News @ M-Media

Tag: MyanmarCoup2021

  • စစ်ခေါင်းဆောင်များ ထိန်းချုပ်သည့် ဧရာမ စီးပွားရေးလုပ်ငန်း ၂ ခုကို အမေရိကန်က အမည်ပျက်စာရင်းသွင်းမည်

    စစ်ခေါင်းဆောင်များ ထိန်းချုပ်သည့် ဧရာမ စီးပွားရေးလုပ်ငန်း ၂ ခုကို အမေရိကန်က အမည်ပျက်စာရင်းသွင်းမည်

    မတ် ၂၅၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ ဧရာမ စီးပွားရေးလုပ်ငန်းနှစ်ခုကို အမည်ပျက်စာရင်းသွင်းပြီး ပိတ်ဆို့အရေးယူဖို့ အမေရိကန်က စီစဉ်နေတယ်လို့ ဒီကိစ္စကို သိရှိသူ သတင်းရင်းမြစ်နှစ်ခုက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MEC) နဲ့ မြန်မာ့ ဦးပိုင်လုပ်ငန်း (MEHL) တို့ဖြစ်ပြီး ဒီစီးပွားရေးလုပ်ငန်းနှစ်ခုရဲ့ အမေရိကန်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို ကြာသာပတေးနေ့က စတင်ပြီး ကန်အစိုးရက ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်။

    MEHL ရဲ့ မန်နေဂျာ လှမျိုးက လက်ရှိမှာ စီးပွားရေးကိုပဲ အာရုံစိုက် လုပ်ကိုင်နေပြီး ဒီကိစ္စအတွက် ပြောစရာမရှိဘူးလို့ ရိုက်တာသတင်းဌာနကို ဖြေကြားခဲ့ပါတယ်။ MEC ကိုတော့ ဆက်သက်သွယ်လို့ မရဘူးလို့ ရိုက်တာက ရေးပါတယ်။

    ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး မင်းအောင်လှိုင် အပါအဝင် ထိပ်တန်းစစ်ခေါင်းဆောင်တွေ အုပ်စီးထားတဲ့ MEC နဲ့ MEHL တို့ဟာ ကျောက်စိမ်း၊ ရေနံ၊ သဘာ၀ဓာတ်ငွေ့၊ ကျွန်းသစ်၊ သတ္တုတွင်းလုပ်ငန်း၊ ဘီယာနဲ့အရက်လုပ်ငန်း အပါအဝင် မြန်မာနိုင်ငံရဲ့ဝင်ငွေအကောင်းဆုံး စီးပွားရေးလုပ်ငန်း အနည်းဆုံး ၁၃၀ လောက် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

    အမေရိကန်အပါအဝင် အနောက်နိုင်ငံတစ်ချို့ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ပိတ်ဆို့အရေးယူတာမျိုး လုပ်ထားပေမယ့် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေကို အရေးယူတာဟာ ဒါ ပထမဆုံး ဖြစ်ပါတယ်။

    Ref: Reuters

  • စစ်ကောင်စီက အရပ်သားများအပေါ် သတ်ဖြတ်နေမှု ဆင်ခြေပေး၍မရဟု စင်ကာပူနှင့် မလေးရှားပြော

    စစ်ကောင်စီက အရပ်သားများအပေါ် သတ်ဖြတ်နေမှု ဆင်ခြေပေး၍မရဟု စင်ကာပူနှင့် မလေးရှားပြော

    မတ် ၂၄၊ ၂၀၂၁
    M-Media

    -အရပ်သားတွေအပေါ် စစ်ကောင်စီက အကြမ်းဖက်နေမှုကို ဘာဆင်ခြေမှ ပေးလို့မရဘူးလို့ မလေးရှားနဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးတွေက ပြောကြားလိုက်ပါတယ်။

