News @ M-Media

ဆန္ဒပြသူများကို အကြမ်းမဖက်ရန် စစ်ကောင်စီ ဒုတိယအကြီးအကဲကို ကုလက တိုက်ရိုက်သတိပေး

ဖေဖော်ဝါရီ ၁၆၊ ၂၀၂၁
M-Media

-ဆန္ဒပြသူတွေကိုအပေါ် အကြမ်းဖက်မယ်ဆိုရင် ‘ဆိုးရွားတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ’ ရင်ဆိုင်ရလိမ့်မယ်လို့ ကုလအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်က အာဏာသိမ်းစစ်ကောင်စီရဲ့ ဒုတိယအကြီးအကဲ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို သတိ​ပေးလိုက်ပါတယ်။

အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရာနာ ဘာဂီနာနဲ့ ဗိုလ်ချုပ်ကြီးစိုးဝင်းတို့ဟာ မနေ့က အွန်လိုင်းကနေတစ်ဆင့် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ဒီဆွေးနွေးမှုအကြောင်း မြန်မာ့ရုပ်မြင်သံကြားသတင်းမှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့ညက ကြေငြာခဲ့ပေမယ့် ဗိုလ်ချုပ်ကြီးစိုးဝင်းရဲ့ ပြောကြားမှုကိုသာ ဖော်ပြခဲ့ပါတယ်။

ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ဖာရ်ဟန် ဟက်က ဆွေးနွေးမှုအတွင်း ဘာဂီနာဟာ ဆန္ဒပြသူတွေကို အကြမ်းမဖက်ဖို့ သတိပေးတာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။

“ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကို လေးစားဖို့၊ ဆန္ဒပြသူတွေကို အညှိုးထား လက်တုန့်မပြန်ဖို့ မစ် ဘာဂီနာက ထပ်လောင်း ပြောကြားခဲ့ပါတယ်။ ကမ္ဘာကြီးက အနီးကပ်စောင့်ကြည့်နေပြီး အင်အားသုံးတုန့်ပြန်မယ်ဆိုရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ခံစားရမယ်ဆိုတာလည်း သူမက သတင်းစကားပါးခဲ့ပါတယ်”

အာဏာသိမ်းစစ်တပ်အနေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့၊ ဒီမိုကရေစီအဖွဲ့အစည်းတွေကို အလေးထားဖို့ အထူးကိုယ်စားလှယ်က တိုက်တွန်းခဲ့သလို၊ အင်တာနက်ဖြတ်တောက်မှုဟာ ဒီမိုကရေစီ အခြေခံစည်းမျဉ်းတွေကို ထိခိုက်စေတာဖြစ်တဲ့အတွက် မလုပ်ဆောင်ဖို့လည်း သတိပေးခဲ့ပါတယ်။

ဘာဂီနာနဲ့ အဏာသိမ်းစစ်ကောင်စီတို့ဟာ အာဏာသိမ်းပြီး ၂ ရက်အကြာမှာ ပထမဆုံးအကြိမ် ဆွေးနွေးမှု လုပ်ခဲ့ပါတယ်။

Ref: The Strait Times