News @ M-Media

Tag: Netherlands

  • ဘော့စနီးယား လူမျိုးတုန်းသတ်ဖြတ်မှုတွင် တစ်စိတ်တစ်ပိုင်း တာဝန်ရှိကြောင်း နယ်သာလန် ၀န်ခံ

    ဘော့စနီးယား လူမျိုးတုန်းသတ်ဖြတ်မှုတွင် တစ်စိတ်တစ်ပိုင်း တာဝန်ရှိကြောင်း နယ်သာလန် ၀န်ခံ

    ဇူလိုင် ၁၉၊ ၂၀၁၉
    M-Media

    ဘော့စနီးယား လူမျိုးတုန်းသတ်ဖြတ်မှုမှ အလောင်းများကို တူးဖော်စစ်ဆေးမှု

    -၁၉၉၀ ပြည့်နှစ်တွေက ဘော့စနီးယားမှာ ဆာ့ဘ်တပ်ဖွဲ့တွေက ဘော့စနီယက် မွတ်စလင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုအတွက် မိမိတို့မှာ တာဝန်ရှိတယ်လို့ နယ်သာလန်နိုင်ငံက ဒီကနေ့မှာ ၀န်ခံလိုက်ပါတယ်။

    ၁၉၉၅ ခုနှစ်က ဆရီဘရီနီကာမှာရှိတဲ့ ကုလ ငြိမ်းချမ်းရေးတပ်ဖွဲ့ အခြေစိုက်စခန်းမှာ ဘော့စနီယက်အမျိုးသား ၃၅၀ လာရောက်ခိုလှုံတာကို နယ်သာလန်တပ်ဖွဲ့တွေက အ၀င်မခံခဲ့ပါဘူး။ နောက်ပိုင်းမှာ အဲဒီလူတွေကို ဆာ့ဘ်တွေက သတ်ဖြတ်ခဲ့ပါတယ်။

    ဒီလို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအတွက် နယ်သာလန်အစိုးရက တာဝန်ယူရမယ်ဆိုတဲ့ အရင်က ဆုံးဖြတ်ချက်ကို နယ်သာလန် တရားရုံးချုပ်က ဒီကနေ့မှာ ထပ်မံအတည်ပြုခဲ့ပြီး၊ တာဝန်ရှိမှု ရာခိုင်နှုန်းကိုလည်း ၁၀ ရာခိုင်နှုန်း သတ်မှတ်ခဲ့ပါတယ်။

    “တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို အစိုးရက လက်ခံပါတယ်။ တရားရုံးချုပ်က ဆုံးဖြတ်ချက်အတိုင်း ထိခိုက်ဆုံးရှုံးမှုတွေအတွက် အစိုးရက တာဝန်ယူသွားမှာပါ” လို့ နယ်သာလန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဆားဘီးယား၊ ခရိုအေးရှား၊ ဘော့စနီးယား၊ မွန်တီနီဂရိုးနဲ့ ပတ်ဝန်းကျင်က အခြားနိုင်ငံငယ်တွေကို ပေါင်းပြီး ‘ဆာ့ဘ်အမျိုးသား နိုင်ငံတော်’ ထူထောင်ချင်တဲ့ ဆာ့ဘ်တပ်ဖွဲ့တွေဟာ ဘော့စနီးယားစစ်ပွဲအတွင်း ဘော့စနီယက်နဲ့ ခရိုအက်လူမျိုးတွေကို အစုလိုအပြုံလိုက် သတ်ဖြတ်ခဲ့ပါတယ်။

