News @ M-Media

Tag: Noble Prize

  • ၂၀၁၅ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆု ဘီလာရုဇ် စာရေးဆရာမတစ်ဦး ရရှိ

    ၂၀၁၅ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆု ဘီလာရုဇ် စာရေးဆရာမတစ်ဦး ရရှိ

    အောက်တိုဘာ ၉၊ ၂၀၁၅
    M-Media

    nob

    – ယခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆုကို ဆိုဗီယက်ယူနီယံအတွင်းရှိ ကြမ်းတမ်းသောဘ၀များအကြောင်း ရေးသားခဲ့သည့် ဘီလာရုဇ်မှ စာရေးဆရာမ ဆဗက်လာနာ အလက်ဇီဗစ်ခ်ျက ရရှိခဲ့သည်ဟု သိရသည်။

    နိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့ဖြစ်သော ဆွီဒင်တော်ဝင်အကယ်ဒမီကမူ ပထမကမ္ဘာစစ်အတွင်း ဆီုဗီယက်အမျိုးသမီးများ၏ ဘ၀၊ ချာနိုဘီလ်တွင် ၁၉၈၆ က ဖြစ်ပွားခဲ့သည့် နျူကလီးယား ဖြစ်ရပ်ဆိုးကြီး၏ နောက်ဆက်တွဲ အဖြစ်အပျက်များနှင့် အာဖဂန်နစ္စတန်တွင် ဆိုဗီယက်စစ်တပ်များ ၀င်ရောက်ကျူးကျော်မှုများအကြောင်းကို ရေးသားခဲ့သည့် အလက်ဇီဗစ်ခ်ျ၏ ၀ထ္တုများမှာ “မိမိတို့ခေတ်တွင် ခံစားရမှုနှင့် ရဲစွမ်းသတ္တိများ၏ အထိမ်းအမှတ်များ” ဖြစ်သည်ဟု ကင်ပွန်းတပ်ခဲ့သည်။

    အလက်ဇီဗစ်ခ်ျမှာ ထို ဆိုးရွားသော အဖြစ်အပျက်များနှင့် ကြုံတွေ့ခဲ့ရသူ ရာပေါင်းများစွာအား တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ၎င်း၏ စာအုပ်များတွင် စနစ်တကျ ထည့်သွင်းရေးသားခဲ့ကာ “တေးသံသာတစ်ပုဒ် သီကုံးခြင်း” ကဲ့သို့ ပြေပြစ်ညက်ညောလှသည်ဟုလည်း နိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

    “လူသားတွေရဲ့ အသံတွေကို ဂရုတစ်စိုက် သီကုံးခြင်းဆိုတဲ့ တစ်မူထူးခြားတဲ့ နည်းလမ်းနဲ့ ကျွန်တော်တို့ခေတ် တစ်ခေတ်လုံးရဲ့ သဘောပေါက်နားလည်နိုင်စွမ်းကို အလက်ဇီဗစ်ခ်ျက နက်ရှိုင်းစေခဲ့ပါတယ်” ဟု အကယ်ဒမီက ထုတ်ပြန်သည့် ကြေငြာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    ၁၉၄၈ ခုနှစ်တွင် ယူကရိန်း၌ မွေးဖွားသည့် အလက်ဇီဗစ်ခ်ျမှာ ဘီလာရုဇ်အစိုးရအား ဝေဖန်မှုကြောင့် နိုင်ငံရပ်ခြားတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရပြီး ပြီးခဲ့သည့် ၄ နှစ်အရင်က နိုင်ငံအတွင်းသို့ ပြန်လာခဲ့ကာ နိုင်ငံရေးလောကမှ ဝေးဝေးနေခဲ့သည်။

    နိုဘယ်ဆုရရှိကြောင်း ကြေငြာခံရပြီးနောက်ပိုင်းတွင် အလက်ဇီဗစ်ခ်ျမှာ ဘီလာရုဇ်၏ သဘောထားတင်းမာသော ခေါင်းဆောင် အလက်ဇန်ဒါ လူကာရှန်ကိုအား ဝေဖန်ခဲ့ကာ ယူကရိန်းကို ရုရှားမှ ကျူးကျော်မှုကိုလည်း ရှုတ်ချခဲ့သည်။

