News @ M-Media

Tag: Myanmar Military

  • ဒုက္ခရောက်နေသည့် မြန်မာပြည်သူများကို ကူညီရန် လူ့အခွင့်အရေးအဖွဲ့က ကမ္ဘာကို တိုက်တွန်း

    ဒုက္ခရောက်နေသည့် မြန်မာပြည်သူများကို ကူညီရန် လူ့အခွင့်အရေးအဖွဲ့က ကမ္ဘာကို တိုက်တွန်း

    ဇူလိုင် ၂၁၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ပြန့်နှံ့မှုကို ထိန်းချုပ်ဖို့နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့အတွက် ကုလအဖွဲ့ဝင်နိုင်ငံတွေက အရေးပေါ်မဟာမိတ်အဖွဲ့ ဖွဲ့စည်းပြီး ချက်ခြင်း ကူညီပေးသင့်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights က တိုက်တွန်းပြောကြားလိုက်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း တက်လာတဲ့ စစ်ကောင်စီဟာ ဆန္ဒပြသူတွေကို အကြမ်းဖက်သတ်ဖြတ်တာ၊ CDM လုပ်တဲ့ ဝန်းထမ်းတွေကို ဖမ်းဆီးနှိပ်စက်တာတွေ လုပ်နေတဲ့အချိန် ကိုဗစ် တတိယလှိုင်း ဖြစ်လာတာကို မြန်မာပြည်သူတွေ ကြုံတွေ့နေရတာပါ။

    နိုင်ငံတစ်ဝှမ်း ဆေးရုံဆေးပေးခန်း မလုံလောက်မှုတွေ၊ ဆေးဝါး၊ အောက်ဆီဂျင် မလုံလောက်မှုတွေ ကြုံတွေ့နေရပြီး ကူးစက်မှု၊ သေဆုံးမှု အရေအတွက်ကလည်း မြင့်တက်လာပါတယ်။

    Fortify Rights က အလှုရှင်နိုင်ငံတွေ၊ အကူအညီပေးရေးအဖွဲ့တွေဟာ စစ်ကောင်စီကို အသိအမှတ်ပြုတာမျိုး မဟုတ်ဘဲနဲ့ တစ်ဖက်က မြန်မာပြည်သူတွေကို အကူအညီတွေ ပေးအပ်သင့်တယ်လို့ ပြောပါတယ်။

    “ကိုဗစ်ကြောင့် နိုင်ငံတစ်ဝှမ်း ဘယ်လောက်သေနေလဲဆိုတာ မသိရဘူး။ ဒေသတွင်းနဲ့ ဒေသပြင်ပကိုပါ ဆိုးရွားတဲ့ခြိမ်းခြောက်မှုဖြစ်လာတဲ့ ဒီပြဿနာအတွက် စစ်ကောင်စီမှာ တာဝန်ရှိပါတယ်။ နောက်ထပ်လူတွေ ထပ်မသေခင်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရာထူးကဆင်းပြီး အရပ်သားအစိုးရလက်ထဲ တိုင်းပြည်ကို ပြန်ထည့်ဖို လိုပါတယ်” လို့ Fortify Rights အဖွဲ့ရဲ့ စီအီးအို မက်သယူးစမစ်က ပြောပါတယ်။

    စစ်ကောင်စီတပ်တွေက အောက်ဆီဂျင်တွေ လုယူဖျက်ဆီးတယ်ဆိုတဲ့ အထောက်အထားတွေ မိမိတို့မှာ ရှိနေတယ်လို့လည်း Fortify Rights က ပြောပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်းဆေးဖက်ဆိုင်ရာ အဆောက်အဦးတွေ၊ လူနာတွေ၊ လူနာတင်ယာဉ်၊ ကျန်းမာရေးဝန်ထမ်း၊ ဆေးဝါးပစ္စည်းတွေအပါအဝင် စစ်ကောင်စီတပ်တွေက ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် တိုက်ခိုက်ဖျက်ဆီးမှု ၂၆၀ ကျော် ရှိတယ်လို့ WHO က ထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီတပ်တွေရဲ့ လက်ချက်ကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်း သေဆုံးသူ ၉၀၀ ကျော် ရှိပြီး ဖမ်းဆီးခံရသူ အရေအတွက်ကတော့ ၅ ထောင်ကျော် ရှိနေပါတယ်။

