News @ M-Media

Tag: myanmar muslim history

  • “အလောင်းမင်းတရား တည်ခဲ့တဲ့ ရန်ကုန်မြို့ဟောင်းထဲက ဗလီ သုံးလုံး”

    “အလောင်းမင်းတရား တည်ခဲ့တဲ့ ရန်ကုန်မြို့ဟောင်းထဲက ဗလီ သုံးလုံး”

    စက်တင်ဘာ ၁၁၊ ၂၀၁၆
    M-Media
    ကိုဗခင် (စင်ကာပူ) ရေးသည်။

    .
    ၂၀၀၆ ခုနစ်မှာ ကျွန်တော် စင်ကာပူရောက်တော့ အိမ်အနီးအနားက ဗလီဝတ်ကျောင်းတွေကို အင်တာနက်မှာ ရှာရင်းနဲ့ မြစ်ကြောင်း တလျောက်မှာ ဗလီဝတ်ကျောင်းတွေကို ဟိုတစု ဒီတစု ပိုပြီး တွေ့ရတာကို သတိထားမိတယ်။စင်ကာပူ တနိုင်ငံလုံး ဗလီဝတ်ကျောင်းတော်ပေါင်း အလုံးရေ ၇၀ ရှိပါသည်။ သတိထားမိသလောက် ရိုချာ (Rocher River) မြစ်ဝမှာ ၁၈၄၆ ကဆောက်တဲ့ ဟာဂျီမကြီး ဖာတီမာ ဗလီဝတ်ကျောင်း (Masjid Hajjah Fatimah) ၊မြစ်အပေါ်ကို ဆက်တက်သွားရင် ၁၉၀၇ ခုနစ်က အဗ္ဗဒူလ် ဂဖါးရ် ဗလီဝတ်ကျောင်း (Abdul Gaffoor Mosque၊ ထိုဗလီ နှစ်လုံးကြားမှာ ၁၉၆၂ ခုနစ်ကဆောက်တဲ့   မာလဘာ ဗလီဝတ်ကျောင်း (Masjid Malabar) ပေါ့လေ။စင်ကာပူက နံမည်ကျော် စူလ်တန်ဗလီဝတ်ကျောင်း Masjid Sultan ကိုလည်း ရိုချာမြစ် (Rocher River) နဲ့ ခပ်လှမ်းလှမ်းမှာတွေ့ရပါသည်။
    .
    စင်ကာပူ (Singapore River)  မြစ်ဝမှာ  ၆၂ နှစ်သက်တမ်းရှိ မော်လာနာ မိုဟာမက်အလီ ဗလီဝတ်ကျောင်း (Moulana Mohamed Ali Mosque), မြစ်ညာကိုဆက်တက်ရင် ၁၈၂၀ ခုနစ်က ဆောက်တဲ့ အိုမာ ကန်ပုန်း မလာကာ ဗလီဝတ်ကျောင်း (Masjid Omar Kampong Melaka) ၊ ထို ဗလီ နှစ်လုံးကြား နောက်ဖက်ခပ်လှမ်းလှမ်းမှာ ၁၈၂၆ ကဆောက်တဲ ကျူလီယာ ဗလီဝတ်ကျောင်း (Chulia Mosque) စသည်ဖြင့် မြစ်အောက် ၊မြစ်ဝ၊ မြစ်ညာ ရဲ့  မနီးမဝေးမှာ တွေ့ရပါသည်။
    .
    ကျွ့န်တော်တို့ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် တလျောက်က မြို့တွေမှာလည်း အခုလိုပဲ ဗလီဝတ်ကျောင်း တွေ တွေ့ရပါသည်။ ရန်ကုန်ရောက်ရင်လည်း ဗလီတွေ အတော်များများတွေ့လေ့ ရှိသော်လည်း ဒီဗလီတွေကို ဘယ်တုန်းကဆောက်လည်း ဘယ်သူတွေဆောက်ခဲ့လည်း ထူးထူးထွေထွေ အထူးတလည် မစဉ်းစားခဲ့မိရိုး အမှန်ပါ။ ကိုလိုနီခေတ်ဦးမှာ မြန်မာပြည်ကို အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တခုအဖြစ် သတ်မှတ်လိုက်တော့ ကိုလိုနီနိုင်ငံသားတွေ လွတ်လပ်စွာ ကူးသန်းသွားလာရာကနေ ကိုလိုနီခေတ်ရန်ကုန်မှာ ဗလီဝတ်ကျောာင်း အများစုဆောက်ခွင့် ရခဲ့ကြပါတယ်။အုပ်ချုပ်သူအစိုးရက အုပ်ချုပ်ခံ ပြည်သူတွေကို လိုအပ်ချက်အရ တရားဝင် ခွင့်ပြုပေးရတာလည်း ထူးဆန်းလှသည် မဟုတ်ပါ။ မြန်မာပညာတတ်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ စင်ကာပူမှာလည်း ၁၀စုနှစ် ၂ စုအတွင်း ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊တရားရိပ်သာတွေ ဟာ လွန်ခဲ့တဲ့ ၁၀စုနစ်ကထက် အဆပေါင်းများစွာ တိုးပွားလာပါတယ်။
    .
    ဒါပေမယ့် ဒီနှစ်ပိုင်းတွေထဲ စေ့စေ့ဆော်ဆော် စွပ်စွပ်စွဲစွဲ အကြောင်းတရားတွေဖြစ်လာတော့ လက်လှမ်းမှီသလောက် မူရင်း မှတ်တမ်းမှတ်ရာတွေကို ရှာရှာဖွေဖွေ ဖတ်ကြည့်မိပါတယ်။ ဗလီဲ ဝတ်ကျောင်းတွေနဲ့ ပတ်သက်ပြီး မြို့စွဲ ဒေသစွဲ သန်တဲ့  မန္တလေးသား များကတော့ သူတို့မန်းမြို့က ဗလီ ဝတ်ကျောင်းများကတော့  မန်းလေးမြို့တည် မြန်မာဘုရင် မင်းတုန်းမင်ကြီး လက်ထက်ကတည်းက ရှိခဲ့တာဆိုပြီး ဂုဏ်ယူဝင့်ကြွား ပြောလေ့ရှိတော့၊ ကိုယ့်စိတ်ထဲမှာ ရန်ကုန်မှာရော ဗလီတွေများ အင်္ဂလိပ်လက်ထက် မရောက်ခင်က မရှိခဲ့ဘူးလား။  အင်္ဂလိပ်တွေထက် မြန်မာပြည်စောရောက်တဲ့ အီတလီ၊ပြင်သစ်၊ပေါ်တူဂီ မူရင်းမှတ်တမ်းတွေကို ကိုယ်ကဖတ်နိုင်စွမ်း မရှိတော့  ရန်ကုန်နဲ့ ပတ်သက်တဲ့ အင်္ဂလိပ် မှတ်တမ်းတွေကိုရှာဖွေဖတ်ပါတယ်။ အခုချိန်အထိ ကျွန်တော် လက်လှမ်းမှီသလောက်  ရန်ကုန်မှာ ဗလီဝတ်ကျောင်းတွေကို နေရာအတိအကျနဲ့ ပထမဆုံး မြေပုံမှတ်တမ်းတင်သွားသူက ၁၈၄၆ ခုနစ် ၊ သြဂုတ်လ ၁၄ ရက်နေ့မှာ ရန်ကုန်ဆိပ်ကမ်းကိုရောက်လာတဲ့ မစ္စတာဂရန့်ပါ။ ဆရာတင်နိုင်တိုး စာအုပ် အရဆို မစ္စတာဂရန့် အလည်လာချိန်မှာ ၁၈၄၅ မှ ၁၈၄၆ အထိတာဝန်ယူခဲ့တဲ့ မြန်မာ မြို့ဝန် မင်းကြီးမင်းလှ မဟာမင်းခေါင်ကျော်ထင် (ဦးညို) သို့မဟုတ် ၁၈၄၆ မှ ၁၈၅၀ အထိ အုပ်ချုပ်ခဲ့တဲ့ မြို့ဝန်မင်းကြီးမဟာမင်းခေါင်ရာဇသူ (ဦးထိုက်) လက်ထက် အချိန် ဖြစ်မယ်လို့ယူဆပါသည်။

    111
    .
    သူရဲ့ ရန်ကုန်သို့ ခရီးတခေါက်စာအုပ် စာမျက်နှာ ၂၁မှာ(A little further in-land appears the plain wooden spire of the Armenian Church, not very far from which, on the same road is the Roman Catholic Church, whilst in three different parts of the town there are Mohummudan mosques, indicating that intolerance in religious matters, at least, is not amongst the faults of the Boodhists.) ရန်ကုန်ဆိပ်ကမ်းနဲ့ မနီးမဝေးမှာ အာမေးနီးယန်းချပ်စ် တခု၊ရိုမန်ကက်သလစ်ချပ်စ်တခုနဲ ဗလီဝတ်ကျောင်းသုံးခုတွေ့ရကြောင်း ရေးသွားခဲ့ပါတယ်။ထို့အပြင် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက သူ့စာအုပ်ရဲ့ နောက်ဆုံးက မြေပုံမှာ ဗလီဝတ်ကျောင်း သုံးခုရဲ့ နေရာအတိအကျ ကို ထည့်ဆွဲပေးခဲ့တာပါ။ ၎င်းမြေပုံထဲမှာပဲ တရုတ်သင်းချိုင်း၊ အင်္ဂလိပ်သင်းချိုင်းကြား ထဲမှာ မွတ်စ်လင်တွေအတွက် ကဘရ်စတန် တစ်ခုကိုပါ မြို့အပြင်မှာတွေ့ရနိုင်ပါတယ်။
    .14330834_10208277601912355_381737537_n
    ၎င်းရန်ကုန်မြို့ဟောင်းမြေပုံနဲ့ ပတ်သက်ပြီး သတိထားမိတာ တခုက ၁၉၉၈ ခုနစ်ထုတ် ဦးအေးချို (မဟာဝိဇ္ဇာ) ရေးတဲ့ ဆူးလေစေတီသမိုင်း စာအုပ် စာမျက်နှာ ၃၂မှာ အလောင်းမင်းတရားလက်ထက်ရန်ကုန်မြို့ဆိုတဲ့ မြေပုံမှာ ဗလီတလုံးပဲ နေရာပြထားတော့ ၊ နောက်ထပ် ၂လုံးက အလောင်းမင်းတရားတည်ခဲ့တဲ့ ရန်ကုန်မြို့ထဲမှာ နောက်ပိုင်းမှ ထပ်ဆောက်တယ်လို့ တွေးထင်မိပါ၏။
    .
    ဆရာကြီး ဦးမောင်ကိုဂဖါရီက ၁၉၆၀ အောက်တိုဘာလထုတ် ဂါးဒီးယန်းမဂ္ဂဇင်းမှာ ရန်ကုန်မှာ ဗလီသုံးလုံးရှိခဲ့ဖူးကြောင်း၊ တခြမ်းပဲ့ဗလီ၊ လမ်း၁၃၀ ပိန္နဲကုန်းဗလီနဲ့ ဘင်ဂါလီကဘရ်စတန်ထဲက ဗလီတွေဖြစ်ကြောင်း၊ သူရဲ့ရန်ကုန်ရောက် ရှေးဦး မွတ်စ်လင် အသိုင်းအဝိုင်းဆောင်းပါးထဲမှာ ရေးထားတာလည်းဖတ်ရသည်။
    .
    ရန်ကုန်မြို့ဟောင်းတည်ဆောက်ပုံအရ ဆရာကြီးရေးတဲ့ ဗလီသုံးလုံးဟာ ဂရန့်စာအုပ်ထဲက ဗလီတွေထက် ပိုပြီးနောက်ကျနိုင်ဖွယ် ရှိပါသည်။
    .
    ထိုကြောင့် ဂရန့်ရဲ့ စာအုပ်ထဲက ဗလီဝတ်ကျောင်းတော်သုံးလုံးဟာ အောက်မြန်မာပြည် ရန်ကုန်မြို့မှာ ဗမာဘုရင် လက်ထက်တော်က မြေပုံနဲ့တကွ အခိုင်အမာတွေ့ရတဲ့ဗလီဝတ်ကျောင်းသုံးလုံးဖြစ်ကြောင်း ဆင်ခြင်မိပါတယ်။ စိတ်ဝင်စားသူများ အတွက်ကတော့ အလောင်းမင်းတရားတည်ခဲ့တဲ့ ရန်ကုန်မြို့ရဲ့ အကျယ်အဝန်း၊  ခန့်မှန်းခြေ လူဦးရေ နဲ့ လက်ရှိ မြို့အနေအထားအရဆို ဘယ်နေရာ လောက်မှာ တည်ရှိမည်နိုင်ဆိုတာ ဆက်လက်စူးစမ်းသင့်ပေသည်။
    .
    မည်သို့ပင်ဆိုစေကာမူ အရှေ့တောင်အာရှ အနှံ့ မြစ်ကမ်း၊ မြစ်ဆိပ်၊မြစ်ဝတွေနဲ့ မနီးမဝေးအရပ်တွေမှာ မွတ်စ်လင်ကုန်သည်လူတန်းစားများ အေးချမ်းစွာနေထိုင်ခဲ့ကြောင်း သက်သေတည်လျက်ရှိပါ၏။

    ကိုဗခင် (စင်ကာပူ)

    ကူးချထားသောစာအုပ်များ
    ၁) ဆူးလေစေတီသမိုင်း, ဦးအေးချို (မဟာဝိဇ္ဇာ), ၁၉၉၈ ခုနစ်ထုတ်။
    ၂) စာမျက်နှာ ၃၁၊ မဟာရန်ကုန်ကောက်ကြောင်း၊ တင်နိုင်တိုး။
    ၃) The First Muslim Community of Rangoon by Mg Ko Gaffari, The Guardian Magazine, 1960 October
    ၄) A Rough Pencillings of a Rough Trip to Rangoon in 1846, Colesworthy Grant

  • ပန်လုံ ပန်းသေးတို့၏ သမိုင်းဖြစ်စဉ် အကျဉ်း

    ပန်လုံ ပန်းသေးတို့၏ သမိုင်းဖြစ်စဉ် အကျဉ်း

    ဒီဇင်ဘာ ၁၅ ၊ ၂၀၁၄
    ရေးသူ- ဦးရည်စိန်

    1928395_10204042093587294_5299374720138320935_n
    မြန်မာတို့က တရုတ် မွတ်စလင်များကို ပန်းသေးဟုခေါ်ကြသဖြင့် တရုတ် မွတ်စလင်တို့ကလည်း ထိုအမည်ကို လက်ခံကြသည်။ တရုတ်မွတ်စလင် သို့မဟုတ် ပန်းသေးတို့အနက် အချို့က မိမိကို ပန်လုံပန်းသေးဟု ခေါ်တွင်ကြ၏။

    (က) ထိုသူတို့သည် အဘယ်ကြောင့် ပန်လုံဟူသော ဒေသကိုအစွဲပြု၍ ပန်လုံ ပန်းသေးဟု ခေါ်ဝေါ်လာကြပါသနည်း။
    (ခ) သူတို့ သို့မဟုတ် သူတို့၏ ဘိုးဘေးများသည် ပန်လုံဒေသမှာ နေထိုင်ခဲ့ဖူးသူဖြစ်သဖြင့် ပန်လုံကိုအစွဲပြု၍ ပန်လုံ ပန်းသေးဟု ခေါ်တွင် လာခြင်းဖြစ်သည်ဟု တွေးထင်နိုင်ဖွယ်ရှိ၏။ သို့ရာတွင်သူတို့၏ ဘိုးဘေးများသည် အဘယ်သို့သောအကြောင်းကြောင့် ပန်လုံဒေသသို့ ရောက်လာကြပါသနည်း။
    (ဂ) သူတို့၏ ဘိုးဘေးများသည် မည့်သည့်အခါ၌ ပန်လုံသို့ရောက်လာခဲ့ပါသနည်း။
    (ဃ) သူတို့၏ဘိုးဘေးများသည် ပန်လုံသို့ရောက်မလာမီ မည်သည့်ဒေသမှာ အခြေချနေထိုင်ခဲ့ပါသနည်း။

    ပန်လုံပန်းသေးတို့၏ သမိုင်းဖြစ်စဉ်ကို သိသူ မများချေ။ ယခု ဤနေရာ၌ သူတို့၏သမိုင်းဖြစ်စဉ်ကို ဆွေးနွေးရန် ရည်ရွယ်သည်။ အစဉ်အလာ စကားအရ သူတို့၏ ဘိုးဘေးများသည် တရုတ် မင်မင်းဆက် (Ming Dynasty) နောက်ဆုံး ဧကရာဇ်ယုန်လီနှင့် ဆက်နွယ်မှုရှိကြောင်း သိရ၏။ မင်မင်းဆက် (Ming Dynasty) သည် ခရစ်နှစ် ၁၃၆၈ ခုနှစ်မှ တက်လာ၍ ခရစ်နှစ် ၁၆၆၂ ခုနှစ်၌ လုံးဝပျက်သုဉ်းသွားခဲ့သည်။ ယုန်လီသည် ခရစ်နှစ် ၁၆၄၇-၁၆၆၂ အတွင်း ထင်ရှားလာသော ပုဂ္ဂိုလ်ဖြစ်သည်။ ယုန်လီသည် မြန်မာရာဇဝင်ကျမ်းလာ ရုံလှီဥတည်ဘွား ပင်တည်း။ အိမ်နိမ့်စံနေစဉ် ကွေ့မင်းသားဟူသောဘွဲ့ကို ခံယူသည်။

    မင်မင်းဆက် နောက်ဆုံးဧကရာဇ် ယုန်လီ

    ခရစ်နှစ် ၁၆၆၄ ခုနှစ်၌ အရှေ့မြောက်ဘက်မှ မန်ကျူးတို့သည် တရုတ်နိုင်ငံကို စတင်စိုးမိုးလာနေပြီဖြစ်၏။ သို့ရတွင် မင်မင်းဆက်အဆက်နွယ်များသည် မိမိတို့အပေါ်သစ္စာခံသူများကို စုရုံး၍ တရုတ်နိုင်ငံတောင်ဘက် ကမ်းခြေတစ်လျှောက်၌ ဆက်လက်နေထိုင်ကြသည်။ မန်ကျူးတပ်ဖွဲ့နှင့် မင်မင်းဆက် အချောင်သမားဖြစ်ကြသော တရုတ် အမတ်အချို့နှင့် စစ်သူကြီးအချို့တို့ ဦးဆောင်သောတပ်ဖွဲ့တို့သည် မင်မင်းဆက်အနွယ်နေထိုင်ရာသို့ ဆက်လက်တိုက်ခိုက်လာကြရာ မင်မင်းဆက် အနွယ်တို့ဘက်မှာ တစ်ပွဲပြီးတစ်ပွဲ အရေးနိမ့်လာသည်။ နောက်ဆုံး၌ ကွေ့မင်းသားကို ဧကရာဇ်အဖြစ် နန်းတင်လိုက်သည်။ ကွေ့မင်းသားသည် ခရစ်နှစ် ၁၆၄၇ ခုနှစ်၌ ဧကရာဇ်ဘွဲ့ ကိုခံယူ၏။ သို့ရာတွင် မန်ကျူးတို့ကို တန်ပြန်စစ် ထိုးနိုင်စွမ်းမရှိချေ။ ဆက်လက်အရေး နိမ့်လာသည်။ တရုတ်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသမှ အနောက်ဘက်သို့ တဖြည်းဖြည်း ဆုတ်ခွာလာ၏။ ခရစ်နှစ် ၁၆၇၉ ခုနှစ်၌ ဧကရာဇ်ယုန်လီသည် ယူနန်နယ်သို့ ရောက်လာသည်။ ထိုအခါ မန်ကျူးတို့အပေါ် သစ္စာခံယူသော မင်မင်းဆက်စစ်သူကြီးဟောင်းတစ်ဦးဖြစ်သူ ဝူစန်းကွေ့သည် ဧကရာဇ်ယုန်လီကို အရှင်ဖမ်းမိရန် ကြံရွယ်သဖြင့် ယုန်လီသွားရာသို့ အမြဲတကောက်ကောက်လိုက်လာသည်။

