News @ M-Media

Tag: myanmarmuslim

  • စာဆိုတော်နေ့ အခမ်းအနားကျင်းပမည်

    စာဆိုတော်နေ့ အခမ်းအနားကျင်းပမည်

    နိုဝင်ဘာ ၂၉၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    img512

    ရန်ကုန်  ။       ။         စာဆိုတော်များအား ဂုဏ်ပြုသည့်အနေဖြင့် စာဆိုတော်နေ့ အခမ်းအနားတစ်ရပ်ကို ဒီဇင်ဘာလ ၄-ရက်နေ့တွင် ရန်ကုန်မြို့ရှိ ယုဇနဂါးဒင်းဟိုတယ်၌နေ့လည် ၂း၀၀-နာရီမှ ၅း၀၀-နာရီအထိ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

    အဆိုပါ စာဆိုတော်နေ့ အခမ်းအနားအား စာဆိုတော်နေ့ကျင်းပရေးကော်မတီ(ပသီ)မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ဆရာကြီးသိပ္ပံမှူးတင်၊ ဒေါက်တာသန်းဝင်း(မောင်သန်းဝင်း – မြန်မာစာ)တို့မှ ဟောပြောမည်ဖြစ်ကြောင်းလည်း သိရသည်။

  • Muslim Youth Forum ဖြစ်မြောက်ရန် အုတ်မြစ်ချနိုင်ခဲ့သည့် အကြိုညှိနှိုင်း ဆွေးနွေးပွဲ

    Muslim Youth Forum ဖြစ်မြောက်ရန် အုတ်မြစ်ချနိုင်ခဲ့သည့် အကြိုညှိနှိုင်း ဆွေးနွေးပွဲ

    နိုဝင်ဘာ ၂၈၊ ၂၀၁၃
    M-Media
    A.N.Lay

    DSCN5063

    ရန်ကုန်  ။       ။      မြန်မာနိုင်ငံရှိ မွတ်စလင်မ်လူငယ်များ အနေဖြင့် နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသော အခန်းကဏ္ဍများတွင် ပိုမိုတက်ကြစွာ ပါဝင်နိုင်ကြစေရန် ရည်ရွယ်၍ Muslim Youth Form နှင့် မွတ်စလင်မ်လူငယ်များ ကိုယ်စားပြု အဖွဲ့အစည်းတစ်ရပ် ခိုင်မာစွာ ဖြစ်ပေါ်လာစေရေးအတွက် အကြိုညှိနှိုင်း ဆွေးနွေးပွဲကို မနေ့က နိုဝင်ဘာ ၂၇-ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

    အဆိုပါ အကြို ညှိနှိုင်းဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းရှိမြို့နယ်များ၊ ပဲခူး၊ တောင်ကြီး၊ မန္တလေးနှင့် အခြားမြို့နယ်များမှ စိတ်ပါဝင်စားသူ လူငယ် ၁၀၀-၀န်းကျင် တက်ရောက်ပါဝင်ခဲ့ကြပါတယ်။

    တက်ရောက်လာကြသူ လူငယ်များမှ မြို့နယ်အလိုက် မိမိတို့ကြုံတွေ့ရသည့် အခြေအနေများကို မျှဝေပြောကြားရင်း ရှေ့ဆက်လုပ်ဆောင်သင့်သည်များကို ဆွေးနွေးခဲ့ကြပြီး Muslim Youth Forum ဖြစ်မြောက်ရေးအတွက် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပဲခူးတို့မှ ပါဝင်သော ကော်မတီ(ယာယီ)ကိုလည်း ဖွဲ့စည်းနိုင်ခဲ့ကြောင်းသိရပါတယ်။

