News @ M-Media

Tag: Myanmar Military

  • မြန်မာ့အရေး ဆန္ဒပြသူ ၃ ဦးကို စင်ကာပူက ဖမ်းဆီးစစ်ဆေး

    မြန်မာ့အရေး ဆန္ဒပြသူ ၃ ဦးကို စင်ကာပူက ဖမ်းဆီးစစ်ဆေး

    ဖေဖော်ဝါရီ ၁၄၊ ၂၀၂၁
    M-Media

    စင်ကာပူရှိ မြန်မာသံရုံး

    -မြန်မာသံရုံးရှေ့မှာ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြခဲ့မှုအတွက် လူ ၃ ယောက်ကို စစ်ဆေးနေတယ်လို့ စင်ကာပူရဲတပ်ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

    အသက် ၄၈ နှစ်နဲ့ ၆၁ နှစ်အရွယ် ဂျပန်အမျိုးသားနှစ်ဦးနဲ့ အသက် ၄၉ နှစ်အရွယ် အင်ဒိုနီးရှားနိုင်ငံသားတို့ ဖြစ်ပါတယ်။ သူတို့ ၃ ဦးဟာ ဗုဒ္ဓဟူးနေ့ နေလည် ၃ နာရီ ၄၅ လောက်မှာ မြန်မာသံရုံးရှေ့သွားပြီး ‘မြန်မာပြည်သူတွေနဲ့ တစ်သားတည်းရှိကြောင်း’ ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

    ဆိုင်းဘုတ်နှစ်ခု၊ မိုဘိုင်းဖုန်းတွေနဲ့ စာတစ်စောင်ကို သိမ်းဆည်းခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ဒီနေ့ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    စင်ကာပူမှာ ရဲတပ်ဖွဲ့ရဲ့ခွင့်ပြုချက်မရဘဲ စုဝေးဆန္ဒ​ထုတ်ဖော်တာဟာ ရာဇဝတ်မှုမြောက်တယ်ဆိုတာ အများပြည်သူကို သတိပေးလိုတယ်လို့ ကြေငြာချက်က ဆိုပါတယ်။

    “နိုင်ငံခြားတိုင်းပြည်တွေရဲ့ နိုင်ငံရေးကိစ္စအတွက် တိုက်တွန်းဆော်ဩတဲ့ ဆန္ဒထုတ်ဖော်မှုမျိုးကို ရဲတပ်ဖွဲ့က ခွင့်ပြုချက် ထုတ်မပေးပါဘူး။ စင်ကာပူမှာနေထိုင်ကြတဲ့ ဒါမှမဟုတ် လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားသားတွေအနေနဲ့ စင်ကာပူရဲ့ဥပဒေကို လိုက်နာရပါမယ်”

    ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်ပွားပြီးတဲ့နောက် စင်ကာပူရောက် မြန်မာနိုင်ငံသားတွေ ဆန္ဒထုတ်ဖော်ဖို့ စီစဉ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီလို ဆန္ဒပြမှုတွေကို ခွင့်မပြုဘူးလို့ စင်ကာပူက ဖေဖော်ဝါရီ ၅ ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

    စင်ကာပူရဲတပ်ဖွဲ့ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဆန္ဒပြဖို့အတွက် အွန်လိုင်းမှာ ပြောတာတွေကို မိမိတို့ သိရှိတယ်လို့ ဆိုပါတယ်။

    “စင်ကာပူကို လာရောက်လည်ပတ်သူ၊ အလုပ်လာလုပ်သူ၊ လာရောက်နေထိုင်သူ နိုင်ငံခြားသားတွေအနေနဲ့ စင်ကာပူဥပဒေကို လိုက်နာဖို့ သတိပေးလိုပါတယ်။ ကိုယ့်နိုင်ငံက နိုင်ငံရေးပြဿနာတွေကို စင်ကာပူနိုင်ငံထဲ သယ်လာလို့ မရပါဘူး”

    ဥပဒေချိုးဖောက်သူတွေကို ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်ပြီး ဗီဇာရုပ်သိမ်းတာ၊ အလုပ်လုပ်ကိုင်ခွင့်ပါမစ် ရုပ်သိမ်းတာတွေပါ လုပ်ဆောင်မယ်လို့လည်း သတိပေးခဲ့ပါတယ်။

    Ref: CNA

  • သမိုင်းဆိုးများကို ချေဖျက်ပ​ြီး တိုင်းပြည်အနာဂတ်ကို ကိုယ်တိုင်ထုဆစ်ပုံဖော်ရတော့မည့် မြန်မာလူငယ်များ

    သမိုင်းဆိုးများကို ချေဖျက်ပ​ြီး တိုင်းပြည်အနာဂတ်ကို ကိုယ်တိုင်ထုဆစ်ပုံဖော်ရတော့မည့် မြန်မာလူငယ်များ

    ဖေဖော်ဝါရီ ၁၄၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းမှုနဲ့ ဒေါ်​အောင်ဆန်းစုကြည်ကို ဖမ်းဆီးမှုကြောင့် စစ်တပ်က ထိန်းချုပ်လို့မရတဲ့ အင်အားတွေ လူထုမှာ ပေါ်လာပါတယ်။

    မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုဟာ အားလုံးကို အစကနေပြန်စဖို့ ရည်ရွယ်တာပါ။ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရခဲ့တဲ့ ဒေါ်​အောင်ဆန်းစုကြည်ရဲ့အာဏာကို ချိန်ခွင်လျှာ ပြန်ညှိဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် လူမှုရေးနဲ့ စီးပွားရေး မတည်မငြိမ်ဖြစ်နေတဲ့အချိန် ဗိုလ်ချုပ်ကြီးတွေဟာ တော်လှန်ရေးအရွေ့သစ်တစ်ခုကို မရည်ရွယ်ဘဲ ဖန်တီးပေးလိုက်သလို ဖြစ်သွားပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ လက်ရှိအချိန်မှာတော့ ဘာမဆိုဖြစ်သွားနိုင်တဲ့အနေအထား ရောက်လာပါပြီ။

    လွန်ခဲ့တဲ့ ၁၁ နှစ်အရင်က အာဏာကိုင်ထားတဲ့ ဗိုလ်ချုပ်ကြီးတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး ရွေးကောက်ခံသမ္မ၊ လွှတ်တော်တို့နဲ့ စစ်တပ်အကြား အာဏာမျှယူမယ့် အခြေခံဥပ​ဒေပါ။ ၁၉၈၈ ခုနှစ်မှာ စစ်တပ်ကျောထောက်နောက်ခံပြု ဆိုရှယ်လစ် အာဏာရှင်စနစ်ကို ဖြုတ်ချပြီး သူတို့အမြတ်ထွက်မယ့် စျေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့တာလည်း ဒီဗိုလ်ချုပ်တွေပါပဲ။ နိုင်ငံရေးစနစ်သစ်ဟာ စစ်တပ်ရဲ့လွှမ်းမိုးမှုကို ဆက်ရှိနေပြီး သူတို့ရဲ့အကျိုးစီးပွားကို ကာကွယ်ပေးထားနိုင်သလို လူထုရဲ့ထောက်ခံမှုကို အတိုင်းအတာတစ်ခုအထိ ရလိမ့်မယ်လို့ သူတို့ ထင်ခဲ့ကြပါတယ်။ အဲဒီနောက် ဗိုလ်ချုပ်ဟောင်းတွေ နေရာဖယ်ပေးခဲ့တယ်။ မကြုံစဖူး နိုင်ငံရေးလွတ်လပ်ခွင့် ရရှိလာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲဝင်ပြိုင်ပြီး အနိုင်ရခဲ့ပါတယ်။

