News @ M-Media

Tag: MyanmarCoup2021

  • အာဏာသိမ်းစစ်ကောင်စီနှင့် ဆွေးနွေးညှိနှိုင်းချိန်တန်ပြီဟု တရုတ်သံအမတ်ပြော

    အာဏာသိမ်းစစ်ကောင်စီနှင့် ဆွေးနွေးညှိနှိုင်းချိန်တန်ပြီဟု တရုတ်သံအမတ်ပြော

    မတ် ၁၁၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံက ပြဿနာမှာ တင်းမာမှုလျော့ချဖို့ အချိန်တန်ပြီလို့ ကုလဆိုင်ရာ တရုတ်သံအမတ် ကျန်းကျွင်းက ပြောကြားလိုက်ပါတယ်။

    မနေ့က ကုလ လုံခြုံရေးကောင်စီ အစည်းအ၀ေးမှာ မြန်မာ့အရေးအတွက် ကြေငြာချက်တစ်စောင် ထုတ်ခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေကို အလွန်အမင်း စိုးရိမ်မိပြီး ဖမ်းဆီးထားသူတွေကို ချက်ခြင်း ပြန်လွှတ်ပေးဖို၊ ဆန္ဒပြ ပြည်သူတွေပေါ် အကြမ်းဖက်သတ်ဖြတ်မှုကို ရပ်တန့်ဖို့ အာဏာသိမ်း စစ်ကောင်စီကို ကြေငြာချက်မှာ တိုက်တွန်းထားပါတယ်။

    ဗြိတိန်ကတင်သွင်းတဲ့ ကြေငြာချက်မူကြမ်းမှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုးကို ရှုတ်ချတဲ့စာကြောင်း ပါ၀င်ပေမယ့် တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ ဗီယက်နမ်နိုင်ငံတွေရဲ့ ကန့်ကွက်မှုကြောင့် ဒီစာကြောင်းကို ဖြုတ်ပစ်ခဲ့ရပါတယ်။

    ကုလဆိုင်ရာ တရုတ်သံအမတ် ကျန်းကျွင်းက ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဆောင်ဖို့ လုံခြုံရေးကောင်စီ အစည်းအ၀ေးအပြီးမှာ တိုက်တွန်းခဲ့ပါတယ်။

    “တင်းမာမှုတွေလျော့ချဖို့ အချိန်တန်ပါပြီ။ သံတမန်နည်းလမ်းနဲ့ သွားရမယ့်အချိန်၊ ဆွေးနွေးညှိနှိုင်းရမယ့် အချိန်ပါ “

    လုံခြုံရေးကောင်စီကြေငြာချက် ပြင်ဆင်တဲ့ကိစ္စမှာ ပါ၀င်ခဲ့တာကိုလည်း ကျန်းကျွင်းက ၀န်ခံပါတယ်။

    “ကောင်စီက အဖွဲ့၀င်နိုင်ငံတွေ တစ်သံတည်းထွက်ဖို့ အရေးကြီးပါတယ်။ ကောင်စီကထုတ်ပြန်တဲ့သတင်းစကားဟာ မြန်မာနိုင်ငံက အခြေအနေ တင်းမာမှုလျော့ချရေး အထောက်အကူဖြစ်ရမှာပါ”

    မြန်မာနိုင်ငံကိစ္စမှာ သက်ဆိုင်သူတွေရဲ့ အမြင်မတူမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲဥပဒေဘောင်အောက်မှာ ဖြေရှင်းနိုင်ရေး နိုင်ငံတကာအသိုင်းအ၀ိုင်းက လုပ်နိုင်ကိုင်နိုင်တဲ့ ၀န်းကျင်တစ်ခု ဖန်တီးပေးသင့်တယ်လို့လည်း တရုတ်သံအမတ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “တရုတ်နိုင်ငံရဲ့ ဆွေမျိုးပေါက်ဖော် မူ၀ါဒက မြန်မာပြည်သူအားလုံးအတွက်ပါ။ သက်ဆိုင်သူတွေနဲ့ ဆက်သွယ်ပြီး ဆွေးနွေးညှိနှိုင်းပေးဖို့၊ လက်ရှိတင်းမာမှုကို လျော့ချရာမှာ အပြုသဘောဆောင်တဲ့နေရာကနေ ပါ၀င်ပေးဖို့အတွက် တရုတ်နိုင်ငံက အဆင်သင့်ရှိနေပါတယ်။ “

