News @ M-Media
Tag: myanmarmuslim
  • မြန်မာမွတ်စလင်မ်များ၏ အခက်အခဲများ ဖြေရှင်းရန် အဖြေရှာမည့် အလုပ်ရုံ ဆွေးနွေးပွဲ မလေးရှားတွင် ကျင်းပမည်။
    ဇွန်-၁၇၊ ၂၀၁၃
    M-Media
    International Institute of Advanced Islamic Studies (IAIS) မှဦးစီးပြီး မလေးရှားတွင် “Plight of Muslims in Burma in the 21st century: An initiative for solution & the way forward” ခေါင်းစဉ်ဖြင့် ဖိုရမ် ဆွေးနွေးပွဲပြုလုပ်မည်။
    IAIS
    မလေးရှားနိုင်ငံ International Institute of Advanced Islamic Studies (IAIS) တွင် လာမည့် ဇွန်လ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့တွင် “၂၁ ရာစု မြန်မာမွတ်စလင်များ၏ အခက်အခဲများ – ကနဦးအဖြေရှာခြင်းနည်းလမ်းနှင့် လျောက်လှမ်းရမည့်လမ်း” ဟူသော အမည်ဖြင့် ဖိုရမ်အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ကျင်းပမည်ဖြစ်ကြောင်းကို IAIS ၀က်ဘ်ဆိုက်တွင် ဖော်ပြထားပါသည်။
    အဆိုပါဆွေးနွေးပွဲတွင် မလေးဝန်ကြီးချုပ်ဟောင်း အဟ်မဒ်ဘာဒါဝီမှ အဖွင့်မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း သိရသည်။ အခမ်းအနားမိတ်ဆက်အနေဖြင့် ဖော်ပြထားချက်အကျဉ်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
    “မြန်မာပြည်ရှိ မွတ်စလင်များမှာ လူမျိုးတုန်းသတ်ဖြတ်မှု၊ လူမျိုးပပျောက်ရေး လှုပ်ရှားမှု၊ ဘာသာရေးနှိပ်ကွပ်မှု၊ အဓမ္မမောင်းထုတ်မှုနှင့် ဘိုးဘွားတို့လက်ထက် ကတည်းက နေထိုင်လာသည့်မြေမှ ဆက်လက်နေထိုင်ခွင့် ပိတ်ပင်ခံရမှု စသည်များနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း၊ ရာပေါင်းများစွာမှာ အန္တရာယ်နှင့်ရင်ဆိုင်နေရကြောင်း၊ မွတ်စလင်ထောင်ပေါင်းများစွာမှာလည်း အစွန်းရောက်ဗုဒ္ဓဘာသာများနှင့် စစ်အာဏာပိုင်များ၏ ပြဿနာရှာမှုများကို ရင်ဆိုင်နေရကြောင်း၊ ထို့ကြောင့် ၄င်းတို့၏လုံခြုံရေးမှာ အလွန်အရေးကြီးသည်နှင့်အမျှ ထိရောက်သည့် ပြောဆိုမှုများ၊ လှုပ်ရှားဆောင်ရွက်မှုများသည်လည်း အလွန်လိုအပ်လျက်ရှိကြောင်း” ဖော်ပြထားပါသည်။
    ဖိုရမ်အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များအဖြစ်
    ၁) လူမျိုးရေးအဓိကရုဏ်းများ၊ ခွဲခြားဆက်ဆံမှုများ၊ နေရာရွှေ့ပြောင်းခံရမှုများ၊ အဓမ္မနှင်ထုတ်ခံရမှုများနှင့် မြန်မာမွတ်စလင်များနှင့် စပ်လျဉ်းပြီး လိုက်လျောညီထွေ သဟဇာတဖြစ်ခြင်းကို ဆန့်ကျင်ဘက်ပြုလုပ်နေမှုများ အားလုံးကို ဂရုဓမ္မပြုရန်