    အဲဒီနောက်ပိုင်း ၅ နှစ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အကြား ဆက်ဆံရေးဟာ ပန်းခင်းသောလမ်း မဟုတ်ခဲ့ပါဘူး။ လုံခြုံရေးပိုင်းကို စစ်တပ်က အပြည့်အ၀ ထိန်းချုပ်ထားပေမယ့် တစ်နှစ်ကို ကန်ဒေါ်လာ ၂၅ ဘီလီယံ​လောက်ရှိတဲ့ တိုင်းပြည်ရဲ့ဘက်ဂျက်နဲ့ နိုင်ငံခြားဆက်ဆံရေးအပါအဝင် အခြားအစိုးရကဏ္ဍအားလုံးကို ဒေါ်အောင်ဆန်းစုကြည်က ကိုင်တွယ်လုပ်ဆောင်ပါတယ်။ သူမဟာ ဩဇာကြီးလာသလို၊ လူကြိုက်လည်း ပိုများလာပါတယ်။ စစ်တပ်ကို သူမရဲ့ဩဇာအောက် ထားနိုင်မယ့် အခြေခံဥပဒေပြင်ဆင်ရေးကို သူမရဲ့ အဓိကရည်မှန်းချက်အဖြစ် သတ်မှတ်ထားပါတယ်။

    ပြီးခဲ့တဲ့နှစ် နိုဝင်ဘာရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အာဏာကို တစ်စိတ်တစ်ပိုင်းလျော့ပါးအောင် လုပ်နိုင်လိမ့်မယ်လို့ ကာကွယ်ရေးဦးစီးချုပ်က မျှော်လင့်ခဲ့သလို၊ သူကိုယ်တိုင် သမ္မတဖြစ်ဖို့လည်း မျှော်မှန်းခဲ့ပုံပါပဲ။ ဒါပေမယ့် NLD ကပဲ တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါတယ်။ အဲဒီနောက် ရွေးကောက်ပွဲ မသမာမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက် ပေါ်လာပြီး၊ မိမိတို့ကိုယ်တိုင် ပြန်စစ်မယ်လို့ စစ်တပ်က တောင်းဆိုပါတယ်။ ဒီတောင်းဆိုချက်ကို NLD က ငြင်းဆိုခဲ့ပြီးနောက် အာဏာသိမ်းမှု ပေါ်ပေါက်လာတာပါ။အာဏာသိမ်းမှုကို ရှောင်လွှဲလို့ မရတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို အင်အားနည်းအောင်လုပ်ပြီး၊ သူမရဲ့ ဒုတိယသက်တမ်းမှာ အခြေခံဥပဒေ ပြင်ဆင်တာမျိုး မဖြစ်စေလိုတဲ့ စစ်တပ်ရဲ့ရည်ရွယ်ချက်ကိုတော့ တားဆီးရှောင်လွှဲလို့ မရပါဘူး။

    စစ်တပ်ရည်ရွယ်ချက်က ၂၀၁၀ ခုနှစ်အခြေအနေကို ပြန်သွားပြီး၊ ဇာတ်လမ်းကို တစ်ကနေ ပြန်စဖို့ပါ။ အခုတစ်ခေါက်ဇာတ်လမ်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို လုံး၀ ဘေးဖယ်ထားလိုက်တော့မှာ ဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာ နေအိမ်အကျယ်ချုပ် ချခံထားရပါတယ်။ ကာကွယ်ရေးဦးစီးချုပ်က တစ်နှစ်အတွင်း ရွေးကောက်ပွဲလုပ်ပေးမယ်လို့ ကတိပေးထားပေမယ့် NLD ပါဝင်ပါ့မလားဆိုတာ သိပ်မသေချာပါဘူး။ ပြီးခဲ့တဲ့နှစ်ပတ်အတွင်း ဖမ်းဆီးမှုတွေကိုကြည့်ရင် စစ်တပ်ဟာ NLD ပါတီကို အမူဆင်နိုင်ဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။ ရွေးကောက်ပွဲ မသမာမှုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်အပြင် ခြစားတယ်၊ ပြည်ပက ဝင်ရောက်စွက်ဖက်တယ်ဆိုတဲ့ စွဲချက်တွေ ပါလာမှာပါ။ ခြစားမှုများပြီး ခက်ထန်ကြမ်းကြုတ်တဲ့ အတိတ်က အာဏာရှင်စနစ်မျိုးကို ကာကွယ်ရေးဦးစီးချုပ်က ပြန်သွားလိုပုံ မပေါ်ပါဘူး။ နိုင်ငံရေးအနေအထားအသစ်တစ်ခု ဖန်တီးဖို့ ကြိုးစားခဲ့ပေမယ့် နိုင်ငံရေးမှာ စစ်တပ်ရဲ့လွှမ်းမိုးမှု လုံး၀ဖယ်ရှားပစ်ချင်တဲ့ သာမန်ပြည်သူလူထုရဲ့ ပြင်းပြတဲ့ အာသီသကို ဗိုလ်ချုပ်မှူးကြီးတစ်ယောက် ထည့်မတွက်မိခဲ့ပါဘူး။

    အခုအချိန်မှာ လူသိန်းနဲ့ချီ လမ်းပေါ်ထွက်လာပြီး စစ်အာဏာရှင်စနစ်အဆုံးသတ်ဖို့ တိုက်တွန်းလာကြတယ်။ နိုင်ငံဝန်ထမ်းတွေနဲ့ ပုဂ္ဂလိကဝန်ထမ်း ထောင်သောင်းချီ အလုပ်ထွက်ပြီး အစိုးရယန္တရား အားနည်းသွားအောင်လုပ်တယ်။ ဒီတော်လှန်ရေးကို မျိုးဆက်သစ် တက်ကြွလှုပ်ရှားသူတွေက ဦးဆောင်တာ ဖြစ်ပါတယ်။

    ဆန္ဒပြမှုတွေဟာ စစ်တပ်ရဲ့အုပ်ချုပ်မှုကို ဖြုတ်ချနိုင်မယ့်အလားအလာ မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့အကြား ညှိနှိုင်းဆွေးနွေးနိုင်မယ့် ကြားဝင်​စေ့စပ်မှု ဖြစ်လာနိုင်စရာလည်း မရှိပါဘူး။ စစ်တပ်အရာရှိကြီးတွေ အမိန့်ဖီဆန်ပြီး ဘက်ပြောင်းလာတာမျိုးကတော့ ခေတ်သစ် မြန်မာနိုင်ငံရဲ့သမိုင်းမှာ လုံး၀ မရှိပါဘူး။ ညှိနှိုင်းဆွေးနွေးမှုဆိုတာ မြန်မာ့နိုင်ငံရေးဓလေ့မှာ နှာခေါင်းရှုံစရာ စကားလံုးသာဖြစ်ပါတယ်။

    ဆန္ဒပြမှုတွေ ပိုဖြစ်လာနိုင်သလို၊ ပြင်းပြင်းထန်ထန်နှိပ်ကွပ်ပြီး စစ်တပ်ရဲ့အာဏာ ခိုင်မာအောင်လုပ်တာမျိုးကလည်း မထိရောက်နိုင်ပါဘူး။ တိုင်းပြည်ဟာ အုပ်ချုပ်ရေးပျက်ပြားတာမျိုး ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ အဲဒီအချိန်ကျရင် ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှု၊ လူမျိုးရေးအခြေပြု လက်နက်ကိုင်ပဋိပက္ခ၊ အလွန်အမင်းဆင်းရဲမွဲတေမှု၊ မြင့်တက်လာတဲ့ လူတန်းစားမညီမျှမှု၊ ရာသီဥတုပြောင်းလဲမှုလို နိုင်ငံမှာ အမှန်တကယ်ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို မျက်ကွယ်ပြုတဲ့ နိုင်ငံရေးမျိုး ဖြစ်လာပါလိမ့်မယ်။ ရိုဟင်ဂျာဒုက္ခသည်နဲ့ အခြားဒုက္ခသည် ၁ သန်းလောက်ရှိနေတယ်။ နယ်စပ်မှာလည်း ဒါဇင်နဲ့ချီတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ရာနဲ့ချီတဲ့ ပြည်သူ့စစ်အဖွဲ့တွေက ပွထ​နေပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေပြုစီးပွားရေးမှာ အထွပ်အထိပ်က စစ်တပ်မဟုတ်ဘဲ အခြားအဖွဲ့အစည်းတွေထက် ပိုပြီးအားကောင်းတဲ့ နိုင်ငံဖြတ်ကျော် ငွေရှာတဲ့ ကွန်ယက်တွေဖြစ်ပါတယ်။ သန်းနဲ့ချီတဲ့သူတွေဟာ မြေယာတွေဆုံးရှုံးပြီး ထိုင်းနိုင်ငံကို ရွှေ့ပြောင်းသွားကြရတယ်။ သန်းပေါင်းများစွာသော ပြည်သူတွေလည်း အာမခံချက်မရှိတဲ့ဘ၀မျိုးမှာ နေထိုင်နေရပါတယ်။ တစ်နေ့ကို ငွေကျပ် ၃၀၀၀ ဝန်းကျင်အောက်သာ ဝင်ငွေရှိသူအရေအတွက်ဟာ ကပ်ရောဂါစတင်ဖြစ်ပွားပြီးနောက်ပိုင်း ၃ ဆတက်လာပြီး မြန်မာလူဦးရေရဲ့ ၆၃ ရာခိုင်နှုန်းအထိ ဖြစ်လာတယ်။ တစ်ချိန်တည်းမှာပဲ လွန်ခဲ့တဲ့ ၁၀ နှစ်အရင်က လူတိုင်း ဖုန်းမကိုင်နိုင်တဲ့ အနေအထားကနေ အခုအချိန်မှာတော့ လူတိုင်း Facebook သုံးနိုင်ကြပြီလို့ ပြောလို့ရပါတယ်။

