News @ M-Media

Tag: Norway_Muslim

  • နော်ဝေမွတ်စလင်လူငယ်များ ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်းမည်

    နော်ဝေမွတ်စလင်လူငယ်များ ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်းမည်

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၅
    M-Media

    synagog

    – ဂျူးလူ့အဖွဲ့အစည်းနှင့် တစ်သားတည်းရှိကြောင်းပြသရန်၊ အစ္စလာမ်၏ ငြိမ်းချမ်းရေးသတင်းစကားကို ဖြန့်ချီရန်အတွက် နော်ဝေမွတ်စလင်လူငယ်များက လာမည့်သီတင်းပတ်၌ ဂျူးဘုရားကျောင်းတစ်ခုတွင် ငြိမ်းချမ်းရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းမည်ဟု သိရသည်။

    “တကယ်လို့များ အကြမ်းဖက်သမားတွေဟာ အစ္စလာမ်ရဲ့နာမည်ကို အလွဲသုံးစားလုပ်ပြီး အကြမ်းဖက်ချင်ရင်တော့ ကျွန်တော်တို့မွတ်စလင်တွေကို အရင်ဆုံး ရင်ဆိုင်ရမှာပါပဲ။ ဂျူးမုန်းတီးမှု ပုံစံအားလုံးကို ပြင်းပြင်းထန်ထန် စက်ဆုပ်ရွံရှာတယ်ဆိုတာနဲ့ အဲဒီဂျူးလူမျိုးတွေကို အားပေးထောက်ခံတယ်ဆိုတာ ကျွန်တော်တို့ ပြသချင်ပါတယ်” ဟု အဆိုပါ ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်းရန် စီစဉ်ထားသူများထဲမှ တစ်ဦးက ဗြိတိန်အခြေစိုက် အကြမ်းဖက်ဆန့်ကျင်ရေးအဖွဲ့ Hope Not Hate သို့ ပြောကြားခဲ့သည်။

    “ငြိမ်းချမ်းရေးဂိုဏ်း” ဟု အမည်ပေးထားသည့် အဆိုပါ မွတ်စလင်လူငယ်များ ငြိမ်းချမ်းရေးအဖွဲ့ကို ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ပြုလုပ်မည့် ၀တ်ပြုဆုတောင်းမှုပြီးနောက် အော်စလိုမြို့ရှိ ဂျူးဘုရားကျောင်းတွင် ဖွဲ့စည်းမည်သွားမည် ဖြစ်သည်။

    အဆိုပါအဖွဲ့၏ ရည်ရွယ်ချက်မှာ မွတ်စလင်များက နော်ဝေနိုင်ငံရှိ ဂျူးလူမျိုးများနှင့် တစ်သားတည်းရှိကြောင်း ပြသရန်နှင့် ဂျူးလူမျိုးများနှင့် မွတ်စလင်များအပေါ် ရှိနေသည့် မလိုမုန်းထားမှုများကို ချုပ်ငြိမ်းအောင်ပြုလုပ်ရန်အတွက် ဖြစ်သည်ဟု ထိုအဖွဲ့အား ဦးဆောင်ဖွဲ့စည်းသူများတွင် ပါဝင်သူ အသက် ၁၇ နှစ်အရွယ် ဟဂ်ျရဒ် အာရှက်က ပြောကြားခဲ့သည်။

    “ကိုပင်ဟေဂင်က အကြမ်းဖက်တိုက်ခိုက်မှုပြီးတဲ့နောက်မှာ အခုဖြစ်နေတဲ့ ဂျူးတွေအရှက်ရအောင်လုပ်နေမှုနဲ့ ကျွန်တော်တို့ မပက်သက်ဘူးဆိုတာပြဖို့ အချိန်ကောင်းပဲလို့ ကျွန်တော်တို့ တွေးဆခဲ့ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ကြိုဆိုကြ

    ထိုကဲ့သို့ မွတ်စလင်လူငယ်များ၏ ငြိမ်းချမ်းရေးအဖွဲ့ကို အော်စလိုရှိ ဂျူးလူ့အဖွဲ့အစည်းကလည်း ချီးကျူးခဲ့ပြီး ထိုဆောင်ရွက်မှုမှာ အလွန်ပင် အပြုသဘောဆောင်သည်ဟု ပြောကြားခဲ့ကြသည်။