    မလေးရှားကို ရောက်ရှိနေတဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်ဟာ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဟီရှာမွတ်ဒင် တွန် ဟူစိန်နဲ့​ မ​နေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး ပူးတွဲကြေငြာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံက ပြဿနာမှာ ပါဝင်ပတ်သက်သူတွေအားလုံး တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ တိုက်တွန်းတယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    “မြန်မာနိုင်ငံက အခြေအနေတွေအတွက် မလေးရှားနဲ့ စင်ကာပူ နှစ်နိုင်ငံစလုံးက အလွန်အမင်း စိုးရိမ်မိပါတယ်။ ဒါဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဘေးအန္တရာယ်ပါ။ လက်နက်မဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုကို ဆင်ခြေပေးလို့မရဘူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”

    မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စကို ပြင်ပက ဝင်ရောက်စွက်ဖက်တာမျိုး မရှိသင့်ဘူးလို့ ယုံကြည်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “ဒါပေမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံအနေနဲ့ ဒီထက်ပိုကောင်းတဲ့အခြေအနေနဲ့ ထိုက်တန်တဲ့ မြန်မာပြည်သူတွေကို အကောင်းဆုံး ကူညီပံ့ပိုးမှုတွေပေးဖို့ ကျွန်တော်တို့ အဆင်သင့်ရှိပါတယ်”

    စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဟာ အာဆီယံဥက္ကဌဖြစ်တဲ့ ဘရူနိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကိုလည်း သွားရောက်ဖို့ ရှိနေပါတယ်။

    Ref: Malay Mail

  • စစ်ကောင်စီမှ အကြီးအကဲနှစ်ဦးနှင့် တပ်မ ၂ ခုကို အမေရိကန်က အမည်ပျက်စာရင်းသွင်း

    စစ်ကောင်စီမှ အကြီးအကဲနှစ်ဦးနှင့် တပ်မ ၂ ခုကို အမေရိကန်က အမည်ပျက်စာရင်းသွင်း

    မတ် ၂၃၊ ၂၀၂၁
    M-Media

    -စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေး၀န်ကြီးဌာနက အကြီးအကဲနှစ်ဦးနဲ့ စစ်တပ်က တပ်မနှစ်ခုတို့ကို အမေရိကန် ဘဏ္ဏာရေးဌာနက အမည်ပျက်စာရင်း သွင်းလိုက်ပါတယ်။
    ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုး နဲ့ မြန်မာ စစ်တပ်ရဲ့ တပ်မ ၃၃ နဲ့ ၇၇ တို့ ဖြစ်ပါတယ်။ ဒီဗိုလ်ချုပ်နှစ်ဦးနဲ့ တပ်မ နှစ်ခုဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်မှုမှာ အဓိက တာ၀န်ရှိသူတွေ ဖြစ်ပါတယ်။
    အမေရိကန်အစိုးရဟာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ သူတို့ပိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့အရေးယူမှုတွေ လုပ်ထားပါတယ်။
    “အာဏာသိမ်းခေါင်းဆောင်တွေ၊ အကြမ်းဖက်မှု ကျူးလွန်သူတွေကို အရေးယူသွားမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိက၀တ်ကို ဆက်လက်စောင့်ထိန်းသွားမယ်ဆိုတာ ဒီကနေ့ပိတ်ဆို့မှုကနေ ခိုင်မာတဲ့သတင်းစကား ပေးလိုက်တာ ဖြစ်ပါတယ်” လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားခဲ့ပါတယ်။
    ပိတ်ဆို့ခံရသူတွေဟာ အမေရိကန်မှာ ပိုင်ဆိုင်မှုရှိရင် ခေတ္တ အသိမ်းခံရမှာဖြစ်ပြီး၊ အမေရိကန်နိုင်ငံသားတွေကိုလည်း သူတို့နဲ့ ဆက်ဆံမှုမလုပ်ဖို့ တားမြစ်မှာ ဖြစ်ပါတယ်။
    တပ်မ ၃၃ နဲ့ ၇၇ တို့ဟာ ပြည်သူတွေကို တရားလက်လွတ် ပစ်ခတ်သတ်ဖြတ်နေတယ်လို့ အမေရိကန် ဘဏ္ဏာရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
    “ဒီအဖွဲ့တွေဟာ ထရပ်ကားတွေကိုစီးပြီး ပြည်သူတွေရဲ့ နေအိမ်တွေအပါအ၀င် မြင်မြင်သမျှကို ကျည်အစစ်တွေနဲ့ တရားလက်လွတ် ပစ်ခတ်တဲ့ ဗီဒီယိုတွေကို တွေ့ရပါတယ်”
    ခြေမြန်တပ်မ ၃၃ နဲ့ ၇၇ တို့ဟာ တိုင်းရင်းသားဒေသတွေမှာ အကြမ်းဖက်မှုတွေကြောင့် အရင်ကတည်းက နာမည်ဆိုးရှိတဲ့ တပ်ဖွဲ့တွေ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုကြောင့် အမေရိကန်က ပိတ်ဆို့အရေးယူမှုလုပ်ထားတဲ့ တပ်မ ၂ ခုမှာ တပ်မ ၃၃ ပါ၀င်ပါတယ်။
    ဥရောပသမဂ္ဂကလည်း အာဏာသိမ်းစစ်ကောင်စီက အဖွဲ့၀င် ၁၁ ဦးကို မနေ့က ပိတ်ဆို့မှုတွေ ထပ်လုပ်ခဲ့ပါတယ်။
    Ref: Reuters

