News @ M-Media

Tag: myanmarmuslim

  • စင်ကာပူ Suria Channel ထုတ်လွှင့်ပြသ သွားခဲ့သော စင်ကာပူရောက် မြန်မာ မွတ်စလင်မ် ကွန်မြူနတီ အကြောင်း

    ဇူလိုင်-၃၀၊၂၀၁၃
    via-Zaw Min Oo

    RayaEkspats

    စင်ကာပူနိုင်ငံရဲ့ မလေးစကားပြော Suria Channel ကပြသနေတဲ့ Raya Ekspats ဆိုတဲ့အစီအစဉ်က စင်ကာပူမှာ လာရောက်နေထိုင်ကြတဲ့ မလေးမဟုတ်သော အခြား မွတ်စ်လင်မ်လူ့အဖွဲ့အစည်းများ ဥပုသ်လနှင့် အီးဒ်ပွဲတော်တွေကို ဘယ်လို ကျင်းပလေ့ရှိတယ်၊  ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ လူနေမှုဘ၀၊ အလေ့အကျင့်များနှင့် ဘာလိုမျိုး ရိုးရာအစားအသောက်တွေ စားသောက်လေ့ ရှိတယ်ဆိုတာကို ရိုက်ကူးပြသတာပါ၊ ဒီအစီအစဉ်ရဲ့ Episode 2 အနေနဲ့ စင်ကာပူမှာရှိတဲ့ မြန်မာမွတ်စ်လင်မ်တွေအကြောင်းကို  ကြည့်ရှုနိုင်ပါတယ်။

    လိုင်းမကောင်းသော M-Media စာဖတ်ပရိတ်သတ်များ Download ယူရန်
    File Size= 245 MB
    Google Doc =>http://goo.gl/7ZZ9Tm

  • ပြုပြင်ရေးကတိ အကောင်အထည်ဖေါ်ဖို့ ဘန်ကီမွန်းတိုက်တွန်း

    ဇူလိုင်-၁၁၊၂၀၁၃
    VOA (မြန်မာပိုင်း) မှ ထပ်ဆင့်ကူးယူဖော်ပြပါသည်။

    Ban Ke-Moon and U Thein Sein

    သမ္မတ ဦးသိန်းစိန် အစိုးရက ဒီမိုကရေစီကို ဦးတည်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ ကတိပြုထားပေမဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ ပြဿနာတွေ ကြုံနေရတာတွေကို ပြေလည်အောင် ဖြေရှင်းဖို့ လိုအပ်နေဆဲ ဖြစ်တဲ့အကြောင်း အတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံခဲ့ကြတဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံတွေက ကိုယ်စားလှယ်တွေကလည်း ပြောခဲ့ကြတာပါ။

    အပြောင်းအလဲတွေ စတင်လုပ်ဆောင်လာနေတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအရ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို လက်တွေ့ ဖြေရှင်းသွားဖို့ အရေးတကြီး လုပ်ဆောင်စရာတွေ ရှိနေဆဲ ဖြစ်တဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့နဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံချိန်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။ ပြဿနာတွေကို ဖြေရှင်းရာမှာလည်း အစိုးရနဲ့အတူ လူထုကလည်း ၀ိုင်းဝန်းပံ့ပိုးကြဖို့ လိုအပ်တဲ့အကြောင်း အလေးထား ပြောဆိုခဲ့တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Martin Nesirky က နယူးယောက် ကုလသမဂ္ဂရုံးချုပ်က သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာပါ။

    “နောက်ကြောင်း ပြန်မလှည့်ဘဲ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ဦးတည်တဲ့ လုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းပြီး၊ အားလုံး ခွဲဝေခံစားနိုင်တဲ့ တိုးတက်မှုတွေ ရရှိအောင် ဆောင်ကျဉ်းတဲ့အခါ အစိုးရနဲ့ လူထုရဲ့ အားပေးပံ့ပိုးမှုတွေ လိုအပ်တဲ့အကြောင်း အဖွင့်အမှာစကား ပြောကြားရာမှာ အတွင်းရေးမှူးချုပ်က ပြောခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲမှုအတွက် လွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေ အပါအ၀င် ပြီးခဲ့တဲ့နှစ်အတွင်း အရေးကြီးတဲ့ ခြေလှမ်းတွေ လှမ်းခဲ့တာကိုလည်း အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။”

    အတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံခဲ့ကြတဲ့ မြန်မာ့မိတ်ဆွေနိုင်ငံတွေကလည်း မကြာသေးခင်နှစ်တွေက တိုးတက်ဖြစ်ထွန်းမှုတွေကို အသိအမှတ်ပြု လက်ခံခဲ့ကြပေမဲ့ စိမ်ခေါ်မှုတွေ ရှိနေတာကိုလည်း အလေးထား ပြောခဲ့ကြတဲ့အကြောင်း ဆွေးနွေးမှုအပြီး ထုတ်ပြန်ခဲ့တဲ့ အတွင်းရေးမှူးချုပ်ရဲ့ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ နိုင်ငံရေးအရ အဖြေရှာဖို့ အပါအ၀င် မကြာသေးခင်တုန်းက ကချင်လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးကို ရှေ့ရှုတဲ့ ဆွေးနွေးသဘောတူညီမှုတွေ ရရှိခဲ့တာကိုလည်း အသိအမှတ်ပြု ပြောဆိုခဲ့ကြပါတယ်။

    မြန်မာ့မိတ်ဆွေ နိုင်ငံတွေက ကိုယ်စားလှယ် အများစုကလည်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နဲ့ ဆွေးနွေးမှုတွေကနေ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူပြီး တခြားလက်နက်ကိုင် အဖွဲ့တွေပါ ပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ဦးတည်တဲ့အထိ ဖြစ်လာဖို့ မျှော်လင့်ကြောင်းလည်း အတွင်းရေးမှူးချုပ်ရဲ့ ကြေညာချက်က ဖော်ပြခဲ့တာပါ။

    တချိန်တည်းမှာပဲ ပြီးခဲ့တဲ့နှစ်ထဲ လူပေါင်း ၂၀၀ လောက် သေဆုံးပြီး သိန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ရခိုင်ပြည်နယ်နဲ့ တခြားမြို့ရွာတွေမှာပါ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုအပေါ် အခြေခံတဲ့ ပဋိပက္ခတွေနဲ့ နောက်ဆက်တွဲ ပြဿနာတွေကလည်း ဆွေးနွေးပွဲမှာ လွှမ်းမိုးနေခဲ့တဲ့အကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Nesirky က ပြောပါတယ်။

