News @ M-Media

Tag: Myanmar Military

  • ရုရှားက စစ်ကောင်စီတပ်ထံ လေယာဉ်များပေးပို့

    ရုရှားက စစ်ကောင်စီတပ်ထံ လေယာဉ်များပေးပို့

    ဇူလိုင် ၂၇၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ကောင်စီက ဝယ်ယူထားတဲ့ တိုက်ခိုက်ရေး ဂျက်လေယာဉ် Sukhoi Su-30SME နဲ့ စစ်ဖက် လေ့ကျင့်ရေးလေယာဉ်တွေကို ပထမအသုတ် ပေးပို့လိုက်တယ်လို့ ရုရှား စစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးဌာန အကြီးအကဲ ဒီမီထရီ ဆူဂေ့ဗ်က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

    ဒီလိုပေးပို့မှုဟာ မြန်မာလေတပ်ရဲ့ စွမ်းဆောင်နိုင်မှုကို သိသိသာသာ အားကောင်းလာစေမှာဖြစ်ပြီး မြန်မာစစ်တပ်ဟာ အရှေ့တောင်အာရှမှာ ရုရှားရဲ့ အဓိကမိတ်ဖက်တွေထဲက တစ်ခုအဖြစ် ဆက်ရှိနေမှာဖြစ်တယ်လို့ လေကြောင်းပြပွဲ Maks-2021 Air Show မှာ ဆူဂေ့ဗ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒီပွဲကို ရုရှားသမ္မတ ပူတင်လည်း တက်ရောက်ခဲ့ပါတယ်။

    မြန်မာစစ်တပ်ဟာ ရုရှားထုတ် Mig-29 နဲ့ Jak-130 လေယာဉ်တွေကို အရင်ကတည်းက အသုံးပြုခဲ့တာပါ။ ရုရှား နိုင်ငံပိုင်လက်နက်ကုမ္ပဏီ Rosoboronexport အကြီးအကဲ အလက်ဇန်းဒါး မီခေ့ဗ်ကလည်း မြန်မာစစ်တပ်နဲ့ ရှေ့ဆက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပါတယ်။

    ရုရှားဟာ မြန်မာနိုင်ငံက စစ်အာဏာရှင်အဆက်ဆက်ကို ကျောထောက်နောက်ခံပြုပေးနေတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး လက်နက်ရောင်းချတာအပြင် စစ်သားတွေကို လေ့ကျင့်သင်ကြားပေးတာ၊ ပညာတော်သင်ခေါ်ယူတာတွေလည်း လုပ်ဆောင်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မတ်လ ၂၇ ရက်နေ့က ပြုလုပ်တဲ့ တပ်မတော်နေ့အခမ်းအနားမှာ ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး တက်ရောက်ပြီး အာဏာသိမ်းမှုကို ထောက်ခံကြောင်း တရားဝင် ထုတ်ဖော်ပြသခဲ့ပါတယ်။

    Ref: Asia News

  • စစ်အာဏာရှင်လက်အောက် ယခုနှစ်မြန်မာ့စီးပွားရေး ၁၈ ရာခိုင်နှုန်း ကျဆင်းမည်

    စစ်အာဏာရှင်လက်အောက် ယခုနှစ်မြန်မာ့စီးပွားရေး ၁၈ ရာခိုင်နှုန်း ကျဆင်းမည်

    ဇူလိုင် ၂၆၊ ၂၀၂၁
    M-Media

    -ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် မတည်မငြိမ်ဖြစ်ကာ ကိုဗစ်ဒဏ်ကို အလူးအလဲခံစားနေရတဲ့ မြန်မာနိုင်ငံရဲ့ အခုဘဏ္ဍာရေးနှစ်မှာ စီးပွားရေးဟာ ၁၈ ရာခိုင်နှုန်း ကျဆင်းဖွယ်ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထုတ်ပြန်ပါတယ်။