    ၂) တိမ်းရှောင်နေရသူများအတွက် ပိုမိုကောင်းမွန်သည့် ပတ်ဝန်းကျင်ဖန်ဆီးပေးရန်။ ၄င်းတို့အား လူမျိုးတုန်းသတ်ဖြတ်မှု၏ ဓားစာခံအဖြစ် ခံရခဲ့ရမှု၊ အရှက်တကွဲအကျိုးနည်းစေဖို့ အတွက် သားကောင်များအဖြစ် ခံစားခဲ့ရမှုများအား ကုစားဖို့အတွက် ကိုယ်ချင်းစာနာစိတ်ဖြင့် ကုစားပေးရန်။
    ၃) မြန်မာအာဏာပိုင်များအား မွတ်စလင်ဆန့်ကျင်လှုပ်ရှားမှုများအတွက် မှားယွင်းစွာကိုင်တွယ်ခြင်းမျိုးမရှိစေရန်အတွက် ထိရောက်သည့် ဖိအားတစ်ရပ်ဖြစ်စေရန်။ မြန်မာအာဏာပိုင်များအနေဖြင့် နိုင်ငံသားအခွင့်အရေးနှင့် လူသားဖြစ်ခြင်းအခွင့်အရေးများကို လေးစားလိုက်နာဖို့ ထိရောက်သည့် ဖိအားတစ်ရပ် ဖြစ်ပေါ်လာစေရန်။
    မော်ဒရေတာအဖြစ် တွဲဖက်ပါမောက္ခ ဒေါက်တာ မုဟမ္မဒ် အာဇမ်း မုဟမ္မဒ် အဒီးလ် Deputy CEO, IAIS Malaysia က ဆောင်ရွက်မည်ဖြစ်သည်။
    တက်ရောက် ဆွေးနွေးကြမည့် စပီကာများမှာ အောက်ပါအတိုင်းဖြစ်သည်။
    1. Dr. Chandra Muzaffar, President, International Movement For A Just World (JUST)
    2. Dr. Maung Zarni, Fellow, Department Of History, Faculty Of Arts & Social Sciences, University Of Malaya
    3. Mr. Mohammad Sadek, Program Coordinator, Rohingya Arakanese Refugee Committee (RARC)
    4. Mr. Saw Clo Say, Special Advisor, Burma Muslim Community
    5. Mr. Mohamad Raimi Bin Ab Rahim, Secretary General, Muslim Youth Movement Of Malaysia (ABIM)
    ဖိုရမ်သို့ တက်ရောက်လိုသူများ ဤနေရာတွင် Register လုပ်နိုင်ကြောင်း သိရှိရပါသည်။
  • မွတ်စလင်မ်နိုင်ငံများမှ မြန်မာနိုင်ငံအား စီးပွားရေးအရ သပိတ်မှောက်ရန် ကမ္ဘာကျော် အလ်အဇ်ဟရ်တက္ကသိုလ် အကြီးအကဲပြော
    ဇွန်-၁၆၊၂၀၁၃
    M-Media
    ကိုင်ရို ၊ အီဂျစ်။       ။ IINA ၏ တင်ပြချက်များအရ မြန်မာနိုင်ငံ မွတ်စ်လင်မ်များအပေါ် ထပ်မံကျူးလွန်သည့်ပြစ်မှုများကို ကာကွယ် တားဆီးရန်အတွက် လက်တွေ့ကျသော အဆင့်များ စတင်ပြုလုပ်သင့်ပြီဟု အလ်အဇ်ဟရ် တက္ကသိုလ် အကြီးအမှူးက ပြောဆိုလိုက်သည်။
    Ahmed Al-Tayyeb
    အလ်အဇ်ဟရ် အကြီးအမှူး ရှိုင်းခ် အဟ်မဒ် အလ်သွိုင်ယစ်ဗ် နှင့် အီဂျစ်သမ္မတ မော်စီ