    Ref: Fortify Rights

  • စစ်ကောင်စီ၏ ဒုက္ခပေးမှုကြောင့် မြေအောက်ရောက်သွားသည့် ကိုဗစ်ပရဟိတသမားများ

    စစ်ကောင်စီ၏ ဒုက္ခပေးမှုကြောင့် မြေအောက်ရောက်သွားသည့် ကိုဗစ်ပရဟိတသမားများ

    ဇူလိုင် ၂၀၊ ၂၀၂၁
    M-Media

    -ဒုတိယမြို့တော် မန္တလေးက ကိုဗစ်ဖြစ်နေသူတွေရဲ့အိမ်ကနေ အောက်ဆီဂျင်အိုးတွေ ပြန်သိမ်းဖို့အတွက် အသက် ၂၁ နှစ်အရွယ်ကျောင်းသား ဖိုးသားတစ်ယောက် အရုဏ်တက်ကတည်းက အိမ်ကထွက်ပြီး ကူညီပေးနေတာ တစ်ပတ်လောက် ရှိနေပါပြီ။

    သူနဲ့ သူရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ ပရဟိတစင်တာတွေမှာ လိုင်းစီပြီး အောက်ဆီဂျင်ဖြည့်တာ၊ ပြန်ပို့တာတွေ စေတနာ့ဝန်ထမ်း လုပ်ပေးနေကြတာပါ။ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးစနစ် ပြိုလဲသွားပြီး၊ လတ်တလော ကိုဗစ်ကူးစက်မှု မြင့်တက်လာတာကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ လူ့အသက်တွေကို ကယ်တင်ဖို့ သူတို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

    ဆိုရှယ်မီဒီယာက အလှူရှင်တွေရဲ့ ငွေကြေးထောက်ပံ့ ကူညီမှုနဲ့ အောက်ခြေလူထုမှာ ကိုဗစ်ကပ်ရောကို ကိုယ်ထူကိုယ်ထ တုန့်ပြန်တိုက်ဖျက်မှု မြင့်တက်လာပြီး အဲဒီအထဲမှာ ဖိုးသားနဲ့ သူ့ရဲ့အဖွဲ့လည်း ပါဝင်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၁၀ စုနှစ်တွေအတွင်း စစ်အာဏာရှင်လက်အောက်မှာ ကြုံတွေ့ခဲ့ရတဲ့ ကပ်ဘေးတွေကို ပြည်သူတွေ ကိုယ်ထူကိုယ် ရင်ဆိုင်ဖြတ်ကျော်ခဲ့ရတဲ့ အခြေအနေကို ပြန်လည်ထင်ဟပ်နေတာပဲ ဖြစ်ပါတယ်။

    “အောက်ဆီဂျင်လိုအပ်တဲ့သူအရေအတွက် တော်တော်ကိုများလာတာက ကျွန်တော်တို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုပါ” လို့ ဖိုးသားက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

    စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းကတော့ ဇူလိုင်လ ၁၇ ရက်နေ့မှာ ကိုဗစ်ကြောင့်သေဆုံးသူ ၂၃၃ ဦးရှိခဲ့ပြီး၊ ၁၈ ရက်နေ့မှာ ၂၃၁ ဦး ရှိတယ်လို့ ဆိုပါတယ်။ ဆရာဝန်တွေနဲ့ နာရေးကူညီမှုအဖွဲ့တွေက အမှန်တကယ် သေဆုံးသူဟာ ဒီအရေအတွက်ထက် ပိုမိုများပြားပြီး သုဿန်တွေမှာ အလောင်းတွေ ပုံနေတယ်လို့ ပြောပါတယ်။

    မြန်မာနိုင်ငံမှာ ပုံပြောင်းကိုဗစ် Delta ဗိုင်းရပ်စ် ပြန့်နှံ့နေတဲ့အချိန် အခုလအတွင်း သေဆုံးသူအရေအတွက်ဟာ ၄၀ ရာခိုင်နှုန်း ကျော်လာပြီး ၄၇၆၉ ဦး ရှိနေပါတယ်။ Delta ဗိုင်းရပ်စ်ဟာ အရှေ့တောင်အာရှက အခြားနိုင်ငံတွေမှာလည်း ပြန့်နှံ့ကူးစက်နေပါတယ်။

    အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်အ​ခြေအနေမှာ တစ်နိုင်ငံလုံး ပူးပေါင်းဆောင်ရွက်ဖို့ တနင်္ဂနွေနေ့ နိုင်ငံပိုင်ရုပ်သံကမိန့်ခွန်းမှာ စေတနာ့ဝန်ထမ်းတွေကို မေတ္တာရပ်ခံခဲ့ပါတယ်။

    “ခြိမ်းခြောက်မှုတွေရှိတာကြောင့် တစ်ချို့လူတွေ စေတနာ့ဝန်ထမ်းတောင် မလုပ်ရဲကြပါဘူး။ အခြားအကြောင်းအရင်းတွေ၊ အခက်အခဲတွေကြောင့် ဝင်မလုပ်ချင်ကြသူတွေလည်း ရှိပါတယ်။ အရင်ကပြောခဲ့သလိုပဲ သူတို့ကို ကျွန်တော် ကြိုဆိုပါတယ်။ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါတယ်” လို့ စစ်ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။

    စစ်ကောင်စီကျန်းမာရေးဝန်ကြီး ဦးသက်ခိုင်ဝင်းက အောက်ဆီဂျင် ပိုမိုထောက်ပံ့ပေးနိုင်ရေးအပါအဝင် ကိုဗစ်တိုက်ဖျက်ရေး အရှိန်အဟုန်မြင့်ဆောင်ရွက်ဖို့ စနေနေ့မှာ အစည်းအဝေး ကျင်းပခဲ့တယ်လို့ နိုင်ငံပိုင် Global New Light of Myanmar သတင်းစာမှာ ဖော်ပြထားပါတယ်။

    မလိုအပ်ဘဲ ဝယ်ယူသိုလှောင်နေကြတာကို တားဆီးဟန့်တားဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ပုဂ္ဂလိက အောက်ဆီဂျင်စက်ရုံတွေကို ပိတ်ပင်တာအပါအဝင် စစ်ကောင်စီက ကန့်သတ်မှုတွေလုပ်ဆောင်နေတာကြောင့် လူ့အသက်တွေ သေကြေပျက်ဆီးနေကြတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

    အရင်ကတည်းက ဒေသတွင်းမှာ အားအနည်းဆုံးဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ စစ်အာဏာသိမ်းပြီးနောက် ပေါ်လာတဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ကျန်းမာရေးဝန်ထမ်းတွေ ပါဝင်မှုကြောင့် ပိုမိုဆိုးရွားလာတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးမှု၊ စမ်းသပ်စစ်ဆေးမှုနဲ့ ကာကွယ်တားဆီးရေးလုပ်ငန်းတွေအားလုံးလည်း ရပ်ဆိုင်းသွားခဲ့ပါတယ်။

    မကြာသေးခင်က ဆိုရှယ်မီဒီယာကနေတစ်ဆင့် အကူအညီပေးနေပြီး နောက်ပိုင်း မြေအောက်ရောက်သွားတဲ့ ဆရာဝန်တစ်ဦးက အကူအညီတောင်းခံမှု ရာနဲ့ချီ ရခဲ့တယ်လို့ ပြောပါတယ်။ အိမ်တစ်အိမ်ကို ဖုန်းခေါ်ဆိုတဲ့အခါ အိမ်သားအားလုံးနီးပါး ကိုဗစ်လက္ခဏာရှိနေပြီး အများစုက အောက်ဆီဂျင်ကျနေတာကို တွေ့ရတယ်လို့ ပြောပါတယ်။

    “အခြေအနေက တော်တော်ဆိုးပါတယ်။ ဆေးရုံက သူတို့အတွက် ဘာမှမလုပ်ပေးနိုင်ပါဘူး။ လူနာတွေ အကူအညီမဲ့နေတာကို ကျွန်တော် ထိုင်ပြီး ကြည့်မနေနိုင်တော့ပါဘူး” လို့ ပန်းချီဆိုတဲ့အမည်နဲ့ ကူညီပေးနေတဲ့ ဆရာဝန်က ပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက် အရင်ကိုဗစ်လှိုင်းနှစ်ခုတုန်းက အခြေအနေကို တော်တော်လေးထိန်းချုပ်နိုင်ခဲ့ပေမယ့် အခုတော့ အဲဒီလိုမဟုတ်တော့ဘူးလို့ သူက ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် ဖြုတ်ချခံလိုက်ရပြီး ပုဒ်မအများအပြားနဲ့ တရားစွဲဆို ခံထားရတာပါ။

    ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာ စေတနာ့ဝန်ထမ်းတွေရဲ့ အကူအညီတွေ ရခဲ့ပြီး ကွာရန်တင်းစင်တာတွေ၊ ကိုဗစ်စစ်ဆေးမှုစင်တာတွေမှာ ကူညီပေးခဲ့ကြသလို အစိုးရဆေးရုံတွေက ဝန်ထုပ်ဝန်ပိုးတွေကို ကူညီဖြေရှင်းပေးခဲ့ကြပါတယ်။

    ပြီးခဲ့တဲ့နှစ်ရွေးကောက်ပွဲမှာ NLD က မဲမသမာမှုလုပ်တယ်လို့ စွပ်စွဲအာဏာသိမ်း တက်လာကာ နေ့စဉ်နဲ့အမျှ ဆန္ဒပြမှုတွေ ရင်ဆိုင်နေရတဲ့ စစ်အာဏာရှင်အစိုးရလက်အောက်မှာတော့ စေတနာ့ဝန်ထမ်းတွေ ထွက်မလာတော့ပါဘူး။

    ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ စေတနာ့ဝန်ထမ်း အများစုဟာ အခုတစ်ခေါက် ပေါ်မလာတော့ဘူးလို့ ဖိုးသားက ပြောပါတယ်။

    အဲဒီအစား သူတို့လို အဖွဲ့အစည်းတွေဟာ ကိုယ်ထူကိုယ်ထ ကူညီပေးနေကြပြီး၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကာလ အစိုးရက ကူညီကယ်ဆယ်မှုတွေ မလုပ်ပေးတဲ့အတွက် ကိုယ်ထူကိုယ်ထ ရင်ဆိုင်ဖြေရှင်းခဲ့ရသလိုမျိုး အရင် စစ်အာဏာရှင်တွေလက်ထက် ဘေးအန္တရာယ်တွေ ကြုံတွေ့တဲ့အချိန် ပြည်သူအချင်းချင်း ဖေးမကူညီခဲ့ရတဲ့ ပုံစံအတိုင်းပါပဲ။

    ရန်ကုန်မြို့က သူငယ်ချင်းတွေဖွဲ့ထားတဲ့ အဖွဲ့တစ်ခုက အိမ်နီးချင်း ထိုင်းနိုင်ငံကနေ အောက်ဆီဂျင်အိုးတွေ တင်သွင်းဖို့ ကြိုးစားနေတယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    နိုင်ငံအနောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ခံတွေဟာ တရုတ်နိုင်ငံကနေ အောက်ဆီဂျင်စက် ဝယ်ယူတင်သွင်းဖို့အတွက် အလှုငွေကောက်ခံနေတာ ကန်ဒေါ်လာ ၃ သောင်းလောက် ရရှိနေပါပြီ။

    “အခု ကိုဗစ် တတိယလှိုင်းမှာ ကျွန်တော်တို့ ထိခိုက်ခံစားနေရပါတယ်။ နောက်ထပ် လှိုင်းဘယ်နှစ်ခု လာမလဲဆိုတာ ကျွန်တော်တို့ မသိပါဘူး။ ​ကျွန်တော်တို့မှာ အစိုးရ မရှိတော့သလိုမျိုး လုပ်ကိုင်ဆောင်ရွက်နေရတာပါ” လို့ အလှုငွေကောက်ခံသူတွေထဲက တစ်ဦးဖြစ်သူက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    စစ်ကောင်စီရဲ့ ဒုက္ခပေးမှု ခံရမှာကို စိုးရိမ်တဲ့အတွက် အမည်ကို သူက ဖွင့်ဟပြောဆိုခြင်း မရှိပါဘူး။