    မြန်မာနိုင်ငံဟာ ဒီမိုကရေစီအချိုးအကွေ့ကို ရောက်နေတာမျိုးမဟုတ်ဘဲ အခြေခံကျကျ တော်လှန်ပြောင်းလဲပစ်ရမယ့်​ အခြေအနေမျိုးကို ရောက်နေတာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်တပ်အကြားမှာ ပြိုလဲသွားတဲ့ သဘောတူညီချက်ဟာ တကယ်တော့ ၅၄ သန်းရှိတဲ့ မြန်မာနိုင်ငံကို ပေါင်းစည်းပေးနိုင်ဖို့မရှိတဲ့ ကွန်ဆာဗေးတစ်ဆန်းလွန်တဲ့ အယူအဆမျိုးပါ။ အခု အပြောင်းအလဲဟာ ဘယ်လိုလမ်းကြောင်းကို ဦးတည်သွားမလဲဆိုတာ ကံသေကံမ မပြောနိုင်ပါဘူး။

    လူအိုတွေက ကြီးစိုးနေတာ၊ ရွေးကောက်ပွဲနဲ့ အခြေခံဥပဒေလောက်ကိုသာ အာရုံစိုက်နေတာတွေက ဒီနှစ်ပိုင်းတွေမှာ မြန်မာ့နိုင်ငံရေးကို ပိတ်ဆို့တားဆီးထားတဲ့ အကြောင်းအရင်းတွေပါ။ ဒီကနေ့ ဆန္ဒပြမှုတွေကို ဦးဆောင်သူတွေမှာ ရဲရင့်မှုနဲ့ ဆုံးဖြတ်ချက်ပြတ်သားမှုကို တွေ့ရတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုအားကောင်းတဲ့ မျိုးဆက်သစ်ဖြစ်ပြီး နည်းပညာနဲ့ အကျွမ်းတဝင်ရှိကာ ကမ္ဘာကြီးနဲ့လည်း ချိတ်ဆက်နိုင်ပါတယ်။ ဒါပေမယ့် အောင်မြင်ဖို့အတွက်ဆိုရင် လူမျိုးရေးစည်းဘောင်တွေကိုကျော်ကာ လူတန်းစားမညီမျှမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုတွေကို အဓိကထားတဲ့ ဖောက်ထွက်တဲ့ အယူအဆမျိုးကို သူတို့ ထုဆစ်ဖို့ လိုအပ်ပါတယ်။ လူ့အဖွဲ့အစည်းကို ပြန်လည်ပုံဖော်ပြီး၊ နိုင်ငံတော်ကို ပြန်လည်တည်ဆောက်ဖို့လည်း လိုအပ်ပါတယ်။ မြန်မာနိုင်ငံက လူငယ်တွေဟာ ဆိုးရွားတဲ့ သမိုင်းတွေကို အမွေခံထားရပြီး၊ အဲဒီသမိုင်းဆိုးတွေကို ဖက်တွယ်မထားဘဲ စွန့်ပစ်ရမှာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ နိုင်ငံရဲ့အနာဂတ်ဟာ လူငယ်တွေရဲ့ လက်ထဲကို ရောက်လို့လာခဲ့ပါပြီ။

    Ref: Financial Times

    (Financial Times တွင် ဖော်ပြထားသည့် Myanmar’s youth hold the country’s future in their hands ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။ ဆောင်းပါးရှင်းမှာ ကုလအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏မြေး သမိုင်းပညာရှင် ဒေါက်တာသန်းမြင့်ဦးဖြစ်ပါသည်)

  • မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူနိုင်ရေး တရုတ်ရဲ့ ဗီတိုအာဏာကို ဘယ်လိုကျော်လွှားမလဲ

    မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူနိုင်ရေး တရုတ်ရဲ့ ဗီတိုအာဏာကို ဘယ်လိုကျော်လွှားမလဲ

    ဖေဖော်ဝါရီ ၁၃၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံက ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို အရေးယူရေးကိစ္စမှာ ကုလသမဂ္ဂ လုံခြုံ​ရေးကောင်စီကို ဖိအားပေးရင်းနဲ့ပဲ တန်ဖိုးရှိတဲ့ အချိန်တွေ၊ ရင်းမြစ်တွေကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက အလဟသကုန်ဆုံးခဲ့ပါတယ်။ ကျွန်တော်လည်း အဲဒီထဲကတစ်ယောက်ဖြစ်တဲ့အတွက် ဒါကို သိနေတာပါ။

    ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ ကျွန်​တော်ဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေ နယူးယောက်မြို့ကို လေယာဉ်နဲ့ သွားရောက်ခဲ့ပါတယ်။ ကျွန်တော်အလုပ်လုပ်နေတဲ့အဖွဲ့ (Fortify Rights) နဲ့ အခြားအဖွဲ့ တော်တော်များများက ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်ထားတဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုကို လုံခြုံရေးကောင်စီမှာ ဖွင့်ချဖို့ပါ။ စစ်တပ်ဟာ ရွာပေါင်း ရာနဲ့ချီ မီးရှို့ဖျက်ဆီးခဲ့ပြီး၊ အမျိုးသား၊ အမျိုးသမီးတွေနဲ့ ကလေးတွေပါမကျန် သတ်ဖြတ်ခဲ့ပါတယ်။

    အဲဒီတုန်းက လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံကပြည်သူ​တွေကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့သလို အခုလည်း ကာကွယ်ဖို့ ပျက်ကွက်နေပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်မှာ မြန်မာစစ်တပ်က အာဏာသိမ်းခဲ့ပြီး ရွေးကောက်တင်မြှောက်ခံထားရတဲ့အစိုးရကို ဖြုတ်ချကာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ အရပ်သားဝန်ကြီးတွေ၊ လွှတ်တော်အမတ် အများအပြားကို ဖမ်းဆီးခဲ့ပါတယ်။

    အာဏာသိမ်းမှုမတိုင်ခင်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာ ဖားတစ်ပိုင်း ငါးတစ်ပိုင်းပါ။ စစ်တပ်ကို မတော်မတရား အာဏာပေးထားပြီး အပြစ်အနာဆာ ပရပွရှိနေတဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အခြေခံတဲ့ ဒီမိုကရေစီပါ။ အစိုးရကလည်း လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေမှာ အလိုတူအလိုပါ ပုံစံလို ဖြစ်နေပါတယ်။ ဒါပေမယ့် အခု အာဏာသိမ်းမှုဟာ ဒီထက်ပိုဆိုးသွားပြီး အတိတ်က စစ်အာဏာရှင်ခေတ်လို အပယ်ခံအကျဉ်ခံ၊ အမှောင်ဖုံးဘ၀ကို ပြန်ရောက်သွားလုနီးနီး ဖြစ်လာပါတယ်။ ဒါဟာ ဘယ်သူ့အတွက်မှ မကောင်းပါဘူး။