    မြန်မာအစိုးရ၏ အုပ်ချုပ်ပုံအပေါ် ဖိအားပေးရမည့် တစ်ခုတည်းသော နည်းလမ်းမှာ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ပင်ကန့်သတ်ခြင်းဖြစ်ကြောင်း၊ ဤသည်နှင့်စပ်လျဉ်း၍ ကမ္ဘာတစ်ဝှန်းမှ မွတ်စ်လင်မ်ပညာရှင်များ ညီညွတ်သွေးစည်းရန် လိုအပ်ကြောင်း၊ မွတ်စ်လင်မ်လူ့ဘောင်အဖွဲ့အစည်း၏ လွတ်မြောက်မှုမှာ ညီညွတ်မှု အရှိန်မြှင့်တင်ခြင်း နှင့် သဘောကွဲလွဲနေမှုများမှ ရှောင်ကြဉ်ခြင်း၌ တည်မှီနေကြောင်း အလေးအနက်ထား ပြောဆိုခဲ့သည်။
    အလ်သွိုင်ယစ်ဗ်ကိုယ်တိုင်လည်း  မြန်မာမွတ်စ်လင်မ်တို့၏အနေအထားကို လေ့လာအကဲဖြတ်ရန် မြန်မာနိုင်ငံသို့ များမကြာမီလာရောက်ဖို့ပြင်ဆင်ထားကြောင်း သတင်းများအရ သိရသည်။
    Ref:Ahlul Bayt News Agency
  • ရမည်းသင်း ရွာတန်းရွာတွင် မီးရှို့ဖျက်ဆီးခံ ခဲ့ရသူ ဒုက္ခသည် တစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်
    ဧပြီလ ၂၂၊ ၂၀၁၃
    M-Media
    မေးမြန်းသူ- ကျောက်ခဲ
    ရမည်းသင်း ။      ။      ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာတွင် ဗလီနှင့် မွတ်စလင်မ်အိမ်များအား မီးရှို့ဖျက်ဆီးခံခဲ့ရမှု၏ ဒုက္ခသည်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းခိုက် ရွာတန်းကျေးရွာ အဖြစ်အပျက်များရဲ့ ကိုယ်တိုင် အတွေ့အကြုံကို အဆိုပါ ဒုက္ခသည်မှ M-Media ကို ပြောပြလာပါတယ်။
    “ရမည်းသင်းမြို့နှင့် ၈-မိုင်ခန့်အကွာရှိရွာတန်းကျေးရွာအုပ်စု ရွာတန်းကျေးရွာရှိ ဈေးကုန်းဗလီ နှင့် မွတ်စလင်မ်အိမ်များအား ၂၃-၃-၂၀၁၂ ည ၇း၃၀ ကျော် ၈း၀၀ နာရီ ၀န်းကျင်ခန့်မှာ အစွန်းရောက် အကြမ်းဖက်သမားများမှဝင်ရောက် မီးရှို့ဖျက်ဆီး လုယက်ခြင်းခံခဲ့ရပါတယ်။”
    1
    “ရွာတန်းမှာ အရင်က ဘာပြဿနာမှကို မဖြစ်ခဲ့ဖူးဘူး။ ရွာထဲမှာနေတဲ့သူ အားလုံးက ဘာသာမတူပေမယ့် ချစ်ခင်စည်းလုံးကြတယ်။ ဟိုးအရင် ဘိုးဘွား လက်ထက်ကတည်းက အတူတူနေလာခဲ့တာ။ ဆွေမျိုးတွေလဲတော်စပ်နေကြတယ်။ ရွာကလူတွေအများစုက ခြံလုပ်တဲ့ စပျစ်ခြံ စိုက်သမားတွေ၊ မွေးမြူရေးလုပ်တာနည်းနည်းရှိတယ်။
    မိထ္ထီလာမှာဖြစ်တယ်ကြားတော့ အဲဒီ မတ်လ ၂၃ရက် မနက်မှာပဲ လူကြီးတွေက ရွာထဲမှာ ဘာမှမဖြစ်အောင် အားလုံးအတူတူ ၀ိုင်းဝန်းစောင့်ရှောက်ဖို့ ပြောဆိုဆွေးနွေးခဲ့ကျတယ်။ ညဘက်ရောက်တော့ အကြမ်းဖက်သမားတွေရောက်လာခဲ့တာ။”