  • ကမ္ဘာသိ မြန်မာ့သမိုင်းရှင် ဗိုလ်မှုးဘရှင်၏ ရာပြည့်စာဖတ်ခန်းဖွင့်လှစ်

    ကမ္ဘာသိ မြန်မာ့သမိုင်းရှင် ဗိုလ်မှုးဘရှင်၏ ရာပြည့်စာဖတ်ခန်းဖွင့်လှစ်

    နိုဝင်ဘာ ၁၀၊ ၂၀၁၃
    M-Media
    A.N.Lay
    DSC00274

    ရန်ကုန်     ။      ။       ကမ္ဘာသိ မြန်မာ့သမိုင်းရှင် ဗိုလ်မှူးဘရှင် မွေးနေ့ နှစ်တစ်ရာပြည့်အထိမ်းအမှတ်ဖြစ်သော ရာပြည့်စာဖတ်ခန်းကို  နိုဝင်ဘာ ၁၀-ရက်နေ့ နံနက် ၈-နာရီ အချိန်တွင် ရန်ကုန်မြို့ဗဟန်းမြို့နယ် အမှတ်-၁၇ နတ်မောက်လမ်း တွင်ဖွင့်လှစ်ခဲ့ပါသည်။
    အဆိုပါ ရာပြည့်စာဖတ်ခန်းဖွင့်လှစ်ပွဲတွင် မြန်မာစာ ပါမောက္ခ ဦအော်ဇော်က “စာဖတ်ခန်းဖွင့်တာဟာ တိုင်းပြည်ကို အကျိုးပြုတဲ့လုပ်ငန်း၊ လူမျိုးကိုအကျိုးပြုတဲ့ လုပ်ငန်း သာသနာကိုအကျိုးပြုတဲ့လုပ်ငန်း များကို အကျိုးပြုနိုင်ရန် ထိပ်ဆုံးကပါဝင်နေပါတယ်။ ဒီနေ့ တာဝန်သိတဲ့ လူငယ်တစ်စုကနေပြီးတော့ ဗိုလ်မှူးဘရှင်က တစ်သက်လုံး စာဖတ်ခဲ့တယ်။ ပညာနဲ့လည်း တပ်မတော်ကိုအကျိုးပြုခဲ့တယ်။ မြန်မာနိုင်ငံမှာသာမက ကမ္ဘာကိုပါ ပညာနဲ့အကျိုးပြုခဲ့လို့ အယ်မာရီးယက်စ် ဘွဲ့ရခဲ့တယ်။ ဗိုလ်မှူးဘရှင်ကိုအားကျတယ်၊ ဗိုလ်မှူးဘရှင်ကို လေးစားတယ်ဆိုရင် ဗိုလ်မှူးဘရှင်ပြောသွားတဲ့ စကားတွေကို လိုက်နာတာဟာ စံပြအနေနဲ့ပြုလုပ်တာပဲ။ ဒီနေ့တာဝန်သိ လူတွေဟာ တော်တော်ကြိုးကြိုးစားစားနဲ့ လုပ်တော့ တစ်ခုပဲ စိုးရိမ်တယ်။ အစတော့ကောင်းပြီ အနှောင်းသေချာဖို့လိုပါတယ်။ အနှောင်းသေချာဖို့ ကလည်း တစ်ဦးကောင်းတစ်ယောက်ကောင်း လုပ်ဆောင်လို့မရတဲ့ အတွက် အလားတူ တာဝန်တိတဲ့ ပုဂ္ဂိုလ်တွေက ဝိုင်းဝန်း ကြိုးပမ်းပြီးတော့ ရာပြည့်အထိမ်းအမှတ် စာကြည့်တိုက်ဖွင့်ပွဲလို့တက်တဲ့ ရာပြည့်ဝေါဟာရကို ဒီစာတိုက်ကြီးလည်းရာပြည့်နိုင်အောင် တည်တံ့နိုင်အောင် ဝိုင်းဝန်း ကြိုးပမ်းကြပါ”လို့ ပြောကြားခဲ့ပါသည်။
    ဆက်လက်ပြီး ဆရာကြီးဗိုလ်မှူးဘရှင်၏ တပည့်များထဲမှ တစ်ဦးဖြစ်တဲ့ ဦးတင်ဦးက “ကျွန်တော်ဖြစ်စေချင်တဲ့ စာဖတ်ခန်းကတော့ လုပ်ပြီးသွားပြီ၊ နောက်ပြီး ဆရာ့ရဲ့ စာအုပ်တွေလည်း စဉ်ဆက်မပြတ် ထုတ်ဝေချင်ပါတယ်။ ဆရာရဲ့ နာမည်နဲ့ဖောင်ဒေးရှင်းတစ်ရပ်လည်း ထူထောင်ချင်ပါတယ်”လို့ သူရဲ့ ရည်ရွှယ်ချက်လေးတွေကို ပြောကြားခဲ့ပါသည်။
    ဆက်လက်ပြီး အဆိုပါ စာဖတ်ခန်းဖွင့်လှစ်ပွဲတွင် ဆရာကြီးရဲ့ ညီမအငယ်ဆုံးဖြစ်တဲ့ ဆရာမကြီး ဒေါ်ခင်ရွှေ (ပါမောက္ခ၊ သတ္တဗေဒ)က မိသားစု ကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အလှူငွေများပေးအပ်ခဲ့ရာ ၎င်းအလှူငွေကို ဦးကြည်လွင်က လက်ခံရယူခဲ့ပြီး စာဖတ်ခန်းဖွင့်ပွဲ အခမ်းအနားကို ရပ်နားခဲ့ပါသည်။
  • သမိုင်းပညာရှင် ဗိုလ်မှူးဘရှင် ရာပြည့် စာဖတ်ခန်းဖွင့်မည်