    Ref: Reuters

  • စစ်ကောင်စီ၏လုပ်ရပ်များက လူသားထုအပေါ် ကျူးလွန်သည့်ရာဇ၀တ်မှု မြောက်နိုင်ဟု ကုလ အထူးကိုယ်စားလှယ်ပြော

    စစ်ကောင်စီ၏လုပ်ရပ်များက လူသားထုအပေါ် ကျူးလွန်သည့်ရာဇ၀တ်မှု မြောက်နိုင်ဟု ကုလ အထူးကိုယ်စားလှယ်ပြော

    မတ် ၁၂၊ ၂၀၂၁
    M-Media

    -ဆန္ဒပြသူတွေအပေါ် အာဏာသိမ်းစစ်ကောင်စီရဲ့ ကျူးလွန်မှုတွေဟာ လူသားထုအပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှု (Crimes against Humanity) မြောက်ဖွယ်ရှိတယ်လို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် တွမ် အန်ဒရူးက ပြောကြားလိုက်ပါတယ်။

    ဂျီနီဗာမှာပြုလုပ်တဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအ၀ေးမှာ တွမ်အန်ဒရူး မနေ့က မိန့်ခွန်းပြောကြားခဲ့တာပါ။ ဖေဖော်၀ါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း လူ ၇၀ လောက် အသတ်ခံခဲ့ရတယ်လို့ သူက ဆိုပါတယ်။

    “တိုင်းပြည်ကို တရားမ၀င် လူသတ်အဖွဲ့က အုပ်စိုးထားတာဖြစ်ပြီး Crimes against Humanity ကိုလည်း ကျူးလွန်နေပုံပါပဲ”

    Crimes against Humanity ထဲမှာ ပါ၀င်တဲ့ ပြည်သူတွေကို သတ်ဖြတ်တာ၊ ဖမ်းဆီးအကျဥ်းချထားတာ၊ နှိပ်စက်တာ၊ ညှင်းပမ်းတာတွေကို ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် အပါအ၀င် စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ သဘောတူညီချက်နဲ့ လုပ်ဆောင်​နေတာဖြစ်တယ်လို့လည်း တွမ်အန်ဒရူးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Crimes against Humanity ကျူးလွန်မှုရှိလားဆိုတာကို တရားရုံးက ဆုံးဖြတ်ရမှာ ဖြစ်ပေမယ့် အာဏာသိမ်းစစ်တပ်က ရာဇ၀တ်မှုတွေကို နိုင်ငံတစ်၀ှမ်းမှာ တစ်ပြိုင်နက်တည်း စီစဥ်ကျူးလွန်နေတယ်ဆိုတဲ့ အထောက်အထားတွေ ထင်ရှားတယ်လို့ ကုလအထူးကိုယ်စားလှယ်က ဆိုပါတယ်။

    နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International ကလည်း အာဏာသိမ်းစစ်ကောင်စီဟာ ဆန္ဒပြသူတွေကို တုန့်ပြန်ရာမှာ တိုက်ပွဲသုံး ချေမှုန်းရေး လက်နက်တွေကို အသုံးပြုနေကြောင်း၊ ဆန္ဒပြမှုနဲ့သက်ဆိုင်တဲ့ ဗီဒီယို ၅၀ ကျော်လောက်ကို လေ့လာသုံးသပ်ရာမှာ လုံခြုံရေးတပ်ဖွဲ့၀င်တွေ တရားလက်လွတ် ပစ်ခတ်သတ်ဖြတ်တာကို တွေ့ရကြောင်း မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

    Ref : Reuters

  • လက်နက်မဲ့ပြည်သူကို စစ်ကောင်စီက စစ်ပွဲသဏ္ဍာန် တုန့်ပြန်နေဟု လူ့အခွင့်အရေးအဖွဲ့ ပြော

    လက်နက်မဲ့ပြည်သူကို စစ်ကောင်စီက စစ်ပွဲသဏ္ဍာန် တုန့်ပြန်နေဟု လူ့အခွင့်အရေးအဖွဲ့ ပြော

