News @ M-Media

Tag: Myanmar Military

  • အဏာသိမ်းစစ်ကောင်စီအပေါ် စီးပွားရေးပိတ်ဆို့မှု စင်ကာပူ မထောက်ခံ

    အဏာသိမ်းစစ်ကောင်စီအပေါ် စီးပွားရေးပိတ်ဆို့မှု စင်ကာပူ မထောက်ခံ

    ဖေဖော်ဝါရီ ၁၆၊ ၂၀၂၁
    M-Media

    စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာကရစ်ရှ်နန်

    -အာဏာသိမ်းစစ်ကောင်စီအပေါ် စီးပွားရေးပိတ်ဆို့မှု ကျယ်ကျယ်ပြန့်ပြန့်လုပ်တာကို မထောက်ခံဘူးလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာကရစ်ရှ်နန်က ပြောကြားလိုက်ပြီး ဒီလိုပိတ်ဆို့မှုတွေလုပ်ရင် သာမန်ပြည်သူတွေသာ ထိခိုက်လိမ့်မယ်လို့ ဆိုပါတယ်။

    ဒီကနေ့ စင်ကာပူလွှတ်တော်ရဲ့ဆွေးနွေးမှုမှာ ကရစ်ရှ်နန်က အခုလို ထည့်သွင်းပြောဆိုသွားတာပါ။

    မြန်မာပြည်သူလူထုရဲ့ ၄ ပုံ ၁ ပုံလောက် ဆင်းရဲမွဲတွေမှု သတ်မှတ်ချက်အောက်မှာနေထိုင်​နေရပြီး ကိုဗစ်ကပ်ရောဂါကြောင့် သူတို့ရဲ့အခြေအနေ ပိုဆိုးရွားလာတယ်ဆိုတဲ့ ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းတွက်ချက်မှုကို ဝန်ကြီးက ထောက်ပြပါတယ်။

    “ဒါ့ကြောင့် ကျွန်တော့်ရဲ့ဆွေးနွေးမှု၊ ဖုန်းပြောဆိုမှုတွေ အားလုံးမှာ မြန်မာနိုင်ငံအပေါ် သိမ်းကျုံး ပိတ်ဆို့မှုတွေ အများအပြား မလုပ်ဆောင်သင့်ဘူးလို့ ကျွန်တော် ပြောခဲ့ပါတယ်။ ဒီအတွက် ခံစားရမယ့်သူတွေက သာမန်ပြည်သူတွေ ဖြစ်နေမှာကြောင့်ပါ”

    မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ စင်ကာပူက အများဆုံးဖြစ်ပြီး၊ ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်တွေကလည်း စင်ကာပူက လုပ်ငန်းတွေ၊ ဘဏ်တွေမှာ ဒေါ်လာသန်းချီ ထည့်ထားတာတွေရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

    မြန်မာနိုင်ငံက ကိစ္စနဲ့ပတ်သက်ပြီး ငြိမ်းချမ်းတဲ့အဖြေရှာမှု၊ အမျိုးသားရင်ကြားစေ့ရေး စတာတွေ ဖြစ်လာဖို့ မျှော်လင့်တယ်လို့လည်း ကရစ်ရှ်နန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “အခြေအနေတွေက ပိုပြီး တင်းမာ​လာမယ်ဆိုရင် မြန်မာနိုင်ငံနဲ့ အာဆီယံဒေသအတွက် နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်လာမှာပါ”

    တိုင်းပြည်ရဲ့အနာဂတ်ကို မြန်မာပြည်သူတွေကသာ ဆုံးဖြတ်ခွင့်ရှိတယ်ဆိုတဲ့ အချက်ကို စင်ကာပူက အမြဲတမ်းထောက်ခံပြီး၊ အာဆီယံအဖွဲ့ကလည်း အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဘူးဆိုတဲ့ မူကို လက်ကိုင်ထားတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

    မြန်မာနိုင်ငံမှာ စင်ကာပူရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအထိ စုစုပေါင်းပမာဏ ကန်ဒေါ်လာ ၂၄ ဘီလီယံဖိုးရှိပါတယ်။ ဒီအထဲက အများစုဟာ NLD အစိုးရလက်ထက် ပြီးခဲ့တဲ့ ၅ နှစ်အတွင်းက ဝင်ရောက်လာခဲ့တာပါ။