    အာဏာသိမ်းပြီး နောက်ရက်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အစည်းအဝေးခေါ်ပြီး ဆွေးနွေးပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းမှုကို ရှုတ်ချတဲ့ ကြေငြာချက်ကို တရုတ်နဲ့ ရုရှားတို့က ကန့်ကွက်ခဲ့ကြပါတယ်။ နောက်တစ်နေ့မှာ အာဏာသိမ်းစစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို လီဆယ်လုပ်ကြံပြီး တရားစွဲပါတယ်။ သူတို့နှစ်ဦးကို ဆက်ပြီးဖမ်းထားမယ်ဆိုတဲ့ သဘောထားကို လူသိရှင်ကြား ထုတ်ပြလိုက်တာပါ။ နောက်ဆုံးမှာတော့ တရုတ်က လိုက်လျောတဲ့အတွက် လုံခြုံရေးကောင်စီဟာ သိပ်အားမပါတဲ့ ကြေငြာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ သံတမန်ရေးရာ အောင်မြင်မှုလို့ ပြောကြပေမယ့် ဆိုးဆိုးရွားရွားအခြေအနေတွေကို အရေးမယူဘဲ ​ပျားရည်နဲ့ ဝမ်းချတာမျိုးပါ။

    လုံခြုံရေးကောင်စီရဲ့ ပြဿနာအရင်းအမြစ်က ဗီတိုအာဏာဖြစ်ပါတယ်။ အထူးသဖြင့် တရုတ်နဲ့ ရုရှားတို့ရဲ့ အသုံးပြုမှုပါ။ ဗီတိုအာဏာ ဒါမှမဟုတ် ဗီတိုသုံးမယ်လို့ ခြိမ်းခြောက်မှုဟာ တရုတ်အတွက် သူမကြိုက်တာကို ဖျက်ဆီးနိုင်မယ့် တော်ပီဒိုဒုံးကျည်လိုပါပဲ။ အရင်ကတည်းက အခုအချိန်အထိ နိုင်ငံရေး၊ လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းတွေ ပေါ်လာတိုင်း၊ အရေးယူဖို့ လိုအပ်လာတိုင်း တရုတ်ဟာ ဒီနည်းလမ်းနဲ့ လုံခြုံရေးကောင်စီက ဘာမှလုပ်မရအောင် ဟန့်တားခဲ့ပါတယ်။

    အခုတစ်ခါတော့ ဒီလိုဖြစ်လို့ မရတော့ပါဘူး။

    ၁၉၅၀ ပြည့်နှစ် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ‘ငြိမ်းချမ်းရေးအတွက် စည်းလုံးခြင်း’ ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ပြဌာန်းခဲ့ပါတယ်။ စစ်အေးကာလအတွင်း ဆိုဗီယက်ပြည်ထောင်စုက ဗီတိုအာဏာကို အမြဲတမ်းလိုလို အသုံးပြုနေမှုကို တုန့်ပြန်ဖို့ပါ။ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိပါးလာတဲ့ အခြေအနေမျိုး နိုင်ငံတွေမှာ ဖြစ်လာတဲ့အချိန် ​လုံခြုံရေးကောင်စီက ဘာမှမလုပ်နိုင်ရင် အထွေထွေညီလာခံက ကိုင်တွယ်ဆောင်ရွက်ဖို့ လမ်းကြောင်းတစ်ခု ဖော်ပေးလိုက်တာ ဖြစ်ပါတယ်။

    အထွေထွေညီလာခံ ကျင်းပတဲ့အချိန် မဟုတ်ရင်လည်း ‘အရေးပေါ်အထူးအစည်းအဝေး’ ခေါ်ပြီး ကိုင်တွယ်ဆောင်ရွက်လို့ရပါတယ်။ ဒီလိုအစည်းအဝေးမျိုးက သိပ်နည်းပါတယ်။ ပြီးခဲ့တဲ့ ၆၅ နှစ်အတွင်း ဒီလိုအစည်းအဝေးမျိုး ၁၀ ကြိမ်သာ လုပ်ခဲ့ပါတယ်။ အခုတော့ နောက်တစ်ကြိမ်လုပ်ဖို့ အချိန်ကျလာပါပြီ။

    ဒီအထူးအစည်းအဝေးကို လုံခြုံရေးကောင်စီက အဖွဲ့ဝင်နိုင်ငံ ၉ ခု ဒါမှမဟုတ် ဗီတိုကိုင်ထားတဲ့ နိုင်ငံအများစုရဲ့ ထောက်ခံမဲနဲ့ ခေါ်ယူကျင်းပလို့ ရပါတယ်။ ဒီအစည်းအဝေးကျင်းပဖို့ အဓိကအချက်နှစ်ခု လိုပါတယ်။ ပထမအချက်က လုံခြုံရေးကောင်စီအနေနဲ့ ဘာမှ မဆောင်ရွက်နိုင်တဲ့အခြေအနေမျိုး ဆိုက်ရောက်နေတာ၊ ဒုတိယက ‘ငြိမ်းချမ်းရေးကို ခြိမ်းခြောက်မှု၊ ငြိမ်းချမ်းရေးပျက်ဆီးမှု ဒါမှမဟုတ် ကျူးကျော်မှု’ အခြေအနေမျိုး ဖြစ်လာတာတွေပါ။

    စစ်တပ်အာဏာသိမ်းမှုတွေ၊ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေ၊ နိုင်ငံဖြတ်ကျော် ဒုက္ခသည်ပြဿနာတွေဟာ နိုင်ငံတကာငြိမ်းချမ်းရေးကို ​ခြိမ်းခြောက်လာနိုင်တယ်လို့ လုံခြုံရေးကောင်စီက သတ်မှတ်ထားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အခြေအနေဟာ လိုအပ်တဲ့ အချက်အားလုံးနဲ့ ကိုက်ညီနေပါတယ်။ နောက်ထပ် ငြင်းမရတဲ့အချက်က လုံခြုံရေးကောင်စီဟာ မြန်မာ့အရေးနဲ့ပတ်သက်လာရင် ဘာမှ ထိထိရောက်ရောက် မဆောင်ရွက်နိုင်တာ နှစ်တော်တော်များများ ကြာခဲ့ပါပြီ။ အနီးကပ်ဆုံး အဖြစ်အပျက်တစ်ခုကို ပြရရင် ၂၀၁၈ ခုနှစ်မှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကို ကိုယ်စားလှယ်အဖွဲ့တစ်ခု စေလွှတ်ခဲ့တာပါ။ ဒါပေမယ့် ဘာမှ ဖြစ်မလာပါဘူး။

    လုံခြုံရေးကောင်စီရဲ့ ပုံမှန်လည်ပတ်ဆောင်ရွက်မှုတွေဟာ ၉၆ ပါး ရောဂါပျောက်ဆေး မဟုတ်သလိုဘဲ ကုလရဲ့ အရေးပေါ် အထူးအစည်းအဝေးကလည်း ‘ဥုံဖွပျောက်စေ’ မဟုတ်ပါဘူး။ ဒါပေမယ့် စစ်အာဏာသိမ်းမှုကို ကမ္ဘာက အပြင်းထန်ဆုံးရှုတ်ချမှု ဖြစ်လာမှာဖြစ်ပြီး မှန်မှန်ကန်ကန်သာ ဆောင်ရွက်နိုင်ခဲ့ရင် ထိရောက်တဲ့ အရေးမှုလည်း ပေါ်ပေါက်လာနိုင်ပါတယ်။

    အရင်က အရေးပေါ်အထူးအစည်းအဝေးတွေမှာ အပစ်ရပ်ရေး၊ စီးပွားရေးပိတ်ဆို့မှု၊ လက်နက်တင်သွင်းခွင့် ပိတ်ပင်မှု၊ ကုလ​သမဂ္ဂ စောင့်ကြည့်ရေးတပ်တွေ၊ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်တွေ စေလွှတ်မှု စတာတွေ လုပ်ဆောင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံကိစ္စမှာလည်း ဒီနည်းလမ်းတွေအားလုံးကို ထည့်သွင်းစဉ်စားလို့ ရပါတယ်။ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ချထားဖို့ မြန်မာနိုင်ငံက ငြင်းခဲ့ရင်တောင် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်ခြားမှာ ချထားဖို့ ကုလအထွေထွေညီလာခံက အဆိုပြုနိုင်ပါတယ်။ ဒါဆိုရင် လက်ရှိအခြေအနေမှာ အန္တရာယ်ရှိတဲ့အနေအထားကို ရောက်နေတဲ့ ရိုဟင်ဂျာတွေ အရင်ကတည်းက တောင်းဆိုထားမှုကို ဖြည့်ဆည်းပေးတာမျိုး ဖြစ်သွားမှာပါ။

    မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို သီးခြားစစ်ဆေးမယ့် ခုံရုံးတွေကိုလည်း ကုလအထွေထွေညီလာခံက ဖွဲ့ပေးလို့ ရပါတယ်။ ဆီရာလီယိုနီနိုင်ငံအတွက် အထူးခုံရုံး၊ ကမ္ဘောဒီယားအတွက် အထူးခုံရုံးတွေကို အရင်က ဖွဲ့ပေးခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံက သဘောမတူရင် ဒီခုံရုံးတွေဟာ တရားဝင်အမိန့်ချမှတ်နိုင်မယ့် တရားရေးအဖွဲ့အစည်း မဖြစ်ပါဘူး။ ဒါပေမယ့် အရေးယူမှု ဆောင်ရွက်နိုင်မယ့် ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ပါတယ်။

    အဖွဲ့ဝင် ၄၇ နိုင်ငံပါတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဟာ သောကြာနေ့ (မနေ့) မှာ အစည်းအဝေးလုပ်ပြီး မြန်မာနိုင်ငံအရေး ဆွေးနွေးခဲ့ပါတယ်။ ဒါဟာ အရေးပါတဲ့ ဖြစ်ပေါ်တိုးတက်မှုဖြစ်ပြီး ကုလအထွေထွေညီလာခံရဲ့ အရေးပေါ်အထူးအစည်းအဝေး ခေါ်ယူဖို့ အခြေခံလည်း ဖြစ်လာမှာပါ။

    လက်ရှိ မြန်မာပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြမှုဟာ ၂၀၀၇ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးပါ။ စစ်တပ်က ဘယ်လောက်အန္တရာယ်ရှိလဲဆိုတာကို ပြည်သူတွေ ကောင်းကောင်းသိပါတယ်။ လက်နက်မဲ့ ဆန္ဒပြသူတွေကို အာဏာပိုင်တွေက ပစ်ခတ်တာ၊ အစုလိုက်အပြုံလိုက် ဖမ်းဆီးတာ စတဲ့ အန္တရာယ်တွေ လည်း ရှိနေပါတယ်။ မြန်မာ့အရေးဟာ နိုင်ငံတကာ အသိုင်းအဝိုင်းက အားနဲ့အင်နဲ့ ချက်ချင်းလက်ငင်း တု့န်ပြန်ရမယ့် အရေးတစ်ခုပါ။ ဗိုလ်ချုပ်တွေကို အာဏာရှင်လမ်းကြောင်း ပို့ပေးနေသူတွေရဲ့ အနိုင်ကျင့်မှုကို ခံရတဲ့ အဖွဲ့အစည်းမျိုး ကုလအနေနဲ့ ထပ်ပြီး မဖြစ်သင့်တော့ပါဘူး။

    Ref: Washington Post

    (Washington Post တွင် ဖော်ပြထားသည့် How to dodge the Chinese veto on Myanmar ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • စစ်ခေါင်းဆောင်များကို ယခင်က ထိထိရောက်ရောက် အရေးမယူနိုင်ခဲ့၍ ယခုလိုဖြစ်ခြင်းဟု ကုလအကြီးအကဲ ပြော

    စစ်ခေါင်းဆောင်များကို ယခင်က ထိထိရောက်ရောက် အရေးမယူနိုင်ခဲ့၍ ယခုလိုဖြစ်ခြင်းဟု ကုလအကြီးအကဲ ပြော

    ဖေဖော်ဝါရီ ၁၃၊ ၂၀၂၁
    M-Media

    -ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ အာဏာသိမ်းမှုဆန့်ကျင်ရေးလူထုကို အကြမ်းမဖက်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ပါတယ်။

    မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး အဖွဲ့ဝင် ၄၇ နိုင်ငံပါ ကုလ လူ့အခွင့်အရေးကောင်စီက မနေ့မှာ အစည်းအဝေးလုပ်ကာ ဆုံးဖြတ်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ မဲခွဲစရာမလိုဘဲ တစ်ညီတစ်ညွတ်တည်း ထုတ်ပြန်ခဲ့တာဖြစ်ပေမယ့် တရုတ်နဲ့ ရုရှားတို့က ဒီဆုံးဖြတ်ချက်ကို သူတို့မထောက်ခံဘူးလို့ နောက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

    ကုလရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်က အာဏာသိမ်းစစ်အုပ်စုကို စီးပွားရေးပိတ်ဆို့မှု၊ လက်နက်ရောင်းချမှု ပိတ်ဆို့တာ၊ ခရီးသွားလာခွင့်ပိတ်တာ စတဲ့ နည်းလမ်းပေါင်းစုံနဲ့ အရေးယူဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို စောစောပိုင်းမှာ တိုက်တွန်းခဲ့ပါတယ်။

    အာဏာသိမ်းစစ်ကောင်စီကို ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တဲ့ အမေရိကန်က အခြားနိုင်ငံတွေအနေနဲ့ ဒီလို အရေးယူဖို့ မနေ့က လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ တိုက်တွန်းခဲ့ပါတယ်။

    မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေဟာ ဆန္ဒပြသူတွေကို ကျည်အစစ်နဲ့ ပစ်ခတ်တယ်ဆိုတဲ့ ‘သတင်းတွေ၊ ဓာတ်ပုံအထောက်အထားတွေ’ ပေါ်ထွက်လာတာကို ကုလရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် သောမတ်စ် အန်ဒရူးက ထောက်ပြခဲ့ပါတယ်။

    “ဒီလိုအခြေအနေမျိုးနဲ့ပတ်သက်ပြီး လုံခြုံးရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေမှာ စီးပွားရေးပိတ်ဆို့တာ၊ လက်နက်ရောင်းချမှုပိတ်တာနဲ့ ခရီးသွားလာခွင့်ပိတ်တာတွေ၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံးနဲ့ တစ်ခြားရုံးတွေမှာ ဥ​ပ​ေဒေကြောင်းနဲ့ အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းတာတွေ ပါဝင်ပါတယ်။ အရေးယူမယ့် နည်းလမ်းအားလုံးကို ထည့်စဉ်းစားသင့်ပါတယ်”

    ကုလဆိုင်ရာ ဩစတီးယားသံအမတ် အလီဇဘသ် တီချီ-ဖစ်လ်ဘာဂါက မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်ပေးဖို့ဟာ မိမိတို့ရဲ့အလုပ် ဖြစ်တယ်ဆိုတာ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကနေတစ်ဆင့် မြန်မာပြည်သူတွေကို သတင်းစကားပါးချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံက ရွေးကောက်ခံ လွှတ်တော်အမတ် ၃၀၀ ခန့်က ရေးသားပေးပို့တဲ့ စာတစ်စောင်ကို မနေ့က လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ဖတ်ကြားခဲ့ပါတယ်။ အဲဒီစာထဲမှာ အာဏာသိမ်းပြီးနောက် စစ်အုပ်စုရဲ့ ‘ဆိုးဆိုးရွားရွား လူ့အခွင့်အရေးချိုးဖောက်မှု’ တွေကို ကုလသမဂ္ဂက စုံစမ်းအရေးယူပေးဖို့ တိုက်တွန်းထားပါတယ်။

    လူ့အခွင့်အရေးကောင်စီရဲ့ ဒုတိယအကြီးအကဲ နာဒါလ် အလ်-နာရှစ်ဖ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့၊ သမ္မတဦးဝင်းမြင့်၊ အစိုးရတာဝန်ရှိသူတွေ၊ ဘုန်းတော်ကြီးတွေ၊ ကျောင်းသားတွေအပါအဝင် လူပေါင်း ၃၅၀ လောက် အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားတာကို ရှုတ်ချခဲ့ပါတယ်။

    ဒီမိုကရေစီကို စော်ကားတာ၊ ဆန္ဒပြသူတွေကို အကြမ်းဖက်တာတွေနဲ့ပတ်သက်ပြီး ကုလတာဝန်ရှိသူတွေ၊ သံတမန်တွေ အားလုံးက ရှုတ်ချခဲ့ပါတယ်။