  • ပြည်သူကိုနှိပ်စက်မှုအတွက် စစ်ခေါင်းဆောင် ၁၁ ဦးကို ဥရောပက ထပ်မံ ပိတ်ဆို့ အရေးယူမည်

    ပြည်သူကိုနှိပ်စက်မှုအတွက် စစ်ခေါင်းဆောင် ၁၁ ဦးကို ဥရောပက ထပ်မံ ပိတ်ဆို့ အရေးယူမည်

    မတ် ၂၂၊ ၂၀၂၁
    M-Media

    -စစ်အာဏာသိမ်းမှုနဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုမှာ ပါဝင်တဲ့ စစ်ခေါင်းဆောင် ၁၁ ဦးကို ဥရောပသမဂ္ဂက အရေးယူသွားမယ်လို့ သမဂ္ဂရဲ့ နိုင်ငံခြားရေးဆိုင်ရာ အကြီးအကဲ ဂျိုးဆပ် ​ဘော်ရဲလ်က ပြောကြားလိုက်ပါတယ်။

    နိုင်ငံတစ်ဝှမ်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ဥရောပသမဂ္ဂဟာ ၂၀၁၈ ခုနှစ်ကတည်းက လက်နက်ရောင်းချမှု ပိတ်တာအပါအဝင် မြန်မာစစ်တပ်အ​ပေါ် အရေးယူမှုတွေ လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

    အခုလုပ်မယ့် ပိတ်ဆို့မှုအသစ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဥရောပသမဂ္ဂက​ ပြုလုပ်တဲ့ အထူးခြားဆုံး အရေးယူမှု ဖြစ်လာမှာပါ။ အရေးယူခံရမယ့် စစ်ခေါင်းဆောင် ၁၁ ဦးရဲ့ အမည်စာရင်းကို ဒီနေ့လုပ်မယ့် သမဂ္ဂအစည်းအဝေးအပြီး ထုတ်ပြန်မှာ ဖြစ်ပါတယ်။

    “မြန်မာနိုင်ငံနဲ့ပတ်သက်ရင် အာဏာသိမ်းမှုနဲ့ ဆန္ဒပြသူတွေအပေါ် ဖိနှိပ်ညှင်းပမ်းမှုမှာ ပါဝင်တဲ့ လူ ၁၁ ဦးကို ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” လို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဆိုင်ရာ အကြီးအကဲ ဂျိုးဆပ်ဘော်ရဲလ်က ပြောပါတယ်။

    ဥရောပသမဂ္ဂရဲ့ အခုပိတ်ဆို့မှုဟာ စစ်ခေါင်းဆောင်တွေ ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို အဓိက ပစ်မှတ်ထားမှာ ဖြစ်ပါတယ်။

