News @ M-Media

Tag: Noble Prize

  • နေ့စဉ် ဇီဝရုပ်ပြောင်းလဲမှုကို ရှင်းပြနိုင်သည့် သိပ္ပံပညာရှင်များ နိုဘယ်ဆုရ

    နေ့စဉ် ဇီဝရုပ်ပြောင်းလဲမှုကို ရှင်းပြနိုင်သည့် သိပ္ပံပညာရှင်များ နိုဘယ်ဆုရ

    အောက်တိုဘာ ၃၊ ၂၀၁၇
    M-Media

    – လူသား၏ ‘ဇီဝရုပ် ပြောင်းလဲမှု’ ကို ထိန်းချုပ်နေသည့် မော်လီကျူးလုပ်ငန်းစဉ်ကို ရှာဖွေတွေ့ရှိခဲ့သည့်အတွက် အမေရိကန် သိပ္ပံပညာရှင် ၃ ဦးမှာ ၂၀၁၇ ခုနှစ်အတွက် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို ရရှိခဲ့သည်ဟု သိရသည်။

    ဂျက်ဖရီဟောလ်၊ မိုက်ကယ်ရို့စ်ဘက်ရှ်နှင့် မိုက်ကယ်ယန်းတို့ဖြစ်ပြီး ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို ရရှိခဲ့ကြောင်း နိုဘယ်ဆုရွေးချယ်ချီးမြှင့်ရေးအဖွဲ့က ယမန်နေ့တွင် ကြေငြာခဲ့သည်။

    အဆိုပါရှာဖွေတွေ့ရှိမှုက အချိန်သတ်မှတ်ဇုန်မတူညီသော ဒေသများသို့ လူအများခရီးထွက်သည့်အခါ အိပ်ပျော်ရန်ခက်ခဲမှုဖြစ်ပေါ်ရခြင်းနှင့် အချို့သော ရောဂါဝေဒနာဖြစ်ပေါ်နိုင်ချေ မြင့်မားလာမှုနှင့်ပတ်သက်၍ ရှင်းပြနိုင်ခဲ့သည်။

    “သူတို့သုံးယောက်ရဲ့ ရှာဖွေတွေ့ရှိမှုက အပင်၊ လူနဲ့ တိရစ္ဆာန်တွေအနေနဲ့ ကမ္ဘာလည်ပတ်မှုနဲ့ လိုက်လျော်ညီထွေဖြစ်အောင် ဇီဝညီညွတ်မှုဟာ ဘယ်လိုသင့်လျော်စွာ ပြုပြင်နေထိုင်သွားနိုင်လဲဆိုတာကို ရှင်းပြနိုင်ခဲ့ပါတယ်” ဟု နိုဘယ်ဆု ချီးမြှင့်ရေး ကော်မတီက ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ၎င်းတို့ ၃ ဦးမှာ နေ့စဉ် ပုံမှန် ဇီဝရုပ်ညီညွတ်မှုကို ထိန်းချုပ်ထားသော ဗီဇတစ်ခုကို ယင်ကောင်များမှ ထုတ်ယူကာ အဆိုဗီဇမှာ ညပိုင်းတွင် ဆဲလ်အတွင်း ပရိုတိန်းများကို စုစည်းခြင်း၊ နေ့ပိုင်းတွင် လျှော့ချခြင်းတို့ ပြုလုပ်မှုကို သက်သေပြခဲ့သည်။

    ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို နှစ်စဉ် ပထမဆုံး ချီးမြှင့်လေ့ရှိပြီး ဆုကြေးမှာ ကန်ဒေါ်လာ ၁.၁ သန်းဖြစ်သည်။

    Ref; Khaleejtimes

  • ၂၀၁၇ ရူပဗေဒ နိုဘယ်ဆုကို ကန် သိပ္ပံပညာရှင် ၃ ဦး ရရှိ

    ၂၀၁၇ ရူပဗေဒ နိုဘယ်ဆုကို ကန် သိပ္ပံပညာရှင် ၃ ဦး ရရှိ

    အောက်တိုဘာ ၃၊ ၂၀၁၇
    M-Media

    ဆုကြေနေစဉ်

    – ၂၀၁၇ ခုနှစ်အတွက် ရူဗေဒဆိုင်ရာ နိုဘယ်ဆုကို အာကာသအတွင်း ဆွဲအားလှိုင်းများကို ရှာဖွေတွေ့ရှိခဲ့သည့် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားနည်းပညာတက္ကသိုလ်မှ သိပ္ပံပညာရှင် သုံးဦးက ရရှိခဲ့သည်ဟု သိရသည်။