    “လူမှုအသိုင်းအ၀ိုင်းကြား သွေးထွက်သံယို တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ အတွက် အကြီးအကျယ် စိတ်ပျက်ရတာကိုလည်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။ ရိုဟင်ဂျာတွေရဲ့ ကံကြမ္မာနဲ့ ပတ်သက်လို့ အထူးစိုးရိမ်တယ်လို့ ဆိုတဲ့အပြင်၊ လူသားချင်း စာနာထောက်ထားရမယ့် အခြေအနေတွေနဲ့ ပတ်သက်လို့လည်း စိတ်အနှောက်အယှက် ဖြစ်တာကို ပြောသွားခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ အစွန်းရောက်တဲ့ အခြေအနေတွေ ပေါ်ပေါက်နေတာဟာ အန္တာရာယ်ကြီးမားလှပြီး၊ တိတိကျကျ အရေးတကြီး မဖြေရှင်းဘူး ဆိုရင်တော့ ရှိနေတဲ့ တင်းမာမှုတွေကနေ အုံကြွမှုတွေ ပိုမိုကြီးထွားလာရာက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်သလို၊ ဒေသတွင်းမှာလည်း အနှုတ်လက္ခဏာဆောင်တဲ့ ရိုက်ခတ်မှုတွေ ပေါ်ပေါက်လာနိုင်တယ်လို့ ပြောပါတယ်။”
    ဒါပေမဲ့လည်း မြန်မာနိုင်ငံတွင်းက လက်နက်ကိုင် ပဋိပက္ခတွေ၊ လူမှုအသိုင်းအ၀ိုင်းကြားက တင်းမာမှုတွေကို ပြေလည်အောင် ဖြေရှင်းပြီး ဒီမိုကရေစီ အခြေခံတွေ တည်ဆောက်သွားနိုင်လိမ့်မယ်လို့ ယုံကြည်ထားတဲ့ အကြောင်းလည်း အတွင်းရေးမှူးချုပ်က ဆွေးနွေးပွဲမှာ ပြောဆိုသွားပါတယ်။ လတ်တလော မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူသားချင်း စာနာမှုဆိုင်ရာ စိမ်ခေါ်မှုတွေကို ဖြေရှင်းရာမှာ ကုလသမဂ္ဂအနေနဲ့ ဆက်လက် အားပေးကူညီသွားဖို့လည်း ကတိပြုခဲ့တာပါ။

    အမေရိကန်၊ ဗြိတိန်၊ ရုရှား၊ ပြင်သစ်၊ တရုတ်၊ ဂျပန် စတဲ့ နိုင်ငံတွေ အပါအ၀င် မြန်မာ့မိတ်ဆွေနိုင်ငံများ အဖွဲ့ရဲ့ နောက်ဆုံး ဆွေးနွေးပွဲကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွင်း ကျင်းပခဲ့တာဖြစ်ပြီး၊ ဒီလို တွေ့ဆုံဆွေးနွေးမှုတွေမှာ မြန်မာအစိုးရက ပါဝင်ဖို့ အတွက်လည်း ဖိတ်ခေါ်ထားတဲ့အကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ကြေညာချက်က ဖော်ပြထားပါတယ်။

    အတွင်းရေးမှူးချုပ်နဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့ရဲ့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့ကြတဲ့ အစ္စလာမ်အဖွဲ့ချုပ် (OIC) ကလည်း ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ သတင်းစာ ရှင်းလင်းပွဲတရပ် ကျင်းပပြီး မြန်မာနိုင်ငံတွင်းက မူဆလင်တွေအပေါ် တိုက်ခိုက်ခံနေရတဲ့အပေါ် အပြင်းအထန် ဝေဖန်သွားခဲ့ပါတယ်။

    နိုင်ငံတကာ အသိုင်းအ၀ိုင်းက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အကောင်းမြင် သဘောထားတွေ ပြောဆိုနေကြပေမဲ့လည်း လက်တွေ့မှာတော့ မူဆလင်လူနည်းစုတွေဟာ ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ ဆော်ဒီအာရေဗီးယား သံအမတ်ကြီးက ပြောဆိုခဲ့တာပါ။ အကြမ်းဖက်မှုတွေဟာ ဗုဒ္ဓဘာသာဝင် အများစုက ကျူးလွန်နေတာ မဟုတ်ပေမဲ့လည်း လူမဆန်တဲ့ လုပ်ရပ်တွေကိုလည်း လက်မခံသင့်ဘူးလို့ OIC တာဝန်ရှိသူတွေက ပြောဆိုသွားခဲ့ကြပါတယ်။

    VOA မူရင်းသတင်းလင်ခ် => http://burmese.voanews.com/content/un-burma/1699404.html
    Secretary-General Statement Link=>Click Here

  • ရမဿွာန် (ဥပုတ်လ)နဲ့ပတ်သက်ပြီး မြန်မာ မွတ်စလင်မ် လူကြီးတချို့အား ဆက်သွယ်မေးမြန်းချက်

    ဇူလိုင် ၁၀၊ ၂၀၁၃
    M-Media
    မေးမြန်းသူ – ဆူးထက်၊ အိမေ၊

    မြန်မာမွတ်စလင်မ်များနှင့် ၂၀၁၃ ရမဿွန်(ဥပုတ်လ)နဲ့ ပတ်သက်ပြီး  မွတ်စလင်မ် လူကြီးတချို့အား ဆက်သွယ်မေးမြန်းချက်

    မြန်မာနိုင်ငံမှာ ကျရောက်တော့မယ့် ရမဿွာန်လမြတ်မှာ မွတ်စလင်မ်တွေအနေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး မွတ်စလင်မ်လူကြီးများကို M-Media မှ ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

    ဆရာဂျာဝိဒ်သန်း(စာရေးဆရာ)

    OLYMPUS DIGITAL CAMERA
    M-Media  –  ရမဿွာန်မှာ ပြည်တွင်းရှိ မွတ်စလင်တွေအတွက် လုံခြုံရေးအခြေအနေ ဘယ်လိုထင်ပါလဲ။
    ဆရာဂျာဝိဒ်သန်း  –  မွတ်စလင်တွေနည်းပါးတဲ့ ဗလီတစ်ခုကို လုံခြုံရေးအတွက် နာမည်မှည့်တဲ့နေရာမှာ “ဆုတောင်းပြည့်ဝတ်ကျောင်းတော်” လို့ဆိုပြီး ဆရာကြီးဃာဇီဟာရှင်မ် တို့ကမှည့်ခေါ်ခဲ့ပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ ဘာသာခြားညီနောင်တွေဟာဆိုရင် ဒီကျင့်စဉ်ကျင့်ရပ်တွေနဲ့ ပတ်သက်ပြီး နှောင့်ယှက်ပေးဖို့ဝန်လေးကြမှာပါ။ ဘာသာတရားရဲ့ ကောင်းတဲ့လုပ်ဆောင်ချက်မှာ အနှောင့်အယှက်ပေးရင် တန်ပြန်ထိခိုက်မှာ ကြောက်ကြပါတယ်။ ဒါကြောင့် ရမဿွာန်လမှာ ဘာမှမဖြစ်ပါဘူးလို့ မျှော်လင့်ပါတယ်။

    M-Media  –  ရမဿွာန်လမှာ ပြည်တွင်းမှာရှိတဲ့ မွတ်စလင် တွေအတွက် လုံခြုံရေးကို ဘယ်လိုပြင်ဆင်ထားသင့်ပါသလဲ။
    ဆရာဂျာဝိဒ်သန်း  –  တရာဝီနဲ့ပတ်သတ်ပြီး စူရာဟ်အတိုလေးတွေ ဖတ်လို့ရပါတယ်။ ရကအသ် ၁၆-၁၈-၂၀ ရကအသ်တွေဖတ်လို့ရပါတယ်။ အဲလို ဖတ်လိုက်ရင် မိုးမချုပ်ခင် မိမိနေထိုင်ရာအိမ်ကို ပြန်ရောက်ပါတယ်။