    မတ် ၁၁၊ ၂၀၂၁
    M-Media

    -လက်နက်မဲ့ဆန္ဒပြသူတွေကို တုန့်ပြန်ရာမှာ အာဏာသိမ်းစစ်ကောင်စီဟာ စစ်ပွဲသုံးနည်းစနစ်တွေကို အသုံးပြုနေတယ်လို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ Amnesty International က ပြောကြားလိုက်ပါတယ်။

    ဒီနေ့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံးဖြိုခွင်းရာမှာ မြိုင်မြို့က ၆ ဦးအပါအဝင် နိုင်ငံတစ်ဝှမ်းအနည်းဆုံး ၁၈ ဦး သေဆုံးခဲ့ပါတယ်။

    Amnesty International က လုံခြုံရေးတပ်ဖွဲ့တွေဟာ ဆန္ဒပြသူတွေအပေါ် အသက်သေစေလောက်တဲ့ အင်အားတွေ အသုံးပြုနေပြီး သတ်ဖြတ်မှုတော်တော်များများမှာ တရားလက်လွတ် သတ်ဖြတ်မှု မြောက်တယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒါဟာ တစ်ဦးတစ်ယောက်ချင်းက ဆုံးဖြတ်ချက်အားနည်းလို့ လက်လွန်ခြေလွန် ဖြစ်သွားတာမျိုး မဟုတ်ပါဘူး။ အမြင်မှန်ရဖို့မရှိတဲ့ တပ်မှူးတွေ အလိုတူအလိုပါ ပါဝင်နေတဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုပါ” လို့ ပဋိပက္ခရေးရာ ကျွမ်းကျင်သူ ဒါရိုက်တာ ဂျိုအာနီ မာရီနာက ပြောပါတယ်။

    Amnesty International က သူတို့ဟာ ဆန္ဒပြပွဲက ဗီဒီယို အနည်းဆုံး ၅၀ ကျော်ကို ဆန်းစစ်သုံးသပ်ခဲ့တယ်လို့ ဆိုပါတယ်။

    ဆန္ဒပြသူတွေကို ဖြိုခွင်းရာမှာ အသုံးပြုတဲ့ လက်နက်တွေထဲမှာ စနိုက်ပါ၊ အပေါ့စား
    စက်သေနတ်၊ ချေမှုန်းရေးရိုင်ဖယ်တွေလို ​စစ်ပွဲမှာသာ အသုံးပြုရတဲ့ လက်နက်တွေ ပါဝင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နှင်းနေတာတွေကို ချက်ခြင်းရပ်တန့်ဖို့နဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ Amnesty International က တိုက်တွန်းခဲ့ပါတယ်။

    Ref: Nikkei Asia

  • ၄ နိုင်ငံက ကန့်ကွက်မှုကြောင့် လုံခြုံရေးကောင်စီကြေငြာချက်တွင် စစ်ကောင်စီကို ရှုတ်ချမှု ဖယ်ရှားခဲ့ရ

    ၄ နိုင်ငံက ကန့်ကွက်မှုကြောင့် လုံခြုံရေးကောင်စီကြေငြာချက်တွင် စစ်ကောင်စီကို ရှုတ်ချမှု ဖယ်ရှားခဲ့ရ

    မတ် ၁၀၊ ၂၀၂၁
    M-Media

    -တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ ဗီယက်နမ်တို့ရဲ့ ကန့်ကွက်မှုကြောင့် မနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ချက်မှာ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို ရှုတ်ချတဲ့စာသားကို ဖယ်ရှားခဲ့ရပါတယ်။

    ကြေငြာချက်မှာ လုံခြုံရေးကောင်စီအနေနဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သွားဖို့အတွက် အာဏာသိမ်းစစ်ကောင်စီကို တိုက်တွန်းထားပါတယ်။ ဒါ့အပြင် နောက်ထပ် တုန့်ပြန်မှုတွေ လုပ်ဆောင်ဖို့ လုံခြုံရေးကောင်စီက အဆင်သင့်ရှိနေကြောင်းလည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဗြိတိန်ကတင်သွင်းတဲ့ ဒီကြေငြာချက်မူကြမ်းမှာ စစ်တပ်ရဲ့အာဏာသိမ်းမှုကို ရှုတ်ချကြောင်း၊ မလိုက်နာရင် အရေးယူမှုတွေလုပ်ဆောင်ဖို့ သတိပေးကြောင်း ပါဝင်ခဲ့ပေမယ့် တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ ဗီယက်နမ်တို့က ကန့်ကွက်ခဲ့တာကြောင့် ဒီစာသားနှစ်ခုကို ဖြုတ်တာပြင်တာတွေ လုပ်ဆောင်ခဲ့ရပါတယ်။

