News @ M-Media

Tag: Myanmar Military

  • နိုင်ငံတကာဖိအားကြောင့် စစ်အစိုးရ အကြပ်ရိုက်နေဟု ကုလ ထုတ်ပြော

    နိုင်ငံတကာဖိအားကြောင့် စစ်အစိုးရ အကြပ်ရိုက်နေဟု ကုလ ထုတ်ပြော

    ဖေဖော်ဝါရီ ၉၊ ၂၀၂၁
    M-Media

    -မြန်မာစစ်အစိုးရအပေါ် နိုင်ငံတကာက အရေးယူမှုတွေဟာ အလုပ်ဖြစ်ခဲ့ပြီး လက်ရှိ အာဏာသိမ်း စစ်အစိုးရလည်း နိုင်ငံတကာဖိအားအောက်မှာ အကြပ်ရိုက်နေတယ်လို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် တွမ်အန်ဒရူးက ပြောကြားလိုက်ပါတယ်။

    စီးပွားရေးပိတ်ဆို့မှု၊ သံတမန်အဆက်အသွယ်ဖြတ်တောက်မှု စတာတွေပါဝင်တဲ့ အရေးယူမှုတွေဟာ အာဏာရှင်တွေကို ဖိအားပေးရာမှာ ထိရောက်မှုမရှိဘူးလို့ ပြောကြားတာတွေ ရှိနေတာပါ။

    မနေ့က အင်တာဗျူးမှာ မစ္စတာအန်ဒရူးက ဒီအရေးယူမှုတွေဟာ ထိရောက်ခဲ့တယ်လို့ ဆိုပါတယ်။

    “အရင်ကအခြေအနေတွေကို ကျွန်တော်တို့ သိတယ်ဗျ။ နိုင်ငံတကာဖိအားတွေက သူတို့အတွက် ဘာမှမဖြစ်ဘူးလို့ အရင်စစ်အစိုးရက ပြောတယ်။ ဒါဟာ မမှန်ဘူးဆိုတာ ကျွန်တော်တို့သိပါတယ်။ သူတို့​သတိထားတယ်ဗျ။ သူတို့ နိုင်ငံတကာနဲ့ စီးပွားရေး လုပ်ချင်တာကိုး”

    စစ်ခေါင်းဆောင်တွေဟာ ငွေရှာချင်၊ ချမ်းသာချင်ကြတဲ့အတွက် နိုင်ငံတကာက အချိန်အကြာကြီး ကျဉ်ထားတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို သူတို့ ကောင်းကောင်းသိတယ်လို့လည်း မစ္စတာအန်ဒရူးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    လက်ရှိ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြမှုတွေ အကြီးအကျယ်လုပ်ဆောင်နေပြီး ရဲတပ်ဖွဲ့က အင်အားသုံးနှိမ်နှင်းမှုတွေလည်း ရှိနေပါတယ်။

    မစ္စတာအန်ဒရူးကတော့ ပြည်သူတွေဟာ နောက်ပြန်ဆုတ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

    “မြန်မာပြည်သူတွေက အခုအချိန်မှာ မတူညီမှုတွေကို နားလည်နေပြီဗျ။ နောက်ကြောင်းပြန်လှည့်ဖို့ စိတ်ကိုမဝင်စားတော့ဘူး။ ကျွန်တော်တို့လည်း အတိတ်မှာ အလုပ်ဖြစ်ခဲ့တာတွေကို မြင်ရပြီး အခုအချိန်မှာလည်း ဒါတွေက ထပ်ပြီးထိရောက်လိမ့်မယ်လို့ ထင်ပါတယ်”

    ကမ္ဘာ့ခေါင်းဆောင်တွေဟာ အာဏာသိမ်းစစ်တပ်ကို စီးပွားရေးပိတ်ဆို့မှုတွေလုပ်ဖို့ ဆောင်ရွက်နေပြီး ဒါတွေအားလုံး အလုပ်ဖြစ်မယ်လို့ ယုံကြည်ကြောင်း၊ လုပ်ဆောင်ခဲ့သမျှအားလုံးအတွက် တာဝန်ယူရမယ်ဆိုတာ စစ်အစိုးရကို သတိပေးထားဖို့ အရေးကြီးကြောင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စတာ အန်ဒရူးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: CNA