    “သူတို့လုပ်ဖို့ စီစဉ်ထားတာက တစ်ကယ်လို့ နော်ဝေမှာရှိတဲ့ ဂျူးလူမျိုးတွေကို တစ်ယောက်ယောက်က တစ်ခုခုလုပ်တော့မယ်ဆိုရင် သူတို့က အရင်ဆုံး ရင်ဆိုင်မယ်ဆိုတဲ့ ပုံစံမျိုးပါပဲ။ ဒါဟာ သိပ်ကို အပြုသသဘောဆောင်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု အော်စလို ဂျူးလူ့အဖွဲ့အစည်းခေါင်းဆောင်ဖြစ်သူ အာဗင် ခွန်က ပြောကြားခဲ့သည်။

    မွတ်စလင်လူငယ်များ၏ အဆိုပါ ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်းမှုအတွက် အော်စလိုရှိ ဂျူးဘုရားကျောင်းကလည်း လိုလိုလားလားပင် အားပေးကူညီခဲ့သည်။

    “လူ ၃၀ လောက်ပဲလာမယ်ဆိုရင် သိပ်တော့မမိုက်ဘူးလို့ ကျွန်တော်ပြောခဲ့ပါတယ်။ တစ်ကယ်လို့များ ဘာဂျက်စတီယန် လမ်းမကြီး (ဂျူးဘုရားကျောင်းတည်ရှိရာ လမ်းမကြီး) ပြည့်လျှံသွားမယ်ဆိုရင်တော့ သိပ်ကောင်းမှာပါပဲ” ဟု ခွန်က ထပ်လောင်းပြောကြားခဲ့သည်။

    အဆိုပါလှုပ်ရှားမှုကို စီစဉ်သူများ၏ ပြောကြားချက်အရ ထိုပွဲသို့ လာရောက်ရန် Facebook စာမျက်နှာတွင် စာရင်းပေးထားသူများမှာ ၄၅၀ ကျော်ရှိနေသည်ဟု ဆိုသည်။

    “အစ္စလာမ်က ဘယ်လိုဘာသာတရားကို ယုံကြည်သူပဲဖြစ်ပါစေ အားလုံးကို ညီရင်းအစ်ကို မောင်ရင်းနှမလို သဘောထားပါတယ်။ အစ္စလာမ်ဆိုတာ အမုန်းတရား အပြင်ဘက်မှာသာရှိပြီး အမုန်းတရား ပြည့်လျှံနေသူတွေရဲ့ အထဲကို ဘယ်တော့မှ နစ်မြုပ်သွားမှာ မဟုတ်ပါဘူး။ နောက်ပြီ အစ္စလာမ်ဆိုတာ တစ်ဦးနဲ့တစ်ဦး ကာကွယ်ဖို့ပါ။ မွတ်စလင်တွေဟာ ဂျူးမုန်းတီးမှုပုံစံအားလုံးကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ်ဆိုတာနဲ့ သူတို့ကို အားပေးထောက်ခံတယ်ဆိုတာ ပြသချင်ပါတယ်” ဟု အဆိုပါ ငြိမ်းချမ်းရေးအဖွဲ့၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

    Ref: onislam

  • Hadia Tajik : မွတ်စလင် လူနည်းစု တိုင်းပြည်များတွင် ဖောက်ထွက် အောင်မြင် ခဲ့သူများ အပိုင်း(၂)

    Hadia Tajik : မွတ်စလင် လူနည်းစု တိုင်းပြည်များတွင် ဖောက်ထွက် အောင်မြင် ခဲ့သူများ အပိုင်း(၂)

    အောက်တိုဘာ ၁၀ ၊ ၂၀၁၄
    M-Media
    WP-muslim-minorities-Dreamstime-sm
    မွတ်စ်လင်မ်လူနည်းစုရှိရာ တိုင်းပြည်များရှိ ပုံသေ မူဟန်များမှ ခွဲထွက်ပြီး ထူးခြား ထိရောက်စွာ ဖောက်ထွက် အောင်မြင်ခဲ့သည့် မွတ်စ်လင်မ်များ အကြောင်း လေ့လာနိုင်အောင် တင်ဆက်ပါမည်။

    နယ်သာလန်နိုင်ငံသား မွတ်စ်လင်မ်တစ်ဦးအနေနှင့် ကျွန်ုပ်သည် ရွှေ့ပြောင်းဝင်ရောက် အခြေချလာသည့်မွတ်စ်လင်မ် (တူရကီနှင့် မော်ရိုကိုနွယ်ဖွား အများစု) တို့မှာ ဒတ်ခ်ျ ယဉ်ကျေးမှုအတွင်း ရောယှက် လက်ခံသင့်ကြောင်း မကြာခဏ ဆိုသလို မီဒီယာများမှ တဆင့် ဖတ်ရှုရပါသည်။