    ဧကရာဇ်ယုန်လီကို ပုန်ကန်သော အင်အားစုလည်း ကြီးမားလာမှုကြောင့် ယုန်လီသည်ခရစ်နှစ် ၁၆၅၉ ခုနှစ်မတ်လ ၂၂ရက်၌ ဗန်းမော်သို့ရောက် လာတော့၏။ မြန်မာနိုင်ငံ၌ နိုင်ငံရေးခိုလှုံခွင့်တောင်းသည်။ မြန်မာမင်းပင်းတလဲမင်းလည်း ယုန်လီနောက်လိုက်အခြွေအရံများအား ဗန်းမော်မှာ လက်နက်ချစေပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်လာစေရန် ခွင့်ပြုလိုက်၏။ ထိုနှစ်ဇွန်လ ၂၇ ရက်နေ့၌ ယုန်လီသည်အခြွေအရံအချို့နှင့်အတူ စစ်ကိုင်းသို့ရောက်သည်။ လှေစီး ခွင့်မရသူများက ကုန်းလမ်းဖြင့်ဝင်လာရ၏။ ဧကရာဇ်ယုန်လီသည် စစ်ကိုင်း၌ နှစ်နှစ်ခွဲကျော်ခန့်သာ နေလိုက်ရသည်။ မန်ကျူးအစိုးရ၏ အလိုတော်ရီဖြစ်လာသူ ဝူစန်းကွေ့သည် ခရစ်နှစ် ၁၆၆၂ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်၌ မန္တလေးအနီးရှိ အောင်ပင်လယ်အရပ်မှာ တပ်ချကာမြန်မာမင်းထံမှ ယုန်လီကို တောင်းတော့သည်။ မြန်မာမင်းက မလွဲသာ သဖြင့် ပေးအပ်လိုက်ရ၏။ ထိုအခါ မြန်မာမင်းသည် ပင်းတလဲမင်းမဟုတ်တော့ဘဲ ညီတော် ပြည်မင်းဖြစ်နေလေပြီ။

    ယုန်လီသည် စစ်ကိုင်း၌ နှစ်နှစ်ခွဲကျော်ကျော် ခွဲနေထိုင်ခဲ့ကြောင်း အထက်၌ဆိုခဲ့၏။ မြန်မာတို့ဘက်က ယုန်လီကိုလက်ခံမိသဖြင့် မြန်မာနိုင်ငံမှာ အတော် ဒုက္ခရောက်ခဲ့သည်။ ယုန်လီ၏ သစ္စာကိုခံယူသော စစ်သူကြီးနှစ်ဦးသည် ယုန်လီအားစစ်ကိုင်းမှ ကယ်တင်ထုတ်ယူရန်ဟူသောအကြောင်းပြချက်ဖြင့် စစ်သည် အကြွင်းအကျန်များကိုစည်းရုံး၍ မြန်မာနိုင်ငံအထဲသို့ဝင်ရောက်လာသည်။ မြန်မာ့တပ်ဖွဲ့များနှင့်တိုက်ဆိုင်မိတော့သည်။ မြန်မာ့တပ်ဖွဲ့က ထိုတရုတ်တပ်ဖွဲ့ကို တိုက်ထုတ်လိုက်သည်။ နောက်ဆုံး၌တရုတ်စစ်သူကြီးနှစ်ဦးစလုံး၏တပ်ဖွဲ့သည် မြန်မာနိုင်ငံမှဆုတ်ခွာသွားရသည်။ ကုန်ချန်ဝမ်း Kung Chamg Wang ဘွဲ့ခံ ပိုင်ဝင်ရွှမ် Pai-Wen-Hsuan သည်ယူနန်နယ်သို့ ဆုတ်ခွာသွားပြီးနောက် မန်ကျူးတပ်ဖွဲ့အားဧည့်ခံ၏။ ထိုပုဂ္ဂိုလ်သည် မှန်နန်းရာဇဝင်ကျမ်းလာ “ကုန်ဆင်ဝင်” ဝင်တည်း။ အခြားစစ်သူကြီးတစ်ဦးအား ကျင့်ဝမ် Tsin Wang ဘွဲ့ခံ လီတင့်ကူးအော်သည် Li Ting Kuo ဖြစ်သည်။ မှန်နန်းရာဇဝင်ကျမ်း၌ ထိုပုဂ္ဂိုလ်ကို “အံသီဝင်” ဟုခေါ်သည်။ လီတင့်ကူးအော်သည် ပဲခူးဘက်သို့ရောက်ခဲ့ပြီးနောက် ရှမ်းပြည်နယ်ဘက်သို့ ပြန်တက်သွားသည်။ ထို့နောက် နယ်ခြားဒေသမှာ ကွယ်လွန်သွားတော့၏။

    မြန်မာမင်းပြည်မင်းသည် ခရစ်နှစ် ၁၆၆၂ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်၌ ၀ူစန်းကွေ့အား ယုန်လီမိသားစုကို အပ်လိုက်သည်။ ဇန်နဝါရီလ ၂၈ ရက်၌ ဝူစန်းကွေ့သည် ယုန်လီမိသားစုကိုဆောင်ယူပြီး ယူနန်နယ်သို့ထွက်ခွာလာ၏။ ယူနန်မြို့တော် ခွန်မင်း Kung Ming မြို့သို့ရောက်သော် မန်ကျူးဧကရာဇ်ရွှန့်ကျိ Shun-Chih ၏အမိန့်အရ ယုန်လီတို့သားအဖနှစ်ဦးကိုပီကင်း (ပေကျင်း) သို့မပို့လိုက်တော့ဘဲ ခွန်မင်းမြို့မှာ အဆုံးစီရင်စေသည်။ ဝူစန်းကွေ့က မီကျီဖော်အရပ်ရှိ ဈေးထဲမှာ ယုန်လီသားအဖနှစ်ဦးကို လေးကြိုးဖြင့်လည်ပင်းမှာ ရစ်ပတ်ပြီး ညှစ်သတ်လိုက်သည်။

    10289783_10204042103187534_7976365366706404454_n

    ယုန်လီ၏နောက်လိုက်နောက်ပါများ “ကွေ့”
    တရုတ်တပ်ဖွဲ့များသည် မြန်မာနိုင်ငံသို့ဝင်ရောက်ခဲ့ကြောင်း မြန်မာတပ်ဖွဲ့၏တိုက်ထုတ်မှုကိုခံရကြောင်း အထက်တွင်ဆိုခဲ့၏။ ယုန်လီမိသားစုကို ဝူစန်းကွေ့ ဖမ်းဆီးသွားပြီးနောက် တရုတ်တပ် အကြွင်းအကျန်များနှင့် ယုန်လီနောက်လိုက်အခြွေအရံများ အရာရှိများတို့သည် တရုတ်နိုင်ငံ အတွင်းဘက်သို့ ပြန်သွားသူများ ရှိသကဲ့သို့ မြန်မာနိုင်ငံအတွင်း ဆက်လက်နေထိုင်သူများလည်းရှိသည်။ မြန်မာရာဇဝင် မှတ်တမ်းများလာ နာမည်ကြီးသော ကွေးဂုဏ္ဏအိန်သည် တရုတ်နိုင်ငံ အတွင်းသို့ပြန်မသွားဘဲ မြန်မာနိုင်ငံမှာ ဆက်လက်နေထိုင်သူတို့၏ ခေါင်းဆောင်တစ်ဦးဖြစ်သည်။ မြန်မာနိုင်ငံအတွင်းဘက်မှ ကျန်ရစ်နေသူများထဲမှအချို့က စဥ့်ကိုင်အရပ်မှာသော်လည်းကောင်း၊ အချို့က ညောင်ရွှေမှ ဇင်းမယ်တစ်လျှောက်သို့လည်းကောင်း၊ တစ်ချို့ကဝနယ်မှာသော်လည်းကောင်း၊ အချို့ကပဲခူးတစ်ဝိုက်မှာသော်လည်းကောင်း ပျံ့နှံ့နေထိုင်လာကြသည်။ ယုန်လီသည်အိမ်နိမ့်စံနေချိန်၌ “ကွေ့မင်းသားဖြစ်ကြောင်း” အထက်တွင်ဖော်ပြ ခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျန်ရစ်နေသူများမှ မိမိတို့ကို “ကွေးကျီးယား” Kuei China ဟူသောအမည်ဖြင့်ခေါ်တွင်လာတော့သည်။ အဓိပ္ပယ်ကား “ကွေ့မိသားစု” “ကွေ့အမျိုးစု” တည်း။ ယုန်လီနှင့်ဆွေမျိုး မတော်သော်လည်း မန်ကျူး၏လက်အောက်ခံအဖြစ်မနေလိုသောကြောင့်တစ်ကြောင်း၊ မင်မင်းဆက်ကို လွမ်းဆွတ်တသသောကြောင့် တစ်ကြောင်း၊ ယုန်လီအိမ်နိမ့်စံအချိန်က “ကွေ့မင်းသား” ဘွဲ့ခံသောပုဂ္ဂိုလ်ဖြစ်ခြင်းကြောင့်တစ်ကြောင်း ထိုအကြောင်းကြောင်းတို့ကြောင့် “ကွေ့” ဟူသောလူမျိုးအမည် မြန်မာရာဇဝင်မှတ်တမ်းမှာလည်းခေါ်လာသည်။ လ/ဝ ဒေသတွင် နေထိုင်သူများကို “ကွေ့လဝ” ဟူ၍လည်းကောင်း၊ ရှမ်းပြည်နယ်မှာ နေထိုင်သူများကို “ကွေ့ရှမ်း” ဟူ၍လည်းကောင်း၊ ပဲခူးအနီး၌နေထိုင်သူများကို “ကွေ့ကရင်” ဟူ၍လည်းကောင်း စသည်ဖြင့် မြန်မာရာဇဝင်မှတ်တမ်းများ၌ ရေးသားလာသည်။

    မင် မင်းဆက်နှောင်းခေတ် တစ်နည်းအားဖြင့် ၁၆ ရာစုဦးပိုင်းအခါ၌ တရုတ်- မြန်မာနယ်ခြားဒေသ၌ ပန်းသေးများရှိကြောင်း တရုတ်မှတ်တမ်း တစ်စောင်တွင် ဖော်ပြထားသည်။

    10848048_10204042112947778_5917395745539680809_n

    အကြီးအကဲ တိုက်ခုန်းခုန်းနှင့် ချဲန်ယှီးယန်း (င်) တုန်း

    မင်မင်းဆက်နောက်ဆုံးဧကရာဇ်ယုန်လီ၏ နောက်လိုက်နောက်ပါထဲမှာ အကြီးအကဲနှစ်ဦးရှိ၏။ တစ်ဦးကား တိုက်ခုန်းခုန်း Tai Kung Kung ဖြစ်၍ အခြားတစ်ဦးကား ချဲန်ယှီးယန်း (င်) တုန်း Chen Hsiang Dung ဖြစ်သည်။ တိုက်ခုန်းခုန်းကို “တိုက်ခွန့်ခွန့်” ဟူ၍လည်းကောင်း၊ ချဲန်ယှီးယန်း (င်) တုန်း ကို “ချိန်ရှမ်းရုံး” ဟူ၍လည်းကောင်း ယူနန်သားတို့ကခေါ်ဆိုကြသည်။ ဤကား ယူနန်ဒေသ စကားဖြင့် ခေါ်ဆိုသောအသံထွက်သည်။ ထိုပုဂ္ဂိုလ်နှစ်ဦး၏အမည်ကို တရုတ်ရုံးသုံးဘာသာစကား Mandarin အသံထွက်၍ရေးသားရမည် ဆိုလျှင် တိုက်ခုန်းခုန်းနှင့် ချဲန်ယှီးယန်း (င်) တုန်း ဖြစ်ပါသည်။ တိုက်ခုန်းခုန်း (သို့မဟုတ်) တိုက်ခွန့်ခွန့်သ်ည ပန်သေးဖြစ်၍ ချဲန်ယှီးယန်း (င်) တုန်း (သို့မဟုတ်) ချိန်ရှမ်းရုံး သည် ဗုဒ္ဒဘာသာဝင်ဖြစ်၏။

    ယုန်လီဧကရာဇ် ပါတော်မူပြီးနောက် ထိုပုဂ္ဂိုလ်နှစ်ဦးသည်း တရုတ်နိုင်ငံသို့ပြန်သွားခဲ့သည်။ သို့သော်လည်း ယုန်လီအသတ်ခံရသောအခါ သူတို့နှစ်ဦးသည် မိမိတို့နောက်လိုက် နောက်ပါများနှင့် အတူ ပြန်လည်ထွက်ပြေးလာကြရာ ကိုးကန့်ကန် အတွင်းသို့ ရောက်ရှိလာ၏။ နမ့်ဟန်မော်ဟူသောအရပ်၌ အခြေချနေထိုင် လာသည်။ နမ့်ဟန်မော်ဟူသည်ကား ရှမ်းနေရပ် အမည်ဖြစ်၍ “ခန်းခြောက်သောရေတွင်း” ဟုအနက်တွင်၏။ ထို့နောက်ကိုယ်စားလှယ် တစ်ဦးအား သိန္နိစော်ဘွားထံသို့ လည်းကောင်း၊ အဝ (အင်းဝ) နေပြည်တော်ရှိ ပြည်မင်းထံသို့လည်းကောင်း စေလွှတ်၍ ကိုးကန့်နယ်မြေမှာ နေထိုင် ခွင့်ပြုရန်တင်လျှောက် ခဲ့သည်။ မြန်မာမင်းပြည်မင်း ကလည်း နေထိုင်ခွင့်ပေးသနားတော်မူသည်။ ထို့ကြောင့်နှစ်စဉ်နှစ်တိုင်း သိန္နိစော်ဘွားမှ တစ်ဆင့် မြန်မာမင်းထံ လက်ဆောင်ပဏ္ဍ ဆက်သစေသည်ဟူ၏။

    10818938_10204042059706447_483173720_n copy

    တိုက်ကျီး- ယားကျိတ် Tai Chia Chia နှင့် ချဲန်ကျီး- ယားပေါင် Chen Chia Pao

    ကိုးကန့်ဒေသနှင့်ဟန်မော်အရပ်မှာ နေထိုင်ခွင့်ရလာပြီးနောက် တိုက်ခုန်းခုန်း (သို့မဟုတ် တိုက်ခွန့်ခွန့်) သည် တိုက်ကျီးယားကျိုက် Tai Chia Chia ကိုတည်ထောင်လာ၏။ အဓိပ္ပာယ်ကား “တိုက်မျိုးတူစုတို့၏ သစ်တပ်” Tai Clan Stockade ဖြစ်သည်။ ထိုသစ်တပ်ထဲမှာ တိုက်မျိုးတူစု Tai Clan သာမကပဲ အခြားမျိုးတူစု Other Clans များလည်းရှိခဲ့ပေလိမ့်မည်။

    ချဲန်ယှီး- ယင်း (င်ူ) တုန်းမူကား ပိုင်ရှားကို (ယူနန်သားတို့ အသံထွက်အရ ပယ်ရှားကိုး) အရပ်၌ ချဲန်ကျီးယားပေါင်ကိုတည်ထောင်သည်။ ပိုင်ရှားကိုး (ပယ်ရှားကိုး) ဟူသည် သဲဖြူမြောင်းဖြစ်၍ ချဲန်ကျီးယားပေါင် Chen Choa Pao သည် ချဲန်မျိုးတူစုခံဘဝ Chen Clan Rampart ဟုအနက်ထွက်သည်။

    ထို့နောက် တိုက်ကျီးယားကျိုက်သည် သစ်တပ် Stockade ကျောက်တုံးဖြင့်မြို့ တည်လာတော့၏။ လေးဘက်လေးတန် ကျုံးကြီးရှိသည်။ မြို့တွင်း၌ ဗလီမျှော်စင် ရှိ၍ ပေပေါင်းငါးတယ် ခန့်မြင့်သည်။ ယခုသော်ကား မြို့ရိုးပြိုကျ ပျက်စီးသွားခဲ့ပြီဖြစ်၍ အုတ်မြစ်မျှသာ ကျန်တော့သည်။ ကျုံးလည်းခန်းခြောက်နေပြီး ရေမရှိတော့ချေ။ ဤမြို့ ပျက်စီးရခြင်းအကြောင်းကို နောက်မှ ဆက်လက်ဆွေးနွေးမည်။

    ချဲန်ကျီးယားပေါင် Chen Chia Pao (Chen Clan Ramport) သည် တိုက်ကျီးယားကျိုက် Tai Chai (Tai Clan Stockade) အလှမ်းမဝေးသောနေရပ်၌ တည်ရှိခဲ့၏။ တိုက်ကျီးယားကျိုက်ကို ကျောက်တုံးဖြင့် ပြန်လည် တည်ဆောက်ခဲ့သော်လည်း အမည် မပြောင်းလဲဘဲ အမည်ဟောင်းကို ဆက်လက်ခေါ်တွင်ခဲ့သည်။ ယခုအခါ မြေပုံမှာ Tai Chia Chia ဟူသော နေရပ် အမည်အထင်အရှား ရှိနေပါသေးသည်။

    တိုက်ကျီးယားကျိတ်သည် ပန်သေးများ၏ အချက်အချာဒေသဖြစ်၏။ ချဲန်ကျီးယားပေါင်သည် ကိုးကန့်ဒေသ ဗုဒ္ဒဘာသာဝင်တို့၏ အချက်အချာဖြစ်သည်။ ထို့နောက် ရောနှောနေထိုင် လာကြရာ ပန်းသေးများသည် တိုက်ကျီးယားကျိုက်မှ သာမကတော့ဘဲ အရှေ့ဘက်ရှိ ယှင်းကျိုက် Hsin- Chai အရှေ့တောင်ဘက်ရှိ ယင့်ယှင့် Yin- Hsin အနောက်ဘက်ရှိ မူကွားကျိုက် Mu Kua Chia အနောက်တောင်ဘက်ရှိ မာလီးပါး Ma Li Pa စကောရွာကြီး၊ ရွာငယ်မှာလည်း အပျံ့အနှံ့နေထိုင်ကြောင်း လူဦးရေ တိုးပွားလာသည်နှင့်အမျှ အိမ်ထောင်ပေါင်း ငါးသောင်းခန့်ရှိကြောင်း အစဉ်အလာလူကြီးသူမတို့က ပြောကြသည်။

    ပန်းသေးနှင့် ဗုဒ္ဓဘာသာဝင်များ သင့်မြတ်စွာ ယှဉ်တွဲနေထိုင်ခြင်း

    တိုက်ခုန်းခုန်း (သို့မဟုတ် တိုက်ခွန့်ခွန့်) သည် ပန်းသေးဖြစ်ကြောင်း ချဲန်ယှီးယန်း (င်) ကုန်း (သို့မဟုတ် ချိန်ရှမ်းရုံး) သည် ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း အထက်တွင် ဆိုခဲ့ပြီးဖြစ်သည်။ ဘာသာအယူဝါဒမတူကြ၍ တိုက်ခုန်းခုန်းနှင့် နောက်လိုက်နောက်ပါများက တိုက်ကျီးယားကျိုက် Tai Chia Chia (Tai Clan Stockade) တည်ဆောက်၍ ချဲန်ယှီးယန်း(င်)တုန်းက ချဲကျီးယားပေါင် Chen Chia-Pa (Chen Clan Rampart) ဟူ၍ ခွဲခြားကာနေထိုင်လာကြသော်လည်း နယ်မြေအုပ်ချုပ်ရေးတွင် ပူးပေါင်းဆောင်ရွက်ကြ၏။ ဘာသာရေး ပဋိပက္ခမဖြစ်ခဲ့ဖူးချေ။ ပန်းသေးနှင့် ကိုးကန့်ဒေသ ဗုဒ္ဓဘာသာဝင်တို့ သင့်မြတ်စွာ အတူယှဉ်တွဲနေထိုင်လာသောကြောင့် နယ်မြေအေးချမ်း၍ စီးပွားရေး တိုးတက်လာကြပါတော့သည်။