  • အာဏာသိမ်းအစိုးရနှင့် ဆက်ဆံရေးဖြတ်ကြောင်း နယူးဇီလန် ကြေငြာ

    အာဏာသိမ်းအစိုးရနှင့် ဆက်ဆံရေးဖြတ်ကြောင်း နယူးဇီလန် ကြေငြာ

    ဖေဖော်ဝါရီ ၉၊ ၂၀၂၁
    M-Media

    နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါ အားဒန်

    -အာဏာသိမ်းအစိုးရနဲ့ ထိတွေ့ဆက်ဆံမှုအားလုံးကို ရပ်ဆိုင်းလိုက်ပြီး စစ်ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့မှုတွေ ပြုလုပ်သွားမယ်လို့ နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

    နယူးဇီလန်ကပေးတဲ့ အကူအညီတွေမှာ စစ်တပ်က အကျိုးဖြစ်ထွန်းတာ၊ စစ်တပ်နဲ့နွယ်ပြီး ပေးရတာမျိုး မဖြစ်အောင် ဆောင်ရွက်သွားမယ်လို့လည်း သူမက ဆိုပါတယ်။

    “နယူးဇီလန်က လုပ်နိုင်သမျှအားလုံး လုပ်သွားမယ်ဆိုတဲ့ သတင်းစကားပေးချင်တယ်။ ကျွန်မတို့လုပ်မယ့် ကိစ္စတွေထဲကတစ်ခုက အဆင့်မြင့်အရာရှိအဆင့် ထိတွေ့ဆက်ဆံမှုအားလုံးကို ရပ်ဆိုင်းတာ ဖြစ်ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံကို ပေးတဲ့အကူအညီတွေ တစ်နည်းနည်းနဲ့ စစ်အစိုးရကို အထောက်အပံ့ဖြစ်စေတာမျိုး မဖြစ်ဖို့လည်း ကျွန်မတို့ သေသေချာချာ ဆောင်ရွက်သွားမှာပါ”

    ၂၀၁၈ ကနေ ၂၀၂၁ ခုနှစ်အတွင်း နယူးဇီလန်က မြန်မာနိုင်ငံကို အကူအညီပေးအပ်တဲ့ ပမာဏဟာ ကန်ဒေါ်လာ သန်း ၃၀ လောက်ရှိတယ်လို့ အာဒန်က ပြောပါတယ်။

    နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး နာနာအီယာ မာဟူတာ ထုတ်ပြန်တဲ့ကြေငြာချက်မှာ အာဏာသိမ်းစစ်အစိုးရကို အသိအမှတ်မပြုဘူးလို့ ပြောကြားထားပြီး၊ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့၊ အရပ်သားအုပ်ချုပ်ရေး ပြန်လည်ဖော်ဆောင်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

    အာဏာသိမ်း စစ်ခေါင်းဆောင်တွေအပေါ် ခရီးသွားလွာခွင့် ပိတ်ပင်​ရေး အစိုးရက သဘောတူထားပြီး လာမယ့်တစ်ပတ်မှာ တရားဝင်ထုတ်ပြန်သွားမယ်လို့လည်း မာဟူတာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Retuers

  • မြန်မာ့နိုင်ငံရေးမတည်ငြိမ်မှုတွင် တရုတ်လုပ်ငန်းများ ကြားညပ်နိုင်သည်ဟု တရုတ်ပညာရှင်များ ထောက်ပြ

    မြန်မာ့နိုင်ငံရေးမတည်ငြိမ်မှုတွင် တရုတ်လုပ်ငန်းများ ကြားညပ်နိုင်သည်ဟု တရုတ်ပညာရှင်များ ထောက်ပြ

    ဖေဖော်ဝါရီ ၈၊ ၂၀၂၁
    M-Media

    -မြန်မာလို အာဏာအပြောင်းအလဲဖြစ်တတ်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ စီးပွားရေးလုပ်မယ်ဆိုရင် ဖြစ်လာနိုင်တဲ့အန္တရာယ်အတွက် သုံးသပ်မှုတွေ ပိုလုပ်သင့်တယ်လို့ တရုတ်သု​​တေသနပညာရှင်တွေက အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေကို သတိပေးလိုက်ပါတယ်။

    တရုတ်ဟာ မြန်မာနိုင်ငံရဲ့ အဓိက ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တရုတ်က ၂၀၀၄ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ရေနပ်ဆိပ်ကမ်းကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းထားတဲ့ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ပိုက်လိုင်း ဖြစ်ပါတယ်။

