက ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ အကြီးအကျယ် ကျူးလွန်နေတဲ့ အချိန်မှာလည်း ယူကရိန်းက မြန်မာစစ်တပ်ကို လက်နက်တွေ ဆက်လက်ရောင်းချနေခဲ့ပါတယ်။ 

    ဒါပေမယ့် ရုရှားရဲ့ကျူးကျော်မှုကို ထောက်ခံတဲ့ မြန်မာစစ်တပ်က ယူကရိန်းက အရင်လို ပြန်ဆက်ဆံမှာလားဆိုတာ သိပ်မသေချာပါဘူး။ 

    ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုဟာ မြန်မာစစ်တပ် လက်နက်ရရှိမယ့် လမ်းကြောင်းတစ်ချို့ကို အကြီးအကျယ် ထိခိုက်သွားစေပါတယ်။ 

    နိုင်ငံကတာအသိုင်းအ၀ိုင်းက ရုရှားကို နိုင်ငံတကာ စီးပွားရေးစျေးကွက်၊ ငွေကြေးစျေးကွက်ကနေ ဖယ်ထုတ်လိုက်တာကြောင့် မြန်မာစစ်တပ်အနေနဲ့ ပြည်တွင်းစစ်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့ Hind Mi-35 တိုက်ပွဲ၀င်ရဟတ်ယာဥ်အပါအ၀င် ရုရှားလုပ် လက်နက်တွေအတွက် အပိုပစ္စည်း၀ယ်ယူဖို့၊ ရုရှားလုပ် လက်နက်ခဲယမ်း၀ယ်ယူဖို့၊ တပ်ဖွဲ့၀င်တွေကို ရုရှားမှာ ပညာသင်လွှတ်ဖို့ အရင်ကထက် ပိုမိုခက်ခဲပြီး အခြားလမ်းကြောင်းတစ်ခု ရှာဖွေရတော့မှာ ဖြစ်ပါတယ်။ 

    Ref: Asia Times (Russia’s war means fewer arms for Myanmar)

  • ရိုဟင်ဂျာများ ကျူးလွန်ခံရမှုကို လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် ကန်သတ်မှတ်

    ရိုဟင်ဂျာများ ကျူးလွန်ခံရမှုကို လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် ကန်သတ်မှတ်

    မတ် ၂၁၊ ၂၀၂၂

    M-Media 

    -မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးစုအပေါ် ကျူးလွန်မှုတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) မြောက်တယ်လို့ အမေရိကန်အစိုးရက တနင်္ဂနွေနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ 

    ဒီဆုံးဖြတ်ချက်ကို တနင်္လာနေ့ ၀ါရှင်တန်က Holocaust Memorial Museum မှာလုပ်မယ့် အခမ်းအနားမှာ နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်က ကြေငြာမှာပါ။ 

    ဒါဟာ အာဏာသိမ်းပြီး လက်ရှိ တိုင်းပြည်ကို အုပ်စိုးနေတဲ့ စစ်ခေါင်းဆောင်တွေကို အရေးယူနိုင်ရေး ကြိုးပမ်းမှုကို ပိုမိုအားကောင်းစေလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။  

    ရိုဟင်ဂျာတွေဟာ ၁၉၈၀ ပြည့်နှစ်တွေကတည်းက မြန်မာစစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မောင်းထုတ်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေကို ကမ္ဘာကြီးက ပိုမိုအာရုံစိုက်လာပါတယ်။ 

    စစ်တပ်က နယ်မြေရှင်းလင်းရေးလို့ ခေါင်းစဥ်တပ်ထားတဲ့ အဲ့ဒီစစ်ဆင်ရေးအတွင်း ရိုဟင်ဂျာအများအပြား အစုလိုက်အပြုံလိုက် အသတ်ခံရတာ၊ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရတာတွေ ရှိခဲ့ပြီး ၇ သိန်းကျော်လောက် ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးခဲ့ရပါတယ်။ 

    အဲဒီအချိန်က အမေရိကန်အာဏာပိုင်တွေနဲ့ လွတ်လပ်တဲ့ ဥပဒေရေးရာအဖွဲ့တွေက ဒီရက်စက်ကြမ်းကြုတ်မှု အထောက်အထားတွေကို စုဆောင်း သုံးသပ်ခဲ့ပေမယ့် ဂျီနိုဆိုက်မြောက်တယ်လို့ ဆုံးဖြတ်ခဲ့တာမျိုး မရှိပါဘူး။

    ရိုင်ဂျာကိစ္စကို ပြန်လည်သုံးသပ်မယ်လို့ ကတိပြုခဲ့တဲ့ ဂျိုးဘိုင်ဒန်ဟာ အာဏာရပြီး ၁၄ လအကြာမှာ လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ 

    နိုင်ငံခြားရေး၀န်ကြီး ဘလင်ကန် ဦးဆောင်တဲ့အဖွဲ့ဟာ အချက်အလက်ပိုင်းဆိုင်ရာ၊ ဥပဒေပိုင်းဆိုင်ရာ လေ့လာမှုတွေ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းလိုတဲ့ ရည်ရွယ်ချက်နဲ့ ကျူးလွန်မှုတွေ လုပ်ဆောင်တယ်ဆိုတာ ထင်ရှားတယ်လို့ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

    ဒီလိုသတ်မှတ်လိုက်တာကြောင့် မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူနိုင်ငံရေး နိုင်ငံတကာက ပိုမို ဖိအားပေးလာနိုင်လိမ့်မယ်လို့ အမေရိကန်အစိုးရက ယုံကြည်နေပါတယ်။ 

    “ဒီလိုသတ်မှတ်လိုက်တာကြောင့် နောက်ထပ်ကျူးလွန်မှုတွေ လုပ်ဖို့ အဟန့်အတား ဖြစ်သွားပါလိမ့်မယ်” 

    ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုဟာ လူမျိုးတုန်းသတ်ဖြတ်မှုမြောက်ကြောင်း ၂၀၁၈ ခုနှစ်မှာ သတ်မှတ်ခဲ့ပါတယ်။ 

    Ref: Reuters