    “ကမ္ဘာကြီးက ရှင်တို့ကို စောင့်ကြည့်နေတယ်။ ရှင်းရှင်းပဲပြောပါမယ်။ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့သူတွေကို အသက်သေနိုင်လောက်တဲ့၊ ပြင်းပြင်းထန်ထန် ထိခိုက်နိုင်လောက်တဲ့ လက်နက်တွေ အသုံးပြုပြီး နှိမ်းနင်းတာကို လုံး၀ လက်မခံပါဘူး” လို့ အလ်-နာရှစ်ဖ်က ပြောပါတယ်။

    လွတ်လပ်စွာ စုဝေးခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့်တွေကို ကန့်သတ်ဖို့ရည်ရွယ်ပြီး ထုတ်ပြန်တဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ အမိန့်တွေကို ရှုတ်ချတယ်လို့ သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ကုလဆိုင်ရာ အမေရိကန်သံအမတ် မာ့ခ် ကက်ဆေရီက တရားလက်လွတ် ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ဖို့၊ အာဏာသိမ်းစစ်အုပ်စုကို ပိတ်ဆို့မှုအပါအဝင် နည်းလမ်းပေါင်းစုံနဲ့ အရေးယူဖို့ တိုက်တွန်းခဲ့ပါတယ်။

    ကုလဆိုင်ရာ မြန်မာနိုင်ငံသံအမတ် ဦးမြင့်သူက ကုလသမဂ္ဂနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံတကာ လူ့အခွင့်အရေး စာချုပ်တွေကို လေးစားလိုက်နာသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို လက်မခံဘူးလို့ ဆိုပါတယ်။

    ထိထိရောက်ရောက် အရေးမယူနိုင်မှု

    မြန်မာနိုင်ငံမှာ လက်ရှိ ပေါ်ပေါက်နေတဲ့ ပြဿနာတွေဟာ စစ်တပ်ကို အရပ်သားအစိုးရက မထိန်းချုပ်နိုင်တာ၊ နိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးနယ်ပယ်မှာ စစ်တပ်က လက်ဝါးကြီးအုပ်ကြီးစိုးမှုကို မဖယ်ရှားနိုင်တာတွေနဲ့ အရင်က စစ်ခေါင်းဆောင်တွေကို အရေးမယူနိုင်ခဲ့တာတွေကြောင့် ဖြစ်တယ်လို့ လူ့အခွင့်အရေးကောင်စီ ဒုတိယအကြီးအကဲ အလ်-နာရှစ်ဖ် ပြောကြားခဲ့ပါတယ်။

    “ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း မြန်မာစစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ နိုင်ငံတကာဥပဒေအရ ဆိုးဆိုးရွားရွား ရာဇဝတ်မှုတွေအကြောင်း လူ့အခွင့်ဆိုင်ရာ ကော်မရှင်နာမင်းကြီးတွေ၊ ကျွမ်းကျင်သူတွေနဲ့ အရင့့်အရင် တာဝန်ရှိသူတွေက ဒီကောင်စီမှာ တင်ပြခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး အရေးယူမှု မရှိတာကြောင့် စစ်ခေါင်းဆောင်တွေ ပိုအတင့်ရဲလာကာ ဒီနေ့လို အခြေအနေမျိုး ပေါ်ပေါက်လာတာ ဖြစ်ပါတယ်”

    မြန်မာနိုင်ငံ ခေတ်သစ်ဒီမိုကရေစီနိုင်ငံအဖြစ် ပေါ်ပေါက်လာဖို့အတွက် စစ်တပ်က အဓိကအဆီးအတားဖြစ်နေတယ်ဆိုပြီး ၂၀၁၈ ခုနှစ် အစီရင်ခံစာမှာ လူ့အခွင့်အရေးကောင်စီ အချက်အလက်ရှာဖွေရေးအဖွဲ့က ပြောကြားထားမှုကို အလ်-နာရှစ်ဖ်က ထောက်ပြခဲ့ပါတယ်။

    “တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ လက်ရှိ စစ်တပ်ခေါင်းဆောင်ပိုင်းကလူတွေကို အအစားထိုးရမှာဖြစ်သလို၊ တပ်မတော်ကို ပြည်သူလူထုရဲ့ ထိန်းချုပ်မှုအောက်မှာ လုံး၀ ထားရှိဖို့လည်း ဆောင်ရွက်ရပါမယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုက ဒီအပေါ်မှာ မူတည်နေပါတယ်”

    “ရွေးကောက်ပွဲရလဒ်ကိုလေးစားရေး၊ အရပ်သားအစိုးရကို အာဏာပြန်ပေးရေး၊ မတရားသဖြင့် ဖမ်းဆီးထားသူတွေကို ချက်ခြင်းလွှတ်ပေးရေး အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို အပြစ်ထန်ဆုံးနည်းလမ်းနဲ့ တိုက်တွန်းဆော်ဩဖို့” အလ်-နာရှစ်ဖ်က လူ့အခွင့်အရေးကောင်စီကို တိုက်တွန်းခဲ့ပါတယ်။

    Ref: Reuters, UN News

  • Gen Z တွေရဲ့ လှည့်ကွက်မှာ မျက်စိလည်လာတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်များ

    Gen Z တွေရဲ့ လှည့်ကွက်မှာ မျက်စိလည်လာတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်များ

    ဖေဖော်ဝါရီ ၁၂၊ ၂၀၂၁
    M-Media

    -ဒီမိုကရေစီ ရပ်ဆိုင်းသွားစေတဲ့ အာဏာသိမ်းမှုတွေကို လူငယ်တွေက ဒေါသတကြီး တုန့်ပြန်ကြလိမ့်မယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တစ်ယောက် မမျှော်လင့်ခဲ့တာ ပေါ်လွင်လာပါပြီ။ နိုင်ငံတစ်ဝှမ်း Z မျိုးဆက် (Gen Z) တွေရဲ့ လမ်းပေါ်ထွက်ဆန္ဒပြမှုဟာ အာဏာပြန်သိမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေ ခေတ်သစ်ရဲ့ တုန့်ပြန်မှု ခံရတာကို ဖော်ကျူးနေပါတယ်။

    ဖေဖော်ဝါရီ ၈ ရက်နေ့ တီဗီကနေ ပထမဆုံး မိန့်ခွန်းပြောစဉ်က ဗိုလ်ချုပ်မှူးကြီးတစ်ယောက် ​ခက်ထန်နေပေမယ့် ယုံကြည်ချက်အပြည့် ရှိနေပုံပါ။ တစ်ချိန်တည်းမှာပဲ နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေကလည်း အကြီးအကျယ် ဖြစ်ပေါ်နေပါတယ်။

    အခုတစ်ခေါက် ဆန္ဒပြပွဲတွေဟာ ၁၉၈၈ ခုနှစ်နဲ့ တော်တော်လေးကို ကွဲပြားခြားနားသွားပါပြီ။ အဲဒီတုန်းက ဒီမိုကရေစီတောင်းဆိုကြတဲ့ လက်နက်မဲ့ လူအုပ်ထဲကို စစ်သားတွေဟာ ရိုင်ဖယ်ကျည်ဆံအထွေးလိုက် ပစ်ထည့်နှိမ်းနှင်းခဲ့ပါတယ်။ ဗုဒ္ဓဘာသာဘုန်းကြီးတွေဦးဆောင်တဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောက်တော်လှန်ရေးနဲ့လည်း အခုတစ်ကြိမ်က မတူပါဘူး။ အရင်ဆန္ဒပြမှုတွေကို နှိပ်ကွပ်ခဲ့တဲ့အတိုင်း ရွှေဝါရောင်တော်လှန်ရေးမှာ စစ်သားတွေဟာ အင်အားသုံးပြီး ပြင်းပြင်းထန်ထန် နှိမ်နှင်းခဲ့ပါတယ်။

    Z မျိုးဆက် (GenZ) ၀င်တွေကို ဆိုရှယ်မီဒီယာနဲ့ အင်တာနက် ကျင်လည်စွာ သုံးနိုင်တဲ့ ‘ဒစ်ဂျစ်တယ်မျိုးဆက်’ လို့ သတ်မှတ်ပါတယ်။ အာဏာသိမ်းအစိုးရက သတင်းစီးဆင်းမှု ပိတ်တာကို ကျော်တတ်ခွတတ်ယုံသာမက ဟောင်ကောင်နဲ့ ထိုင်းတို့က ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေကို အတုယူပြီး အုပ်စုလိုက် လှုပ်ရှားဆန္ဒပြမှုတွေလည်း လုပ်ဆောင်တတ်နေပါပြီ။

    ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို​ ဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်တာဟာ တနင်္လာနေ့က နှစ်ပတ်တင်းတင်းပြည့်ပါပြီ။ စစ်တပ်က ခြိမ်းခြောက်မှုတွေ၊ တားဆီးဟန့်တားမှုတွေ လုပ်ဆောင်ပေမယ့် လူငယ်အမျိုးသမီး အများစုပါဝင်တဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ ပါးနပ်မှုကြောင့် ဆန္ဒပြမှုတွေက လျော့မသွားပါဘူး။

    မြန်မာနိုင်ငံတစ်ဝှမ်း မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲက မြို့နယ် ၂၀၀ လောက်မှာဆန္ဒပြမှုတွေ တစ်စထက်တစ်စ ကြီးမားကျယ်ပြန့်လာပါတယ်။ NLD ပါတီက တောင်ပြိုကမ်းပြိုအနိုင်ရခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲမှာ မဲမသာမှုတွေရှိခဲ့တယ်ဆိုတဲ့ မခိုင်လုံတဲ့အကြောင်းပြချက်နဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေကြတာ ဖြစ်ပါတယ်။

    ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာကြောင့် NLD ဟာ ဒုတိယအကြိမ် အစိုးရဖွဲ့ပြီး တိုင်းပြည်ကို နောက်ထပ် ၅ နှစ် အုပ်စိုးခွင့် ရသွားခဲ့ပါတယ်။

    လူငယ်တွေအတွက် ဒီဆန္ဒပြမှုဟာ NLD ကြောင့်၊ ဖမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြောင့် ဆိုတာမျိုးမဟုတ်ဘဲ ၂၀၁၂ ခုနှစ် တိုင်းပြည်ကို ပြင်ပကမ္ဘာနဲ့ ဆက်ဆံခွင့် စပေးချိန်ကတည်းက ခံစားလာရတဲ့ လွတ်လပ်စွာ ဖော်ထုတ်တင်ပြမှုဆုံးရှုံးစေမယ့် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပါတယ်။

    အခုအချိန်မှာတော့ စစ်တပ်ဟာ ဆင်ဆာဖြတ်မယ့်၊ အာဏာပိုင်တွေက တောင်းတဲ့အချိန် အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ဆိုရှယ်မီဒီယာကုမ္ပဏီတွေက ပေးရမယ့် ပြင်းထန်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေတစ်ခုကို အသက်သွင်းဖို့ လုပ်နေပါတယ်။

    ဆိုရှယ်မီဒီယာတစ်ချို့ကို ပိတ်ပစ်ဖို့၊ ကန့်သတ်ဖို့ စစ်တပ်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို GenZ တွေနဲ့ အခြား တက်ကြွလှုပ်ရှားသူတွေက တစ်ခြားဆင်းကဒ်တွေ၊ VPN တွေကို အသုံးပြုပြီး ကျော်လွှားနေကြပါတယ်။

    ဆိုရှယ်မီဒီယာတွေကို အသုံးပြုခွင့် ရနေသူတွေဟာ ရဲတပ်ဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဖော်ထုတ်ဖွင့်ချနေပါတယ်။ ဆန္ဒပြသူတွေကို ပစ်ခတ်တဲ့ ရဲအရာရှိတွေကို အမည်၊ ဓာတ်ပုံတွေနဲ့တကွ သူ့တို့ရဲ့လုပ်ရပ်ကို ချပြတာတွေမျိုး ရှိလာတယ်။

    ညဘက်တွေမှာ တက်ကြွလှုပ်ရှားသူတွေကို တိတ်တိတ်လေး လာရောက်ဖမ်းဆီးတာကိုလည်း ဗီဒီယိုတွေရိုက်ပြီး ဆိုရှယ်မီဒီယာတွေမှာ တင်ကြတယ်။ ငွေပေးခိုင်းထားတဲ့သူ​တွေ သံတုတ်တွေကိုင်ပြီး ထရပ်ကားနဲ့ ဆန္ဒပြသူတွေကို နှောက်ယှက်ဖို့ လုပ်တာမျိုးကိုလည်း​ေ ကားပေါ်က ကင်မရာတွေနဲ့ ရိုက်ကူး ဖြန့်ဝေကြပါတယ်။

    ရှမ်းပြည်နယ် အင်းလေးကန်မှာ လူတွေက သစ်သားလှေတွေပေါ်မှာ လော်စပီကာတွေ၊ ဆိုင်းဘုတ်တွေကိုင်ပြီး ဆန္ဒပြကြတဲ့ ဗီဒီယိုတွေ၊ နိုင်ငံမြောက်ပိုင်း တရုတ်နဲ့ကပ်နေတဲ့ နယ်စပ်မြို့ နမ့်ခမ်းမှာ မော်တော်ဆိုင်ကယ်တွေနဲ့ လှည့်ပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြမှု ဗီဒီယိုတွေ၊ ကယားပြည်နယ် လွိုင်ကော်မြို့နဲ့ မကွေးမြို့တွေမှာ ရဲတပ်ဖွဲ့ဝင်တွေ ဆန္ဒပြသူတွေနဲ့ ပူးပေါင်းတဲ့ ဗီဒီယိုတွေလည်း ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့လာပါတယ်။

    Z မျိုးဆက် ဆန္ဒပြသူတွေဟာ စိတ်ကူးစိတ်သန်း ကောင်းမွန်ကြပါတယ်။ လူ ၅ ဦးထက် ပိုမစုရလို့ အာဏာသိမ်းစစ်အစိုးရက အမိန့်ထုတ်လိုက်ပြီးတဲ့နောက် မြို့တစ်ခုမှာ လူငယ်တွေဟာ ၅ ယောက်တစ်ဝိုင်းစီ ခပ်ခွာခွာ စုထိုင်ကြပါတယ်။ အဲဒီလို ၅ ယောက်တစ်စုနဲ့ပဲ မြို့တစ်မြို့လုံးကလမ်းတွေ ပြည့်သွားပါတယ်။

    သရဲတစ္ဆေပုံစံ ဝတ်စားပြီး “စစ်အာဏာရှင်ဟာ ငါတို့ထက် ကြောက်ဖို့ကောင်းတယ်” ဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ကာ လူငယ်တွေ ဆန္ဒပြကြသလို၊ ​အလှမယ်ပြိုင်ပွဲက ရောင်စုံဝတ်စုံတွေဝတ်ကာ အာဏာသိမ်းခေါင်းဆောင်တွေကို လှောင်ပြောင်ဆန္ဒပြတာမျိုးလည်း ရှိပါတယ်။

    မန္တလေးမြို့မှာဆိုရင် လူငယ်တွေကိုအားကျပြီး လူကြီးတွေကပါ ဝတ်စုံမျိုးစုံကို ဝတ်ဆင်ဆန္ဒပြလာကြပါတယ်။ နိုင်ငံအလယ်ပိုင်း တောင်ပြုံးနတ်ပွဲမှာ ဝတ်ဆင်လေ့ရှိတဲ့ နတ်ဝတ်နတ်စားအတိုင်း ဝတ်ဆင် ဆန္ဒပြကြတာပါ။

    နတ်ဒေဝါနဲ့ လောကီအစီအရင်တွေကို ယုံကြည်လက်ခံကြတဲ့သူတွေက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို အပြစ်ပေးဖို့အတွက် ပိုင်ရာဆိုင်ရာတွေကို တိုင်တည်တာ၊ ကျိန်စာတိုက်တာတွေ လုပ်ကြပါတယ်။

    ထပ်ပြီးပြောရရင် ဆေးရုံ၊ ဆေးခန်းတွေက ကျန်းမာရေးဝန်ထမ်းတွေဟာ အာဏာသိမ်းအစိုးရကို ဆန္ဒပြကြပေမယ့် လူထု ထိခိုက်ခံစားမှုမရှိအောင် သတိထား လုပ်ကိုင်လာကြပါတယ်။ သူတို့တွေဟာ ဘုန်းကြီးကျောင်းတွေမှာ အခြေစိုက်ပြီး လူနာတွေကို ကုသပေးကြတာပါ။