    မြန်မာစစ်တပ်၊ သူတို့နဲ့ ပတ်သက်ဆက်နွယ်တဲ့ကုမ္ပဏီတွေနဲ့ အလုပ်လုပ်နေတဲ့ စင်ကာပူလုပ်ငန်းတွေ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုမှာ ကြားညပ်နိုင်ပြီး အဲဒီအတွက် အစိုးရက အကြံပေးတာ ကူညီတာမျိုး ရှိလားဆိုပြီး အမတ်တစ်ယောက်က မေးမြန်းရာ လက်ရှိအချိန်အထိ သီးသန့် အကြံပေးတာမျိုး မရှိသေးပေမယ့် ရသမျှသတင်းအချက်အလက်အားလုံးကို ဒီလွှတ်တော်မှာ တင်ပြသွားမှာဖြစ်ပြီး လုပ်ငန်းရှင်တွေအနေနဲ့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်တွေကို မိမိတို့ကိုယ်တိုင် ချမှတ်နိုင်ကြောင်း ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ပါတယ်။

    Ref: CNA

  • ဆန္ဒပြသူများကို အကြမ်းမဖက်ရန် စစ်ကောင်စီ ဒုတိယအကြီးအကဲကို ကုလက တိုက်ရိုက်သတိပေး

    ဆန္ဒပြသူများကို အကြမ်းမဖက်ရန် စစ်ကောင်စီ ဒုတိယအကြီးအကဲကို ကုလက တိုက်ရိုက်သတိပေး

    ဖေဖော်ဝါရီ ၁၆၊ ၂၀၂၁
    M-Media

    -ဆန္ဒပြသူတွေကိုအပေါ် အကြမ်းဖက်မယ်ဆိုရင် ‘ဆိုးရွားတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ’ ရင်ဆိုင်ရလိမ့်မယ်လို့ ကုလအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်က အာဏာသိမ်းစစ်ကောင်စီရဲ့ ဒုတိယအကြီးအကဲ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို သတိ​ပေးလိုက်ပါတယ်။

    အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရာနာ ဘာဂီနာနဲ့ ဗိုလ်ချုပ်ကြီးစိုးဝင်းတို့ဟာ မနေ့က အွန်လိုင်းကနေတစ်ဆင့် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ဒီဆွေးနွေးမှုအကြောင်း မြန်မာ့ရုပ်မြင်သံကြားသတင်းမှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့ညက ကြေငြာခဲ့ပေမယ့် ဗိုလ်ချုပ်ကြီးစိုးဝင်းရဲ့ ပြောကြားမှုကိုသာ ဖော်ပြခဲ့ပါတယ်။

    ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ဖာရ်ဟန် ဟက်က ဆွေးနွေးမှုအတွင်း ဘာဂီနာဟာ ဆန္ဒပြသူတွေကို အကြမ်းမဖက်ဖို့ သတိပေးတာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။

    “ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကို လေးစားဖို့၊ ဆန္ဒပြသူတွေကို အညှိုးထား လက်တုန့်မပြန်ဖို့ မစ် ဘာဂီနာက ထပ်လောင်း ပြောကြားခဲ့ပါတယ်။ ကမ္ဘာကြီးက အနီးကပ်စောင့်ကြည့်နေပြီး အင်အားသုံးတုန့်ပြန်မယ်ဆိုရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ခံစားရမယ်ဆိုတာလည်း သူမက သတင်းစကားပါးခဲ့ပါတယ်”

    အာဏာသိမ်းစစ်တပ်အနေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့၊ ဒီမိုကရေစီအဖွဲ့အစည်းတွေကို အလေးထားဖို့ အထူးကိုယ်စားလှယ်က တိုက်တွန်းခဲ့သလို၊ အင်တာနက်ဖြတ်တောက်မှုဟာ ဒီမိုကရေစီ အခြေခံစည်းမျဉ်းတွေကို ထိခိုက်စေတာဖြစ်တဲ့အတွက် မလုပ်ဆောင်ဖို့လည်း သတိပေးခဲ့ပါတယ်။