    အဲဒီနောက်ပိုင်းကတည်းက နိုင်ငံရဲ့ သတ္ထုတွင်းလုပ်ငန်းနဲ့ စွမ်းအင်လုပ်ငန်းတွေမှာ တရုတ်အစိုးရက ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့သလို ၂၀၁၀ ဒီမိုကရေစီအသွင်ကူးပြောင်းမှုအပြီး ၂၀၁၁ ခုနှစ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်တဲ့အခါ တရုတ်ကုမ္ပဏီ အများအပြား ဝင်ရောက်လာခဲ့ပါတယ်။ ​တရုတ်ရဲ့ ခါးပတ်တစ်ကွင်း လမ်းတစ်စင်းစီမံကိန်း (Belt and Road) အတွက် ကြီးကြီးမားမား လုပ်ငန်းတွေလည်း မြန်မာနိုင်ငံမှာ ရှိနေပါတယ်။

    ဘေဂျင်းအခြေစိုက် တတ်သိပညာရှင်များအဖွဲ့ Taihe အင်စတီကျုရဲ့ သုတေသနပညာရှင် ယင်ယီဟန်က ၅ နှစ်တာအာဏာရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်လက်ထက်ဟာ ရင်းနှီး​မြှုပ်နှံဖို့ စိတ်ချရတဲ့ အခြေအနေတစ်ခုလို့ လူတွေက ထင်ကြပေမယ့် တကယ်တမ်း နှိုက်နှိုက်ချွတ်ချွတ်ကြည့်မယ်ဆိုရင် စစ်တပ်ဟာ အာဏာရှိနေဆဲဖြစ်ပြီး၊ ပထဝီနိုင်ငံရေး အန္တရာယ်တွေကလည်း မြင့်တက်နေတုန်းပဲလို့ သုံးသပ်ပါတယ်။

    တောင်ကိုရီးယားနဲ့ ဂျပန်တို့ထက်စာရင် တရုတ်နိုင်ငံက စီးပွားရေးလုပ်ငန်းတွေဟာ ဖြစ်လာနိုင်တဲ့ ဘေးအန္တရာယ်ဆိုင်ရာ သုံးသပ်မှုတွေ လုပ်ဆောင်တာ အလွန်နည်းပြီး၊ ​အဆင်ပြေသလို နားလည်မှုယူ လုပ်ဆောင်တာကြောင့် အာဏာအပြောင်းအလဲဖြစ်တဲ့အခါ ဆုံးရှုံးမှုတွေ ရှိလာနိုင်တယ်လို့ ယင်က သတိပေးပါတယ်။

    နိုင်ငံတကာ နိုင်ငံရေးသုတေသနအဖွဲ့ Control Risks Group နဲ့ မိတ်ဖက်အဖြစ်ဆောင်ရွက်နေတဲ့ ပညာရှင် ဒိန်း ချာမိုရိုက ခေတ်အဆက်ဆက် မြန်မာစစ်အာဏာရှင်တွေကို လက်နက်တွေထောက်ပံ့ပေးခဲ့တဲ့ တရုတ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအစိုးရနဲ့ အဆင်ပြေအောင် ဆက်ဆံခဲ့တယ်လို့ ဆိုပါတယ်။

    “တရုတ်က NLD အစိုးရကို အသိအမှတ်ပြုတာမျိုး ဆက်ရှိနေမှာပါ။ မြန်မာလူထုကြားမှာ NLD က အရမ်းလူကြိုက်များတာကိုး။ ဒါ့ကြောင့် စစ်ရေး၊ စီးပွားရေးမှာ သူတို့နဲ့ အနီးကပ်ဆက်ဆံရေးရှိတဲ့အုပ်စုက အာဏာသိမ်းတာမျိုးကိုတောင် လူသိရှင်ကြား မထောက်ခံရဲဘူး”

    မြန်မာနိုင်ငံမှာ တစ်ကျော့ပြန်ဖြစ်လာတဲ့ စစ်အာဏာသိမ်းမှုအတွက် အမေရိကန်က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချထားပြီး အာဏာသိမ်းခေါင်းဆောင်တွေအပေါ် ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့လည်း စီစဉ်နေပါတယ်။

    တရုတ် ပြည်ပလုံခြုံရေးဆိုင်ရာအသင်း China Overseas Security Research Institute က အကြီးတန်းတာဝန်ရှိသူ ကျီကိုင်က မြန်မာစစ်ခေါင်းဆောင်တွေကို အမေရိကန်က ပိတ်ဆို့မှုတွေလုပ်ရင် အမေရိကန်မှာ လိုင်စင်တင်ထားတဲ့ တရုတ်စီးပွားရေးလုပ်ငန်းတွေ ကြားညပ်နိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။