    သမိုင်းပညာရှင် ဗိုလ်မှူးဘရှင် ရာပြည့် စာဖတ်ခန်းဖွင့်မည်

    နိုဝင်ဘာ ၁၉၊ ၂၀၁၃
    M-Media
    ပြည့်ပြည့်

    DSCN1201

    ရန်ကုန်  ။         ။              ကမ္ဘာသိ မြန်မာ့သမိုင်းပညာရှင် ဗိုလ်မှူးဘရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ် ရာပြည့်စာဖတ်ခန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရပါသည်။

    လာမည့် ၂၀၁၄-ခုနှစ် ဒီဇင်ဘာလတွင် ကျရောက်မည့် ကမ္ဘာသိ မြန်မာ့သမိုင်းပညာရှင် ဗိုလ်မှူးဘရှင်၏ မွေးနေ့အား ဂုဏ်ပြုသည့်အနေဖြင့် ဗိုလ်မှူးဘရှင်၏ ဆွေမျိုးများနှင့် တပည့်များမှ ရာပြည့်စာဖတ်ခန်းကို ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။

    ရာပြည့်စာဖတ်ခန်းဖွင့်ပွဲအား ၂၀၁၃-ခု နိုဝင်ဘာလ ၁၀-ရက် (တနင်္ဂနွေနေ့) နံနက် ၈း၀၀-နာရီမှ ၁၀း၀၀-နာရီအထိ အမှတ်-၁၇၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး တက်ရောက်ချီးမြှင့်ပေးကြရန် ဖိတ်ကြားကြောင်းကိုလည်း သိရှိရပါသည်။

    DSCN1200

  • မွတ်စ်လင်မ် ကုသိုလ်ဖြစ် အခမဲ့ဆေးရုံသည် မြန်မာ့ ညီညွတ်သွေးစည်းခြင်း မျှော်လင့်ချက်တစ်ခု

    စက်တင်ဘာ၊ ၁၉
    M-Media
    သြရသရေချမ်း ဘာသာပြန်ဆိုသည်။

     

    ရန်ကုန်။        ။ မကြာသေးမှီက ဖြစ်ပေါ်ခဲ့သည့် ဘာသာရေး အကြမ်းဖက်မှုများကြောင့် တုန်လှုပ်ခဲ့ရသော မြန်မာနိုင်ငံ၌ မွတ်စ်လင်မ်တို့၏ ကုသိုလ်ဖြစ်အခမဲ့ဆေးရုံသည် ရာနှင့်ချီသော မွတ်စ်လင်မ်များ၊ ဗုဒ္ဓဘာသာဝင်များ နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအား ကျန်းမာရေးဝန်ဆောင်မှုပေးကာ လူထုကြား သဟဇာတဖြစ်မှုကို ထူးထူးခြားခြား ထိန်းသိမ်းထားလျက်ရှိသည်။

    “ကျွန်တော်ဟာ ခွဲစိတ်ဆရာဝန်တစ်ဦးပါ၊ ကျွန်တော့်တာဝန်ကတော့ လာရောက်တဲ့ ဝေဒနာသည်လူနာများကို ကုသပေးဖို့ပဲဖြစ်တယ်။ ဆင်းရဲသူပဲဖြစ်ဖြစ်၊ ချမ်းသာသူပဲဖြစ်ဖြစ်၊ ဘာသာခြားပဲဖြစ်ဖြစ် ကျွန်တော်တို့ဆေးရုံရဲ့မူဝါဒမှာ ခွဲခြားဆက်ဆံမှုဆိုတာ မရှိပါဘူး။ ” ဟု ရန်ကုန် မွတ်စ်လင်မ် အခမဲ့ ဆေးရုံရှိ ဒေါက်တာတင်မျိုးဝင်းက Agence France Presse (AFP) သို့ စက်တင်ဘာလ ၁၆ ရက်၊ တနင်္လာနေ့က ပြောကြားခဲ့သည်။ သူသည် ထိုဆေးရုံမှ တစ်ဦးတည်းသော ဗုဒ္ဓဘာသာဝင် ဌာနမှူးဆရာဝန် ဖြစ်သည်။