    Panlone
    ယန် (င်)ကျီယယ်အရေးအခင်း ပေါ်လာခြင်း

    တိုက်ခုန်းခုန်းနှင့် ချဲန်ယှီးယန်း(င်)တုန်းတို့သည် မျိုးတူစု Clans အသီးသီးကို ဦးဆောင်၍ ကိုးကန့်နမ့်ဟန်မော်ဒေသတွင် အေးချမ်းစွာနေထိုင်ပြီး သုံး၊ လေးနှစ်အကြာတွင် ယန်(င်)ကျီယယ် Yang Chieh (Yang-Jich) ဟုအမည်ရှိသူတစ်ဦးသည် တရုတ်နိုင်ငံယူနန်တပ်မှထွက်ပြေးလာ၏။ တိုက်ခုန်းခုန်းနှင့် ချဲန်ယှီးယန်း(င်)တုန်းတို့ထံ ခိုလှုံခွင့်တောင်းသည်။ ယန်(င်)ကျီယယ်သည် အုပ်ချုပ်ရေးဘက်နှင့် စစ်ပညာဘက်မှာ ကျွမ်းကျင်သူတစ်ဦးဖြစ်သဖြင့် မကြာမီမှာ တိုက်ခုန်းခုန်းနှင့် ချဲယှီးယန်း(င်)တုန်းတို့နှစ်ဦးအားကိုးရသော လက်ရုံးတစ်ဆူဖြစ်လာတော့၏။ ယန်(င်)ကျီယယ်အား ကိစ္စအဝဝကို ဆောင်ရွက်စေသည်။ ဤသို့ဖြင့် နယ်မြေအုပ်ချုပ်ရေးအာဏာသည် ယန်(င်)ကျီယယ်၏လက်သို့ တဖြည်းဖြည်းရောက်သွားတော့၏။ ယန်(င်)ကျီယယ်သည် ပါးနပ်သူဖြစ်သည့်အတိုင်း မိမိ၏နောက်လိုက်ပါများကို စုရုံးသည်။ ထို့နောက် ချဲန်ယှီးယန်း(င်)တုန်းထံ သွားရောက်ပြီး တိုက်ခုန်းခုန်းကို ဖယ်ရှားပစ်ရန် လှုံဆော်၏။ သို့ရာတွင် ချဲန်ယှီးယန်း(င်)တုန်းသည် ဗုဒ္ဓဘာသာဝင်ဖြစ်သော်လည်း ပန်းသေးဖြစ်သော တိုက်ခုန်းခုန်းနှင့် နှစ်ပေါင်းများစွာ ပေါင်းသင်းလာသော မိတ်ဆွေဖြစ်ကြသောကြောင့် ယန်(င်)ကျီယယ်၏ အဆိုပြုချက်ကို လက်မခံချေ။ ယန်(င်)ကျီယယ်သည် မိမိအကြံအစည်မအောင်မြင်နိုင်ကြောင်းကို တွေ့ရှိလာသော် မိမိနောက်လိုက်နောက်ပါများကို ခေါ်ဆောင်၍ ချဲန်ယှီးယန်း(င်)တုန်း မိသားစုအားလုံးကို သတ်ပစ်လိုက်၏။ ထို့နောက် ချဲန်ယှီးယန်း(င်)တုန်း၏နောက်လိုက်များကို သုတ်သင်လိုက်သည်။ ထိုအချိန်တွင် ချဲန်မိသားစုထဲမှ ကလေးထိန်း အဘွားအိုတစ်ဦးက နမ့်မျိုးတူစု Chen Clan မှကလေးငယ် တစ်ဦးကိုပွေ့ချီပြီး အသက်ဘေးမှ လွတ်မြောက်လာ၏။ ထိုအဘွားအိုသည် ကလေးငယ်နှင့်အတူ ကိုးကန့်နယ်တုန်ကျင်းမြို့ မြောက်ဘက်ရှိ ကျန်းကန်းရွာသို့ ရောက်လာကာ တိန်မျိုးတူစု Teng Clan အဖြစ်နေထိုင်ခဲ့သည်။ မြောက်ဘက်ရှိ ကျန်းကုန်းရွာသို့ ရောက်လာကာ တိန်မျိုးတူစု Teng Clan အဖြစ်နေထိုင်ခဲ့သည်။ ယခုမေမြို့ စီလင်းအမှတ် ၇၄ မှာနေထိုင်သူ ချဲန်ကျီးယားယွာ (ချိန်ကြားဟွာ) သည် ထိုကလေး၏ အဆက်အနွယ်ပင်တည်း။

    ယန် (င်)ကျီယယ် ပုန်ကန်လာကြောင်းကို သိရသောအခါ တိုက်ခုန်းခုန်းသည် ၎င်း၏နောက်လိုက်နောက်ပါများနှင့် အတူထွက်ပြေးကြတော့၏။ ယန်(င်)ကျီယယ်၏နောက်လိုက်များက ထွက်ပြေးရှောင်တိမ်းသူများကို လိုက်လံခုတ်သတ်ကြ၏။ ပန်းသေးများစွာသောမက ပန်းသေး မဟုတ်သောသူများလည်း သေကျေကြ၏။ တိုက်ခုန်းခုန်းသည် ပြေးရင်းလွှာရင်း ကွယ်လွန်သွားတော့သည်။ ၎င်း၏ သားသုံးဦးလည်း လမ်းခုလတ်၌ အနာရောဂါဖြစ်၍ တစ်ဦးပြီးတစ်ဦးသေဆုံး သွားသည်။ ယခုတိုက်ခုန်းခုန်းမှာ အဆက်အနွယ် မရှိတောချေ။ ထိုအရေးအခင်းဖြစ်ပွားပြီးနောက် အားလုံးသေဆုံး သွားခြင်းဖြစ်ကောင်းဖြစ်လိမ့်မည်။ သို့မဟုတ် အခြားမျိုးတူစု အမည်ကိုယူ၍ မိမိတို့မျိုးတူစုအမည်ပြောင်းထားသည့်အကြောင်းကို မထုတ်ဖော်ဝံ့ သဖြင့် နောင်လာနောင်သား တို့ကလည်း သိကြမည်မဟုတ်ချေ။ ထုတ်ဖော်ဝံ့သည့် တိုင်အောင် အဆက်အနွယ်များက အသက်ငယ်သေးသဖြင့် မှတ်မိချင်မှ မှတ်မိမည်။

    နယ်မြေ ပြန်လည်အေးချမ်းလာခြင်း

    တိုက်ကျီးယားကျိုက်နှင့် အနီးတစ်ဝိုက်ရှိ ရွာလူကြီးလူငယ်များမှ လူတို့သည် ဟန်(င်)ကျီယယ်၏ ရမ်းကားမှုကို မခံရပ်နိုင်သဖြင့် အရပ်ရပ်သို့ ထွက်ပြေးတိမ်းရှောင် သွားသောကြောင့် ကိုးကန့်မာလိပါး တစ်ဝိုက်မှာ လူသူမရှိသလောက် နည်းပါးလာတော့၏။ တိုက်ခုန်းခုန်း (သို့မဟုတ် တိုက်ခွန့်ခွန့်) နှင့် ချဲန်ယှီးယန်း(င်)တုန်း (သို့မဟုတ် ချိန်ဝှမ်းရုံး) တို့၏ အဆက်အနွယ်များ ၎င်းဒေသမှာမရှိတော့သဖြင့် ယန်(င်)ကျီယယ်သည် ကိုးကန့်မလိပါး၌ အကြီးအကဲဖြစ်လာသည်။ ထွက်ပြေးတိမ်းရှောင် သွားသူများအား ပြန်လည်သင့်မြတ်လာအောင် စေ့စပ်၏။ ကိုးကန့်နယ်သို့ပြန်လာရန်လည်း ဖျောင်းဖျသည်။ ထို့ကြောင့် ထွက်ပြေးတိမ်းရှောင်သွားသော ပန်းသေးများသည် တိုက်ကျီးယားကျိုက်သို့ ပြန်လည်ကြ၏။ အချို့က အိုက်လာ AiLa များကို Cha-Ho နှင့် မာလိပါး Ma Li Pa သို့ရောက်လာပြန်သည်။

    ယန်(င်)ကျီယယ် ကွယ်လွန်ပြီးသည့်နောက် တိုက်ကျီးယားကျိုက်၏ အုပ်ချုပ်ရေးအာဏာသည် ပန်းသေးတို့ လက်ထဲပြန်ရောက်လာ၏။ “မာ” မျိုးတူစုအမည်ရှိ ပန်းသေးတစ်ဦးက အုပ်ချုပ်ရေး အာဏာကို ဆက်ခံသည်။ ၎င်း၏ အမည်ရင်းကိုတော့ မသိရချေ။ ပန်းသေးတို့၏ လူအင်အားနှင့် စီးပွားရေးအင်အားသည် ပန်းသေးမဟုတ်သူများ ထက် တောင့်တင်းသောကြောင့် ပန်းသေးတို့ကဒေသအုပ်ချုပ်အာဏကို ပြန်လည်ရယူနိုင်ခြင်းဖြစ်သည်ဟု ယူဆရ၏။ ကိုးကန့်နယ်တစ်ခုလုံးကိုမူ ယန်မျိုးတူစုက အုပ်ချုပ်သည်။ အခွန်အတုတ်များကို ယခင်ကအတိုင်း သိန္နိစော်ဘွားကဆက်သသည်။

    pantay-2

    မန်ကျူးတို့ တိုက်ခိုက်လာခြင်း

    “မာ” ဟူသောမျိုးတူစုအမည် Clan Name ရှိသူ ပန်သေးတို့အိမ်ထောင်စုက အစဉ်အဆက်အားဖြင့် အုပ်ချုပ်လာရာ နှစ်ပေါင်းတစ်ရာ့ခြောက်ဆယ်ကျော် ခုနှစ်ဆယ်ခန့်ရောက်လာသော အခါ တိုက်ကျီးယားကျိုက်မှာ အခြေအနေပြောင်းလဲလာပြန်၏။ ခရစ်နှစ် ၁၈၅၆ ခုနှစ်၌ ယူနန်တာလီဒေသမှ ပန်းသေးများသည် မန်ကျူးတော်လှန်ရေး တိုက်ပွဲဆင်နွဲလာသည်။ မန်ကျူးအစိုးရက ပန်းသေးတို့ဦးဆောင်သော တော်လှန်းရေးအင်အားစုကို နှိမ်နှင်းတော့သည်။ ထိုအရေးအခင်းကြောင့် ယူနယ်နယ်အနောက်ပိုင်းတစ်လျှောက် အတော်တုန်လှုပ်သွားခဲ့၏။ မန်ကျူးတပ်ဖွဲ့က ပန်းသေးများကို တစ်ဆယ့်ရှစ်နှစ်တိုင်တိုင် တိုက်ခိုက်ခဲ့သည်။ တာလီမှ အရေးအခင်းများပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် များစွာသော ပန်းသေးများသည် တိုက်ကျီးယားသို့ ထွက်ပြေးရှောင်တိမ်းလာရာ မန်ကျူးတပ်ဖွဲ့ကလည်း ထိုသို့ ထွက်ပြေးသွားသူများကို လိုက်လံရှာဖွေတိုက်ခိုက်သည်။ တိုက်ကျီးယားတိုက်သို့ လာရောက်တိုက်ခိုက်ရသည့် တခြား အကြောင်းအရင်းတစ်ခုကား ထိုမြို့ထဲမှာ မင်မင်းဆက် ဧကရာဇ်နောက်လိုက်တို့၏ အဆက်အနွယ်များ ရှိနေခြင်းကြောင့်ဖြစ်သည်။
    1899
    မန်ကျူးတပ်ဖွဲ့သည် တိုက်ကျီးယားတိုက်ကို ခရစ်နှစ် ၁၈၇၀ ပြည့်နှစ်မှစ၍ သုံးနှစ်ဆက်တိုက် တိုက်ခိုက်လာ၏။ မြို့တွင်းရှိ ပန်းသေးများကလည်း အသေအလဲခုခံသည်။ တိုက်ကျီးယား ကျိုက်ရှိခေါင်းဆောင်မှာ မားယင်ယှက်နှင့် မားလင်လီတို့ဖြစ်သည်။ တိုက်ကျီးယားကျိုက်သည် မြန်မာနယ်မြေမှာရှိကြောင်း သိပါလျက် မန်ကျူးတပ်ဖွဲ့က နယ်ကျော်ပြီး တိုက်လာ၏။ မန်ကျူးတပ်ဖွဲ့ကိုဦးဆောင်သူသည် ယန်ယွီခေါ Yang Yu-Ko ဖြစ်သည်။ မန်ကျူးတပ်ဖွဲ့သည်နောက်ဆုံး၌ မြေအောက်လမ်းတူး၍ ယမ်းဖြင့်ဖောက်ခွဲမည့် စစ်ဆင်နည်းသုံးလာသည်။ မြေအောက်လမ်းတူး၍ လူသေကောင်မြှပ်မည့် အခေါင်းများကို တစ်လုံးပြီးတစ်လုံး ထည့်သွင်းလိုက်၏။ မသိသူများ သို့မဟုတ် အဝေးကမြင်သူများက လူသေကောင်မြေမြှပ်သဂြိုလ်သည်ဟုထင်ကြသည်။ စင်စစ်မှာကား ခေါင်းထဲမှာလူသေကောင် မရှိ ယမ်းအပြည့်သာရှိ၏။ ထိုအခါ မန်ကျူးတပ်ဖွဲ့ထဲမှာ ပန်းသေး တပ်သားများလည်းရှိရာ ညအခါတောင်ပေါ်မှာ ပျော်မြူးနေပြီ။ ပန်းသေးစကားဖြင့် တေးသီချင်းဆိုလာသည်။ တေးသီချင်းထဲမှာ “မကြာမီ သင်းတို့တွေ ကျီးကန်းပမာတစ်ကွဲ တစ်ပြား ပျံသန်းနေရသကဲ့သို့ ဖြစ်လာတော့မည်” ဟုထည့်သွင်းပြီး ဆို၏။ အပေါ်ယံအားဖြင့် သူတို့ပျော်မြူးနေကြပုံပြသော်လည်း အမှန်စင်စစ် တိုက်ကျီးယားကျိုက်မှ ပန်းသေးများအား ထွက်ပြေးတိမ်းရှောင်ကြရန် သတိပေးခြင်းဖြစ်သည်။ မန်ကျူးတပ်ဖွဲ့သည် ခေါင်းထဲရှိ ယမ်းများကိုဖောက်ခွဲရာ တိုက်ကျီးယားကျိုက်မြို့ရိုးပြိုကျသွားတော့၏။ ပန်းသေးများစွာသေကျေကြသည်။ နောက်နောင်အခါ၌ မြို့ဟောင်းနေရာတွင် ရွာသစ်ပြန်လည်ထူထောင်သောအခါ ကိုးကန့်သား စုန်းရှောင်လျန်ဟု အမည်ရှိသူ အိမ်ဆောက်၊ ယာထွန်သည့်အခါ ငွေပိသာသုံးလေးရာခန့် တူးဖော်ရရှိကြောင်း၊ အနည်းအကျဉ်းတူးဖော်ရရှိသူများလည်း မနည်းကြောင်းသိရသည်။ မန်ကျူးတို့က တိုက်ကျီးယားကျိုက်ကို တိုက်ခိုက်သည့်အခါ၌ ကိုးကန့်နွယ် တစ်ခုလုံးကို အုပ်ချုပ်သူသည် ယန်ကော်ကျင့်ဖြစ်သည်။ ထိုအခါပန်းသေးထဲမှာ မာလင်ယွီ Ma Lin Yu ဟုခေါ်သော ပုဂ္ဂိုလ်တစ်ဦးရှိကြောင်း အထက်၌ဆိုခဲ့ပြီးဖြစ်သည်။ယူနန်ဒေသိယ စကားအားဖြင့် မာလင်ယွိဖြစ်သည်။ မာလင်ယွိသည် ပန်းသေးအကြွင်းအကျန်များကိုဦးဆောင်လျက် အနောက်ဘက်သို့ထွက်ပြေးရာ ကျာကျိရှု Cha Tzu-Shu သို့ရောက်လာ၏။ ထိုမှ စန်ယှီး-ယောင်း San Hsiao တဲင်မီ-ယင်ဖဲင် Teng-mich peing သို့ရောက်လာသည်။ ထိုမှတစ်ဆင့် ကွန်းလုံ Kun Long သို့ရောက်၏။ ကွန်းလုံမှ ကန့်မိုင်းခမ်းကိန့်နှင့် ဆို့ခွန့်သို့ရောက် လာပြီးနောက် ဝနယ်ပန်တောင်ဘက်ရှိ နမ့်ပေသို့ရောက်လာသည်။ အချို့သောသူများမူကား ရှမ်းပြည်နယ်မှာ ပျံ့နှံ့ကာ တိမ်းရှောင်သွား၏။ သို့ရာတွင်အများစုက နမ့်ပေါ့သို့ရောက်လာသည်။ နမ့်ပေါ့သည် ရှမ်းနာမည်ဖြစ်သော်လည်း ထိုစဉ်အခါ၌ ဝနယ်စော်ဘွား၏ အုပ်ချုပ်အောက်မှာရှိ၏။ ဝနယ်စော်ဘွား၏ ခွင့်ပြုချက်အရ ပန်းသေးများသည် ထိုနမ့်ပေါ့ရွာမှာ အခြေချနေထိုင်ကြပါတော့သည်။ ထို့နောက် နမ့်ပေါ့ကို ပန်လုံဟုပြောင်းလဲခေါ်ဝေါ်လာသည်။ ထိုပန်လုံဟူသော အမည်သည်ပြန်လည်စုစည်းခြင်းဟု အနက်ထွက်၏။

    10836424_10204042058306412_1080799152_n copy

    အင်္ဂလိပ်မှတ်တမ်းလာ ပန်လုံ

    ပန်လုံသည် စုံမူ Son_Mu ဒေသရှိ ပန်းသေးများကြီးစိုးသော နေရပ်တစ်ခုဖြစ်ကြောင်း ၊ အိမ်အရေအတွက် တဖြည်ဒဖြည်းတိုးပွားများပြားလာကြောင်း၊ သို့ရာတွင် အတိအကျအရေအတွက်မသိရသေးကြောင်း၊ ခန့်မှန်းထားသောအရေအတွက်လည်း ကွဲပြားကြကြောင်း၊ မည်သို့ပင်ဖြစ်စေ သုံးရာကျော်ရှိမည်က သေချာကြောင်း၊ အိမ်နံရံကို ရာဇမတ်၊ သို့မဟုတ် သစ်စက်များရက်ထားသည့်ကပ်ဖြင့် ပြုလုပ်ပြီး ရွှံ့မံထားကြောင်း၊ တစ်ခါတစ်ရံထုံးဖြူဖြင့် သုတ်ထားကြောင်း၊ ခေါင်မိုးကိုမြက်ဖြင့် မိုးထားကြောင်း၊ အိမ်တိုင်းမှာ ခြံစည်ရိုးငယ်အတွင်း၌ ဆောက်တည်ထား၍ မက်မုံသီးပင်နှင့် သစ်တော်သီးပင်စိုက်ထားသော သစ်သီးခြံရှိကြောင်း၊ ရွာတွင်း၌ မြင်းသောက်ရေကန် ရှိကြောင်း သို့ရာတွင် လူတို့က ထိုရေကို မသောက်သုံးနိုင်ကြောင်း၊ ရေကောင်းရေသန့်ရရှိရေးအတွက် ကျေနပ်ဖွယ်ရာ မရှိကြောင်း ရွာပတ်လည် ဆင်ခြေလျှော အရပ်များမှာ ဂနိုင်တောများရှိကြောင်း၊ သို့ရာတွင် အချို့နေရာမှာ ဘိန်းပင်စိုက်ပျိုးရန် ရှင်းထားကြောင်း၊ ပန်လုံသည် ခရစ်နှစ် ၁၈၇၅ ခုနှစ်ခန့် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ တာလီမှ ပန်းသေးပုန်ကန်မှုနှိမ်နင်းခြင်းခံရပြီးနောက် ထွက်ပြေးတိမ်းရှောင်လာသူများက တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မူလအခါ၌ ပန်သေးများသည်သာနေထိုင်ရာ အရပ်ဖြစ်သည်ဟု ယုံမှားဖွယ်ရာ မရှိကြောင်း သို့ရာတွင် ယခုအခါ (ခရစ်နှစ် ၁၉၀၀ ပြည့်နှစ် မတိုင်မီ) ရှမ်း-တရုတ်များနှင့် အခြားလူမျိုးများလည်းရှိနေကြောင်း စသည်ဖြင့် ခရစ်နှစ် ၁၉၀၀-၁ အတွင်း ပုံနှိပ်ထုတ်ဝေသော အထက်မြန်မာနိုင်ငံနှင့် ရှမ်းပြည်နယ်များ ဦးဆောင်ကျမ်း The Gacetteer of Upper Burma (Myanmar) and The Shan States မှာဖော်ပြထား၏။ ပန်လုံမှပန်းသေးများသည် တိုက်ကျီးယားကျိုက်မှ ရွေ့ပြောင်း ၀င်ရောက်လာသူများဖြစ်ကြောင်း ထိုစဉ်အခါ၌အင်္ဂလိပ်များ မသိခဲ့ချေ။ ပန်လုံမှာ ၀န်တင်လားကောင်များ အနည်းဆုံးတစ်ထောင်ရှိကြောင်း တိုတောင်းသည့် ကာလအတွင်း နောက်ထပ် အကောင်တစ်ထောင် စုပေးနိုင်ဖွယ် ရှိကြောင်းအထက်ပါဦးဆောင်းကျမ်း၌ ဖော်ပြထားပါသည်။
    ပန်လုံမြို့စား