    “အခုလို ဖြစ်သွားတာက တစ်ဖက်သတ် အကြမ်းဖက်ခံရခြင်း သက်သက်ပဲ။ လူများစုက လူနည်းစုကို မတရား ၀ိုင်းအနိုင်ကျင့်ပြီး ဖျက်ဆီး လုယက်ခဲ့တာ။ ရွာတန်းအုပ်စုမှာက (၂၄)ရွာလောက်ရှိတယ်ဆိုတော့ အကြမ်းဖက်သမားတွေက ဒီနားက ရွာတွေကပါတာများပါတယ်။ ဆိုင်ကယ်တွေ ကားတွေနဲ့လာကျတယ်။ ရွာထဲရောက်တော့ သူတို့အုပ်စုက ဈေးကုန်းမှာရှိတဲ့  မွတ်စလင်မ်အိမ်တွေကို အရင်ဝိုင်းလိုက်တယ်။ အိမ်ထဲမှာရှိတဲ့ လူတွေ အကုန်ကို ထွက်ပေးဖို့ အော်ဟစ်ပြောဆိုတယ်။ အဲဒီအချိန်မှာ ကျွှန်တော်တို့ကို အိမ်နီးချင်းတွေက ၀ိုင်းအော်ပြီး သတိပေးကြတယ် ‘လာပြီ … လာပြီ’ ဆိုပြီးတော့ပေါ့။ အဲဒါနဲ့ ကျွန်တော်လည်း အိမ်ထဲကနေ အပြင်ထွက်ကြည့်လိုက်တာ နည်းတဲ့လူအုပ်ကြီးမဟုတ်ဘူးဗျာ။ တုတ်တွေ ဓါးတွေ သံပိုက်လိုမျိုးတွေ ကိုင်ထားကျတယ်။   လူတစ်ထောင်လောက်တော့ရှိမလားမပြောတတ်ဘူး ။ ညဖြစ်နေတော့ အရမ်းများတယ်ဆိုတာတော့ သိလိုက်တယ်။ ဒီလောက်များတဲ့လူအုပ်ကြီးမျိုးကို ဒီရွာမှာနေလာတဲ့ သက်တမ်းတလျှောက် တခါမှမတွေ့ခဲ့ဖူးဘူး။
    4
    နောက် အဲဒီလူအုပ်တွေက ဈေးကုန်းမှာရှိတဲ့ အိမ်တွေဆီက ပစ္စည်းတွေယူပြီး အရင်ဆုံးဖျက်ဆီးတယ်။ နောက်တော့ ဓါတ်ဆီတွေလောင်းပြီး မီးရှို့ဖို့လုပ်တယ်။ အဲဒီမှာ ဈေးကုန်းမှာရှိတဲ့ မွတ်စလင်မ်အိမ်တွေက ဈေးနဲ့ကပ်လျက်ဖြစ်နေတော့ ပတ်ဝန်းကျင်မှာနေတဲ့ ဗုဒ္ဒဘာသာဝင်တွေက အဲဒီမွတ်စလင်မ်အိမ်တွေကို မီးမရှို့ဖို့ ဈေးကြီးတခုလုံး မီးကူးသွားမှာစိုးရိမ်လို့ အကြမ်းဖက်သမားတွေကို ၀ိုင်းဝန်းတောင်းပန်တော့မှ နောက်ဆုံး ပစ္စည်းတွေ စိတ်ကြိုက်ယူပြီး အိမ်တွေကိုပဲ ဖျက်ဆီးခဲ့ကျတာ။ ဒါပေမယ့် ဈေးနားကလွဲပြီး အောက်ဖက်မှာရှိတဲ့ ဗလီ၊ စာသင်ကျောင်းနဲ့ ကျန်တဲ့ မွတ်စလင်မ်အိမ်တွေအားလုံးကိုတော့ တစ်အိမ် မကျန် ပြာပုံဖြစ်တဲ့အထိ မီးရှို့ခဲ့တယ်။ ဗလီနဲ့စာသင်ကျောင်းက အထက်တန်းကျောင်းနဲ့ ကပ်လျက်ပဲ၊ ဗလီနဲ့ စာသင်ကျောင်းကတော့ မီးထဲပါသွားတယ်။ နောက် တချို့ဗုဒ္ဓဘာသာဝင်တွေအိမ်လဲ မီးထဲပါသွားတယ်။ မီးရှို့ အကြမ်းဖက်တဲ့အဖွဲ့က လုံးဝ စိတ်အေးလက်အေးပုံစံနဲ့ကို စိတ်ကြိုက် လုယက် ဖျက်ဆီး မီးရှို့ခဲ့တာဗျာ။ မွတ်စလင်မ်အိမ်တွေထဲက ပစ္စည်းတွေထုတ်ပြီး အရင်ဆုံးယူတယ်။