    M-Media  –  ပြည်တွင်းမှာရှိတဲ့ မွတ်စလင်တွေ ဆောင်ရန်/ရှောင်ရန်လေးတွေ ဖြည့်စွက်ပြောကြားပေးပါ။
    ဆရာဂျာဝိဒ်သန်း  –  ဆောင်ရမယ့်ဟာတွေက မိမိတို့အိမ်မှာချက်ပြုတ်ရင် ပတ်ဝန်းကျင်က ညီနောင်တွေကို အစားအသောက်တွေ မျှဝေပေးရမယ်။
    ရှောင်ရမယ့်ဟာကတော့ မိမိကျင့်စဉ်တွေနဲ့ပတ်သတ်ပြီး ပတ်ဝန်းကျင်ကို အနှောင့်အယှက် မဖြစ်ရဘူး။
    ဘာသာခြားတွေနဲ့လည်းအတတ်နိုင်ဆုံး ချစ်ခင်ရင်းနှီးကို ရှာရမယ်။ အကောင်းဆုံးလုပ်သင့်တာကတော့ –
    (၁)  ဆင်းရဲသားရပ်ကွက်တွေမှာ မွတ်စလင် အခမဲ့ ဆေးပေးခန်းဆိုပြီးဖွင့်သင့်တယ်။
    (၂)  ဆင်းရဲသားဈေးသည်တွေကိုလည်း အတိုးမဲ့ငွေချေးသင့်ပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ပတ်ဝန်းကျင်မှာရှိတဲ့ ညီနောင်တွေရဲ့ချစ်ခင်မှုကိုရနိုင်ပါတယ်။

    = = = = = = = = = = = = = =

    ဦးကိုနီ (တရားရုံးချုပ်ရှေ့နေ)

    OLYMPUS DIGITAL CAMERA
    M-Media  –  ဥပုသ်လမှာ ပြည်တွင်းမှာ ရှိတဲ့ မွတ်စလင်မ်တွေ အတွက် လုံခြုံရေး အခြေအနေ ဘယ်လို ထင်ပါသလဲ။
    ဦးကိုနီ  –  ဥပုသ် သီလဆောက်တည်တဲ့ အချိန်မှာ ပြည်တွင်းမှာ ရှိတဲ့ မွတ်စလင်မ်များရဲ့ လုံခြုံရေးက လုံးဝ အစိုးရပေါ်မှာ မူတည်ပါတယ်။ နိုင်ငံတစ်နိုင်ငံ အတွင်းမှာနေထိုင်တဲ့ ပြည်သူတွေ အားလုံးရဲ့ လုံခြုံမှုကို တာဝန်ယူပေးထားတာက အစိုးရ ဖြစ်တယ်။ အစိုးရ အဖွဲ့ထဲမှာမှ ပြည်ထဲရေး ၀န်ကြီးဌာန ဖြစ်ပါတယ်။ ဥပုသ်လမှာ မွတ်စလင်မ်တွေ လုံခြုံစိတ်ချစွာနဲ့ ဥပုသ်သီလ ဆောက်တည်နိုင်ဖို့ အတွက်ကို ပြည်ထဲရေး ၀န်ကြီးဌာနက တာဝန်ယူပေးဖို့ လိုပါတယ်။

    M-Media  –  ဥပုသ်လမှာ မွတ်စလင်တွေ အတွက် (ဥပမာ သရာဝီ ဆွလာသ်) ဖတ်ဖို့ လုံခြုံရေး အတွက် ဘယ်လိုများ ပြင်ဆင် ထားသင့်ပါသလဲ။
    ဦးကိုနီ  –  အစ္စလာမ် ဘာသာဝင်တွေ ဥပုသ်လမှာ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ဘုရားဝတ်ပြုခြင်း အစစအရာရာ လုံခြုံဘေးကင်းစွာနဲ့ ဆောင်ရွက်နိုင်အောင် ဒီတိုင်းပြည်ရဲ့ နိုင်ငံတော် အာဏာကို ရယူထားတဲ့ အာဏာပိုင် အဖွဲ့အစည်းတွေ အားလုံးက တာဝန်ယူ ဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။
    ဘာကြောင့်လည်း ဆိုတော့ မြန်မာနိုင်ငံမှာ အစ္စလာမ် ဘာသာဟာ တရားဝင် တည်ရှိတဲ့ ဘာသာလို့ ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံ အခြေခံမှာ အသိအမှတ် ပြုထားပါတယ်။ ဒီအကြောင်းကြောင့် တရားဝင်တည်ရှိနေတဲ့ ဘာသာတစ်ရပ် ဖြစ်တယ်။ အဲဒီ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၅၄-ဃ မှာ ဘာသာရေးဆိုင်ရာ ဆောင်ရွက်စရာ ရှိသည်များကို လွတ်လွတ်လပ်လပ် ဆောင်ရွက် နိုင်ပါသည် ဟုရေးသားထားပါတယ်။ ဒါကြောင့် ဥပုသ်သီလ ဆောက်တည်ခြင်း၊ ဗလီ သွားပြီး ၀တ်ပြု ဆုတောင်းခြင်း ဒါတွေ အားလုံးကို လွတ်လွတ်လပ်လပ်နဲ့ လုံလုံခြုံခြုံ စိတ်အေးချမ်းသာစွာ ၀တ်ပြုနိုင်ရန်အတွက် နိုင်ငံတော် အုပ်ချုပ်ရေး အပိုင်းကို တာဝန်ယူထားတဲ့ အစိုးရအဖွဲ့အစည်းမှ ဆောင်ရွက်ပေးနိုင်ပါတယ်။

    M-Media  –  ပြည်တွင်းက မွတ်စလင်မ်တွေ အတွက် ဆောင်ရန်၊ ရှောင်ရန် ကိစ္စလေးတွေကို ဖြည့်စွက် ပြောကြားပေးပါ။
    ဦးကိုနီ  –  မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ ဗမာမွတ်စလင်မ်တွေဟာ လူနည်းစု ဖြစ်တယ်။ လူအများစုဖြစ်တဲ့ ဘာသာဝင်တွေနဲ့ သင့်သင့်မြတ်မြတ် နေထိုင်ခဲ့ကြတဲ့ သမိုင်းကို မမေ့ဘဲနဲ့ ထပ်ပြီးတော့ သင့်သင့်မြတ်မြတ် နေထိုင်နိုင်သွားအောင် အတတ်နိုင်ဆုံး သည်းခံပြီးတော့ မိမိတို့ လူနည်းစု အပေါ်၊ လူအများစုက နားလည်လာအောင် ကြိုးစားနေထိုင် ဿွားကြပါလို့ ပြောချင်ပါတယ်။ တကယ်တော့ လူအများစုက လူအနည်းစုကို ကာကွယ်ပေးဖို့ တာဝန်ရှိပါတယ်။ ဒါဟာ အခြေခံ သဘောတရားပါ။
    အစ္စလာမ် ဘာသာဝင်တွေ အနေနဲ့ ရှောင်ရန်ကတော့ ကိုယ့်ဘာသာသာသနာ ကိစ္စကို ကိုယ်လုပ်ပါ။ ကိစ္စမရှိပါဘူး။ တစ်ချိန်တည်းမှာ သတိထားဖို့က ကိုယ့်လုပ်ရပ်တွေက သူများကို မထိခိုက်စေဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ကိုယ့်ဘာသာ သာသနာကို ကိုယ်လုပ်နေတာ မှန်သော်လည်း တစ်ချိန်တည်းမှာ သူများကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့ အခါမျိုးလည်း ဖြစ်တတ်တယ်။ အဲဒါမျိုးတွေလည်း မဖြစ်အောင် တတ်နိုင်သမျှ သတိထားပါ။ သို့သော်လည်း ကိုယ့်ရဲ့ ထုံးတမ်းစဉ်လာ၊ ယဉ်ကျေးမှု အတိုင်း လုပ်စရာ ရှိတာကို လုပ်ပါ။ ကိုယ့်ကြောင့် သူများ စိတ်အနှောက်အယှက်ဖြစ်စေတာမျိုး မဖြစ်ပါစေနဲ့။ ဒါကတော့ အားလုံးသော ဘာသာတရားတိုင်းမှာ တာဝန်ရှိတယ်။ ဘယ်ဘာသာမဆို ကိုယ်ယုံကြည်ရာ ကိုယ်လုပ်နိုင်တယ်။ ဒါပေမယ့်လို့ သူများကိုတော့ မထိခိုက်ရဘူးပေါ့လေ။ အဲဒီ့ အခြေခံသဘောတရားလေးကို မမေ့ကြပါနဲ့။