    ခရစ်နှစ် ၁၈၆၀ ပြည့်နှစ်မှစ၍ ၀နယ်စော်ဘွားက မာလင်ယွီ(သို့မဟုတ်ယူနန်ဒေသိယစကားအားဖြင့် မာလင်ယိ)ကို ပန်လုံမြို့စားအဖြစ်ခန့်အပ်လိုက်သည်။ မာလင်ယွီ(သို့မဟုတ် မာလင်ယိ) ကွယ်လွန်သောအခါ ၎င်း၏သားသည် အသက်အရွယ် ငယ်သေးသဖြင့် မာကူ-အော်ယှင့်(သို့မဟုတ် ယူနန်ဒေသိယ စကားဖြင့်မာကွယ်ယှင့်) အား မာလင်ယွီ၏ သားအစား ပန်လုံဒေသကို အုပ်ချုပ်စေသည်။ဤအကြာင်းကို အထက်မြန်မာနိုင့်ငံနှင့် ရှမ်းပြည်နယ်များ ဦးဆောင်ကျမ်းမှာလည်းဖော်ပြထား သဖြင့် ခရစ်နှစ် ၁၉၀၀ ပြည့်နှစ်၌ မာမေတင်သည် အရွယ် မရောက်သေးကြောင်းးထင်ရှားသည်။ မာကူအော်ယှင့်(သို့မဟုတ် မာကွယ်ယှင့်)လုပ်ကြံခံရပြီးနောက် မာမေတင်သည် အသက်ငယ်သေးသဖြင့် မာယွန်းအန်းအား မာမေတင်အစား နယ်မြေကိုအုပ်ချုပ်စေသည်။

    ခရစ်နှစ် ၁၈၉၃ ခုနှစ် တရုတ်-ဗြိတိသျှနယ်ခြားဒေသ သတ်မှတ်ရေး အစည်းအဝေးမှပြန်ရောက်လာသော အခါ မာကူအော်ယှင့်(သို့မဟုတ် မာကွယ်ယှင့်) သည်လုပ်ကြံခံရဖြစ်သည်။ခရစ်နှစ် ၁၉၃၄-၅ အတွင်း မာမေတင်သည် နယ်မြေအုပ်ချုပ်ရေး အာဏာကိုလက်ခံခဲ့၏ ။မြို့စားမာမေတင်သည် ၀နယ် ကွမ်ပြယ်စော်ဘွား၏ သမီးတော်နှင့် လက်ဆက်ခဲ့သည်။ ခရစ်နှစ်၁၉၃၅-၆ အတွင်း တရုတ်ဗြိတိသျှနယ်ခြားဒေသ သတ်မှတ်ရေးဆွေးနွေးရာ၌ ပန်လုံမြို့သည် မြန်မာနိုင်ငံဘက်မှာရှိကြောင်း၊ မာမေတင်က မြန်မာနိုင်ငံဘက်မှရပ်တည်ပြီး ပြောကြားခဲ့သည်။ ထိုအချိန်၌ ပန်လုံမြို့သားများသည် ပန်ခုန်ရှိ အင်္ဂလိပ် ၀န်ထောက်ထံသို့လည်းကောင်း ၊ ‘၀’နယ် နာယွီမင်းသားထံသို့လည်းကောင်း၊ အခွန်အတုပ်ပေးဆောင်ရ၏ ။

    ပန်လုံလူငယ်များ ဖက်ဆက်ဂျပန်ကိုတော်လှန်ခြင်း

    ကမ္ဘာမီးသည် မြန်မာနိုင်ငံသို့ကူးစက်လာသောအခါ ဂျပန်တပ်ဖွဲ့သည်သံလွင်ဖြစ်ကိုကူး၍ ပန်လုံကိုသိမ်းပိုက်ထားသည်။မာမေတင်၏သားဖြစ်သူ မာကွမ်းကွေ့သည် ပန်လုံလူငယ်များကို စည်ရုံးပြီး ဂျပန်တို့ကို တိုက်ခိုက်ခဲ့သည်။ တစ်နေ့နှင့်တစ်ညလုံး တိုက်ခိုက်ပြီးနောက်အင်အားမမျှနှင့်ခဲယမ်းမီးကျောက် မပြည့်စုံကြောင့် လေးဘက်လေးတန် တောတောင်ထဲသို့ ဆုတ်ခွာသွားသည်ရသည်။ ဂျပန်တပ်ဖွဲ့သည်မြို့ထဲဝင်လာပြီး လုယက်ရုံမျှမက ရွာတစ်ရွာလုံးကို မီးရှို့ပစ်သည်။ယခုအခါ၌ ဗလီကျောင်းသာကျန်တော့၏ ။

    ယူနန်မှ တရုတ်ဖြူတပ်များကို ရင်ဆိုင်ပြန်ခြင်း

    စစ်ကြီးပြီးနောက်လေးဘက်လေးတန် တောတောင်အရပ်၌ တိမ်းရှောင်ခဲ့သော ပန်းသေးများသည်စစ်ကြီးပြီးဆုံးပြီးနောက် ပန်လုံဒေသသို့ပြန်ရောက်ပြီး အိမ်ရာကို ပြန်လည်ထူထောင်တော့၏ ။သို့ရာတွင် မကြာမီမှာ လီဝင်ဟွမ့်ဦးစီးသော ယူနန်တပ်ဖွဲ့သည် ပန်လုံသို့ဝင်ရောက်လာပြီး ရွာသူရွာသားထံနှင့်ကြေးငွေးနှင့် ရိက္ခာတောင်းသည်။ ယူနန်နယ်ရှိ တရုတ်ဖြူတပ်သည် ဗဟို အစိုးရတပ်ဖွဲ့နှင့်ယူနန်တပ်ဖွဲ့ဟူ၍ ကွဲပြားသည်။ ပန်လုံရွားသားတို့ကလည်း မခံမရပ်နိုင်သဖြင့်လီဝင်ယွမ့် တပ်ဖွဲ့ကိုတော်လှန်တော့၏ တစ်လကျော်ကျော်နေထိုင်ပြီးနောက် အသစ်တစ်ဖန် တည်ထောင်ခဲ့သော အိမ်ရာများကို ယူနန်တပ်ဖွဲ့က မီးတိုက်ဖျက်ဆီးလိုက်သည်။ ထိုအခါမှစ၍ ပန်လုံမှ ပန်သေးများသည် ဘေးကင်းရာ အရပ်ရပ်သို့ တစ်ကွဲတစ်ပြား ပျံ့နှံ့သွားတော့သည်။

    နိဂုံး

    အထက်ပါအကြောင်းအရာများကို ပြန်လည် သုံးသပ်သော် ပန်လုံမှ ပန်းသေးများသည် ပန်လုံမှာအခြေကျနေထိုင်ခဲ့သဖြင့် ပန်လုံပန်းသေးဟု ၏ခေါ်ဝေါ်လာကြောင်း သိသာထင်ရှား၏။ သို့ရာတွင် ထိုသူများလက်ဦး ပထမအခြေစိုက်နေထိုင်ရာ အရပ်သည် ပန်လုံမဟုတ်ချေ။ ခရစ်နှစ် ၁၇ ရာစုအလယ်ပိုင်း၌ တစ်နည်းအားဖြင့် မြန်မာညောင်ရမ်းခေတ် ပြည်မင်း လက်ထက်၌ သူတို့သည် ကိုးကန့်နယ်ရှိ တိုက်ကျီးယားကျိုက် Tai Chia Chia နှင့် အနီးတစ်ဝိုက်၌ အခြေစိုက်နေထိုင်ခဲ့၏။ ယခုထက်တိုင်မြေပုံမှာ ဤနေရပ် အမည်ထင်ရှားစွာရှိသည်။ ခရစ်နှစ် ၁၉ ရာစု အလယ်ပိုင်းရောက်သော် မန်ကျူးတပ်ဖွဲ့ တိုက်ခိုက်မှုကြောင့် တိုက်ကျီးယားကျိုက်မှ ကျာကျီရူ ထိုမှ ကွမ်းလုံသို့ရောက်လာပြီး နောက်ဆုံး၌ ပန်လုံသို့ရောက် လာခဲ့ခြင်းဖြစ်သည်။

    သူတို့ထဲမှ အချို့သော သူများသည် ယခုရှမ်းပြည်နယ်၌ ဘိုးစဉ်ဘောင်ဆက်နေထိုင်လာခဲ့ရာ နှစ်ပေါင်း သုံးရာကျော်ခန့်ရှိပြီဖြစ်၏။ အချို့သောသူများ၏ ဘိုးဘေးများမူကား ၁၉ ရာစုအလယ်ပိုင်းက ဝင်ရောက်လာသူများဖြစ်ကြသည်။ မည်သူက စောသည်။ မည်သူကနောက်ကျသည်ဟု အတိအကျခွဲခြားရန် မလွယ်တော့ချေ။ မည်သို့ပင်ဖြစ်စေ ပန်လုံ ပန်သေးများသည် ပန်လုံဒေသ၌ အနည်းဆုံး မျိုးဆက်သုံးဆက် three generations ခန့်နေထိုင်လာခဲ့သူဖြစ်ကြောင်း ယေဘုယျအားဖြင့် ပြောနိုင်ပါသည်။

    မှတ်ချက်။ ။ ကျွန်တော်က သမိုင်း သုတေသီတို့ စောင့်စည်းရမယ့် ကျင့်ဝတ်အတိုင်း ဆန္ဒာဂတိ မလိုက်စားဘဲ ဤသမိုင်းဖြစ်စဉ်အကျဉ်းကို ရေးသားပါသည်။ အမှားအယွင်းရှိလျှင် ခွင့်လွှတ်ပြီး ညွှန်ပြပါရန် အနူးအညွှတ်ပန်ကြားပါသည်။

    ဦးရည်စိန် သည် မြန်မာပြည်ဖွား တရုတ်အမျိုးသား မြန်မာ့သမိုင်းသုတေသနပညာရှင် တစ်ဥိးဖြစ်ပြီး မြန်မာ့သမိုင်းကော်မရှင်အဖွဲ့ဝင်ဟောင်း တစ်ဦးလည်းဖြစ်ပါသည်။** ဦးရည်စိန်၏ လက်ရွေးစင်စာတမ်းများ။ ဦးသော်ကောင်း စုစည်းသည့် စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။ ထွန်းဖေါင်ဒေးရှင်းဘဏ် စာပေကော်မတီမှ ၂၀၁၁ခုနစ်တွင်ထုတ်ဝေသည်။

    M-Media Website တွင်ဖတ်ရန် =>http://www.m-mediagroup.com/news/35303

    အခြားဆက်စပ်ပိုစ်ဖတ်လိုလျှင်
    ————————————-
    ပန်းသေး(တရုတ်အနွယ် မွတ်စလင်မ်) အမျိုးသားများ ဆင်းသက်လာပုံ သမိုင်းအကျဉ်း
    http://www.m-mediagroup.com/news/19622

    မြန်မာနိုင်ငံ တောင်ဖျားပိုင်းရှိ အစ္စလာမ် ဘာသာဝင် ပသျှူးလူမျိုး
    http://www.m-mediagroup.com/news/22074

    (6 photos)

     

  • ပန်းသေး (တရုတ်အနွယ် မွတ်စလင်မ်) အမျိုးသားများ ဆင်းသက်လာပုံ သမိုင်းအကျဉ်း

    ဒီဇင်ဘာ ၂၁၊ ၂၀၁၃
    M-Media
    စာတမ်းရှင် – ခင်မေထွေး

    ၁။ “ပန်းသေး” ဟူသော ဝေါဟာရ

    မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် “ ပန်းသေး ” ဟုပြောဆိုပါက တရုတ်မုစ်လင်မ်များကို ဆိုလိုကြောင်း အများအားဖြင့် သိရှိကြပါသည်။

    ရှေးနှစ်အတော်ကြာမှစပြီး မြန်မာမင်း အဆက်ဆက် နှင့် တိုင်းပြည်အပေါ် သစ္စာရှိစွာဖြင့် အေးချမ်းစွာနေထိုင်လာကြသော လူမျိုးနွယ်များ ဖြစ်ကြသည်။ သို့ရာတွင် ပန်းသေး ဟူသော စကားလုံးသည် အဘယ်မှ ဆင်းသက်လာသည် ဟုခိုင်လုံသော အထောက်အထားများ အတိအကျ ရှာဖွေ မတွေ့ရပေ။

    ပန်းသေး ဟူသောဝေါဟာရမှာ မြန်မာမုစ်လင်မ်များကို “ ပသီ ” ဟုခေါ်သော ဝေါဟာရနှင့် သဘောတရားအားဖြင့် အတူတူပင်ဖြစ်သည်။ “ပသီ” နှင့် “ပန်းသေး ” ဟူသော ဝေါဟာရနှစ်ခုလုံးမှာ ပါရ်စီ (ပါးရှန်း/ဖာရ်စီ) စကားမှ ဆင်းသက်လာဟန်တူ ပါသည်။ “ပါရ်စီ” မှ “ပါစီ” ၊ တဖန် ပါစီ မှ ပသီ – ပန်းသေး – စသဖြင့် စကားလုံး ရွေ့လျောပြီး အဆင့်ဆင့် ပြောင်းလဲခေါ်တွင် လာကြပုံရပါသည်။ အဆိုတစ်ခုအရ တရုတ်ပြည်တွင် ပန်းထိုးပညာ၊ အနုပညာများကို တစ်ဖက်ကမ်းခတ် တတ်ကျွမ်းသော တရုတ်မုစ်လင်မ်များကို တရုတ်ပန်းသေး ပညာအား အစွဲပြုပြီး တရုတ်ပန်းသေး ဆိုပြီး ခေါ်ဆိုလာကြသည်ဟု ပြောကြပါသည်။ ထိုအချိန်က တရုတ်မူဆလင် အမျိုးသမီး အမျိုးသားများသည် ပိုးချည်ရောင်စုံဖြင့် ပန်းခက် ပန်းနွယ် ပန်းပွင့် ပန်းရွက်များကိုထိုးတတ် ချူပ်တတ်သဖြင့် ထိုအတတ်ပညာကို ပန်းသေးပညာ ဟု ခေါ်ဝေါ်ကြသည်ကို မြန်မာ ရာဇ၀င်နှင့် မြန်မာစာပေတို့တွင် တွေ့ရှိရပေသည် ။ နောက်ထပ် အဆိုတစ်ခုအရ တရုတ်မုစ်လင်မ်များကို ရှမ်းစကားဖြင့် “ပန်းဆေး” ဟု ခေါ်ဆိုရာမှ “ပန်းသေး” ဖြစ်လာကြောင်း တွေ့ရသည်။ မည်သို့ပင် ခေါ်ဝေါ်စေကာမူ အကြောင်း တစ်ခုသေချာနေသည်မှာ ပန်းသေးများသည် တရုတ်ပြည်မှ မြန်မာပြည်ထဲသို့ ရာစုနှစ် များစွာ ကတည်းက ၀င်ရောက် အခြေစိုက်နေထိုင်လာခဲ့ကြသော အစ္စလာမ်ဘာသာဝင် တရုတ်လူမျိုးနွယ်များ ဧကန်အမှန်ပင်ဖြစ်ပါသည်။

    မြန်မာပြည်ရှိ တရုတ်မုစ်လင်မ်များကို ပန်းသေးဟု ခေါ်ဆိုကြသော်လည်း တရုတ်ပြည်ရှိ တရုတ်မုစ်လင်မ်များကိုမူ ပန်းသေးဟု မခေါ်ကြပေ။ တရုတ်စကား “ဟွေဟွေး” ဟုခေါ်ဆိုကြပါသည်။ “ဟွေ” ဟူသောစကားးမှာ “ပြန်လှည့်လာသည်” ဖြစ်ပြီး “ဟွေး” မှာ “အမှန်တရား ” ဖြစ်သဖြင့် အမှန်တရား/သစ္စာတရားဘက်သို့ ပြန်လှည့် လာသူ ဟူ၍ ဖြစ်ပါသည်။ အဆိုပါ “ဟွေဟွေး” ဟူသော အခေါ်အဝေါ်မှာ တရုတ်ပြည်တွင် မွန်ဂိုမင်းဆက်များ (၁၂၇၉-၁၃၆၈) ၊ “မင်” မင်းဆက်များ (၁၃၆၈-၁၆၄၄) လက်ထက်ကပင်စပြီး တရုတ် မုစ်လင်မ်များကို စတင်ခေါ်ဝေါ်လာကြကြောင်း တွေ့ရှိရပါသည်။ ယခုလက်ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အလံရှိ ကြယ်နီငါးပွင့် အနက် တစ်ပွင့်မှာ တရုတ်မုစ်လင်မ်တို့ကို ကိုယ်စားပြုဖော်ပြထားခြင်းဖြစ်သည်။

    ၂။ တရုတ်ပြည်သို့ အစ္စလာမ်သာသနာ ၀င်ရောက်လာခြင်း

    (က) ရေလမ်းခရီးဖြင့် ၀င်ရောက်လာခြင်း

    ရှေးနှစ်ပေါင်း (၁၃၀၀) ကျော်ကစပြီး အစ္စလာမ် ဘာသာသည် တရုတ်ပြည်သို့ ရေကြောင်းလမ်းဖြင့် ရောက်ရှိလာခဲ့ပါသည်။ တရုတ်ပြည်သို့ အစ္စလာမ် ဘာသာ မရောက်မီ ကပင် အာရပ်ကုန်သည်များ နှင့် ပါရှန်းကုန်သည်များသည် ရွက်သဘောင်္များဖြင့် ကူးသန်းရောင်းဝယ်ကြရန် အိန္ဒိယ သမုဒ္ဒရာကို ဖြတ်ကျော်ပြီး မိုင်ပေါင်း ၅၀၀၀ ကျော် ၆၀၀၀ ခန့်ဝေးသော တရုတ်ပြည်သို့ သွားလာလေ့ရှိကြသည်။ ကုန်ကူးသန်းသွားလာခဲ့ရင်း ကန်တုန်မြို့၌ ပထမဦးစွာ အစ္စလာမ် ဘာသာကို စတင် ဖြန့်ချိခဲ့ကြောင်း အာရဗ် လူမျိုးများ ရာဇ၀င်တွင် ဖော်ပြထားသည်ကိုတွေ့ရှိရလေသည်။

    Niujie_Mosques02 china
    တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းမှ Niujie ဗလီ