    အသက် ၈၅ နှစ်အရွယ် ရိန်နာ ၀စ်၊ ၇၇ နှစ်အရွယ် ကစ်ပ် သရုန်းနှင့် ၈၁ နှစ်အရွယ် ဒေါက်တာ ဘယ်ရီ ဘာရစ်ရှ်တို့ဖြစ်ပြီး လွန်ခဲ့သည့် နှစ် ၁၀၀ အရင်က ‘Relativity သီအိုရီ’တွင် အိုင်းစတိုင်းနမိတ်ဖတ်ခဲ့သည့် အဆိုပါလှိုင်းများကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက တက္ကသိုလ်ရှိ Laser Interferometer Gravitational-Wave Observatory (Ligo) အဖွဲ့က တွေ့ရှိမှုတွင် ၎င်းတို့ ၃ ဦးမှာ အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

    ထိုတွေ့ရှိမှုကို ရာစုနှစ်တစ်ခုအတွင်း သိပ္ပံပညာရှင်များ၏ အကြီးဆုံး ဖော်ထုတ်တွေ့ရှိမှုဟု သမုတ်ခံခဲ့ရသည်။

    “သူတို့ရဲ့ တွေ့ရှိမှုဟာ ကမ္ဘာကြီးကို တုန်လှုပ်သွားစေပါတယ်” ဟု ယနေ့တွင် ဆုကြေငြာခဲ့သည့် ဆွီဒင် တော်ဝင် သိပ္ပံအကယ်ဒမီ အကြီးအကဲ ဂိုရန် ဟန်ဆန်က ပြောကြားခဲ့သည်။

    အဆိုပါ ဆွဲအားလှိုင်း ဖော်ထုတ်နိုင်မှု၏ အဓိကကျသူများတွင် ဗြိတိသျှ သိပ္ပံပညာရှင် ရော်နယ် ဒရီဗာ ပါဝင်ခဲ့သော်လည်း ယခုနှစ်အစောပိုင်းက ကွယ်လွန်ခဲ့သောကြောင့် ဆုနှင့် လွဲချော်ခဲ့ရသည်။

    Ref: Telegraph

  • ၂၀၁၆ စာပေဆိုင်ရာနိုဘယ်ဆုကို အမေရိကန် ဂီတပညာရှင်တစ်ဦး ရရှိ

    ၂၀၁၆ စာပေဆိုင်ရာနိုဘယ်ဆုကို အမေရိကန် ဂီတပညာရှင်တစ်ဦး ရရှိ

    အောက်တိုဘာ ၁၃၊ ၂၀၁၆
    M-Media

    poet

    – ၂၀၁၆ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆုကို အမေရိကန်တေးဂီတလောကမှ နာမည်ကျော် အဆိုတော်နှင့် တေးရေးဆရာ ဘော့ဘ် ဒိုင်လန်က ရရှိသွားခဲ့သည်ဟု သိရသည်။

    ဒိုင်လန်ရရှိမှုကို နိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့က ယနေ့တွင် ကြေငြာခဲ့ခြင်းဖြစ်ပြီး၊ ဂီတပညာရှင်တစ်ယောက်အနေဖြင့် ပထမဆုံး နိုဘယ်ဆုရရှိသူ ဖြစ်လာခဲ့သည်။ အသက် ၇၄ နှစ်အရွယ်ရှိ ဒိုင်လန်မှာ နိုဘယ်ဆု ဇကာတင်စာရင်းတွင် နှစ်အတော်ကြာ ပါဝင်ခဲ့သော်လည်း ယခုနှစ်တွင်မှ အံ့သြဖွယ် ရရှိခဲ့ခြင်းဖြစ်သည်။

    ဒိုင်လန်မှာ ၁၉၆၀ ပြည့်နှစ်များကတည်းက အမေရိကန် ဂီတလောကတွင် အဆိုတော်၊ တေးရေးဆရာတစ်ယောက်အနေဖြင့် လွှမ်းမိုးခဲ့ခြင်းဖြစ်သည်။