    ဘာဂီနာနဲ့ အဏာသိမ်းစစ်ကောင်စီတို့ဟာ အာဏာသိမ်းပြီး ၂ ရက်အကြာမှာ ပထမဆုံးအကြိမ် ဆွေးနွေးမှု လုပ်ခဲ့ပါတယ်။

    Ref: The Strait Times

  • နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် မြန်မာနိုင်ငံက အန္တရာယ်ဖြစ်လာပြီဟု ကျွမ်းကျင်သူများ သတိပေး

    နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် မြန်မာနိုင်ငံက အန္တရာယ်ဖြစ်လာပြီဟု ကျွမ်းကျင်သူများ သတိပေး

    ဖေဖော်ဝါရီ ၁၆၊ ၂၀၂၁
    M-Media

    -​ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်မှုဟာ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေအတွက် အိပ်မက်ဆိုးဖြစ်ပြီး၊ အန္တရာယ်ရှိတဲ့အနေအထားကို ရောက်လာပြီလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    ၂၀၁၁ ခုနှစ် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုပြီးကတည်းက မြန်မာနိုင်ငံမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ မြင့်တက်လာခဲ့ပြီး ၂၀၁၅ ခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ GDP ရဲ့ ၆ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကျဆင်းသွားခဲ့ပြီး ၂၀၁၈ ခုနှစ်အရောက်မှာတော့ GDP ရဲ့ ၁.၇ ရာခိုင်နှုန်းသာ ရှိပါတော့တယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက သူတို့အတွက် အာမခံချက် ရှိပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။

    Curtin တက္ကသိုလ်ရဲ့ နိုင်ငံတကာစီးပွားရေးဆိုင်ရာ လက်ထောက်ပရော်ဖက်ဆာ ဒေါ်ထွေးထွေးသိန်းက အာဏာသိမ်းမှုဟာ ရင်းနှီးမြှုပ်နှံသူတွေအတွက် အကြီးမားဆုံး အိပ်မက်ဆိုး ဖြစ်လာတယ်လို့ ပြောပါတယ်။

    “စီးပွားရေးဆိုတာ တည်ငြိမ်ဖို့၊ အာမခံချက်ရှိဖို့ လိုပါတယ်။ အခုအချိန်က ဘာမဆိုဖြစ်သွားနိုင်တော့ ယုံကြည်မှုကလည်း ကျဆင်းသွားပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် အန္တရာယ်ရှိတဲ့နိုင်ငံ ဖြစ်နေတုန်းပဲဆိုတာ ဒီအဖြစ်အပျက်တွေက သက်သေပြနေပါတယ်”

    ကုန်ထုတ်လုပ်မှုတွေလျော့ကျကာ မြန်မာနိုင်ငံကထုတ်တဲ့ ကုန်ပစ္စည်းတွေကိုလည်း နိုင်ငံတကာကဝယ်ယူမှု နည်းသွားမယ်လို့ သူမက ထည့်သွင်း သုံးသပ်ခဲ့ပါတယ်။

    စစ်အာဏာသိမ်းမှုကြောင့် စက်မှုဇုန်တွေ၊ အထူးစီးပွားရေးဇုန်တွေ ထိခိုက်လာနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပြီး ဒီကဏ္ဍတွေမှာ တရုတ်နဲ့ ဂျပန်တို့က အများစု ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။

    ဂျပန်နဲ့ စင်ကာပူက လုပ်ငန်းတစ်ချို့ အာဏာသိမ်းစစ်တပ်ပိုင် လုပ်ငန်းတွေနဲ့ ဆက်သွယ်မှု ရပ်ဆိုင်းခဲ့ပေမယ့် တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံမှာ ပိုပြီးအခြေခိုင်အောင် ဆောင်ရွက်ဖို့ရှိတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    “တရုတ်က ဒေသတွင်းမှာ ရေရှည်လွှမ်းမိုးနိုင်မယ့်သူ ပိုပြီး ဖြစ်ချင်တယ်။ တိုက်ရိုက်ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကောင်းမွန်တဲ့၊ အကျိုးဖြစ်ထွန်းတဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ချင်တယ်။ အဲဒီအထဲမှာ မြန်မာလည်း ပါပါတယ်။ ဒါ့ကြောင့် မြန်မာအပေါ် တရုတ်ခေါင်းဆောင်တွေရဲ့ စိတ်ဝင်စားမှုက လျော့ကျသွားမှာ မဟုတ်ပါဘူး” လို့ NUS စီးပွားရေးတက္ကသိုလ်က မဟာဗျူဟာနဲ့ မူဝါဒဆိုင်ရာ ပါမောက္ခ အန်ဒရူး ဒီလီယို့စ်က ပြောပါတယ်။