    = = = = = = = = = = = = = =

    ဦးအောင်တင် (ကနေဒါ-မြန်မာဒီမိုကရေစီအရေးလုပ်ရှားသူ)

    M-Media  –  ဥပုသ်လမှာ ပြည်တွင်းမှာ ရှိတဲ့ မွတ်စလင်မ်တွေ အတွက် လုံခြုံရေး အခြေအနေ ဘယ်လို ထင်ပါသလဲ။
    ဦးအောင်တင်  –  မြန်မာ့သမိုင်းမှာ မြန်မာမွတ်စလင်မ်ဆန့်ကျင်ရေး အမြင့်ဆုံးဖြစ်နေတဲ့ ယနေ့ကာလမျိုးမှာ မွတ်စလင်မ်ဆန့်ကျင်ရေး လှုံ့ဆော်မှုတွေ၊ လှုပ်ရှားမှုတွေကို ထိထိရောက်ရောက် တားဆီးတာ၊ အစွန်းရောက် ရာဇဝတ်မှုကျူးလွန်သူတွေကို တားဆီးဟန့်တားတဲ့ အပြစ်ဒဏ်ပေးတာတွေကို နိုင်ငံတော်အစိုးရက လုပ်ဆောင်ခြင်း မရှိသေးတာကို တွေ့ရှိနေရဆဲဖြစ်သဖြင့် မွတ်စလင်မ်တွေရဲ့ လုံခြုံရေးက အထူးစိုးရိမ်နေရဆဲဖြစ်တယ်။

    M-Media  –  ဥပုတ်လမှာ မွတ်စလင်တွေအတွက် (ဥပမာ သရာဝီ ဆွလာသ်) ဖတ်ဖို့ လုံခြုံရေး အတွက် ဘယ်လိုများ ပြင်ဆင် ထားးသင့်ပါသလဲ။
    ဦးအောင်တင်  –  မွတ်စလင်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေ အားလုံးကို ပြန်လည်သုံးသပ်မယ်ဆိုရင် လူ့အဖွဲ့အစည်းတိုင်းမှာ သာမန်အားဖြင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ မတော်တဆမှု (သို့မဟုတ်) အမှုအခင်းတစ်ခုကို အဆင်သင့်ပြင် စောင့်ဆိုင်းနေတဲ့ အဖျက်အင်အားစုက အစိုးရလုပ်သူများရဲ့ မသိကျိုးကျွပြုမှုအပေါ် အခွင့်ကောင်းယူပြီး စနစ်တကျ ရက်ရက်စက်စက် အကြမ်းဖက်ဿွားနေတာကိုချည်း တွေ့နေရတယ်။ မတော်တဆမှု၊ အမှုအခင်းတစ်ခုဆိုတာ နေရာတိုင်း၊ အချိန်တိုင်းမှာ ဖြစ်တတ်တာမို့ လုံခြုံရေးအရ စိတ်မချရသော နေရာဒေသတိုင်းမှာ သရာဝီနှင့် ဖဂျရ်ကို သာသနာ့ပညာရှင်များ၏ လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်သင့်တယ်။ မြန်မာမွတ်စလင်မ်တွေရဲ့ အသက်အိုးအိမ် လုံခြုံရေးကို အထိအခိုက် မခံသင့်ကြဘူး။

    M-Media  –  ပြည်တွင်းက မြန်မာမွတ်စလင်မ်တွေ အတွက် ဆောင်ရန်၊ ရှောင်ရန် ကိစ္စလေးတွေကို ဖြည့်စွက် ပြောကြားပေးပါ။
    ဦးအောင်တင်  –  ဒါတွေကတော့ ပြောမယ်ဆိုရင် များလှတယ်။ စဉ်းစားမိသလောက်ပြောမယ်။
    ၁။ ခုလိုအခြေအနေမျိုးမှာ လမ်းပေါ်က အထိမ်းအကွပ်မဲ့တဲ လူစုလူဝေးတွေ၊ လမ်းပေါ်က ပျော်ပွဲရွှင်ပွဲတွေကို တတ်နိုင်သလောက် ရှောင်ပါ။
    ၂။ မိမိရပ်ကွက်၊ မိမိလမ်း၊ မိမိအလုပ်ခွင်မှာ ဘာသာပေါင်းစုံနဲ့ ရင်းနှီးမှုကို တည်ဆောက်ပါ။ တစ်ချို့တွေက အခွင့်အရေးယူတာ၊ ကိုယ့်ကို အပေါ်စီးက ဆက်ဆံတာတွေကိုလည်း အညံ့ခံတဲ့သဘောလည်း မဟုတ်ဘဲ စိတ်ရှည်ရှည်ထားပေးပါ။
    ၃။ ဘာသာခြားများရဲ့ လူမှုရေး၊ သာရေး နာရေးတွေမှာ ပါဝင်ပါ။ ဟန်ဆောင်ပန်ဆောင် မဟုတ်ဘဲ စိတ်ပါလက်ပါ ကူညီပါ။ မိမိနေထိုင်တဲ့ လူ့အဖွဲ့အစည်းက မိမိကို လိုအပ်နေ၊ ကြိုဆိုနေအောင် နေထိုင်ပြုမူပါ။
    ၄။ မိမိက တတ်နိုင်သော်လည်း ပတ်ဝန်းကျင်က မနာလိုဖြစ်အောင် ကြွားကြွား လွှားလွှား မနေကြပါနဲ့။
    ၅။ ကိုယ်နေတဲ့ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုနဲု့လိုက်လျောညီထွေစွာ ပြုမူ နေထိုင် ဝတ်စားဆင်ယင်နိုင်အောင် ကြိုးစားပါ။
    ၆။ မွတ်စလင်မ်ဆိုတာ လူ့အဖွဲ့အစည်းမှာ တန်ဖိုးရှိတဲ့၊ လူမျိုး ဘာသာမရွေး လူသားတိုင်းကို ကူညီစာနာတတ်တဲ့၊ အကျင့်စာရိတ္တအားဖြင့် ခိုင်ကျည်တဲ့၊ ရည်မွန် ယဉ်ကျေးတဲ့၊ လူရည်လူသွေး မြင့်မားတဲ့၊ လေးစားလောက်တဲ့ လူတွေကို ခေါ်တယ်ဆိုတာကို မြင်လာအောင် ကြိုးစားကြပါ။ ဒါမှသာ ကျနော်တို့ဟာ ကမ္ဘာမြေပေါ်မှာ အလ္လာဟ်အရှင်မြတ်ရဲ့ စစ်မှန်သော ကိုယ်စားလှယ်များဖြစ်ကြမယ်။

  • မိတ္ထီလာမြို့ရှိ အကြမ်းဖက် ဖျက်ဆီးခံ ဗလီတချို့ ရမဿွန်လ(ဥပုသ်လ)တွင် ပြန်လည် ၀တ်ပြုခွင့်ရ။