    စက်ရုံအလုပ်ရုံ၊ သတ္ထုတွင်းက အလုပ်သမားတွေကလည်း CDM လို့ခေါ်တဲ့ လှုပ်ရှားမှုမှာ ပါဝင်လာကြပါတယ်။

    အချို့ဆန္ဒပြသူတွေဆိုရင် ပျော်ရွှင်စရာအစီအစဉ်တွေ၊ ဂိမ်းတွေနဲ့ ဆန္ဒပြပွဲမှာ ပါဝင်လာပါတယ်။ ဖေဖော်ဝါရီလ ၉ ရက်နေ့ နေပြည်တော်က ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ဟာ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးရဲ့ခေါင်းကို သေနတ်နဲ့ပစ်ခဲ့ပြီး ဒီဆောင်းပါးရေးနေတဲ့အချိန် ဆေးရုံမှာ စိုးရိမ်ရတဲ့အနေအထားနဲ့ ဆေးကုသနေရပါတယ်။ (ဒီအမျိုးသမီးငယ်ဟာ ကွယ်လွန်သွားပြီလို့ ဆရာဝန်တွေက ဒီနေ့နေ့လည်မှာ အတည်ပြုပါတယ် – ဘာသာပြန်သူ)

    ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့လာတဲ့ ဗီဒီယိုတစ်ခုမှာဆိုရင် မန္တလေးက ဆန္ဒပြသူတွေဟာ ရဲကားတွေကို ခဲနဲ့လှမ်းထုပြီး ရဲစည်းနဲ့ ရေဖြန်းကားတွေ နောက်ဆုတ်သွားအောင် လုပ်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ ရေဖြန်းကားတွေ ရှိနေတာဟာ Gen Z မျိုးဆက်နဲ့ တစ်ခြားသူတွေကို ဆန္ဒပြဖို့ ရုပ်ပိုင်းဆိုင်ရာ ပစ်မှတ်တစ်ခု ပေးလိုက်တာမျိုးပါ။

    စောင့်ကြည့်ကင်မရာတွေ၊ ရေဖြန်းနော်ဇယ်တွေ တပ်ဆင်ထားတဲ့ အဲဒီရဲကားတွေဟာ တရုတ်နိုင်ငံက ပေးထားတာဖြစ်ပြီး ဟောင်ကောင်က ဒီမိုကရေစီ လိုလားသူတွေကို နှိမ်နှင်းရာမှာ အသုံးပြုတဲ့ ကားတွေနဲ့ ဆင်တူပါတယ်။

    လမ်းပေါ်ရောက်လာတဲ့ ဆန္ဒပြသူတွေဟာ ရန်ကုန်က တရုတ်သံရုံးရှေ့သွားပြီး ဆန္ဒပြတာတွေလည်း လုပ်ပါတယ်။ တရုတ်သံရုံးရှိတဲ့နေရာဟာ အခြားသံရုံးတွေ ရှိတဲ့နေရာနဲ့ သိပ်မဝေးပါဘူး။

    မီးသတ်ပိုက်တွေ၊ ရာဘာကျည်ဆံတွေထက် ပိုပြီးပြင်းထန်တဲ့ နှိမ်နှင်းမှုမျိုး မကြာခင် လာတော့မယ်လို့ တော်တော်များများက ယူဆနေကြပါတယ်။ နိုင်ငံတစ်ဝှမ်းက အကျဉ်းထောင်တွေမှာ ဇန်နဝါရီ ၃၁ ရက်နေ့မတိုင်ခင် ရာဇဝတ်မှုနဲ့ အကျဉ်းကျထားသူ ၂ သောင်းကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကြေငြာပါတယ်။

    ဒီလူတွေကို ဆန္ဒပြသူတွေထဲ လွှတ်ပြီး တိုက်ခိုက်ခိုင်းဖို့ စစ်တပ်က ရည်ရွယ်နေတာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုမှာ စစ်တပ်က ဒါမျိုး လုပ်ခဲ့ပါတယ်။ ဆန္ဒပြခေါင်းဆောင်တွေလို့ မှတ်ယူခံရသူတွေကို စစ်တပ်က ပစ်မှတ်ထား ဖမ်းဆီးတာမျိုး ထင်ထင်ရှားရှား တွေ့ရပါတယ်။

    ဖမ်းဆီးမှုတွေ လုပ်ဆောင်ရာမှာ NLD အမတ်တွေ၊ နိုင်ငံရေးသမားတွေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေသာမကဘဲ အင်တာနက်ကို ဘယ်လို အန္တရာယ်ကင်းကင်း သုံးရမလဲဆိုတာ လူငယ်​တွေကို သင်ကြားပေးနေတယ်လို့ စစ်တပ်ကထင်တဲ့ လူတွေကိုပါ ပစ်မှတ်ထားတာမျိုး တွေ့လာရပါတယ်။

    စစ်တပ်က ဖမ်းဆီးဖိုး ကြိုးစားသူတွေထဲမှာ အထင်ရှားဆုံးက စစ်ကိုင်းတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်များအသင်း ဥက္ကဌ ကိုဇော်သူရိန်ထွန်း ဖြစ်ပါတယ်။ သူဟာ ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူလည်း ဖြစ်ပါတယ်။ အာဏာပိုင်တွေ လာရောက်ဖမ်းဆီးစဉ်မှာ မိသားစုနဲ့ အိမ်နီးချင်းတွေရဲ့ ကူညီမှုကြောင့် လွတ်မြောက်သွားခဲ့တာပါ။

    အစိုးရမဟုတ်တဲ့ နိုင်ငံရေးအကျဉ်းသားများ အကူအညီ​ပေးရေးအဖွဲ့က အာဏာသိမ်း စစ်ကောင်စီဟာ အနည်းဆုံး လူ ၂၀၀ လောက် ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။

    အခုအချိန်အထိတော့ အာဏာသိမ်းစစ်ကောင်စီဟာ ရဲတပ်ဖွဲ့ကိုအသုံးပြုပြီး ဆန္ဒပြမှုတွေကို နှိမ်နှင်းနေပါတယ်။ ဒီလိုနှိမ်နှင်းမှု မအောင်မြင်ရင် စစ်တပ်ကို မစေလွှတ်ဘူးလို့ မပြောနိုင်ပါဘူး။ ဒီလိုစေလွှတ် နှိမ်နှင်းမယ်ဆိုရင်တော့ ၁၉၈၈ နဲ့ ၂၀၀၇ ခုနှစ်က အခြေအနေမျိုးနဲ့ တူညီမှာ မဟုတ်တော့ပါဘူး။

    ၁၉၈၈ ခုနှစ်တုန်းက လူသတ်ပွဲကို ဓာတ်ပုံဆရာ အနည်းငယ်သာ မှတ်တမ်းတင်နိုင်ခဲ့ပြီး ဗီဒီယိုမှတ်တမ်းကိုလည်း ထိုင်းနိုင်ငံကို ခိုးထုတ်ကာ ဖော်ပြခဲ့ရပါတယ်။ ၂၀၀၇ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ အင်တာနက်သုံးလို့ရပြီး တစ်ချို့ အထောက်အထားတွေကို ပြင်ပကမ္ဘာဆီ တင်ပြလို့ရခဲ့ပေမယ့် မီဒီယာ အမှောင်ချထားမှုကြောင့် အကန့်အသတ် ရှိခဲ့ပါတယ်။

    ဒါပေမယ့် အခုအချိန်မှာတော့ စစ်တပ်ရဲ့ သွေးချောင်းစီး သတ်ဖြတ်မှုတွေ၊ ဆန္ဒပြလူအုပ်ထဲ ပစ်ခတ်မှုတွေကို တိတိကျကျ မှတ်တမ်းတင်ကာ တစ်ကမ္ဘာလုံးကို အလျင်အမြန် ဖြန့်ဝေနိုင်တော့မှာပါ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေဟာ သူတို့အရင်က ဆရာ့ဆရာတွေလိုမဟုတ်ဘဲ ဖြတ်ထိုးဉာဉ်ကြွယ်တဲ့ Z မျိုးဆက်ကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

    Ref: Asia Times

    (Asia Times သတင်းဌာနတွေင် ဖော်ပြထားသည့် Myanmar’s generals blindsided by Gen Z protests ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)