    ဖေဖော်ဝါရီလ လုံခြုံရေးကောင်စီက ထုတ်ပြန်တဲ့ ကြေငြာချက်မှာလည်း အခြေအနေကို စိုးရိမ်မိပြီး၊ ဖမ်းဆီးထားသူတွေကို ချက်ခြင်းလွှတ်ပေးဖို့ ဖော်ပြထားပေမယ့် တရုတ်နဲ့ ရုရှားတို့ရဲ့ ကန့်ကွက်မှုကြောင့် အာဏာသိမ်းမှုကိုရှုတ်ချတဲ့စာကြောင်းကို ဖယ်ရှားပေးခဲ့ရပါတယ်။

    ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖနီ ဒူဂျာရစ်က အဖွဲ့ဝင်နိုင်ငံတိုင်းဟာ တစ်နိုင်ငံချင်းအလိုက်၊ အစုအဖွဲ့အလိုက် ဆောင်ရွက်သွားရမှာဖြစ်ပြီး လုံခြုံရေးကောင်စီကနေ ထိရောက်တဲ့ အသံမျိုးထွက်အောင်၊ ထိရောက်တဲ့အရေးယူမှုဖြစ်လာအောင် ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူနဲ့ နယူးယောက်မြို့အခြေစိုက် Human Rights Watch အဖွဲ့တို့က အာဏာသိမ်းစစ်ကောင်စီကို လက်နက်ရောင်းချမှု ပိတ်ဆို့ဖို့၊ စစ်ခေါင်းဆောင်တွေကို ဦးတည်ပြီး သီးသန့်အရေးယူမှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    ဒါပေမယ့် လုံခြုံရေးကောင်စီက သံတမန်တွေကတော့ ဗီတိုအာဏာကိုင်ထားတဲ့ တရုတ်နဲ့ ရုရှားတို့ရဲ့ ကန့်ကွက်မှုကြောင့် ဒီလိုအရေးယူမှုမျိုးကို လောလောဆယ်မှာ လုပ်ဆောင်နိုင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    မနေ့ကကြေငြာချက်မှာ ဆန္ဒပြသူတွေအပေါ် စစ်ကောင်စီက အကြမ်းဖက်​ဖြိုခွင်းတာကို ပြင်းပြင်းထန်ထန် ရှုတ်ချထားပြီး လူ့အခွင့်အရေးချိုးဖောက်တာ၊ အခြေခံလွတ်လပ်ခွင့် ပိတ်ပင်တာတွေအတွက် အလွန်အမင်းစိုးရိမ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဖမ်းဆီးထားသူတွေကို ချက်ခြင်း ပြန်လွှတ်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    သံတမန်တွေက မြန်မာ့အရေးကို လုံခြုံရေးကောင်စီမှာ ဆက်လက်ဆွေးနွေးသွားဖို့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • ဆန္ဒပြသူများအား အသေပစ်သတ်ရန် အထက်က အမိန့်ပေးခဲ့ကြောင်း အိန္ဒိယကို တိမ်းရှောင်သွားသည့်ရဲများ ဖွင့်ဟ

    ဆန္ဒပြသူများအား အသေပစ်သတ်ရန် အထက်က အမိန့်ပေးခဲ့ကြောင်း အိန္ဒိယကို တိမ်းရှောင်သွားသည့်ရဲများ ဖွင့်ဟ

    မတ် ၁၀၊ ၂၀၂၁
    M-Media

    -ဆန္ဒပြသူတွေကို အသေပစ်သတ်ဖို့အတွက် အထက်အရာရှိတွေက သူတို့ကို အမိန့်ပေးခဲ့တယ်လို့ အိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလှုံသွားတဲ့ ရဲတပ်ဖွဲ့၀င်တွေက ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