    နောက် တအိမ်ပြီး တအိမ်ကို အုပ်စုလိုက် ၀ိုင်းပြီးမီးရှို့ခဲ့တာအခုမြင်ရတဲ့အတိုင်း ပြာပုံနဲ့ မီးလောင်သွပ်ပုံပဲကျန်တော့တာ။ တားဆီးမယ့်သူလည်း လုံးလုံး မရှိဘူး။ အဲဒီ အကြမ်းဖက်အဖွဲ့ထဲမှာတော့ ရွာခံက(၁၀)ယောက်လောက်ပါတယ်။ အခုတော့ သူတို့ကို ဖမ်းထားတယ်ပေါ့ဗျာ။ အားလုံးကုန်ပြီး ပြာပုံဖြစ်၊ ဘာပစ္စည်းမှလည်း  မကျန်တော့မှ ဖမ်းတယ်ဆိုတော့လညှ်း ဘာလုပ်လို့ရတော့မှာလဲဗျာ။ အကြမ်းဖက်မှုကို ဦးဆောင်ခဲ့တဲ့လူတွေထဲက အခုထိ အဖမ်းမခံရပဲ လွတ်နေတာလဲ ရှိနေပါသေးတယ်။
    7
    ဘာကြောင့် မဖမ်းပဲ ဒီလို လွတ်ပေးထားလဲဆိုတာတော့ မသိဘူးဗျာ” လို့ပြောပြခဲ့ပါတယ်။
    အစွန်းရောက်  အကြမ်းဖက် သမားများမှ အကြမ်းဖက်မှုကျူးလွန်နေချိန်မှာတော့ အကြမ်းဖက်မှုအန္တရာယ်မှ ဘေးလွတ်ရာကို ရှောင်ရှားခဲ့ရပုံကိုလည်း ဆက်ပြီး ပြောပြလာပါတယ်။
    “အဲဒီအချိန်မှာ မွတ်စလင်မ် မိသားစုတွေ အားလုံးကတော့ ထွက်ပြေးကြရတာပေါ့။ ရွာတန်းရဲ့ အနောက်ဖက်မှာရှိတဲ့ စပျစ်ခြံတွေဖက် ပြေးသူကပြေး တခြားလွတ်ရာတွေပြေးကျရတယ်။ ပြေးရင်းနဲ့ အထုတ်အပိုး တစ်နိုင်လေးသယ်ပြေးတာမြင်ရင် လူ ၂၀-ကျော်လောက်က နောက်ကနေလိုက်ပြီး လုတယ်။ နောက်ဆုံး ဘာမှ မသယ်နိုင်ပဲ အထုတ်တွေပြစ်ချပြီး အ၀တ်အထည် ကိုယ်တခုနဲ့ကိုယ်လွတ်ရုန်းပြီးပြေးခဲ့ရတာ။ တချို့ကလေးငယ်လေးတွေနဲ့ အသက်ကြီးပိုင်းတွေတော့ ပြေးရင်းနဲ့ ညဖက်ဆိုတော့ ဘာမှ ကောင်းကောင်းလည်းမမြင်ရ၊ ဓါတ်မီးတောင်မယူနိုင်ပဲ ပြေးရတာဆိုတော့ ဆူးချုံတွေထဲ ၀င်တိုးမိတာ၊ ခလုတ်တိုက်လဲကျ လို့ ပွန်းပဲ့ဒဏ်ရာရတာတော့ရှိပါတယ်။ တချို့လည်း အခြားနေရာတွေမှာ တိမ်းရှောင်နေခဲ့လို့ လူတွေတော့ ဘာမှမဖြစ်သွားပါဘူး။ တစ်ချို့ကိုတော့ ရွာထဲက အိမ်နီးချင်း ဗုဒ္ဓဘာသာဝင်တွေက သူတို့အိမ်မှာခေါ်ပြီး လုံခြုံအောင် စောင့်ရှောက်ထားပေးပါတယ်။  မိသားစုတစ်ချို့ကို ကူညီစောင့်ရှောက်ပေးတဲ့ရွာထဲက ဗုဒ္ဓဘာသာဝင်တွေကို တကယ် ကျေးဇူးတင်ဖို့ကောင်းပါတယ်။
    ကျွန်တော်တို့ကတော့ သစ်ပင်တွေပေါ်တက်ပုန်းနေရတော့ သစ်ပင်ပေါ်ကနေမြင်ရလို့ ရွာထဲမှာ ည ၁၁-ကျော်မှာ အိမ်တွေအားလုံး မီးလောင်ကုန်ပြီဆိုတာ သိလိုက်တယ်။
    ရမည်းသင်းက မီးသတ်ကားလာတာတော့ရှိပေမယ့် မီးသတ်ရောက်တဲ့အချိန် အိမ်တွေက မီးလောင်ကုန်ပြီပေါ့။ မီးရှို့တဲ့သူတွေက အိမ်တွေမီးရှို့ပြီး ပုန်းနေတဲ့ လူတွေကို စပျစ်ခြံဖက်တွေမှာ ဆိုင်ကယ်တွေနဲ့ အုပ်စုဖွဲ့ပြီးလိုက်ရှာနေသေးတော့ ဘယ်သူမှ မအိပ်ရဲဘူး အိပ်လို့လဲမရဘူးလေ။ မနက် ၃နာရီလောက် စစ်တပ်ရောက်လာတော့မယ်ဆိုမှ အဲဒီအကြမ်းဖက်သမားတွေက ထွက်သွားကြတာ။ ကျွန်တော်တို့လည်း မနက်မိုးလင်းမှ စစ်တပ်ရောက်လာပြီးမှ လုံခြုံရေးရှိပြီဆိုမှ ပုန်းနေတဲ့နေရာကနေထွက်လာရဲတာ ”လို့ M-Media ကို ပြောပြပါတယ်။