    ခရစ် ၆၂၈ ခုနှစ် – ဟစ်ဂျရီသက္ကရာဇ် ၆ ခုနှစ်တွင် တမန်တော် မုဟမ္မဒ်(SAW)သခင် သက်တော် ထင်ရှားရှိစဉ်က သာဝကကြီး ၀ဟဗ် ဘင်န် အဘီကဗ်ရှားဟ် (ရဿွိ) သည် ပင်လယ်ရေကြောင်း ခရီးဖြင့် အိန္ဒိယ၊ သီဟို၊ အင်ဒိုချိုင်းနား (ယခု မလေးရှား နှင့် အင်ဒိုနီးရှားဒေသများ)ကို ဖြတ်ကျော်ပြီး တရုတ်ပြည် ကန်တုံမြို့သို့ သွားရောက် ကာ  “တန်”မင်းဆက် တိုင်စွန်ဘုရင်ထံ သ၀ဏ်လွှာ ဆက်သလေသည်။ နဗီတမန်တော်သည် သာဝကကြီး ၀ဟဗ် ဘင်န် အဘီကဗ်ရှားဟ်ကို တရုတ်ပြည်သို့ သာသနာပြု ရန် မလွှတ်မှီအလျင်က တရုတ် ဘုရင်မင်းမြတ်သည် ထူးခြားသော အိမ်မက်ကို မြင်မက်တော်မူလေသည်။ ထိုအိမ်မက်ထဲတွင် အနောက်အရပ်မှ အလင်းရောင်တစ်ခု ပေါ်ထွက်လာပြီး သူတော်စင် တစ်ပါးကို ဖူးမြော်ရကြောင်းမက်ရာ မှူးမတ်ပညာရှင်များအား အိပ်မက်၏ နိမိတ်အား ဖတ်ကြားစေ၏။ မှူးမတ်ပညာရှင်များက အနောက် နိုင်ငံတွင် သူတော်စင်တစ်ပါး ပွင့်မည့် နိမိတ် လက္ခဏာဖြစ်ပါကြောင်း သံတော်ဦးတင် လျှောက်ထားကြပါသည်။ ယခုတဖန် အာရေဗျနိုင်ငံမှရောက်ရှိလာသော သာဝကကြီး ထံမှ နဗီတမန်တော်သခင်သည် အလ္လာဟ်အသျှင်မြတ်၏ စေတမန်တော်ဖြစ်ကြောင်း စုံလင်စွာ ကြားရသောအခါ  တရုတ်ဘုရင်မင်းမြတ် သည် မိမိ မြင်မက်သောအိမ်မက်နှင့် ကိုက်ညီနေသဖြင့် ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြောင်း မိန့်တော်မှုလေသည်။ ထိုမင်းလက်ထက်တွင် ကွန်ဖြူးရှပ် နှင့် ဗုဒ္ဓဘာသာကို အများစု ကိုးကွယ်ကြသော်လည်း ခရစ်ယာန် နှင့် အစ္စလာမ်ဘာသာများကိုပါ လွတ်လပ်စွာ သာသနာပြုခွင့် ပေးသည့် အပြင် နိုင်ငံခြားသားများကို အတားအဆီး မရှိသွားလာခွင့် ပေးထားလေသည်။

    တရုတ်ပြည်ရောက် သာဝကတော်များမှာ ဆွယ်တရားဟောကာ သာသနာမပြုခဲ့ကြ။ အစ္စလာမ့်လမ်းစဉ် အတိုင်း ရောင်းဝယ်ဖောက်ကားနေထိုင် ကျင့်ကြံခြင်းအပေါ် တရုတ်လူမျိုးတို့မှ အထူးစိတ်ဝင်စားပြီး သာသနာအကြောင်းကိုပါ သိရှိလို၍မေးမြန်းလာခဲ့ကြသည်။ သို့ဖြင့် သာဝကကြီး ၀ဟဗ် ဘင်န် အဘီကဗ်ရှားဟ်နှင့် အပေါင်းအပါ တို့သည် အစ္စလာမ်သာသနာတော်၏ အဆီအနှစ်များကို တင်ပြကာ ဖိတ်ခေါ်ခဲ့ရာမှ တရုတ်လူမျိုးများသည် တဖြည်းဖြည်း အစ္စလာမ် သာသနာတော်ကို လက်ခံယုံကြည် လာကြသည်။ (နောင်သောအခါ ကုရ်အာန်ကျမ်းတော်မြတ်ကိုလည်း တရုတ်နိုင်ငံသို့ ယူဆောင်လာပြီး ဖြန့်ဝေ သင်ကြားပို့ချလေသည်)။ ၀ဟဗ် ဘင်န် အဘီ ကဗ်ရှားဟ် သည် မိမိဇာတိ ဆော်ဒီအာရေဗျသို့ ပြန်သွားခဲ့ချိန်တွင် တမန်တော်မြတ်ကြီး ပရိနိဗ္ဗာန် စံလွန်သွားပြီဖြစ်ကြောင်း သိရသောအခါ တမန်တော် ညွှန်တော်မူခဲ့ သည့် တရုတ်ပြည်သို့သာ ထာဝရ အခြေချရန် ပြန်လှည့်လာပြီးနောက် အစ္စလာမ် သာသနာတော်ကို ဖြန့်ချိယင်း ကန်တုန်မြို့၌ အလ္လာဟ်အသျှင်မြတ်၏ အမိန့်ကို ခံယူခဲ့ လေသည်။ ထိုသာဝကကြီး တည်ဆောက်ခဲ့သော ဗလီဝတ်ကျောင်းတော် နှင့် ၄င်း၏သင်္ချိုင်းတော်မှာ ကန်တုံမြို့၌ ယနေ့တိုင် ထင်ရှားစွာ တည်ရှိနေပါသည်။

    (ခ) ကုန်းလမ်းခရီးဖြင့် ၀င်ရောက်လာခြင်း

    နဗီတမန်တော် မုဟမ္မဒ်(SAW) သခင်သည် ဟစ်ဂျရီသက္ကရာဇ် ၁၁ ခုနှစ် ရဗီအုလ်အောင်ဝလ် ၁၂ ရက်နေ့တွင် ကွယ်လွန် ၀ဖာ့သ် ဖြစ်တော်မူလေသည်။ တမန်တော် ကွယ်လွန်ပြီးနောက် အနှစ် ၁၀၀ အတွင်း အစ္စလာမ် သာသနာတော်သည် အာရှအနောက်ပိုင်းမှ တရုတ်ပြည် အနောက်မြောက်နယ် အတွင်းသို့ ဒုတိယအကြိမ် ထပ်မံ ရောက်ရှိလာသည်ဟု သိရပါသည်။ ထိုအချိန်တွင် အာရပ်တို့၏တန်ခိုးသြဇာ အာဏာ ကြီးထွားလာပြီး အာရှအနောက်ပိုင်းရှိ စမာရ်တန်၊ ဘုခါရာ (အိမာမ်ဘုခါရီ၏ဇာတိ)၊ ခီဝါး စသော မြို့များအထိ အစ္စလာမ် သာသနာတော် ပျံ့နှံ့လာခဲ့လေသည်။ အာရေဗျတိုင်းပြည်မှ တရုတ်ပြည်သို့ အီရတ်၊ အီရန် ခိုရာစန် စသည့် နိုင်ငံများကို ဖြတ်၍ တောတောင် အထပ်ထပ်ကျော်လွှားကာ မိုင်ပေါင်း (၃၀၀၀) ကျော်ဝေးကွာသော တရုတ်ပြည်နယ်စပ်သို့ ကုန်းလမ်းခရီးဖြင့် ရောက်နိုင်ပေသည်။ ခရစ်သက္ကရာဇ် (၇၁၅) ခုနစ်၌ ဒမတ်စကတ်မြို့တော် အုပ်ချုပ်ရေးမှူး ၀လီးဒ် ဘင်န် အဗ်ဒုလ် မာလစ်(က်) ၏လက်ထက်တွင် ခိုရာပူတန်မြို့သံတမန်အဖြစ် ခန့်အပ်ခြင်းခံရသူ ကုသွိုင်ဗဟ် ဗင်န် မုစ်လိမဟ် သခင် သည် ဇွဲ လုံ့လ၊ သတ္တိ နှင့် လိမ္မာ ပါးနပ်မှု ရှိသောပုဂ္ဂိုလ် ဖြစ်သည်။ သူ၏ ဟောပြောချက်ဖြင့် ထိုဒေသရှိ မြောက်များစွာသော တရုတ်လူမျိုးတို့သည် အစ္စလာမ်ဘာသာကို လက်ခံလာကြပါသည်။ ၄င်းဒေသမှတဆင့် တရုတ်ပြည်အနောက်မြောက်ပိုင်းသို့ အစ္စလာမ်သာသနာ ဆက်လက်ပျံ့နှံ့လာပါသည်။

    ခရစ်သက္ကရာဇ် (၇၅၅) ခုနစ်၌ တရုတ်ပြည် အနောက်မြောက်ဘက်ဒေသတွင် “အန်လူရှန်” ဆိုသူ ခေါင်းဆောင်သော တာတာ လူမျိုးများ၏ ပုန်ကန်ခြားနားမှုကြောင့် တရုတ်ဘုရင်က အာရပ်နှင့် ဥူးဂါးရ် စစ်တပ်ကို အကူအညီတောင်းကာ နှိမ်နင်း ရလေသည်။ စစ်အောင်နိုင်သောအခါ တရုတ်ဘုရင်၏မေတ္တာရပ်ခံချက်ဖြင့် ထိုအာရပ်နှင့် ဥူးဂါးရ် စစ်သည်တပ်သားများသည် မိမိတို့၏ နေရင်းအရပ်များသို့  မပြန်ကြတော့ဘဲ တရုတ်ပြည် စီအန်းနယ်တွင် အတည်တကျ နေထိုင်ကြလေသည် ထိုအချိန်မှစ၍  တရုတ် မုစ်လင်မ်များသည် တရုတ်ပြည်၊ စီအန်းနယ်တွင် အမြစ်တွယ်ကာ ထပ်ဆင့် ပြန့်ပွားလာပါသည်။ စီအန်းနယ်တွင် ရှေးဗလီဝတ်ကျောင်းတော်ကြီး တစ်ဆောင်ကို ဆောက်လုပ်ထားခဲ့ရာ ယနေ့တိုင် တည်ရှိနေသည်။ ခရစ်သက္ကရာဇ် (၇၈၂) ခုနစ်၌ တရုတ်နှင့် တိဗက်တို့ စစ်ဖြစ်ပွားခဲ့ရာ မုစ်လင်မ်များ၏အကူအညီဖြင့် တိဗက် တပ်မတော်ကို ထပ်မံချေမှုန်းနိုင်ခဲ့ပါသည်။ ထို့နောက်ပိုင်းဝယ် ယူနန်နယ် အတွင်းပိုင်းအထိ မုစ်လင်မ်များ ၀င်ရောက် အခြေချနေထိုင်ခဲ့ကြပါသည်။

    ၃။ ယူနန်နယ်မှ ပန်းသေးများ

    ၁၈၅၆ ခုနစ် မှ ၁၈၇၃ ခုနစ်အထိ တစ်ဆယ့်ခုနစ်နှစ် တိုင်တိုင် တရုတ်ပြည် ယူနန်နယ်၌ တရုတ်မူဆလင်ဘုရင်များ ကိုယ့်ထီးကိုယ့်နန်းဖြင့် စိုးမိုး အုပ်ချုပ်ခဲ့ကြပါသည်။ ယူနန်နယ်သည် တရုတ်ပြည်၏ အနောက်တောင်ဘက်တွင် တည်ရှိပြီး မြန်မာပြည် နယ်စပ်နှင့် ကပ်လျက် နယ်ပယ်ဒေသကြီးတစ်ခုဖြစ်သည်။ ယင်းယူနန်နယ်သို့ မုစ်လင်မ်များ အဘယ်သို့ ရောက်ရှိလာကြပုံနှင့် ပတ်သက်ပြီး အဆိုအမျိုးမျိုး ရှိလေသည်။

    ရှေ့မှီနောက်မှီ ပန်းသေးလူကြီးများ၏ပြောပြချက်အရ တရုတ် ဘုရင်မင်းမြတ်သည် ၄င်း၏တိုင်းပြည်အတွင်းရှိ မကောင်း ဆိုးဝါး မိစ္ဆာများကို ဖယ်ရှားပေးပါရန် မေတ္တာရပ်ခံ ချက်အရ မုစ်လင်မ်ပေါင်း ၃၆၀ က ထိုနတ်ဆိုးနတ်ယုတ်များကို အမြစ်ကစ၍ သုတ်သင်ပေးလိုက်သည့်အတွက် တရုတ်ဘုရင်မင်းမြတ်မှာ များစွာကျေးဇူးတင်ရှိပြီး အာရဗ်များကို ဂုဏ်ပြုသည့်အနေဖြင့် ၄င်းတို့၏မြို့တော်တွင် အခြေချနေထိုင် ခွင့်ပြုလိုက်လေသည်။ (ထိုခေတ်ကာလတွင် တရုတ်ပြည်တခွင်၌ မကောင်းဆိုးဝါးမိစ္ဆာများ အလွန် များပြားသောင်းကျန်းခဲ့ကြောင်း တရုတ်ရှေးဟောင်းရာဇ၀င်များက ဆိုထားသည်ကို လေ့လာနိုင်ပါသည်)။ နှစ်အတန်ကြာမြင့်လာသော အခါ မုစ်လင်မ်လူဦးရေ တိုးတက်များပြားလာသဖြင့် နယ်စပ်များအထိတိုင် ရွှေ့ပြောင်းနေရာချ ထားခဲ့ကြောင်းသိရပါသည်။

    တဖန် အဆိုတစ်ရပ်တွင် မုစ်လင်မ်စစ်သည်တော် ရဲမက် (၂၀၀၀၀) နှစ်သောင်း သည် တရုတ်ဘုရင်မင်းမြတ်၏ မေတ္တာ ရပ်ခံချက်အရ တ်ဗက်နှင့်စစ်ဖြစ်နေသည့် တရုတ် ဘက်မှ ပါဝင်ကူညီတိုက်ခိုက်ပေးခဲ့သည်။ စစ်ပွဲအောင်မြင်သောအခါ မိမိမွေးရပ်ဌါနီ အာရပ်ပြည်သို့ မပြန်ကြတော့ပဲ တရုတ်ပြည် ယူနန်နယ်၌ အေဒီ ၈၀၁ ခုနစ်မှ စ၍ အခြေချနေထိုင်ကာ တရုတ်ဘုရင်၏ သစ္စာတော်ခံများအဖြစ် နေထိုင်ကြလေသည်။

    တစ်ချိန်က တရုတ်ပြည်တွင် ဆင်းရဲချို့တဲ့လွန်းသည့်တရုတ်လူမျိုးမိသားစုတို့သည် မိမိတို့၏ ရင်သွေးများအား ရောင်းချသည့် ဓလေ့ရှိခဲ့သည်။ ယင်းကလေးငယ်များကို မုစ်လင်မ်တို့မှ ခေါ်ယူစောင့်ရှောက်မြေတောင်မြှောက်ပေးခဲ့ ကြသည်။ ပြုစုပျိုးထောင်ပေး ခဲ့ကြသည်။ ဤသို့ဖြင့် ၁၉ ရာစုတွင် ယူနန်ပြည်နယ်ရှိ မုစ်လင်မ်ဦးရေ မှာ တဟုန်ထိုး အဆမတန် တိုးတက် များပြားလာရခြင်းတစ်ကြောင်း ဖြစ်၏။ တဆက်တည်းမှာပင် ထိုအချိန်က ယူနန်နှင့် မြန်မာ ကုန်သွယ်ရောင်းဝယ်ရေး လုပ်ငန်းများ၌ လည်း ပန်းသေးများကသာ အဓိက ဦးဆောင်ခဲ့သည်ကို တွေ့ရှိ ရလေသည်။ ဗြိတိသျှတို့၏ ခရီးသွား မှတ်တမ်းများ အရ ၄င်းကုန်သည်တို့သည် အာရပ်စာပေကိုသာမ ကုရ်အာန်ကျမ်းမြတ်ကိုပါ ကောင်းမွန် ကျွမ်းကျင်စွာ ဖတ်တတ်ကြောင်း နှင့် ၄င်းတို့အနက် အာရပ် အဆက်အနွယ် အများစု ဖြစ်ပြီး၊ တူရကီနွ ယ်ဖွားများကိုလည်း တွေ့ရကြောင်း ဖော်ပြထားလေသည်။ ထို့ကြောင့် ၄င်း တရုတ်ပြည်ဖွား မုစ်လင်မ်များ၏ သွင်ပြင် လက္ခဏာများမှာ အိန္ဒိယလူမျိုး ပုံစံ မဟုတ်ပဲ တရုတ်လူမျိုး (သို့မဟုတ်) တရုတ်ကပြားများ၏ ယဉ်ကျေးမှု ပုံသဏ္ဍန်အတိုင်း ပေါ်လွင်နေခြင်း ဖြစ်ပါသည်။

    pantay-1
    ၁၉၀၀ ပြည့်နှစ် ဝန်းကျင် မြန်မာပြည်ရောက် ယူနန် ပြည်နယ်မှ လာသော မွတ်စလင်များ (ပန်းသေး)
    မူရင်းလင့်ကတော့
    http://images.rgs.org/imageDetails.aspx?barcode=8916
    From ဝါးလုံးရှည်အတီး

    (၄-၁၀-၁၉၉၄) နေ့ထုတ် မြန်မာ့အလင်းသတင်းစာ နှင့် ကြေးမုံသတင်းစာများတွင် မင်းရဲကောင်းပုံ ရေးသားထားသော “တရုတ်မြန်မာ ဘက်ပေါင်းစုံ ပူးပေါင်း ဆောင်ရွက်ရေးသို့ (ကော်လံ – ၅ ) ၌်  “ လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀) နှစ်ထောင် ကပင် ယူနန်သည် တရုတ်နိုင်ငံအဖို့ အရှေ့တောင်အာရှနိုင်ငံများနှင့် သာမက၊ အိန္ဒိယနိုင်ငံနှင့်ပါ ဆက်ဆံရေး၊ ကုန်သွယ်ရေးအတွက် တံခါးပေါက်ဖြစ်ခဲ့ပါသည်။ ကျော်ကြားသော (ပိုးဖဲ လမ်းမကြီး ) သည် စင်စစ် တရုတ်ပြည်၏ ကုန်သွယ်ရေး ဗဟိုလမ်းမကြီးဖြစ်ပါသည်။ ထိုလမ်းမကြီးသည် စီချွမ်းပြည်နယ်၏မြို့တော်မှ အစပြုလျက် အာရှတိုက် အလယ်ပိုင်း နှင့် အာရေဗျနိုင်ငံကို ပေါက်ရောက်သော လမ်းမကြီး ဖြစ်သည်။ လမ်းမကြီး ဖြတ်သန်းရာ မြို့ကြီးများတွင် ကူမင်း(ခွန်းမင်)၊ တာ့လီ ၊ ပေါက်ဆန်း၊ ထျန်းချိ တို့ ပါဝင်လျက် မြန်မာနှင့် အိန္ဒိယနိုင်ငံရှိ မြို့ပြဒေသများ ကိုလည်း ဖြတ်သန်းသွားရကာ သမိုင်းတစ်လျှောက်တွင် ထို (ပိုးဖဲလမ်းမကြီး) သည် တရုတ်နိုင်ငံ နှင့် အရှေ့တောင်အာရှ နိုင်ငံ များ၏ အဓိက ဆက်သွယ်ရေး အတွက် အချက်အချာကျသော ဗဟိုလမ်းမကြီး ဖြစိခဲ့သည် ” ဟု ဖော်ပြထားပါသည်။ ထို သမိုင်းဖြစ်ရပ်ကို ထောက်ရှုခြင်းအားဖြင့် အာရပ်တို့သည် ရှေးယခင်နှစ်ကြာမြင့်စွာ ကပင် မြန်မာပြည် နှင့် တရုတ်ပြည်သို့ ကူးလူးသွားလာခဲ့ကြသည်မှာ ခိုင်လုံသော အထောက်အထားတစ်ခု ဖြစ်ပါသည်။ ဥပမာ – ကတ္တီပါ ဆိုသည့်စကားလုံးမှာ အာရဗီစကား ဖြစ်ပါသည်။