    တစ်ကျော့ပြန်အာဏာသိမ်းမှုကို ရှုတ်ချတဲ့ ကြောငြာချက်တစ်ခု ကုသမဂ္ဂ လုံခြုံးရေးကောင်စီက ထုတ်ပြန်ဖို့ ဆောင်ရွက်ရာမှာ တရုတ်နဲ့ ရုရှားတို့က ကန့်ကွက်မှုကြောင့် နှောင့်နှေးခဲ့ရပါတယ်။ ဒီအတွက် မြန်မာဆိုရှယ်မီဒီယာမှာ တရုတ်အပေါ် ဆန့်ကျင်ရှုတ်ချမှုတွေလုပ်ခဲ့ပါတယ်။

    တရုတ်ပညာရှင် ယင်ယီဟန်က အာဏာသိမ်းအစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်ရာမှာ လူထုကဆန့်ကျင်မှုတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်မှုတွေကို တရုတ်အစိုးရက ပိုပြီး သတိထားဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

    ဘေဂျင်းအခြေစိုက် Global Environmental Institute NGO အဖွဲ့က အတွင်းရေးမှူး ကျီလင်က တရုတ်လုပ်ငန်းရှင်တွေဟာ မြန်မာအပါအဝင် အာဏာအပြောင်းအလဲ ဖြစ်လွယ်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံရေးဗျူဟာကို ပြန်လည် စဉ်းစားသုံးသပ်ဖို့လိုအပ်ပြီး ဒေသခံ ပြည်သူလူထုနဲ့ ရေရှည်ပြေပြစ်တဲ့ ဆက်ဆံရေးမျိုး တည်ဆောက်သင့်တယ်လို ထောက်ပြခဲ့ပါတယ်။

    Ref: South China Morning Post

  • တန်းတူညီမျှဖြစ်တဲ့ ဒီမိုကရေစီပုံစံသစ်ကို မြန်မာနိုင်ငံက လိုအပ်နေပြီ

    တန်းတူညီမျှဖြစ်တဲ့ ဒီမိုကရေစီပုံစံသစ်ကို မြန်မာနိုင်ငံက လိုအပ်နေပြီ

    ဖေဖော်ဝါရီ ၇၊ ၂၀၂၁
    M-Media

    -ပဋိပက္ခတွေ၊ လူတန်းစား မညီမျှမှုတွေကြောင့် မြန်မာနိုင်ငံက သန်းနဲ့ချီတဲ့ပြည်သူတွေဟာ အာမခံချက်မရှိဆုံး အခြေအနေမျိုးမှာ နေထိုင်နေရပါတယ်။

    မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းသစ်ကို လိုအပ်နေတာပါ။ လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲတွေ (ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့) က အရေးကြီးပါတယ်။ ၁၀ စုနှစ်ချီရှိနေတဲ့ အာဏာရှင်စနစ်၊ နိုင်ငံတကာက ပစ်ပယ်ထားမှု၊ ကြမ်းကြုတ်တဲ့ လက်နက်ကိုင်ပဋိပက္ခ၊ လူမျိုးရေးဘာသာရေး ခွဲခြားမှုတွေ၊ အလွန်အမင်းဆင်းရဲမွဲတေမှု၊ မြင့်တက်လာတဲ့ လူတန်းစားမညီမျှဒဏ် စတာတွေကို ခါးစည်းခံလာရတဲ့ လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲဖို့ကလည်း ထပ်တူထပ်မျှ အရေးကြီးပါတယ်။ နိုင်ငံရေးပြောင်းလဲမှုတစ်ခုတည်းသာကွက်ပြီး လုပ်ဆောင်မယ်ဆိုရင် လူဦးရေ ၅၄ သန်းရှိတဲ့ မြန်မာနိုင်ငံကို စစ်တပ်က ဆက်လက်ကြီးစိုးချုပ်ကိုင်တာမျိုးကိုပဲ ဖြစ်စေမှာပါ။