    Muslim Free Hospital Offers Hope in Burma

    သူသည် ရန်ကုန် မွတ်စ်လင်မ် အခမဲ့ဆေးရုံကို လှည့်လည်ပြသနေယင်း ထိုသို့ပြောဆိုခဲ့သည်။ ဤသည်မှာ ဘာသာရေး ထကြွမှုကြောင့် ခွဲခြားမှုကြီးထွားနေသောနိုင်ငံအတွင်းမှ ညီညွတ်သွေးစည်းခြင်း သင်္ကေတတစ်ခုအနေဖြင့် တည်ရှိနေပါသည်။

    ထိုဆေးရုံသည် မြန်မာနိုင်ငံအား ကိုလိုနီအင်္ဂလိပ်များလက်အောက်၌ရှိနေစဉ် ၁၉၃၇ ခုနှစ်ကတည်းက မွတ်စ်လင်မ်လူငယ်များ၏ စတင်ကြိုးပမ်းတည်ထောင် လည်ပတ်ခဲ့ခြင်း ဖြစ်သည်။

    နှစ်ကြာလာသည်နှင့်အမျှ ဆေးရုံအား တစ်ဖြည်းဖြည်းတိုးချဲ့လာနိုင်ခဲ့ပြီး၊ နေ့စဉ် လူနာ ၅၀၀ ကျော်မျှ လက်ခံကုသပေးနိုင်ခဲ့သည်။ ထိုအခွင့်အရေးသည် မြန်မာနိုင်ငံ အတွင်း အပြည့်အ၀ မပံ့ပိုးနိုင်သော ကျန်းမာရေးစံနစ်အောက်မှ ဆင်းရဲသူပြည်သူတိုင်းအတွက် ကုသရေးဝန်ဆောင်မှုပေးလျက်ရှိသည်။
    ယခုအခါ ဆေးရုံ၌ ခွဲစိတ်မှုဌာန၊ သားဖွား မီးယပ်ဌာန၊ မျက်စေ့ဌာန နှင့် စိတ်ကျန်းမာရေးဌာန စသည်တို့ကိုပါ တိုးချဲ့ဖွင့်လှစ်ထားနိုင်ပြီဖြစ်သည်။ မတတ်စွမ်းနိုင်လွန်းသူများအတွက်တော့ မည်သည့် အခကြေးငွေ မယူဘဲ ကုသပေးကာ တတ်စွမ်းနိုင်သူအတွက်လည်း စရိတ်စက သက်သာစွာဖြင့် ဆောင်ရွက်ပေးနေကြောင်း သိရသည်။

    လူသိများထင်ရှားသော နိုင်ငံရေးအကျဉ်းသားဟောင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပင်တိုင်ကျန်းမာရေး ဆရာဝန်အဖြစ် နှစ်ပေါင်း များစွာဆောင်ရွက်သူ ဒေါက်တာ မျိုးဝင်းက ဆေးရုံတွင် သူအမှုထမ်းခဲ့သော ၂၁ နှစ် ကာလတစ်လျှောက်၌ ဘုန်းတော်ကြီး အမြောက်အများကို ဆေးကုသပေးခဲ့ရသည် ဟု ဆိုသည်။

    မိမိတို့၏၀င်ငွေမှ ၁၀ %ကို ဇကာ့သ်အဖြစ် လှူဒါန်းအသုံးပြုကြရသည့် မွတ်စ်လင်မ်များ၏ဓလေ့ထုံးတမ်းကြောင့် ဆေးရုံ၏ အဓိကရပ်တည်မှုငွေပင်ငွေရင်း တည်တံ့နေခဲ့ခြင်းဖြစ်သည် ဟု တခုတ်တရဆိုခဲ့သည်။

    မွတ်စ်လင်မ်တို့၏လှူဒါန်းမှုများမှ တည်ဆောက်ထားသောဆေးရုံသည် လတ်တစ်လော ဘာသာရေးအကြမ်းဖက်မှုကြောင့် မတည်ငြိမ်မှုခံစားနေရသော လူစုများကြား ပြန်လည်သင့်မြတ်ရေး၏ မီးရှူးတန်ဆောင်တစ်ခုဖြစ်နေခဲ့၏။