    ဖေဖော်၀ါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ ဆန္ဒပြမှုတွေကို ဥပဒေ စည်းမျဥ်းစည်းကမ်းတွေနဲ့အညီ တုန့်ပြန်ခိုင်းထားတယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ထားတာပါ။

    ဒါပေမယ့် ရဲတပ်ဖွဲ့၀င်တွေ၊ စစ်သားတွေဟာ ဆန္ဒပြသူတွေကို တရားလက်လွတ် ဖမ်းဆီးသတ်ဖြတ်တာ၊ ဆန္ဒပြမှုနဲ့ မသက်ဆိုင်သူတွေကို ဖမ်းဆီးရိုက်နှက်တာ၊ ပြည်သူတွေ ပိုင်ဆိုင်သမျှကို ဖျက်ဆီးတာ၊ လုယက်ရမ်းကားတာတွေ လုပ်ဆောင်နေတာကို အများအပြားတွေ့လာရပြီး ဗီဒီယိုမှတ်တမ်းတွေလည်း ပြန့်နှံ့ နေပါတယ်။

    အာဏာသိမ်းစစ်ကောင်စီအောက်မှာ တာ၀န်မထမ်းဆောင်လိုတာကြောင့် အိန္ဒိယဖက် ထွက်ပြေးခိုလှုံသွားတဲ့ ရဲတပ်ဖွဲ့၀င် အနည်းဆုံး ၄ ဦးက အထက်အရာရှိတွေဟာ ဆန္ဒပြသူတွေကို ပစ်သတ်ဖို့ သူတို့ကို အမိန့်ပေးခဲ့တယ်လို့ ရိုက်တာ သတင်းဌာနကို ဖွင့်ဟ၀န်ခံခဲ့ပါတယ်။

    ရိုက်တာသတင်းဌာနဟာ ဒီရဲတပ်ဖွဲ့၀င်တွေရဲ့ တပ်ဖွဲ့၀င်ကတ်ပြား၊ တာ၀န်ထမ်းဆောင်စဥ်ဓာတ်ပုံတွေ၊ အိန္ဒိယရဲတပ်ဖွဲ့ထံ သူတို့ရဲ့ ထွက်ဆိုထားမှု၊ ကိုယ်ရေးအချက်အလက် စတာတွေကို ကြည့်ရှု အတည်ပြုခွင့် ရခဲ့တာ ဖြစ်ပါတယ်။

    ဒုတပ်ကြပ် Tha Peng က စစ်ကိုင်းတိုင်း ခန်းပါတ်မြို့က ဖေဖော်၀ါရီ ၂၇ ရက်နေ့ ဆန္ဒပြပွဲမှာ ပြည်သူတွေကို သူကိုင်ထားတဲ့ စက်သေနတ်နဲ့ပစ်ဖို့ အထက်က အမိန့်ပေးခဲ့ပြီး သူကတော့ ငြင်းဆိုခဲ့တယ်လို့ ပြောပါတယ်။

    “နောက်နေ့မှာ အထက်အရာရှိက ကျွန်တော့်ကိုခေါ်ပြီး သေနတ်နဲ့ပစ်မှာလားလို့ မေးခဲ့ပါတယ်”

    မတ်လ တစ်ရက်နေ့မှာတော့ Tha Peng တစ်ယောက် မိသားစုကိုထားကာ ခမ်းပါတ်မြို့ကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခဲ့ပါတယ်။ ဖမ်းမိမှာ စိုးရိမ်တဲ့အတွက် ညဖက်တွေမှာ ခရီးဆက်ရပြီး မီဇိုရမ်ရောက်ဖို့ ၃ ရက်ကြာမြင်ခဲ့တယ်လို့ ဆိုပါတယ်။

    ဖေဖော်၀ါရီ ၂၇ ရက်နေ့က ပစ်မိန့်ကို သူနဲ့ လုပ်ဖော်ကိုင်ဖက် ၆ ယောက်က ငြင်းဆန်ခဲ့တာ ဖြစ်ပြီး သူ့အတွက် ထွက်ပြေးဖို့ကလွဲလို့ အခြားရွေးစရာမရှိဘူးလို့ Tha Peng က ဆိုပါတယ်။