    ၄။ တရုတ်ပြည်ရှိ အစ္စလာမ် ဘာသာဝင် လူမျိုးစုများ

    တရုတ်ပြည်တွင် အစ္စလာမ်ဘာသာဝင် လူမျိုးနွယ်စု (၁၀) မျိုး ရှိပါသည်။ ၄င်းတို့မှာ (၁) ဟွေဟွေး၊ (၂) ဥူဂါးရ်၊ (၃)ကာဇက်၊ (၄) ခါဂစ်၊ (၅) တာဂျစ်၊ (၆) တာတာ၊ (၇) ဥဇ္ဖဘက်၊ (၈) တုံရှန်၊ (၉) တာလာ နှင့် (၁၀) ပေါက်အန်း တို့ ဖြစ်ကြပါသည်။ တရုတ်မုစ်လင်မ် အများစုနေထိုင်သော ပြည်နယ်များမှာ ယူနန်နယ် ၊ ကန်တုံနယ်၊ ကန်စုနယ်၊ စီချွမ်း နယ်၊ ချင့်ဟိုက်နယ်၊ ကေ့ကျန်နယ် တို့ ဖြစ်ကြပြီး၊ (ထိုစဉ်က) ယူနန်ပြည်နယ်မြို့တော် တာ့လီမြို့သည် အစ္စလာမ့်ဗဟိုဌါနတစ်ခု ဖြစ်ခဲ့သည်။ အထက် ဖော်ပြပါ ပြည်နယ်အသီးသီးတို့တွင်လည်း အစ္စလာမ် ဘာသာရေးကျောင်းများကို လွတ်လွတ်စွာ စိတ်တိုင်းကျ ဖွင့်လှစ်နိုင်ပြီး တိုင်းရင်းသား ဘာသာစာပေနှင့် တကွ အာရပ် ဘာသာ(အရဗီ) နှင့် ပါးရှန်း ဘာသာ(ဖာရ်စိ)များကိုပါ တွဲဖက်သင်ကြားစေပါသည်။ တရုတ်ပြည် အနောက်မြောက်ပိုင်းတွင် တူရကီ – ပါရှန်း အဆက်အနွယ် မုစ်လင်မ် အများအပြားနေထိုင်ကြသည်ကိုလည်း တွေ့ရှိရပါသည်။

    တရုတ်ပြည်တွင် မှီတင်းနေထိုင်ကြသော လူမျိုးများကို တရုတ်လူမျိုးများဟု သိမြင်ကြ၏။ သို့ရာတွင် ထိုလူမျိုးများသည် တစ်မျိုးတစ်စားတည်း မဟုတ်ကြပေ။ တရုတ်ပြည်တွင် နေထိုင်ကြသော လူမျိုးအုပ်စုကြီး ၅ စု ရှိပါသည်။ ၄င်းတို့မှာ (၁) ဟန်လူမျိုး၊ (၂) မန်ချူးလူမျိုး၊ (၃) မွန်ဂို လူမျိုး၊ (၄) ရှီးစန်း (ခေါ်) တိဗက် လူမျိုး၊ (၅) ဟွေချူ ခေါ် ဟွေဟွေး -တရုတ်မုစ်လင်မ်တို့ ဖြစ်ကြပါသည်။ တရုတ်အမျိုးသား ခေါင်းဆောင်ကြီး ဒေါက်တာ စွန်းကျူံးဆန်(ဆွန်ယက်ဆင်) တည်ထောင်သော အမျိုးသား နိုင်ငံတော်အလံမှာ ငါးရောင်ခြယ် အလံဖြစ်ပြီး အနီ ၊ အ၀ါ၊ အပြာ၊ အဖြူ၊ အနက် တို့ဖြင့် တရုတ်လူမျိုးအုပ်စုကြီး (၅)စု အား ကိုယ်စားပြုဖော်ပြခဲ့ပါသည်။ ယခု တရုတ်ပြည်သူ့ သမ္မတနိုင်ငံတော်အလံတွင် ပါရှိသော ကြယ်နီ (၅) ပွင့်၏အဓိပ္ပာယ်မှာ ထို လူမျိုးအုပ်စုကြီး ငါးစုကို သရုပ်ဖော်ဆောင်ထားခြင်းဖြစ်ပါသည်။ ဤသည် ကို ထောက်ရှုခြင်းအားဖြင့် တရုတ်ပြည်ရှိ ဟွေဟွေး မုစ်လင်မ် အင်အားသည် မည်မျှ အထိများပြားကြောင်း အလွယ်တကူ ခန့်မှန်းနိုင်ပေမည်။ အစိုးရကပင် အသိအမှတ် ပြုထားရကြောင်း မျက်ဝါးထင်ထင် တွေ့မြင်ရပါသည်။ တရုတ်ပြည်တွင် မုစ်လင်မ် ဦးရေ သီးသန့်ကောက်ယူထားသည့် တရားဝင် သန်းခေါင်စာရင်း မရှိခြင်းကြောင့် တရုတ် မုစ်လင်မ်၏ ပမာဏကို အတိအကျ မသိရသော်လည်း အစ္စလာမ့် အသိုင်းအ၀ိုင်း၏အဆိုအရ သန်းပေါင်း (၁၀၀) အနည်းဆုံး ရှိနေသည် ဟု သိရပါသည်။

    (၅) ပန်းသေးများ မြန်မာပြည်တွင်းသို့ ၀င်ရောက်လာခြင်း။

    ခရစ်သက္ကရာဇ် ၁၂၅၇ ခု နစ်တွင် မွန်ဂိုဘုရင် ကူဗလိုင်ခန့် မင်းနန်း တက်သောအခါ တရုတ်ပြည် ယူနန်နယ် ကို တိုက်ခိုက် သိမ်းယူပြီးနောက် ခရစ်သက္ကရာဇ် ၁၂၈၄ ခုနစ် မြန်မာ သက္ကရာဇ် ၆၄၃ နှစ်တွင် မြန်မာနိုင်ငံ မိမိအား အဖိုးတန် လက်ဆောင်ပဏ္ဍာများ ဆက်သ ရမည်ဟု ပုဂံ တွင် ထီးနန်း စိုးစံတော်မူနေသော နရပတိ သီဟ ဘုရင်မင်းထံ ရာဇသံဖြင့် ရန်စကာ သံတမာန် များ စေလွတ်တောင်းခံ လေ သည်။ တရုတ်သံတမန် များ သည် မြန်မာ ဘုရင် ရှေ့တော်၌ မချေ မငံ ပြောဆို ဆကိဆံကြသဖြင့် လာကြသောသံ အဖွဲ့ အားလုံးကို တစ်ယောက်မကျန် ကွပ်မျက် လိုက်လေ သည် ။ဤ အချိန်မှ စ၍ တရုတ်-မြန်မာ စစ်ပွဲ ဖြစ်လာလေသည်။ ဗန်းမော်မြို့ အမြောက်ဘက် ငဆောင်ချမ်း အရပ်၌ ဖြစ်ပွါးခဲ့ပါ သည်။ ကူဗလိုင်ခန့်မင်းကြီး၏ စစ်ဗိုလ်ချူပ်ကြီး နစရွတ်ဒင်းန် နှင့် တာတာရီ ၊ တူရကီ တရုတ် ရဲမက် စစ်သည်များသည်  မြန်မာပြည်တွင်းသို့ အလုံး အရင်းဖြင့် ၀င်ရောက် တိုက်ခိုက်ရာ နရပတိ မင်း သည် အရေးနိမ့်ပြီး ထွက်ပြေး တိမ်းရှောင်ရလေသည်။ မြန်မာ ရာဇ၀င် တွင် နရပတိ သီဟ မင်း ကို တရုတ်ပြေးမင်း ဟု ခေါ်တွင် လေ သည်။

    တဖန် မြန်မာသက္ကရာဇ် ၈၉၇ ခုနစ်တွင် တပင်ရွှေထီး မင်း သည် ဆင်တပ်၊ မြင်းတပ်၊စစ်သညရဲမက်အင်အား ၆၀၀၀၀ ခြောက်သောင်း အင်အားဖြင့် ဟံသာဝတီ မြောက်ဘက်သို့ ချီတတ်ပြီး ကျားထိုး ဟူသော အရပ်မှ နေ၍ ကူဗလိုင်ခန့်မင်းကြီး၏ တပ်ကြီးကို တိုက်ခိုက်လေရာ အရေးမလှသောကြောင့် နောက်ဆုတ်ရလေသည်။ အထက်ပါ သမိုင်းအရ နရပတိသီဟ မင်းနှင့် တပင်ရွှေထီး မင်းများ လက်ထက် တွင် ပန်းသေးများသည် မြန်မာပြည် တွင်းသို့ ရောက်ရှိလာကြကြောင်းသိရလေသည်။

    (မှန်နန်းရာဇ၀င် နှင့် မြန်မာစာညွှန်းးပေါင်းကျမ်း – တတိယ တွဲ – စာမျက် နှာ ၂၄၇)

    ရှေးနှစ်ပေါင်း ၇၀၀ ခန့်လောက်မှ စ ၍ မြန်မာပြည်သို့ ရောက်ရှိလာကြသော ပန်းသေးများမှာ တရုတ်တပ် များ နှင့် အတူပါလာခြင်း သို့မဟုတ် အလုပ်ရှာဖွေရန် ရောက်လာကြပြီး မင်းမှုထမ်းများအဖြစ် ၀င်ရောက် လုပ်ကိုင်ခဲ့ ခြင်း ဖြစ်ပါသည်။ ထို့ပြင် မြန်မာမင်း များကလည်း တရုတ်မြန်မာ ကူးသန်းရောင်းဝယ်ဆက်ဆံရေးကို အားပေးကြသောကြောင့် ပန်းသေး ကုန်သည်များသည် ပိုးထည်၊ ဖဲထည် နှင့် ရွှေ အရောင်းအ၀ယ် များဖြင့်မန္တလေး သို့ မကြာ မကြာရောက်ရှိလာကြကြောင်းနှင့် နောက်ပိုင်းတွင် ယူနန်ပြည် အတွင်း စစ်အတွင်းမှာ လည်းကောင်း၊ စစ်ပြီးခေတ်မှာ လည်းကောင်း၊ ပန်းသေးများသည် မြန်မာပြည်အတွင်းသို့ ၀င်ရောက်ခိုလှုံလာကြသည်ကို ခွင့်ပြုထားကြောင်း တွေ့ရှိ ရလေသည်။

    ယူနန်ပြည်တွင် စစ်အတွင်းက ထွက်ပြေးလာကြသော ပန်းသေးများကို မင်းတုန်း မင်းတရားကြီးက လက်ခံ ကျွေးမွေး စောင့်ရှောက်ထားတော် မူခဲ့လေသည်။ ဤသည်ကို ပခန်း မင်းကြီးက မြန်မာ နှင့် တရုတ် သဟဇာတ- သင့်မြတ် မဟာမိတ် ဖြစ်နေ ချိန်တွင် တရုတ်မင်းကို ပုန်ကန်၍ အရေးနိမ့်ပြီး မြန်မာ ပြည်တွင်း သို့ ၀င်ရောက်လာကြသော တရုတ်ဘုရင်၏ ရန်သူများကို လက်မခံ သင့်ကြောင်း မင်းတုန်း မင်းကြီး ထံ – လျှောက် ထား သံတော်ဦးတင်ပြီး ၄င်းပန်းသေး များကို အောက်မြန် မာပြည် ရှိ  မြို့ရွာ များသို့ ပြောင်းေ၇ွ့နေထိုင် ကြရန် နေပြည်တော် မှ နှင်ထုတ်လိုက်လေသည်။ ဤနည်း အားဖြင့် ယူနန်ပြည် တွင် စစ်အတွင်းက ထွက်ပြေး တိမ်းရှောင်ဘာကြသော ပန်းသေးများသည် အထက် မြန်မာ ပြည် ၌ သာမက အောက်မြန်မာပြည်ရှိ မြို့ရွာများ သို့ပါ ပျံ့နှံ့ သွားကြကြောင်း တွေ့ ရှိရလေသည်။

    တရုတ်-မြန်မာ ကုန်သည်များသည် ထန်ရွေ့နယ် ခေါ် ထိပ်ချူံး နယ်နှင့် ဗန်းမော် မြို့ တို့ တွင်ကုန်းလမ်းခရီးဖြင့် ကူးလူး ဆက်ဆံ သွားလာ ရောင်းဝယ်ရေး အစဉ်အလာ များ ရှိခဲ့ သည်။၎င်းတို့ ထဲ တွင် ကုန်သည် အများစု မှာ ပန်းသေး များဖြစ်ကြလေသည်။ အချို့ ပန်းသေးများမှာ မြစ်ကြီးနားမှတဆင့် မိုးကောင်းမြို့သို့ သွား၍ ကျောက်စိမ်းတွင်း အရပ်၌ ကျောက်စိမ်း တူးဖော်ခြင်း လုပ်ငန်းဖြင့်အတည် တကျ သွားရောက် လုပ်ကိုင်နေထိုင်ကြလေသည်။

    အချို့ တရုတ်မူဆလင် များမှာ စစ်ဘေး စစ်ဒဏ် လွတ်ကင်းရာ တာလီ မြို့မှ ယူနန် အနောက်တောင်ပိုင်း ကိုဖြတ်၍ မြန်မာပြည်၏ အရှေ့မြောက် အရပ်ရှိ မိုင်းမော – မာန်ထွန်း မှ တဆင့် ”၀” နယ်အတွင်းသို့ ၀င်ရောက် ခိုလှုံ နေထိုင်ကြလေသည်။ ထိုအခါမှ၍ ပန်းသေး များပြောင်းရွေ့ စုရုံးနေထိုင်ခြင်းကိုအကြောင်းပြု၍ ”ပန်းလုးံ” ဟုခေါ်၏။ ”ပန်းလုံး”ဆိုသော တရုတ်စကားမှာ ”စုရုံး” သည် ဟုအဓိပါယ်ရသည်။ နောက်ပိုင်းဘကာလ ရွေ့လျား လာသော အခါ ” ပန်းလုံး” မှ ”ပန်းလုံ”ဟုခေါ် တွင်လာလေ သည်။ ၁၈၈၆ – ခုနစ်တွင် အင်္ဂလိပ်တို့က အထက်မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် ၁၈၈၉ – ခုနစ်တွင် တရုတ်နှင့် မြန်မာ နယ်ခြား သတ်မှတ် ပေးရာတွင် ”ပန်းလုံ ” မြို့ သည် မြန်မာ နယ်နမိတ်အတွင်း ကျရောက်လာလေသည်။

    Panthay Masjid in Kyinetung, Eastern Shan State2
    ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှ ပန်းသေးဗလီ

    အချို့ ပန်းသေးများသည် စစ်ပြေးဒုက္ခ သည် များအဖြစ် ယူနန်နယ်မှ မြန်မာပြည်တါင်းသို့ အရှေ့ဘက်ပိုင်းမှ ၀င်ရောက်လာပြီး ကျိုင်းတုံ မြို့တွင် အခြေ စိုက် နေထိုင်ကြလေသည်။ ကျိုင်းတုံ မြို့ ၌ ယခုအခါ ပန်းသေး ဦးရေ မှာ (၅၀၀၀)  ကျော်ခန့် ရှိသည် ဟု ယူဆ ရလေသည်။

    တရုတ်ပြည် ယူနန်နယ်မှ အကြောင်းအမျိုးမျိုး ဖြင့် မြန်မာပြည်တွင်းသို့ ၀င်ရောက်အခြေ စိုက်လာကြသော ပန်းသေးများသည် နှစ်ကြာလာသည်နှင့်အမျှ မင်းမှုထမ်းခြင်း ကုန်ကူးသန်း ရောင်းဝယ်ခြင်း အိမ်ထောင်ကျ ခြင်း စသော ကိစ္စရပ်များ အပေါ် အကြောင်းပြု အခြေခံပြီး ယခုအခါ ပန်းသေးအများစုကို ဗန်းမော်၊ မြစ်ကြီးနား၊ မန္တလေး ၊ မိုးကုတ်၊ တန့်ယန်၊ လားရှိုး၊ ကွန်လှုံ၊ တောင်ကြီး၊ ကျိုင်းတုံ နှင့် ရန်ကုနု စသော မြို့ကြီး များတွင် တွေ့ရှိရလေသည်။

    (၆) ပန်းလုံပန်းသေးများ။

    လွန်ခဲ့သောနှစ်ပေါင်း (၂၀၀) ကျော်ခန့်တွင် ရှမ်းပြည် မြောက်ပိုင်း ယခု ကိုးကန့် နယ်မြေ အတွင်း တရုတ်ပြည် နယ်စပ်အနီး တွင် ”တိုက်ကျားကျိတ်” ဟူသော မြို့တစ်မြို့ ရှိခဲ့သည်။ ၄င်းမြို့သည် မြေပြန့်လွင်ပြင် ၌ တည်ရှိပြီး အရှေ့ဘက်တွင် ”ရင်းစင်း” အနောက်ဘက်တွင် ”မုကွာကျိုက်” အနောက်ေ တာင်ဘက်တွင် ” မလိပါး” ၊ ပြောက်ဘက်တွင် ”စင်းကျိတ် ” ဟူသော ရွာများ ရှိပါသည်။ (မြေပုံ ကို ပူးတွဲ တင်ပြပါသည်။)

    Panlone

    ”တိုက်ကျားကျိတ်” မြို့တွင် နေထိုင်သော လူမျိုး များမှာ ပန်းသေး လူမျိုး များပင်ဖြစ်ပါသည်။ လူဦးရေ မြောက် မြား စွာ နေထိုင်သော မြို့ ကြီး တစ်မြို့ ဖြစ်ပါသည်။ ယနေ့ ထက်တိုင် ၄င်း ”တိုက်ကျားကျိတ်” တည်ရှိရာ နေရာ တွင် မြို့ရိုး၊ ကျူံး၊ ကတုတ်၊ စသည်တို့၏အကြွင်းအကျန်များ ထင်ရှားစွာ တည်ရှိနေသေး၏။ ထိုမြို့မှ ပန်းသေး လူမျိုး အချို့ တို့ သည် တောင်ပိုင်းသို့ ဆင်း ပြီး သံလွင်မြစ် အရှေ့ဘက် ”၀” နယ်အတွင်း ရှိ ”နမ်းပေါ့ ” ဟူသော ရွာအတွင်း သို့ ရွေ့ပြောင်းနေထိုင် ခဲ့ကြပါသည်။

    ”တိုက်ကျားကျိတ်” မြို့ တွင် အေးချမ်းစွာ နေထိုင်လာရာမှ တရုတ်ပြည်တွင် အလံဖြူ နှင့် အလံနီ အရေးအခင်း စတင်ဖြစ်ပွါးခဲ့ပါသည်။ မုစ်လင်မ် ဖြစ်သော အလံဖြူ တပ်များ အရေးနိမ့်သဖြင့် ပန်းသေးများနေထိုင်သော ”တိုက်ကျားကျိတ်” မြို့ သို့ ဒုက္ခ သည် မုစ်လင်မ်များ ၀င်ရောက် ခိုလှုံခဲ့ပါ သည်။ ရန်ငြိုးမကုန်သေးသော မန်ချူး အလံနီ တပ်များက ”တိုက်ကျားကျိတ်” မြို့ အထိ လိုက်လံ တိုက်ခိုက်ကြသည် ။ အင်အား မမျှသောကြောင့် ”တိုက်ကျားကျိတ်” မြို့သူ မြို့သားများ မရှုမလှ သေကြေကြရပြီး မြို့ပါ ဖျက်ဆီးခြင်း ခံလိုက်ရပါသည်။ ထို့ ကြောင့် ၁၈၅၀ ခုနစ်ကျော်ကာလတွင် ကျန်ရှိသော ပန်းသေး များသည် စစ်ပြေးဒုက သည်အဖြစ် ကိုးကန့်နယ် အနောက် တောင် ပိုင်းသို့ ထွက်ပြေးလာကြပါသည်။  ”မလိပါး” ၊ ”ကြာဇီရု” ခေါ် ”ဟွေ့ဇီကြာချန့်” စသော ရွာများ တွင် လည်းကောင်း ထိုမှ တစ်ဖန် တောင်ပိုင်းရှိ ”ထိန်မြေဖုန်” ၊စန်းရှောင်” စသော ရွာများ တွင် တိမ်းရှောင် ခိုလှုံလာကြပါသည်။

    ထိုမှ တဖန် ပန်းသေးများသည် ”ကန်မှိုင်း ၊ ခမ်းတိန် ” ရွာများသို့ ပြောင်းရွေ့လာသည်။ အချို့ မှာ မူ သံလွင်မြစ် တစ်လျှောက်လိုက် ပြီး ရှမ်းပြည် အတွင်းသို့ ဆင်းသွားခဲ့သည်။ အများစုမှာ သံလွင်မြစ် ”နမ့်စီခ” ကူးတို့ဆိပ် မှ ကူးကာ သံလွင်မြစ် အရှေ့ဘက် ”၀” နယ် အတွင်း ရှိ ”နမ့်ပေါ့ ” ရွာသို့ ရောက်ရှိသွားသည်။ နမ်ပေါ့ ရွာတွင် ယခင်က ”တိုက်ကျားကျိတ်” မြို့မှ ပြောင်းရွေ့လာသော ပန်းသေးများနှင့် ပူးပေါင်းနေထိုင်လေသည်။

