News @ M-Media

လက်နက်မဲ့ပြည်သူကို စစ်ကောင်စီက စစ်ပွဲသဏ္ဍာန် တုန့်ပြန်နေဟု လူ့အခွင့်အရေးအဖွဲ့ ပြော

မတ် ၁၁၊ ၂၀၂၁
M-Media

-လက်နက်မဲ့ဆန္ဒပြသူတွေကို တုန့်ပြန်ရာမှာ အာဏာသိမ်းစစ်ကောင်စီဟာ စစ်ပွဲသုံးနည်းစနစ်တွေကို အသုံးပြုနေတယ်လို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ Amnesty International က ပြောကြားလိုက်ပါတယ်။

ဒီနေ့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံးဖြိုခွင်းရာမှာ မြိုင်မြို့က ၆ ဦးအပါအဝင် နိုင်ငံတစ်ဝှမ်းအနည်းဆုံး ၁၈ ဦး သေဆုံးခဲ့ပါတယ်။

Amnesty International က လုံခြုံရေးတပ်ဖွဲ့တွေဟာ ဆန္ဒပြသူတွေအပေါ် အသက်သေစေလောက်တဲ့ အင်အားတွေ အသုံးပြုနေပြီး သတ်ဖြတ်မှုတော်တော်များများမှာ တရားလက်လွတ် သတ်ဖြတ်မှု မြောက်တယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

“ဒါဟာ တစ်ဦးတစ်ယောက်ချင်းက ဆုံးဖြတ်ချက်အားနည်းလို့ လက်လွန်ခြေလွန် ဖြစ်သွားတာမျိုး မဟုတ်ပါဘူး။ အမြင်မှန်ရဖို့မရှိတဲ့ တပ်မှူးတွေ အလိုတူအလိုပါ ပါဝင်နေတဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုပါ” လို့ ပဋိပက္ခရေးရာ ကျွမ်းကျင်သူ ဒါရိုက်တာ ဂျိုအာနီ မာရီနာက ပြောပါတယ်။

Amnesty International က သူတို့ဟာ ဆန္ဒပြပွဲက ဗီဒီယို အနည်းဆုံး ၅၀ ကျော်ကို ဆန်းစစ်သုံးသပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဆန္ဒပြသူတွေကို ဖြိုခွင်းရာမှာ အသုံးပြုတဲ့ လက်နက်တွေထဲမှာ စနိုက်ပါ၊ အပေါ့စား
စက်သေနတ်၊ ချေမှုန်းရေးရိုင်ဖယ်တွေလို ​စစ်ပွဲမှာသာ အသုံးပြုရတဲ့ လက်နက်တွေ ပါဝင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နှင်းနေတာတွေကို ချက်ခြင်းရပ်တန့်ဖို့နဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ Amnesty International က တိုက်တွန်းခဲ့ပါတယ်။

Ref: Nikkei Asia