News @ M-Media

Tag: MyanmarCoup2021

  • ၇၆ နှစ်မြောက် တပ်မတော်နေ့မှာ အကြမ်းဖက်နေ့အဖြစ် သမိုင်းတွင်ပြီဟု ဥရောသမဂ္ဂ ထုတ်ပြန်

    ၇၆ နှစ်မြောက် တပ်မတော်နေ့မှာ အကြမ်းဖက်နေ့အဖြစ် သမိုင်းတွင်ပြီဟု ဥရောသမဂ္ဂ ထုတ်ပြန်

    မတ် ၂၇၊ ၂၀၂၁
    M-Media

    -ဒီကနေ့ကျရောက်တဲ့ ၇၆ နှစ်မြောက် တပ်မတော်နေ့ဟာ အကြမ်းဖက်တဲ့နေ့၊ ဂုဏ်သိက္ခာညှိုးနွမ်းတဲ့နေ့အဖြစ် သမိုင်းတွင်ခဲ့ပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးက သူတို့ရဲ့ Facebook စာမျက်နှာမှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    ဥရောပသမဂ္ဂအနေနဲ့ သတ္တိဗျတ္တိပြည့်စုံတဲ့ မြန်မာပြည်သူတွေဖက်မှာ ရပ်တည်နေပြီး၊ အကြမ်းဖက်မှုတွေအားလုံး အကြွင်းမဲ့ရပ်တန့်ကာ ဒီမိုကရေစီ ဖော်ဆောင်ပေးဖို့ တိုက်တွန်းတယ်လို့လည်း ထည့်သွင်းရေးသားခဲ့ပါတယ်။

    စစ်ကောင်စီတပ်တွေဟာ ဒီနေ့မနက်ပိုင်းကတည်းက နိုင်ငံတစ်ဝှမ်းမှာ ပြည်သူတွေကို တွေ့မြင်ရာ အကြမ်းဖက်သတ်ဖြတ်နေတာပြီဖြစ်ပြီး ညနေ ၅ နာရီအချိန်အထိ သေဆုံးသူ ၉၁ ဦး ရှိနေပြီလို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။ သေဆုံးသူတွေထဲမှာ ဆယ်ကျော်သက်လူငယ်တွေ အများအပြား ပါဝင်နေပါတယ်။

    Ref: FB page of European Union In Myanmar

  • ပြည်သူများအားသတ်ဖြတ်နေမှုကို တိုင်းရင်းသား လက်နက်ကိုင်များ ရပ်ကြည့်မနေတော့ဟု ရှမ်းလက်နက်ကိုင်အဖွဲ့ ပြော

    ပြည်သူများအားသတ်ဖြတ်နေမှုကို တိုင်းရင်းသား လက်နက်ကိုင်များ ရပ်ကြည့်မနေတော့ဟု ရှမ်းလက်နက်ကိုင်အဖွဲ့ ပြော

    မတ် ၂၇၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ကောင်စီတပ်တွေက အရပ်သားတွေကို ဆက်လက်သတ်ဖြတ်နေမယ်ဆိုရင် မိမိတို့ တိုင်းရင်းသားတပ်ဖွဲ့တွေ ရပ်ကြည့်နေမှာ မဟုတ်ဘူးလို့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့ဥက္ကဌ ဗိုလ်ချုပ်ရွက်စစ်က ​ပြောကြားလိုက်ပါတယ်။

    ဖက်စစ်တော်လှန်ရေးနေ့ဖြစ်တဲ့ ဒီနေ့မှာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုကြောင့် မနက်ပိုင်းမှာပဲ နိုင်ငံတစ်ဝှမ်း အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ပါတယ်။

    “တပ်မတော်နေ့ဆိုတာ အမှန်တကယ်မှာ တပ်မတော်နေ့နဲ့ မတူဘဲ လူသတ်တဲ့နေနဲ့ ပိုတူနေပါတယ်။ စစ်တပ်ဟာ ဒီမိုကရေစီကို ကာကွယ်နေတာမဟုတ်ဘဲ ဖျက်စီးနေတာသာ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေ၊ ပြည်သူတွေကို ပစ်ခတ်တာ၊ နှိပ်စက်တာတွေ ဆက်လုပ်နေမယ်ဆိုရင် တိုင်းရင်းသားအဖွဲ့တွေကလည်း ဘာမှမလုပ်ဘဲ ရပ်ကြည့်နေလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး”

    ဒီနေ့မနက် တပ်မတော်နေ့ အခမ်းအနားမှာ အာဏာသိမ်းစစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူတို့စစ်တပ်ရဲ့အလုပ်ဟာ ပြည်သူတွေနဲ့ ဒီမိုကရေစီကို ကာကွယ်ဖို့ဖြစ်ပြီး၊ တစ်နှစ်အတွင်း ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတွေက ဖက်ဒရယ်စစ်တပ်ဖွဲ့စည်းရေး တိုက်တွန်းမှုတွေ ရှိနေပြီး ဗိုလ်ချုပ်ရွက်စစ်က ဒါကို ထောက်ခံတယ်လို့ ဆိုပါတယ်။