    နမ့်ပေါ့  ရွာသို့ ပန်းသေးများတဖြေးဖြေး ပြန်လည် စုရုံးလာကြသဖြင့် ပြန်လည် စုစည်းခြင်းဟု အဓိပ္ပါယ် သက်ရောက်သည့် ”ပန်းလုံ ” ဟူသော အမည်ဖြင့် ပြောင်းလဲ ခေါ်ဝေါ်လာခဲ့ သည်။ ထိုကဲ့သိုစုစည်းကာ မြို့သစ်တည်ထောင် ပြီး နေထိုင်ကြသည် ကို ”၀”  စော်ဘွားများက သဘောတူ ခွင့်ပြုခဲ့ပါသည်။ ၁၈၆၀ ခုနစ် လောက်တွင် ပန်းသေး အကြီးအကဲ ”မားလင်ရိုး ” ကို  ပန်းလုံမြို့စားအဖြစ် ”ကွမ်ပြယ်” စော်ဘွားကခန့်သဖြင့် ”မားလင်ရိုး ” သည် ”ပန်းလုံ ” နယ်တစ်ဝှိက် ကို အုပ်ချူပ်ခဲ့ ရလေ သည်။

    ယင်းအုပ်ချူပ်ရသော နယ်မြေ မှာ စတုရန်း မိုင်ပေါင်း (၁၇၀) ခန့် ရှိပြီး အရှေ့ဘက်ရှိ နမ့်မုချောင်း ၊ှ အနောက် ဘက် သံလွင်မြစ်၊ မြောက်ဘက် ”ဟိုစွမ်း”ရွာ၊ တောင်ဘက် ”ပန်းနွိုင်ရွာ” အထိ  ဖြစ်ပါသည်။

    ၁၈၆၀ ခုနစ်မှ ၁၉၄၅ ခုနစ်အထိ ပန်းလုံ မြို့ ကို အုပ်ချူပ်ခဲ့သော မြို့စားများမှာ –

    (၁) မာလင်ရီး (၂) မားစန်းတားရင် (၃)သွင်းတားရင် (၄)တာဂျီးမား ကွယ်ရှင်း (၅)မားရင့်အန်း (၆) မာမေ့ထင် စသည်တို့ဖြစ်ပါသည်။

    ၁၈၉၈ ခုနှစ်သို့ ရောက်သောအခါ တရုတ်မြန်မာ နယ်နိမိတ်သတ်မှတ်ခြင်း စတင်ပြုလုပ်ခဲ့သည်။ ဤအချိန်ထိ ပန်းလုံ သည် မည်သည့် နိုင်ငံတွင် ပါဝင်သည်ကို ပြတ်ပြတ် သားသား သတ်မှတ် ထားခြင်းမရှိသေးပေ။ နယ်နိမိတ်သတ်မှတ်ရေး ကော်မရှင် သည် ”၀” နယ်အတွင်းရှိ သက်ဆိုင်သူများကို ဖိတ်ကြားခဲ့သည်။ သို့သော် ပန်းလုံမြို့စား တာဂျီးမား ကွယ်ရှင်း တစ်ယောက်သာတတ်ရောက်ခဲ့ပြီး အခြားနယ်ရှင်များ တတ်ရောက်ခဲ့ခြင်းမရှိပါ။ ပန်းလုံကို မည်သည့်နိုင်ငံတွင် ပါဝင် ထည့်သွင်းလိုကြောင်း ထိုကော်မရှင် အဖွဲ့က မေးမြန်းရာ မြို့စား တာဂျီးမား ကွယ်ရှင်း က မြန်မာပြည်တွင်း၌သာ ပါဝင် ထည့်သွင်း လိုကြောင်း ဖြေကြားခဲ့ပါသည်။ ထို့ကြောင့် ပန်းလုံနယ်ကို  မြန်မာပြည် နယ်နိမိတ်အတွင်း ၌ ထည့်သွင်းသတ်မှတ်ခဲ့ပါသည်။ အင်္ဂလိပ် အစိုးရကလည်း တာဂျီးမား ကွယ်ရှင်းကို ပန်လုံမြို့စား ရာထူး၌ပင် ခန့်အပ်၍ ပန်းလုံနယ်ကို ဆက်လက် အုပ်ချူပ်စေခဲ့ပါသည်။ ဤတွင် တာဂျီးမား ကွယ်ရှင်း က ပန်းလုံ ကို မြန်မာပြည်အတွင်း ပါဝင်ရန် ဆန္ဒ ပြုခဲ့သည့်အတွက် အခြားနယ်ရှင်များက မနှစ်မြို့သဖြင့် မြို့စား တာဂျီးမား ကွယ်ရှင်း  ကို လုပ်ကြံ လိုက်လေသည်။

    မြို့စား တာဂျီးမား ကွယ်ရှင်း   လုပ်ကြံခံရပြီး နောက် ပန်းလုံ မြို့သူ မြို့သား များသည် တုန်လှုပ် ခြောက်ခြားပြီး အခြေအနေ ရုတ်ရုတ်သဲသဲ ဖြစ်လာ ခဲ့ပါသည်။ အချို့က ပန်းလုံမြို့ ကို စွန့်ခွါပြီါ် ရှမ်းပြည်ဘက်သို့ ပြောင်း ရွေ့ သွားကြပါသည်။ ဤသို့ ရှုပ်ထွေးနေသော အခြေ အနေ ကို ထိန်းသိမ်းရန်  မားရင့်အန်း  ကို မြို့စားအဖြစ် ခန့်အပ်ပြီး အုပ်ချူပ်စေခဲ့ပါသည်။ အခြေ အနေ ငြိမ်းချမ်းသွားသောအခါ မာမေ့ထင်  ကို မြို့စား အဖြစ် တင်မြောက်လိုက်ကြပါသည်။

    ၁၉၃၄ ခုနစ်တွင် တရုတ်နှင့် အင်္ဂလိပ်ကိုယ်စားလှယ် များသည် ဟိုစွက် အရပ်၌ ဒုတိယ အကြိမ်မြောက် တရုတ်မြန်မာ နယ်နိမိတ် သတ်မှတ်ရေး အစည်းအဝေး ပြုလုပ်ပြန်သည်။ ဤအချိန်တွင် ”၀” စော်ဘွားများအားလုံး လိုလိုပင်တတ်ရောက်ခဲ့သည်။ ထိုအစည်းအဝေးတွင် မြို့စား မာမေ့ထင်  ၏ တိုက်တွန်းဆော်သြမှုကြောင့်”၀” စော်ဘွားများအားလုံးက မြန်မာပြည် အတွင်း၌သာ ပါဝင်မည့် အကြောင်း တညီ တညွတ် တည်းဆန္ဒ မဲ ပေးခဲ့ကြပါသည်။ ယင်းသို့ ဆန္ဒ ပေး သဘောတူညီမှုကြောင့် ”၀” နယ် တစ်ခု လုံးကို မြန်မာ ပိုင်အဖြစ် သတ်မှတ်ခဲ့ပါ သည်။ ယနေ့ထက်တိုင် ထိုနယ်သည် မြန်မာ ပိုင်နက် နယ်မြေ ဖြစ်နေခဲ့ ပါ သည်။ပန်းလုံမြို့စား မာမေ့ထင်က ”၀” စော်ဘွားများ ကို စည်းရုံးနိုင်ခြင်းမှာ မြို့စား မာမေ့ထင်၏ ဇနီး ၂ ဦး အနက် တစ်ဦးမှာ ကွန်ပြတ် နယ် ရှင် စော်ဘွား စပ်ထိန်တန် ၏ ဒုတိယ သမီးဒေါ် အဲ ကော် ဖြစ်ခြင်းကြောင့် ပင်ဖြစ်သည်။ ဒေါ်အဲကော်နှင့် သားသမီး ၇ ယောက် ထွန်းကားခဲ့ပြီး သားအကြီး မှာ ”မာကွမ် ဖု ” ဖြစ်ပါသည်။

    ၁၉၄၃ ခုနစ် ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း ဂျပန်တပ်များ သံလွင်မြစ် အရှေုဘက်သို့ချဉ်းနင်းဝင်ရောက်လာကြသော အခါ ပန်းလုံ ပန်းသေးတို့သည် ဖက်ဆစ်ဂျပန် တို့၏ သြဇာ ကို အာခံခဲ့သောကြောင့် ဖက်ဆစ်ဂျပန် တို့၏ ညှင်းပန်း နှိပ်စက်မှု ၊ မတရားသတ်ဖြတ်ခြင်းများ ကို ခံခဲ့ကြပါသည်။ နောက်ဆုံးတွင် ဖက်ဆစ်ဂျပန် များက ပန်းလုံမြို့ကြီးကို မီး ရှို့ ဖျတိဆီးလိုက်ပါသည်။ (ပန်းလုံ မြို့ ရှိ တစ်ခုတည်းသော ဗလီ အဆောက်အအုံ တစ်ခုတည်းသာ မီးမလောင်ပဲ ယနေ့ တိုင် တည်ရှိလျှက် ရှိနေပါသည်။ ပန်းလုံ မြို့ မီးလောင် ခဲ့ပြီးနောက် မြို့သူ မြို့သား များ တိမ်းရှောင်ခဲ့ရာမှ ၁၉၄၀ ခုနစ်တွင် ပန်းလုံ မြို့သို့ တဖန် ပြောင်းရွေ့ နေထိုင်ခဲ့ကြပါသည်။ ထိုသို့ နေထိုင်ရာမှ လပိုင်းအတွင်းတွင် ”ကေအမ်ဒီ” ”လီပင်ဟွမ်း” ၏ တပ်က ပန်းလုံ မြို့ကို ၀င်ရောက်တိုက်ခိုက်ပြန်သည်။ မြို့သူမြိုကသားများ ကို တိုက်ခိုက်လုယက်ပြီး အိမ်ယာများကို ဖျက်ဆီး လိုက်ကြသည်။ ထို့ ကြောင့် ကျန်ရှိေ နသေးသော မြို့သူ မြို့သားအားလုံး တို့သည်  မြန်မာပြည် အနှံ့အပြားသို့ ပြောင်းရွေ့နေထိုင်ခဲ့ ကြသည်မှာ ယနေ့ တိုင်ပင် ဖြစ်ပါသည်။

    မြန်မာနိုင်ငံ ပန်းသေး လူမျိုး များ၏ ယနေ့ လက်ရှိ အခြေအနေ ။

    မြန်မာနိုင်ငံရှိ ပန်းသေး လူမျိုး များ၏ ယနေ့ လက်ရှိ အခြေအနေ ကို ရှုထောင့် အမျိုးမျိုး မှ လေ့လာ သုံးသပ် ကြည့်ရှုပြီး အပြုသဘောဖြင့် အကြံပြု တင်ပြလိုပါသည်။

    (က) တိုင်းရင်းသား/ နိုင်ငံသား

    ကျွနှုပ်တို့၏ ဘိုးဘွားဘီဘင်တို့ သည် မြန်မာပြည် ၌ ပင် မွေးဖွါး ၌ မြန်မာပြည် ပင် သေဆုံး ခဲ့ကြပါသည်။  ကျွနှုပ်တို့သည်လည်း မြန်မာပြည် ၌ ပင် မွေးဖွါး ၍ မြန်မာပြည် မှာပင် သေဆုံးကြ ရပါမည်။  ထို့ပြင် ကျွနှုပ်တို့၏ သားစဉ် မြေးဆက်တို့ သည်လည်း မြန်မာပြည် ၌ ပင် မွေးဖွါး ၍ မြန်မာပြည် မှာ ပင် သေဆုံးကြ ရပါ လိမ့်မည်။

    ထို့ကြောင့် ကျွနှုပ်တို့၏ နိုင်ငံသား ခံယူချက်နှင့် ရပ်တည်ချက်တို့မှာ မှန်ကန် တိကျ ပြတ်သားရန် လိုအပ်လှပါသည်။ ကျွနှုပ်တို့သည် ပန်းသေးများဖြစ် – တရုတ်ပြည် ပြန်ရန်လည်း အကြောင်း မရှိသလို ကုလားဟု အခေါ်ခံရ သဖြင့် ကုလား ပြည် ပြန်ရန်လည်း အကြောင်းမရှိပေ။ ထို့ ကြောင့် ကျွနှုပ်တို့ နိုင်ငံ သည် မြန်မာနိုင်ငံသား ဖြစ်ပြီး မြန်မာနိုင်ငံအပေါ် ချစ်မြတ်နိုးရန်နှင့် သစ်စ္စာ ရှိရန်သာ လိုအပ်ပါသည်။ ၄င်းပြင် အခြားသော တိုင်းရင်းသား နိုင်ငံသားများနှင့် အေးအတူ ပူအမျှ ချစ်ချစ်ခင်ခင် အေးအေးချမ်းချမ်း သေတပန် သက်တစ်ဆုံး အတူယှဉ်တွဲ နေထိုင်သွားကြရန် အထူးအရေးကြီးလှပါသည်။ ကျွနှုပ်တို့သည် မြန်မာ ပြည်၏ တိုင်းရင်းသား / နိုင်ငံသား ဖြစ်ကြောင်းကို လေးလေးနက်နက် ခံယူကြရမှာ ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် ကျွနှုပ်တို့သည် အခြား အခြားသော မြန်မာ  တိုင်းရင်းသား / နိုင်ငံသား များ နည်းတူ မြန်မာနိုင်ငံသို့ ရှေးနှစ် ပေါင်း ရာ နှင့် ထောင် နှင့် ချီ ၍ အတည်တကျ နေထိုင် လာကြသော မျိုးနွယ်များမှ ဆင်သက် လာသည့် အဆက် အနွယ်များ ဖြစ်ကြ ပါသည်။ မြန်မာနိုင်ငံ တော်၏ ၁၉၄၈ ခုနစ်၊ ပြည်ထောင်စု မြန်မာ နိုင်ငံသားဖြစ်မှု အက်ဥပဒေ အပိုဒ် -၃ (၁၁) အရ ပုဂ္ဂိုလ် တစ်ဦး၏ အမိ အဖ နှစ်ဦး စလုံးသည် တိုင်းရင်းသား / နိုင်ငံသား များဖြစ်ကြလျှင် အဆိုပါ ပုဂ္ဂိုလ်သည် နိုင်ငံသားလက်မှတ် လျှောက်ထား ရန် မလို ၊ အလိုအလျှောက် နိုင်ငံသားဖြစ်သည်။ ဤနေရာတွင် အထူးသတိ ပြုရန် အချက်မှာ တိုင်းရင်းသား / နိုင်ငံသား ဆိုရာတွင် ချင်း- ကချင်- ရှမ်း – ကရင်- မွန်- ကယား – ရခိုင်- ဗမာ တို့ နှင့် ၁၈၂၄ ခုနစ် မတိုင်မီက ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းသို့ လူမျိုးအစုလိုက် ၀င်ရောက် နေထိုင်ခဲ့ကြသူများကို ဆိုလိုပါသည်။

    1899
    ၁၈၉၉ ခုနှစ် ရှမ်းပြည်နယ်မှ ဟွေလူမျိုး အစ္စလာမ်ဘာသာဝင်များ (ပန်းသေး)
    Photo from – အတီး ဝါးလုံးရှည်

    တဖန် ၁၉၄၈ ခုနစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ ပုဒ်မ ၁၁ (ခ) အရ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ အမိအဖ နှစ်ဘက် ရှိ အမိဘက်မှ အဖိုးအဖွါး – အဖ ဘက်မှ အဖိုးအဖွါး ၄ ဦး အနက် အနည်းဆုံး တစ်ဦး သည် တိုင်းရင်းသား တိုင်းရင်းသူ ဖြစ်ပါက အဆိုပါ ပုဂ္ဂိုလ် သည် အလိုအလျှောက် နိုင်ငံ သား ဖြစ် ပါသည်။

    တဖန် ၁၉၄၈ ခုနစ် ပြည်ထောင်စု မြန်မာနိုင်ငံ သားဖြစ်မှု အက်ဥပဒေ ပုဒ်မ – ၄ (၂) အရ  ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ အမိအဖ နှစ်ဘက် ရှိ အမိဘက်မှ အဖိုးအဖွါး – အဖ ဘက်မှ အဖိုးအဖွါး ၄ ဦး စလုံးသည် ပြည်ထောင်စု မြန်မာ နိုင်ငံ အတွင်း အခြေ စိုက်   နေထိုင်ခဲ့ကြ ၍ ၄င်း၏အမိအဖ နှစ်ဦးစလုံးသည် နိုင်ငံခြားသား အဖြစ် ခံယူထား ကြသော်လည်း ထိုကလေး ကို မြန်မာနိုင်ငံ အတွင်း ၌ မွေးဖွါးခဲ့ လျှင် အဆိုပါ ပုဂ္ဂိုလ် သည် အလိုအလျှောက် နိုင်ငံ သား ဖြစ် ပါသည်။

    အထက်ပါ အက်ဥပဒေ များအရ ယနေ့ မြန်မာနိုင်ငံ အတွင်းရှိ ပန်းသေးမျိုး အားလုံးတို့သည် တိုင်းရင်း သား နိုင်ငံသားများ ဖြစ်ကြသည်မှာ ယုံမှား သံသယ ဖြစ်ဖွယ် အကြောင်းလုံဝ မရှိပေ။ ထို အချက် အလက်များ ကို ကျွနှုပ် တို့ တစ်တွေ သည် ကောင်းစွာ နားလည် သဘောပေါက်ပြီး မြန်မာနိုင်ငံ မြို့နယ် အနှံ့ အပြား ရှိ ပန်းသေး ထုအားလုံး ကို လည်း လက်ဆင့်ကမ်း ရှင်းလင်း အသိ ပေးရန် တာဝန်ရှိ့ပါပေသည်။ ကျွနှုပ် တို့၏  နောင်လာ နောက်သား များကိုလည်း ကြည်လင် ပြတ်သား သော ထိုခံယူချက် အမှန်အတိုင်း ဆက်လက် ခံယူ ထိန်းသိမ်း သွားကြရန် လှုံ့ဆော်ပေးရမည် ဖြစ်ပါသည်။

    (ခ) ရှေးဟောင်းယဉ်ကျေးမှု အမွှေအနှစ်များ ထိန်းသိမ်းခြင်း။

    ယနေ့ ပညာတတ် ပန်းသေးလူငယ်များသည် ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်များကို စိတ်ပါဝင်စားစွာ လေ့လာ ရှာဖွေ စုဆောင်း ထိန်းသိမ်း သွားကြရန် အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် လုပ်ဆောင်သွားကြရပေမည်။ ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ် ဆိုသည်မှာ များစွာ ကျယ်ပြန့် လှပါသည်။ အပြော လွယ် သလောက် လက်တွေ့အားဖြင့် ခက်ခဲ နက်နဲ လှပါသည်။ နှစ်ရှည် လများ ငွေ ကုန် လူပန်း ခံပြီး လုပ်ရမည့် အလုပ်လည်း ဖြစ်ပါသည်။ တစ်ဦး တစ်ယောက်တည်းဆောင်ရွက် ၍ မရပါ။ ညီညီ ညွတ်ညွတ် တတ်ညီ လက်ညီ ဖြင့် အများစုပေါင်း လုပ်ဆောင်မှ အောင်မြင်ပါမည်။ တစ်ခု သတိပြုရမည်မှာ ” အမှန်တကယ် လုပ်လျှင် အမှန်တကယ် အောင်မြင် ရမည်” ဆောင်ပုဒ် ကို နှလုံးသွင်းထား ရမည်မှာ အဓိက အချက်ပင် ဖြစ်ပါသည်။

    Panthay Masjid in Mandalay

    ဥပမာ -(၁)