    အာဏာသိမ်းစစ်ကောင်စီအောက်မှာ တာ၀န်မထမ်းဆောင်လိုတော့တဲ့အတွက် ထွက်ပြေးလာတဲ့ မြန်မာရဲတပ်ဖွဲ့၀င်တွေနဲ့ မိသားသာစု၀င် စုစုပေါင်း ၁၀၀ ၀န်းကျင်လောက်ရှိတယ်လို့ အိန္ဒိယက ထုတ်ပြန်ထားပါတယ်။

    Tha Peng ပြောတဲ့ ဖေဖော်၀ါရီ ၂၇ ရက်နေ့ အဖြစ်အပျက်ဟာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ အခြား ဒုတပ်ကြပ် ၁ ဦးနဲ့ တပ်သား ၃ ဦးတို့ အိန္ဒိယရဲတပ်ဖွဲ့ကို ပြောကြားထားမှုနဲ့ ကိုက်ညီနေပါတယ်။

    “CDM လှုပ်ရှားမှု အရှိန်ရလာပြီး အာဏာသိမ်းမှု ဆန့်ကျင်ရေးတွေလည်း နေရာတိုင်းမှာ ဖြစ်ပွားနေတဲ့အချိန် ဆန္ဒပြသူတွေကို ပစ်သတ်ဖို့ အထက်က ကျွန်တော်တို့ကို ညွှန်ကြားတာတွေ ရှိပါတယ်” လို့ မီဇိုရမ် ရဲတပ်ဖွဲ့နဲ့ ပူးတွဲထုတ်ပြန်ချက်မှာ မြန်မာရဲတပ်ဖွဲ့၀င်တွေက ပြောပါတယ်။

    “ဒီလိုအခြေအနေမှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ကိုယ့်ပြည်သူတွေကို ပြန်ပစ်သတ်ဖို့ ကျွန်တော်တို့မှာ စိတ်ဆန္ဒ မရှိပါဘူး”

    စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုအတွင်း စစ်တပ်နဲ့ ရဲတွေက အကြမ်းဖက် သတ်ဖြတ်မှုကြောင့် အနည်းဆုံး လူ ၆၀ လောက် သေဆုံးပြီး၊ ရာနဲ့ချီ ဒဏ်ရာရကာ ထောင်ချီ ဖမ်းဆီးထိန်းသိမ်း ခံထားရပါတယ်။

    ရဲတပ်ဖွဲ့ လုပ်ထုံးလုပ်နည်းနဲ့ ကျင့်၀တ်တွေထဲမှာ ဆန္ဒပြသူတွေကို ရာဘာကျည်ဆံနဲ့သာ ဖြိုခွင်းရမှာ ဖြစ်သလို ပစ်တဲ့အချိန်မှာလည်း ဒူးအောက်ပိုင်းသာ ပစ်ခွင့်ရှိပေမယ့်၊ အထက်အရာရှိက ဆန္ဒပြသူတွေကို ပစ်သတ်ဖို့ အမိန့်ပေး ခိုင်းစေခဲ့တယ်လို့ သာပန်က ပြောပါတယ်။

    မန္တလေးမြို့မှာ တာ၀န်ကျတဲ့ အသက် ၂၃ နှစ်အရွယ် တပ်သား Ngun Hlei က ဆန္ဒပြသူတွေကို ပစ်ဖို့ အမိန့်ပေးတာမျိုး ခံခဲ့ရတယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ရဲတပ်ဖွဲ့ဟာ စစ်တပ်ရဲ့ အမိန့်အတိုင်း လုပ်ဆောင်နေရတာလို့ သူတို့ ယုံကြည်ကြောင်း Tha Peng နဲ့ Ngun Hlei နှစ်ယောက်စလုံးက ပြောပါတယ်။

    စတုတ္ထမြောက် မြန်မာရဲတပ်ဖွဲ့၀င်ကလည်း သူတို့နှစ်ဦးရဲ့ ပြောဆိုမှုကို ထောက်ခံအတည်ပြုခဲ့ပါတယ်။