    Ref: Reuters

    (ရိုက်တာသတင်းဌာနတွင် ဖော်ပြထားသည့် ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • မြန်မာနိုင်ငံမှ ချက်ခြင်းထွက်ခွာရန် နိုင်ငံသားများကို စင်ကာပူ တိုက်တွန်း

    မြန်မာနိုင်ငံမှ ချက်ခြင်းထွက်ခွာရန် နိုင်ငံသားများကို စင်ကာပူ တိုက်တွန်း

    ဇူလိုင် ၁၆၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံမှာ လက်တလော ဖြစ်ပေါ်နေတဲ့ စိုးရိမ်စရာ အခြေအနေတွေကြောင့် နိုင်ငံသားတွေအနေနဲ့ အမြန်ဆုံးထွက်ခွာဖို့ စင်ကာပူသံရုံးက ဒီကနေ့မှာ ကြေငြာချက် ထုတ်ပြန်ပါတယ်။

    မတည်မငြိမ်ဖြစ်နေတာတွေ၊ ကိုဗစ်ကူးစက်မှုတွေကြောင့် ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ တတ်နိုင်သမျှမြန်မြန် မြန်မာနိုင်ငံကနေထွက်ခွာဖို့ စင်ကာပူနိုင်ငံသားတွေကို သံရုံးက တိုက်ထွန်းထားပါတယ်။

    “ကယ်ဆယ်ရေးလေယာဉ်တွေ ပုံမှန် ပျံသန်းနိုင်မလားဆိုတာနဲ့ ပြန်လိုသူတွေ သူတို့ပြန်ချင်တဲ့ရက်အတိုင်း အတိအကျ လွတ်လွတ်လပ်လပ် ပြန်နိုင်ပါ့မလားဆိုတာတွေကို သံရုံးက အာမခံချက် မပေးနိုင်ပါဘူး။ နောက်ပိုင်းရက်တွေမှာ ကယ်ဆယ်ရေးလေယာဉ်ကို ရက်သတ်မှတ်ချက် အတိအကျနဲ့ ပျံသန်းနိုင်ရေး စီစဉ်ပေးနိုင်မယ့်အခြေအနေလည်း သံရုံးမှာ မရှိပါဘူး”

    နိုင်ငံအရေးအခြေအနေ တည်ငြိမ်မှု မရှိတာကြောင့် တတ်နိုင်သမျှ နေအိမ်အတွင်းမှာပဲနေထိုင်ဖို့၊ ဆန္ဒပြသူတွေနဲ့ မှားနိုင်တဲ့နေရာမျိုးတွေမသွားဖို့၊ စစ်ကောင်စီကထုတ်ထာတဲ့ ကာဖျူးနဲ့ မာရှယ်လောအမိန့်တွေကို လိုက်နာဖို့၊ ပေါက်ကွဲမှုဖြစ်နိုင်တာကို သတိထားဖို့၊ စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ဆေးမေးမြန်းတဲ့အခါ ပူးပေါင်းဆောင်ရွက်ဖို့၊ ဧည့်သည်လာရင် ဧည့်စာရင်းတိုင်ဖို့၊ အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ စင်ကာပူနိုင်ငံသားတွေကို သံရုံးက ထည့်သွင်းတိုက်တွန်းထားပါတယ်။

    သံရုံးရဲ့ သတိပေးချက်တွေထဲမှာ ကိုဗစ်ကပ်ရောဂါ မြင့်တက်မှုအကြောင်းလည်း ပါဝင်ပြီး မြန်မာနိုင်ငံမှာ ပုံပြောင်းဗိုင်းရပ်စ်ကြောင့် ကူးစက်သေဆုံးမှုတွေ မြင့်တက်နေကာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်လည်း ယိုယွင်းလာတာကြောင့် နာတာရှည်ရောဂါ ရှိတဲ့သူတွေ တိုင်းပြည်နေ ချက်ခြင်းထွက်ခွာဖို့ တိုက်တွန်းထားပါတယ်။

    Ref: CNA

  • လော်ဘီခမရ၍ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးမှုကို ဂျူးလော်ဘီ ရပ်ဆိုင်း

    လော်ဘီခမရ၍ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးမှုကို ဂျူးလော်ဘီ ရပ်ဆိုင်း