    Ref: Nikkei Asia

  • အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်မှုများအား နိုင်ငံတကာကရှုတ်ချမှု ပိုမိုပြင်းထန်လာ

    အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်မှုများအား နိုင်ငံတကာကရှုတ်ချမှု ပိုမိုပြင်းထန်လာ

    မတ် ၂၀၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်သူတွေအပေါ်ကျူးလွန်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရှုတ်ချကြောင်း ကမ္ဘာ့နိုင်ငံတွေ၊ အာဆီယံအဖွဲ့၀င်တွေ၊ မြန်မာနိုင်ငံက နိုင်င်ငံခြားသံအမတ်တွေ မနေ့က ကြေငြာချက်အများအပြား ထုတ်ပြန်ခဲ့ပြီး မကြုံစဖူး ပြင်းထန်တဲ့အသုံးအနှုန်းတွေသုံးကာ စစ်ကောင်စီကို သတိပေးတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

    သံအမတ်ကြီးများ

    အမေရိကန်၊ ယူကေ၊ ဥရောပသမဂ္ဂ၊ ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နဲ့ ဆွီဒင်နိုင်ငံက သံအမတ်ကြီးတွေ မနေ့က ပူးတွဲကြေငြာချက်ထုတ်ရာမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။
    စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေဟာ လက်နက်မဲ့ဆန္ဒပြသူတွေအပေါ် အမှောင်ထုကို အခွင့်ကောင်းယူကာ ရက်ရက်စက်စက် အကြမ်းဖက်နေပြီး ဒီလုပ်ရပ်တွေဟာ ကျင်၀တ်သိက္ခာမဲ့သလို ဆင်ခြေဆင်လတ်ပေးကာ ကာကွယ်ရှောင်ပြေးလို့မရတဲ့ ကိစ္စတွေဖြစ်တယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    ပြည်သူအပေါ် အကြမ်းဖက်နေတာတွေ ရပ်တန်ဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့၊ စစ်အုပ်ချုပ်ရေးနဲ့ အရေးပေါ်အခြေအနေ ကြေငြာထားထားတွေကို ရုပ်သိမ်းပေးဖို့၊ ရွေးကောက်ခံအစိုးရကို အာဏာပြန်အပ်ဖို့၊ ဆက်သွယ်ရေးကန့်သတ်ထားတာကို ရုပ်သိမ်းဖို့ သံအမတ်တွေက စစ်ကောင်စီကို တိုက်တွန်းခဲ့ပြီး၊ မြန်မာပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်၊ သတင်းအချက်အလက် ရရှိခွင့်တွေကို အားပေးထောက်ခံတယ်လို့ ပြောကြားခဲ့ပါတယ်။
    အင်တာနက်ပိတ်၊ မီဒီယာကို နှိပ်ကွပ်ပြီး စက်ဆုပ်ဖွယ်ရာလုပ်တွေကို စစ်ကောင်စီက ဖုံးကွယ်လို့ ရမှာမဟုတ်ဘူးလို့လည်း သံအမတ်တွေက သတိပေးခဲ့ပါတယ်။

    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်

    အာဏာသိမ်းစစ်ကောင်စီက ပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်တာနေတာကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က မနေ့မှာ ကြေငြာချက်ထုတ်ပြန်ပါတယ်။
    “အခြေခံလူ့အခွင့်အရေး ချိုးဖောက်နေတာတွေကို ရပ်တန်းကရပ်ဖို့၊ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ပြန်သွားဖို့ လုံခြုံရေးကောင်စီအပါအ၀င် အဖက်ဖက်က တိုက်တွန်းနှိုးဆော်မှုတွေကို စစ်တပ်က ဆက်လက် ဖီဆန်နေပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းက စည်းစည်းလုံးလုံးနဲ့ ပြင်းပြင်းထန်ထန်တုန့်ပြန်ဖို့ လိုအပ်နေပါပြီ”