    “ဒါဟာ မတရားသိမ်းပိုက်မှုပါ။ နိုင်ငံတစ်နိုင်ငံကို ကျူးကျော်မှုပါ။ ကောင်းမွန်တဲ့ ရုရှားနိုင်ငံကြီး၊ လူသားချင်းစာနာထောက်ထားတဲ့ ရုရှားနိုင်ငံကြီးကို ကျွန်မ ချစ်ပါတယ်။ ဒါပေမယ့် ဘီရီယာ(စတာလင်ခေတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် တာဝန်ရှိသူ လုံခြုံရေး အကြီးအကဲ)၊ စတာလင်နဲ့ ရှီဂူ (လက်ရှိ ရုရှားကာကွယ်ရေးဝန်ကြီး) တို့ရဲ့ ရုရှားနိုင်ငံကြီးကိုတော့ ကျွန်မ မုန်းပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် အလက်ဇီဗစ်ခ်ျက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဓာတုဗေဒနိုဘယ်ဆုကို DNA အကြောင်း လေ့လာသူများ ရရှိ

    ဓာတုဗေဒနိုဘယ်ဆုကို DNA အကြောင်း လေ့လာသူများ ရရှိ

     

    အောက်တိုဘာ ၇၊ ၂၀၁၅
    M-Media

    chem

    – ၂၀၁၅ ခုနှစ်အတွက် ဓာတုဗေဒနိုဘယ်ဆုကို DNA ပြင်ဆင်ရေး လေ့လာမှုတွင် ကြိုးပမ်းခဲ့ကြသည့် သိပ္ပံပညာရှင် ၃ ဦးအား ရွေးချယ်လိုက်သည်ဟု ဆွီဒင် တော်ဝင်သိပ္ပံအကယ်ဒမီက ယနေ့တွင် ကြေငြာလိုက်သည်။

    သောမတ်စ် လင်ဒါလ်၊ ပေါလ် မိုဒရစ်ခ်ျနှင့် အဇစ်ဆန်ကာတို့ဖြစ်ပြီး မော်လီကျူးအဆင့်၌ ပျက်ဆီးသွားသော DNA ကို ဆဲလ်များက မည်ကဲ့သို့ ပြင်ဆင်ပေးသည်ဆိုသည်နှင့် မျိုးရိုးဗီဇအချက်အလက်ကို မည်ကဲ့သို့ ထိန်းညှိပေးသည်ဆိုသည်ကို ဖော်ထုတ်နိုင်ခဲ့သည့်အတွက် နိုဘယ်ဆု ရရှိခဲ့ခြင်းဖြစ်သည်။

    “သူတို့ရဲ့ ဖော်ထုတ်မှုက ရှင်သန်နေတဲ့ဆဲလ်တွေ ဘယ်လို အလုပ်လုပ်ကြလဲဆိုတာနဲ့ ကင်ဆာကုထုံးအသစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘယ်လိုသုံးလို့ရလဲဆိုတဲ့ အခြေခံကျတဲ့ အသိကို ပေးပါတယ်” ဟု အကယ်ဒမီက ပြောကြားခဲ့သည်။ ထို့ပြင် ထိုပညာရှင်များ၏ တွေ့ရှိမှုကို ဖော်ပြထားသည့် ရုပ်ပုံများကိုလည်း Twitter စာမျက်နှာတွင် တစ်ဆင့် မျှဝေခဲ့သည်။

    လင်ဒါလ်မှာ ဆွီဒင်နိုင်ငံသားဖြစ်ပြီး မိုဒရစ်ခ်ျမှာ အမေရိကန်ဖြစ်ကာ အဇစ်ကမူ အမေရိကန်-တူရကီနွယ်ဖွား ဖြစ်သည်။

    ပြီးခဲ့သည့်နှစ်ကလည်း ဓာတုဗေဒနိုဘယ်ဆုကို အမေရိကန်နှစ်ဦးနှင့် ဂျာမန်တစ်ဦးက အလင်းနှင့်သက်ဆိုင်သည့် တွေ့ရှိမှုအတွက် ပူးတွဲရရှိခဲ့သည်။ ၁၉၀၁ ခုနှစ်မှစ၍ ယခုအချိန်အထိ ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆု ၁၀၇ ကြိမ်ကို ကော်မတီက ပေးအပ်ချီးမြှင့်ခဲ့ပြီး ဖြစ်သည်။