    ဒီလိုကျဆင်းမှုကြောင့် သန်းနဲ့ချီတဲ့ ပြည်သူတွေ အလုပ်လက်မဲ့ဖြစ်မှု၊ ဆင်းရဲမွဲတေမှုနဲ့ ငတ်မွတ်​ခေါင်းပါးမှုဒဏ်ကို ခံစားရဖွယ် ရှိနေပါတယ်။

    လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း မြန်မာနိုင်ငံက နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေဟာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နောက်ကြောင်းပြန်လှည့်သွားပြီး၊ ​စီးပွားရေးကဏ္ဍမှာလည်း သိသိသာသာကို ကျဆင်းသွားခဲ့ပါတယ်။

    “ဖေဖော်ဝါရီလ အာဏာသိမ်းမှု၊ ဇွန်လနဲ့ ဇူလိုင်လတွေမှာ အလွန်အမင်း အခြေအ​နေဆိုးရွားလာတဲ့ ကိုဗစ်တတိယလှိုင်းတွေဟာ စီးပွားရေးအပေါ်သိသိသာသာကို ထိခိုက်ခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကစတဲ့ အစောပိုင်း ကိုဗစ်ကူးစက်မှုမှာ ထိခိုက်ခဲ့တဲ့ အခြေအနေထက်ကို ပိုပြီးဆိုးရွားပါတယ်” လို့ ကမ္ဘာ့ဘဏ်ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံရဲ့ ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်ဟာ ၂၀၂၀ စက်တင်ဘာကစတင်ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာမှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

    စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်စနစ် ရပ်ဆိုင်းလုနီးပါးဖြစ်သွားတာ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ တိုင်းပြည်ကနေ ထွက်ခွာသွားတာ၊ အစိုးရယန္တရားရပ်တန့်သွားတာတွေက စီးပွားရေးကျဆင်းမှုရဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။

    ကမ္ဘာ့ဘဏ်ကတော့ မြန်မာနိုင်ငံရဲ့ ၂၀၂၁ စီးပွားရေးဟာ ၂၀၁၉ ခုနှစ်ကထက် ၃ ပုံ ၁ ပုံ ကျုံ့သွားမယ်လို့ ဆိုပါတယ်။

    “အလုပ်အကိုင် ၁ သန်းလောက် ဆုံးရှုံးနိုင်တယ်။ ဒါဟာ ၂၀၁၉ ခုနှစ် လုပ်သားအင်အားရဲ့ ၄ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းလောက် ရှိပါတယ်။ အလုပ်လုပ်ရတဲ့အချိန် လျော့သွားတာ၊ လုပ်ခလစာ အလျှော့ခံရတာတွေကြောင့် အခြားအလုပ်သမားတွေလည်း ဝင်ငွေ​နည်းတာကို ကြုံရဖို့ ရှိပါတယ်”

    Ref: VOA

  • စစ်အာဏာရှင်သစ်လက်ထက် မြန်မာနိုင်ငံအပေါ် တရုတ်က ပိုမိုချယ်လှယ်နိုင်မှုကို အိန္ဒိယက အနီးကပ်စောင့်ကြည့်မည်

    စစ်အာဏာရှင်သစ်လက်ထက် မြန်မာနိုင်ငံအပေါ် တရုတ်က ပိုမိုချယ်လှယ်နိုင်မှုကို အိန္ဒိယက အနီးကပ်စောင့်ကြည့်မည်

    ဇူလိုင် ၂၅၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်က ပိုမိုချယ်လှယ်ဖို့ ကြိုးစား လာတာကို အနီးကပ်စောင့်​ကြည့်ရမယ်လို့ အိန္ဒိယ စစ်ဦးစီးအရာရှိချုပ် ဘီပင် ရာဝပ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    အာဏာသိမ်းမှုကြောင့် မြန်မာစစ်ခေါင်းဆောင်တွေအပေါ် နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ထားတာပါ။ ရာဝပ်က ဒီပိတ်ဆို့မှုတွေကြောင့် မြန်မာနိုင်ငံမှာ တရုတ်က ပိုမိုချယ်လှယ်ခွင့်ရသွားမယ်လို့ သုံးသပ်ပါတယ်။