    ဇူလိုင် ၁၅၊ ၂၀၂၁
    M-Media

    -စီးပွားရေးပိတ်ဆို့မှုကြောင့် လော်ဘီခမရတဲ့အတွက် စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးမှုကို ရပ်ဆိုင်းထားတယ်လို့ အစ္စရေးလော်ဘီ အရီ ဘင် မနာရှေက မနေ့မှာ ထုတ်ပြောပါတယ်။

    အနောက်နိုင်ငံတွေမှာ ပုံရိပ်ကောင်းအောင်လုပ်ပေးဖို့ မနာရှေပိုင်ဆိုင်တဲ့ ကနေဒါအခြေစိုက် Dickens & Madson လော်ဘီကုမ္ပဏီကို စစ်ကောင်စီက ဒေါ်လာ ၂ သန်းနဲ့ မတ်လမှာ ငှားခဲ့တာပါ။

    အနောက်နိုင်ငံက အစိုးရတွေကြားထဲ ဘင် မနာရှေ ဝါဒဖြန့်ပေးရမယ့် ကိစ္စတွေမှာ ​ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုဟာ မဲမသာမှုကြောင့် လုပ်ရတယ်၊ ကမ္ဘာက လူမျိုးတုန်းသတ်ဖြတ်မှုလို့ရှုမြင်တဲ့ ရိုဟင်ဂျာကိစ္စကို မိမိတို့လုပ်တာမဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်က လုပ်တာဖြစ်တယ် စတာတွေ ပါဝင်ပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း CNN သတင်းထောက်ချုပ် မြန်မာနိုင်ငံသွားနိုင်အောင်လည်း ဘင်မနာရှေက စီစဉ်ပေးခဲ့ပါတယ်။

    ဗုဒ္ဓဟူးနေ့က မီဒီယာနဲ့ အင်တာဗျူးမှာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေပေမယ့် ပိတ်ဆို့မှုတွေကြောင့် လော်ဘီခမရတဲ့အတွက် ဝါဒဖြန့်ပေးမှုကို ခေတ္တရပ်ဆိုင်းထားတယ်လို့ ဘင်မနာရှေက ပြောပါတယ်။

    ဒီအကြောင်းကို စစ်ခေါင်းဆောင်တွေထံ ပြီးခဲ့တဲ့လကတည်းက အသိပေးထားပြီး ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

    အနောက်နိုင်ငံတွေက ပိတ်ဆို့မှုတွေ ဖယ်ရှားပေးတာနဲ့ ဒေါ်လာ ၂ သန်းပေးဖို့ ဘင်မနာရှေနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ သ​ဘောတူထားတာပါ။

    ရိုဟင်ဂျာတွေနဲ့ အခြားတိုင်းရင်းသားလူမျိုးစုတွေအပေါ် စစ်တပ်က အကြမ်းဖက်သတ်ဖြတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စစ်ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူမှုတွေ ယခင်ကတည်းက ပြုလုပ်ထားပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုပြင်းထန်တဲ့ ပိတ်ဆို့မှုတွေ ထပ်မံပြုလုပ်ခဲ့ပါတယ်။

    Ref: The Star

  • ကိုဗစ်မြင့်တက်နေသော်လည်း စစ်ကောင်စီက ကျန်းမာရေးဝန်ထမ်းများအား ပစ်မှတ်ထား ဖိနှိပ်နေဆဲ

    ကိုဗစ်မြင့်တက်နေသော်လည်း စစ်ကောင်စီက ကျန်းမာရေးဝန်ထမ်းများအား ပစ်မှတ်ထား ဖိနှိပ်နေဆဲ

    ဇူလိုင် ၁၄၊ ၂၀၂၁
    M-Media

    ကလေးမြို့မှ ကိုဗစ်ကြောင့် သေဆုံးမှုမြင်ကွင်း

    -ကိုဗစ်ကပ်ရောဂါ ကူးစက်မှု ဆိုးရွားနေတဲ့အချိန် စစ်ကောင်စီတပ်တွေရဲ့ အကြမ်းပတမ်း ဖမ်းဆီးနှိပ်စက်မှုကြောင့် မြန်မာနိုင်ငံက ကျန်းမာရေးဝန်ထမ်းတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးပုန်းအောင်းနေရပါတယ်။