    Ref: CNN

  • ဂျပန်နှင့် ကနေဒါတို့မှ ပညာရှင်များ ယခုနှစ်အတွက် ရူပဗေဒ နိုဘယ်ဆု ရရှိ

    ဂျပန်နှင့် ကနေဒါတို့မှ ပညာရှင်များ ယခုနှစ်အတွက် ရူပဗေဒ နိုဘယ်ဆု ရရှိ

    အေက်တိုဘာ ၇၊ ၂၀၁၅
    M-Media

    japan

    – ယခုနှစ် ရူပဗေဒ နယ်ပယ်အတွက် နိုဘယ်ဆုကို ဂျပန်နိုင်ငံမှ တာကာကီ ကာဂျီတာနှင့် ကနေဒါနိုင်ငံမှ အာသာမက်ဒေါ်နယ်တို့က ဆွတ်ခူးရရှိခဲ့သည်ဟု ဆွီဒင် တော်ဝင်သိပ္ပံအကယ်ဒမီက ယမန်နေ့တွင် ကြေငြာခဲ့သည်။

    အသက် ၆၅ နှစ်အရွယ် ရှိပြီဖြစ်သည့် ကာဂျီတာမှာ တိုကျိုသဘာဝဓာတ်ရောင်ခြည် သုတေသနဌာန ICRR မှ ဒါရိုက်တာဖြစ်ပြီး နေရောင်ခြည်မှလာကာ ဒြပ်ထုမရှိဟု ယူဆထားကြသည့် နူထရီနိုအမှုန်များတွင် ဒြပ်ထုရှိသည်ကို ဖော်ထုတ်နိုင်သည့် neutrino oscillations ကို တွေ့ရှိခြင်းကြောင့် ရရှိခဲ့ခြင်းဖြစ်သည်။

    ကာဂျီတာမှာ ရူပဗေဒနှင့် ပတ်သက်၍ နိုဘယ်ဆုရရှိခဲ့သည့် ၁၁ ဦးမြောက် ဂျပန်နိုင်ငံသားဖြစ်ပြီး နောက်ဆုံး ရရှိခဲ့သူများမှာ ၂၀၁၄ ခုနှစ် နိုဘယ်ဆုရှင်များ ဖြစ်ကြသော အီဆာမူ အာကာဆာကီ၊ ဟီရိုရှီ အေမန်နိုနှင့် ရှူဂျီ နာကာမူရာတို့ ဖြစ်ကြသည်။ အာသာမက်ဒေါ်နယ်မှာ ကာဂျီတာပြုလုပ်ခဲ့သည့် သုတေသနလုပ်ငန်းများကို ဦးဆောင်ခဲ့သူဖြစ်သည်။

    “နှစ်တစ်ထောင်ဝန်းကျင်လောက် ကြာမှ တာကာကီ ကာဂျီတာဟာ လေထုထဲက နျူထရီနိုအမှုန်တွေ ဂျပန်နိုင်ငံက ဆူပါ-ကာမီအိုကန်ဒီ စမ်းသပ်ကိရိယာထဲကို ပုံစံနှစ်မျိုး ပြောင်းလာတယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်” ဟု အကယ်ဒမီမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ၁၉၈၈ ခုနှစ်တွင် ကာဂျီတာမှာ နျူထရီနိုများ၌ ဒြပ်ထုရှိနိုင်သည်ဆိုသည့် ယူဆချက်ကို ကြေငြာခဲ့သည်။ ကာဂျီတာကို ၁၉၅၉ ခုနှစ်က မွေးဖွားခဲ့ပြီး ဆိုင်တာမာ တက္ကသိုလ်မှ ရူပဗေဒဘာသာရပ်ဖြင့် ဘွဲ့ရခဲ့ကာ ဂျပန်ရူပဗေဒပညာရှင် ပါမောက္ခ မာဆာတိုရှီ ကိုရှီဘာ၏ တိုကျိုက္ကသိုလ် ဓာတ်ခွဲခန်းနှင့် နောက်ပိုင်းတွင် ဆက်သွယ်ကာ သုတေသနလုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။ ကိုရှီဘာကိုယ်တိုင်လည်း
    ၂၀၀၂ ခုနှစ်တွင် ရူပဗေဒဘာသာရပ်ဖြင့် နိုဘယ်ဆုရခဲ့သည်။

    Ref: News.asiaone

  • ယခုနှစ် ဆေးဘက်ဆိုင်ရာနိုဘယ်ဆု သုတေသနပညာရှင် ၃ ဦး ရရှိ

    ယခုနှစ် ဆေးဘက်ဆိုင်ရာနိုဘယ်ဆု သုတေသနပညာရှင် ၃ ဦး ရရှိ

    အောက်တိုဘာ ၆၊ ၂၀၁၅
    M-Media

    medi

    – ယခုနှစ်အတွက် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရောဂါဘယများအား တွန်းလှန်ရာ၌ အရေးပါသည့် ကူညီမှုများကို ပြုလုပ်ပေးခဲ့သော သုတေသနပညာရှင် ၃ ဦးအား ချီးမြှင့်လိုက်သည်ဟု သိရသည်။