    ဘာသာရေးကိစ္စများကြောင့် နိုင်ငံအတွင်း တင်းမာမှုများဖြစ်ပေါ်ခဲ့ရာ လူ အယောက် ၂၅၀ နီးပါး- အထူးသဖြင့် မွတ်စ်လင်မ်များ သတ်ဖြတ်ခံခဲ့ရပြီး၊ လူ ၁၄၀,၀၀၀ ကျော် အိမ်ရာမဲ့ဖြစ်ခဲ့ရသည်။ ဆေးရုံသို့လာရောက်သော လူမျိုးဘာသာယဉ်ကျေးမှုစုံ ရန်ကုန်မြို့လယ်မှ လူနာများက မတူကွဲပြားခြား နားချက်များကို ဘေးဖယ်စွန့်လွှတ်သင့်သည်ဟု ပြောကြားကြသည်။

    အသက် ၅၇ နှစ်အရွယ် ဖခင်အား အူကျရောဂါ ခွဲစိတ်ရန် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ ခေါ်ဆောင်ရောက်ရှိလာသူ ဗုဒ္ဓဘာသာဝင် မတင်တင်ခိုင်က “ ဒါမျိုးကို ကျွန်မ မစဉ်းစားပါဘူး။ တစ်ချိန်က မွတ်စ်လင်မ်တွေနဲ့ အလုပ်အတူတူလုပ်ဖူးသလို သူတို့နဲ့လည်း ရင်းရင်းနှီးနှီးခင်ခင်မင်မင်ရှိနေပါတယ် ” ဟု ဆိုသည်။

    ခိုကိုးအားထားရာ

    ဆေးရုံသည် မတူညီသော လူမျိုးဘာသာပေါင်းစုံကို ကာလရှည်တစ်လျှောက်လက်ခံနေခဲ့ပြီး၊ သွားစရာနေစရာမရှိသည့် လူအများ၏ခိုကိုးရာဌာနလေးတစ်ခုအဖြစ် ရပ်တည်နေမှုကို ဒေါက်တာမျိုးဝင်း က ချီးမွှမ်းပြောဆိုခဲ့သည်။

    “ ငွေရေးကြေးရေး ပြဿနာများကြောင့် သက်သက်သာမဟုတ်ပဲ၊ သူတို့က ကျွန်တော့်အပေါ်ထားရှိတဲ့ ယုံကြည်မှုတစ်ခုကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ လူနာ နှင့် ဆရာဝန်ကြားမှာ အပြန်အလှန်နားလည်မှု ရှိကြတယ်။ အစားအသောက် နဲ့ ကျန်းမာရေးအတွက် ဘယ်လိုခံစားခဲ့ရတယ် ဆိုတာကို ထောင်ထဲမှာနေဖူးတဲ့သူတွေပဲ သိကြမယ်။ အထဲကအခြေအနေက အလွန်ကို ဆိုးရွားပါတယ် ” ဟု အသက် ၄၄ နှစ်အရွယ် ဒေါက်တာ ကဆိုသည်။

    အာဏာရှင်လက်အောက်တွင် ဆယ်စုနှစ်များစွာနေထိုင်ခဲ့ရစဉ်က မြန်မာအာဏာပိုင်တို့သည် လှုပ်ရှားတက်ကကြွသူ ရာပေါင်းများစွာကို ထောင်သွင်းအကျဉ်းချခဲ့သည်။ အထူးသဖြင့် ၁၉၈၈ ခုနှစ် နှင့် ၂၀၀၇ ခုနှစ် အစိုးရ ဆန့်ကျင်ရေး လုပ်ဆောင်ခဲ့သူများ ပင်ဖြစ်သည်။ နိုင်ငံရေး အကျဉ်းသားများသည် သေကောင်ပေါင်းလဲ အခြေအနေများဖြင့် မကြာခဏကြုံတွေ့ခဲ့ရသည်။ မိသားစုများနှင့် တွေ့ခွင့်မရှိသလို၊ နှိပ်စက်မှုများကို ကြမ်းတမ်းစွာ ခံစားရပြီး ကျန်းမာရေး ဂရုစိုက်ကုသမှုကိုလည်း ပြည့်ပြည့်၀၀ မရရှိခဲ့ပေ။ ထောင်မှလွတ်လာသူများစွာတို့သည် ကိုယ်ခန္ဓာ နှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အားနည်းလျက်ရှိကြပြီး ဆေးရုံကြီးများတွင်လည်း ဆေးကုသရန် မတတ်စွမ်းနိုင်ကြပေ။ ထို့အတူ ထောင်ထွက်ဖြစ်၍ လိုလိုလားလား မရှိတတ်ကြ ဟု တင်မျိုးဝင်းက ဆိုပါသည်။