    တနင်္လာနေ့ စစ်တပ်အာဏာသိမ်းမှု စကတည်းက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင် ဒါဇင်နဲ့ချီ အဖမ်းခံခဲ့ရပြီး ကာကွယ်ရေးဦးစီးချုပ် ခေါင်းဆောင်တဲ့ အစိုးရသစ်တစ်ရပ်လည်း ပေါ်လာပါတယ်။ အကြီးဆုံးမြို့ ရန်ကုန်နဲ့ အခြားဒေသတွေမှာ ဆန္ဒပြမှုတွေ အရှိန်ရလာပြီး မကြာခင် အင်အားသုံးဖြိုခွင်းခံလာရနိုင်ပါတယ်။

    ဘာ့ကြောင့် ဒီလိုတွေဖြစ်နေတာလဲဆိုတာကို နားလည်ဖို့ဆိုရင် အတိတ်ကို ပြန်သွားကြည့်ရပါမယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နဲ့ စစ်တပ်တို့အကြား အားပြိုင်မှု လွှမ်းမိုးခဲ့တယ်ဆိုတာကို တွေ့ရမှာပါ။ အာဏာကို ချုပ်ကိုင်ထားလျက်နဲ့ပဲ စစ်တပ်ဟာ ၂၀၁၀ ခုနှစ်မှာ အခြေခံဥပဒေသစ်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ မိမိရဲ့အာဏာကို အရင်အတိုင်း တည်တံ့စေပ​ြီး နိစ္စဓူ၀ အုပ်ချုပ်ရေးအာဏာ တော်တော်များများကို ရွေးကောက်ခံသမ္မတနဲ့ လွှတ်တော်ကို အပ်နှင်းထားတဲ့ အခြေခံဥပဒေပါ။ ဒီလိုပုံစံနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းနိုင်လိမ့်မယ်လို့ စစ်ခေါင်းဆောင်တွေက ထင်ခဲ့ပြီး၊ ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်အပေါ် အလွန်အမင်း ကြည်ညိုလေးစားမှုကို လျှော့တွက်သလို ဖြစ်ခဲ့ပါတယ်။

    ဒေါ်​အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ပေါင်းစည်းမှုဟာ ပန်းခင်းသောလမ်း မဟုတ်ပါဘူး။ ကွန်ဆာဗေးတစ်ဝါဒ၊ လူမျိုးတစ်မျိုးတည်းကိုသာ အခြေခံတဲ့ဝါဒတို့မှာ နှစ်ဖက်စလုံး အမြင်တူကြပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ​အာဏာကိုစုစည်းပြီး စစ်တပ်ကို ရွေးကောက်ခံအစိုးရလက်အောက်မှာ ထားနိုင်ဖို့အတွက် အခြေခံဥပဒေပြင်ရေး အားစိုက်လုပ်ဆောင်ခဲ့ပါတယ်။ စစ်တပ်အတွက်တော့ ဒါဟာ ငယ်ထိပ်မြွေပေါက်ခံရတာမျိုးပါ။

    နှက်ဖက်ဆံရေးဆိုးရွားလာပြီး ဒီတစ်ပတ်မှာ စစ်တပ်က အာဏာသိမ်းတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    နောက်ထပ်ဘာဖြစ်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ တစ်နှစ်အတွင်း ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ စစ်တပ်က ပြောထားပါတယ်။ လွတ်တော်ကို ၂၅ ရာခိုင်နှုန်းထိန်းချုပ်ထားတဲ့ ပုံစံနဲ့ ရွေးကောက်ပွဲသစ် လုပ်ခဲ့ရင်တောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီက နောက်တစ်ကြိမ် အောင်ပွဲခံနိုင်အုံးမှာပါ။ ဒါ့ကြောင့် စစ်တပ် အဓိကထားလုပ်မှာက သူမကို ဘေးဖယ်ထားဖို့ပါ။ ဒါပေမယ့် သူမကို ထောက်ခံတဲ့ သန်းနဲ့ချီတဲ့ပြည်သူတွေက လက်ခံဖို့ မလွယ်ပါဘူး။ အဲဒီလိုဆိုရင်တော့ မြန်မာနိုင်ငံရေးဟာ ရှေ့မတိုး၊ နောက်မဆုတ်သာ အခြေအနေ ဆက်ဖြစ်နေမှာဖြစ်ပါတယ်။