    ဇူလိုင် ၉၊ ၂၀၁၃
    M-Media
    KK

    မိတ္ထီလာ ။        ။     မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင် ၂၀၁၃-ခု မတ်လအတွင်းက အကြမ်းဖက်မှုများကြောင့် မီးရှို့ဖျက်ဆီးခံခဲ့ရသော ဗလီများကို ပိတ်ထားခဲ့ရာ ယခု မွတ်စလင်မ်များ၏ ဥပုသ်လ(ရမ်ဇာန်)လတွင် တချို့ ဗလီများတွင် ၀တ်ပြုရန် ယနေ့ နေ့လည်ပိုင်းက ပြန်လည်ခွင့်ပြုလိုက်ကြောင်း သိရသည်။

    burn masjid
    လွန်ခဲ့သော ရက်အနည်းငယ် အတွင်းက မိတ္ထီလာမြို့စွန်ရှိ တူရကီဗလီနှင့် ချမ်းအေးဗလီအား ၀တ်ပြုရန် ခွင့်ပြုကြောင်းနှုတ်မိန့်ကို ခရိုင်ရုံးမှ ဗလီဂေါပကများထံသို့ တိုက်ရိုက် အကြောင်းကြားခြင်း မရှိခဲ့သော်လည်း တဆင့်ကြားသိရသည့် ဗလီတာဝန်ရှိဂေါပကများနှင့် ကူညီဆောင်ရွက်နေသူများမှ မြို့ထဲရှိဗလီများတွင် ၀တ်ပြုခွင့်ရရန် တောင်းဆိုခဲ့မှုကြောင့် ယနေ့နေ့လည်ပိုင်းက မြို့ထဲရှိ ဘင်္ဂါလီဗလီအား ၀တ်ပြုခွင့်ပြုလိုက်ပြီဟု သိရသည်။

    “ပြီးခဲ့တဲ့ ရက်ပိုင်းက မိတ္ထီလာမြို့ အစွန်က တူရကီဗလီနဲ့ ချမ်းအေးရပ်ကွက် မီးလောင်ပြင်က ဗလီမှာ ၀တ်ပြုဖို့ ခွင့်ရရှိခဲ့တယ်။ အဲဒါကလည်း တရားဝင် ခွင့်ပြုတာမဟုတ်ပဲ ကြားလူကတဆင့် အကြောင်းကြားလာပါတယ်။ ဒါနဲ့ ဗလီဂေါပကတွေရယ် တစ်ခြား ကူညီပေးနေတဲ့သူတွေရယ် စုပေါင်းပြီး အဲဒီ ဗလီတွေကို သွားရောက်ဝတ်ပြုဖို့ ခက်ခဲတယ်။ ဒါကြောင့်မြို့ထဲ ဗလီကို ၀တ်ပြုခွင့်ရချင်ပါတယ်ဆိုပြီး ခရိုင်ကို အကြောင်းပြန်ခဲ့ပါတယ်။

    ဒါနဲ့ ဒီနေ့တော့ ဦးညွှန့်မောင်သျှိန်ရယ် ဒေါက်တာသာဥာဏ်ရယ်ပါတဲ့ ရန်ကုန် ဘာသာပေါင်းစုံအဖွဲ့၊ မန္တလေးက ဘာသာပေါင်းစုံအဖွဲ့တို့ပေါင်းပြီး တိုင်းဝန်ကြီးချုပ်ကို ညှိနှိုင်းလိုက်တယ်။ ညှိနှိုင်းလိုက်တော့ တိုင်းဝန်ကြီးချုပ်က ခရိုင်ကိုညွှန်ကြားတယ်။ ဒါနဲ့ အခုပဲ မြို့ထဲက ဗလီတစ်လုံးကို ခွင့်ပြုလိုက်ပါပြီ။ ရတနာမာန်အောင်ရပ်ကွက်က သုခ၀တီလို့လည်းခေါ်တဲ့ ဘင်္ဂါလီဗလီကြီးကို ခွင့်ပြုလိုက်တာကြောင့် အခုပဲ ကျွန်တော်တို့သန့်ရှင်းရေးလုပ်နေကြတာပါ။

    ရဲလုံခြုံရေးတွေလည်း လာချပေးထားပါတယ်။ မြို့နယ်မှူးအဆင့်ပါရှိပြီး လက်နက်ကိုင်အပြည့်အစုံ ၁၂-ယောက်လောက်၊ ရယက တွေလည်း ပါပါတယ်။ မနက်ဖြန်နေ့လည် ၀တ်ပြုချိန်ကနေစပြီး ၀တ်ပြုကြပါမယ်။

    ဟုတ်ကဲ့ ပထမဖွင့်ပေးထားတဲ့ ဗလီ ၂-လုံး လုံးမှာတော့ လောလောဆယ် ၀တ်ပြုဖို့ မရှိဘူးခင်ဗျ။ တူရကီဗလီကိုတော့ တချို့တ၀က်သွားရောက် ၀တ်ပြုကြပါမယ်။ ဒါပေမယ့် ချမ်းအေးဗလီကိုတော့ ဘယ်သူမှ မသွားပါဘူး။ အဲ့ဒီက ဝေးလည်းဝေးတယ်။ ပြီးတော့ မီးရှို့ခံထားရလို့ မွတ်စလင်မ်တွေကလည်း camp ထဲမှာပါ၊ ပြီးတော့ ရေလည်း အခက်အခဲရှိပါတယ်။ လုံခြုံရေးလည်း စိတ်မချရတာကြောင့် ချမ်းအေးမှာ မဖတ်ကြပါဘူး။

    တချို့က တူရကီဗလီမှာ ၀တ်ပြုကြမယ်။ အများစုက ဘင်္ဂါလီဗလီမှာ ၀တ်ပြုကြပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ်ဗျာ ရမဿွန်အမီ မြို့ထဲကဗလီမှာ ၀တ်ပြုခွင့်ရလိုက်တာကိုပဲ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။”လို့ M-Media ရဲ့ ဆက်သွယ်မေးမြန်းချက်ကို မိတ္ထီလာမြို့ခံတစ်ဦးက ဗလီအား သန့်ရှင်းရေးလုပ်နေစဉ်မှာပင် ဖြေကြားပေးခဲ့ပါတယ်။

    ချမ်းအေးဗလီက အဲ့ဒီမှာ လောလောဆယ်  ဗလီ နှစ်လုံးပြုပြင်ရန် မန္တလေး တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံမှ နှုတ်ကတိ ရရှိတယ်လို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ အတွင်းရေးမှု ဦးသာဥာဏ်ဖုန်းဖြင့်ပြောပါတယ်။ “အခု ကျွန်တော်တို့ ၀န်ကြီးချုပ်နဲ့တွေ့နေပါတယ် ၀မ်းသာလို့ ခင်ဗျား သိအောင်ပြောတာ ဘယ်ဗလီတွေ ဆိုတော ပြီးမှအသေအချာပြောတော့မယ် ဖြစ်နိုင်တာက ၀မ်းတွင်း က သဲတော့ဗလီ နဲ့ မိထ္ထီလာ မြို့ပေါ်ဗလီတစ်ခုပေါ့” လို့ သိရှိရပါတယ်။

    မိတ္ထီလာမြို့ အကြမ်းဖက်ခံရမှုတွင် သာယာကုန်းဗလီမှာ ဖျက်ဆီးခြင်းမခံရပဲ၊ ပြည်သာယာဗလီမှာ လုံးဝ ပုံကျသွားသည်အထိ ဖျက်ဆီးခံလိုက်ရပြီး ကျန်သည့် ပြည်သာယာမြောက်ဗလီ၊ သီရိမင်္ဂလာဗလီ၊ ပါကစ္စတန်အရှေ့ဗလီ၊ ဈေးဗလီ၊ မြို့မဗလီ၊ ဘင်္ဂါလီဗလီ၊ မြို့ဦးဗလီ၊ တူရကီဗလီ၊ နန်းတော်ကုန်းဗလီ၊ ချမ်းအေးဗလီ တို့မှာ မီးရှို့ခြင်း၊ ဖျက်ဆီးခြင်းများ ခံခဲ့ရပါသည်။