    မလေးရှားရဲ့ ထူးထူးခြားခြားကြေငြာချက်

    မလေးရှား၀န်ကြီးချုပ် မုဟ်ယစ်ဒင် ယာစင်ရဲ့ မနေ့က ကြေငြာချက်မှာ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ သွားနေတဲ့လမ်းကြောင်းကို နောက်ပြန်လှည့်ပြီး ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာဖို့ အခိုင်အမာ တိုက်တွန်းခဲ့ပါတယ်။
    ကြေငြာချက်ထဲမှာ စစ်ခေါင်းဆောင်တွကို ကိုယ်ကျိုးရှာသူတွေလို့ သုံးနှုန်းသွားပြီး ဒါဟာ အကြုံစဖူး ပြင်းထန်တဲ့အသုံးအနှုန်းလည်း ဖြစ်ပါတယ်။
    “ကိုယ်ကျိုးသာကြည့်တဲ့ လူတစ်စုရဲ့လက်ထဲ ကျွန်တော်တို့ရဲ့ညီနောင် မြန်မာနိုင်ငံ မတည်မငြိမ်ဖြစ်လာတာကို မလေးရှားနဲ့ အာဆီယံအသိုင်းအ၀ိုင်းက ကြည့်မနေနိုင်တော့ပါဘူး”
    မြန်မာနိုင်ငံက ပြဿနာနဲ့ပတ်သက်ပြီး အာဆီယံခေါင်းဆောင်တွေ အထူးထိပ်သီးအစည်းအ၀ေးလုပ်ဖို့ အင်ဒိုနီးရှားသမ္မတ ဂျိုကို၀ီဒိုဒိုရဲ့ တိုက်တွန်းမှုကိုလည်း မလေးရှား၀န်ကြီးချုပ်က ထောက်ခံခဲ့ပါတယ်။
    “လက်ရှိ နိုင်ငံရေးအကြပ်အတည်းမှာ ပြည်သူတွေ ဓားစားခံဖြစ်နေတယ်ဆိုတာ ထင်ရှားတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံရေး၊ ယုံကြည်မှုနဲ့ သဘောထားအမြင်တွေမှာ ဒီအတွက် နေရာမရှိပါဘူး။ ဒါတွေဟာ အာဆီယံ သဘောတူညီချက်မှာ ပါ၀င်တဲ့ တန်ဖိုးတွေနဲ့လည်း ဆန့်ကျင်နေပါတယ်”

    အင်ဒိုနီးရှား

    အင်ဒိုနီးရှားသမ္မတ ဂျိုကို၀ီဒိုဒိုက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ကျင့်သုံးဖို့နဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ မနေ့က ပြောကြားခဲ့ပါတယ်။
    ဒါ့အပြင် မြန်မာ့အရေး အာဆီယံ အထူး ထိပ်သီးအစည်းအ၀ေး ကျင်းပဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
    “မြန်မာနိုင်ငံက ပြဿနာနဲ့ပတ်သက်ပြီး အဆင့်မြင့်အစည်းအ၀ေးတစ်ခု ကျင်းပဖို့အတွက် အာဆီယံ ဥက္ကဌဖြစ်တဲ့ ဘရူးနိုင်းနိုင်ငံရဲ့ဘုရင်ကို ကျွန်တော် ချက်ခြင်း ဖုန်းခေါ်သွားပါမယ်”

    ကန်အောက်လွှတ်တော်က အာဏာသိမ်းမှုကို ရှုတ်ချ

    မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တစ်ခုကို အမေရိကန် အောက်လွှတ်တော်က မနေ့မှာ မဲခွဲအတည်ပြုလိုက်ပါတယ်။
    ဒီမိုကရက်တစ်နဲ့ ရီပက်ဘလစ်ကန်အမတ်တွေ တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့တဲ့ အဲဒီ ဆုံးဖြတ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဖမ်းဆီးခံထားရသူအားလုံး ပြန်လွှတ်ပေးဖို့နဲ့ ရွေးကောက်ခံအစိုးရကို အာဏာပြန်အပ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
    Ref: Nikkei Asia