    ထိုဒတ်ခ်ျယဉ်ကျေးမှုအား လူသားဝါဒ၊ လောကီဝါဒ၊ ကက်သလစ်ဝါဒနှင့် ပရိုတက်စတင့်ဝါဒတို့ကို သဟဇာတဖြစ်စွာ ယာယီပေါင်းစည်ချက် တစ်ရပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြကြသည်။ ယဉ်ကျေးမှု အားနည်းခြင်းကြောင့် လည်းကောင်း၊ ဖိအားပေးခံရခြင်းကြောင့်လည်းကောင်း အခြေချသူ လူသစ်တို့မှာ ကြီးစိုးလွှမ်းမိုးနေသည့် ယဉ်ကျေးမှုဖက် ပိုမိုအားသာသည်ကို တွေ့ရ၏။

    ကံမကောင်းအကြောင်းမလှစွာဖြင့် ၉/၁၁ အရေးပြီးသည့်နောက် မွတ်စ်လင်မ်တို့မှာ အယူသည်းဝါဒီ အုပ်စုဝင်များ၊ ခေတ်နောက်ပြန်ဆွဲ ဖိုဝါဒီ အစွန်းရောက်သမားများ အဖြစ် တံဆိပ်တပ်ခံရသည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပနှင့် မြောက်အမေရိကတိုက်တွင် ယဉ်ကျေးမှုနှင့် လူမျိုး ရောယှက်မှု ကိစ္စများ အတော်အတန် မြင့်မားလာခဲ့သည်။ လွတ်လပ်စ ကိုလိုနီနယ်များမှ အလုံးအရင်းပြောင်းရွှေ့ ၀င်ရောက်လာကြခြင်း၊ ၁၉၇၀-၈၀နှစ်များအတွင်း တမဟုတ်ချင်း စီးပွားဖွံ့ဖြိုးမှုကို ကျားကန်ပေးမည့် လုပ်သားများ ခေါ်ယူခြင်း၊ ပဋိပက္ခဒေသများရှိ ဒုက္ခသည်များကို လက်ခံခြင်းတို့ကြောင့်ဖြစ်၏။ ယခုသော် ပြောင်းရွှေ့အခြေချခြင်းနှင့် ၎င်း၏ပြဿနာများက လူမျိုးစုံ၊ ဘာသာစုံ၊ ယဉ်ကျေးမှုစုံအကြား ရှုပ်ထွေးယှက်နွယ်မှု ကြီးမားစွာ ဖြစ်ပေါ်လာတော့သည်။ မွတ်စ်လင်မ်လူနည်းစုရှိရာ တိုင်းနိုင်ငံများစွာ၌ မွတ်စ်လင်မ်တို့သည် ဓားစာခံများ ဖြစ်နေကြရသည်။ ထို့ပြင် ဗြောင်ကျကျတစ်မျိုး ကောက်ကျစ်စွာတစ်ဖုံ အစ္စလာမ်ဆန့်ကျင်ရေးသမားတို့၏ တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည်။

    ကံကောင်းသည့်အချက်ကား ကမ္ဘာအနှံ့ ယင်းနိုင်ငံများတွင် အောင်မြင်ပေါက်မြောက်သော မွတ်စ်လင်မ် အမြောက်အများ ပေါ်ထွန်း လာခြင်းပင် ဖြစ်သည်။ မှိုင်းသွင်းခံရမှုများအပေါ် အလုပ်ဖြင့် ရင်ဆိုင်ခဲ့ကြသည့် အမျိုးသမီး သုံးဦးနှင့် အမျိုးသားနှစ်ဦးအကြောင်းကို ကျွန်ုပ်တို့မှ တစေ့တစောင်း လေ့လာကြည့်ကြပါစို့။

    ၂။ လွှတ်တော်အမတ် ဟဒီယဟ် တာဂျစ် (နော်ဝေ) Hadia Tajik, Member of Parliament (Norway)