    “ဒိုင်လန်ဟာ အထင်ကရပုဂ္ဂိုလ်တစ်ဦးပါ။ ခေတ်ပြိုင်ဂီတလောကမှာ သူ့ရဲ့ သြဇာလွှမ်းမိုးမှုဟာ မယုံနိုင်စရာပါပဲ” ဟု နိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

    ၎င်းရေးသားခဲ့သည့် သီချင်းများတွင် Blowin’ in the Wind၊ Masters of War၊ A Hard Rain’s a-Gonna Fall၊ The Times They Are a-Changin၊ Subterranean Homesick Blues နှင့် Like a Rolling Stone သီချင်းများမှာ အမေရိကန် ဂီတလောကအား တော်လှန်ပြောင်းလဲလိုသူများကို ဖမ်းစားနိုင်ခဲ့သည်။

    Ref: Aljazeera

  • ၂၀၁၅ စီးပွားရေးနိုဘယ်ဆုကို ဗြိတိန်စီးပွားရေးပညာရှင်တစ်ဦး ရရှိ

    ၂၀၁၅ စီးပွားရေးနိုဘယ်ဆုကို ဗြိတိန်စီးပွားရေးပညာရှင်တစ်ဦး ရရှိ

    အောက်တိုဘာ ၁၂၊ ၂၀၁၅
    M-Media

    – ၂၀၁၅ ခုနှစ်အတွက် စီးပွားရေး နိုဘယ်ဆုကို တစ်အိမ်ထောင်ချင်း သုံးစွဲမှု၊ ဆင်းရဲမွဲတေမှုနှင့် လူမှုဖူလှုံရေး ပေါ်လစီများ ပြောင်းလဲစေရန် ဆောင်ရွက်ခဲ့သော စီးပွားရေးပညာရှင် အန်ဂက်စ် ဒီယာတန်က ရရှိခဲ့သည်ဟု သိရသည်။

    ဗြိတိန်တွင်မွေးဖွားသည့် ဒီယာတန်၏ ဆောင်ရွက်မှုများမှာ အိမ်တောင်စု စစ်တမ်းကောက်ခြင်းနှင့် အခွန်များ ပြောင်းလဲခြင်းတို့ကဲ့သို့ နည်းလမ်းများမှ အစိုးရများ၏ လူမှုစီးပွားပေါ်လစီကို တိုးတက်စေရန် အကူအညီဖြစ်စေခဲ့သည်။

    နိုဘယ်ဆု ရွေးချယ်ချီးမြှင့်သည့် ဆွီဒင်တော်ဝင် သိပ္ပံအကယ်ဒမီကမူ ဒီယာတန်၏ ကြိုးပမ်းမှုများမှာ ပေါ်လစီရေးစွဲခြင်းလုပ်ငန်းတွင် အဓိကလွှမ်းမိုးမှုရှိခဲ့ပြီး အခွန်ကောက်ခံမှု ပြောင်းလဲခြင်းမှ လူ့အဖွဲ့အစည်း မည်မျှကို ထိခိုက်စေသည်နှင့် ပတ်သက်၍ ဆုံးဖြတ်ရန် အကူအညီဖြစ်စေခဲ့သည်ဟု ဆိုသည်။

    “လူမှုဖူလှုံရေးနဲ့ ဆင်းရဲမွတေမှုလျော့ချပေးတဲ့ စီးပွားရေး ပေါ်လစီတစ်ခုကို ဖန်တီးပေးဖို့အတွက် ကျွန်တော်တို့ဟာ ပထမဆုံး တစ်ဦးတစ်ယောက်ချင်းစီရဲ့ ရွေးချယ်သုံးစွဲမှုကို မဖြစ်မနေ နားလည်ရပါမယ်။ အခြားသူတွေထက်ပိုပြီးတော့ အန်ဂက်စ် ဒီယာတန်က ဒါကို ပိုပြီး နားလည်ခဲ့ပါတယ်” ဟု အကယ်ဒမီမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    အသက် ၆၉ နှစ်အရွယ်ရှိ ဒီယာတန်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူနေမှုအဆင့်အတန်းနှင့် ဆင်းရဲမွဲတေမှုကို တိုင်းတာရန် အိမ်ထောင်စု စစ်တမ်းကောက်ယူမှု၊ အထူးသဖြင့် တစ်အိမ်ထောင်ချင်းသုံးစွဲမှုအား လေ့လာခြင်းကို စွန့်ဦး လုပ်ဆောင်ခဲ့သူဖြစ်သည်။ ထို့ပြင် ၎င်းက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ၀င်ငွေထက် ထွက်ငွေအပေါ်မူတည်၍ သုံးသပ်ခဲ့သူလည်း ဖြစ်သည်။