    ယခုအခါ မိတ္ထီလာမြို့သည် ပြန်လည်တည်ငြိမ်အေးချမ်းနေပြီဖြစ်ပြီး ပြည်သူများ အကြား ဆက်ဆံရေးမှာ ဟိုးရှေးယခင်ကကဲ့သို့ ပြန်လည် မရောက်ရှိသေးသော်လည်း အချင်းချင်း အပြန်အလှန်သွားလာဆက်ဆံမှု ပြန်လည်ရရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

  • လူနည်းစုဝင် မြန်မာမွတ်စ်လင်မ်တို့မှ ရင်ဆိုင်နေရသော စိုးထိတ်မှု နှင့် မယုံစားရဲမှု (ဘာသာပြန် ဆောင်းပါး)

    မူရင်းဆောင်းပါးရှင်-  Thomas Fuller (နယူးယော့ခ်တိုင်းမ်)
    ဘာသာပြန်- သာကီထက်ကောင်း
    M-Media

    ပိန်းပိတ်အောင်မှောင်မိုက်နေဆဲ ရန်ကုန်ညဥ့် ……. မလောက်မငသော လျှပ်စစ်ဓာတ်အားဖြင့် လမ်းဘေးမီးတိုင်များက လင်းချည်တစ်ခါ မှောင်ချည်တစ်လှည့် မြို့တော်ရန်ကုန်ဝယ် မွတ်စ်လင်မ်အမျိုးသားတစ်စုမှ နံနက်အရုဏ်ချိန်အထိ မိမိတို့၏ ၀န်းကျင်အတွက် လမ်းကြားလမ်းမြှောင်များကိုပါ အလွတ်မပေးဘဲ စောင့်ကြပ်ကင်းစောင့်နေကြ၏။

    muslim-minority-confronts-fear-and-mistrust
    Credit: Adam Dean for The New York Times

    အရေးပေါ်ကင်းလှည့်စောင့်ကြပ်ရေးအစီအစဉ်တစ်ခုအတွက် စုစည်းထားသည့် ကင်းသမား ၁၃၀ အနက်မှ လူ ၆ ဦးနှင့်အတူရှိနေသော လုပ်ငန်းရှင် ဦးညီညီသည် ပလပ်စတစ်ကုလားထိုင်တစ်လုံးပေါ်ထိုင်လျက် “ ကျွန်တော်တို့ရဲ့ လုံခြုံရေးအတွက် သက်ဆိုင်ရာက အာမခံချက် မပေးနိုင်ကြဘူးဗျာ ” ဟု ညည်းငြူလေသည်။

    လူများစုဗုဒ္ဓဘာသာဝင်များနှင့် ဆယ်စုနှစ်အမြောက်အများ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခဲ့ကြသော မွတ်စ်လင်မ်တို့မှာ ယခုသော် နောက်ထပ်ရန်ပြုတိုက်ခိုက်မှု မည်သည့်အချိန်ရောက်လာဦးမည်နည်းဟု အလျဉ်မပြတ် စိုးတထိတ်ထိတ် ရှိနေကြပေပြီ။ လွန်ခဲ့သောတစ်နှစ်ကျော်မှစ၍ သွေးဆူနေသော ဗုဒ္ဓဘာသာလူရမ်းကားအုပ်စုများက နိုင်ငံအတွင်း အကြမ်းဖက်မှုများကို ဆက်တိုက်ကျူးလွန်နေခြင်းက မိမိဝန်းကျင်ထံ အကြမ်းဖက်မှုဆိုက်ရောက်လာလျှင် မိမိတို့ ကိုယ်တိုင်သာကာကွယ်ရမည့်အသိအား သင်ကြားပေးလိုက်သည်။

    “ ကျွန်တော်တို့ကို ရဲတွေက ကာကွယ်ပေးမယ်လို့ ကျွန်တော် မထင်ဘူး ” ဟု ဦးညီညီမှ ရင်ဖွင့်၏။

    အလွှာစုံပါဝင်သော အမျိုးသားအဖွဲ့တစ်ခုမှ သစ်သားဒုတ်များ၊ သံပိုက်များကို မနီးမဝေးတွင် အရံသင့်ဆောင်ထားပြီး လူစိမ်းမှန်သမျှအား သံသယဖြင့် စောင့်ကြည့်နေရသည့် လုံခြုံရေးကင်းစောင့်အစီအစဉ်သည် မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင် နှင့် မွတ်စ်လင်မ်တို့အကြားဆက်ဆံရေးမှာ မည်မျှဆိုးရွားနေကြောင်း ဖော်ပြရာ သင်္ကေတ တစ်ရပ် ဖြစ်လို့နေပါသည်။

    ၅၅ သန်းရှိ နိုင်ငံ့လူဦးရေ၌ ၉၀ % သည် ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး မွတ်စ်လင်မ်တို့မှာ ၄-၈ % အတွင်းသာရှိသည်ဟု ဆိုသည်။

    ဗြိတိသျှကိုလိုနီခေတ်ကာလကတည်းက ရန်ကုန်မြို့သည် လူမျိုးဘာသာယဉ်ကျေးမှုစုံယှဉ်တွဲနေထိုင်သော မြို့တစ်မြို့ ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့သည် မွတ်စ်လင်မ်၊ ခရစ်ယာန်၊ ဟိန္ဒူတို့နှင့် လက်ပွန်းတတီး နေထိုင်ခဲ့ကြသည်။ ဗလီ ၀တ်ကျောင်းတော်များ နှင့် ဘုရားစေတီများမှာ အရိပ်ချင်းပင် ထပ်နေခဲ့ပေသည်။

    ယခုသော်ကား လူ့အဖွဲ့အစည်းနှစ်ရပ်စလုံးအကြားတွင် စိုးရိမ်ထိတ်လန့်ခြင်း နှင့် သံသယ တည်းဟူသော အရောင်ဆိုးမှုကို ခံနေရပါသည်။

    တစ်နှစ်ကျော်အတွင်း မွတ်စ်လင်မ်ဦးရေ ၂၀၀ ခန့်အသက်ဆုံးရှုံးစေခဲ့သော အကြမ်းဖက်ခြင်း၏အရင်းအမြစ်ကို ကိုလိုနီခေတ်၏ဆိုးမွေတစ်စိတ်တစ်ပိုင်း၌ တွေ့ရ၏။ ထိုစဉ်က မြန်မာနိုင်ငံသို့ အိန္ဒိယသားများသည် ၀န်ထမ်းများ၊ စစ်သည်များအဖြစ် ရောက်လာခဲ့ကြသည်။ ၄င်းတို့အနက်အများစုမှာ မွတ်စ်လင်မ်များဖြစ်ကြသည်။ ထိုအချက်ကို ဗုဒ္ဓဘာသာမြန်မာတို့အတွင်း အာဃာတ ထားခဲ့ကြသည်။

    လတ်တစ်လောကာလများတွင် အစွန်းရောက်ဘုန်းတော်ကြီးများက ၄င်းသမိုင်းဆိုင်ရာမကြေလည်မှုအား ပြန်လည်တည်ဆောက်ကာ – မွတ်စ်လင်မ်တို့သည် ဗုဒ္ဓဘာသာဝင်များထက် ကလေးများပြားသဖြင့် ဗုဒ္ဓဘာသာဝင်တို့အား အင်အားဆုတ်ယုတ်စေသည် ဟူ၍ စိုးရိမ်ထိတ်လန့်မှုကို သွတ်သွင်းလျက်ရှိသည်။