    ဆရီဘရီနီကာမှာ ဆာ့ဘ်တပ်ဖွဲ့တွေဟာ ၆ ရက်အတွင်း ဘော့စနီယက် အမျိုးသားနဲ့ ယောင်္ကျားလေး စုစုပေါင်း ၈၀၀၀ လောက် သတ်ဖြတ်ခဲ့ပြီး ဒါဟာ ဒုတိယကမ္ဘ္ဘာစစ်နောက်ပိုင်း ဥရောပမြေက အဆိုးဝါးဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး ဖြစ်ပါတယ်။ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက ဒီသတ်ဖြတ်မှုကို လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် သတ်မှတ်ခဲ့ပြီး ကျူးလွန်သူတွေကို အရေးယူ အပြစ်ပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    ဆရီဘရီနီကာက လူ ၃၅၀ အသတ်ခံရတဲ့ကိစ္စမှာ ၁၀ ရာခိုင်နှုန်း တာဝန်ရှိတယ်လို့ နယ်သာလန်က ၀န်ခံခဲ့တာကြောင့် ထိခိုက်ခံစားရသူတွေရဲ့ ကျန်ရစ်သူတွေကို နစ်နာကြေး ပေးသွားဖို့လည်း ရှိနေပါတယ်။

    တရားမျှတမှု

    ၁၉၉၅ ခုနှစ် ဘော့စနီးယားစစ်ပွဲအတွင်း ကုလဟာ ဘေးကင်းဇုန်တစ်ခု ဖန်တီးပြီး ထောင်နဲ့ချီတဲ့ ဘော့စနီယက် မွတ်စလင်တွေကို အဲဒီမှာ ထိန်းသိမ်းထားခဲ့ပါတယ်။ အဲဒီဘေးကင်းဇုန်ကို ကာကွယ်ဖို့အတွက် ရာနဲ့ချီတဲ့ ဒက်ခ်ျတပ်ဖွဲ့ဝင်တွေကို တာဝန်ပေးခဲ့တာပါ။

    နယ်သာလန်တရားရုံးချုပ်က ဆာ့ဘ်တွေ နှိပ်စက်၊ သတ်ဖြတ်မယ်ဆိုတာကို သိသိကြီးနဲ့ ဒက်ခ်ျတပ်ဖွဲ့ဝင်တွေဟာ ဘော့စနီယက် အမျိုးသား ၃၅၀ ကို ဘေးကင်းဇုန်ထဲ မခေါ်ထားဘဲ ဆာ့ဘ်တွေလက်ထဲ အပ်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    တရားလိုရှေ့နေတစ်ဦးက တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို လေ့လာကာ ဥရောပလူ့အခွင့်အရေးကော်မရှင်ကို တက်သင့်၊ မတက်သင့် စဉ်းစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆာ့ဘ်တွေ လူ ၃၅၀ သတ်ဖြတ်မှုမှာ တာဝန်ရှိတယ်ဆိုတဲ့ အောက်ရုံးဆုံးဖြတ်ချက်ကို တရားရုံးချုပ်က ထပ်မံအတည်ပြုခဲ့ပေမယ့်၊ “ဘေးကင်းဇုန်အပြင်ဘက်မှာရှိနေတဲ့ အဲဒီလူတွေကို ဖယ်ရှားရာမှာ ဒက်ခ်ျတပ်တွေ ပါဝင်မှုဟာ ဥပဒေချိုးဖောက်မှုဖြစ်တယ်” ဆိုတဲ့ စွဲချက်ကိုတော့ ပယ်ချခဲ့ပါတယ်။

    Ref: Reuters

  • နယ်သာလန်ဘုရင် ဝီလီယံ မွတ်စလင်များနှင့်အတူ စုပေါင်းဝါဖြေ

    နယ်သာလန်ဘုရင် ဝီလီယံ မွတ်စလင်များနှင့်အတူ စုပေါင်းဝါဖြေ

    မေ ၁၈၊ ၂၀၁၉
    M-Media

    နယ်သာလန်ဘုရင် ဝီလီယံ အလက်ဇန်းဒါး (ရွှေရောင်ဆံပင်ဖြင့်)

    – နယ်သာလန်ဘုရင် ဝီလီယံ အလက်ဇန်းဒါးဟာ မနေ့က သည်ဟေ့ဂ်မြို့မှာ အစ္စလာမ်ဘာသာဝင်တွေနဲ့အတူ စုပေါင်းဝါဖြေခဲ့တယ်လို့ သိရပါတယ်။