    “စစ်တပ်က ရဲတပ်ဖွဲ့ကို ဖိအားပေးပြီး အောက်ခြေရဲတပ်သားတွေက ပြည်သူတွေနဲ့ ရင်ဆိုင်ရတာပါ”

    ဆန္ဒပြသူတွေကိုပစ်ဖို့ အမိန့်ပေးတာကို မနာခံခဲ့တဲ့အတွက် အရေးယူခံရကာ နယ်ရွှေ့ခံခဲ့ရတယ်လို့ Ngun Hlei က ပြောပါတယ်။ နောက်ပိုင်းမှာတော့ အိန္ဒိယကိုထွက်ပြေးဖို့ သူက ဆုံးဖြတ်ခဲ့ပြီး မတ်လ ၆ ရက်နေ့မှာ မီဇိုရမ်ကို ရောက်ရှိခဲ့ပါတယ်။

    အသက် ၂၄ နှစ်အရွယ် တပ်သားအဆင့် ရဲမေ Dal က ချင်းပြည်နယ် ဖလမ်းမြို့မှာ တာ၀န်ထမ်းဆောင်သူ ဖြစ်ပြီး အရင်က စခန်းအတွင်း ရုံးအလုပ်တွေသာ လုပ်ရပေမယ် အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ပေါ်ပေါက်လာတဲ့အချိန်မှာတော့ အပြင်ထွက်ပြီး အမျိုးသမီးတွေကိုဖမ်းဖို့ ခိုင်းစေခံခဲ့ရပါတယ်။ ဒါပေမယ့် ဒီအမိန့်ကို သူမက ငြင်းဆန်ခဲ့ပါတယ်။

    ဆန္ဒပြသူတွေကို ငဲ့ညှာတာ၊ CDM လှုပ်ရှားမှုမှာ ပါ၀င်တာကြောင့် ဖမ်းဆီးထောင်ချခံရမှာကို စိုးရိမ်ပြီး Dal တစ်ယောက် မီဇိုရမ်ကို ထွက်ပြေးလတာပါ။

    မြန်မာရဲတပ်ဖွဲ့အတွင်းမှာ ဆန္ဒပြသူတွေအပေါ် စာနာထောက်ထားသူတွေ အများအပြားရှိတယ်လို့ Tha Peng၊ Ngun Hlei နဲ့ Dal ၃ ဦးစလုံးက ပြောပါတယ်။

    “စခန်းမှာ ၉၀ ရာခိုင်နှုန်းလောက်က ဆန္ဒပြသူတွေကို ထောက်ခံကြတယ်။ ဒါပေမယ့် သူတို့ကို စုစည်းပေးမယ့်ခေါင်းဆောင် မရှိပါဘူး” လို့ Tha Peng က ပြောပါတယ်။

    ၆ လအရွယ် အပါအ၀င် ကလေး ၂ ဦးနဲ့ ဇနီးဖြစ်သူတို့ကို ထားရစ်ပြီး Tha Peng တစ်ယောက် မီဇိုရမ်ကို ထွက်ပြေးခိုလှုံခဲ့တာပါ။

    ပြီးခဲ့တဲ့ရက်ပိုင်းအထိ မြန်မာနိုင်ငံကနေ အိန္ဒိယကို ထွက်ပြေးခိုလှုံတဲ့ ရဲတပ်ဖွဲ့၀င်တွေ ဆက်ရှိနေပြီး အာဏာသိမ်းစစ်ကောင်စီကလည်း အနည်းဆုံ တပ်သား ၈ ဦးကို ပြန်လွှဲပေးဖို့ မီဇိုရမ် တာ၀န်ရှိသူတွေထံ စာရေးသား ပေးပို့ထားပါတယ်။

    မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ် Zoramthanga က ခိုလှုံလာသူတွေကို ကျွေးမွေးစောင့်ရှောက်ကာ ယာယီ နေရာထိုင်ခင်း ပေးထားမှာဖြစ်ပြီး ပြန်လွှဲမလား၊ မလွှဲဘူးလားဆိုတာက ဗဟိုအစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်တယ်လို့ ပြေကြားခဲ့ပါတယ်။

    ဒုတပ်ကြပ် Tha Peng က မိသားစုကိုလွမ်းပေမယ့် မြန်မာနိုင်ငံကို မပြန်ချင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    Ref : Reuters