    တရုတ်ဟာ သူ့ရဲ့ Belt and Road စီမံကိန်းဆိုင်ရာတွေကို မြန်မာနိုင်ငံမှာ ဦးစားပေး လုပ်ဆောင်လာနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

    Fitch Solutions အဖွဲ့က နိုင်ငံတွေရဲ့ ဘေးအန္တရာယ်ဆိုင်ရာ အကြီးတန်းလေ့လာသုံးသပ်သူ ဂျာဆန်ယက်က တရုတ်ဟာ စစ်အစိုးရနဲ့ပေါင်းပြီး သူတို့ရဲ့စီမံကိန်းတွေကို တွန်းအားပေးလုပ်ဆောင်သွားနိုင်ပေမယ့် တိုးတက်မှု နှေးကွေးနိုင်တယ်လို့ ပြောပါတယ်။

    မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးဟာ ကန်ဒေါ်လာ ၂၁.၅ ဘီလီယံလောက်ရှိနေပြီး စင်ကာပူပြီးရင် ဒုတိယရင်းနှီးမြှုပ်နှံမှု အများဆုံး ဖြစ်ပါတယ်။

    စစ်အာဏာသိမ်းခဲ့ပေမယ့် အုပ်ချုပ်ရေးပိုင်းမှာ မှန်မှန်ကန်ကန်ဆောင်ရွက်နိုင်မယ်ဆိုရင် စီးပွားရေးတိုးတက်မှု ရှိလာမယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိပါတယ်။

    “စစ်အစိုးရတက်လာတာနဲ့ တစ်ချိန်တည်းမှာပဲ စီးပွားရေးတိုးတက်မှုအကြောင်း ပြောကြတာတွေ ရှိပါတယ်။ တကယ်တော့ ဒီနှစ်ခုက တစ်ခုနဲ့တစ်ခု တိုက်ရိုက်ဆက်စက်နေတာမျိုး မဟုတ်ပါဘူး။ အုပ်ချုပ်ရေးပိုင်းသီးသန့်က ပြဿနာမဟုတ်ပါဘူး။ အာဏာရှင်အစိုးရပုံစံ သွားနေပေမယ့် မှန်ကန်တဲ့ပေါ်လစီတွေ ချနိုင်မယ်ဆိုရင် စီးပွားရေးတိုးတက်မှု ပိုကောင်းမှာပါ” လို့ INSEAD က နိုင်ငံတကာစီးပွားရေး မဟာဗျူဟာဆိုင်ရာ ပရော်ဖက်ဆာ မီခေးလ်ဝစ်က ပြောပါတယ်။

    ပြုပြင်ပြောင်းလဲမှုနှေးကွေးတာ၊ အဓိကစီးပွားရေးလုပ်ငန်းတွေကို ဖွင့်ပေးဖို့ တွန့်ဆုတ်နေတာ၊ အုပ်ချုပ်ရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးယန္တရား အား​နည်းနေတာတွေကလည်း စီးပွားရေးတိုးတက်မှုကို ထိခိုက်စေတယ်လို့ ပညာရှင်တွေက ထောက်ပြခဲ့ပါတယ်။

    “ဒီကိစ္စတွေက စစ်တပ်နဲ့ သိပ်တော့မဆိုင်ဘူးဗျ။ မြန်မာနိုင်ငံမှာ ထိရောက်တဲ့ အုပ်ချုပ်ရေးယန္တရား မရှိတာ​ကြောင့်လို့ ပြောလို့ရတယ်။ ဒီကဏ္ဍ​မှာ ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲဖို့အတွက် ကျွမ်းကျင်မှုနဲ့ ငွေကြေးလည်း လုံလုံလောက်လောက် ရှိပါဘူး”