    မြန်မာပြည်သူတွေဟာ ပြီးခဲ့တဲ့ ၅ လလုံးလုံး ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် အားထုတ်ကြိုးပမ်းခဲ့ကြတာပါ။

    အခုအချိန်မှာတော့ ကိုဗစ်​ကူးစက်မှု၊ သေဆုံးမှု မြင့်တက်လာသလို၊ ကာကွယ်ရေးအတွက် လိုအပ်တဲ့ အောက်စီဂျင်တွေ၊ နှာခေါင်းစီးတွေလည်း လုံလုံလောက်လောက် မရတော့ပါဘူး။

    ကိုဗစ်ကူးစက်မှု မြင့်တက်လာပြီး တိုင်းပြည်က ပိုမိုမှောင်မိုက်လာတဲ့အချိန် အောင်ဆီဂျင်တွေ၊ နှာခေါင်းစည်းတွေရဖို့ တိုးကြိတ်ပြီး တန်းစီစောင့်ဆိုင်းနေရသူတွေရဲ့ ပုံရိပ်တွေကို စိတ်မချမ်းသာဖွယ်ရာ တွေ့မြင်လာရပါတယ်။

    တရားဝင်စာရင်းဇယားတွေအရ တနင်္လာနေ့တစ်ရက်တည်းမှာပဲ ကိုဗစ်ကူးစက်သူ ၅ ထောင်ကျော်ရှိခဲ့ပြီး သေဆုံးသူ ၈၀ လောက် ရှိခဲ့ပါတယ်။ စစ်ဆေးသူရဲ့ ၃ ပုံ ၁ ပုံကျော်လောက်မှာ ပိုးတွေ့ခဲ့တာပါ။

    ကိုဗစ်ကပ်ရောဂါ စတင်ကတည်းက မြန်မာနိုင်ငံမှာ ကူးစက်သူ ၂ သိန်းကျော်လာပြီး သေဆုံးသူက ၄၀၀၀ ကျော် ရှိလာပြီဖြစ်ပါယ်။

    CDM လို့ခေါ်တဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှာ စောစောပိုင်းကတည်းက ပါဝင်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ စစ်ကောင်စီရဲ့ ပစ်မှတ်ထား ဖမ်းဆီးနှိပ်စက်မှုကို ခံရတာကြောင့် ထွက်ပြေးပုန်းရှောင်နေရပါတယ်။

    မြို့ပြလမ်းတွေပေါ်မှာ ပစ်ခတ်တာ၊ ရိုက်နှက်၊ ဖမ်းဆီးနှိပ်စက်တာတွေလို ရဲတွေ၊ စစ်သားတွေက ကျန်းမာရေးဝန်ထမ်းတွေအပေါ် တိုက်ခိုက်မှုတွေကို စနစ်တကျ မှတ်တမ်းတင်ထားတာတွေလည်း ရှိနေပါတယ်။

    မြန်မာနိုင်ငံရဲ့ အကြီးဆုံးဆေးရုံတစ်ခုမှာ အရေးပေါ်ဆရာဝန်အဖြစ် အလုပ်လုပ်ခဲ့တဲ့ ဒေါက်တာ အဲလက်စ်က သူမဟာ အသက်ဘေးလွတ်အောင် မတ်လကတည်းက ထွက်​ပြေးခဲ့ရပြီး လုပ်ဖော်ကိုင်ဖက်တွေကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးနှိပ်စက်တဲ့သတင်းတွေ ကြားနေရတာကြောင့် အကြောက်တရားနဲ့ နေထိုင်နေရတယ်လို့ ပြောကြားခဲ့ပါတယ်။

    တိုင်းပြည်က ကျန်းမာရေးဝန်ထမ်းတွေ အလွန်လိုအပ်နေတဲ့အချိန် ဒါဇင်နဲ့ချီတဲ့ အခြားဆရာဝန်တွေနည်းတူ သူမလည်း ထွက်ပြေးပုန်းအောင်းနေရပါတယ်။