    ဘုရင် ဝီလီယံဟာ အစ္စလာမ်ဘာသာဝင်တွေ စုပေါင်းဝါဖြေတဲ့ Mandelaplein စင်တာကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲနဲ့ ရုတ်တရက် လာရောက်ခဲ့တာဖြစ်ပြီး ပြည်သူတွေက အံ့အားသင့်သွားခဲ့ကြပါတယ်။ ဘုရင်ကတော့ ပြည်သူတွေ ၀န်ထုပ်ဝန်ပိုး ဖြစ်မှာစိုးတဲ့အတွက် ကြိုတင်အကြောင်းမကြားတာလို့ ပြောကြားခဲ့ပါတယ်။

    အဲဒီ အစ်ဖ်သာရ်ဝါဖြေပွဲမှာ အခြားသော ဘာသာဝင်တွေလည်း ပါဝင်ခဲ့ကြပါတယ်။

    ဘုရင်ဝီလီယံဟာ စင်တာအတွင်းက စားပွဲတွေကို လှည့်လည်စားသောက်ခဲ့ပြီး ဝါဖြေသူတွေ၊ စင်တာလုပ်သားတွေနဲ့လည်း စကားစမြည် ပြောဆိုခဲ့ပါတယ်။ Mandelaplein စင်တာရဲ့အကြောင်း၊ စင်တာမှာ လုပ်ဆောင်နေတဲ့ လှုပ်ရှားမှုတွေအကြောင်းကိုလည်း ဘုရင်က မေးမြန်းခဲ့ပါတယ်။

    စင်တာမှာ လုပ်အားပေးတဲ့ နီဒီးရ် အဘ်ဒဲလ် မူမင်က ဘုရင်ကြီးကို ရုတ်တရက်တွေ့လိုက်ရတဲ့အချိန်မှာ ပြောစရာစကား ရှာမတွေ့ခဲ့ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။

    “ဘာအကြောင်း ပြောရမလဲ၊ နိုင်ငံရေးအကြောင်းပဲ ပြောရမလားပေါ့။ ဘုရင်ကြီးက မော်ရိုကိုရောက်တုန်း သူ သွားလည်ခဲ့တဲ့ဒေသအကြောင်းတွေ ပြောတော့မှပဲ အဆင်ပြေသွားတယ်။ ဒီဝါဖြေပွဲဟာ သူ့အတွက် ပထမဆုံး ဝါဖြေပွဲဖြစ်တယ်လို့ ဘုရင်ကြီးက ပြောခဲ့ပြီး ကျွန်တော်တို့ကလည်း လိုလေသေးမရှိ ပြုစုခဲ့ပါတယ်”

    Ref: NL Times

  • နယ်သာလန်နိုင်ငံရှိ ဓာတ်ရထားတစ်ခုတွင် ပစ်ခတ်မှုဖြစ်၊ ၃ ဦးသေဆုံး

    နယ်သာလန်နိုင်ငံရှိ ဓာတ်ရထားတစ်ခုတွင် ပစ်ခတ်မှုဖြစ်၊ ၃ ဦးသေဆုံး

    မတ် ၁၈၊ ၂၀၁၉
    M-Media

    သံသယရှိသူ ဂေါ့က်မန် တာနစ်

    – နယ်သာလန်နိုင်ငံ အူထရက်ခ်ျမြို့က ဓာတ်ရထားတစ်စီးမှာ သေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး အာဏာပိုင်တွေက သံသယရှိသူ တူရကီနိုင်ငံသားကို လိုက်လံရှာဖွေနေပါတယ်။

    ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူဟာ ၉ ဦး ရှိနေပါတယ်။ နယ်သာလန်ရဲတပ်ဖွဲ့က သေနတ်သမားဟာ အသက် ၃၇ နှစ်အရွယ် တူရကီနိုင်ငံသား ဂေါ့က်မန် တာနစ်ဆိုသူဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်တယ်လို့ သုံးသပ်ကြောင်း ပြောကြားခဲ့ပါတယ်။