    Ref: CNA

  • စစ်တပ်နှင့် ရဲတို့၏ အကြမ်းဖက်ဖြိုခွင်းမှုကို ကုလအတွင်းရေးမှူး သတိပေး

    စစ်တပ်နှင့် ရဲတို့၏ အကြမ်းဖက်ဖြိုခွင်းမှုကို ကုလအတွင်းရေးမှူး သတိပေး

    ဖေဖော်ဝါရီ ၁၅၊ ၂၀၂၁
    M-Media

    နေပြီတော်တွင် ဆန္ဒပြအမျိုးသမီးငယ်အား ပစ်ခတ်သတ်ဖြတ်မှု မြင်ကွင်း

    -ဆန္ဒပြပြည်သူတွေကို စစ်တပ်နဲ့ရဲတို့က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းတာဟာ လုံး၀လက်မခံနိုင်စရာဖြစ်ပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်ကို အာမခံပေးဖို့ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားလိုက်ပါတယ်။

    မြန်မာအရေးနဲ့ပတ်သက်ပြီး ကုလအတွင်းရေးမှူးက ကြေငြာချက်တစ်စောင်ကို
    မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

    “လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်တာ၊ ခြိမ်းခြောက်တာ၊ အရှက်တကွဲအကျိုးနည်းအောင်လုပ်တာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ တက်လာပါတယ်။ ဒါဟာ လက်မခံနိုင်စရာပါပဲ”

    မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် သောမတ်စ် အန်ဒရူးကလည်း စစ်ခေါင်းဆောင်တွေကို မနေ့က Twitter ကနေတစ်ဆင့် သတိပေးခဲ့ပါတယ်။

    “ညဘက် စီးနင်းတာ၊ ဖမ်းဆီးမှုတွေ တိုးလုပ်လာတာ၊ အခွင့်အရေးတွေကို ပိတ်ပင်တာ၊ အင်တာနက်ဖြတ်တောက်မှု ထပ်လုပ်တာ၊ ပြည်သူတွေကြားထဲကို စစ်ကားတွေလွှတ်တာတွေဟာ မြန်မာပြည်သူတွေအပေါ် စစ်ပွဲကြေငြာထားသလိုမျိုး စစ်ခေါင်းဆောင်တွေက လုပ်နေတာပါ။ မျှော်လင့်ချက်မရှိတော့ဘူးဆိုတဲ့ အရိပ်အယောင်တွေလည်း မြင်နေရတယ်။ ခင်ဗျားတို့လုပ်တာတွေကို ခင်ဗျားတို့ကိုယ်တိုင် ပြန်တာဝန်ခံရမယ်ဆိုတာ ဗိုလ်ချုပ်ကြီးတွေကို သတိပေးလိုပါတယ်”

    ကုလအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က နိုင်ငံရေးခေါင်းဆောင်တွေ၊ အစိုးရတာဝန်ရှိသူတွေ၊ ပရဟိတသမားတွေနဲ့ မီဒီယာသမားတွေကို ဖမ်းဆီးတာ၊ အင်တာနက်ဖြတ်တောက်တာတွေက အလွန်အမင်း စိုးရိမ်စရာကောင်းတယ် ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ကုလအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်တွေကို ကာကွယ်ဖို့အတွက် မိမိတို့ရဲ့ဩဇာကို အသုံးပြုဖို့ ဂူတာရက်စ်က တိုက်တွန်းခဲ့သလို၊ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေး စတာတွေ ထွန်းကားအောင် ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုကို မမှိတ်မသုန် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “အထူးကိုယ်စားလှယ် ခရစ္စတင်း ရှာရနာ ဘာဂီနာကို လက်ခံနိုင်လောက်တဲ့ အနေအထားတစ်ခုမှာ မြန်မာနိုင်ငံကိုလာပြီး၊ အခြေအနေတွေကို ကွင်းဆင်းကြည့်ရှုခွင့် အလျင်အမြန်ပေးဖို့ စစ်ခေါင်းဆောင်တွေကို အထွေထွေအတွင်းရေးမှူးချုပ်က တိုက်တွန်းခဲ့ပါတယ်” လို့ ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က ပြောပါတယ်။

    Ref: UN News

  • စစ်ခေါင်းဆောင်များ အရှိုက်ထိစေမည့် စီးပွားရေးကို ပိတ်ဆို့ရန် ကျွမ်းကျင်သူများ တိုက်တွန်း