    ဒေါက်တာသည် ၁၉၈၈ ခုနှစ်က ကျောင်းသားများဦးဆောင်သည့် အရေးအခင်းပြီးနောက် ဒေါ်စုကြည်၏ အတိုက်အခံပြုလုပ်ချိန် ထောင်ဒဏ် သုံးနှစ် ကျခံခဲ့ရသည်။ သူ လွတ်မြောက်လာသောအခါ မွတ်စ်လင်မ်ဆေးရုံတွင်တာဝန်ထမ်းဆောင်ရန် ဆုံးဖြတ်ခဲ့ပြီး၊ အထိန်းသိမ်းခံခဲ့ရသော လှုပ်ရှားသူများအား အထူးကုသပေးခဲ့သည်။

    ၂၀၁၁ ခုနှစ်တွင် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် အကျဉ်းသားဟောင်းများအား နိုင်ငံပိုင်ဆေးရုံများမှ ပစ်ပယ်ထားခြင်း မရှိတော့ပေ။ သို့သော်လည်း အချို့သစ္စာခံများကတော့ ပစ်ပယ်မှုကို ဆက်လက်ကျင့်သုံးနေဆဲပင်ဖြစ်သည်။

    “ ဒေါက်တာဟာ ကျွန်တော့်မိသားစုဝင် တစ်ယောက်လိုပါပဲ။ ကျွန်တော်တို့ သူ့ကိုယုံကြည်တယ်၊ ဒါကြောင့် ကျွန်တော်တို့ လွတ်မြောက်တာနဲ့ သူရှိရာ ဆေးရုံကို သွားခဲ့ကြတယ် ” ဟု ၅ ကြိမ် ၅ ခါ အကျဉ်းစံဖူးသူ နိုင်ငံရေး သမားတစ်ဦး နှင့် လက်ရှိတွင် ဒေါ်စုကြည်၏ဝေယျာဝစ္စများကို ကူညီပေးနေသူ ကျော်စိုးနိုင်က ပြောပြသည်။

    မွတ်စ်လင်မ်ဆေးရုံသည် ယခုထက်ပိုမို အောင်မြင်တည်တံ့သွားနိုင်ပါစေ၊ ၄င်းအပြင် ကျန်းမာရေးဌာနများသည်လည်း ၄င်းကို စံနမူနာပြု လုပ်ဆောင်နိုင်ပါစေဟု မျှော်လင့်ကြောင်း ဒေါက်တာ ပြောကြားသည်။

    “ လူထုဟာ ဘယ်ဘာဘာသာပဲ ယုံကြည်ကိုးကွယ်သည်ဖြစ်စေ မကျန်မာတဲ့အခါမှာတော့ သူတို့မှာ တန်းတူဆေးကုသမှု ခံယူခွင့်ရှိပါတယ်။ အလားတူဆေးရုံမျိုးတွေ အမြောက်အများပေါ်ပေါက်လာစေချင်တယ် ” ဟု သူက ဆက်လက်ရင်ဖွင့်ခဲ့သည်။

    ဓါတ်ပုံများကြည့်လိုလျှင် http://goo.gl/wWjJHI
    OnIslam ဆိုဒ်တွင်ဖော်ပြထားသော Free Muslim Hospital Offers Hope in Burma ဆောင်းပါးကို သြရသရေချမ်း မြန်မာပြန်ဆိုပါသည်။

    ဆက်စပ်ပိုစ်များ ဖတ်လိုလျှင်

    ၁။ လူမျိုး၊ဘာသာမခွဲ ကုသပေးနေတဲ့ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံ ၇၆ နှစ်ပြည့်တော့မည်။
    ၂။ ကျောက်တံတားမြို့နယ်ရှိ မွတ်စ်လင်မ် ကုသိုလ်ဖြစ်ဆေးရုံ