    “စစ်အာဏာသိမ်းပြီးကတည်းက ကျွန်မတို့ရဲ့ဘ၀တွေ၊ ပျော်ရွှင်မှုတွေ၊ အလုပ်အကိုင်တွေအားလုံး ဖျက်ဆီးခံခဲ့ရပါတယ်။ ပုန်းနေမှသာ အဆင်ပြေပြီး ပြန်ထွက်လာတာနဲ့ စစ်တပ်ရဲ့ ဖမ်းဆီးမှုကို ခံရမယ့်အန္တရာယ် ကြီးကြီးမားမား ရှိနေပါတယ်” လို့ သူမက ပြောပါတယ်။

    နိုင်ငံရေးအကျဉ်းသားများ ကူညီရေးအဖွဲ့က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့လက်ချက်ကြောင့် နိုင်ငံတစ်ဝှမ်း သေဆုံးသူအရေအတွက်ဟာ ၉၀၆ ဦးရှိလာပြီး ဖမ်းဆီးခံရသူက ၆၆၇၆ ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

    ဒေါက်တာ အဲလက်စ်က ဖမ်းဆီး သတ်ဖြတ်ခံရသူတွေထဲမှာ သူမရဲ့ သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။

    “စစ်အာဏာသိမ်းပြီးကတည်း ကျွန်မတို့ အလုပ်အကိုင်တွေ ဆုံးရှုံးတ​ယ်။ မိတစ်ကွဲ ဖတစ်ကွဲ၊ အိမ်နဲ့ဝေးရာ၊ အလုပ်နဲ့ဝေးရာမှာ ပုန်းရှောင်နေရတယ်။ အိမ်မပြန်နိုင်ဘူး၊ အလုပ်မသွားနိုင်ဘူး။ ပုံမှန်ဘ၀ကို ကျွန်မတို့ ပြန်မရတော့ပါဘူး”

    ဘေးလွတ်ရာကို ထွက်ပြေးနေရတဲ့ အဝေးရောက် ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက စစ်ကောင်စီဟာ အမှန်တကယ်ကူးစက်မှုအရေအတွက်ကို အလွန်အမင်းလျှော့ချ ဖော်ပြနေတယ်လို့ ပြောပါတယ်။

    “ကျန်းမာရေးစနစ် ဆိုးဆိုးရွားရွားကို ပြိုလဲနေပါပြီ”

    ဖေဖော်ဝါရီလ အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီဟာ အနည်းဆုံး ဆေးကျောင်းသား ၁၇ ဦးကို ပစ်သတ်ခဲ့ပြီး၊ ဖမ်းဆီးနှိပ်စက်ခံရတဲ့သူတွေ အများအပြားရှိတယ်လို့လည်း သူက ပြောပါတယ်။

    မြန်မာနိုင်ငံက ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်း တော်တော်များများဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေထံကနေ အသက်ဆက်ဖို့ အကူအညီတွေ ရယူနေရပါတယ်။

    “စစ်တပ်ဟာ ပြည်သူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သေနတ်ထောက်ခြိမ်းခြောက်နေတဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေ ဒီအခြေအနေအောက်မှာ အလုပ်လုပ်လို့ မရပါဘူး။ ဒါ့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ လုံး၀ကို ပြိုလဲသွားပါပြီ” လို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

    ဩစတေးလျအစိုးရအနေနဲ့ စစ်ကောင်စီအပေါ် ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ဖို့လည်း ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းခဲ့ပါတယ်။ ဩစတေးလျက ဒီလိုလုပ်ဖို့ ငြင်းဆန်ထားဆဲပါ။

    “မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံ ဖြစ်တော့မှာပါ။ မြန်မာနိုင်ငံကို ကယ်တင်ဖို့လိုတယ်။ ဒါမှမဟုတ်ရင် ကျရှုံးနိုင်ငံ ဖြစ်လာမယ်။ လူထောင်ချီသေလိမ့်မယ်။ ဩစတေးလျအစိုးရတင်မဟုတ်ဘဲ အခြားနိုင်ငံတွေကလည်း ချက်ခြင်း အရေးယူဆောင်ရွက်ဖို့ လိုအပ်ပါတယ်”

    ဩစတေးလျ နိုင်ငံခြားရေးဝန်ကြီး မာရီစ် ပေနီက စစ်ကောင်စီအပေါ် ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်သွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    Ref: SBS

    (ဆရာဝန်အမည်မှာ အမည်လွှဲဖြစ်ပါသည်)