    ပန်းသေး အထောက်အထား စာအုပ်၊စာရွက်၊စာတမ်း များ ၊ ဓါတ်ပုံ ပန်းချီကားချပ်များ အ၀တ်အထည်များနှင့်  လူ့ အသုံးအဆောင်ပစ္စည်း များကို ရှာဖွေ စုဆောင်းရမည့် အပြင် ”သက်ကြီးစကား၊ သက်ငယ်ကြား” ဆိုသကဲ့သို့ ယနေ့တိုင် သက်ရှိ ထင်ရှား ရှိနေသေးသော သက်ကြီးရွယ်အို ပန်းသေး ဖိုးဖိုး ၊ ဖွါးဖွါး များထံ ချဉ်းကပ်ပြီး မိမိတို့ သိလို တတ်လို ရာများကို စုံစမ်းမေးမြန်းပြီး မှတ်တမ်း တင်ထား ရန် အထူး လိုအပ်လှပါသည်။

    ဥပမာ -(၂)

    မြန်မာနိုင်ငံ တွင် ပန်းသေးလူမျိုးများအများအပြား နေထိုင် ရာဒေသများ ရှိ သမိုင်းဝင် အဆောက်အဦးများ ကို အခြေအနေ နှင့် အချိန်အခါ ပေးလျှင် ပေးသလို လူကိုယ်တို င်သွားရောက် ၍ ဖြစ်စေ၊ ဆွေ မျိုး များ (သို့မဟုတ်) အသိမိတ်ဆွေ အဆက်အသွယ် ရှိ ပုဂ္ဂိုလ်များ မှ တဆင့် ဖြစ်စေ ပန်းသေးလူမျိုးမျာနှင့် သက်ဆိုင်သော အဆောက်အဦးများ၏ ဓါတ်ပုံများ ၊ နောက်ခံသမိုင်းကြောင်းများကို ရှာဖွေ စုဆောင်းရန်  အထူး အကြံပြု တိုက်တွန်းလိုပါသည်။ မန္တ လေးမြို့ ရှိ ပန်းသေးဗလီ ၀င်းကြီး နှင့် ပန်းသေးဗလီကြီး ၊ မိုးကုတ်မြို့နှင့် ကြပ်ပြင် မြို့များ ရှိ ပန်းသေးဗလီကြီး များနှင့် စာသင်ကျောင်းများ၊ လားရှိုး ရန်ကုန် နှင် အခြား မြို့ များ ရှိ ပန်းသေး ဗလီကြီး များနှင့် စာသင်ကျောင်းများ၊၊ မြန်မာပြည်သို့ အကြောင်းအမျိုးမျိုး ဖြင့် လာရောက်ပြီး မြန်မာပြည်တွင်ပင် ကွယ်လွန်သွားကြသော ပန်းသေးစစ်ဗိုလ်ချူပ်ကြီး များ၊ သံသမန်ြကီ်းများ ၊ နာမည်ကြီး ကုန်သည် သူဌေး သူကြွယ်များ၊ ဘာသာရေးေ၇ှ့ဆောင်ဆရာတော်ကြီးများ ၊ စာပေပညာရှင်ကြီးများ၏ ကိုယ်ရေးရာဇ၀င် သမိုင်းမှတ်တမ်း မှတ်ရာများနှင့် ကဘရ် သချိုင်း များကို စုံစမ်းလေ့လာဖေါ်ထုတ်မှတ်တမ်းတင်ပြီး  နောင်လာလတံ္တ့သော ပန်းသေးလူငယ် မျိုးဆက်သစ်များအတွက် ကိုယ့် လူမျိုး ကို ကိုယ်တန်ဖိုးထား ဂုဏ်ယူပြီး မျိုးချစ်စိတ်ဓါတ် ရှင်သန်စေရန် ခိုင်မာသောအထောက်အထားဖြင့် စုဆောင်းထား ရှိ လက်ဆင့်ကမ်းခဲ့ရပါမည်။

    ဥပမာ(၃)

    ယနေ့ခေတ် ပညာတတ် ပန်းသေး လူငယ် လူရွယ် ပိုင်း အတော်ခပ်များများသည် အကြောင်းအမျိုးမျိုးဖြင့် တရုတ်ပြည်၊ မလေးရှား၊ စင်ကာပူ၊ ယိုးဒယား၊ ထိုင်ဝမ်၊ ကိုးရီးယား၊ အင်ဒိုနီးရှား၊ ဂျပန်၊ အင်္ဂလန်၊ စသည့် နိုင်ငံခြားများသို့ ရောက်ရှိနေကြပါသည်။ ထိုသူတို့ နှင့် အဆက်အသွယ် ရယူပြီး ထိုနိုင်ငံ ဒေသ များရှိ ပန်းသေးတို့၏ သမိုင်း၊ ရှေးဟောင်း ယဉ်ကျေးမှုများ၊ နှင့်ပတ်သတ်သော သမိုင်း အထောက် အထားများဖြစ်စေမည့် စာအုပ်များ၊ ဓါတ်ပုံများနှင့် ဘာသာရေးဆိုင်ရာ ကိစ္စ ရပ်များ ကို မှာယူ စုဆောင်းပြီး မြန်မာပြည် အတွင်း ရှိ ပန်းသေး အသိုင်းအ၀ိုင်း အတွင်း ဖြန့်ချီ လှုံ့ဆော်ပေးရပါမည်။

    (ဂ) ပန်းသေးလူဦးရေ

    ယနေ့ မြန်မာနိုင်ငံတွင် ပန်းသေး မရှိသောမြို့ဟူ ၍ မရှိသလောက်ပင် ပန်းသေးများကို မြို့တိုင်း လိုလိုမှာပင် တွေ့ ရှိရပါသည်။ သို့ ရာတွင် မြန်မာနိုင်ငံ ရှိ ပန်းသေး လူဦးရေ အတိအကျ ကိုမည်သူမျှ မသိကြပေ။ ဆိလိုသည်မှာ မျိုးရိုးစဉ်ဆက် ၄ ဆက်ထိ ပန်းသေးစစ်ကို မဆိုလိုပေ။ ထိုမျှစစ်သော ပန်းသေးအနွယ် ဖွားများသည်လည်း ယခုအခါ မြန်မာပြည်တွင် မရှိသလောက် ရှားပါးနေပြီး ဖြစ်ပါသည်။ ပန်းသေး သွေး ၄ပုံ ၁ပုံ ပါလျှင် ပန်းသေးစာရင်း တွင် ထည့်သွင်းနိုင်မည်ဟု ယူဆ ပါ သည်။

    ပန်းသေး လူဦးရေ စာရင်းကောက်ယူရာတွင် ပန်းသေးမိသားစု အသင်းမှ ဦးစီးပြီးကောက်ခံ ပေးပါရန် အလေးအနက် တိုက်တွန်းလိုပါသည်။ ပြည်သူလူထု ဦးရေ သန်ကောင်စာရင်းကောက် ဌာန တွင် ပုံစံ စာရွက်တစ်ရွက် တောင်းခံ ပြီး ကိုယ့်နှင့်အံဝင် ပုံကျမည့် အခြေအနေပေါ် မူတည်ပြီး လိုတိုး ပိုလျှော့ ပုံစံသစ် ရိုက်နှိပ်ပြီး အမြို့မြို့ အနယ်နယ်သို့ နီးစပ်ရာများထံ အကူ အညီ တောင်းပြီးကောက်ခံလျှင် အောင်မြင် နိုင်ပါသည်။ ၄င်းပုံစံ စာရင်းတွင် လူကြီး၊ လူငယ် ကျား မ အသက် အလုပ်အကိုင် ပညာ အရည် အချင်း နေရပ်လိပ်စာ စသည်တို့ အပြည့်အစုံ ပါရှိ သဖြင့် ၄င်းပုံစံ စာရွက် များပြန်လည်လက်ခံ ရရှိလာပါက စုပေါင်း စာရင်းပြုစု လိုက်ပါက မြန်မာနိုင်ငံ တွင် ပန်းသေးဦးရေ မည်မျှ ရှိသည်ကို သိရှိနိုင်ပါမည်။ ထိုစာရင်းကိုကြည့် ခြင်းအားဖြင့် ကျား မ အပြင် ပညာတတ်မည်မျှ ၀န်ထမ်း မည်မျှ ၀န်ထမ်း အဖြစ်တာဝန်ထမ်းဆောင်နေသူမည်မျှ နှင့် အခြားသောစာရင်းများကိုပါ တစ်ပါတည်း သိရှိနိုင်ပါမည်။ – လူဦးရေ စာရင်းကောက်ခံ ခြင်း လုပ်ငန်းကိုလည်းအမျိုးသားရေး တာဝန်တစ်ရပ် အ ဖြစ်  အလေးအနက်ထား ဆောင်ရွက်ကြပါရန် အထူး မေတာ ရပ်ခံအပ်ပါသည်။

    မှတ်ချက်-

    (၁)၁၉၁၁ ခုနှစ်က မြန်မာပြည် – အထွေထွေ သန်ကောင်စာရင်းကောက်ယူ စဉ်အချိန်က  ကျား ၁၄၂၇ ဦး၊ မ  ၇၇၅ ဦး စုစုပေါင်း ၂၂၀၂ ဦး ဖြစ်ကြောင်း ။

    (၂) အမေရိကန်နိုင်ငံ ၀ါရှင်တန် မြို့ရှိ မြန်မာလူမျိုး ဦးခင် ဆိုသူမှ ၄င်းပြုစုထားသော ပန်းသေးလူဦးရေ စာရင်းသည် ၁၉၆၀ ပြည့်နှစ်က မြန်မာနိုင်ငံတွင် ပန်းသေး လူမျိုး တစ်သိန်း ကျော်ရှိကြောင်း ဖေါ်ပြထားသည် ကို တွေ့ ရှိ ရပါသည်။

    (ဃ) ပန်းသေး ဘ၀ ပန်းသေးများ ထိန်းသိမ်း မြှင့်တင်။

    ကွရ်အာန် ၁၃ ဂျွတ် တွင် အလာဟ် အသျှင်မြတ်က ဗျာဒိတ်တော်တစ်ရပ် လာရှိသည်မှာ ”အင်းနက် လ်လားဟာ – လာယိုရှိုင်းယေယို- မာဗေ့ ကောင်းမြင်- ဘတ်တာ ယိုဂိုင်းရေရှု- မာ ဗေ အန်း ဖို့စေဟင်း(န်) ”- အဓိပ္ပါယ်မှာ- ” မည်သူ မဆို မိမိဘ၀ကို မိမိ ကိုယ် တိုင်မပြုပြင်သမျှကာလ ပတ်လုံး – အလာ ဟို အသျှင်မြတ်သည် သင်တို့အား ပြုပြင်ပေးလိမ့်မည် မဟုတ်ပေ။”

    ဤကွရ်အာန် အာယသ် တော် ကို ကြည့် ခြင်းအား ဖြင့် ကျွနှ်ုပ်တို့ ပန်းသေးများ၏ ဘ၀ မြင့်မားရေးသည် ကျွနှ်ုပ်တို့ တို့ ကြိုးပမ်းလုပ်ဆောင်မှု တို့ အပေါ်တွင်သာ တည်ရှိနေကြောင်းထင်ရှားပေသည်။

    ကျွနှ်ုပ်တို့ပန်းသေးလူမျိုးအသိုင်းအ၀ိုင်းတွင် (၁) ပညာတတ် လူတန်းစားများ တစ်နေ့ တစ်ခြား များပြား လာ ရန်မှာ အဓိက အရေးကြီးဆုံးအချက်ဖြစ်ပေသည်။ ပညာ ဟု ဆိုရာတွင် ခေတ်ပညာရော ဘာသာရေးပညာ ကိုပါ ဆိုလိုပါသည်။ ပညာတတ်နည်းပါးသော လူတန်းစား မှာ တစ်ဖြည်းဖြည်း လူ့ဘောင်လောက မှ တိမ်ကော ပပျောက်သွားရမည်မှာ ထုံးစံပင် ဖြစ်ပါသည်။

    (၂)စာရိတ္တပိုင်းဆိုင်ရာ ကိုယ်ကျင့်တရား ရိုးသား ဖြောင့်မတ်ကောင်းမွန်ပြီး သိက္ခာ သမာဓိ နှင့် ပြည့်စုံ ရန်မှာလည်း အထူးလိုအပ်လှပါသည်။ လူတစ်ယောက်၏ တန်ဘိုး ကို ကိုယ်ကျင့်တရားဖြင့် အဆုံးအဖြတ် ပေးလေ့ ရှိပါသည်။

    (၃) ဘိုးဘွား မိဘ မျိုးရိုးများ၏ ဂုဏ်သိ က္ခာ ကို ထိန်းသိမ်း ရန်မှာ လည်းအရေးကြီးလှပါသည်။ ယနေ့ ပန်းသေး အသိုင်အ၀ိုင်းတွင် ရှားရှားပါးပါး အဘိုးအဘွားအဖေ အမေ ပန်းသေးစစ်စစ် များ ရှိသည့် အိမ်များ ၌ ပင်လျှင် သားသမီးများမှာပန်းသေး စကား မပြောတတ်။ ပန်းသေးအသုံး အနှုန်း မရှိ။ ပန်းသေး အစဉ် အလာကောင်းများ မထိန်းသိမ်း ယဉ်ကျေးမှု တို့ကို တန်ဘိုး မထားတတ်ကြသည့် မဟာ ချွတ်ယွှင်းချက်များ ကို ၀မ်းနည်ဖွယ် ကောင်းလှပါ သည်။

    (၄) အိမ်ထောင်ရေး ကိစ္စ များတွင်လည်း အကြောင်းအမျိုး မျိုး ပြ ၍ ပန်းသေးအချင်းချင်း ဘ၀ ကြင်ဖော်အဖြစ် ရွေးချယ်အိမ်ထောင် ပြုကြသူများမှာ အလွန် ရှားပါး လှပါသည်။ သို့ရာတွင် အခြားလူမျိုးထဲမှ အစ္စလ္လာမ် ဘာသာ ကို လက်ခံ ယုံကြည်သည့် မူဆလင်များကို ယူလျှင်ကား သိပ်အဆိုးမဆိုသာ- အပြစ် မတင် သင့်သော်လည်း ယခုခေတ် ပန်းသေး လူငယ် လူရွယ် တော်တော်များများမှာ ဘာသာကွဲများနှင့် အိမ်ထောင် ပြုသွားကြသည်ကို တွေ့မြင်ရသည်မှာ များစွာ ၀မ်းနည်း ကြေကွဲ ဖွယ်ရာပင် ဖြစ်ပါသည်။ ထိုဖြစ်ရပ်များသည် ပန်းသေးလူမျိုး တို့၏ အနာဂါတ် ရင်လေးဖွယ် ဖြစ် ပါသည်။ သားစဉ် မြေးဆက် ပြင် လို့ မရသော မဟာ့ မဟာ အမှားမျိုး ကို ကျူးလွန်မှု မပြုကြရန် အတတ်နိုငဆုံးရှောင်ကြဉ်ကြ ရန် ကောင်းမြတ် ဖြူစင်သော စေတနာမွန်ဖြင့် နှိုးဆော်ရင် နိဂုံးချူပ် လိုက်ပါသည် ရှင်။

    ပန်းသေး အမျိုးသား သမိုင်းအကျဉ်းချူပ် ရေးသားရာတွင် အောက်ဖော်ပြပါ စာအုပ်စာတန်းများကို မှီငြမ်း၍ ရေးသားပါသည်။

    (၁) မန္တလေးမြို့ ပန်းသေးဗလီကြီး ၏ နှစ်တစ်ရာပြည့် အထိမ်းအမှတ် အဖြစ် ဂုဏ်ပြုတင်ဆက်သူ မိုးကုတ်မြို့မှ အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဟာဂျီ ဦးရီစွတ် ခေါ် ဟာဂျီ ဦးဘရီ ၏ ပန်းသေး အမျိုးသားသမိုင်း အကျဉ်းချူပ် စာအုပ်။
    (၂) အစ္စလာမ့် စာစောင်
    (၃) ဗမာ မူဆလင် စာစောင်အတွဲ (၁) အမှတ်(၂)စာမျက်နှာ(၅၆)- ၁၉၆၂ ခု။
    (၄) ကမ္ဘာ့အလင်းစာစောင်များ
    (၅)ကျောင်းသုံးမြန်မာရာဇ၀င်(ဦးဘသန်း)
    (၆)မြန်မာ့စွယ်စုံကျမ်း(၆၊၇၊၉) အတွဲများ။
    (၇)မှန်နန်းရာဇ၀င်
    (၈) မြန်မာစာညွှန်းပေါင်းကျမ်း
    (၉)မြန်မာ့သမိုင်း (ဆရာ ဦးအေးမောင်)
    (၁၀) မြန်မာ ရာဇ၀င် သိမှတ်ဖွယ်ရာ အဖြာဖြာ(ဦးကြည်)
    (၁၁)ဗမာ-မူဆလင် ရာဇ၀င် (ဦးမြ-၁)
    (၁၂) ဗမာ-မူဆလင်သမိုင်း(ရွှေဘို ဦးမြဦး)
    (၁၃) နိဗါန်ဆော် စာစောင် အမှတ်-၂ – စာမျက်နှာ၂၄ နှင့် ၄၆။
    (၁၄) အရှေ့ဖျားတိုင်းပြည်များသမိုင်း အကျဉ်းချူပ်။
    (၁၅) ပါမောက္ခ ဦးဘညွှန့်= ပါမောက္ခ ဦးလူဖေ၀င်း
    (၁၆)မဟာရာဇ၀င်တော်ကြီး
    (၁၇)ရုပ်စုံ- စွယ်စုံကျမ်း အတွဲ- ၅ – စာမျက်နှာ ၂၄ – ၄၄ ။

    1.     Comming of Islam  to Burma down to1700 A.D (Gohmu Ba Shin ).
    2.     M uslim HLRALD (HONG KONG) – 1964 to 1084 Issued.
    3.     Chinese Muslin in Burma (Muslin in Burma puplishers house, Rangoon).
    4.     Islam in china (B.N.A BABBAN)
    5.     History of Burma (G.E. HARVEY)
    6.     Burma past and present. (Peneral Albert Fytch). Pg 96:97:98;113;302.
    7.     Dr. Thaung “Panthay Interlude In Yunan “ Pg 474;478: 480.
    8.     Dr. Anderson. “Panthay in Burma.” Pg 94:220: 225:227:229:233:241:246).
    9.     “Puthi and Panthay “ by bobson-Jobson . Pg 669.
    10.     “History of Burma“ bySir Arthur Phayre.
    11.     “Burma from then earliest times to the presrnt “ ( J.G. SCOTT) Pg 609.
    12.     “The River of Golden sand “ By Capt: Willion Gill. 1883: Pg 251.

     

  • သမိုင်းထဲက သက်သေများ [သတင်းစာများပြောတဲ့ မြန်မာမွတ်စလင်မ်တို့ သမိုင်း (၈)]

    သမိုင်းထဲက သက်သေများ [သတင်းစာများပြောတဲ့ မြန်မာမွတ်စလင်မ်တို့ သမိုင်း (၈)]

    M-Media
    ရှာဖွေတင်ပြသူ- Maung Khin

     

    5

    အာဇာနည်များထားရာ ဂျုဗလီဟောသို့ မြန်မာ မွတ်စလင်မ်များ ချီတက် အလေးပြုခဲ့ကြစဉ်။ (၉-၈-၁၉၄၇ ဖဆပလသတင်းစဉ်)

  • သမိုင်းထဲက သက်သေများ [သတင်းစာများပြောတဲ့ မြန်မာမွတ်စလင်မ်တို့ သမိုင်း (၇)]

    သမိုင်းထဲက သက်သေများ [သတင်းစာများပြောတဲ့ မြန်မာမွတ်စလင်မ်တို့ သမိုင်း (၇)]

    ဇူလိုင်-၁၆၊၂၀၁၃

    M-Media

    4
    (ရန်ကုန်တရုတ်ကပြားနဲ့ ဟင်္သာတ မူဆလင်များအာဇာနည်နေ့ အခမ်းအနားကိုပါဝင်ချီတက်အလေးပြုပုံ)

    ၁၆-၈-၁၉၄၇ ထုတ် ဖဆပလ သတင်းစဉ်မှ အမြို့မြို့ အနယ်နယ်မှ မြန်မာနိုင်ငံသားများ အာဇာနည်နေ့ အခမ်းအနားကို ပါဝင်ချီတက် အလေးပြုကြပုံ။

    via Maung Khin