    WP-hadia-tajik1
    ပါကစ္စတန်နွယ်ဖွား ဟဒီယဟ် တာဂျစ် (၃၀ နှစ်)သည် နော်ဝေလွှတ်တော်၏ ပထမဆုံးသော မွတ်စ်လင်မ် ဥပဒေပြုလွှတ်တော်အမတ်တစ်ဦးဖြစ်သည်။ သူမသည် နော်ဝေနိုင်ငံရေးလောကထဲ ကာလရှည်စီးမျောလာခဲ့သူလည်း ဖြစ်၏။ တရားရေးဝန်ကြီး၏ အတွင်းရေးမှူးနှင့် အကြံပေးမဖြစ်မီ ၂၀၀၈ နှင့် ၂၀၀၉ ခုနှစ်တွင် စာနယ်ဇင်းသမားအဖြစ် အသက်မွေးခဲ့သည်။ ၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် နော်ဝေအလုပ်သမားများ ပါတီ၏ ရွေးချယ်ခံလွှတ်တော် အမတ် ဖြစ်လာသည်။ သုံးနှစ်လွန်သော် ယဉ်ကျေးမှုဝန်ကြီးအဖြစ် ခန့်အပ်ခံရပြီး နော်ဝေ အစိုးရ ဝန်ကြီးများ အနက် အသက်အငယ်ဆုံး ဖြစ်သည်။

    တရားရေးဌာန၌ တာဝန် ထမ်းဆောင်နေစဉ် ဟဒီယဟ်သည် ရဲမေများ ဟိဂျာ့ဗ်ဝတ်ဆင်ခွင့်ရရရေး အဆိုပြုချက်ပါဝင်သော “ဟိဂျာ့ဗ်အရေး” အမည်ရှိ လှုပ်ရှားမှုအတွင်း ပါဝင်ခဲ့သည်။ ရှေးရိုးစွဲပါတီများနှင့် ညွန့်ပေါင်းအစိုးရ အဖွဲ့ဝင်များထံမှ ပြင်းထန်သော ဝေဖန်မှု ထွက်လာပြီးနောက် ယင်းအဆိုပြုချက် ပယ်ချခံရသည်။

    ၂၀၁၂ ခုနှစ်တွင် လာမည့်နှစ် အတွက် သူမ၏အစီအစဉ်များကို လူသိရှင်ကြားထုတ်ပြန်ရာဝယ် ယဉ်ကျေးမှု မတူကွဲပြားခြင်းအား နော်ဝေ လူနေမှုစနစ်ထဲ လက်ခံသင့်ကြောင်း အထူးပြုပြောကြားခဲ့သည်။ “ဟိဂျာ့ဗ်အရေး”၏ နိုင်ငံရေးဂယက် တစ်ဖက်ရှိ သူမ၏ ပါကစ္စတန် ယဉ်ကျေးမှုနှင့် မွတ်စ်လင်မ် အသိုင်းအ၀ိုင်းကိုမူ အထွေအထူး ပူပင်ကြဟန်မတူ။ ဟဒီယဟ်မှာ မိမိကိုယ်ကို မွတ်စ်လင်မ်ဟု ဖော်ညွှန်းနေသော်လည်း သူမထံ လောကီရေးဆိုင်ရာ အရည်အသွေးပြည့်မှီမှု ရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်ပေမည်။  နော်ဝေသတင်းဌာန Nettavisen အား သူမက ဤသို့ပြောခဲ့သည်။

    “ကျွန်မက မွတ်စ်လင်မ်ဖြစ်နေတဲ့ နိုင်ငံရေးသမားပါ။ ဒါပေမယ့် မွတ်စ်လင်မ် နိုင်ငံရေးသမား မဟုတ်ပါဘူး”။

    သူမသည် tweets @HadiaTajik အမည်ဖြင့် ဆိုရှယ်မီဒီယာကို အသုံးပြုသည်။ ၂၀၁၃ စက်တင်ဘာရွေးကောက်ပွဲ၌ သူမ၏ပါတီ ရှုံးနိမ့်သွားပြီးနောက် သူမသည် ယဉ်ကျေးမှုဝန်ကြီးရာထူးကို လက်လွှတ်ခဲ့ရသည်။ သို့တစေ လွှတ်တော်အမတ်နေရာ၌ ဆက်လက်တည်ရှိနေပြီး နော်ဝေနိုင်ငံမြို့တော် အော်စလိုတွင် တာဝန်ထမ်းဆောင်ဆဲဖြစ်သည်။

    – ဆက်လက်ဖော်ပြပါမည်။

    အပိုင်း(၁) ဖတ်လိုလျှင် Click Here
    xxxxxxxxxxxxxxxxxxxx

    Sya Taha ရေးသားသော 5 amazing Muslim achievers in minority-Muslim nations ကို မင်းထွဋ်ခေါင် မှ ဆီလျော်အောင် ပြန်ဆိုသည်။