    ရမည်းသင်း မြို့နယ် ရွာတန်းအုပ်စု ရွာတန်းကျေးရွာကို အစွန်းရောက်အကြမ်းဖက်သမားများ ၂၃-၃-၂၀၁၂ ရက်နေ့မှာ မီးရှို့ဖျက်ဆီးမှုကြောင့် ရွာတန်းကျေးရွာရှိ ဈေးကုန်းဗလီ၊ ဘာသာရေးစာသင်ကျောင်းနှင့် မွတ်စလင်မ်အိမ်ခြေ (၅၂)အိမ် ဗုဒ္ဒဘာသာ(၃)အိမ်ခန့် မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ရပါတယ်။
    ယခုအခါမှာတော့ အကြမ်းဖက်မှုကြောင့် နေအိမ်များပျက်စီးဆုံးရှုံးသွားရတဲ့ ဒုက္ခသည်များကို ရွာတန်း အထက်တန်းကျောင်းမှာ ကယ်ဆယ်ရေးစခန်းဖွင့်ပြီး ယာယီနေထိုင်ဖို့ သက်ဆိုင်ရာက စီစဉ်ပေးထားပြီး ဒုက္ခသည်(၁၆၅)ဦးခန့်ရှိပါတယ်။ ရမည်းသင်းမြို့ပေါ်ရှိ အစ္စလာမ်ဘာသာရေးအဖွဲ့ဝင်များ၊ ရွာတန်းကျေးရွာရှိ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ဦးဆောင်လျှက် ရွာတန်းရှိ ဒုက္ခသည်များ စားဝတ်နေရေး အဆင်ပြေစေရန် လိုအပ်ချက်များစီစဉ်ပေးလျှက်ရှိကြောင်း၊ ရန်ကုန်၊ မန္တလေး၊ ပျော်ဘွယ်၊ တောင်ကြီး နှင့် အခြားမြို့များမှ စေတနာရှင်များ အသင်းအဖွဲ့များမှလည်း စေတနာထက်သန်စွာ လာရောက်လှူဒါန်းလျှက်ရှိကြောင်းလည်း သိရှိရပါတယ်။
  • ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ခရီးစဉ်မှ လူနည်းစု မြန်မာမွတ်စလင်များ အရေး ပြောကြားချက်
    ဧပြီ-၁၈ -၂၀၁၃
    ရိုက်တာ
    Myanmar's pro-democracy leader Suu Kyi delivers a speech during a meeting with a group of Myanmar citizens residing in Japan, in Tokyo
    မြန်မာနိုင်ငံ၏ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် မိမိနိုင်ငံတွင်းရှိ လူနည်းစုမွတ်စ်လင်မ်တို့၏အခြေအနေမှာ ၀မ်းနည်းဖွယ်ဖြစ်နေကြောင်း၊ ယင်းလူ့အဖွဲ့အစည်းအား လုံခြုံမှုရရှိစေရန်လိုအပ်ကြောင်း ပြောကြားလိုက်သည်။
    လွန်ခဲ့သောလအတွင်း ဗုဒ္ဓဘာသာဝင် အများစုနေထိုင်သည့် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့ရာ ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ အလုပ်လက်မဲ့ဖြစ်သွားခဲ့ရသည်။ ဒုက္ခသည်များတွင် မွတ်စ်လင်မ်က အများစုဖြစ်သည်။ ၄င်းအကြမ်းဖက်မှုများသည် နိုင်ငံ၏အလယ်ပိုင်းဒေသ တစ်လျှောက် ပျံ့နှံ့သွားခဲ့သည်။