    “စစ်တပ်ဟာ တိုင်းရင်သားလက်နက်ကိုတွေရဲ့ ဘုံရန်သူဖြစ်တဲ့အတွက် ပြည်သူကို သတ်နေတဲ့သူတို့ကို တိုက်ခိုက်ရေးမှာ ကျွန်တော်တို့အားလုံး လက်တွဲပြီး၊ ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်ပါတယ်”

  • အခုနှစ် မြန်မာ့စီးပွားရေး ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းမည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

    အခုနှစ် မြန်မာ့စီးပွားရေး ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းမည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

    မတ် ၂၆၊ ၂၀၂၁
    M-Media

    -စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ အခုနှစ် စီးပွားရေးဟာ ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းမယ်လို့ ကမ္ဘာ့ဘဏ်က ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    ၂၀၂၁ ခုနှစ်စီးပွားရေးဟာ ၅.၉ ရာခိုင်နှုန်း ကျဆင်းမယ်လို့ အရင်က ခန့်မှန်းထားတာပါ။

    “လတ်တလောဖြစ်နေတဲ့ ဆန္ဒပြမှုတွေ၊ အလုပ်သမားသပိတ်တွေ၊ စစ်တပ်ရဲ့ ဆောင်ရွက်ချက်တွေ၊ သွားလာလှုပ်ရှားမှု ကျဆင်းသွားတာ၊ ဘဏ်လုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်း၊ အင်တာနက်အပါအဝင် အများပြည်သူနဲ့သက်ဆိုင်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ရပ်ဆိုင်းသွားတာ စတဲ့ ဒဏ်တွေကို မြန်မာနိုင်ငံက အကြီးအကျယ် ခံစားနေရပါတယ်” လို့ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    Ref: Reuters

  • အာဏာသိမ်းစစ်ကောင်စီက သတ်ဖြတ်ညှင်းပမ်းမှုများ ပိုမိုလုပ်ဆောင်လာနိုင်ဟု ကုလအထူးကိုယ်စားလှယ် သတိပေး

    အာဏာသိမ်းစစ်ကောင်စီက သတ်ဖြတ်ညှင်းပမ်းမှုများ ပိုမိုလုပ်ဆောင်လာနိုင်ဟု ကုလအထူးကိုယ်စားလှယ် သတိပေး

    မတ် ၂၆၊ ၂၀၂၁
    M-Media

    (ဓာတ်ပုံ – စစ်ကောင်စီတပ်များ ပစ်ခတ်သတ်ဖြတ်ခဲ့သော အသက် ၁၈ နှစ်အရွယ် ဆေးကျောင်းသား မောင်ခန့်ငြားဟိန်း၏ ဈာပနတွင် မိခင်ဖြစ်သူက ဝမ်းနည်းကြေကွဲစွာ ငိုကြွေးနေစဉ်)

    -ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်​နေတဲ့အခြေအနေကို နိုင်ငံတကာအသိုင်းအဝိုင်းက တုန့်ပြန်တဲ့ ပုံစံနဲ့ ခြေလှမ်းဟာ လိုအပ်တာထက် အားနည်းနေတယ်လို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အန်ဒရူးက ပြောကြားလိုက်ပါတယ်။

    “မြန်မာနိုင်ငံက အခြေအနေဟာ ဆိုးရွားနေပြီး ပိတ်ဆို့နှိမ်နှင်းခံနေရသူတွေဖက်ကို နိုင်ငံတကာက ကူညီပံ့ပိုးမှု ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် မလုပ်ပေးဘူးဆိုရင် ဒီထက်ပိုပြီး ဆိုးရွားသွားဖို့ ရှိနေပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက စည်းစည်းလုံးလုံးနဲ့ ထိထိရောက်ရောက် တုန့်ပြန်ရမယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ တိုက်တွန်းဆော်ဩမှုကို အလေးထားဖို့ အရေးကြီးနေပါပြီ”

    ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက စစ်ခေါင်းဆောင်တွေအပေါ် ပြုလုပ်နေတဲ့ ပိတ်ဆို့မှုတွေဟာ သူတို့ရဲ့ တရားမဝင်လုပ်ငန်းတွေကနေ ရရှိနေတဲ့ အကျိုးအမြတ်အပေါ် ထိခိုက်မှုရှိမှာမဟုတ်ကြောင်း သောမတ်စ် အန်ဒရူးက ပြောကြားခဲ့ပြီး သံတမန်ရေးရာ ဝေဖန်ရှုတ်ချတာမျိုးအပါအဝင် ထိရောက်တဲ့ တုန့်ပြန်မှုမျိုးနဲ့ ပိတ်ဆို့မှုတွေကို အစားထိုးသင့်ပြီလို့လည်း အကြံပြုခဲ့ပါတယ်။