    တစ်ချိန်က နိုင်ငံအကြီးဆုံးမြို့တော်ဖြစ်သည့် ရန်ကုန်မှာ အကြမ်းဖက်မှုများနှင့် အတော်အတန် လွတ်ကင်းနေဆဲ။ သို့သော် မကြီးကျယ်လှသည့်ပဋိပက္ခအနည်းငယ်ရှိခဲ့သဖြင့် စိုးရိမ်မှုကို ပိုမိုတိုးပွားစေပြီး၊ ဗုဒ္ဓဘာသာ နှင့် မွတ်စ်လင်မ် အသိုင်းအ၀ိုင်းနှစ်ရပ်စလုံးထံ၌ တိုက်ခိုက်မှုများဖြစ်ပွားတော့မည့်အလား ကောလဟလ ထုတ်လွှင့်ခြင်းလည်း ရှိနေသည်။

    မတ်လတွင် ဗုဒ္ဓဘာသာဝင်လူရမ်းကားတို့မှ မိတ္ထီလာမြို့အား ချေမွဖျက်ဆီးလိုက်သည့်ကာလနောက်ပိုင်း ထရပ်ကားနှစ်စီးအပြည့်နှင့်လူအချို့သည် ဦးညီညီ၏ နယ်မြေ၀န်းကျင်အတွင်း လှည့်ပတ်ကာ ညဥ့်ကင်းစောင့်နေသူများကို လေးခွဖြင့် ပစ်ခတ်ရန်စခဲ့ကြသည်။

    မွတ်စ်လင်မ်အချို့မှာ မလေးရှားသို့လည်းကောင်း၊ စင်္ကာပူသို့လည်းကောင်း နည်းလမ်းရှာ၍ အလွတ်ရုန်းသွားခဲ့ကြပြီ။ မွတ်စ်လင်မ်ပိုင်စီးပွားရေးလုပ်ငန်းများမှာလည်း ဗုဒ္ဓဘာသာဝင်ဖောက်သည်များ လျော့ပါးလာနေသည်။  နိုင်ငံ့ထိပ်တန်းခေါင်းဆောင်အချို့၏ ကောင်းချီးသြဘာပေးခြင်းခံရသော ၉၆၉ လှုပ်ရှားမှုသည် မွတ်စ်လင်မ်တို့၏ထုတ်ကုန်ပစ္စည်းများနှင့်လုပ်ငန်းများကို သပိတ်မှောက်ရန်၊ ဘာသာခြားများကို လက်ထပ်ထိမ်းမြားခြင်းမပြုရန် အပြင်းအထန် လှုံ့ဆော်လျက်ရှိနေသည်။

    ထိုလှုပ်ရှားမှုက အကြမ်းဖက်မှုများတွင် မိမိတို့ မပါဝင်ကြောင်း ဆိုလေ့ရှိသော်လည်း ၄င်းတို့၏ အမုန်းသွတ်သွင်းတရားများဟောပြောခြင်းကြောင့် သွေးချောင်းစီးသတ်ဖြတ်မှုများဖြစ်ပေါ်လာစေသည်ဟု ဝေဖန်ချက်များ ရှိနေသည်။

    (ဆူးလေ)စေတီတော်၊ ခရစ်ယာန်ဘုရားကျောင်း၊ ဟိန္ဒူဘုရားကျောင်းတစ်ခုစီနှင့် အကွာအဝေးအနည်းမျှ ၀ိုင်းရံတည်ရှိနေသော ဘန်ဂါလီဗလီ၏ ဂေါပကအဖွဲ့ဝင်တစ်ဦးဖြစ်သူ ထုတ်ကုန်သွင်းကုန်လုပ်ငန်းပိုင်ရှင် ဦးမောင်မောင်မြင့်က “ ဒီအဖြစ်မျိုးကို ကျွန်တော့်တစ်သက်မှာ ဒီတစ်ကြိမ်ဘဲ ကြုံဖူးသေးတယ် ” ဟု ပြောပြခဲ့သည်။ လူ့အဖွဲ့အစည်းများအကြား မယုံစားရဲ ဖြစ်နေကြသည်ကို သူက အထူးရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

    မိမိဘ၀တစ်လျှောက်လုံး မြန်မာလူမျိုးအဖြစ်ခံယူလာခဲ့ပြီးနောက်မှာမှ (မိမိတို့မွတ်စ်လင်မ်များမှာ) သစ္စာဖောက်ခံရသည်ဟု ခံစားရကြောင်း၊ စစ်အုပ်ချုပ်ရေးကာလအတွင်း နိုင်ငံရေးအပြောင်းအလဲအတွက် ဖြစ်ရပ်နှစ်ကြိမ်ထက်မနည်း အတိုက်အခံပြုဆန္ဒပြသူများနှင့် မွတ်စ်လင်မ်တို့မှ လက်တွဲခဲ့ကြသည့်အကြောင်းကို ဦးမောင်မောင်မြင့်က ဤသို့ပြောပြခဲ့၏။
    “ ကျွန်တော်တို့တစ်တွေ အမေရိကန်သံရုံးရှေ့ဖက်ကို ချီတက်သွားပြီး ဒီမိုကရေစီသာအလိုရှိကြောင်း ကြွေးကြော်ခဲ့ကြတယ်။ ကျွန်တော်တို့မျှော်လင့်တာက ဘ၀ရေးရာ ပိုမိုငြိမ်းချမ်းဖို့ပါ။ ဒီလိုဖြစ်လာဖို့ ကျွန်တော်တို့ မမျှော်လင့်ခဲ့ကြပါဘူး ”။
    မီးရှို့ဖျက်ဆီးမှုမှကာကွယ်ရန် လုံခြုံရေးကင်မရာတပ်ဆင်ထားပြီးဖြစ်သော ထိုဗလီဝတ်ကျောင်းတော်၏ တတိယထပ်၌ သောကြာဝတ်ပြုမှုအပြီး အင်တာဗျူးလုပ်စဉ် သူမှ ပြောပြခဲ့ခြင်းဖြစ်သည်။

    ယခု မြန်မာနိုင်ငံအား အုပ်ချုပ်နေသည်မှာ အမည်ခံအရပ်သားအစိုးရ ဖြစ်၏။ ၄င်းတို့က ရန်ငြိုးဟောင်းကို လွတ်လပ်မှုအသစ်ဖြင့် ချဲ့ကားလျက်ရှိ၏။

    အကြမ်းဖက်မှုအများအပြားကို ပြည်တွင်းပြည်ပသိအောင် ခေါင်းကြီးပိုင်း၌ တင်ကြသော်လည်း မကြီးမားသည့်ဖြစ်အင်များကိုမူ တင်ပြခြင်း မရှိကြချေ။ ရန်ကုန်၊ လှိုင်မြစ်တစ်ဖက်ကမ်းရှိ လှိုင်သာယာမြို့နယ်တွင် ဖေဖော်ဝါရီလအတွင်း ဗုဒ္ဓဘာသာဝင်လူတစ်စုမှ ဦးခင်မောင်ဌေး (၅၉ နှစ်) ၏ ကုန်စုံဆိုင်အား တိုက်ခိုက်ဖျက်ဆီးခဲ့သည့် အလားတူဖြစ်အင်မျိုးမှာ သတင်း၌ ဖော်ပြခြင်း မခံကြရ။ ဦးခင်မောင်ဌေးမှာ ရပ်ကွက်လူကြီးတစ်ဦးဖြစ်ပြီး၊ အခြေအနေ ဆိုးဝါးလာတော့မည်ကို သူ၏ ဗုဒ္ဓဘာသာဝင်မိတ်ဆွေအချို့မှ သတိပေးခဲ့ကြ၏။ ထို့ကြောင့် ရဲစခန်းသို့ ဖုန်းဆက်ရာ “ မပူပါနဲ့၊ ဘာပြဿနာမှ မဖြစ်ပါဘူး ” ဟု  ပြန်လည်ဖြေကြားခဲ့ကြသည်။