    မြန်မာ့နိုင်ငံရေး ဒီလိုတန့်နေလို့ မရပါဘူး။ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ မောင်းထုတ်ခံရပြီး ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်ကိစ္စမှာ ဘာတိုးတက်မှုမှမရှိဘူး၊ သူတို့ကို အကြမ်းဖက်ခဲ့သူတွေအပေါ် ဘာအရေးယူမှုမှ မရှိသလို၊ နိုင်ငံအတွင်း ကျန်နေခဲ့တဲ့ ရိုဟင်ဂျာတွေရင်ဆိုင်နေရတဲ့ ခွဲခြားဆက်ဆံမှုတွေကလည်း ရပ်တန့်မသွားပါဘူး။

    အဲဒီရခိုင်ဒေသမှာပဲ အစိုးရတပ်ဖွဲ့တွေနဲ့ (ဗုဒ္ဓဘာသာဝင် လူနည်းစု ရခိုင်တွေကန​ေ ပေါက်ဖွားလာတဲ့) ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့အကြား ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဖြစ်တဲ့တိုက်ပွဲတွေကြောင့် အရပ်သားသောင်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ နိုင်ငံအရှေ့ပိုင်း တောင်တန်းဒေသ အထူးသဖြင့် တရုပ်နဲ့ကပ်နေတဲ့ နယ်စပ်ဒေသမှာ ဒါဇင်နဲ့ချီတဲ့ လက်နက်ကိုင်တပ်ဖွဲ့နဲ့ ပြည်သူစစ်အဖွဲ့တွေ ပြန့်ကျဲတည်ရှိနေတယ်။ (အကြီးဆုံးက လက်နက်ခဲယမ်း တော်တော်ကောင်းကောင်းနဲ့ ဖွဲ့ထားတဲ့ အင်အား ၂၅၀၀၀ လောက်ရှိတဲ့တပ်ပါ) တစ်ချို့အဖွဲ့တွေက လူနည်းစုတိုင်းရင်းသားတွေကို ကာကွယ်ဖို့ ဖွဲ့ထားတာဖြစ်ပြီး တစ်ချို့တွေကတော့ တစ်နှစ်ကို ကန်ဒေါ်လာ ဘီလီယံ ၆၀ လောက် တန်ကြေးရှိတဲ့ နိုင်ငံတကာ စိတ်ကြွ​ေဆေးပြားစျေးကွက်နဲ့ ပတ်သက် ဆက်နွယ်နေပါတယ်။

    မြန်မာနိုင်ငံဟာ အာရှမှာ အဆင်းရဲဆုံးနဲ့ လူတန်းစားမညီမျှမှုအမြင့်ဆုံး တိုင်းပြည်တွေထဲက တစ်ခုပါ။ စီးပွားရေးဟာ သယံဇာတ ထုတ်ရောင်းရတာနဲ့ ကျွမ်းကျင်မှုမရှိတဲ့ လုပ်သားတွေ နိုင်ငံခြားထွက် အလုပ်လုပ်ရတဲ့အပေါ်မှာ လုံးလုံးလျားလျားနီးပါး မှီခိုနေပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် လူသန်းချီ အိုးအိမ်စွန့်ခွာနေရတယ်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရဟာ ကိုရိုနာကပ်ရောဂါကို ကောင်းကောင်းမွန်မွန် ကိုင်တွယ်စီမံနိုင်ခဲ့ပေမယ့် ကိုဗစ်ကြောင့် စီးပွားရေးထိခိုက်မှုက အလွန်ဆိုးရွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ တစ်နေ့ကို ၂ ဒေါ်လာအောက် (ကျပ် ၃၀၀၀ ဝန်းကျင်အောက်) သာ ဝင်ငွေရှိတဲ့ လူဦးရေဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ ၁၆ ရာခိုင်နှုန်း ရှိရာကနေ စက်တင်ဘာရောက်တဲ့အခါ ၆၃ ရာခိုင်နှုန်းအထိ မြင့်တက်လာတာကို တွေ့ရပါတယ်။ ဝင်ငွေလုံး၀မရှိတဲ့သူက စက်တင်ဘာလမှာ ၃ ဆအထိ မြင့်တက်လာပါတယ်။

    ပဋိပက္ခတွေ၊ လူတန်းစား မညီမျှမှုတွေကြောင့် မြန်မာနိုင်ငံက သန်းနဲ့ချီတဲ့ပြည်သူတွေဟာ
    အာမခံချက်မရှိဆုံး အခြေအနေမျိုးမှာ နေထိုင်နေရပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း နိုင်ငံရေးလွတ်လပ်ခွင့် တစ်စိတ်တစ်ပိုင်းပေးပြီး၊ စီးပွားရေးတိုးတက်မှုအချို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်တပ်အကြား ရွှေလမ်းငွေလမ်းဖောက်ကာ ပူးပေါင်းလုပ်ဆောင်ရေးကြိုးပမ်းဖို့ အခွင့်အလမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ဒီအခွင့်အလမ်းက လုံး၀ အဆုံးသတ်သွားပုံပါပဲ။