    နိုဘယ်ဆု ရရှိသည်ဟု သိရှိပြီးနောက် ပထမဆုံး ပြောကြားသည့် မှတ်ချက်တွင် ဒီယာတန်က အလွန်အမင်း ဆင်းရဲမွဲတေမှုမှာ လွန်ခဲ့သည့် နှစ် ၂၀ မှ ၃၀ အတွင်း သိသိသာသာ ကျသွားခဲ့ပြီး၊ ဆက်လက်၍လည်း ထိုကဲ့ပုံစံအတိုင်း သွားမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

    “ပိုကောင်းလာမယ်လို့ ကျွန်တော်က ထင်နေတဲ့အချိန်မှာ ခင်ဗျားတို့မှတ်ထားရမှာက ကျွန်တော်တို့ဟာ အန္တရာယ်တွေ မရှိတော့ဘူးဆိုတဲ့ အခြေအနေမျိုး မဟုတ်ဘူး ဆိုတာပါပဲ။ ကမ္ဘာပေါ်က လူတော်တော်များများအတွက် အခြေအနေက တကယ့်ကို ဆိုးရွားနေပါတယ်။ မညီမျှတဲ့ တိုးတက်မှုလားရာတွေဟာ ကမ္ဘာတစ်ဝှမ်းက ပြဿနာအများအပြားအတွက် အလွန်စိုးရိမ်စရာ ကောင်းပါတယ်”

    Ref: Reuters

  • ၂၀၁၅ ငြိမ်းချမ်းရေးနိုဘယ်ဆုကို တူနီးရှားမှ အဖွဲ့တစ်ခု ရရှိ

    ၂၀၁၅ ငြိမ်းချမ်းရေးနိုဘယ်ဆုကို တူနီးရှားမှ အဖွဲ့တစ်ခု ရရှိ

    အောက်တိုဘာ ၉၊ ၂၀၁၅
    M-Media

    tunisia

    – ၂၀၁၅ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကို တူနီးရှားမှ ဒီမိုကရေစီအဖွဲ့တစ်ခုဖြစ်သော National Dialogue Quartet အဖွဲ့က ရရှိခဲ့သည်ဟု သိရသည်။

    အဆိုပါအဖွဲ့မှာ နိုင်ငံ ပြည်တွင်းစစ် ဖြစ်လုနီးနီးအချိန်တွင် ငြိမ်းချမ်းသည့် နိုင်ငံရေးလုပ်ငန်းစဉ်ကို တည်ဆောက်နိုင်ခဲ့သည်ဟု နိုဘယ်ဆု ရွေးချယ်ရေးကော်မတီက ပြောကြားခဲ့ပြီး လူမျိုးစုံ၊ အယူဝါဒစုံ ပါသည့် ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ခိုင်မာသည့်အကူအညီကို ပေးအပ်ခဲ့ခြင်းကြောင့် နိုဘယ်ဆု ချီးမြှင့်ရခြင်းဟု ဆိုသည်။

    National Dialogue Quartet မှာ တူနီးရှားရှိ အရက်ဖက်အဖွဲ့အစည်းများ ဖြစ်ကြသော တူနီရှား အထွေထွေအလုပ်သမား သမဂ္ဂ၊ တူနီးရှားစက်ရုံများ ကွန်ဖက်ဒရေးရှင်း၊ ကုန်သွယ်ရေးနှင့် လက်မှုလုပ်ငန်းများ တူနီးရှား လူ့အခွင့်အရေးအဖွဲ့နှင့် တူနီးရှား ရှေ့နေများအဖွဲ့ စသည့် အဓိကအဖွဲ့အစည်း ၄ ခု ဖွဲ့စည်းထားသော အဖွဲ့လည်းဖြစ်သည်။

    နိုဘယ်ဆုရရှိသူများမှာ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် အော်စလို၌ပြုလုပ်မည့် ဆုပေးပွဲအခမ်းအနားတွင် ဆုများကို လက်ခံရယူရမည် ဖြစ်သည်။

    Ref: Aljazeera