    ယင်းဗုဒ္ဓဘာသာဝင်လူသွမ်းအုပ်စုမှ တိုက်ခိုက်ကြသောအခါ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာသော်လည်း လူစုခွဲခြင်းကို ဆောင်ရွက်ပေးခြင်း မရှိသဖြင့် ဆိုင်ခန်းအဖျက်ခံရပြီး ဆိုင်းတွင်းရှိပစ္စည်းအားလုံး ဆုံးရှုံးသွားရသည်။ သူလည်း နေအိမ်ကို စွန့်ခွာပြီး ရန်ကုန်မြို့လယ်ရှိ ဆွေမျိုးသားချင်းများထံ ဒုက္ခသည်အဖြစ် သွားရောက်ခိုလှုံလိုက်ရသည်။ မိမိနေရာဟောင်းသို့  ပြန်သွားနေရန်ကြိုးစားသော်လည်း သူ၏ဖောက်သည်ဟောင်းများတစ်ချို့ပါဝင်သော နယ်ခံတို့က သူ့အား “ အိန္ဒိယကို ပြန်သွား၊ ဘင်္ဂလားဒေ့ရှ်ကို ပြန်သွား ” ဆိုပြီး အော်ဟစ် ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

    အကြမ်းဖက်မှုများအတွင်း မွတ်စ်လင်မ်များ တိုင်းပြည်မှထွက်သွားရန် ကြံစည်ပြောဆိုချက်သည် မိမိကိုမိမိ မြန်မာများအဖြစ် ထာဝစဉ် မှတ်ယူလာသော မွတ်စ်လင်မ်များစွာအား စိတ်ထိခိုက်သွားစေသည်။ ဦးခင်မောင်ဌေး၊ သူ့ဖခင် နှင့် သူ့အဖို့တို့အားလုံးမှာ မြန်မာပြည်ဖွားများသာ ဖြစ်ကြသည်။

    မြန်မာမွတ်စ်လင်မ်တို့သည် မတူကွဲပြားသည့် လူမျိုးနွယ်၊ အသွင်အပြင်အမျိုးမျိုးဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော လူ့အဖွဲ့အစည်းဖြစ်သည်။ လူ့အဖွဲ့အစည်းဝင်အချို့၌ အမျိုးသမီးများက ခေါင်းမြီးခြုံကြပြီး အမျိုးသားများက မုတ်ဆိတ် ထားကြသည်။ သို့ရာတွင် ထိုအချက်က မြန်မာ့လူ့အဖွဲ့အစည်းဝင်နှင့် ကွဲပြားခြားနားအောင် ပြုလုပ်လိုက်သကဲ့သို့ ဖြစ်သွားသည်ဟု ဆိုကြသည်။

    မိမိ၏ဖောက်သည် ၉၀ % ခန့်မှာ ဗုဒ္ဓဘာသာဝင်များပင်ဖြစ်၏။ သို့သော် ဤနှစ်အစောပိုင်းမှစ၍ ၄င်းတို့အနက် အတော်များများမှာ ရောက်မလာကြတော့။ ၄င်းမှာ ပထမဆုံး ချိုးနှိမ်ခွဲခြားဆက်ဆံခံရမှုအဖြစ် မိမိမှ ခံစားခဲ့ရသည်ဟု ဦးခင်မောင်ဌေးက ပြောခဲ့သည်။

    မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များသည် မွတ်စ်လင်မ်တို့အပေါ် မနှစ်မြို့မှုကို မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုတတ်ကြသည်။

    ရန်ကုန်မြို့မှ အောင်မြင်သောစားသောက်ဆိုင်တစ်ဆိုင်၏ ပိုင်ရှင်ဖြစ်သူ ဦးစိုးညီညီ က မိမိသည် မွတ်စ်လင်မ်များကို လုပ်သားအဖြစ်ခန့်အပ်ခြင်းမှ များသောအားဖြင့် ရှောင်ကြဉ်လေ့ရှိကြောင်း “ သူတို့ရဲ့စိတ်သဘောထား၊ သူတို့ရဲ့ ဟန်အမူအရာ၊ သူတို့ရဲ့အကျင့်စရိုက်တွေက ကျွန်တော်တို့နဲ့ အလွန်ကွာခြားနေပါတယ် ” ဟူ၍ ဆိုသည်။ သူ၏ လုပ်သား ၁၈၀၀ အနက် ကားရပ်နေရာအစောင့် နှင့် အအေးဖျော်သူ နှစ်ဦးသာ မွတ်စ်လင်မ်ဝန်ထမ်းများ ဖြစ်ကြသည်။

    မြေယာရောင်းဝယ်မှုလုပ်ငန်းတွင်လည်း အဆောက်အဦပိုင်ရှင် ဗုဒ္ဓဘာသာဝင်တို့က မွတ်စ်လင်မ်တို့အား တိုက်ခန်းများ ရောင်းချပေးလိုခြင်း မရှိကြချေ။ “ တကယ်လို့ မွတ်စ်လင်မ်မိသားစုတစ်စုကို အခန်းတစ်ခန်းရောင်းပေးလိုက်ယင် အဆောက်အဦတစ်ခုလုံးရဲ့ဈေးနှုန်းကျဆင်းသွားလိမ့်မယ် ” ဟု ဦးစိုးညီညီကပင် ပြောပြခဲ့၏။ အိန္ဒိယမှ ဓာတ်ငွေ့မီးဖိုများ တင်သွင်းရောင်းချသူ ဦးမြင့်သိန်းက အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး မိမိ၏ကလေးငယ်တို့အား နားလည်အောင် ရှင်းပြရန် မလွယ်ကူပါဟု ဆိုကာ ဤသို့ ပြောကြားပါတော့သည်။

    “ ဒီတုန်လှုပ်ဖွယ်ကိစ္စတွေ မကြားမိစေအောင် ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့် သူတို့ ကြားသိသွားခဲ့တယ်။ ဒီနိုင်ငံကိုစွန့်ခွာဖို့ ကျွန်တော့်အနေနဲ့ တစ်သက်နဲ့တစ်ကိုယ် မစဉ်းစားခဲ့ဖူးပါဘူး။ ဒါပေမယ့် ဒီလိုရှေ့ဆက်ဖြစ်ပျက်နေမှုကြားမှာ ကလေးတွေကို မနေထိုင်မရှင်သန်စေချင်တော့ဘူးဗျာ ”။

     

    **  အမေရိကန်ပြည်ထောင်စုမှ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်ထုတ် နျူးယော့ခ်တိုင်းမ် မဂ္ဂဇင်းတွင်  ဖော်ပြလိုက်သော Myanmar’s Muslim Minority Confronts Fear and Mistrust ဆောင်းပါးကို သာကီထက်ကောင်းမှ မြန်မာလိုဆီလျော်အောင်ပြန်ဆိုသည်။ မူရင်း ဆောင်းပါးရှင်မှာ သောမတ်စ်ဖူလာ ( Thomas Fuller ) ဖြစ်သည်။ **