    စစ်ခေါင်းဆောင်များ အရှိုက်ထိစေမည့် စီးပွားရေးကို ပိတ်ဆို့ရန် ကျွမ်းကျင်သူများ တိုက်တွန်း

    ဖေဖော်ဝါရီ ၁၅၊ ၂၀၂၁
    M-Media

    -မြန်မာစစ်ခေါင်းဆောင်တွေဟာ တိုင်းပြည်ရဲ့ ထိပ်တန်း စီးပွားရေးလုပ်ငန်းပေါင်းများစွာကနေ အကျိုးအမြတ်အများအပြား ရရှိနေပြီး သူတို့အရှိုက်ကိုထိစေမယ့် ပိတ်ဆို့မှုမျိုးတွေ လုပ်ဆောင်ဖို့ ကျွမ်းကျင်သူတွေက နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပါတယ်။

    မြန်မာစစ်ခေါင်းဆောင်တွေဟာ တိုင်းပြည်ရဲ့ ထိပ်တန်း စီးပွားရေးလုပ်ငန်းပေါင်းများစွာကနေ အကျိုးအမြတ်အများအပြား ရရှိနေပြီး သူတို့အရှိုက်ကိုထိစေမယ့် ပိတ်ဆို့မှုမျိုး လုပ်ဆောင်ဖို့ ကျွမ်းကျင်သူတွေက နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပါတယ်။

    စစ်တပ်ရဲ့ အဓိကစီးပွားရေးလုပ်ငန်းနှစ်ခုဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် (MEHL) နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့ကို စစ်ခေါင်းဆောင်တွေက ထိန်းချုပ်ထားတာပါ။

    ဒီကုမ္ပဏီနှစ်ခုအောက်မှာ တိုင်းပြည်ရဲ့ အဓိကစီးပွားရေးဖြစ်တဲ့ ကျောက်စိမ်းနဲ့ တွင်းထွက်လုပ်ငန်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်း၊ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်း အပါအဝင်၊ စီးပွားရေးလုပ်ငန်းပေါင်း ၁၃၃ ခုလောက် ရှိနေပါတယ်။

    MEHL ဟာ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူနဲ့ အခြားနိုင်ငံက ကုမ္ပဏီတွေနဲ့လည်း ပူးပေါင်းလုပ်ဆောင်နေပါတယ်။

    ပြင်သစ် နိုင်ငံတကာဆက်ဆံရေးအဖွဲ့ French Institute of International Relations အာရှဆိုင်ရာ ဒါရိုက်တာ ဖရန်ကိုအစ် နီကိုလက်စ်က တိုင်းပြည်ကို နှစ်ပေါင်း ၅၀ နီးပါး အုပ်စိုးမှုအတွင်း ထိပ်တန်း စစ်ခေါင်းဆောင်တွေဟာ ကြွယ်၀ချမ်းသာအောင် လုပ်ဆောင်ခဲ့ကြတယ်လို့ ပြောပါတယ်။

    ဒါပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာရွေးကောက်ပွဲမှာ NLD ပါတီ ဒုတိယအကြိမ် တောင်ပြိုကမ်းပြို အနိုင်ရပြီးတဲ့နောက် စစ်ခေါင်းဆောင်တွေဟာ သူတို့စီးပွားရေးတွေ စစ်ဆေးခံရတော့မလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာတယ်လို့ သူမက ဆိုပါတယ်။

    “သူတို့ရဲ့ ကြွယ်၀မှုတစ်ချို့ အန္တရာယ်ရှိလာနိုင်တယ်လို့ သူတို့ မြင်ပုံရပါတယ်။ အာဏာသိမ်းဖို့ ဆုံးဖြတ်လိုက်တာလည်း ဒီအချက်က တစ်စိတ်တစ်ပိုင်း ပါဝင်နိုင်ပါတယ်”
    အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က နိုင်ငံပိုင်ကုမ္ပဏီတွေကို ပြန်လည် ထိန်းချုပ်လို့ရသွားပြီး ပြင်သစ်က Total၊ အမေရိကန်က Chevron ကုမ္ပဏီတို့နဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ မြန်မာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်းဆိုရင် တစ်နှစ်ကို ဒေါ်လာ ၁ ဘီလီယံလောက် ဝင်ပါတယ်။