    နိုင်ငံရေးနဲ့ဖမ်းထားတဲ့သူတွေကို လွှတ်ပေးရမှာဖြစ်ပြီး၊ အခြေခံလူ့အခွင့်အရေးတွေကိုလည်း အလေးထားရပါမယ်။ မြန်မာနိုင်ငံက အာဏာရှင်အသစ်ကို နိုင်ငံခြားတိုင်းပြည်တွေက ဆန့်ကျင်တာမျိုးဟာ မှန်ကန်ပေမယ့် စီးပွားရေး ပြိုလဲတဲ့အခြေအနေထိ ရောက်သွားစေနိုင်တဲ့ ပိတ်ဆို့မှုမျိုးကိုတော့ ရှောင်ရှားရပါလိမ့်မယ်။

    ဒီလို မရေရာမသေချာတဲ့အခြေအနေမျိုးမှာ အရေးကြီးတာတစ်ခုက မြန်မာနိုင်ငံမှာ စိန်ခေါ်မှုတွေ ကြီးကြီးမားမားရှိနေတယ်ဆိုတာကို လက်ခံဖို့နဲ့ လူမျိုးရေးခွဲခြားမှု၊ လက်နက်ကိုင်ပဋိပက္ခတွေကနေ လူတန်းစားမညီမျှမှု၊ ဖွံ့ဖြိုးမှုနောက်ကျနေတာအထိ နယ်ပယ်အသီးသီးမှာ တိုးတက်​အောင် မဆောင်ရွက်ဘဲနဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းလို့ရမှာ မဟုတ်ဘူးဆိုတာ နားလည်ဖို့ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ဘ၀တွေ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကို ကာကွယ်ပေးနိုင်အောင် လုပ်ဆောင်တာ၊ နိုင်ငံရေးသာမက လူမှုရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာအောင် အားပေးတိုက်တွန်းတာတွေ နိုင်ငံခြားတိုင်းပြည်တွေက လုပ်နိုင်ပါတယ်။

    ဆင်းရဲမွဲတေလွန်းပြီး၊ လူတန်းစားမညီမျှမှုတွေရှိကာ စစ်ဖြစ်နေတဲ့နိုင်ငံမှာ ဒီမိုကရေစီဆိုတာ အမည်ခံသက်သက်ထက်မပိုပါဘူး။ ပြီးခဲ့တဲ့ ၁၀ နှစ်က အသုံးပြုခဲ့တဲ့ ဟိုမရောက်ဒီမရောက် အခြေခံဥပဒေထက် မြန်မာပြည်သူအားလုံးကို လွှမ်းခြုံနိုင်မယ့် ​ပိုမိုမျှတပြီး၊ ဒီမိုကရေစီပိုကျတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာရေး ရည်ရွယ် လုပ်ဆောင်ရမှာ ဖြစ်ကြောင်းပါ။

    Ref: New York Times

    (New York Times တွင်း ဖော်ပြထားသည့် Myanmar Needs a New Kind of Democracyဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။ ဆောင်းပါးရှင်မှာ ကုလအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၏မြေးဖြစ်သူ သမိုင်းနှင့် ရှေးဟောင်းအမွေအနှစ်ပညာရှင် ဒေါက်တာသန့်မြင့်ဦး ဖြစ်ပါသည်။)

  • လုံခြုံရေးကောင်စီ၏ ကြေငြာချက်တွင် စစ်အာဏာသိမ်းမှုကို ရှုတ်ချမှု မပါဝင်၊ အမေရိကန်က အရေးယူမှုစမည်

    လုံခြုံရေးကောင်စီ၏ ကြေငြာချက်တွင် စစ်အာဏာသိမ်းမှုကို ရှုတ်ချမှု မပါဝင်၊ အမေရိကန်က အရေးယူမှုစမည်

    ဖေဖော်ဝါရီ ၅၊ ၂၀၂၁
    M-Media

    -နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီစနစ်ကို ပြန်လည်ဖော်ဆောင်ဖို့ စစ်တပ်ကို တိုက်တွန်းတဲ့ ကြေငြာချက်တစ်စောင်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထုတ်ပြန်လိုက်ပါတယ်။