    သေနတ်သမားဟာ ထွက်ပြေးနေကာ ပြည်သူတွေအနေနဲ့ သတိရှိဖို့၊ သေနတ်သမားကိုတွေ့တဲ့အခါ ရင်ဆိုင်ခြင်းမပြုဘဲ ရဲတပ်ဖွဲ့ကို သတင်းပေးဖို့ ရဲတပ်ဖွဲ့က တိုက်တွန်းထားပြီး လုံခြုံရေးကင်မရာကနေ ရယူထားတဲ့ သံသယရှိသူရဲ့ ဓာတ်ပုံကိုလည်း ထုတ်ပြန်ထားပါတယ်။

    သေနတ်သံတွေကို အခင်းဖြစ်ပွားရာတစ်ဝိုက် နေရာတော်တော်များများမှာ ကြားရတယ်လို့ သတင်းတွေရှိပေမယ့် သီးခြားအတည်ပြုချက်မရသေးဘူးလို့ နယ်သာလန် အကြမ်းဖက်နှိမ်နှင်းရေး ညှိနှိုင်းရေးမှူး ပီတာ ဂျက် အလ်ဘာစ်ဘာ့ဂ်က ပြောပါတယ်။

    ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် နိုင်ငံတစ်ဝှမ်း ရဲတပ်ဖွဲ့ကို တပ်လှန့်ထားသလို၊ လေဆိပ်၊ ရထားဘူတာတွေ၊ အဓိကလမ်းမတွေကို စစ်တပ်တွေ စေလွှတ်ထားပါတယ်။ ပြည်သူတွေအနေနဲ့ အိမ်ထဲမှာနေကြဖို့လည်း အစိုးရက တိုက်တွန်းထားပါတယ်။

    Ref: BBC, RT

  • ပါလက်စတိုင်းဒေသများကို မွေးရပ်အဖြစ် နယ်သာလန်က ထည့်ခွင့်ပြု

    ပါလက်စတိုင်းဒေသများကို မွေးရပ်အဖြစ် နယ်သာလန်က ထည့်ခွင့်ပြု

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၉
    M-Media

    – တိုင်းပြည်အတွင်းက ပါလက်စတိုင်းနွယ်ဖွားတွေရဲ့ မွေးရပ်ကို ပါလက်စတိုင်းပိုင်နက်အမည်တွေ ထည့်ခွင့်ပေးမယ်လို့ နယ်သာလန်နိုင်ငံက ကြေငြာလိုက်ပါတယ်။

    နယ်သာလန်နိုင်ငံဟာ ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ် မပြုသေးပါဘူး။ ဒါပေမယ့် အစ္စရေးနိုင်ငံ ဖြစ်ပေါ်လာတဲ့ ၁၉၄၈ ခုနှစ် မေလ ၁၅ ရက်နေ့နောက်ပိုင်း မွေးဖွားတဲ့ ပါလက်စတိုင်းနွယ်ဖွားတွေရဲ့ မွေးရပ်ကို အရှေ့ဂျေရုစလင်၊ အနောက်ဖက်ကမ်းနဲ့ ဂါဇာကမ်းမြှောင် စသဖြင့် ပါလက်စတိုင်းပိုင်နက်တွေ ထည့်ခွင့်ပြုမှာ ဖြစ်ပါတယ်။

    အရင်က နယ်သာလန်နိုင်ငံမှာရှိတဲ့ ပါလက်စတိုင်းနွယ်ဖွားတွေရဲ့ မွေးရပ်ကို ‘အစ္စရေး’ ဒါမှမဟုတ် ‘အမည်မသိ’ လို့ ထည့်ကြတာ ဖြစ်ပါတယ်။

    စနေနေ့ ဒက်ခ်ျ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ နိုင်ငံရဲ့ အရက်ဖက် မှတ်ပုံတင်ဌာနမှာ ဂါဇာကမ်းမြှောင်နဲ့ အနောက်ဖက်ကမ်းကို ထည့်သွင်းလိုက်တယ်လို့ ဖော်ပြထားပါတယ်။