    အာဏာသိမ်းပြီးတဲ့နောက် ဂျပန်အခြေစိုက် Kirin ကုမ္ပဏီ၊ စင်ကာပူအခြေစိုက် Puma ရေနံကုမ္ပဏီတွေဟာ စစ်တပ်ပိုင်လုပ်ငန်းတွေနဲ့ လုပ်ကိုင်နေမှုကို ပြန်လည်သုံးသပ်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

    နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ International Federation for Human Rights က ဒက်ဘီ စတော့ဟာ့ဒ်က မြန်မာစစ်ခေါင်းဆောင်တွေရဲ့ အဓိကငွေဝင်လမ်းကြောင်း စီးပွားရေးတွေအပေါ် ပိတ်ဆို့မှုထပ်လုပ်ပြီး သူတို့အရှိုက်ကိုထိုးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းခဲ့ပါတယ်။

    စစ်တပ်ပိုင်လုပ်ငန်းအားလုံးနဲ့ လက်တွဲဖြုတ်ဖို့ နိုင်ငံတကာကုမ္ပဏီတွေကို တိုက်တွန်းခဲ့​ပြီး ဒီကိစ္စမှာ စင်ကာပူက အဓိကအခန်းကဏ္ဍကနေပါဝင်တယ်လို့လည်း သူမက ဆိုပါတယ်။
    စင်ကာပူဟာ မြန်မာနိုင်ငံမှာ အကြီးဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူပါ။

    “မြန်မာစစ်တပ်က ထိပ်တန်းခေါင်းဆောင်တစ်ချို့ဟာ ၂၀၀၀ ပြည့်နှစ်တွေက စပြီး စင်ကာပူမှာ သီးခြားရင်းနှီးမြှုပ်နှံထားတာတွေ၊ ဘဏ်အကောင့်မှာ ငွေအပ်ထားတာတွေ တော်တော်များများ ရှိပါတယ်။​ ပြီးခဲ့တဲ့နှစ်အနည်းငယ်ကဆိုရင် ပိုလို့တောင် များလာပါတယ်” လို့ စတော့ဟော့ဒ်က ပြောပါတယ်။

    မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူရေးအတွက် စင်ကာပူမှာ အားသာချက်တွေ ရှိတယ်လို့လည်း သူကဆိုပါတယ်။

    Justice For Myanmar က ရတနာမောင်ကလည်း စစ်ခေါင်းဆောင်တွေအပေါ် အရေးယူမှု မြန်မြန်ဆန်ဆန်လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    “ထိရောက်တဲ့ အရေးယူမှုမျိုး အခုအချိန်မှာ မလုပ်ဘူးဆိုရင် စစ်တပ်ဟာ ပြည်သူအပေါ်မှာ ပိုအကြမ်းဖက်လာပြီး၊ ဒီမိုကရေစီလည်း ခေါင်းထောင်လို့ရတော့မှာ မဟုတ်ပါဘူး”
    ဒါပေမယ့် ဒီလိုပိတ်ဆို့မှုတွေဟာ တိုင်းပြည်ရဲ့စီးပွားရေးကို ထိခိုက်သွားစေမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေးသုတေသနပညာရှင် ရစ်ချက်ဟော်စီက ပိတ်ဆို့မှုတွေကြားမှာ ၁၀ စုနှစ်ချီ မြန်မာနိုင်ငံကိုအုပ်စိုးခဲ့တဲ့ စစ်ခေါင်းဆောင်တွေဟာ အခုတစ်ကြိမ်မှာလည်း ဒီအတွက် ပြင်ဆင်ထားပြီး ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    “ထိခိုက်မှု-ဆုံးရှုံးမှုနဲ့ပတ်သက်ပြီး ကျကျနန သုတေသနမလုပ်ဘဲ ပိတ်ဆို့မှုတွေ ပြင်းပြင်းထန်ထန်လုပ်ဖို့ တိုက်တွန်းမှုတွေကို ပေါ်လစီချမှတ်သူတွေက ​သတိထားရပါမယ်။ အုပ်စိုးသူတွေရဲ့ မကောင်းမှုကြောင့် မြန်မာပြည်သူလူထု ထိခိုက်ခံစားရတာမျိုးတော့ မဖြစ်ပါစေနဲ့”

    Ref: AFP