    ၎င်းတို့မှာ ၀ီလီယံ ကမ်းဘဲလ်၊ ဆာတိုရှီ အိုမူရာနှင့် ယူယူတူးတို့ ဖြစ်ကြသည်။ ကမ်းဘဲလ်နှင့် အိုမူရာတို့မှာ အူလမ်းကြောင်းရှိ အညစ်အကြေးစွန့်ရာ အပိုင်းတွင် တည်ရှိတတ်ပြီး ရောဂါဖြစ်စေတတ်သော ပိုးမွှားများအား ကုသနိုင်သည့် နည်းလမ်းနှင့် လူသားများတွင် ပါရာဆိုက်ပိုးမွှားများကို တိုက်ဖျက်ရေး ကြိုးပမ်းမှုများအတွက် အဆိုပါ နိုဘယ်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

    ဆာတိုရှီ အိုမူရာမှာ ဂျပန်တွင် မြေဆီနမူနာများမှ ဘက်တီးရီးယားများကို သီးသန့်ဖယ်ထုတ်ခဲ့ပြီး အနုဇီဝပိုးမွှားများကို တိုက်ဖျက်ရာတွင် ထိရောက်မှုအရှိဆုံး နည်းလမ်းကို ရှာဖွေခဲ့သည်။ ထိုဘက်တီးရီးယားများ၏ ထိရောက်မှုကို ကမ်းဘဲလ်က နောက်ပိုင်းတွင် စမ်းသပ်နိုင်ခဲ့သည်။

    ထို့နောက် အဆိုပါ ဘက်တီးရီးယားများမှ တစ်ခုမှာ အိမ်တွင်းသုံးနှင့် လယ်ယာသုံး တိရစ္ဆာန်များတွင် ရှိနေသည့် ပါရာဆိုက်ပိုးမွှားများကို ထိထိရောက်ရောက် နှိမ်နင်းနိုင်စွမ်းရှိသည်ကို တွေ့ရှိခဲ့သည်။ ထိုရလဒ်ဖြင့် အဗာမက်တင်း (Avermectin) ဆေးဝါးကို ထုတ်လုပ်နိုင်ခဲ့သည်။

    တရုတ်နိုင်ငံရှိ တရုတ်တိုင်းရင်းဆေး အကယ်ဒမီမှ ပါမောက္ခချုပ်ဖြစ်သော ယူယူတူးမှာ တရုတ်တိုင်းရင်းဆေးနယ်ပယ်တွင် ကာလရှည်ကြာစွာ အသုံးပြုခဲ့သော ဒေါနပင်၏အရွက်မှ ထူးခြားသည့် ဒြပ်ပေါင်းတစ်ခုကို တွေ့ရှိခဲ့သည်။

    ထိုဒြပ်ပေါင်းမှ အာတီမီစီနင်း (Artemisinin) ဆေးဝါးကို ထုတ်လုပ်နိုင်ခဲ့ပြီး ငှက်ဖျားတိုက်ဖျက်ရေးဆေးအဖြစ် ရွေးချယ်ခြင်းခံခဲ့ရကာ ကမ္ဘာတစ်ဝှမ်း အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သန်းနှင့်ချီသောလူများ၏ အသက်ကို ကယ်တင်နိုင်ခဲ့သည်။

    “ဒီတွေ့ရှိမှုနှစ်ခုဟာ နှစ်စဉ် လူသန်းရာနဲ့ချီကို ထိခိုက်စေတဲ့ ဆိုးရွားတဲ့ရောဂါတွေ တိုက်ဖျက်ဖို့ လူသားတွေကို အကျိုးကျေးဇူးများတဲ့ နည်းလမ်းနှစ်ခု ရရှိစေခဲ့ပါတယ်။ လူသားတွေရဲ့ ကျန်းမာရေးတိုးတက်လာမှု၊ ခံစားရတာတွေ လျော့ကျလာမှုဆိုတဲ့ နောက်ဆက်တွဲ ကောင်းကျိုးတွေက ဖော်မပြနိုင်လောက်အောင်ပါပဲ” ဟု နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

    Ref: Aljazeera