    “ပိတ်ဆို့မှုတွေခံရတဲ့ မြန်မာနိုင်ငံကို ခါးပတ်တစ်ကွင်းလမ်းတစ်စင်း (BRI) စီမံကိန်းနဲ့ ပိုပြီး နေရာယူဖို့ရှိနေတယ်။ အိန္ဒိယအရှေ့မြောက်ပိုင်း ဒေသအတွက် စိန်ခေါ်မှုဖြစ်သလို၊ အခွင့်အလမ်းလည်း ဖြစ်ပါတယ်”

    မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားမှသာ ဒေသအတွင်း အထူးသဖြင့် သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုမှာ ဆက်စပ်မှုတွေရှိနေတဲ့ အိန္ဒိယရဲ့ အနာဂတ် ပိုမိုကောင်းမွန်မှာ ဖြစ်တယ်လို့လည်း ရာဝပ်က ဆိုပါတယ်။

    အရှေ့မြောက်ပိုင်း အိန္ဒိယပြည်မကြီးကို ကျဉ်းမြောင်းတဲ့ စီလီဂူရီ စင်္ကြန်လမ်းတစ်ခုတည်းနဲ့သာ ဆက်သွယ်ထားနိုင်တာဖြစ်ပြီး ဒေသတွင်းမှာ တရုတ်က ပိုမိုကြီးစိုးဖို့ လုပ်ဆောင်နေတဲ့အချိန် ဒီနေရာဟာ ပထဝီနိုင်ငံရေးမှာ အလွန်မဟာဗျူဟာကျတဲ့ဒေသ ဖြစ်တယ်လို့ ရာဝပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မြန်မာနိုင်ငံကနေ ရိုဟင်ဂျာတွေ ထွက်ပြေးလာရပြီး ပတ်ဝန်းကျင်နိုင်ငံတွေမှာ ဒုက္ခသည်တွေအဖြစ် ခိုလှုံနေရတာဟာ အစွန်းရောက်အဖွဲ့အစည်းတွေ အမြတ်ထုတ်စရာ​ ဖြစ်လာနိုင်ကာ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးကို ထိခိုက်စေနိုင်ကြောင်း၊ တရုတ်ရန်အပြင် သူပုန်ကိစ္စ၊ တရားမဝင် ဝင်ရောက်မှု၊ မူးယစ်မှောင်ခိုမှု စတဲ့ စိန်ခေါ်မှုတွေလည်း အရှေ့မြောက်ပိုင်းဒေသမှာ ရှိနေသေးကြောင်း စစ်ဦးစီးအရာရှိချုပ်က ဆိုပါတယ်။

    Ref: Times of India

  • စစ်ကောင်စီကဖမ်းထားသည့် ဂျာနယ်လစ်ကိစ္စကို အမေရိကန်က အနီးကပ်စောင့်ကြည့်နေ

    စစ်ကောင်စီကဖမ်းထားသည့် ဂျာနယ်လစ်ကိစ္စကို အမေရိကန်က အနီးကပ်စောင့်ကြည့်နေ

    ဇူလိုင် ၂၅၊ ၂၀၂၁

    M-Media 

    – စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ အမေရိကန်နိုင်ငံသား ဂျာနယ်လစ် ဒန်နီ ဖန်စတာကို ပြန်လွှတ်ပေးဖို့ အမေရိကန်အစိုးရက ထပ်မံတောင်းဆိုလိုက်ပါတယ်။ 

    Frontier Myanmar သတင်းဌာနရဲ့ အယ်ဒီတာချုပ်ဖြစ်တဲ့ ဖန်စတာဟာ မေလ ၂၄ ရက်​နေ့ကတည်းက စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး တရားစွဲဆိုခံထားရတာပါ။ 

