ဖေဖော်ဝါရီ ၂၀၊ ၂၀၁၅
M-Media
– ဂျူးလူ့အဖွဲ့အစည်းနှင့် တစ်သားတည်းရှိကြောင်းပြသရန်၊ အစ္စလာမ်၏ ငြိမ်းချမ်းရေးသတင်းစကားကို ဖြန့်ချီရန်အတွက် နော်ဝေမွတ်စလင်လူငယ်များက လာမည့်သီတင်းပတ်၌ ဂျူးဘုရားကျောင်းတစ်ခုတွင် ငြိမ်းချမ်းရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းမည်ဟု သိရသည်။
“တကယ်လို့များ အကြမ်းဖက်သမားတွေဟာ အစ္စလာမ်ရဲ့နာမည်ကို အလွဲသုံးစားလုပ်ပြီး အကြမ်းဖက်ချင်ရင်တော့ ကျွန်တော်တို့မွတ်စလင်တွေကို အရင်ဆုံး ရင်ဆိုင်ရမှာပါပဲ။ ဂျူးမုန်းတီးမှု ပုံစံအားလုံးကို ပြင်းပြင်းထန်ထန် စက်ဆုပ်ရွံရှာတယ်ဆိုတာနဲ့ အဲဒီဂျူးလူမျိုးတွေကို အားပေးထောက်ခံတယ်ဆိုတာ ကျွန်တော်တို့ ပြသချင်ပါတယ်” ဟု အဆိုပါ ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်းရန် စီစဉ်ထားသူများထဲမှ တစ်ဦးက ဗြိတိန်အခြေစိုက် အကြမ်းဖက်ဆန့်ကျင်ရေးအဖွဲ့ Hope Not Hate သို့ ပြောကြားခဲ့သည်။
“ငြိမ်းချမ်းရေးဂိုဏ်း” ဟု အမည်ပေးထားသည့် အဆိုပါ မွတ်စလင်လူငယ်များ ငြိမ်းချမ်းရေးအဖွဲ့ကို ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ပြုလုပ်မည့် ၀တ်ပြုဆုတောင်းမှုပြီးနောက် အော်စလိုမြို့ရှိ ဂျူးဘုရားကျောင်းတွင် ဖွဲ့စည်းမည်သွားမည် ဖြစ်သည်။
အဆိုပါအဖွဲ့၏ ရည်ရွယ်ချက်မှာ မွတ်စလင်များက နော်ဝေနိုင်ငံရှိ ဂျူးလူမျိုးများနှင့် တစ်သားတည်းရှိကြောင်း ပြသရန်နှင့် ဂျူးလူမျိုးများနှင့် မွတ်စလင်များအပေါ် ရှိနေသည့် မလိုမုန်းထားမှုများကို ချုပ်ငြိမ်းအောင်ပြုလုပ်ရန်အတွက် ဖြစ်သည်ဟု ထိုအဖွဲ့အား ဦးဆောင်ဖွဲ့စည်းသူများတွင် ပါဝင်သူ အသက် ၁၇ နှစ်အရွယ် ဟဂ်ျရဒ် အာရှက်က ပြောကြားခဲ့သည်။
“ကိုပင်ဟေဂင်က အကြမ်းဖက်တိုက်ခိုက်မှုပြီးတဲ့နောက်မှာ အခုဖြစ်နေတဲ့ ဂျူးတွေအရှက်ရအောင်လုပ်နေမှုနဲ့ ကျွန်တော်တို့ မပက်သက်ဘူးဆိုတာပြဖို့ အချိန်ကောင်းပဲလို့ ကျွန်တော်တို့ တွေးဆခဲ့ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ကြိုဆိုကြ
ထိုကဲ့သို့ မွတ်စလင်လူငယ်များ၏ ငြိမ်းချမ်းရေးအဖွဲ့ကို အော်စလိုရှိ ဂျူးလူ့အဖွဲ့အစည်းကလည်း ချီးကျူးခဲ့ပြီး ထိုဆောင်ရွက်မှုမှာ အလွန်ပင် အပြုသဘောဆောင်သည်ဟု ပြောကြားခဲ့ကြသည်။
“သူတို့လုပ်ဖို့ စီစဉ်ထားတာက တစ်ကယ်လို့ နော်ဝေမှာရှိတဲ့ ဂျူးလူမျိုးတွေကို တစ်ယောက်ယောက်က တစ်ခုခုလုပ်တော့မယ်ဆိုရင် သူတို့က အရင်ဆုံး ရင်ဆိုင်မယ်ဆိုတဲ့ ပုံစံမျိုးပါပဲ။ ဒါဟာ သိပ်ကို အပြုသသဘောဆောင်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု အော်စလို ဂျူးလူ့အဖွဲ့အစည်းခေါင်းဆောင်ဖြစ်သူ အာဗင် ခွန်က ပြောကြားခဲ့သည်။
မွတ်စလင်လူငယ်များ၏ အဆိုပါ ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်းမှုအတွက် အော်စလိုရှိ ဂျူးဘုရားကျောင်းကလည်း လိုလိုလားလားပင် အားပေးကူညီခဲ့သည်။
“လူ ၃၀ လောက်ပဲလာမယ်ဆိုရင် သိပ်တော့မမိုက်ဘူးလို့ ကျွန်တော်ပြောခဲ့ပါတယ်။ တစ်ကယ်လို့များ ဘာဂျက်စတီယန် လမ်းမကြီး (ဂျူးဘုရားကျောင်းတည်ရှိရာ လမ်းမကြီး) ပြည့်လျှံသွားမယ်ဆိုရင်တော့ သိပ်ကောင်းမှာပါပဲ” ဟု ခွန်က ထပ်လောင်းပြောကြားခဲ့သည်။
အဆိုပါလှုပ်ရှားမှုကို စီစဉ်သူများ၏ ပြောကြားချက်အရ ထိုပွဲသို့ လာရောက်ရန် Facebook စာမျက်နှာတွင် စာရင်းပေးထားသူများမှာ ၄၅၀ ကျော်ရှိနေသည်ဟု ဆိုသည်။
“အစ္စလာမ်က ဘယ်လိုဘာသာတရားကို ယုံကြည်သူပဲဖြစ်ပါစေ အားလုံးကို ညီရင်းအစ်ကို မောင်ရင်းနှမလို သဘောထားပါတယ်။ အစ္စလာမ်ဆိုတာ အမုန်းတရား အပြင်ဘက်မှာသာရှိပြီး အမုန်းတရား ပြည့်လျှံနေသူတွေရဲ့ အထဲကို ဘယ်တော့မှ နစ်မြုပ်သွားမှာ မဟုတ်ပါဘူး။ နောက်ပြီ အစ္စလာမ်ဆိုတာ တစ်ဦးနဲ့တစ်ဦး ကာကွယ်ဖို့ပါ။ မွတ်စလင်တွေဟာ ဂျူးမုန်းတီးမှုပုံစံအားလုံးကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ်ဆိုတာနဲ့ သူတို့ကို အားပေးထောက်ခံတယ်ဆိုတာ ပြသချင်ပါတယ်” ဟု အဆိုပါ ငြိမ်းချမ်းရေးအဖွဲ့၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
Ref: onislam
Leave a Reply
You must be logged in to post a comment.