    အစ္စရေးနဲ့ မသက်ဆိုင်

    ကမ္ဘာတစ်ဝှမ်းကနေ ပါလက်စတိုင်းကို ၀င်ရောက်လာတဲ့ ဂျူးတွေဟာ ဌာနေတွေရဲ့ ပိုင်နက်တွေကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် ၁၉၄၈ ခုနှစ်က အစ္စရေးနိုင်ငံအဖြစ် ထူထောင်ခဲ့တာကြောင့် သမိုင်းဝင်ပါလက်စတိုင်းရဲ့ ဒေသတော်တော်များများ ဆုံးရှုံးခဲ့ပြီး အနောက်ဖက်ကမ်းနဲ့ ဂါဇာကမ်းမြှောင်ဆိုတဲ့ ဒေသနှစ်ခုသာ ကျန်ရစ်ခဲ့ပါတယ်။

    ဒါပေမယ့် အဲဒီဒေသတွေဟာလည်း အစ္စရေးရဲ့ ပိတ်ဆို့မှု၊ တစ်ဖြည်းဖြည်း ကျူးကျော်သိမ်းပိုက်မှုတွေကို ယနေ့အချိန်အထိ ဆက်လက်ခံစားနေရပါတယ်။

    ဒက်ခ်ျနိုင်ငံခြားရေးဝန်ကြီး ရေမွန်နော့ပ်စ်က နယ်သာလန်အနေနဲ့ အနောက်ဖက်ကမ်းနဲ့ ဂါဇာကမ်းမြှောင်ကို ပါလက်စတိုင်းတွေရဲ့ မွေးရပ်မြေအဖြစ် သတ်မှတ်တာဟာ အစ္စရေးရဲ့ အချုပ်အခြာအာဏာ ဒီသေတွေအပေါ်မှာ မရှိဘူးဆိုတဲ့အချက်၊ ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် လက်မခံသေးတဲ့ နယ်သာလန်ရဲ့ ပေါ်လစီတွေနဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ၁၉၉၀ ပြည့်နှစ်တွေက အစ္စရေးနဲ့ ပါလက်စတိုင်းတို့ ချုပ်ဆိုခဲ့တဲ့ အော်စလိုသဘောတူညီချက်၊ အဲဒီနောက်ပိုင်း ပေါ်ထွက်လာတဲ့ ကုလရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာတာဖြစ်တယ်လို့လည်း ၀န်ကြီးက ပြောပါတယ်။

    ပါလက်စတိုင်းနွယ်ဖွား နယ်သာလန်နိုင်ငံသားတစ်ဦးက သူ့ရဲ့ မွေးရပ်မြေနေရာမှာ အစ္စရေးလို့ ထည့်ထားတာကို မကျေနပ်တဲ့အတွက် ဥရောပ လူ့အခွင့်အရေးခုံရုံးကို တိုင်ကြားပြီးတဲ့နောက်ပိုင်း နယ်သာလန်က အခုလို ပေါ်လစီ ပြောင်းလဲပေးလိုက်တာ ဖြစ်ပါတယ်။

    ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း ၁၃၆ နိုင်ငံနဲ့ ကုလအထွေထွေညီလာခံတို့က ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုထားပေမယ့် ဥရောပနိုင်ငံအများစုက အသိအမှတ်မပြုသေးဘဲ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိအောင် စောင့်ဆိုင်းနေကြပါတယ်။

    Ref: Aljazeera

  • နယ်သာလန်ရှိ ကက်သလစ်ဘုန်းကြီးများ လိင်ကျူးလွန်မှုသတင်း ထွက်ပေါ်

    နယ်သာလန်ရှိ ကက်သလစ်ဘုန်းကြီးများ လိင်ကျူးလွန်မှုသတင်း ထွက်ပေါ်

    စက်တင်ဘာ ၁၇၊ ၂၀၁၈
    M-Media

    – ရိုမန်ကက်သလစ်ဘုန်းကြီးတွေက ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကို နယ်သာလန် ကက်သလစ်အသင်းတော် ထိပ်ပိုင်းဘုန်းကြီးတွေက ဖုံးကွယ်ပေးခဲ့တယ်လို့ သတင်းထွက်လာပါတယ်။