    မြန်မာနိုင်ငံက လက်ရှိအခြေအနေဟာ ပိုမိုဆိုးရွားကာ ပြည်သူလူထုရဲ့အသက်တွေ ပိုမိုဆုံးရှုံးလာနိုင်တယ်ဆိုတဲ့ သတင်းတွေကို လက်ခံရရှိနေတယ်လို့ သူက သတိပေးပါတယ်။ ဒါ့အပြင် အရေးပေါ် ထိပ်သီးအစည်းအဝေး ခေါ်ယူဖို့လည်း တောင်းဆိုခဲ့ပါတယ်။

    “မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေ၊ ဒေသတွင်း ဩဇာကြီးတဲ့နိုင်ငံတွေ အရေးပေါ် ထိပ်သီးအစည်းအဝေး ကျင်းပတာအပါအဝင် သံတမန်နည်းလမ်းနဲ့ ဖြေရှင်းရေးကို အာရုံစိုက် မလုပ်ဆောင်ဘူးဆိုရင်တော့ စစ်ကောင်စီက သတ်ဖြတ်မှုတွေ၊ ဖမ်းဆီးနှိပ်စက်မှုတွေ ပိုမိုလုပ်ဆောင်လာပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ ပိုမို ဆိုးရွားလာမှာကို ကျွန်တော် စိုးရိမ်မိပါတယ်”

    Ref: UN News

  • မြန်မာနိုင်ငံသားများ ဒုတိယအသုတ် ပြန်ပို့မည့်အစီအစဥ်ကို မလေးရှား ဆိုင်းငံ့

    မြန်မာနိုင်ငံသားများ ဒုတိယအသုတ် ပြန်ပို့မည့်အစီအစဥ်ကို မလေးရှား ဆိုင်းငံ့

    မတ် ၂၅၊ ၂၀၂၁
    M-Media

    -နေထိုင်ခွင့် အထောက်အထားမရှိတာကြောင့် ထိန်းသိန်းထားတဲ့ မြန်မာနိုင်ငံသားတွေ ဒုတိယအသုတ်အဖြစ် ပြန်ပို့မယ့်အစီအစဥ်ကို ရွှေ့ဆိုင်းလိုက်ပြီး မြန်မာ့အရေး အာဆီယံ ထိပ်သီးအစည်းအ၀ေးပြီးမှသာ ပြန်စဥ်းစားမယ်လို့ မလေးရှားအစိုးရ အသိုင်းအ၀ိုင်းက ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ဖေဖော်၀ါရီလက မြန်မာနိုင်ငံသား ၁၀၈၆ ဦးကို ပြန်ပို့မှုအတွက် မလေးရှားကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ၀ေဖန်ခဲ့ပါတယ်။ ပြန်ပို့တဲ့အထဲမှာ အရင် မြန်မာစစ်တပ်ရဲ့ ဖိနှိပ်ညှင်းပမ်းမှုကြောင့် ထွက်ပြေးလာရသူတွေပါ၀င်ပြီး ပြန်ရောက်တဲ့အခါမှာ ထပ်မံဖိနှိပ်ခံရမှာကို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက စိုးရိမ်ခဲ့ကြတာပါ။

    မလေးရှားဟာ ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံသားတွေကို ဒုတိယအသုတ် ပြန်ပို့ဖို့ စီစဥ်ထားပေမယ့် မနေ့က အစိုးရအဖွဲ့ အစည်းအ၀ေးမှာ ဒီအစီအစဥ်ကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဒီကိစ္စကို သိရှိသူတွေက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ကိစ္စ အာဆီယံ ထိပ်သီးခေါင်းဆောင်တွေ အထူးအစည်းအ၀ေးကျင်းပပြီးနောက်ပိုင်းမှသာ လူတွေပြန်ပို့မယ့်ကိစ္စကို စဥ်းစားဖို့ မလေးရှားအစိုးရက ဆုံးဖြတ်ခဲ့ပါတယ်။

    အာဏာသိမ်းစစ်ကောင်စီဟာ ဒီလအတွင်းမှာ နောက်ထပ် စစ်ရေယာဥ် ၃ စီး လွှတ်ပေးမယ်လို့ မလေးရှားကို ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။

    မြန်မာကိစ္စအတွက် အာဆီယံ ထိပ်သီးအစည်းအ၀ေးကျင်းပကာ ဆွေးနွေးဖို့ အင်ဒိုနီးရှားသမ္မတ ဂျိုကို၀ီဒိုဒိုက ပြီးခဲ့တဲ့တစ်ပတ်မှာ ဆော်သြခဲ့ပြီး မေလးရှား ၀န်ကြီးချုပ်ကလည်း ဒါကို ထောက်ခံတယ်လို့ ပြောကြားထားပါတယ်။

    Ref: Reuters