    ဗုဒ္ဓဘာသာဝင်ပီသ၍ အကြမ်းဖက်မှုကို လက်မခံသော ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဤတင်းမာမှုများအပေါ် နှုတ်ဆိတ်နေခဲ့သော်လည်း၊ ဂျပန်နိုင်ငံသို့အလည်အပတ် သွားရောက်စဉ် သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ အောက်ပါကဲ့သို့ ပြောဆိုလိုက်ပါသည်။
    “ မကြာသေးခင်ကပဲ မွတ်စ်လင်မ်ခေါင်းဆောင်တစ်ချို့နဲ့ ကျွန်မ တွေ့ဆုံလာခဲ့ပါတယ်။ သူတို့ဟာ မြန်မာကလွဲပြီး တခြားနိုင်ငံကို မရောက်ဖူးကြပါဘူး။ မြန်မာကလွဲပြီး တခြားဘယ်နေရာကိုမှ အမိမြေအဖြစ် မခံယူကြပါဘူး။ သူတို့ကို ကျွန်မတို့ရဲ့နိုင်ငံသားမဟုတ်သလို အထင်ရောက်သွားအောင် ဖန်တီးနေတာက တကယ်စိတ်မကောင်းစရာပါ။ ဒီအနေအထားမျိုးက တကယ်ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်စဉ်ပါ။ ကျွန်မတို့အနေနဲ့ ဒီအရေးအရာတွေကို အခြားရှုထောင့်အမြင်ကနေ အံဝင်ခွင်ကျဖြစ်လာစေဖို့ ချဉ်းကပ်လေ့လာရပါလိမ့်မယ် ”။
    မြန်မာနိုင်ငံသားဥပဒေကိုလည်း အစိုးပိုင်းမှ ပြန်လည် သုံးသပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့သည်။ သို့သော် ရိုဟင်ဂျာများမှာ နိုင်ငံသား ဟုတ်မဟုတ် ကိစ္စကိုမူ တိုက်ရိုက်မဖြေကြားခဲ့ချေ။
    “ နိုင်ငံသားဆိုင်ရာ ဥပဒေများဟာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့မကိုက်ညီယင် ဖြစ်နိုင်ချေများကို ပြန်လည်သုံးသပ်ဖို့ နိုင်ငံတိုင်းမှာ တာဝန်ရှိပါတယ်။ မြန်မာအစိုးရအနေနဲ့ ဒီလိုလုပ်နိုင်အောင် သတ္တိမွေးဖို့ လိုအပ်နေတယ်။ နိုင်ငံသားကိစ္စနဲ့ပတ်သက်ပြီး တရားမျှတစွာ ရင်ဆိုင်ဆောင်ရွက်ရပါလိမ့်မယ် ” ဟု သတင်းထောက်များအား ပြောဆိုခဲ့သည်။
    တိုကျိုတက္ကသိုလ်၌ ကျောင်းသားတစ်ဦး၏မေးခွန်းအပေါ် – မိမိသည် မှော်ဆရာတစ်ဦး မဟုတ်သဖြင့် ကာလကြာရှည် အငြင်းပွားနေရသော လူမျိုးရေးကိစ္စကို ဖြေရှင်းပေးရန် မလွယ်ကူသေးဟု ဒေါ်စုကြည်မှ ပြန်လည်ဖြေဆိုခဲ့သည်။
    “ တရားဥပဒေစိုးမိုးရေးဖော်ဆောင်ဖို့က အရေးအကြီးဆုံးပါဘဲလို့ ကျွန်မ (အမြဲ) ပြောနေခဲ့ပါတယ်။ တရားဥပဒေစိုးမိုးရေးဆိုတဲ့နေရာမှာ တရားစီရင်ရေး တစ်ခုတည်းကိုသာ ဆိုလိုတာ မဟုတ်ပါဘူး။ စီမံညွှန်ကြားရေး၊ အုပ်ချုပ်ရေး၊ ပြည်သူ့ရဲကဏ္ဍ၊ လုံခြုံရေး တပ်ဖွဲ့တွေကို ပေးတဲ့ သင်တန်း – ဒါတွေအားလုံးနဲ့ သက်ဆိုင်နေပါတယ် ”