    ဒက်ခ်ျသတင်းစာတစ်စောင်ဖြစ်တဲ့ NRC က အခုရက်ပိုင်းမှာ ဖော်ပြခဲ့တာဖြစ်ပြီး သူတို့ရဲ့ စုံစမ်းဖော်ထုတ်မှုအရ ၁၉၄၅ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း ကက်သလစ်ဘုန်တော်ကြီးတွေရဲ့ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ဒက်ခ်ျကက်သလစ်အသင်းတော်က တာဝန်ရှိတဲ့ ဂိုဏ်းအုပ်ဘုန်းတော်ကြီးတွေ၊ ကာဒီနယ် ဒါဇင်ဝက်ကျော်ကျော်လောက်က သိရှိခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီထဲက ၄ ဦးကလည်း ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုလုပ်ခဲ့တယ်လို့ သတင်းစာက ဖော်ပြပါတယ်။

    ဒက်ခ်ျ ရိုမန်ကက်သလစ်အသင်းတော်က ထိပ်ပိုင်းခေါင်းဆောင်တွေဟာ လိင်ကျူးလွန်တဲ့ ဘုန်းကြီးတွေကို ကာကွယ်ကာ သာသနာနယ်ပြောင်းရွှေ့တာတွေ၊ တစ်ခါတစ်ရံ အကြိမ်ကြိမ် ပြောင်းရွှေ့တာတွေ လုပ်ခဲ့တယ်လို့ NRC ရဲ့ စုံစမ်းမှုမှာ တွေ့ခဲ့ရပါတယ်။

    ဒါ့အပြင် ကျူးလွန်မှုသတင်းတွေကို မပြန့်နှံ့အောင် ထိပ်ပိုင်းဘုန်းကြီးတွေက လုပ်ဆောင်ခဲ့ပြီး မှတ်တမ်းမှတ်ရာတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

    ဒီလို ဖုံးကွယ်တာကြောင့် ကျူးလွန်ခံရသူအရေအတွက်ဟာ နှစ်ကြာလာတာတဲ့အမျှ မြင့်တက်လာခဲ့တယ်လို့ ကျူးလွန်ခံရသူတွေကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောကြားခဲ့ပါတယ်။

    ခရစ်ယာန် ရိုမန်ကက်သလစ်အသင်းတော်က ဘုန်းကြီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြဿနာ ပေါ်ပေါက်လာတာဟာ နယ်သာလန်နိုင်ငံတစ်ခုတည်းမဟုတ်ဘဲ ပြီးခဲ့တဲ့နှစ်တွေအတွင်း အမေရိကန်၊ သြစတေးလျ၊ အိုင်ယာလန်နဲ့ ဂျာမနီနိုင်ငံတို့မှာလည်း ဒီလိုပြဿနာတွေ ပေါ်ထွက်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့လက အမေရိကန်ပြည်စု ပင်ဆဲလ်ဗားနီးယားပြည်နယ် အစိုးရဟာ ကက်သလစ်ဘုန်းတော်ကြီးတွေ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုနဲ့ပတ်သက်ပြီး ၂ နှစ်ကြာစုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး ဘုန်းကြီး ၃၀၀ ကျော်က ကလေးငယ်ပေါင်း တစ်ထောင်ကျော်ကို ကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    ဘုန်းကြီးတွေ ဒီလိုကျူးလွန်မှုနဲ့ပတ်သက်ပြီး ကက်သလစ်အာဏာပိုင်ဌာနချုပ်ဖြစ်တဲ့ ဗာတီကန်ကပါ ဖုံးကွယ်မှုတွေရှိခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ပြီး ဗာတီကန်ကတော့ ဒီကိစ္စကို ဖြေရှင်းသွားမယ်လို့ ကတိပြုထားပါတယ်။

    Ref: Aljazeera