    ဖန်စတာပြန်လွတ်ရေး မိမိတို့အစိုးရက တစ်စိုက်မတ်လုပ်ဆောင်နေကြောင်း မီချီဂန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက်ချန် ဝှစ်မာနဲ့ သောကြာနေ့ဖုန်းခေါ်ဆိုမှုအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားခဲ့တယ်လို့ အမေရိကန်အစိုးရက သတင်းထုတ်ပြန်ပါတယ်။ 

    အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျာလီနာပေါ်တာကလည်း ဇူလိုင် ၁၅ ရက်နေ့ ကနဦးကြားနာတဲ့အချိန်က သံရုံးတာဝန်ရှိသူတွေ တက်ရောက်ခွင့်ရခဲ့ပြီး လာမယ့်ဗုဒ္ဓဟူးနေ့မှာ ဖန်စတာကို ထပ်မံရုံးထုတ်ဖို့ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒန်နီရဲ့ကိစ္စကို ကျွန်မတို့ အနီးကပ် စောင့်ကြည့်နေပါတယ်။ သာယာ၀ပြောပြီး ကြံ့ခိုင်လွတ်လပ်တဲ့ လူအဖွဲ့အစည်းကို ထူထောင်ရာမှာ မီဒီယာလွတ်လပ်ခွင့်က မရှိမဖြစ် အရေးပါတယ်ဆိုတာကို ကျွန်မတို့ အမြဲတမ်း တိုက်တွန်းဆော်ဩသွားမှာပါ”

    ကိုဗစ်ကူးစက်မှု မြင့်တက်လာတဲ့အချိန် အကျဉ်းထောင်အတွင်းနဲ့ နိုင်ငံတစ်ဝှမ်းက ကျန်းမာရေးအခြေအနေအတွက် အလွန်အမင်း စိုးရိမ်သောကဖြစ်မိတယ်လို့ ပေါ်တာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref: The Star

  • ရုရှား နိုင်ငံပိုင်လက်နက်ကုမ္ပဏီက မြန်မာစစ်အာဏာရှင်သစ်နှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေ

    ရုရှား နိုင်ငံပိုင်လက်နက်ကုမ္ပဏီက မြန်မာစစ်အာဏာရှင်သစ်နှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေ

    ဇူလိုင် ၂၂၊ ၂၀၂၁
    M-Media

    -လေယာဉ်တွေအပါအဝင် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ရေး အာဏာသိမ်းစစ်ကောင်စီနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေတယ်လို့ ရုရှားနိုင်ငံပိုင် လက်နက်ကုမ္ပဏီ Rosoboronexport က မီဒီယာကို ပြောကြားလိုက်ပါတယ်။

    မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းမှုကို ရုရှားက လူသိရှင်ကြား ထောက်ခံထားတာပါ။​ အာဏာသိမ်းပြီးနောက်ပိုင်း မတ်လ ၂၇ ရက်နေ့မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ တပ်မတော်နေ့အခမ်းအနားကို ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီးကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့လ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားနိုင်ငံကို သွားရောက်စဉ်တုန်းကလည်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီ ရှိုဂူက ရုရှားဟာ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးတိုးတက်အောင် ဆောင်ရွက်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    မနေ့က MAKS လေကြောင်းပြပွဲမှာ Rosoboronexport အကြီးအကဲ အလက်ဇန်းဒါး မစ်ဟိဗ်က အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံဟာ မိမိတို့ရဲ့ အဓိက ဖောက်သည်တွေထဲက တစ်ဦးဖြစ်ပြီး ရုရှားအာကာလေကြောင်းကုမ္ပဏီ Rostec ရဲ့ အဓိကမိတ်ဖက်ဖြစ်တယ်လို့ Interfax သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ရုရှားဟာ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေကို ခေတ်အဆက်ဆက် ကျောထောက်နောက်ခံပေးခဲ့ပြီး လက်နက်ရောင်းတာအပြင် စစ်တပ်ကို လေ့ကျင့်သင်ကြားပေးတာ၊ စစ်သားတွေကို ပညာသင်ခေါ်တာတွေပါ လုပ်ဆောင်ခဲ့ပါတယ်။

    Ref: Reuters