    “ လူတွေကြားထဲမှာရှိနေတဲ့ ဒီကွဲလွဲမှုတွေကို ဘယ်လိုပျောက်အောင် လုပ်မလဲလို့ သူတို့က ကျွန်မကိုပြောစေချင်တယ်။ ကျွန်မက မှော်ဆရာ မျက်လှည့်ဆရာ မဟုတ်ဘူးလေ။ ဟုတ်ခဲ့ယင်တော့ ပျောက်စေလို့ ပြောမိမှာပါဘဲ။ ခြားနားကွဲပြားမှုတွေကို အဖြေရှာညှိယူဖို့ ရေရှည်အချိန်ယူရမှာပါ။ ကျွန်မတို့အနေနဲ့ လုံခြုံငြိမ်းချမ်းတဲ့ အသိုက်အ၀န်းတစ်ခုကို ဖော်ဆောင်ဖို့ လိုပါတယ်။ အဲ့ဒီထဲမှာ အမြင်မတူသူတွေ အတူတကွ ထိုင်လို့ အယူအဆချင်း ဖလှယ်နိုင်ရပါမယ်။ ပြီးတော့ ကျွန်မတို့အကြား တူညီတာ လက်တွဲနိုင်တာကို စဉ်းစားယူရပါလိမ့်မယ် ” ဟု ဂျပန်ကျောင်းသားတို့အား ပြောကြားခဲ့သည်။ ၄င်းအပြင် မြန်မာတရားရုံးများသည် ဒီမိုကရက်တစ်အဆင့်သို့ မတက်လှမ်းလာဘဲ အခွင့်ထူးခံများသာ လွှမ်းမိုးကြီးစိုးနေသေးကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။
ှSource: Reuters
  • မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် ဒုတိယအကြိမ် အစ္စလာမ်ရေးရာ ဟောပြောပွဲပြုလုပ်မည်။
    ဧပြီလ ၁၆ ၊ ၂၀၁၃
    M-Media
    ကျော်ကျော်
    မြန်မာမွတ်စလင်မ် အသင်း (မလေးရှား) မှာ ကြိးမှူးပြီး ဒုတိယအကြိမ်မြောက် အစ္စလာမ့်ရေးရာ ဟောပြောပွဲ တရက်ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ဧပြီလ ၂၁ ရက်( တနင်္ဂနွေနေ့)တွင်ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
    ဟောကြားမည့် ဆရာတော်များမှာ-
    (၁) အလ်ဟာဂ်ျမောင်လာနာမုဖ်သီနူရ်မုဟမ္မဒ်(ခ) ဦးကိုလေး ရှေ့ ဆောင်ဆရာတော်စူရတီဗလီကြီးရန်ကုန်။ ကထိက(ဟဒီးဆ်သင်ကြားမှုဘာသာရပ်) ဒါရုလ်အုလူးမ်အာရဗီ တက္ကသိုလ် ရန်ကုန်။
    (၂) အလ်ဟာဂ်ျမောင်လာနာဦးအုန်းသောင်(အရဗီသိပ္ပွံ) စာရေးဆရာပွင့်လင်း-တမာမြေ ၊ဒုဥက္ကဋ္ဌ-(အာလင်မ်ရေးရာ) အတွင်းရေးမူး-အစ္စလာမ့်ဓမ္မသတ်ခုံရုံးချုပ်၊ အစ္စလာမ် သာသနာရေးရာကောင်စီ ဌာနချူပ်၊ ကျောင်းအုပ်ကြီး (ပညာ့ဥယျာဉ်အာရဗီသိပ္ပံ)၊မော်လမြိုင်မြို ။့
    (၃)အလ်ဟာဂ်ျမုဖ်သီဒေါက်တာမြင့် သိန်း(ငြိမ်းချမ်းလုလင်)ကျောင်းအုပ်ကြီး(အလ်အဇ်ဟရ်အစ္စလာမ့်သိပ္ပံ)၊ရန်ကုန်။ သဘာပတိ မြန်မာမွတ်စလင်မ်ကွန်ရက်(ရန်ကုန်မြို့) နာယက မြန်မာမွတ်စလင်မ်အသင်း(မလေးရှား)၊
    ဖြစ်ကြပြီး ၂၀၁၃ ခုနှစ်၊ ဧပြီလ(၂၁)ရက် (တနင်္ဂနွေ)နေ့ အချိန် နံနက် (၁၀း၀၀)နာရီ မှ ညနေ (၅း၀၀) နာရီ အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ SM ကုန်တိုက်၊ (၆-လွှာ)၊တွင် ကျင်းပပြုလုပ်သွားမည် ဟု သတင်းရရှိပါသည်။
    MMAM CARD