    ဒါပေမယ့် စစ်တပ်အာဏာသိမ်းမှုကို ရှုတ်ချတဲ့အချက် ကြေငြာချက်မှာ ပါမလာပါဘူး။

    ဗြိတိန်က တင်သွင်းတဲ့ ဒီကြေငြာချက်ကို မြန်မာစစ်ခေါင်းဆောင်တွေရဲ့ မဟာမိတ်ဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့ရဲ့ ကန့်ကွက်မှုကြောင့် အင်္ဂါနေ့မှာ မထုတ်ပြန်နိုင်ခဲ့ပေမယ့် ဆက်လက်ဆွေးနွေးပြီးတဲ့နောက် မနေ့ကအစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံစလုံးက ထောက်ခံခဲ့ပါတယ်။

    ဒီမိုကရေစီလုပ်ငန်းစဉ်၊ ဒီမိုကရေစီ အသင်းအဖွဲ့တွေကို ပြန်လည် ခိုင်မာအောင်ဆောင်ရွက်ဖို့၊ လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်နဲ့ တရားဥပဒေစိုးမိုးရေးတွေကို အလေးထားပြီး အကြမ်းဖက်မှုကို ရှောင်ရှားဖို့ ဒီကြေငြာချက်မှာ တိုက်တွန်းခဲ့ပါတယ်။

    ​ကြေငြာချက်မူကြမ်းမှာ စစ်အာဏာသိမ်းမှုကို ရှုတ်ချပြီး ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုထားပေမယ့် နောက်ဆုံးထွက်လာတဲ့ ကြေငြာချက်မှာတော့ အာဏာသိမ်းမှုကို ရှုတ်ချတာမပါဝင်တော့သလို၊ စကားလုံးအသုံးအနှုန်းတွေကလည်း ပျော့ပြောင်းသွားပါတယ်။ တရုတ်နဲ့ ရုရှားတို့ရဲ့ သဘောတူညီချက်ရဖို့အတွက် ဒီလို ပြင်ဆင်လိုက်ရတာလည်း ဖြစ်ပါတယ်။

    ကုလဆိုင်ရာ တရုတ်သံအမတ်က ကြေငြာချက်ကပေးချင်တဲ့ အဓိကသတင်းစကားကို မြန်မာနိုင်ငံရေးမှာ ပါဝင်ပတ်သက်သူတွေအားလုံး သတိပြုမိပြီး၊ အပြုသဘောဆောင်တဲ့ ရလဒ်တစ်ခု ထွက်လာမယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    အမေရိကန်က ခြေလှမ်းစလှမ်း

    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ဖြေရှင်းရေး မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီမိုကရေစီမှာ ပြည်သူတွေရဲ့ဆန္ဒကို အင်အားသုံးပြီး အဓမ္မလွှမ်းမိုးလို့မရဘူး၊ ခိုင်မာတဲ့ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ဖို့ ကြိုးစားလို့မရဘူးဆိုတာက သိပ်ရှင်းပါတယ်”

    အာဏာသိမ်းတာကို စွန့်လွှတ်ဖို့တိုက်တွန်းပြီး လက်မခံရင် နောက်ဆက်တွဲဆိုးကျိုးတွေ ရင်ဆိုင်ဖို့ သတိပေးမယ့် ဆုံးဖြတ်ချက်တစ်ခုကို ကန်လွှတ်တော်မှာ အတည်ပြုသွားမယ်လို့ ဒီမိုကရက်တစ်နဲ့ ရီပက်ဘလစ်ကန် လွှတ်တော်အမတ် ၂ ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    အမေရိကန် နိုင်ငံတော်လုံခြုံရေးအကြံပေး ဂျိတ်ဆူလီဘန်က အာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့ သူတို့ထိန်းချုပ်တဲ့ အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းတွေအပေါ် သီးသန့်ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒါက ဘယ်လောက်အထိ ထိရောက်နိုင်မလဲဆိုတာ မသိရသေးပါဘူး။ အမေရိကန်က ပိတ်ဆို့မှုကြောင့် ထိခိုက်နိုင်မယ့် စစ်ခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားဟာ နိုင်ငံရပ်ခြားမှာ အနည်းငယ်သာ ရှိနေပါတယ်။

    Ref: Reuters